Tuesday, September 6, 2022

အဂ္ဂသာခရစ္စတီးနှင့်...........

0 comments
(အဂ္ဂသာခရစ္စတီးနှင့်...........)
ကျွန်တော်က အင်္ဂလိပ် စာပေနှင့်အနုသုခုမဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်း၏ဟောပြောပို့ချချက်များ အား ဆရာမြသန်းတင့်က ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ အမည်ဖြင့်ပြန်ခဲ့သည့် ဘာသာပြန်များထဲမှ နှစ်သက်ရာတချို့ကို စာရိုက်တင်ပေးခဲ့ပါသည်။ သည့်အရင်က ဆရာဒဂုန်တာရာရေးသည့် သခင်ဗဟိန်းအကြောင်းဆောင်းပါးများကို စာပြန်ရိုက်၍ တင်ပေးခဲ့ပါသည်။
ခုတော့ အီလျာအာရင်ဘာ့ဂ်ကို ဓာတ်ကျနေပါသည်။ သူရေးသည့် Men, Years-Life ကို ဆရာမြသန်းတင့်က လူများ၊ သက္ကရာဇ်များ-ဘဝဟု ဘာသာပြန်ကာ ၅ တွဲခွဲပြီး ထုတ်ထားပါသည်။ ထိုစာအုပ်အတွဲများကို စေ့စေ့စပ်စပ် ပြန်ဖတ်နေပါသည်။ တချို့ ပိုကြိုက်သည့်အရေးအသားများ သူ့၏အတွေးများကို စာတိုလေးတွေရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ပါသည်။
ခုတလော ဇနီးသည်က အဂ္ဂသာခရစ္စတီးရေးသည့် လျှို့ဝှက်သည်းဖိုခေါ်မလား ရင်မသည်းဖိုခေါ်မလား ဝတ္ထုများကို မက်မက်မောမောဖတ်နေပါသည်။ အဂ္ဂသာခရစ္စတီး၏ဝတ္ထုများအား ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများအဖြစ် ဗြိတိသျှတို့ထုတ်လွှင့်သော စုံထောက်ဇာတ်လမ်း Mystery ဖြစ်သည့် စုံထောက်ကြီး Poirot ကို သူအလွန်ကြိုက်ပါသည်။ ပြီးတော့ “Mystery နဲ့ Crime ကမတူဘူး။ Mystery မှာက စဉ်းစားစရာပါတယ်။ Crime က သူတို့ အကုန်တွေးပြလိုက်တာ ကိုယ့်အတွက် တွေးစရာ မကျန်ဘူး။ NCIS တို့လို အမေရိကန်ဇာတ်လမ်းတွေကတော့ ပစ်တာခတ်တာတွေ များလွန်းပြီး Crime Seen တွေပြလွန်းတယ်”ဟု ပြောပါသည်။
မနေ့က ညီမအိမ်သွားရင်း လမ်းတွင် ပန်းချီဆရာကိုထိန်လင်းနှင့် သူ့ဇနီး(မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးဟောင်း) ဗစ်ကီဘောမန်းတို့ လူဝင်မှုဥပဒေနှင့်အဖမ်းခံရပြီး ထောင်တနှစ်စီ ကျသွားသည့်အကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ်‌ အလုပ်ကြမ်းနှင့် ထောင်သုံးနှစ် ထပ်ချလိုက်သည့် အကြောင်းများ ဇနီးသည်အားပြောပြသည့်အခါ သူက အံ့ဩဟန်မပြပါ။ မထူးဆန်းသလိုလေသံဖြင့် “Military Regime စွပ်စွဲသလို အောင်ဆန်းစုကြည် လုပ်ခဲ့ မခဲ့ကတော့ သူပဲသိလိမ့်မယ်။ တစ်ဖက်က တွေးတော့လည်း ဒါဟာ ဗမာပြည်လိုနိုင်ငံမှာဖြစ်နေတဲ့ Power Politics ပဲ” ဟုမှတ်ချက်ပြုပါသည်။ ကျွန်တော်က “ဒေါ်စုက တရားဥပဒေကိုလိုက်နာတာ၊ စစ်တပ်ရဲ့ တရားစီရင်မှုကို နာခံတာ”ဟု ပြောသည့်အခါ ခတ်ဆတ်ဆတ် လေသံဖြင့် “ဒါ သူလိုက်နာရမယ့် ဥပဒေမှမဟုတ်တာ။ သူ နာခံရမယ့် တရားစီရင်မှုမှ မဟုတ်တာ”ဟု ပြောပါသည်။
သူသည် ဗမာပြည်အကြောင်း ဗမာ့နိုင်ငံရေးအကြောင်း စစ်အုပ်စုအကြောင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းများအား ကျွန်တော့်လိုမသိပါ။ ထို့အတူ သူနားလည်သည့် အာဏာနိုင်ငံရေးမှာ အမေရိကန်တွေနားလည်သည့် အာဏာနိုင်ငံရေးမျိုးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သူနှင့် ဘာ အငြင်းအခုန်မှ မလုပ်ခဲ့ပါ။ နားပဲထောင်နေလိုက်ပါသည်။
ကိုထိန်လင်းနှင့်ဗစ်ကီကို သူသိပါသည်။ မြင်ဖူးပါသည်။ တနှစ်(လွန်ခဲ့သည့် ၅ နှစ်ခြောက်နှစ်ခန့်ကဟု ထင်ပါသည်)က ကိုထိန်လင်းနှင့်ဗစ်ကီတို့ အမေရိကားလာပါသည်။ ဖို့တ်ဝိန်းလည်း ရောက်ပါသည်။ ကိုထိန်လင်းက မနက်ခင်းတွင် ဦးကုသလ၏ဇေတဝန်ကျောင်းတိုက်တွင် ပါဖောမင်န့်စ် လုပ်ပါသည်။ ကျွန်တော် သိတ် နားမလည်သော်လည်း ဇနီးနှင့်အတူသွားကြည်ပါသည်။ ညနေပိုင်းရောက်တော့ အဆိုတော်ကြီး ဒေါ်မာမာအေးအိမ်တွင် ကဗျာစကား စာစကားပွဲလေးလုပ်ကြပါသည်။ လူလည်း အထိုက်အလျှောက် စုံပါသည်။ ထိုပွဲသို့ ကျနော့်ဇနီးလည်းတက်ပြီး နားထောင်ပါသည်။ ကျွန်တော်လည်း စကားနည်းနည်းပါးပါး ပြောခွင့်ရပါသည်။ ပွဲတွင် ဗစ်ကီလည်း စကားပြောပါသည်။ ဗစ်ကီပြောသည့် ဗမာစကားကိုနားထောင်ပြီး “ငါလည်း အဲ့လိုတတ်ချင်လိုက်တာ”ဟုပြောပြီး သူ အားကျနေပါသည်။ ကိုထိန်လင်းက ဧရာဝတီ ပါဖောမင်န့်စ်လုပ်ပါသည်။ ဒါကိုတော့ ကျွန်တော် နားလည်ခံစား၍ရပါသည်။
“ဗစ်ကီက အိမ်ပြောင်းပြီးနေတာ၊ အိမ်လိပ်စာ တရားဝင်လာမပြောင်းလို့၊ ကိုထိန်လင်းကိုကြတော့ အဲ့ဒီကိစ္စမှာ အားပေးကူညီတဲ့ကိစ္စနဲ့ဆွဲတာပဲ”ဟု ကျွန်တော်ပြောတော့ သူက ထိုဥပဒေအကြောင်း မေးပါသည်။ ကျွန်တော်လည်း ကျွန်တော်သိသမျှ သူ့ကို ရှင်းပြပါသည်။ နားထောင်ပြီးနောက် “အေးလေ သူတို့က အဲ့ဒီဥပဒေမှ မလိုက်နာတာကိုး၊ မထင်ရင် မထင်သလိုလုပ်တတ်တဲ့ ဒီစစ်အစိုးရ အောက်မှာနေပြီး ဒီအစိုးရအကြောင်းလည်း သူတို့သိမှာပဲ၊ ဒီလိုတိုင်းပြည်မျိုးမှာ ဘယ်လိုနေရမယ် ဆိုတာ သူတို့ ပိုသိကြမှာပဲ”ဟု ပြောပါသည်။ ကျွန်တော်က “ဖမ်းတာမှာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ စေ့ဆော်မှုလည်း ပါနိုင်တယ်”ဟုပြောတော့ သူက “သူတို့က စစ်အစိုးရမကြိုက်တာတွေ လုပ်နေလို့လား”ဟုမေးရာ ကျွန်တော်က “ငါလည်း အသေအချာတော့မသိဘူး၊ ဒါပေမဲ့ ဗစ်ကီက သံအမတ်ဟောင်းဖြစ်တော့ လက်တံလည်းပိုရှည် အဆက်အသွယ်တွေလည်း ပိုကောင်းနိုင်တာဆိုတော့ မပြောတတ်ဘူး” ဟု မရေမရာပြန်ဖြေမိ၏။ “အေးလေ အဲ့လိုတွေရှိတယ်ဆိုရင် ပိုတောင်သတိထားရမှာပေါ့”ဟု ဆိုပါသည်။
ကျွန်တော်က “ဒေါ်စုကိုကျတော့ နင်က အဲ့ဥပဒေတွေ လိုက်နာစရာမလိုဘူး၊ အဲ့ဒီတရားစီရင်မှုကို နာခံစရာမလိုဘူးလို့ပြောပြီး ကိုထိန်လင်းတို့ကျတော့ ဥပဒေကို မလိုက်နာလို့ဖြစ်တာဆိုတဲ့သဘော ပြောတယ်၊ နှစ်ခုက ရှေ့နောက်မညီပါလား၊ ဖြစ်တာက ဒီစစ်အစိုးရအောက်မှာပဲ ဖြစ်ခဲ့ကြတာလေ”ဟု ပြောတော့ သူက “စစ်အစိုးရအောက်မှာ ဖြစ်တာမှန်ပေမယ့် အောင်ဆန်းစုကြည်က Power Politics လုပ်နေတဲ့နိုင်ငံရေးသမားလေ၊ သာမန်အရပ်သားမှမဟုတ်တာ”ဟုပြောပြီး ငြိမ်သွားပါသည်။ အဂ္ဂသာခရစ္စတီး၏ စုံထောက်ကြီး Poirot ဇာတ်လမ်းတွဲတွေထဲကလို သူ့အတွက်တွေးစရာတွေ ကျန်နေ၍လားမသိပါ။
ညီမအိမ်ရှေ့ကားထိုးလိုက်သဖြင့် စကားစပြတ်သွားကြပါသည်။
မျိုးမြင့်ချို စက်တင်ဘာ။ ၄။ ၂၀၂၂

Friday, September 2, 2022

မိန်းမမြတ်တို့၏တန်ဖိုး ၄

0 comments

(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ “မိန်းမမြတ်တို့၏တန်ဖိုး”အပြီးသတ်အပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

“ဝတ္ထုကိုဘယ်အတိုင်းအတာထိ မိန်းကလေးတွေ ဖတ်သင့်သလဲဆိုတာကို ကျွန်တော် တတ်သမျှ မှတ်သမျှမပြောခင်မှာ ဝတ္ထုဖြစ်စေ၊ ကဗျာဖြစ်စေ၊ သမိုင်းစာအုပ်ကိုဖြစ်စေ ဘယ်စာကိုမဆို ရွေးပြီး ဖတ်သင့်တယ်ဆိုတာကို ကျွန်တော် ပထမပြောချင်ပါတယ်။ ဒီလိုရွေးတဲ့အခါ ဒီစာအုပ်ထဲက ဘာများရမလဲဆိုတဲ့အမြင်နဲ့မရွေးဘဲ ဒီစာအုပ်ထဲမှာ ဘာတွေများပါသလဲဆိုတဲ့အမြင်နဲ့ ရွေးသင့်တယ်လို့ ထင်မိပါတယ်။ အဲဒီမိန်းကလေးရဲ့မလှမ်းမကမ်းမှာ ရှေးဟောင်းဂန္တဝင်စာအုပ်တွေ အပြည့်ရှိတဲ့ စာကြည့်တိုက်တစ်တိုက် ရှိတယ်ဆိုရင်တော့ စာအုပ်ကို အထူးရွေးချယ်ပေးစရာ မလိုဘူးပေါ့။ ဒါပေမံ့ ခေတ်ပေါ်မဂ္ဂဇင်းတွေနဲ့ ဝတ္ထုတွေကိုတော့ အဲဒီမိန်းကလေးနဲ့ဝေးဝေးမှာထားရင် ကောင်းမယ်ထင်တယ်။

 

“မိုးတစိမ့်စိမ့်ရွာနေတဲ့နေ့တွေမှာ အဲဒီမိန်းကလေးကို စာကြည့်တိုက်ထဲကို သူတစ်ယောက်တည်း လွှတ်ထားလိုက်ပါ။ သူ့အတွက်ကောင်းတဲ့စာအုပ်ကို သူ့ဘာသာရှာပါလိမ့်မယ်။ ခင်ဗျား ရှာပေးလို့ မရပါဘူး။ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ကို ပုံသွင်းရတာဟာ မတူပါဘူး။  တော်တော်ခြားနားပါတယ်။ ကျောက်တုံးတစ်ခုကနေ ဆစ်ယူသလို ယောက်ျားလေးတစ်ယောက်ကို စိတ်ကြိုက် ပုံသွင်းယူလို့ရတယ်။ နဂိုကတည်းက ကျောက်တုံးအမျိုးကောင်း ဆိုရင်တော့ အထူး ပြောဖို့တောင်မလိုဘူး။ အလွယ်တကူနှင့် ပုံသွင်းယူလို့ရပါတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက် ကိုတော့ ပုံသွင်းယူလို့မရပါဘူး။ မိန်းကလေးဟာ ပန်းပွင့်လေးတစ်ပွင့်လိုကြီးထွားလာတာ ဖြစ်ပါတယ်။ နေရောင်မရှိရင် မိန်းကလေးဟာ ညှိုးနွမ်းသွားမှာပဲ။ လုံလောက်တဲ့ လေမရရင် မိန်းကလေးဟာ နာစစ်ဆပ်လို ဥခွံထဲမှာ ပုပ်သိုးပျက်စီးသွားမှာပဲ။

 

“အနုပညာတွေနဲ့ပတ်သက်လာရင်လည်း သူ့ရှေ့မှာ အကောင်းဆုံးဆိုတဲ့နမူနာတွေကို ချပေးကြည့်ပါ။ ဒီအနုပညာတွေကို လေ့ကျင့်သင်ကြားတဲ့နေရာမှာလည်း တိကျရှင်းလင်းစွာ သင်ကြားပေးသင့်တယ်။ အကောင်းဆုံးနမူနာဆိုတဲ့နေရာမှာ အမှန်ကန်ဆုံး၊ အရှင်းလင်းဆုံး၊ အသုံးအကျဆုံးနမူနာကို ဆိုလိုခြင်းဖြစ်တယ်။ ဒီဝိသေသနတွေကို အထူးသတိပြုစေချင်ပါတယ်။ ဒီဝိသေသနတွေဟာ အနုပညာရပ်အားလုံးမှာ အရေးကြီးပါတယ်။ မိန်းကလေးနဲ့အဝေးဆုံးလို့ ခင်ဗျားထင်တဲ့ ဂီတကို သင်ပေးသင့်တယ်။  ဂီတမှာ အမှန်ကန်ဆုံးလို့ ကျွန်တော်ပြောတဲ့နေရာမှာ သင်္ကေတတွေဟာ စကားလုံးတွေရဲ့အဓိပ္ပာယ် သို့မဟုတ် ခံစားချက်ရဲ့အဓိပ္ပာယ်ကို အနီးစပ်ဆုံး အမှန်ကန်ဆုံးဖော်ပြ နိုင်တာကို ဖော်ပြလိုက်တာဖြစ်တယ်။ အလွယ်ဆုံးလို့ဆိုတဲ့နေရာမှာ စာသားနဲ့သံစဉ်ကို သင်္ကေတ အနည်းကို အထိဆုံးနဲ့ဖော်ပြနိုင်တာကို ဆိုလိုရင်းဖြစ်တယ်။  အသုံးအကျဆုံးလို့ဆိုတဲ့နေရာမှာ အကောင်းဆုံးသောစာသားများကို အလှဆုံးဖြစ်အောင်လုပ်နိုင်တဲ့ဂီတကို ဆိုလိုရင်းဖြစ်တယ်။  အသံရဲ့ဂုဏ်အားဖြင့် ကျွန်တော်တို့နှလုံးသားကို ရွှင်ပြုံးလာစေနိုင်အောင်၊ ကျွန်တော်တို့ကို တသသ စွဲလမ်းနေအောင်လုပ်ပေးနိုင်တဲ့ဂီတကို ဆိုလိုရင်းဖြစ်တယ်။

 

“သင်ခန်းစာမှာရော၊ သင်ကြားမှုပစ္စည်းရော မိန်းကလေးကို ယောက်ျားလေးတစ်ယောက်က သင်ကြားသလို လေးလေးနက်နက် သင်ကြားပေးရလိမ့်မယ်။ ခုဖြစ်နေတာ ကျွန်တော်တို့ဟာ လက်တွေ့မှာ အမျိုးသမီးတွေကို ဗီရိုထဲမှာ အလှပြပစ္စည်းထားသလို လေ့ကျင့်မွေးမြူနေကြပြီး လေးနက်ခြင်းမရှိဘူး။ ပေါ့တန်တယ်လို့ ညည်းနေကြတယ်။  ဒီတော့ သူတို့ကိုလည်း မောင်တွေ အစ်ကိုတွေလိုအခွင့်အရေး ပေးသင့်တယ်။ သူတို့ ပင်ကိုယ်ရှိတဲ့ပါရမီစိတ်ကို မြေတောင်မြှောက်ပေး သင့်တယ်။ သစ္စာနဲ့သတ္တိဟာ သူတို့ဘဝမှာ အရေးကြီးတဲ့မဏ္ဍိုင်ကြီးတွေဖြစ်တယ်ဆိုတာကို သူတို့ကိုလည်း သင်ကြားပေးသင့်တယ်။

 

“နောက်ဆုံးအားဖြင့် သူတို့ကို မြင့်မြတ်တဲ့သင်ခန်းစာတွေပေးသလို မြင့်မြတ်တဲ့ဆရာကောင်းတွေ ထံမှာ အပ်နှံသင့်တယ်။ သားတစ်ယောက်ကို ကျောင်းအပ်တော့မယ်ဆိုရင် ကျောင်းဆရာဟာ ဘယ်လို လူစားမျိုးလဲဆိုတာကို ခင်ဗျား စုံစမ်းတာပဲမဟုတ်လား။ ဘယ်လိုဆရာဖြစ်ဖြစ် ကျောင်းဆရာဆီကို သားကိုအပ်လိုက်တယ်ဆိုရင်ပဲ ကိုယ့်သားကိုဆုံးမဖို့ဆရာကို ဆရာကို အာဏာကုန်ပေးခဲ့တယ်။ ခင်ဗျားကိုယ်တိုင်လည်း ဆရာသမားကို ရိုသေလေးစားကြောင်းတင်ပြတယ်။ အိမ်မှာ ထမင်းစား ဖိတ်ရင် ဆရာ့ကို ဘေးစားပွဲမှာ နေရာပေးမထားဘဲ ထိပ်ဆုံးမှာ နေရာပေးထားတယ်။ ကိုယ့်သားရဲ့ ဆရာကို ကိုယ့်လက်အောက်ငယ်သားလို သဘောမထားဘူး။

 

“ဒါပေမဲ့ မိန်းကလေးတွေကို ကျောင်းအပ်တဲ့အခါမှာ  ခင်ဗျားကိုယ်တိုင် ဘယ်လောက်များ ဆရာကောင်းကိုရွေးကြည့်ဖူးလဲ။ အဲ့ဒီဆရာကို ခင်ဗျားကိုယ်တိုင် ဘယ်လောက်များ ရိုသေလေးစားဟန်ပြဖူးလို့လဲ။  ခင်ဗျားကိုယ်တိုင်ကအစ အစေခံတွေအဆုံး ရိုသေလေးစားမှု လျော့နည်းနေတဲ့ဆရာတစ်ယောက်ထံမှာ မိန်းကလေးရဲ့အသိဉာဏ်၊ အကျင့်စရိုက်၊ အနေအထိုင်နဲ့ ပတ်သက်လို့ သွန်သင်ဖို့အပ်ထားတဲ့အခါကျတော့ မိန်းကလေးကိုယ်တိုင်ကလည်း သူကိုယ်တိုင်ရဲ့ အပြုအမူနဲ့ သူ့ရဲ့အသိဉာဏ်ဖွံ့ဖြိုးရေးကို အရေးကြီးတယ်လို့ ဘယ့်နှယ်လုပ်ထင်နိုင်တော့မလဲ။

 

“ဒီအချက်တွေက မိန်းကလေးတစ်ယောက်ကို ပညာသင်ကြားပေးရာမှာ စာပေအနုပညာတို့က ဘယ်ပုံဘယ်နည်း အကူအညီပေးနိုင်တယ်ဆိုတဲ့အချက်တွေပါ။

 

“ဂျုံးအော့အတ်ဟာ တောတွေတောင်တွေထဲမှာ ကြီးပြင်းလာရတဲ့မိန်းကလေးဖြစ်တယ်။ သဘာဝ ကွင်းပြင်ကြီးတွေထဲမှာ ကြီးပြင်းခဲ့ရတယ်။ ကျွန်တော်တို့ဆီမှာတော့ ဒီလိုကွင်းပြင်ကြီးတွေ၊ တောတောင်ကြီးတွေ မရှိနိုင်ဘူးပေါ့။ ဒါပေမဲ့ ခင်ဗျားအိမ်ရဲ့နောက်ဖေးမှာ ပန်းခြံလေးတစ်ခု၊ ဥယျဉ်လေးတစ်ခု လုပ်လို့မရပေဘူးလား။ သူတို့ကို ကွင်းပြင်ထဲမှာ ပြေးလွှားဆော့ကစားပါစေ။ ခုတော့ ကျွန်တော်တို့ကလေးတွေမှာ တောတွေပြုန်း၊ ကွင်းပြင်ကြီးတွေသုန်းပြီး စက်ရုံတွေ၊ သံရည်ကြိုတဲ့မီးဖိုကြီးတွေထောင်နေကြတာနဲ့ ကွင်းပြင်တွေ၊ ပန်းခြံတွေဟာ ပျောက်လုခမန်း ဖြစ်နေပြီ။ 

(မူရင်းသတ်ပုံအတိုင်း။ မျိုးမြင့်ချို)

မိန်းမမြတ်တို့၏တန်ဖိုး ၃

0 comments

(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ “မိန်းမမြတ်တို့၏တန်ဖိုး”တတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

“ဒီတော့မိန်းမတစ်ယောက်ကို ကိုယ်ကာယဖွံ့ဖြိုးတိုးတက်လာအောင် ပုံသွင်းပေးရမယ်။  ပြီးတော့မှ တရားမှန်ကန်တဲ့ ဆင်ခြင်တုံစိတ်တွေ၊ မေတ္တာစိတ်တွေ ပေါ်ပေါက်ရှင်သန်လာအောင်  သူ့ကို အတွေးအခေါ် ပေးရမယ်၊ ပညာ ပေးရမယ်။  သူ့ကိုပေးလိုက်တဲ့ပညာရေးဟာ ယောက်ျားတွေရဲ့ အလုပ်ကို နားလည်စေမယ့်၊ အကူညီပေးနိုင်မယ့်ပညာရေးမျိုး ဖြစ်ရလိမ့်မယ်။ ဒီလိုပညာပေးတဲ့ နေရာမှာလည်း ဒီပညာရေးဟာ သိရုံ နားလည်ရုံပညာရေးမျိုး မဖြစ်စေသင့်ဘဲ သူကိုယ်တိုင်ခံစားပြီး သူကိုယ်တိုင်ဆုံးဖြတ်မှုမျိုးပေးနိုင်တဲ့ ပညာသင်ကြားမှုမျိုး ဖြစ်စေသင့်တယ်။ အဲ့ဒီအမျိုးသမီးအဖို့ ဘာသာစကားတွေအများကြီးတတ်တာ မတတ်တာ ပဓာနမဟုတ်ပါဘူး။ အရေးကြီးတာက အဲဒီ မိန်းမဟာ လူစိမ်းသူစိမ်းတစ်ယောက်ကို ကြင်နာပြနိုင်တဲ့မိန်းမမျိုး ဖြစ်သင့်တယ်။  နိုင်ငံခြားဘာသာ စကားတစ်ခုကို နားမလည်သည့်တိုင် အဲ့ဒီ ဘာသာစကားဟာ ချိုသာတဲ့ဘာသာစကားဖြစ်တယ် ဆိုတာကို နားလည်တတ်တဲ့မိန်းမဖြစ်ရမယ်။

 

“ပြီးတော့ ထိုသိပ္ပံပညာတွေ၊ ဒီအတတ်ပညာတွေကို နားလည်လို့လည်း ဒီလောက်ဂုဏ်ယူစရာ မဟုတ် ပါဘူး။ အရေးကြီးတာက အဲဒီမိန်းမဟာ တိကျရှင်းလင်းစွာတွေးခေါ်တတ်တဲ့ အလေ့အကျင့်ကို ရအောင် လေ့ကျင့်လာခဲ့တဲ့မိန်းမမျိုးဖြစ်ရမယ်။  လောကနိယာမတရားတွေ၊ လောကဓံတရားတွေကို  မလွှဲမရှောင်သာတွေ့ရတဲ့တရားတွေဖြစ်ကြောင်း၊ အဲဒီတရားတွေဟာ ကြောက်ရွံ့အပ်တဲ့တရားများ မဟုတ်ဘဲ ချစ်ခင်နှစ်သက်အပ်တဲ့အရာတွေသာဖြစ်ကြောင်း သူ့ကို သင်ကြားပေးရမယ်။  အနည်းဆုံး သိပ္ပံပညာတစ်ရပ်ကို လိုက်စားသင့်ကြောင်း၊ အသိပညာရှိခြင်းဟာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချခြင်းဆိုတဲ့ တောင်ကြားကြီးထဲကို ဆင်းရတာနဲ့တူကြောင်း၊ လောကမှာ ဉာဏ်ပညာအရှိဆုံး အရဲရင့်ဆုံးသူများ သာလျှင် အဲဒီတောင်ကြားကိုဆင်းဝံ့တဲ့သတ္တိရှိပြီး ကလေးငယ်များပမာ အဆုံးအစမရှိတဲ့ ကျောက်စရစ်ခဲလုံးလေးများကို လိုက်ရှာတတ်ကြကြောင်း သူ့ကို သတိပေးရမယ်။ 

 

“ကမ္ဘာမှာ ဘယ်မြို့ကြီးဟာ ဘယ်နေရာမှာတည်ရှိတယ်၊ ဘာအဖြစ်အပျက်ကြီးဟာ ဘယ်နေ့မှာ ဖြစ်ပွားတယ်၊  ဘယ်သူတွေဟာဖြင့် ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာတွေကို သိတာဟာ ဒီလောက်အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။  ပညာသင်ခြင်းရဲ့ရည်ရွယ်ချက်ဟာ မိန်းမတစ်ယောက်ကို အဘိဓာန်စာအုပ်တစ်အုပ်၊ စွယ်စုံကျမ်းတစ်စောင်ဖြစ်အောင်လုပ်ပေးဖို့ မဟုတ်ဘူး။ သမိုင်းကိုဖတ်တယ်ဆိုရင် အဲ့ဒီသမိုင်းကို ဝိညာဉ်တစ်ခုလုံးမြှုပ်နှံပြီး စိတ်ရောကိုယ်ပါ ဖတ်တတ်အောင် သင်ကြားပေးရမယ်။  သမိုင်းဆရာက သူ့အတွေးအခေါ်ကြောင့် မလိုအပ်ဘူးထင်လို့ ချန်လှပ်ပစ်ခဲ့တာတွေ၊  အစီအစဉ်ကျအောင်ရွေးထုတ်လိုက်ရလို့ ချန်လှပ်ပစ်ခဲ့တာတွေ၊ သနားစရာ အဖြစ်အပျက်တွေ၊ သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ ဆက်သွယ်မှုတွေကို သူ့ရဲ့ ထက်မြက်တဲ့ပကတိဉာဏ်နဲ့ ဖတ်တတ်အောင် သင်ကြားပေးရမယ်။ 

 

“အရေးအကြီးဆုူံကတော့ ပြီးသွားခဲ့တဲ့သမိုင်းတွေကို စာနာစိတ်အပြည့်နဲ့ဖတ်တတ်အောင် သင်ကြားပေးဖို့ဖြစ်တယ်။ အဲဒီလို စာနာစိတ်နဲ့ သမိုင်းကိုဖတ်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ ဘေးဒုက္ခ အပေါင်းတို့ကိုလည်း စာနာစိတ်နဲ့ကြည့်တတ် ခံစားတတ်အောင် သင်ကြားပေးရမယ်။ ကိုယ်လည်း ဒီလိုဘေးဒုက္ခကြုံလာရင် ဘယ်လိုပြုမူသင့်တယ်၊ ဘယ်လိုနှလုံးသွင်းသင့်တယ်ဆိုတာကိုသိလာအောင် အလေ့အကျင့်လုပ်ပေးသင့်တယ်။ 

 

“မိန်းကလေးတစ်ယောက်ရဲ့ ပညာသင်ကြားရေးဟာ သင်ခန်းစာဖြင့်လည်းကောင်း၊ လေ့ကျင်မှုအားဖြင့်လည်းကောင်း ယောက်ျာလေးတစ်ယောက်ရဲ့ပညာသင်ကြားရေးနှင့် အားလုံးလောက်နီးပါး တူတယ်။ ဒါပေမဲ့ ပညာသင်ကြားရေးရဲ့ ရည်ရွယ်ဦးတည်ချက်ကတော့ ခြားနားရလိမ့်မယ်။ ဘယ်လိုမိန်းမပဲဖြစ်ဖြစ်  ကိုယ့်လင်သားသိချင်တဲ့အချက်ကို သူလည်း သိသင့်တယ်။ ဒါပေမဲ့ သိပုံသိနည်းကတော့ ခြားနားတယ်။ ယောက်ျားသိပုံသိနည်းက ယေဘုယျကျပြီး နေ့စဉ်ကိစ္စတွေမှာ ကူညီဖို့ အသုံးကျဖို့ဖြစ်တယ်။ ယောက်ျားတစ်ယောက်ဟာ နိုင်ငံခြားဘာသာစကား တစ်ခုကို နားလည်သင့်တယ်။ သိပ္ပံပညာရပ်တစ်ခုခု လေ့လာသင့်တယ်။ ဒါပေမဲ့ မိန်းမတစ်ယောက် ကတော့ သူ့ယောက်ျားရဲ့စိတ်ချမ်းသာမှု၊ သူ့ယောက်ျားရဲ့မိတ်ဆွေရင်းချာတွေရဲ့စိတ်ချမ်းသာမှုကို စာနာတတ်ရုံ ဘာသာစကားသစ်တစ်ခုနဲ့ သိပ္ပံပညာတစ်ခုကိုနားလည်ရင် တော်လောက်ပြီလို့ ကျွန်တော်ထင်တယ်။

 

“ယောက်ျားတစ်ယောက်ရဲ့ပညာရေးနဲ့ မိန်းကလေးတစ်ယောက်ရဲ့ပညာရေးတို့ခြားနားပုံကို ကျွန်တော် အကျဉ်းချုပ်ပြောခဲ့ပါပြီ။ ဒီနှစ်ယောက်မှာ မိန်းကလေးရဲ့အသိဉာဏ်ဟာ အဖွံ့ဖြိုးမြန်လေတော့ မိန်းကလေးရဲ့ပညာသင်ကြားရေးကို အရင်စသင့်တယ်လို့ထင်တယ်။ အထူးသဖြင့် လေးနက်ကြီးကျယ်တဲ့ဘာသာရပ်တွေကို လေ့လာရာမှာ မိန်းကလေးရဲ့အသိဉာဏ်ဟာ အဖွံ့ဖြိုး မြန်လေ့ရှိတယ်။ ဒါကြောင့် သူဖတ်တဲ့စာပေဟာလည်း လေးနက်တည်ကြည်တဲ့စာပေမျိုး ဖြစ်သင့်တယ်။  သူ့မှာ ပင်ကိုယ်ရှိတဲ့ တင်္ခနုပ္ပတ္တိဉာဏ် အတွေးအခေါ်ထက်မြက်မှုတို့ကို စိတ်ရှည်မှုနဲ့ လေးနက်မှုတို့ ထပ်လောင်းဖြည့်စွက်ပေးနိုင်တဲ့ စာပေမျိုးတွေကို အထူးသဖြင့် ဖတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်စာအုပ်ကို ရွေးဖတ်ရမယ်လို့တော့ ကျွန်တော် ခုချက်ခြင်း မပြောလို သေးဘူး။ သူဖတ်တဲ့စာအုပ်ဟာ မိုက်မဲမှုဆိုတဲ့အညစ်အကြေးရေတွေပက်ဖျန်းတဲ့ အပေါစား စာအုပ်တွေမဖြစ်ဖို့ လိုတယ်ဆိုတာလောက်ကိုပဲ ကျွန်တော်ပြောချင်တယ်။

 

“ဒီနေရာမှာတောင်မှ ကျွန်တော် နည်းနည်း ထပ်ရှင်းချင်သေးတယ်။ ခတ်ညံ့ညံ့ဝတ္ထုတွေကိုဖတ်တာကို ကျွန်တော်က မစိုးရိမ်ပါဘူး။ ဒါပေမဲ့ ဝတ္ထုတွေကိုအစွဲကြီးစွဲပြီး ဝတ္ထုတွေထဲက တလွဲအတုခိုးမှာမျိုး ကိုတော့ ကျွန်တော်စိုးရိမ်တယ်။ အညံ့ဆုံးဆိုတဲ့အချစ်ဝတ္ထုဟာ ဘာသာရေးနဲ့ပတ်သက်လို့  အလွဲလွဲ အမှားမှားရေးထားတဲ့စာအုပ်တွေလောက် ကြောက်စရာမကောင်းပါဘူး။ အညံ့ဆုံးဆိုတဲ့ဝတ္ထုဟာ  မှားနေတဲ့သမိုင်းစာအုပ် တစ်အုပ်၊ မှားနေတဲ့ ဒဿနစာအုပ် တစ်အုပ်၊ မှားနေတဲ့ နိုင်ငံရေးကျမ်း တစ်ကျမ်းလောက် မဆိုးပါဘူး။  ဒါပေမဲ့ အကောင်းဆုံးဆိုတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ကတော့ အန္တရာယ် ရှိလာနိုင်တယ်။ အကယ်၍ အဲဒီဝတ္ထုထဲမှာ နေ့စဉ်ဘဝအဖြစ်အပျက်တွေဟာ ငြီးငွေ့စရာကောင်းတယ် ဆိုတဲ့သဘောတွေပါနေရင်၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ တကယ်လုပ်လို့မရနိုင်တဲ့အဖြစ်မျိုးတွေ၊ အမကျိုးမဲ့အချည်းနှီးလုပ်အောင် အားပေးအားမြှောက်ပြုတဲ့သဘောတွေပါရင် အဲဒီအချစ်ဝတ္ထုကောင်းဟာ အန္တရာယ်ဖြစ်လာနိုင်တယ်။ 

 

“ဒါ့ကြောင့်မို့ ဒီနေရာမှာ ဝတ္ထုကောင်းတွေကိုဖတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်အလေးအနက် ထားပြီး ပြောချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီနေ့ ဝတ္ထုကောင်းတွေ အများကြီးပေါ်ထွက် နေတယ်။ ကောင်းပါတယ်။ ဖတ်ကြပါ။ ကျွန်တော် ဘာမှမပြောလိုပါဘူး။ ဒီဝတ္ထုတွေဟာ လူတွေရဲ့ စိတ်သဘာဝ၊ လူတွေရဲ့စာရိတ္တနဲ့ပတ်သက်လို့ ဘယ်သို့ဘယ်ညာရှိတယ်ဆိုတာကိုရေးထားကြတဲ့ အတွက် ဒါတွေကိုဖတ်ရင် အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အထင်မှာတော့ စာဖတ်သူတွေက ဒီအချက်ကို ဒီလောက် အလေးမထားကြဘူးလို့ ထင်တယ်။ ဒီလိုဝတ္ထုတွေကိုဖတ်ခြင်းအားဖြင့် ပေါ်ပေါက်လာတဲ့အကျိုးကတော့ ကြင်နာတတ်သူက ပိုပြီးကြင်နာရက်ရောလာပြီး၊ ခါးသီးတတ်သူက ပိုပြီးရက်စက်လာတတ်တယ်လို့ထင်ပါတယ်။

 

“ဘာဖြစ်လို့လဲဆိုတော့ စာဖတ်တဲ့သူဟာ သူ့စရိုက်အခံနဲ့ညီတဲ့နမူနာမျိုးကိုပဲ ဝတ္ထုထဲကယူတတ်လို့ပဲ။  သူ့စရိုက်အခံနဲ့ မကိုက်ရင်၊ မတူရင် အဲ့ဒီဝတ္ထုထဲကသင်ခန်းစာကိုမယူတော့ဘဲ မေ့ထားလိုက်ကြတယ်။ ဥပမာအားဖြင့် သက္ကရေး ရဲ့ ဝတ္ထုကိုဖတ်တဲ့သူတွေထဲမှာ မာနကြီးပြီး မနာလိုဝန်တိုတတ်တဲ့စာဖတ်သူ များဟာ သူ့ဝတ္ထုထဲက ဒီ့အပြင်အချက်ကိုမယူဘဲ လူ့လောကကြီးနဲ့ လူတွေကိုမုန်းတဲ့စိတ်ကိုပဲ လက်ခံ လိုက်ကြတယ်။  စိတ်သဘောထားနူးညံ့တဲ့စာဖတ်သူများကျတော့လည်း လူ့လောကကြီးကို သနားကြင်နာတဲ့စိတ်ကိုပဲ လက်ခံလိုက်ကြတယ်။ ဉာဏ်တိမ်တဲ့စာဖတ်သူများကျတော့လည်း ဝတ္ထုထဲကလို လူ့လောကကြီးကို ရယ်မောလှောင်ပြောင်တဲ့စရိုက်ကိုပဲ နမူနာယူလိုက်ကြတော့တယ်။

(မူရင်းသတ်ပုံအတိုင်း။ ဆက်ရိုက်ပြီး တင်ပေးပါမယ်။ မျိုးမြင့်ချို)

မိန်းမမြတ်တို့၏တန်ဖိုး ၂

0 comments

(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ “မိန်းမမြတ်တို့၏တန်ဖိုး”ဒုတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

“မယားကောင်းက ယောက်ျားသွားလေရာနေရာတိုင်းမှာ အဲ့ဒီလိုအိမ်မျိုးဟာ နောက်ကအမြဲလိုက်ပါ လာတတ်တယ်။ အဲ့ဒီမယားကောင်းရဲ့ခေါင်းပေါ်မှာ ဘာအမိုးမှမရှိဘဲ ကြယ်ပွင့်တွေသာရှိသည့်တိုင်၊ အဲ့ဒီမယားကောင်းရဲ့ခြေရင်းမှာ မီးဖိုဆိုလို့ မြက်တောထဲမှာလက်နေကြတဲ့  ပိုးစုန်းကြူးများသာ ရှိနေသည့်တိုင် မိန်းမကောင်းမိန်းမမြတ်တစ်ဦးရဲ့ ဘေးပတ်ပတ်လည်မှာ၊ အိမ်မှာ မျှော်မဆုံးနိုင်အောင်

ရှိနေတတ်တယ်။ မိန်းမမြတ်တစ်ဦးဟာ အိုးမဲ့အိမ်မဲ့သူအပေါင်းတို့အဖို့ စကြောနှစ်ထပ်မိုး အိမ်ခန်းဆောင်၊ ရွှေရေးဟင်္သာပြဒါးသုတ် ခန်းမဆောင်ထဲ လုံခြုံပြီးငြိမ်သက်တဲ့အလင်းကို ပေးနိုင်တယ်။ 

 

“အဲဒီနေရာဟာ မိန်းမမြတ်တို့ရဲ့ တန်ခိုးစွမ်းအား၊ မိန်းမမြတ်တို့ရဲဗိမာန်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ ဒီလို မိန်းမကောင်းမိန်းမမြတ်တစ်ယောက်ဖြစ်ဖို့အတွက် အဲဒီမိန်းမဟာ အမှားအယွင်း မရှိစေရဘူး။ အိမ်ကို သူအုပ်စိုးနေသမျှ အားလုံးဟာမှန်ကန်နေရမယ်။ အဲဒီမိန်းမဟာ သွေဖည်ခြင်းမရှိ၊ ဖောက်လွှဲဖောက်ပြန်ခြင်းမရှိ ကောင်းရမယ်။ ပင်ကိုယ်အားဖြင့် ဉာဏ်အမြော်အမြင်နဲ့ပြည့်စုံရမယ်။ ဉာဏ်အမြော်အမြင်နဲ့ပြည့်စုံရမယ်လို့ ဆိုတဲ့နေရာမှာလည်း သူ့တစ်ကိုယ်တည်း တိုးတက်ကောင်းမွန်ဖို့ ပြည့်စုံတာမျိုးမဟုတ်ဘဲ စွန့်လွှတ်အနစ်နာခံနိုင်တဲ့ဉာဏ်အမြော်အမြင်မျိုးနဲ့ ပြည့်စုံရမယ်။

 

“လင်ကို အထက်စီးက ဩဇာပေးတတ်တဲ့ဉာဏ်မျိုးမဟုတ်ဘဲ လင်ရဲ့အပါးမှာ အမြဲတမ်း လိုက်နိုင်တဲ့ဉာဏ်မျိုးနဲ့ ပြည့်စုံရမယ်။ ဘဝင်မြင့်ပြီး အကြင်နာကင်းတဲ့မာနမျိုးနဲ့ ကျဉ်းမြောင်းတဲ့ ဉာဏ်မျိုးမဟုတ်ဘဲ လင့်အလိုကို အမြဲအလိုက်သိပြီး ဣန္ဒြေသိက္ခာနဲ့ အကြိုက်ကိုဆောင်နိုင်တဲ့ ဉာဏ်မျိုးနဲ့ ပြည့်စုံရမယ်။ သစ်ရိပ်ဟာ သစ်ပင်နောက်ကိုလိုက်သလို သစ်ပင်ရဲ့အနေအထားကိုမှီပြီး သစ်ရိပ်ဟာနေရာပြောင်းသလို လင်ရဲ့ဘေးပတ်လည်မှာ အေးရိပ်သာယာကိုဖန်တီးပေးနိုင်တဲ့ ဉာဏ်မျိုးနဲ့ပြည့်စုံရမယ်။

 

“မိန်းမတစ်ယောက်ရဲ့နေရာမှန်ဟာ ဘာလဲ၊ မိန်းမတစ်ယောက်ရဲ့ တန်ခိုးစွမ်းပကားဟာ ဘာလဲ ဆိုတာကို တတ်နိုင်သမျှ ကျွန်တော်တို့ အကျဉ်းချုံးပြီးပြောခဲ့ပြီးပါပြီ။  ကောင်းပြီ။ ဒါဖြင့်ရင် ဒီလို မိန်းမကောင်းမိန်းမမြတ်တစ်ဦးဖြစ်ဖို့အတွက် ဘယ်လိုပညာရေးမျိုး၊ ဘယ်လိုသင်ကြားမှုမျိုး လိုသလဲ။ 

 

“မိန်းမအပေါ်မှာ ကျွန်တော်တို့ လိုက်နာကျင့်သုံးရမယ့် ပထမဆုံးဝတ္တရားကတော့ သူ့ရဲ့ကိုယ်ခန္ဓာ ကျန်းမာရေးနဲ့ ကိုယ်ကာယဖွံ့ဖြိုးရေးကို တိုးတက်ခိုင်မြဲစေမယ့် ကာယလေ့ကျင့်ခန်းနဲ့ ကာယသင်ကြားမှုကို ဖန်တီးပေးဖို့လိုတယ်။ အဲ့ဒီအလှရဲ့ အမြင့်ဆုံးသောကျက်သရေဟာ လှုပ်ရှားမှုအရောင်အဝါနဲ့ နူးညံ့မှုခွန်အားတို့ရှိမှသာရနိုင်တယ်။ ဒါတွေမရှိရင် အလှကို မရနိုင်တော့ဘူး။ ယောက်ျားဟာ မိန်းမရဲ့အလှကိုပြည့်စုံအောင် လုပ်ပေးရမယ်။ အလှရဲ့တန်ခိုးစွမ်းပကားကို ထက်မြက်အောင် လုပ်ပေးရမယ်။ ဒီလို အလှကျက်သရေတိုးနိုင်ဖို့အတွက် မိန်းမမှာ ကာယလွတ်လပ်မှု ရှိရမယ်။

 

“ဒါပေမဲ့ ဒီကာယလွတ်လပ်မှုဟာ စိတ္တလွတ်လပ်မှုဆိုတဲ့နှလုံးသားရဲ့လွတ်လပ်မှုမရှိရင် မဖွံ့ဖြိုးနိုင်ဘူး။ အလှကို တိုးတက်အောင်လုပ်နိုင်မှာ မဟဟုတ်ဘူး။ မိန်းမတစ်ယောက်ရဲ့အလှပြည့်စုံအောင်လုပ်ရေးနဲ့ ပတ်သက်လို့ ကဗျာတစ်ပုဒ်ကို ကျွန်တော် ထုတ်နှုတ်ကိုးကားလိုပါတယ်။ ရှေ့အပုဒ်များဟာ နိဒန်း ဖြစ်ပြီး ကျွန်တော် အထူးအလေးအနက်ပြုပြောချင်တာကတော့ နောက်ဆုံးအပိုဒ်ဖြစ်ပါတယ်။

 

သုံးနှစ်အတွင်းမှာ

သူမဟာ 

နေခြည်မိုးစက်တွေကြားမှာ

ကြီးပြင်းလာခဲ့တယ်။

ဒီလောက်ချစ်စရာကောင်းတဲ့ပန်းပွင့်ဟာ

မြေပြင်မှာ တစ်ခါမှမပွင့်သေး

ဒီကလေးငယ်ကို ငါမွေးမယ်။

သူဟာ ငါ့ချစ်သူဖြစ်ပြီး

နောင်မှာ ငါ့ကြင်ယာဖြစ်ရမယ်လို့

သဘာဝကြီးကပြောတယ်။

ငါ့ချစ်သူအတွက် ငါဟာနိယာမတရားဖြစ်ပြီး

ဥပဒေဖြစ်ရမယ်။

တောင်ထိပ်မှာဖြစ်စေ၊ လွင်ပြင်မှာဖြစ်စေ

မြေပြင်မှာဖြစ်စေ၊ ကောင်းကင်မှာဖြစ်စေ

သစ်ရိပ်မှာဖြစ်စေ၊ ပန်းချုံကွယ်မှာဖြစ်စေ

မိန်းကလေးဟာ

တောက်ပရွှန်းလင်းဖို့၊ ဒါမှမဟုတ် ချုပ်တည်းဖို့

တန်ခိုးဉာဏ်ရှိရမယ်။

လေလွင့်မြောနေတဲ့ တိမ်တိုက်များဟာ

သူတို့ရဲ့ဘဝကို မိန်းကလေးအား ငှားရမ်းစေ။

မိုးမခပင်ဟာ မိန်းကလေးအတွက်

ကွေးညွှတ်စေ။

မုန်တိုင်းထဲမှာဖြစ်စေ

မိန်းမပျိုရဲ့အလှကို ပုံသွင်းပေးတဲ့

ကျက်သရေကို မြင်နိုင်စွမ်းရှိစေ။

သက်ဝင်လှုပ်ရှားသော ကြည်နူးခံစားမှုဟာ

မိန်းကလေးရဲ့ရုပ်ဆင်းသဏ္ဌန်ကို

မိုးထိမြင့်တက်စေ။

သူ့ရဲ့အပျိုစင်ရင်ကို လှိုင်းခုန်သလိုရှိအောင်

အတွေးများကို ငါပေးအပ်ပေ

ဒီပျော်စရာဘုံမှာ

သူနှင့်ငါ ထာဝရအသက်ရှင်စေ။

 

“’သက်ဝင်လှုပ်ရှားနေသော ကြည်နူးခံစားမှု’ ဆိုတဲ့စကားလုံးတွေကို သတိပြုစေချင်ပါတယ်။ အသေလိုဖြစ်နေတဲ့ ကြည်နူးခံစားမှုလည်း ရှိတတ်ပါတယ်။  ဒါပေမဲ့ တကယ်ကတော့ သက်ဝင်သော ကြည်နူးခံစားမှုသာလျှင်  သဘာဝကျပါတယ်။ ဒီလိုခံစားမှုမျိုးသာလျှင် ဘဝအတွက် အရေးကြီး လိုအပ်ပါတယ်။

 

“ဟုတ်တယ်။ မိန်းကလေးတွေ သက်ဝင်လှုပ်ရှားနေတာကိုကြညာ့်ချင်ရင် သူတို့မှာ ကြည်နူးတဲ့ခံစားချက်တွေ ပေါ်ပေါက်နေစေရမယ်။ ပျော်ရွှင်ခြင်းမရှိတဲ့မိန်းကလေးတစ်ယောက်ကို ချစ်စရာကောင်းအောင်လုပ်လို့မရဘူး။ အပြစ်ကင်းစွာ ပျော်ရွှင်နေတဲ့မိန်းကလေးတစ်ယောက်ကို ချုပ်ချယ်လိုက်တာနဲ့၊ ဟန့်တားလိုက်တာနဲ့တစ်ပြိုင်နက် သူ့အပြစ်ကင်းတဲ့မျက်လုံးတွေထဲက တောက်ပမှုဟာ ပျောက်ကွယ်သွားရတယ်။ တင့်တယ်တဲ့နဖူးပြင်က ကျက်သရေဟာလည်း ပျောက်ကွယ်သွားရတော့တယ်။

 

“မိန်းမတို့ရဲ့အလှကို အပြည့်စုံဆုံးဖော်ပြထားတဲ့ စောစောက ကဗျာဆရာရဲ့စာပိုဒ်တပိုဒ်ကို ကျွန်တော် ကောက်နှုတ်တင်ပြချင်ပါသေးတယ်။

 

ချိုမြိန်တဲ့မှတ်တမ်းများနှင့်

ချိုမြိန်တဲ့ကတိတို့ပေါင်းဆုံရာ

မျက်နှာသည်သာ အလှဆုံး လို့ သူက ဖွဲ့ခဲ့ပါတယ်။

 

“မိန်းမတစ်ယောက်ရဲ့မျက်နှာမှာ ချစ်စရာအကောင်းဆုံး အလှဆုံးအချိန်ဟာ ခမ်းနားတဲ့ စိတ်ငြိမ်းချမ်းခြင်း ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အရာနှစ်ခုအပေါ်မှာ တည်ဆောက်ထားတယ်။ တစ်ခုက ချမ်းမြေ့ဖွယ်ကောင်းပြီး အကျိုးရှိခဲ့တဲ့ ပျိုရွယ်စဉ်ဘဝကိုအောက်မေ့စိတ် ဖြစ်တယ်။ နောက်တစ်ခုကတော့ ပိုပြီးခမ်းနားတဲ့ပြောင်းလဲမှုတွေ၊  အလားအလာတွေ၊ မျှော်လင့်ချက်တွေဖြစ်တယ်။ သူ့ ငြိမ်သက်ကြည်လင်မှုဟာ ဒီအရာတွေအပေါ် တည်ဆောက်ထားတဲ့ စိတ်ငြိမ်းချမ်းရေးမျိုးဖြစ်ရမယ်။ တစ်နည်းပြောရရင် ပျော်စရာကောင်းတဲ့ အတိတ်မှတ်တမ်းတွေနဲ့ အနာဂါတ်မျှော်လင့်ချက်တွေပေါင်းဆုံနေတဲ့ မိန်းမတစ်ယောက်ရဲ့မျက်နှာဟာ  ချစ်စရာအကောင်းဆုံး၊ အလှဆုံးလို့ သူကဆိုတယ်။  အဲဒီလို အလားအလာတွေ မျှော်လင့်ချက်တွေ ရှိနေတယ်ဆိုရင် ဇရာဆိုတာ မရှိနိုင်ဘူး။ အဲဒီမိန်းမဟာ ထာဝရနုပျိုနေမှာပဲ။

(မူရင်းသတ်ပုံအတိုင်း။ ဆက်ရိုက်ပြီး တင်ပေးပါမယ်။ မျိုးမြင့်ချို)

မိန်းမမြတ်တို့၏တန်ဖိုး ၁

0 comments

(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ “မိန်းမမြတ်တို့၏တန်ဖိုး”ကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

အရင်တစ်ပတ်ကဆောင်းပါးထဲမှာ  ရပ်စကင်းက မိန်းမတို့ရဲ့ဣန္ဒြေ၊ မိန်းမတို့ရဲ့ ကောင်းခြင်းလက္ခဏာ အဖြာဖြာနှင့်ပတ်သက်လို့ အကျယ်တဝင့်ပြောသွားခဲ့တယ်။ သူက မီလ်တန်ရဲ့လင်္ကာတွေ၊ ရှိတ်စပီးယားရဲ့ ကဗျာလင်္ကာတွေ၊ ဂရိပုံပြင်တွေ၊ ဆာဝေါ်လတာစကော့ရဲ့ဝတ္ထုတွေက အမျိုးသမီး ဇာတ်ဆောင်တွေကို  ထုတ်နှုတ်ကိုးကား တင်ပြသွားခဲ့တယ်။ အလယ်ခေတ်ကပေါ်ထွန်းခဲ့တဲ့ သူရဲကောင်းနဲ့အမျိုးကောင်းသမီးတို့ရဲ့ဆက်ဆံရေးကို ဥပမာပြုပြီး မိန်းမမြတ်တို့ရဲ့တန်ဖိုးကိုနားလည်မှ ယောက်ျားမြတ်ဖြစ်တဲ့အကြောင်းကို ဖော်ပြခဲ့တယ်။ ခုဆောင်းပါးမှာ ရပ်စ်ကင်းက အောက်ပါအတိုင်း ဆက်ပြောပါတယ်။

 

“ဒီအကောင်းကို ကျွန်တော် အကျယ်ဆက်ပြီး မပြောတော့ပါဘူး။ ခင်ဗျားတို့ကိုယ်တိုင် ဘယ်လိုခံစားကြရတယ်၊ ဘယ်လိုခံစားသင့်တယ်ဆိုတာကို တွေးယူနိုင်ကြပါတယ်။ သူရဲကောင်းရဲ့ သံချပ်အင်္ကျီကကြယ်သီးကို ချစ်သူရဲ့လက်နဲ့ ကိုင်တွယ်တပ်ဆင်ပေးလိုက်တာဟာ စိတ်ကူးယဉ် ကောင်းရုံ၊  သာယာကြည်နူးသွားရုံလုပ်ပေးလိုက်တဲ့ အပြုအမူတစ်ရပ်မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။ အမှန်ပါပဲ၊ ဝိညာဉ်တစ်ခုရဲ့သံချပ်အင်္ကျီကို အမျိုးသမီးတစ်ယောက်ရဲ့ လက်နဲ့ ထိကိုင်လိုက်ခြင်းမပြုရင်  ဒီသံချပ်အင်္ကျီဟာ နှလုံးသားနဲ့ ဘယ်တော့မှ အံကိုက် ဖြစ်မနေတတ်ဘူး။ အမျိုးသမီးက သံချပ်အင်္ကျီကို တော်စွလျော်စွ ဝတ်ဆင်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ယောက်ျားရဲ့ဂုဏ်သိက္ခာဟာ ကျဆုံးရတော့တာပဲမဟုတ်လား။

 

“ကျွန်တော်တို့ဟာ ယောက်ျားကမြတ်တယ် သို့မဟုတ် မိန်းမကမြတ်တယ်လို့ မကြာခဏ ပြောလေ့ ရှိကြတယ်။ ဒီလိုပြောတာဟာ တော်တော်မိုက်မဲရာ ကျပါတယ်။ မိန်းမနဲ့ယောက်ျားဟာ တစ်ဦးနဲ့တစ်ဦး မတူတဲ့အရည်အချင်းတွေ ရှိကြတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦးပြည့်စုံအောင် လုပ်ပေးကြရတယ်။ တစ်ဦးရှိမှ အခြားတစ်ဦးဟာ ပြည့်စုံမှုကိုရတယ်။  မိန်းမနဲ့ယောက်ျားဟာ ဘယ်နေရာမှမတူကြဘူး။  တစ်ဦးပေးနိုင်တာကိုတောင်းဆိုမှ၊ တစ်ဦးပေးနိုင်တာကိုရရှိမှ မိန်းမနဲ့ ယောက်ျားရဲ့ပျော်ရွှင်မှုနဲ့ ပြည့်စုံမှုမှာ ရရှိခြင်းဖြစ်တယ်။

 

“မိန်းမနဲ့ယောက်ျားတို့ရဲ့ ခြားနားတဲ့စရိုက်လက္ခဏာချက်တွေကို အကျဉ်းချုပ်ပြောရရင် ဒီလိုပြောလို့ ရလိမ့်မယ်ထင်တယ်။ ယောက်ျားရဲ့စွမ်းအားဟာ လှုပ်ရှားတဲ့သဘော ရှိတယ်။ ရှေ့ကိုသွားတဲ့သဘော ရှိတယ်။ ခုခံလိုတဲ့သဘော ရှိတယ်။ ယောက်ျားဟာပြုလုပ်သူဖြစ်တယ်။  ဖန်တီးသူဖြစ်တယ်။ ရှာဖွေ တွေ့ရှိသူဖြစ်တယ်။  ကာကွယ်ပေးသူဖြစ်တယ်။ ယောက်ျားရဲ့အသိဉာဏ်ဟာ စဉ်းစားချင့်ချိန်ဖို့နဲ့ တီထွင်ဖန်တီးဖို့ဖြစ်တယ်။ သူ့ခွန်အားဟာ စွန့်စားဖို့ဖြစ်တယ်။ တရားတဲ့စစ် ဆင်နွှဲဖို့ ဖြစ်တယ်။ လိုအပ်ရင် အောင်နိုင်ဖို့ဖြစ်တယ်။

 

“ဒါပေမဲ့ မိန်းမရဲ့စွမ်းအားဟာ စစ်တိုက်ဖို့မဟုတ်ဘူး။ အုပ်စိုးဖို့ ဖြစ်တယ်။ သူ့အသိဉာဏ်ဟာ တီထွင်ဖို့၊ ဖန်တီးဖို့မဟုတ်ဘူး။ ချိုသာစွာအမိန့်ပေးဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံနေရာချထားဖို့ ဖြစ်တယ်။ အဆုံးအဖြတ်ပေးဖို့ ဖြစ်တယ်။ မိန်းမဟာ အရာဝတ္ထုတွေရဲ့အရည်အသွေးကို နားလည်တယ်။ အရာဝတ္ထုတွေရဲ့အသုံးကျမှုကို သိတယ်။ အရာဝတ္ထုတွေရဲ့နေရာကို သိတယ်။ သဘောပေါက်တယ်။  မိန်းမရဲ့အဓိကအလုပ်ဟာ ချီးကျူးအားပေးဖို့ ဖြစ်တယ်။ မိန်းမဟာ ပြိုင်ပွဲထဲကို မဝင်ပါဘူး။  ပြိုင်ပွဲမှာ အောင်မြင်မှုသရဖူကို ဘယ်သူဆောင်းနိုင်သလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ဖြစ်တယ်။  မိန်းမသဘာဝ မိန်းမအနေအထားကြောင့် သူဟာ ဘေးအန္တရာယ်အပေါင်း၊ ဖြားယောင်းမှုအပေါင်းက ကာကွယ်ပြီးသားဖြစ်တယ်။ ယောက်ျားကတော့ ဟာလာဟင်းလင်း ကမ္ဘာလောကကြီးထဲမှာ  ကြမ်းတမ်းတဲ့အလုပ်ကိုလုပ်ရသူဖြစ်လေတော့ ဘေးဒုက္ခအပေါင်း၊ အခက်အခဲအပေါင်းနဲ့ ကြုံတွေ့ရတတ်တယ်။ ဒါ့ကြောင့် ယောက်ျားမှာ ဆုံးရှုံးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ ရှောင်လွှဲလို့မရတဲ့အမှားတွေ တွေ့နိုင်တယ်။ မကြာခဏဆိုသလို ဒဏ်ရာအနာတရဖြစ်တာတွေ ရှိတယ်။ လမ်းလွဲတာတွေရှိတယ်။ အမြဲတမ်းဆိုသလို မာကြောနေတတ်တယ်။  ဒါပေမဲ့ ယောက်ျားဟာ မိန်းမကို ဒီအဖြစ်မျိုးမတွေ့ရလေအောင် ကာကွယ်ပေးထားတယ်။ မိန်းမကို အိမ်တွင်းမှာထားပြီး၊ မိန်းမကိုယ်တိုင်က ရှာဖွေခြင်းမပြုရင် အိမ်ထဲကို အန္တရာယ်မရောက်အောင်၊ ဖြားယောင်းမှု မလာအောင်၊ မှားယွင်းစေတဲ့အကြောင်း မပေါ်အောင်၊ တိုက်ခိုက်စော်ကားမှုမရှိအောင် ကာကွယ်ပေးထားတတ်တယ်။ ဒါဟာ အိုးအိမ်ရဲ့ တကယ့်သဘာဝပဲ။ အဲဒီနေရာဟာ ငြိမ်းချမ်းရေးရဲ့ ရိပ်မြုံပဲ။

 

“ထိခိုက်နစ်နာမှု ဟူသမျှ၊ ကြောက်မက်ဖွယ်ရာ ဟူသမျှ၊ သံသယဒွိဟ ဟူသမျှ၊ စိတ်ဝမ်းကွဲပြားခြင်း တို့နဲ့ကင်းဝေးရာ ရိပ်မြုံတစ်ခုပါပဲ။ အဲ့ဒီလိုမဟုတ်ရင် အဲ့ဒီနေရာဟာ အိုးအိမ်မဟုတ်ဘူး။  ပြင်ပ လောကကြီးက စိုးရိမ်သောကတွေဝင်ရောက်လာတာနဲ့ မတည်ကြည်တဲ့၊ မသိတဲ့၊ အချစ်မဝင်တဲ့၊ ရန်လိုတဲ့ကမ္ဘာလောကကြီးတစ်ခုကအဖွဲ့အစည်းတစ်ခုကို လင်ကဖြစ်စေ မယားကဖြစ်စေ ဝင်လာခွင့်ပြုလိုက်တာနဲ့ အဲဒီနေရာဟာ အိမ်အဖြစ်ကရပ်စဲသွားတယ်။ အဲ့ဒီလိုဖြစ်တာနဲ့ အဲဒီနေရာဟာ အမိုး မိုးပြီး မီးဖိုထားတဲ့ ပြင်ပကမ္ဘာကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီနေရာဟာ မြင့်မြတ်တဲ့နေရာတစ်နေရာ၊ အထွတ်အမြတ်ထားအပ်တဲ့ ဝတ်ကျောင်းတစ်ဆောင်၊ အိမ်စောင့်နတ် များက စောင်မကြည့်ရှုတဲ့ မီးဖိုတစ်ဖိုဖြစ်ခဲ့ရင်၊ အဲဒီနတ်များက ချစ်ခင်နှစ်သက်စွာကြိုခြင်း မပြုတဲ့လူဆိုလို့ တစ်ယောက်မှ လာခွင့်မရတဲ့နေရာမျိုးဖြစ်ခဲ့ရင်၊ အမိုးနဲ့မီးဖိုဟာလည်း ပိုမြင့်မြတ်တဲ့အလင်းနှင့်အရိပ်ကို ပေးနိုင်ခဲ့ရင်၊ သဲကန္တာရကြီးအလယ်ကကျောက်ဆောင်လို  အေးမြတဲ့အရိပ်ကိုပေးနိုင်ရင်၊  မုန်တိုင်းထန်တဲ့အလယ်မှာ မီးပြတိုက်လို အလင်းရောင်ကိုပေးနိုင်ခဲ့ရင်  အဲ့ဒီနေရာဟာ အိမ်ဆိုတဲ့ နာမပညတ်နဲ့လည်းကိုက်ညီတယ်၊ အိမ်ဆိုတဲ့ဂုဏ်သိက္ခာနဲ့လည်း ပြည့်စုံတယ်။ 

(မူရင်းသတ်ပုံအတိုင်း။ ဆက်ရိုက်ပြီး တင်ပေးပါမယ်။ မျိုးမြင့်ချို)

Thursday, September 1, 2022

ကြာပန်း(၃)

0 comments

(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ “ကြာပန်း” တတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

“နောက် ကျွန်တော်တင်ပြမယ့်သက်သေတယောက်ကတော့ ဆာဝေါ်လတာစကော့ဖြစ်ပါတယ်။”သူ့ရဲ့ အချစ်၊ အလွမ်းဝတ္ထုတွေကတော့ သိတ်တန်ဖိုးရှိလှတယ်မထင်လို့ ကျွန်တော် ဖော်ပြခြင်း မပြုတော့ ပါဘူး။  ခတ်စောစောပိုင်းက သူစပ်ခဲ့တဲ့ စိတ်ကူးယဉ်ကဗျာများဟာလည်း အလင်္ကာ မြောက်သည့်တိုင် လူငယ်လေးတစ်ယောက်ရဲ့စိတ်ကူး သာသာလောက်ပဲရှိတဲ့အတွက် သိတ်ပြီး အလေးချိန်မစီးဘူးထင်တဲ့အတွက် ကျွန်တော် မဖော်ပြပါဘူး။ ဒါပေမဲ့ စကော့လူမျိုးရဲ့ဘဝက ပေါ်ထွက်လာတဲ့ သူ့ တကယ့်ဝတ္ထုကြီးများကတော့ အင်မတန်ကောင်းတဲ့ သက်သေကြီးတွေပဲ။  အဲ့ဒီဝတ္ထုတွေထဲမှာ ယောက်ျားလူစွမ်းကောင်း ဟီးရိုး အမျိုးအစားကို ထည့်သွင်းလို့ရတဲ့ ဇာတ်ဆောင်ဆိုလို့ သုံးယောက်ပဲရှိပါတယ်။ သူတို့ကတော့  ဒန်ဒီဒင်းမောင်၊ ရော့ရွိုင်းနဲ့ ကလေဗာဟောက်စ်တို့ဖြစ်ပါတယ်။  သူတို့အနက် တစ်ယောက်က လယ်သမား၊တစ်ယောက်က ပင်လယ်ဓားပြဖြစ်ပြီး တစ်ယောက်ကတော့ မှားယွင်းတဲ့အရေးတော်တစ်ခုအတွက်ဝင်တိုက်တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ သတ္တိကောင်းကြတယ်။ သစ္စာရှိကြတယ်။ (ပြုစုပျိုးထောင်မှုမရှိတဲ့ မှားယွင်းစွာအသုံးပြုမိတဲ့)စဉ်းစားဉာဏ်ရှိကြတယ်။

 

“ဒါတွေဟာ ဟီးရိုးအရည်အချင်းတွေပါပဲ။ ကျန်တဲ့ သူ့ဇတ်ဆောင်များကတော့ တစ်ယောက်ယောက်ရဲ့ ကူညီစောင်မမှုကြောင့်ဖြစ်စေ၊  မတော်တဆဖြစ်စေချမ်းသာလာပြီး စည်းစိမ်ချမ်းသာနဲ့ ပျော်မွေ့နေတဲ့သူတွေဖြစ်တယ်။  သူ့ဇာတ်လိုက်တို့ဟာ အခက်အခဲတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်းမရှိကြဘူး။သူ့ဇာတ်လိုက်တွေဟာ စည်းကမ်းမရှိဘူး။ ရည်ရွယ်ချက် မခိုင်မြဲဘူး။ မကောင်းဆိုးရွားဩဇာတွေကို တွန်းလှန်ဖြိုဖျက်ခြင်း မပြုနိုင်ဘူး။  ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို ဖွဲ့ရာမှာတော့ ဝေါ်လတာစကော့ရဲ့ဟဲရိုးဝင်းများဟာ တည်ကြည်မြင့်မြတ်တဲ့၊ သိက္ခာရှိတဲ့၊ ကြင်နာသနားတတ်တဲ့အမျိုးသမီးတွေချည်းပဲဖြစ်တယ်။ သူတို့ဟာ ဂုဏ်သိက္ခာရှိပြီး တရားမျှတမှုကိုမြတ်နိုးကြတယ်။  ချစ်ခင် စိတ်ရှည်အမြင်ရှိကြတယ်။ ကိုယ့်ချစ်သူတွေကို အမှားမတွေ့အောင် လမ်းပြနိုင်တယ်။ 

 

“အတိုင်းအဆရှိသောချစ်ခင်မှုက ပေါ်ထွက်လာတဲ့ စိတ်ရှည်တဲ့၊ အမြော်အမြင်ရှိပြီး သူတို့ရဲ့ချစ်သူတွေကို အမှားအယွင်းမရှိအောင်  အကာအကွယ်ပေးတတ်ကြတယ်။ သည်နည်းအားဖြင့် သူတို့နဲ့ထိုက်တန်ခြင်းမရှိတဲ့ချစ်သူများဟာ နောက်ဆုံးမှာ ရှင်သန်ဖွံ့ဖြိုးလာကြပြီး မြင့်မြတ်တဲ့လူတွေ ဖြစ်လာကြတယ်။ အဲ့ဒီ ဟဲရိုးဝင်းတွေကတော့ အယ်ဒက်ကလတ်စ်၊  ဖလော်ရာအက်အီဗာ၊ ကက်သရင်းဆေတန်၊ ဒိုင်ယာနာဗာနွန်း၊ လီလီယာယက်ဂေါင့်တလက်၊ အဲလစ်ဗရစ်နော့၊ အဲလစ်လီးနဲ့ ဂျင်နီဒင်း စတဲ့အမျိုးသမီးတွေဖြစ်တယ်။

 

“ရှိတ်စပီးယားရဲ့ပြဇာတ်တွေမှာလိုပဲ ဝေါ်လတာစကော့ရဲ့ဝတ္ထုတွေမှာလည်း  ယောက်ျားများကို စောင့်ကြည့်သွန်သင် လမ်းညွှန်တာဟာ အမျိုးသမီးတွေဖြစ်တယ်။ ကိုယ့်ချစ်သူမိန်းကလေးကို စောင့်ကြည့် သွန်သင်ပေးတဲ့ယောက်ျားဆိုလို့ တစ်ယောက်မှမပါဘူး။

 

“ကောင်းပြီ၊ နောက်တခါ ဥရောပစာပေမှာ ဩဇာကြီးခဲ့တဲ့ အီတလီနဲ့ဂရိစာပေတို့ကိုပဲ အကျဉ်းချုပ် ကြည့်ကြဦးစို့။  အီတလီစာဆို ဒန်တီရဲ့လင်္ကာရှည်ကြီးတွေထဲကဇာတ်လမ်းကို ခင်ဗျားတို့ သိပြီး ဖြစ်တယ်။ အဲဒီလင်္ကာဟာ ကွယ်လွန်သွားတဲ့ သူ့ချစ်သူကိုတမ်းတတဲ့ အချစ်ဘွဲ့တမ်းချင်းကြီးတပုဒ် ဖြစ်တယ်။ ကောင်းကင်ဘုံကနေ သူ့ဝိညာဉ်ကို စောင့်ကြပ်ပေးဖော်ရတဲ့အတွက်  သူ့ချစ်သူ မိန်းကလေးကို ချီးကျူးဂုဏ်ပြုတဲ့ ဩဘာလင်္ကာစာကြီးဖြစ်တယ်။  ကောင်းကင်ဘုံမှာရောက်တဲ့ ချစ်သူဟာ သူ့ကို မချစ်သည့်တိုင် သနားကရုဏာအပြည့်နဲ့ သူ့ကို ငရဲက ကယ်တင်ခဲ့တယ်။ ပျက်စီးခြင်းက ကယ်တင်ခဲ့တယ်။ 

 

“တစ်ခါ ဂရိသူရဲကောင်းတစ်ဦးက သူ့ချစ်သူကို အထင်သေးမယ်လို့ ခင်ဗျားတို့ထင်သလား။ ဂရိ သူရဲကောင်းကြီးတစ်ဦးဟာ သူ့ချစ်သူကို ဒီလောက်အထင်ကြီးမှာ မဟုတ်ပါဘူးလို့ ခင်ဗျားတို့ ထင်ကောင်းထင်ကြလိမ့်မယ်။ စာဆိုများဟာလည်း လူရဲ့ အလှသစ္စာတရားကိုဖွဲ့ချင်ရင် မိန်းမတွေကို ကိုယ်စားပြုပြီးဖွဲ့ကြတာပါပဲ။  မိခင်ရဲ့နှလုံးသားနဲ့ မယားမြတ်ရဲ့နှလုံးသားရှိတဲ့ အန်ဒရိုမာချီ၊ မြင့်မြတ်သော်လည်း အငြင်းပယ်ခံရတဲ့ဉာဏ်အမြော်အမြင်ကိုပိုင်ဆိုင်သူ ကယ်ဆင်ဒရာ။ ပျော်ပျော်ပါးပါးနေတတ်ပြီး သနားတတ်တဲ့ မင်းသမီးလေး နော်ဆီကာ၊ မယားကောင်းတို့ရဲ့ တည်ကြည်မှုနဲ့ပြည့်စုံတဲ့ ပင်နီလော့၊ အမြဲတမ်းစိတ်ရှည်၊ ကြောက်ရွံ့ခြင်းကင်းပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့ ‘အင်တီဂုန်း’ပြဇာတ်ထဲက နှမငယ်နဲ့သမီး၊ သိုးကလေးတစ်ကောင်လိုအပြစ်ကင်းပြီး တိတ်ဆိတ်စွာနေတတ်တဲ့ အီဖီဂျင်နီယာ စတဲ့သူများဟာ အမျိုးသမီးတွေချည်းဖြစ်တယ်။

 

“အချိန်ရလို့ရှိရင် နောက်ထပ်သက်သေပြစရာ တစ်ပုံကြီးပါပဲ။  အင်္ဂလိပ်စာဆို “ချောစာ”ဟာ ‘အမျိုးသမီးဂုဏ်ရည်’ဆိုတဲ့ ကဗျာရှည်ကြီးကိုရေးခဲ့ပါတယ်။ အမျိုးသားဂုဏ်ရည်ကို မရေးခဲ့ပါဘူး။ စပင်စာရဲ့ကဗျာတွေထဲက သူရဲကောင်းများဟာ တစ်ခါတစ်ရံမှာ ရှုံးနိမ့်ကြ အလိမ်ခံကြရပေမယ့် သူ့လင်္ကာကြီးကဦးနာရဲ့ဝိညာဉ်ဟာ ဘယ်တော့မှ မှောင်မိုက်ခြင်းမရှိဘူး။ သူ့ဇာတ်ဆောင်ဟဲရိုးဝင်း တစ်ဦးဖြစ်တဲ့ ဗရစ်ကိုမတ်ရဲ့လှံသွားဟာ ဘယ်တော့မှမကျိုးခဲ့ဘူး။

 

“ဒါတင်မကသေးဘဲ ရှေးဟောင်းလူမျိုးတွေရဲ့ ဒဏ္ဍာရီတွေကိုပြန်ကြည့်လျှင်လည်း အလားတူ ဥပမာတွေ တစ်ပုံကြီးပဲ။  အဲ့ဒီတုန်းက ကမ္ဘာမှာ ဉာဏ်အမြော်အမြင်အရှိဆုံးဖြစ်တဲ့ ရှေးဟောင်း အီဂျစ်လူမျိုးဟာ ပညာဉာဏ်ကို နတ်သမီးအဖြစ်ကိုယ်စားပြု ပူဇော်ခဲ့ကြတယ်။ အဲဒီ ပညာဉာဏ် နတ်သမီးရဲ့သ‌င်္ကေတအဖြစ် လက်ထဲမှာ ရက်ကန်းယက်တဲ့လွန်းကို ကိုင်စွဲစေခဲ့တယ်။ ဂရိတွေဟာ သူတို့ရဲ့ပညာနတ်သမီးအဖြစ် အေသီနာကိုသတ်မှတ်ခဲ့ကြပြီး၊ ပညာနတ်သမီးရဲ့လက်ထဲမှာ သံလွင်ခက်နဲ့ဒိုင်းကို ကိုင်စွဲစေခဲ့ကြတယ်။ 

 

“ရှည်ဝေးလှတဲ့ အတိတ်ဥပမာတွေ ကျွန်တော် နောက်ထပ်မပေးတော့ဘူး။ ကမ္ဘာမှာရှိတဲ့ အဲဒီ ပညာရှိတွေ စာဆိုတွေရဲ့ အဆိုအမိန့်တွေကို ထိုက်သင့်တဲ့တန်ဖိုးထားကြဖို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ သူတို့အမြင်ဟာ ကျွန်တော်တို့ ဒီနေ့ခေတ်အမြင်နဲ့တော့ တော်တော်ခြားနား နေပါလိမ့်မယ်။ ကျွန်တော်တို့ခေတ်မှာတော့ မိန်းမဟာ ရှေ့ဆောင်လမ်းပြလုပ်ဖို့ မဟုတ်ဘူး။ သူ့အတွက်သူပင်လျှင် စဉ်းစားတွေးခေါ်နိုင်တဲ့သတ္တဝါမျိုးမဟုတ်ဘူးလို့ ထင်ကြတယ်။ ယောက်ျားဟာ မိန်းမထက်ဉာဏ်ရှိတယ်၊ ထက်မြက်တယ်၊ အုပ်စိုးသူဖြစ်တယ်၊ အားကြီးသူဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆနေကြတယ်။

 

“ဒီတော့ ဒီကိစ္စကို ကျွန်တော်တို့စဉ်းစားကြဖို့ မကောင်းပေဖူးလား။

“ကျွန်တော်တို့ကပဲ မှားနေသလား၊ အဲဒီပညာရှိကြီးတွေကပဲ မှားနေသလား။ ရှိတ်စပီးယားနဲ့ အိစစီးလတ်၊ ဒန်တီနဲ့ဟိုးမားတို့ဟာ အဝတ်အစားဆင်ပေးခဲ့ကြတာလား။ မဟုတ်ပါဘူး။ စာပေတွေထဲက ဥပမာတွေကို မယုံသေးလျှင် လူသားရဲ့အသည်းနှလုံးကပေးခဲ့တဲ့ တကယ့် အဖြစ်အပျက်တွေကိုပဲကြည့်ပါ။ ခရစ်ယာန်သာသနာထွန်းကားလာတဲ့နောက်ပိုင်းမှာ ယောက်ျားလေးကနေ ကိုယ့်ချစ်သူကို ကျေးကျွန်သဖွယ်ရိုကျိုးတဲ့ မြတ်နိုးတွယ်တာမှုမျိုးတွေ ပေါ်ပေါက်လာခဲ့တယ်။ ရိုကျိုးတယ်ဆိုတဲ့စကားတွေကို ကျွန်တော်သုံးခဲ့ရပါတယ်။ စိတ်ထဲမှာသာ မြတ်နိုးနေတာမျိုးမဟုတ်ဘဲ ကိုယ့်ချစ်တဲ့သူဆီက  အားပေးမှု၊ ချီးကျူးမှု၊ ကြိုးပမ်းမှုဆုလာဘ် တို့ကိုသာမက ကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့အခါမျိုးတွေမှာ သူ့ဆီက ညွှန်ကြားမှုကိုပါ တောင်းခံ ရယူခဲ့တဲ့ဓလေ့တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဓလေ့ထုံးစံ၊ ဒီစိတ်ဓာတ်ကို ကျွန်တော်တို့ဟာ ရှီဗာရီ အာဇာနည်စိတ်ဓာတ်လို့ခေါ်ပါတယ်။

 

“စစ်ပွဲမှာ, ရက်စက်ကြမ်းကြုတ်တာ၊ ငြိမ်းချမ်းတဲ့ကာလမှာ တရားမျှတခြင်းကင်းတာ၊ အိမ်တွင်း ဆက်ဆံရေးမှာ အကျင့်ပျက်ပြီးယုတ်ညံ့တာ စသည်တို့ဟာ အာဇာနည်စိတ်ထားကို ညှိုးနွမ်း အသရေပျက်စေတဲ့အရာလို့ ကျွန်တော်တို့ ယူဆခဲ့ကြတယ်မဟုတ်လား။ ဒါနဲ့ဆန့်ကျင်ဘက် သစ္စာတရားကို ကာကွယ်တာ၊ တရားဥပဒေကို ကာကွယ်တာ၊ ချစ်ခြင်းမေတ္တာကို ကာကွယ်တာ တွေဟာ အာဇာနည်စိတ်ထားရဲ့သန့်စင်မှုကိုပြတဲ့အရာတွေပဲ မဟုတ်လား။  သည်လို အာဇာနည် စိတ်ထားမျိုးဟာ ဘဝမှာ ဂုဏ်ယူထိုက်တဲ့စိတ်ထားမျိုးလို့ ကျွန်တော်တို့ ယူဆခဲ့ကြတယ်မဟုတ်လား။ ဒီအာဇာနည်စိတ်ထား စတင်ပေါ်ပေါက်လာတုန်းက နုနယ်တဲ့ ရဲလုလင်က သူ့ချစ်သူ ဂုဏ်သရေရှိ အမျိုးသမီးကောင်းသမီးရဲ့အလိုကို  လိုက်လျောရာကနေပေါ်ပေါက်လာတဲ့ ထုံးစံဓလေ့တစ်ခု မဟုတ်ပေဘူးလား။

(မူရင်းသတ်ပုံအတိုင်း။ မျိုးမြင့်ချို)

ကြာပန်း(၂)

0 comments

ကြာပန်း

(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ “ကြာပန်း” ဒုတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

“ပထမ ပို့ချချက်တုန်းက ကျွန်တော်တို့မှာ အခက်အခဲပြဿနာရယ်လို့ ပေါ်ပေါက်လာရင် ဉာဏ်အမြော်အမြင်အရှိဆုံး အကြီးမြတ်ဆုံးပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်နှီးနှောရမယ်လို့ ကျွန်တော် ပြောခဲ့တယ်။  ဒီလို တိုင်ပင်နှီးနှောဖို့အတွက် စာအုပ်တွေဆီသွားရမယ်လို့ ကျွန်တော်ပြောခဲ့တယ်။  ကျွန်တော်တို့ရဲ့စဉ်းစားဉာဏ် မမီတဲ့အခါမျိုး၊ အတွေးအခေါ် မမီတဲ့အခါမျိုးမှာ သူတို့ဆီကိုသွားပြီး အကူအညီတောင်းရမယ်လို့ ကျွန်တော်ပြောခဲ့တယ်။  အမြင်ကျယ်အောင် အတွေးအခေါ် ကြည်လင်အောင် ခေတ်အဆက်ဆက်ကရှိခဲ့တဲ့ခုံသမာဓိများရဲ့ရှေ့မှောက် ဝင်ရောက်တင်ပြရမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ 

 

“ကဲ...ဒီတော့ အမျိုးသမီးတွေရဲ့ပါရမီ၊ သူတို့ရဲ့တန်ခိုးအာဏာ၊ သူတို့ရဲ့ ကောင်းခြင်းအဖြာဖြာတို့နဲ့ ပတ်သက်လို့  ကျွန်တော့်ရဲ့ မရေရာ တစ်မိုက်တစ်ထွာလောက်နဲ့မစဉ်းစားတော့ပဲ  ခုံသမာဓိတွေထံ ခုပဲ တင်ပြကြည့်ကြပါစို့။ ဒီအချက်တွေနဲ့ပတ်သက်လို့ ခေတ်အဆက်ဆက်ကရခဲ့တဲ့ ဉာဏ်အမြော်အမြင် အရှိဆုံး၊  အကြီးမြတ်ဆုံး၊ စိတ်နှလုံးအစင်ကြယ်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေ ဘယ်လိုခံယူခဲ့ကြသလဲ ဆိုတာကို  ကြည့်ကြပါစို့။ မိန်းမတို့ရဲ့ ဣန္ဒြေဟာ ဘယ်လောက်အဖိုးတန်သလဲ၊ ယောက်ျားတွေကို ဘယ်လို အထောက်အကူပေးနိုင်သလဲဆိုတာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့အဆုံးအဖြတ်တွေ ဘယ်လိုရှိခဲ့သလဲဆိုတာ ကြည့်ကြပါစို့။

 

”ပထမဆုံး ရှိတ်စပီးယားရဲ့အဆုံးအဖြတ် သူ့ထင်မြင်ချက်ကို ကျွန်တော် အရင်တင်ပြချင်တယ်။ ရှိတ်စပီးယားရဲ့စာပေတွေနဲ့ပတ်သက်လို့ ကျွန်တော် ပထမဦးဆုံး ပြောချင်တာက သူ့ပြဇာတ်တွေထဲမှာ အဓိကဇာတ်ဆောင်(ဟီးရိုး)များဟာ ယောက်ျား လူစွမ်းကောင်းတွေမဟုတ်ဘဲ (ဟဲရိုးဝင်း) မိန်းမလူစွမ်းကောင်းတွေသာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဇာတ်ခုံမှာ တင်ပြလို့ကောင်းရုံ နည်းနည်းပါးပါးအသားပေးထားတဲ့”ပဉ္စမမြောက် ဟင်နရီဘုရင်” ပြဇာတ်ကလွဲလို့ရှိရင် ရှိတ်စပီးယားရဲ့ ပြဇာတ်တွေအားလုံးထဲမှာ ယောက်ျားလူစွမ်းကောင်း (ဟီးရိုး)ဆိုလို့ တစ်ယောက်မှကိုမပါပါဘူး။ “ဗီရိုနာမြို့က လူကြီးလူကောင်းနှစ်ယောက်” ပြဇာတ်ထဲက ဗယ်လင်တိုင်းဟာလည်း ထိုနည်းလည်းကောင်းပါပဲ။  ရှိတ်စပီးယား ကြိုးစားပန်းစားရေးထားတဲ့ ပြဇာတ်တွေထဲမှာဆိုရင် ဟီးရိုးရယ်လို့ တစ်ယောက်မှမတွေ့ရဘူး။”အော်သယ်လိုဟာ ရိုးလွန်း အလွန်းပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့မကောင်းမှုတွေကို တွန်းလှန်ခြင်းမပြုနိုင်တဲ့အတွက် သူ့ကိုလည်း ဟီးရိုးလို့ မခေါ်နိုငါ်ဘူး။ ဟီးရိုးနဲ့ တူသယောင်ယောင်ပဲရှိတယ်။ ကိုရီလင်းတန်စ်၊ ဆီဇာနဲ့ အန်တော်နီ တို့ဟာလည်း  အပြစ်အနာအဆာတွေနဲ့ရှိပြီး မောက်မာဝင့်ကြွားလွန်းနေတယ်။  ဟင်းမလက်ဟာ ပျင်းရိပြီး ဘာမှပြတ်ပြတ်သားသားမရှိဘူး။ ရိုမီယိုက စိတ်မရှည်နိုင်တဲ့လူငယ်တစ်ယောက် ဖြစ်နေတယ်။  ဗင်းနစ်မြို့က ကုန်သည်အန်တိုနီယိုဟာလည်း  မတရားတဲ့နည်းနဲ့ရတဲ့ စည်းစိမ်ချမ်းသာကို မက်မောနေတယ်။ “လီယာမင်းကြီး”ပြဇာတ်ထဲက ကင့်မြို့စားကတော့  စိတ်ထားတော့မြတ်ပါရဲ့ ဒါပေမဲ့ အရေးကြုံလာရင် ဘာမှသုံးစားလို့မရတဲ့လူရိုင်း ဖြစ်နေတယ်။ သူများခိုင်းတာကို လုပ်တတ်တာပဲရှိတယ်။ အော်လန်ဒိုဟာလည်း မြင့်မြတ်တဲ့စိတ်ထားရှိပေမယ့်  ကံစီမံရာကိုလိုက်နာနေတဲ့ အရုပ်တစ်ရုပ်ဖြစ်နေတယ်။ အရေးကြုံလာတာနဲ့ သူ့ကို ရိုဇလင်ကပဲ နှစ်သိမ့်အားပေးပြီး ကယ်ဆယ်ရတာပဲ။

 

“ဒါပေမဲ့ ရှိတ်စပီးယားရဲ့ပြဇာတ်တွေထဲမှာ လေးနက်ခိုင်မာတဲ့မျှော်လင့်ချက်၊ မှန်ကန်တဲ့ရည်ရွယ်ချက် ရှိပြီး ပြီးပြည့်စုံတဲ့အမျိုးသမီးဇာတ်ဆောင် (ဟဲရိုးဝင်း)မပါတဲ့ပြဇာတ်ဆိုလိုတော့ တစ်ပုဒ်မှရှာလို့ မတွေ့ရဘူး။ ကော်ဒဲလျ၊ ဒက်စဒီမိုးနား၊ အစ္စဗဲလား၊ ဟာမီယို၊ အင်မိုဂျင်၊ ကက်သရင်းဘုရင်မ၊ ပါဒီတာဆီလ်ဗီတာ၊ ဗွိုင်အိုလာ၊ ရိုဇလင်၊ ဟယ်လီနာနဲ့ နောက်ဆုံးအားဖြင့် ချစ်စရာအကောင်းဆုံး ဖြစ်တဲ့ ဗာဂျီလီယာတို့ဟာ လုံးဝအပြစ်ကင်းစင်သူများဖြစ်တယ်။ လူ့လောကကြီးရဲ့ အမြင့်မားဆုံးသော (ဟဲရိုးဝင်း) လူစွမ်းကောင်းအမျိုးအစားကို ကိုယ်စားပြုနေကြတယ်။

 

“ဒုတိယတစ်ချက်ကို စဉ်းစားကြည့်ကြဦးစို့။ ပြဇာတ်တိုင်းမှာ ဒုက္ခကြုံတွေ့ရတာ၊ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတာဟာ ယောက်ျားဇာတ်ဆောင်တို့ရဲ့အပြစ် သို့မဟုတ် မိုက်မဲမှုကြောင့်ချည်း ဖြစ်နေတာကို တွေ့ရတယ်။ တကယ်လို့ ဘေးဒုက္ခကလွတ်မြောက်သွားတယ်ဆိုလျှင်လည်း ဒါဟာ အမျိုးသမီးတစ်ယောက်ယောက်ရဲ့ အမြော်အမြင်ကြီးမှု၊ တည်ကြည်မြင့်မြတ်မှုတို့ကြောင့်သာလျှင် ဖြစ်တယ်။ အဲ့ဒီလို မိန်းမမြတ်တွေသာပေါ်မလာလျှင် ဘေးဒုက္ခကို မကျော်လွှားနိုင်တော့ဘူး။  လီယာဘုရင် ဘေးဒုက္ခတွေ့ရတာဟာ သူ့ရဲ့ အမြော်အမြင်ကင်းမှု၊ စိတ်မရှည်ဘဲ မောက်မာဝင့်ကြွားမှု၊ ကိုယ့်သားသမီးတစ်ယောက်ရဲ့ မြင့်မြတ်တည်ကြည်မှုကြောင့်ဖြစ်တယ်။  သူ့သမီးတစ်ယောက်ရဲ့ မြင့်မြတ်တည်ကြည်မှုကြောင့် ဒုက္ခကိုရှောင်ရှားနိုင်မှာဖြစ်ပေမယ့် အဲ့ဒီသမီးကို သူ ကြဉ်ခဲ့တယ်။ နောက်ဆုံးမှာတော့ အဲ့ဒီသမီးကပဲ ကယ်ခဲ့ရတာပါပဲ။ 

 

“အော်သဲလိုအကြောင်းကိုတော့ ဇာတ်လမ်းတောင် ပြန်ပြောဖို့မလိုတော့ပါဘူး။ အင်မတန် အချစ်ကြီးလွန်းတဲ့အတွက် တွေ့ရတဲ့ ချွတ်ယွင်းအားနည်းချက်၊ ဒုတိယ အမျိုးသမီးဇာတ်ဆောင်တစ်ဦး ဖြစ်တဲ့ အယ်မလီယာရဲ့  ဉာဏ်အမြော်အမြင်ကိုတောင်မမီတဲ့ သူ့ရဲ့အမြော်အမြင်ကင်းမဲ့မှုတွေကို ကျွန်တော် အထူးပြောစရာတောင် လိုမယ်မထင်တော့ပါဘူး။ အယ်မလီယာဟာ သူ သေခါနီးတော့ “သူသတ်ယောက်ျား၊ လူ့ငနွား၌၊ ထိုမယားမြတ်မျိုး၊ မရှိသင့်နိုးတည်”လို့ အော်သယ်လိုရဲ့အမှားကို ပြင်းထန်စွာ အပြစ်ဆိုသွားခဲ့တယ်။

 

“ရိုမီယိုနဲ့ဂျူးလိယက်”ပြဇာတ်မှာ ဇနီးဖြစ်သူရဲ့ ရဲရင့်ပြီးအမြော်အမြင်ရှိတဲ့အကြံအစည်ဟာ လင်ဖြစ်သူရိုမီယိုရဲ့ ပရမ်းပတာနိုင်လှတဲ့ စိတ်မရှည်မှုကြောင့် ပျက်စီးခြင်းကိုရောက်ခဲ့ရတယ်။ “ဂိမန္တပုံပြင်”နဲ့ “စင်ဘယ်လိုင်း”ပြဇာတ်တွေထဲမှာ အထက်တန်းကျတဲ့ အိမ်ထောင်စုနှစ်ခုရဲ့ ပျော်ရွှင်ချမ်းမြေ့မှုနဲ့တည်မြဲမှုဟာ လင်ယောက်ျားတွေရဲ့ မိုက်မဲမှုနဲ့ခေါင်းမာမှုကြောင့် ပျက်စီးပြီး သေဘေးနဲ့ကြုံခဲ့တယ်။

 

“မက်ရှားဖော်မက်ရှား”ပြဇာတ်မှာ တရားသူကြီးတွေရဲ့ အဂတိလိုက်စားမှုနဲ့ အစ်ကိုလုပ်သူ အကျင့်ပျက်မှု သူရဲဘောကြောင်မှုတို့ဟာ မိန်းမတစ်ယောက်ရဲ့ အောင်မြင်တဲ့၊ သစ္စာတရားနဲ့စွဲမြဲတဲ့ ဖြူစင်သန့်ရှင်းမှုတို့ကို အရှုံးပေးသွားကြရတယ်။ “ကိုရီလိုလင်းနတ်စ်”ပြဇာတ်မှာ အချိန်မီ ရောက်လာတဲ့ အမေ့ရဲ့အကြံဉာဏ်ကြောင့် သားဟာ ဘေးဆိုးဒုက္ခတွေကလွတ်မြောက်ခဲ့ရတယ်။ အမေ့စကားကို မေ့သွားတာနဲ့တစ်ပြိုင်နက် ဘေးဆိုးတွေ့တော့တာပဲ။ ဒါတောင် နောက်ဆုံးမှာ အမေ့ရဲ့ဆုတောင်းကြောင့်  အသက်ပြန်ရှင်လာသော်လည်း တိုင်းပြည်ကိုဖျက်ဆီးသူအဖြစ် ကျိန်ဆဲခံရတဲ့အဖြစ်က လွတ်မြောက်ခဲ့တယ်။

 

“ဒါတောင်မကသေးဘူး ကောက်ကျစ်ပြီး အပြောင်းအလဲမြန်တဲ့ချစ်သူအပေါ်မှာ အစဉ်အမြဲမှန်ကန်တဲ့ ဂျူလီယာအကြောင်းကိုပဲ ပြောရဦးမလား။ ပရမ်းပတာနိုင်ပြီး သူ့ကို သရော်မော်ကားလုပ်ခဲ့တဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ သစ္စာရှိခဲ့တဲ့ ဟယ်လီနာအကြောင်းပဲပြောရမလား။ စိတ်ရှည်တဲ့ ဟဲရိုးဝင်းအကြောင်းကိုပဲ ပြောရဦးမလား။ ဘီးယားထရစ်ရဲ့ အချစ်ကြီးပုံကိုပဲ ပြောရဦးမလား။ ဒါမှမဟုတ်ရင် ယောက်ျားတို့ရဲ့အမြင်ကျဉ်းမှု အမျက်ကြီးမှု ၊ ခိုကိုးရာမဲ့တွေကြားမှာ တမန်တော် နတ်သမီးတစ်ပါးလိုပေါ်လာပြီး ရာဇဝတ်မှုတွေကို သူ့အပြုံးနဲ့ အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့တဲ့ စာမတတ်ပေမတတ်မိန်းကလေးတစ်ဦးရဲ့ ဉာဏ်အမြော်အမြင်အကြောင်းကို ‌ပြောရဦးမလား။

 

“သေသေချာချာ စဉ်းစားကြည့်ရင် ရှိတ်စပီးယားရဲ့ပြဇာတ်တွေထဲမှာ အားနည်းတဲ့အမျိုးသမီးဆိုလို့ အော်ဖီလီယာတစ်ယောက်ကိုပဲ တွေ့ရတယ်။ ဒီလိုဖြစ်ရတာဟာလည်း အရေးကြုံတုန်းမှာ ဟင်းမလက်ကို မကယ်နိုင်ခဲ့လို့ပဲလို့ပြောရတော့မှာပဲ။ သူကိုယ်တိုင် စိတ်မနှံ့ဖြစ်နေလေတော့ အလိုအပ်ဆုံးအချိန်မှာ ဟင်းမလက်ကို မကယ်နိုင်တော့တဲ့အတွက် ဟင်းမလက်ဟာ ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရတယ်။  နောက်ဆုံးအားဖြင့်ပြောရရင် ရှိတ်စပီးယားရဲ့ပြဇာတ်တွေထဲမှာ အဓိကကျတဲ့ ဇာတ်ဆောင်ထဲကမိန်းမဆိုလို့ လေဒီမက်ဂဘက်ရယ်၊ ရေဂင်ရယ်၊ ဂွန်နာရီရယ် သုံးယောက်ပဲရှိတယ်။  ဒါတောင်မှ သူတို့သုံးယောက်ကို လူ့လောကနိယာမရဲ့ ခြွင်းချက်တွေအဖြစ်ထားရတော့မှာပဲ။ ဒါတောင်မှ သူတို့ဟာ အဆိုးကိုစွမ်းဆောင်သလို အကောင်းဘက်ကိုဦးတည်ပေးရင် လူ့လောကရဲ့ အကျိုးကို သယ်ပိုးနိုင်လောက်အောင် ခွန်အားကောင်းတဲ့မိန်းမတွေဖြစ်တယ်။

 

“ဒါတွေကတော့ လူ့လောကမှာ မိန်းမတို့ရဲ့အနေအထားနဲ့ပတ်သက်လို့ ဖော်ပြထားတဲ့ ရှိတ်စပီးယားရဲ့ သက်သေခံချက်တွေပါပဲ။ ရှိတ်စပီးယားဟာ အဲ့ဒီမိန်းမတွေကို သစ္စာရှိပြီး အမြော်အမြင်ရှိတဲ့ အကြံကောင်းပေးသူများ၊ သန့်ရှင်းဖြူစင်တဲ့ ဥဒဟာရုဏ်မများ၊ စိတ်ဓာတ်ကြံ့ခိုင်သူများအဖြစ် ဖော်ပြထားပါတယ်။

ကြာပန်း

0 comments

ကြာပန်း

(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ “ကြာပန်း”စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

ခုတစ်ပတ်ပို့ချတဲ့ ပို့ချချက်ဟာလည်း ပထမပို့ချချက်ရဲ့နောက်ဆက်တွဲဖြစ်တဲ့အတွက် ဒီပို့ချချက်နှစ်ခုစလုံးမှာ ကျွန်တော်ပြောချင်တဲ့ ယေဘုယျရည်ရွယ်ချက်ကို အတိုချုပ် ကျွန်တော် ထပ်ပြောပါဦးမယ်။ ပထမပို့ချချက်တုန်းက ဘာစာတွေကို ဘယ်လိုဖတ်မလဲဆိုတဲ့ပြဿနာကို ကျွန်တော်တင်ပြခဲ့ပါတယ်။ အဲ့ဒီပြဿနာဟာ ဘာကြောင့်စာဖတ်သလဲဆိုတဲ့ ခု ကျွန်တော်တင်ပြမယ့် ပိုမိုလေးနက်တဲ့ပြဿနာထဲက ပေါ်ထွက်လာတဲ့ပြဿနာများဖြစ်ပါတယ်။ ခု ကျွန်တော်တင်ပြမယ့် ပြဿနာကတော့ ‘ဘာကြောင့် စာဖတ်ကြသလဲ’ဆိုတဲ့ပြဿနာဖြစ်ပါတယ်။

 

“ဒီနေ့ခေတ်မှာ ပညာသင်ကြားမှုနဲ့စာပေတွေ ထွန်းကားပြန့်ပွားလာကြတဲ့အတွက် အရင်တုန်းက မရခဲ့တဲ့အခွင့်အရေးတွေကို ရခဲ့ကြတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေကို မှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် ပညာသင်ကြားခြင်း(ပညာရေး)ရဲ့ရည်ရွယ်ချက်ဟာ ဘာတွေလဲ။ စာပေရဲ့အကျိုးကျေးဇူးဟာဘာလဲဆိုတာတွေကို သိဖို့လိုပါတယ်။  ဒီလိုသိမှသာလျှင် စောစောက ပြောခဲ့တဲ့အတိုင်း ပညာသင်ကြားခြင်းနဲ့ စာပေပြန့်ပွားခြင်းက ပေါ်ထွက်လာတဲ့အခွင့်အရေးများကို ကျွန်တော်တို့ မှန်ကန်စွာအသုံးချနိုင်မှာဖြစ်ပါတယ်။ မှန်ကန်တဲ့ဦးတည်ချက်ရှိတဲ့ စိတ်ဓာတ်ရေးရာ လေ့ကျင့်မှုရှိပြီး စာကောင်းပေမွန်ကို ကောင်းစွာရွေးချယ်တတ်မှုဟာ မှားယွင်းတဲ့ စိတ်ဓာတ်လေ့ကျင့်မှုရရှိခဲ့သူနဲ့စာမတတ်သူတို့အပေါ်မှာ တန်ခိုးဩဇာသက်ရောက်နိုင်ပါတယ်။ 

 

“သူ့ခေတ်အတိုင်းအတာကိုလိုက်ပြီး အဲ့ဒီလူဟာ အခြားလူတွေအပေါ်မှာ ဘုရင်ဧကရာဇ်တို့ရဲ့ ဘုန်းတန်ခိုးမျိုး ရရှိနိုင်ပါတယ်။ ပညာရေး‌ကြောင့်ရတဲ့ ဒီလိုဘုန်းတန်ခိုးမျိုးရရှိသူသာလျှင် လောကမှာ တကယ်စစ်မှန်သော ဘုရင်ဧကရာဇ်မည်ပါတယ်။ အခြားသော ဘုရင်ဧကရာဇ်များဟာ (အဆောင် အယောင်တွေ၊ ရုပ်ဝတ္ထုဆိုင်ရာတန်ခိုးအာဏာတွေကို ပိုင်ဆိုင်သည့်တိုင်) အရိပ်အယောင်မျှသာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အနိုင့်အထက်ပြုရာရောက်ပါတယ်။ သူတို့မှာ မင်းနဲ့တူတာဆိုလို့ ခေါင်းပေါ်မှာဆောင်းတဲ့သရဖူကလွဲပြီး  တခြားဘာမျှမရှိတဲ့အတွက် အရိပ်အယောင်မျှသာ ဖြစ်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ မင်းကောင်းတို့မှာရှိအပ်တဲ့ မေတ္တာတရားနဲ့ တရားမျှတမှုအစား မိမိတို့စိတ်အလိုဆန္ဒအတိုင်း ထင်ရာစိုင်းတတ်ကြတဲ့အတွက် အနိုင့်အထက်ပြုရာရောက်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။

 

 

“ဒါ့ကြောင့်မို့ ကျွန်တော့်ပို့ချချက်ကို အဲ့ဒီဧကရာဇ်တို့အကြောင်းနဲ့ စခဲ့ခြင်းဖြစ်ပါတယ်။ ခုလည်း ကျွန်တော် ဧကရာဇ်တို့အကြောင်းနဲ့ပဲ အဆုံးသတ်မှာဖြစ်ပါတယ်။  ကျွန်တော်ပြောတဲ့ ဘုရင်ဧကရာဇ်မျိုးဟာ သရဖူဆောင်းတဲ့ဘုရင်ဧကရာဇ် ဖြစ်ချင်လည်းဖြစ်မယ်။ သရဖူမဆောင်းတဲ့ ဘုရင်ဧကရာဇ် ဖြစ်ချင်လည်းဖြစ်မယ်။  ကျွန်တော်ပြောခဲ့တဲ့ ဧကရာဇ်မျိုးဟာ အခြားသူများထက် ပိုမိုကြံ့ခိုင်တဲ့စိတ်အခြေအနေရှိရမယ်။ ပိုမိုမှန်ကန်တဲ့အတွေးအခေါ် အခြေအနေရှိရမယ်။

 

 

“ဒီတော့ စာပေနဲ့ပညာရေးဟာ ကျွန်တော်ပြောခဲ့တဲ့ တည်ငြိမ်မြင့်မြတ်တဲ့(ဒီလို တည်ကြည်မြင့်မြတ်တဲ့ အတွက်) ဧကရာဇ်တို့ရဲ့ တန်ခိုးအာဏာနဲ့ အလားသဏ္ဌန်တူတယ်။  အဲ့ဒီလို ပညာရေးနဲ့စာပေက ပေါ်ထွက်လာတဲ့ တန်ခိုးအာဏာအစိတ်အပိုင်းတွေကို အမျိုးသမီးတွေ ပိုင်ဆိုင်သင့်သလားဆိုတာကို ကျွန်တော်ဆွေးနွေးချင်ပါတယ်။  တစ်နည်းပြောရရင် စာပေနဲ့ပညာရေးရဲ့ ဘယ်အစိတ်အပိုင်းဟာ မဟေသီတို့ရဲ့ တန်ခိုးအာဏာတွေ ဖြစ်သင့်သလဲဆိုတာကို ကျွန်တော်ဆွေးနွေးချင်ပါတယ်။  အိမ်တွင်းမှုကိစ္စတွေမှာသာမက အမျိုးသမီးလောကကြီးတစ်ခုလုံးမှာ မဟေသီတို့ရဲ့တန်ခိုးအာဏာဟာ ဘယ်လောက်အတိုင်းအတာရှိသလဲဆိုတာကို ကျွန်တော်ဆွေးနွေးချင်ပါတယ်။

 

“မိန်းမတို့ရဲ့ သာမန်တန်ခိုးဩဇာဟာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ကျွန်တော်တို့မသိဘဲနဲ့ မဟေသီတို့ရဲ့တန်ခိုးအာဏာအတိုင်းအတာကို ကျွန်တော်တို့ ဆုံးဖြတ်လို့မရနိုင်ဘူး။ မိန်းမတို့ရဲ့ ထာဝရတာဝန်ဟာ ဘာလဲဆိုတာကို ကျွန်တော်တို့မသိဘဲနဲ့ မိန်းမတွေအတွက် ဘယ်လို ပညာရေးမျိုးဟာ ကောင်းတယ်မကောင်းဘူးလို့ ကျွန်တော်တို့ဆုံးဖြတ်လို့ မရနိုင်ဘူး။ မိန်းမတို့ရဲ့ သဘာဝနဲ့ ယောက်ျားတို့ရဲ့သဘာဝ ဘယ်လိုဆက်သွယ်နေကြသလဲ၊ မိန်းမအသီးသီးတို့ရဲ့ ဉာဏ်အစွမ်းအစနဲ့ ပါရမီအစွမ်းအစချင်း ဘယ်လိုကွာခြားကြသလဲဆိုတဲ့ကိစ္စကို  တိုင်းထွာ အကဲဖြတ်ကြရာမှာ ခုထက်ထိ ကျွန်တော်တို့အချင်းချင်း တူညီမှုမရကြသေးဘူး။ မိန်းမတွေရဲ့တာဝန်နဲ့ မိန်းမတို့ရဲ့အခွင့်အရေးနဲ့ပတ်သက်လို့ ပြောဆိုသံကို ကျွန်တော်တို့ မကြာခဏကြားရတတ်တယ်။

 

“တကယ်တော့ မိန်းမတို့ရဲ့တာဝန်နဲ့အခွင့်အရေးဆိုတဲ့အရာတွေဟာ ယောက်ျားတို့ရဲ့တာဝန်နဲ့ အခွင့်အရေးဆိုတာတွေနဲ့ ခွဲခြားလို့များရလို့လား။ မိန်းမတွေနဲ့ သူ့အိမ်ဦးနတ်သခင်တို့ဟာ သီးခြားကင်းလွတ်နေကြတဲ့ သတ္တဝါအမျိုးအစားတွေလား။ တစ်ဦးနဲ့တစ်ဦး မျိုးမတူဇာတ်ခြားနေတဲ့ သတ္တဝါအမျိုးအစားတွေလား။ မဟုတ်ပါဘူး။  အဲ့ဒီလိုယူဆတဲ့အယူအဆဟာ အလွန်မှားတယ်။ ဒါတင်မကဘူး။ မိန်းမဆိုတာ ယောက်ျားရဲ့အရိပ်သာဖြစ်တယ်  အိမ်ဦးနတ်နောက်ကပါလာတဲ့ ကိုယ်ပွားရုပ်တစ်ခုသာဖြစ်တယ်။ ယောက်ျားရဲ့ဩဇာကို ကျေးကျွန်သဖွယ် အစဉ်းစားမရှိ လက်ခံရမယ့်  ယောက်ျားရဲ့အရိပ်ဩဝါသအောက်မှာခိုလှုံနေရတဲ့ အားနွဲ့တဲ့သူသာဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ပိုလို့တောင်မှားယွင်းရုံမက မိုက်မဲရာကျပါတယ်။ 

 

“မိန်းမဟာ ယောက်ျားရဲ့ အစေအပါးအဖြစ် ပေါ်ပေါက်လာရခြင်းဖြစ်တယ်ဆိုတဲ့အယူအဆကတော့ အများတကာတို့အနက်မှာ အမိုက်မဲဆုံးအမှားပဲလို့ ကျွန်တော်ထင်ပါတယ်။ စဉ်းစားကြည့်ကြပါ။ အရိပ်တစ်ခုသာ ကျေးကျွန်တစ်ယောက်ဖြစ်ရင် ဘယ့်နှယ်လုပ်ပြီး ကူဖော်လောင်ဖက်တစ်ယောက် ဖြစ်လာမှာလဲ။

(မူရင်းသတ်ပုံအတိုင်း။ ကျနော် ဆက်ပြီး စာရိုက်တင်ပေးပါ့မယ်။ မျိုးမြင့်ချို)