ကြာပန်း
(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ “ကြာပန်း”စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)
ခုတစ်ပတ်ပို့ချတဲ့ ပို့ချချက်ဟာလည်း ပထမပို့ချချက်ရဲ့နောက်ဆက်တွဲဖြစ်တဲ့အတွက် ဒီပို့ချချက်နှစ်ခုစလုံးမှာ ကျွန်တော်ပြောချင်တဲ့ ယေဘုယျရည်ရွယ်ချက်ကို အတိုချုပ် ကျွန်တော် ထပ်ပြောပါဦးမယ်။ ပထမပို့ချချက်တုန်းက ဘာစာတွေကို ဘယ်လိုဖတ်မလဲဆိုတဲ့ပြဿနာကို ကျွန်တော်တင်ပြခဲ့ပါတယ်။ အဲ့ဒီပြဿနာဟာ ဘာကြောင့်စာဖတ်သလဲဆိုတဲ့ ခု ကျွန်တော်တင်ပြမယ့် ပိုမိုလေးနက်တဲ့ပြဿနာထဲက ပေါ်ထွက်လာတဲ့ပြဿနာများဖြစ်ပါတယ်။ ခု ကျွန်တော်တင်ပြမယ့် ပြဿနာကတော့ ‘ဘာကြောင့် စာဖတ်ကြသလဲ’ဆိုတဲ့ပြဿနာဖြစ်ပါတယ်။
“ဒီနေ့ခေတ်မှာ ပညာသင်ကြားမှုနဲ့စာပေတွေ ထွန်းကားပြန့်ပွားလာကြတဲ့အတွက် အရင်တုန်းက မရခဲ့တဲ့အခွင့်အရေးတွေကို ရခဲ့ကြတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေကို မှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် ပညာသင်ကြားခြင်း(ပညာရေး)ရဲ့ရည်ရွယ်ချက်ဟာ ဘာတွေလဲ။ စာပေရဲ့အကျိုးကျေးဇူးဟာဘာလဲဆိုတာတွေကို သိဖို့လိုပါတယ်။ ဒီလိုသိမှသာလျှင် စောစောက ပြောခဲ့တဲ့အတိုင်း ပညာသင်ကြားခြင်းနဲ့ စာပေပြန့်ပွားခြင်းက ပေါ်ထွက်လာတဲ့အခွင့်အရေးများကို ကျွန်တော်တို့ မှန်ကန်စွာအသုံးချနိုင်မှာဖြစ်ပါတယ်။ မှန်ကန်တဲ့ဦးတည်ချက်ရှိတဲ့ စိတ်ဓာတ်ရေးရာ လေ့ကျင့်မှုရှိပြီး စာကောင်းပေမွန်ကို ကောင်းစွာရွေးချယ်တတ်မှုဟာ မှားယွင်းတဲ့ စိတ်ဓာတ်လေ့ကျင့်မှုရရှိခဲ့သူနဲ့စာမတတ်သူတို့အပေါ်မှာ တန်ခိုးဩဇာသက်ရောက်နိုင်ပါတယ်။
“သူ့ခေတ်အတိုင်းအတာကိုလိုက်ပြီး အဲ့ဒီလူဟာ အခြားလူတွေအပေါ်မှာ ဘုရင်ဧကရာဇ်တို့ရဲ့ ဘုန်းတန်ခိုးမျိုး ရရှိနိုင်ပါတယ်။ ပညာရေးကြောင့်ရတဲ့ ဒီလိုဘုန်းတန်ခိုးမျိုးရရှိသူသာလျှင် လောကမှာ တကယ်စစ်မှန်သော ဘုရင်ဧကရာဇ်မည်ပါတယ်။ အခြားသော ဘုရင်ဧကရာဇ်များဟာ (အဆောင် အယောင်တွေ၊ ရုပ်ဝတ္ထုဆိုင်ရာတန်ခိုးအာဏာတွေကို ပိုင်ဆိုင်သည့်တိုင်) အရိပ်အယောင်မျှသာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အနိုင့်အထက်ပြုရာရောက်ပါတယ်။ သူတို့မှာ မင်းနဲ့တူတာဆိုလို့ ခေါင်းပေါ်မှာဆောင်းတဲ့သရဖူကလွဲပြီး တခြားဘာမျှမရှိတဲ့အတွက် အရိပ်အယောင်မျှသာ ဖြစ်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ မင်းကောင်းတို့မှာရှိအပ်တဲ့ မေတ္တာတရားနဲ့ တရားမျှတမှုအစား မိမိတို့စိတ်အလိုဆန္ဒအတိုင်း ထင်ရာစိုင်းတတ်ကြတဲ့အတွက် အနိုင့်အထက်ပြုရာရောက်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။
“ဒါ့ကြောင့်မို့ ကျွန်တော့်ပို့ချချက်ကို အဲ့ဒီဧကရာဇ်တို့အကြောင်းနဲ့ စခဲ့ခြင်းဖြစ်ပါတယ်။ ခုလည်း ကျွန်တော် ဧကရာဇ်တို့အကြောင်းနဲ့ပဲ အဆုံးသတ်မှာဖြစ်ပါတယ်။ ကျွန်တော်ပြောတဲ့ ဘုရင်ဧကရာဇ်မျိုးဟာ သရဖူဆောင်းတဲ့ဘုရင်ဧကရာဇ် ဖြစ်ချင်လည်းဖြစ်မယ်။ သရဖူမဆောင်းတဲ့ ဘုရင်ဧကရာဇ် ဖြစ်ချင်လည်းဖြစ်မယ်။ ကျွန်တော်ပြောခဲ့တဲ့ ဧကရာဇ်မျိုးဟာ အခြားသူများထက် ပိုမိုကြံ့ခိုင်တဲ့စိတ်အခြေအနေရှိရမယ်။ ပိုမိုမှန်ကန်တဲ့အတွေးအခေါ် အခြေအနေရှိရမယ်။
“ဒီတော့ စာပေနဲ့ပညာရေးဟာ ကျွန်တော်ပြောခဲ့တဲ့ တည်ငြိမ်မြင့်မြတ်တဲ့(ဒီလို တည်ကြည်မြင့်မြတ်တဲ့ အတွက်) ဧကရာဇ်တို့ရဲ့ တန်ခိုးအာဏာနဲ့ အလားသဏ္ဌန်တူတယ်။ အဲ့ဒီလို ပညာရေးနဲ့စာပေက ပေါ်ထွက်လာတဲ့ တန်ခိုးအာဏာအစိတ်အပိုင်းတွေကို အမျိုးသမီးတွေ ပိုင်ဆိုင်သင့်သလားဆိုတာကို ကျွန်တော်ဆွေးနွေးချင်ပါတယ်။ တစ်နည်းပြောရရင် စာပေနဲ့ပညာရေးရဲ့ ဘယ်အစိတ်အပိုင်းဟာ မဟေသီတို့ရဲ့ တန်ခိုးအာဏာတွေ ဖြစ်သင့်သလဲဆိုတာကို ကျွန်တော်ဆွေးနွေးချင်ပါတယ်။ အိမ်တွင်းမှုကိစ္စတွေမှာသာမက အမျိုးသမီးလောကကြီးတစ်ခုလုံးမှာ မဟေသီတို့ရဲ့တန်ခိုးအာဏာဟာ ဘယ်လောက်အတိုင်းအတာရှိသလဲဆိုတာကို ကျွန်တော်ဆွေးနွေးချင်ပါတယ်။
“မိန်းမတို့ရဲ့ သာမန်တန်ခိုးဩဇာဟာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ကျွန်တော်တို့မသိဘဲနဲ့ မဟေသီတို့ရဲ့တန်ခိုးအာဏာအတိုင်းအတာကို ကျွန်တော်တို့ ဆုံးဖြတ်လို့မရနိုင်ဘူး။ မိန်းမတို့ရဲ့ ထာဝရတာဝန်ဟာ ဘာလဲဆိုတာကို ကျွန်တော်တို့မသိဘဲနဲ့ မိန်းမတွေအတွက် ဘယ်လို ပညာရေးမျိုးဟာ ကောင်းတယ်မကောင်းဘူးလို့ ကျွန်တော်တို့ဆုံးဖြတ်လို့ မရနိုင်ဘူး။ မိန်းမတို့ရဲ့ သဘာဝနဲ့ ယောက်ျားတို့ရဲ့သဘာဝ ဘယ်လိုဆက်သွယ်နေကြသလဲ၊ မိန်းမအသီးသီးတို့ရဲ့ ဉာဏ်အစွမ်းအစနဲ့ ပါရမီအစွမ်းအစချင်း ဘယ်လိုကွာခြားကြသလဲဆိုတဲ့ကိစ္စကို တိုင်းထွာ အကဲဖြတ်ကြရာမှာ ခုထက်ထိ ကျွန်တော်တို့အချင်းချင်း တူညီမှုမရကြသေးဘူး။ မိန်းမတွေရဲ့တာဝန်နဲ့ မိန်းမတို့ရဲ့အခွင့်အရေးနဲ့ပတ်သက်လို့ ပြောဆိုသံကို ကျွန်တော်တို့ မကြာခဏကြားရတတ်တယ်။
“တကယ်တော့ မိန်းမတို့ရဲ့တာဝန်နဲ့အခွင့်အရေးဆိုတဲ့အရာတွေဟာ ယောက်ျားတို့ရဲ့တာဝန်နဲ့ အခွင့်အရေးဆိုတာတွေနဲ့ ခွဲခြားလို့များရလို့လား။ မိန်းမတွေနဲ့ သူ့အိမ်ဦးနတ်သခင်တို့ဟာ သီးခြားကင်းလွတ်နေကြတဲ့ သတ္တဝါအမျိုးအစားတွေလား။ တစ်ဦးနဲ့တစ်ဦး မျိုးမတူဇာတ်ခြားနေတဲ့ သတ္တဝါအမျိုးအစားတွေလား။ မဟုတ်ပါဘူး။ အဲ့ဒီလိုယူဆတဲ့အယူအဆဟာ အလွန်မှားတယ်။ ဒါတင်မကဘူး။ မိန်းမဆိုတာ ယောက်ျားရဲ့အရိပ်သာဖြစ်တယ် အိမ်ဦးနတ်နောက်ကပါလာတဲ့ ကိုယ်ပွားရုပ်တစ်ခုသာဖြစ်တယ်။ ယောက်ျားရဲ့ဩဇာကို ကျေးကျွန်သဖွယ် အစဉ်းစားမရှိ လက်ခံရမယ့် ယောက်ျားရဲ့အရိပ်ဩဝါသအောက်မှာခိုလှုံနေရတဲ့ အားနွဲ့တဲ့သူသာဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ပိုလို့တောင်မှားယွင်းရုံမက မိုက်မဲရာကျပါတယ်။
“မိန်းမဟာ ယောက်ျားရဲ့ အစေအပါးအဖြစ် ပေါ်ပေါက်လာရခြင်းဖြစ်တယ်ဆိုတဲ့အယူအဆကတော့ အများတကာတို့အနက်မှာ အမိုက်မဲဆုံးအမှားပဲလို့ ကျွန်တော်ထင်ပါတယ်။ စဉ်းစားကြည့်ကြပါ။ အရိပ်တစ်ခုသာ ကျေးကျွန်တစ်ယောက်ဖြစ်ရင် ဘယ့်နှယ်လုပ်ပြီး ကူဖော်လောင်ဖက်တစ်ယောက် ဖြစ်လာမှာလဲ။
(မူရင်းသတ်ပုံအတိုင်း။ ကျနော် ဆက်ပြီး စာရိုက်တင်ပေးပါ့မယ်။ မျိုးမြင့်ချို)
0 comments:
Post a Comment