ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း “မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ “တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းထဲက “တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”အပိုင်းကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်။
စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုက အရင်းရှင်လူ့အဖွဲ့အစည်းကြီးအတွင်းမှာ တန်ဖိုးထားချက်တွေနဲ့ပတ်သက်တဲ့ အတိုက်အခံဖြစ်မှုတွေကိုဖြစ်ပေါ်စေရုံမက လူမှုအဆောက်အအုံဘက်မှာလည်း အရင်းအနှီးပိုင်းကိုအားကောင်းစေပြီး အလုပ်(အလုပ်သမားပိုင်းကို)အားနည်းစေတဲ့အခြင်းအရာကိုလည်း ဖြစ်ပေါ်စေတယ်လို့ တနေ့တခြားထင်ရှားလာပါတယ်။ ကျနော်တို့သိကြတာကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရင်းရှင်လူ့အဖွဲ့အစည်းအတွင်းမှာပေါ်ထွက်လာခဲ့တဲ့ လူမှုဖူလုံရေးနိုင်ငံတော်စနစ်ဆိုတာဟာ အနှစ်သာရအရ ပြောရရင် အရင်းအနှီးပိုင်းနဲ့အလုပ်(အလုပ်သမားအပိုင်း)တို့ဆက်ဆံရေးကို ထိန်းညှိပေးတဲ့စနစ်ဖြစ်တယ်။ ဒီစနစ်ဟာ အရင်းအနှီးအင်အားတွေအလွန်အကျွံဖောင်းပွ မကြီးထွားသွားအောင် တစုံတရာအတိုင်းအတာအရ ကန့်သတ်ပေးပြီး အလုပ်(အလုပ်သမားပိုင်း)အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘဝလုံခြုံရေးအာမခံချက်ကိုပေးပါတယ်။ ဒါပေမဲ့ စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုဟာ နက်ရှိုင်းလာတာနဲ့အမျှ အရင်းအနှီးရဲ့ နိုင်ငံဘောင်ကျော် ရွှေပြောင်းစီးဆင်းနိုင်မှုစွမ်းရည်ဟာလည်း ကြာလေအားကောင်းလေဖြစ်လာပြီး နိုင်ငံတော်စနစ်က မူလ ထောက်မပေးထားတဲ့ဒေါက်တိုင်တွေကို ဖယ်ရှားပစ်လာနိုင်ရုံမက နိုင်ငံတော်အစိုးရနဲ့ဆွေးနွေးတဲ့ ဆက်ဆံရေးအတွင်းမှာလည်း ပိုမိုကြီးမားတဲ့ဈေးဆစ်နိုင်အားတွေ ပိုင်ဆိုင်လာပါတယ်။
ဘာကြောင့်လဲဆိုတော့ ယှဉ်ပြိုင်မှုတွေ တနေ့တခြားသည်းသန်လာနေတဲ့ကမ္ဘာကြီးမှာ အရင်းအနှီးစီးဆင်းဝင်ရောက်သွားတဲ့နေရာမှန်သမျှဟာ စီးပွားရေးတိုးတက်လာပြီး အလုပ်အကိုင်တွေလည်း ပေါများလာတတ်လို့ ဒီလိုအခြေအနေမျိုးကို အစိုးရတိုင်းက ရရှိနေချင်ကြလို့ဖြစ်တယ်။
အရင်းအနှီးပိုင်းဟာ အကြပ်ကိုင်နိုင်အားတွေမြင့်တက်လာတာကြောင့် အရင်းအနှီးဝင်ရောက်မြုပ်နှံနိုင်ရေးအတွက်ဆိုရင် အစိုးရတွေဟာ အခွန်နှုန်းတွေ လျှော့ပေးဖို့၊ ထိန်းချုပ်ခန့်ခွဲရေးစနစ်တွေ ပယ်ဖျက်ပေးဖို့၊ လူမှုဖူလုံရေးစနစ်တွေ ပြုပြင်ပြောင်းလဲပေးဖို့၊ ဦးစားပေးပေါ်လစီတွေ ချမှတ်ပေးဖို့ အကြပ်ကိုင်တာခံကြရပြီး ဒါတွေကို လုပ်လည်းလုပ်ပေးလာရပါတယ်။ ဒါတွေကိုလုပ်ရတာလည်း အလုပ်(အလုပ်သမား)အပိုင်းရဲ့အကျိုးစီးပွားများကို အတိုင်းအတာကြီးမားစွာ စွန့်ပယ်တန်ဖိုးပေးပြီးမှ ဖြစ်မြောက်တာပါ။
ဂျာမဏီနိုင်ငံက တောက်ပသောကြေးမုံပြင်’မဂ္ဂဇင်းထဲမှာရေးထားတာအရပြောရမယ်ဆိုရင် ဂျာမဏီနိုင်ငံ လက်ရှိကျင့်သုံးနေတဲ့အခွန်တော်စနစ်ဟာ အရင်းအနှီးအတွက်အကျိုးဖြစ်ထွန်းစေတာ ထင်ရှားပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကျွမ်းကျင်သူများက ဘဏ္ဏာရေးခန့်ခွဲခြင်းဆိုတဲ့စနစ်ကို အားကိုးအားထားပြုပြီး အခွန်အကောက်ဟာကွက်တွေကို အသုံးချလို့ရတယ်။ နိုင်ငံဘောင်ကျော်ရင်နှီးမြုပ်နှံမှုတွေကိုလည်း အသုံးချလို့ရတယ်။ ဒီလိုအသုံးချပြီး အခွန်ကိုရှောင်ရှားနိုင်ပါတယ်။ နောက်တခုက အခွန်နှုန်းတွေပြုပြင်ပြောင်းလဲတာတွေက အရင်းအနှီးအတွက်အကျိုးရှိပါတယ်။ အဲ့ဒီအတွက်ကြောင့်ပါတဲ့။
စစ်ဆေးလေ့လာမှုများအရ ဂျာမဏီရဲ့အစုရယ်ယာကုမ္ပဏီကြီးတွေဆီကရတဲ့အခွန်ဟာ တနိုင်ငံလုံးရတဲ့အခွန်စုစုပေါင်းနဲ့ နှိုင်းယှဉ်ရင် (၁၉၆၀)ခုနှစ်မှာ (၉.၅)ရာခိုင်နှုန်းရှိရာက (၁၉၉၈)မှာ (၃.၈)ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ အခွန်စုစုပေါင်းထဲမှာ လုပ်ခဝင်ငွေရဲ့ပါဝင်မှုအချိုးအစားကတော့ ထိုနှစ်များအတွင်းမှာ (၁၂) ရာခိုင်နှုန်းကနေ (၂၈) ရာခိုင်နှုန်းအထိ တက်သွားခဲ့တယ်။
(ဆက်လက်ဖော်ပြပါမယ်)
0 comments:
Post a Comment