(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ “မိန်းမမြတ်တို့၏တန်ဖိုး”အပြီးသတ်အပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)
“ဝတ္ထုကိုဘယ်အတိုင်းအတာထိ မိန်းကလေးတွေ ဖတ်သင့်သလဲဆိုတာကို ကျွန်တော် တတ်သမျှ မှတ်သမျှမပြောခင်မှာ ဝတ္ထုဖြစ်စေ၊ ကဗျာဖြစ်စေ၊ သမိုင်းစာအုပ်ကိုဖြစ်စေ ဘယ်စာကိုမဆို ရွေးပြီး ဖတ်သင့်တယ်ဆိုတာကို ကျွန်တော် ပထမပြောချင်ပါတယ်။ ဒီလိုရွေးတဲ့အခါ ဒီစာအုပ်ထဲက ဘာများရမလဲဆိုတဲ့အမြင်နဲ့မရွေးဘဲ ဒီစာအုပ်ထဲမှာ ဘာတွေများပါသလဲဆိုတဲ့အမြင်နဲ့ ရွေးသင့်တယ်လို့ ထင်မိပါတယ်။ အဲဒီမိန်းကလေးရဲ့မလှမ်းမကမ်းမှာ ရှေးဟောင်းဂန္တဝင်စာအုပ်တွေ အပြည့်ရှိတဲ့ စာကြည့်တိုက်တစ်တိုက် ရှိတယ်ဆိုရင်တော့ စာအုပ်ကို အထူးရွေးချယ်ပေးစရာ မလိုဘူးပေါ့။ ဒါပေမံ့ ခေတ်ပေါ်မဂ္ဂဇင်းတွေနဲ့ ဝတ္ထုတွေကိုတော့ အဲဒီမိန်းကလေးနဲ့ဝေးဝေးမှာထားရင် ကောင်းမယ်ထင်တယ်။
“မိုးတစိမ့်စိမ့်ရွာနေတဲ့နေ့တွေမှာ အဲဒီမိန်းကလေးကို စာကြည့်တိုက်ထဲကို သူတစ်ယောက်တည်း လွှတ်ထားလိုက်ပါ။ သူ့အတွက်ကောင်းတဲ့စာအုပ်ကို သူ့ဘာသာရှာပါလိမ့်မယ်။ ခင်ဗျား ရှာပေးလို့ မရပါဘူး။ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ကို ပုံသွင်းရတာဟာ မတူပါဘူး။ တော်တော်ခြားနားပါတယ်။ ကျောက်တုံးတစ်ခုကနေ ဆစ်ယူသလို ယောက်ျားလေးတစ်ယောက်ကို စိတ်ကြိုက် ပုံသွင်းယူလို့ရတယ်။ နဂိုကတည်းက ကျောက်တုံးအမျိုးကောင်း ဆိုရင်တော့ အထူး ပြောဖို့တောင်မလိုဘူး။ အလွယ်တကူနှင့် ပုံသွင်းယူလို့ရပါတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက် ကိုတော့ ပုံသွင်းယူလို့မရပါဘူး။ မိန်းကလေးဟာ ပန်းပွင့်လေးတစ်ပွင့်လိုကြီးထွားလာတာ ဖြစ်ပါတယ်။ နေရောင်မရှိရင် မိန်းကလေးဟာ ညှိုးနွမ်းသွားမှာပဲ။ လုံလောက်တဲ့ လေမရရင် မိန်းကလေးဟာ နာစစ်ဆပ်လို ဥခွံထဲမှာ ပုပ်သိုးပျက်စီးသွားမှာပဲ။
“အနုပညာတွေနဲ့ပတ်သက်လာရင်လည်း သူ့ရှေ့မှာ အကောင်းဆုံးဆိုတဲ့နမူနာတွေကို ချပေးကြည့်ပါ။ ဒီအနုပညာတွေကို လေ့ကျင့်သင်ကြားတဲ့နေရာမှာလည်း တိကျရှင်းလင်းစွာ သင်ကြားပေးသင့်တယ်။ အကောင်းဆုံးနမူနာဆိုတဲ့နေရာမှာ အမှန်ကန်ဆုံး၊ အရှင်းလင်းဆုံး၊ အသုံးအကျဆုံးနမူနာကို ဆိုလိုခြင်းဖြစ်တယ်။ ဒီဝိသေသနတွေကို အထူးသတိပြုစေချင်ပါတယ်။ ဒီဝိသေသနတွေဟာ အနုပညာရပ်အားလုံးမှာ အရေးကြီးပါတယ်။ မိန်းကလေးနဲ့အဝေးဆုံးလို့ ခင်ဗျားထင်တဲ့ ဂီတကို သင်ပေးသင့်တယ်။ ဂီတမှာ အမှန်ကန်ဆုံးလို့ ကျွန်တော်ပြောတဲ့နေရာမှာ သင်္ကေတတွေဟာ စကားလုံးတွေရဲ့အဓိပ္ပာယ် သို့မဟုတ် ခံစားချက်ရဲ့အဓိပ္ပာယ်ကို အနီးစပ်ဆုံး အမှန်ကန်ဆုံးဖော်ပြ နိုင်တာကို ဖော်ပြလိုက်တာဖြစ်တယ်။ အလွယ်ဆုံးလို့ဆိုတဲ့နေရာမှာ စာသားနဲ့သံစဉ်ကို သင်္ကေတ အနည်းကို အထိဆုံးနဲ့ဖော်ပြနိုင်တာကို ဆိုလိုရင်းဖြစ်တယ်။ အသုံးအကျဆုံးလို့ဆိုတဲ့နေရာမှာ အကောင်းဆုံးသောစာသားများကို အလှဆုံးဖြစ်အောင်လုပ်နိုင်တဲ့ဂီတကို ဆိုလိုရင်းဖြစ်တယ်။ အသံရဲ့ဂုဏ်အားဖြင့် ကျွန်တော်တို့နှလုံးသားကို ရွှင်ပြုံးလာစေနိုင်အောင်၊ ကျွန်တော်တို့ကို တသသ စွဲလမ်းနေအောင်လုပ်ပေးနိုင်တဲ့ဂီတကို ဆိုလိုရင်းဖြစ်တယ်။
“သင်ခန်းစာမှာရော၊ သင်ကြားမှုပစ္စည်းရော မိန်းကလေးကို ယောက်ျားလေးတစ်ယောက်က သင်ကြားသလို လေးလေးနက်နက် သင်ကြားပေးရလိမ့်မယ်။ ခုဖြစ်နေတာ ကျွန်တော်တို့ဟာ လက်တွေ့မှာ အမျိုးသမီးတွေကို ဗီရိုထဲမှာ အလှပြပစ္စည်းထားသလို လေ့ကျင့်မွေးမြူနေကြပြီး လေးနက်ခြင်းမရှိဘူး။ ပေါ့တန်တယ်လို့ ညည်းနေကြတယ်။ ဒီတော့ သူတို့ကိုလည်း မောင်တွေ အစ်ကိုတွေလိုအခွင့်အရေး ပေးသင့်တယ်။ သူတို့ ပင်ကိုယ်ရှိတဲ့ပါရမီစိတ်ကို မြေတောင်မြှောက်ပေး သင့်တယ်။ သစ္စာနဲ့သတ္တိဟာ သူတို့ဘဝမှာ အရေးကြီးတဲ့မဏ္ဍိုင်ကြီးတွေဖြစ်တယ်ဆိုတာကို သူတို့ကိုလည်း သင်ကြားပေးသင့်တယ်။
“နောက်ဆုံးအားဖြင့် သူတို့ကို မြင့်မြတ်တဲ့သင်ခန်းစာတွေပေးသလို မြင့်မြတ်တဲ့ဆရာကောင်းတွေ ထံမှာ အပ်နှံသင့်တယ်။ သားတစ်ယောက်ကို ကျောင်းအပ်တော့မယ်ဆိုရင် ကျောင်းဆရာဟာ ဘယ်လို လူစားမျိုးလဲဆိုတာကို ခင်ဗျား စုံစမ်းတာပဲမဟုတ်လား။ ဘယ်လိုဆရာဖြစ်ဖြစ် ကျောင်းဆရာဆီကို သားကိုအပ်လိုက်တယ်ဆိုရင်ပဲ ကိုယ့်သားကိုဆုံးမဖို့ဆရာကို ဆရာကို အာဏာကုန်ပေးခဲ့တယ်။ ခင်ဗျားကိုယ်တိုင်လည်း ဆရာသမားကို ရိုသေလေးစားကြောင်းတင်ပြတယ်။ အိမ်မှာ ထမင်းစား ဖိတ်ရင် ဆရာ့ကို ဘေးစားပွဲမှာ နေရာပေးမထားဘဲ ထိပ်ဆုံးမှာ နေရာပေးထားတယ်။ ကိုယ့်သားရဲ့ ဆရာကို ကိုယ့်လက်အောက်ငယ်သားလို သဘောမထားဘူး။
“ဒါပေမဲ့ မိန်းကလေးတွေကို ကျောင်းအပ်တဲ့အခါမှာ ခင်ဗျားကိုယ်တိုင် ဘယ်လောက်များ ဆရာကောင်းကိုရွေးကြည့်ဖူးလဲ။ အဲ့ဒီဆရာကို ခင်ဗျားကိုယ်တိုင် ဘယ်လောက်များ ရိုသေလေးစားဟန်ပြဖူးလို့လဲ။ ခင်ဗျားကိုယ်တိုင်ကအစ အစေခံတွေအဆုံး ရိုသေလေးစားမှု လျော့နည်းနေတဲ့ဆရာတစ်ယောက်ထံမှာ မိန်းကလေးရဲ့အသိဉာဏ်၊ အကျင့်စရိုက်၊ အနေအထိုင်နဲ့ ပတ်သက်လို့ သွန်သင်ဖို့အပ်ထားတဲ့အခါကျတော့ မိန်းကလေးကိုယ်တိုင်ကလည်း သူကိုယ်တိုင်ရဲ့ အပြုအမူနဲ့ သူ့ရဲ့အသိဉာဏ်ဖွံ့ဖြိုးရေးကို အရေးကြီးတယ်လို့ ဘယ့်နှယ်လုပ်ထင်နိုင်တော့မလဲ။
“ဒီအချက်တွေက မိန်းကလေးတစ်ယောက်ကို ပညာသင်ကြားပေးရာမှာ စာပေအနုပညာတို့က ဘယ်ပုံဘယ်နည်း အကူအညီပေးနိုင်တယ်ဆိုတဲ့အချက်တွေပါ။
“ဂျုံးအော့အတ်ဟာ တောတွေတောင်တွေထဲမှာ ကြီးပြင်းလာရတဲ့မိန်းကလေးဖြစ်တယ်။ သဘာဝ ကွင်းပြင်ကြီးတွေထဲမှာ ကြီးပြင်းခဲ့ရတယ်။ ကျွန်တော်တို့ဆီမှာတော့ ဒီလိုကွင်းပြင်ကြီးတွေ၊ တောတောင်ကြီးတွေ မရှိနိုင်ဘူးပေါ့။ ဒါပေမဲ့ ခင်ဗျားအိမ်ရဲ့နောက်ဖေးမှာ ပန်းခြံလေးတစ်ခု၊ ဥယျဉ်လေးတစ်ခု လုပ်လို့မရပေဘူးလား။ သူတို့ကို ကွင်းပြင်ထဲမှာ ပြေးလွှားဆော့ကစားပါစေ။ ခုတော့ ကျွန်တော်တို့ကလေးတွေမှာ တောတွေပြုန်း၊ ကွင်းပြင်ကြီးတွေသုန်းပြီး စက်ရုံတွေ၊ သံရည်ကြိုတဲ့မီးဖိုကြီးတွေထောင်နေကြတာနဲ့ ကွင်းပြင်တွေ၊ ပန်းခြံတွေဟာ ပျောက်လုခမန်း ဖြစ်နေပြီ။
(မူရင်းသတ်ပုံအတိုင်း။ မျိုးမြင့်ချို)
0 comments:
Post a Comment