Thursday, September 1, 2022

ကြာပန်း(၂)

0 comments

ကြာပန်း

(မြသန်းတင့်ရဲ့ ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ ကြာပန်း” ဒုတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

 

“ပထမ ပို့ချချက်တုန်းက ကျွန်တော်တို့မှာ အခက်အခဲပြဿနာရယ်လို့ ပေါ်ပေါက်လာရင် ဉာဏ်အမြော်အမြင်အရှိဆုံး အကြီးမြတ်ဆုံးပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်နှီးနှောရမယ်လို့ ကျွန်တော် ပြောခဲ့တယ်။  ဒီလို တိုင်ပင်နှီးနှောဖို့အတွက် စာအုပ်တွေဆီသွားရမယ်လို့ ကျွန်တော်ပြောခဲ့တယ်။  ကျွန်တော်တို့ရဲ့စဉ်းစားဉာဏ် မမီတဲ့အခါမျိုး၊ အတွေးအခေါ် မမီတဲ့အခါမျိုးမှာ သူတို့ဆီကိုသွားပြီး အကူအညီတောင်းရမယ်လို့ ကျွန်တော်ပြောခဲ့တယ်။  အမြင်ကျယ်အောင် အတွေးအခေါ် ကြည်လင်အောင် ခေတ်အဆက်ဆက်ကရှိခဲ့တဲ့ခုံသမာဓိများရဲ့ရှေ့မှောက် ဝင်ရောက်တင်ပြရမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ 

 

“ကဲ...ဒီတော့ အမျိုးသမီးတွေရဲ့ပါရမီ၊ သူတို့ရဲ့တန်ခိုးအာဏာ၊ သူတို့ရဲ့ ကောင်းခြင်းအဖြာဖြာတို့နဲ့ ပတ်သက်လို့  ကျွန်တော့်ရဲ့ မရေရာ တစ်မိုက်တစ်ထွာလောက်နဲ့မစဉ်းစားတော့ပဲ  ခုံသမာဓိတွေထံ ခုပဲ တင်ပြကြည့်ကြပါစို့။ ဒီအချက်တွေနဲ့ပတ်သက်လို့ ခေတ်အဆက်ဆက်ကရခဲ့တဲ့ ဉာဏ်အမြော်အမြင် အရှိဆုံး၊  အကြီးမြတ်ဆုံး၊ စိတ်နှလုံးအစင်ကြယ်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေ ဘယ်လိုခံယူခဲ့ကြသလဲ ဆိုတာကို  ကြည့်ကြပါစို့။ မိန်းမတို့ရဲ့ ဣန္ဒြေဟာ ဘယ်လောက်အဖိုးတန်သလဲ၊ ယောက်ျားတွေကို ဘယ်လို အထောက်အကူပေးနိုင်သလဲဆိုတာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့အဆုံးအဖြတ်တွေ ဘယ်လိုရှိခဲ့သလဲဆိုတာ ကြည့်ကြပါစို့။

 

”ပထမဆုံး ရှိတ်စပီးယားရဲ့အဆုံးအဖြတ် သူ့ထင်မြင်ချက်ကို ကျွန်တော် အရင်တင်ပြချင်တယ်။ ရှိတ်စပီးယားရဲ့စာပေတွေနဲ့ပတ်သက်လို့ ကျွန်တော် ပထမဦးဆုံး ပြောချင်တာက သူ့ပြဇာတ်တွေထဲမှာ အဓိကဇာတ်ဆောင်(ဟီးရိုး)များဟာ ယောက်ျား လူစွမ်းကောင်းတွေမဟုတ်ဘဲ (ဟဲရိုးဝင်း) မိန်းမလူစွမ်းကောင်းတွေသာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဇာတ်ခုံမှာ တင်ပြလို့ကောင်းရုံ နည်းနည်းပါးပါးအသားပေးထားတဲ့”ပဉ္စမမြောက် ဟင်နရီဘုရင်” ပြဇာတ်ကလွဲလို့ရှိရင် ရှိတ်စပီးယားရဲ့ ပြဇာတ်တွေအားလုံးထဲမှာ ယောက်ျားလူစွမ်းကောင်း (ဟီးရိုး)ဆိုလို့ တစ်ယောက်မှကိုမပါပါဘူး။ “ဗီရိုနာမြို့က လူကြီးလူကောင်းနှစ်ယောက်” ပြဇာတ်ထဲက ဗယ်လင်တိုင်းဟာလည်း ထိုနည်းလည်းကောင်းပါပဲ။  ရှိတ်စပီးယား ကြိုးစားပန်းစားရေးထားတဲ့ ပြဇာတ်တွေထဲမှာဆိုရင် ဟီးရိုးရယ်လို့ တစ်ယောက်မှမတွေ့ရဘူး။”အော်သယ်လိုဟာ ရိုးလွန်း အလွန်းပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့မကောင်းမှုတွေကို တွန်းလှန်ခြင်းမပြုနိုင်တဲ့အတွက် သူ့ကိုလည်း ဟီးရိုးလို့ မခေါ်နိုငါ်ဘူး။ ဟီးရိုးနဲ့ တူသယောင်ယောင်ပဲရှိတယ်။ ကိုရီလင်းတန်စ်၊ ဆီဇာနဲ့ အန်တော်နီ တို့ဟာလည်း  အပြစ်အနာအဆာတွေနဲ့ရှိပြီး မောက်မာဝင့်ကြွားလွန်းနေတယ်။  ဟင်းမလက်ဟာ ပျင်းရိပြီး ဘာမှပြတ်ပြတ်သားသားမရှိဘူး။ ရိုမီယိုက စိတ်မရှည်နိုင်တဲ့လူငယ်တစ်ယောက် ဖြစ်နေတယ်။  ဗင်းနစ်မြို့က ကုန်သည်အန်တိုနီယိုဟာလည်း  မတရားတဲ့နည်းနဲ့ရတဲ့ စည်းစိမ်ချမ်းသာကို မက်မောနေတယ်။ “လီယာမင်းကြီး”ပြဇာတ်ထဲက ကင့်မြို့စားကတော့  စိတ်ထားတော့မြတ်ပါရဲ့ ဒါပေမဲ့ အရေးကြုံလာရင် ဘာမှသုံးစားလို့မရတဲ့လူရိုင်း ဖြစ်နေတယ်။ သူများခိုင်းတာကို လုပ်တတ်တာပဲရှိတယ်။ အော်လန်ဒိုဟာလည်း မြင့်မြတ်တဲ့စိတ်ထားရှိပေမယ့်  ကံစီမံရာကိုလိုက်နာနေတဲ့ အရုပ်တစ်ရုပ်ဖြစ်နေတယ်။ အရေးကြုံလာတာနဲ့ သူ့ကို ရိုဇလင်ကပဲ နှစ်သိမ့်အားပေးပြီး ကယ်ဆယ်ရတာပဲ။

 

ဒါပေမဲ့ ရှိတ်စပီးယားရဲ့ပြဇာတ်တွေထဲမှာ လေးနက်ခိုင်မာတဲ့မျှော်လင့်ချက်၊ မှန်ကန်တဲ့ရည်ရွယ်ချက် ရှိပြီး ပြီးပြည့်စုံတဲ့အမျိုးသမီးဇာတ်ဆောင် (ဟဲရိုးဝင်း)မပါတဲ့ပြဇာတ်ဆိုလိုတော့ တစ်ပုဒ်မှရှာလို့ မတွေ့ရဘူး။ ကော်ဒဲလျ၊ ဒက်စဒီမိုးနား၊ အစ္စဗဲလား၊ ဟာမီယို၊ အင်မိုဂျင်၊ ကက်သရင်းဘုရင်မ၊ ပါဒီတာဆီလ်ဗီတာ၊ ဗွိုင်အိုလာ၊ ရိုဇလင်၊ ဟယ်လီနာနဲ့ နောက်ဆုံးအားဖြင့် ချစ်စရာအကောင်းဆုံး ဖြစ်တဲ့ ဗာဂျီလီယာတို့ဟာ လုံးဝအပြစ်ကင်းစင်သူများဖြစ်တယ်။ လူ့လောကကြီးရဲ့ အမြင့်မားဆုံးသော (ဟဲရိုးဝင်း) လူစွမ်းကောင်းအမျိုးအစားကို ကိုယ်စားပြုနေကြတယ်။

 

“ဒုတိယတစ်ချက်ကို စဉ်းစားကြည့်ကြဦးစို့။ ပြဇာတ်တိုင်းမှာ ဒုက္ခကြုံတွေ့ရတာ၊ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတာဟာ ယောက်ျားဇာတ်ဆောင်တို့ရဲ့အပြစ် သို့မဟုတ် မိုက်မဲမှုကြောင့်ချည်း ဖြစ်နေတာကို တွေ့ရတယ်။ တကယ်လို့ ဘေးဒုက္ခကလွတ်မြောက်သွားတယ်ဆိုလျှင်လည်း ဒါဟာ အမျိုးသမီးတစ်ယောက်ယောက်ရဲ့ အမြော်အမြင်ကြီးမှု၊ တည်ကြည်မြင့်မြတ်မှုတို့ကြောင့်သာလျှင် ဖြစ်တယ်။ အဲ့ဒီလို မိန်းမမြတ်တွေသာပေါ်မလာလျှင် ဘေးဒုက္ခကို မကျော်လွှားနိုင်တော့ဘူး။  လီယာဘုရင် ဘေးဒုက္ခတွေ့ရတာဟာ သူ့ရဲ့ အမြော်အမြင်ကင်းမှု၊ စိတ်မရှည်ဘဲ မောက်မာဝင့်ကြွားမှု၊ ကိုယ့်သားသမီးတစ်ယောက်ရဲ့ မြင့်မြတ်တည်ကြည်မှုကြောင့်ဖြစ်တယ်။  သူ့သမီးတစ်ယောက်ရဲ့ မြင့်မြတ်တည်ကြည်မှုကြောင့် ဒုက္ခကိုရှောင်ရှားနိုင်မှာဖြစ်ပေမယ့် အဲ့ဒီသမီးကို သူ ကြဉ်ခဲ့တယ်။ နောက်ဆုံးမှာတော့ အဲ့ဒီသမီးကပဲ ကယ်ခဲ့ရတာပါပဲ။ 

 

“အော်သဲလိုအကြောင်းကိုတော့ ဇာတ်လမ်းတောင် ပြန်ပြောဖို့မလိုတော့ပါဘူး။ အင်မတန် အချစ်ကြီးလွန်းတဲ့အတွက် တွေ့ရတဲ့ ချွတ်ယွင်းအားနည်းချက်၊ ဒုတိယ အမျိုးသမီးဇာတ်ဆောင်တစ်ဦး ဖြစ်တဲ့ အယ်မလီယာရဲ့  ဉာဏ်အမြော်အမြင်ကိုတောင်မမီတဲ့ သူ့ရဲ့အမြော်အမြင်ကင်းမဲ့မှုတွေကို ကျွန်တော် အထူးပြောစရာတောင် လိုမယ်မထင်တော့ပါဘူး။ အယ်မလီယာဟာ သူ သေခါနီးတော့ “သူသတ်ယောက်ျား၊ လူ့ငနွား၌၊ ထိုမယားမြတ်မျိုး၊ မရှိသင့်နိုးတည်”လို့ အော်သယ်လိုရဲ့အမှားကို ပြင်းထန်စွာ အပြစ်ဆိုသွားခဲ့တယ်။

 

“ရိုမီယိုနဲ့ဂျူးလိယက်”ပြဇာတ်မှာ ဇနီးဖြစ်သူရဲ့ ရဲရင့်ပြီးအမြော်အမြင်ရှိတဲ့အကြံအစည်ဟာ လင်ဖြစ်သူရိုမီယိုရဲ့ ပရမ်းပတာနိုင်လှတဲ့ စိတ်မရှည်မှုကြောင့် ပျက်စီးခြင်းကိုရောက်ခဲ့ရတယ်။ “ဂိမန္တပုံပြင်”နဲ့ “စင်ဘယ်လိုင်း”ပြဇာတ်တွေထဲမှာ အထက်တန်းကျတဲ့ အိမ်ထောင်စုနှစ်ခုရဲ့ ပျော်ရွှင်ချမ်းမြေ့မှုနဲ့တည်မြဲမှုဟာ လင်ယောက်ျားတွေရဲ့ မိုက်မဲမှုနဲ့ခေါင်းမာမှုကြောင့် ပျက်စီးပြီး သေဘေးနဲ့ကြုံခဲ့တယ်။

 

“မက်ရှားဖော်မက်ရှား”ပြဇာတ်မှာ တရားသူကြီးတွေရဲ့ အဂတိလိုက်စားမှုနဲ့ အစ်ကိုလုပ်သူ အကျင့်ပျက်မှု သူရဲဘောကြောင်မှုတို့ဟာ မိန်းမတစ်ယောက်ရဲ့ အောင်မြင်တဲ့၊ သစ္စာတရားနဲ့စွဲမြဲတဲ့ ဖြူစင်သန့်ရှင်းမှုတို့ကို အရှုံးပေးသွားကြရတယ်။ “ကိုရီလိုလင်းနတ်စ်”ပြဇာတ်မှာ အချိန်မီ ရောက်လာတဲ့ အမေ့ရဲ့အကြံဉာဏ်ကြောင့် သားဟာ ဘေးဆိုးဒုက္ခတွေကလွတ်မြောက်ခဲ့ရတယ်။ အမေ့စကားကို မေ့သွားတာနဲ့တစ်ပြိုင်နက် ဘေးဆိုးတွေ့တော့တာပဲ။ ဒါတောင် နောက်ဆုံးမှာ အမေ့ရဲ့ဆုတောင်းကြောင့်  အသက်ပြန်ရှင်လာသော်လည်း တိုင်းပြည်ကိုဖျက်ဆီးသူအဖြစ် ကျိန်ဆဲခံရတဲ့အဖြစ်က လွတ်မြောက်ခဲ့တယ်။

 

“ဒါတောင်မကသေးဘူး ကောက်ကျစ်ပြီး အပြောင်းအလဲမြန်တဲ့ချစ်သူအပေါ်မှာ အစဉ်အမြဲမှန်ကန်တဲ့ ဂျူလီယာအကြောင်းကိုပဲ ပြောရဦးမလား။ ပရမ်းပတာနိုင်ပြီး သူ့ကို သရော်မော်ကားလုပ်ခဲ့တဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ သစ္စာရှိခဲ့တဲ့ ဟယ်လီနာအကြောင်းပဲပြောရမလား။ စိတ်ရှည်တဲ့ ဟဲရိုးဝင်းအကြောင်းကိုပဲ ပြောရဦးမလား။ ဘီးယားထရစ်ရဲ့ အချစ်ကြီးပုံကိုပဲ ပြောရဦးမလား။ ဒါမှမဟုတ်ရင် ယောက်ျားတို့ရဲ့အမြင်ကျဉ်းမှု အမျက်ကြီးမှု ၊ ခိုကိုးရာမဲ့တွေကြားမှာ တမန်တော် နတ်သမီးတစ်ပါးလိုပေါ်လာပြီး ရာဇဝတ်မှုတွေကို သူ့အပြုံးနဲ့ အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့တဲ့ စာမတတ်ပေမတတ်မိန်းကလေးတစ်ဦးရဲ့ ဉာဏ်အမြော်အမြင်အကြောင်းကို ‌ပြောရဦးမလား။

 

“သေသေချာချာ စဉ်းစားကြည့်ရင် ရှိတ်စပီးယားရဲ့ပြဇာတ်တွေထဲမှာ အားနည်းတဲ့အမျိုးသမီးဆိုလို့ အော်ဖီလီယာတစ်ယောက်ကိုပဲ တွေ့ရတယ်။ ဒီလိုဖြစ်ရတာဟာလည်း အရေးကြုံတုန်းမှာ ဟင်းမလက်ကို မကယ်နိုင်ခဲ့လို့ပဲလို့ပြောရတော့မှာပဲ။ သူကိုယ်တိုင် စိတ်မနှံ့ဖြစ်နေလေတော့ အလိုအပ်ဆုံးအချိန်မှာ ဟင်းမလက်ကို မကယ်နိုင်တော့တဲ့အတွက် ဟင်းမလက်ဟာ ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရတယ်။  နောက်ဆုံးအားဖြင့်ပြောရရင် ရှိတ်စပီးယားရဲ့ပြဇာတ်တွေထဲမှာ အဓိကကျတဲ့ ဇာတ်ဆောင်ထဲကမိန်းမဆိုလို့ လေဒီမက်ဂဘက်ရယ်၊ ရေဂင်ရယ်၊ ဂွန်နာရီရယ် သုံးယောက်ပဲရှိတယ်။  ဒါတောင်မှ သူတို့သုံးယောက်ကို လူ့လောကနိယာမရဲ့ ခြွင်းချက်တွေအဖြစ်ထားရတော့မှာပဲ။ ဒါတောင်မှ သူတို့ဟာ အဆိုးကိုစွမ်းဆောင်သလို အကောင်းဘက်ကိုဦးတည်ပေးရင် လူ့လောကရဲ့ အကျိုးကို သယ်ပိုးနိုင်လောက်အောင် ခွန်အားကောင်းတဲ့မိန်းမတွေဖြစ်တယ်။

 

“ဒါတွေကတော့ လူ့လောကမှာ မိန်းမတို့ရဲ့အနေအထားနဲ့ပတ်သက်လို့ ဖော်ပြထားတဲ့ ရှိတ်စပီးယားရဲ့ သက်သေခံချက်တွေပါပဲ။ ရှိတ်စပီးယားဟာ အဲ့ဒီမိန်းမတွေကို သစ္စာရှိပြီး အမြော်အမြင်ရှိတဲ့ အကြံကောင်းပေးသူများ၊ သန့်ရှင်းဖြူစင်တဲ့ ဥဒဟာရုဏ်မများ၊ စိတ်ဓာတ်ကြံ့ခိုင်သူများအဖြစ် ဖော်ပြထားပါတယ်။

0 comments:

Post a Comment