(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ “မိန်းမမြတ်တို့၏တန်ဖိုး”ကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)
အရင်တစ်ပတ်ကဆောင်းပါးထဲမှာ ရပ်စကင်းက မိန်းမတို့ရဲ့ဣန္ဒြေ၊ မိန်းမတို့ရဲ့ ကောင်းခြင်းလက္ခဏာ အဖြာဖြာနှင့်ပတ်သက်လို့ အကျယ်တဝင့်ပြောသွားခဲ့တယ်။ သူက မီလ်တန်ရဲ့လင်္ကာတွေ၊ ရှိတ်စပီးယားရဲ့ ကဗျာလင်္ကာတွေ၊ ဂရိပုံပြင်တွေ၊ ဆာဝေါ်လတာစကော့ရဲ့ဝတ္ထုတွေက အမျိုးသမီး ဇာတ်ဆောင်တွေကို ထုတ်နှုတ်ကိုးကား တင်ပြသွားခဲ့တယ်။ အလယ်ခေတ်ကပေါ်ထွန်းခဲ့တဲ့ သူရဲကောင်းနဲ့အမျိုးကောင်းသမီးတို့ရဲ့ဆက်ဆံရေးကို ဥပမာပြုပြီး မိန်းမမြတ်တို့ရဲ့တန်ဖိုးကိုနားလည်မှ ယောက်ျားမြတ်ဖြစ်တဲ့အကြောင်းကို ဖော်ပြခဲ့တယ်။ ခုဆောင်းပါးမှာ ရပ်စ်ကင်းက အောက်ပါအတိုင်း ဆက်ပြောပါတယ်။
“ဒီအကောင်းကို ကျွန်တော် အကျယ်ဆက်ပြီး မပြောတော့ပါဘူး။ ခင်ဗျားတို့ကိုယ်တိုင် ဘယ်လိုခံစားကြရတယ်၊ ဘယ်လိုခံစားသင့်တယ်ဆိုတာကို တွေးယူနိုင်ကြပါတယ်။ သူရဲကောင်းရဲ့ သံချပ်အင်္ကျီကကြယ်သီးကို ချစ်သူရဲ့လက်နဲ့ ကိုင်တွယ်တပ်ဆင်ပေးလိုက်တာဟာ စိတ်ကူးယဉ် ကောင်းရုံ၊ သာယာကြည်နူးသွားရုံလုပ်ပေးလိုက်တဲ့ အပြုအမူတစ်ရပ်မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။ အမှန်ပါပဲ၊ ဝိညာဉ်တစ်ခုရဲ့သံချပ်အင်္ကျီကို အမျိုးသမီးတစ်ယောက်ရဲ့ လက်နဲ့ ထိကိုင်လိုက်ခြင်းမပြုရင် ဒီသံချပ်အင်္ကျီဟာ နှလုံးသားနဲ့ ဘယ်တော့မှ အံကိုက် ဖြစ်မနေတတ်ဘူး။ အမျိုးသမီးက သံချပ်အင်္ကျီကို တော်စွလျော်စွ ဝတ်ဆင်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ယောက်ျားရဲ့ဂုဏ်သိက္ခာဟာ ကျဆုံးရတော့တာပဲမဟုတ်လား။
“ကျွန်တော်တို့ဟာ ယောက်ျားကမြတ်တယ် သို့မဟုတ် မိန်းမကမြတ်တယ်လို့ မကြာခဏ ပြောလေ့ ရှိကြတယ်။ ဒီလိုပြောတာဟာ တော်တော်မိုက်မဲရာ ကျပါတယ်။ မိန်းမနဲ့ယောက်ျားဟာ တစ်ဦးနဲ့တစ်ဦး မတူတဲ့အရည်အချင်းတွေ ရှိကြတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦးပြည့်စုံအောင် လုပ်ပေးကြရတယ်။ တစ်ဦးရှိမှ အခြားတစ်ဦးဟာ ပြည့်စုံမှုကိုရတယ်။ မိန်းမနဲ့ယောက်ျားဟာ ဘယ်နေရာမှမတူကြဘူး။ တစ်ဦးပေးနိုင်တာကိုတောင်းဆိုမှ၊ တစ်ဦးပေးနိုင်တာကိုရရှိမှ မိန်းမနဲ့ ယောက်ျားရဲ့ပျော်ရွှင်မှုနဲ့ ပြည့်စုံမှုမှာ ရရှိခြင်းဖြစ်တယ်။
“မိန်းမနဲ့ယောက်ျားတို့ရဲ့ ခြားနားတဲ့စရိုက်လက္ခဏာချက်တွေကို အကျဉ်းချုပ်ပြောရရင် ဒီလိုပြောလို့ ရလိမ့်မယ်ထင်တယ်။ ယောက်ျားရဲ့စွမ်းအားဟာ လှုပ်ရှားတဲ့သဘော ရှိတယ်။ ရှေ့ကိုသွားတဲ့သဘော ရှိတယ်။ ခုခံလိုတဲ့သဘော ရှိတယ်။ ယောက်ျားဟာပြုလုပ်သူဖြစ်တယ်။ ဖန်တီးသူဖြစ်တယ်။ ရှာဖွေ တွေ့ရှိသူဖြစ်တယ်။ ကာကွယ်ပေးသူဖြစ်တယ်။ ယောက်ျားရဲ့အသိဉာဏ်ဟာ စဉ်းစားချင့်ချိန်ဖို့နဲ့ တီထွင်ဖန်တီးဖို့ဖြစ်တယ်။ သူ့ခွန်အားဟာ စွန့်စားဖို့ဖြစ်တယ်။ တရားတဲ့စစ် ဆင်နွှဲဖို့ ဖြစ်တယ်။ လိုအပ်ရင် အောင်နိုင်ဖို့ဖြစ်တယ်။
“ဒါပေမဲ့ မိန်းမရဲ့စွမ်းအားဟာ စစ်တိုက်ဖို့မဟုတ်ဘူး။ အုပ်စိုးဖို့ ဖြစ်တယ်။ သူ့အသိဉာဏ်ဟာ တီထွင်ဖို့၊ ဖန်တီးဖို့မဟုတ်ဘူး။ ချိုသာစွာအမိန့်ပေးဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံနေရာချထားဖို့ ဖြစ်တယ်။ အဆုံးအဖြတ်ပေးဖို့ ဖြစ်တယ်။ မိန်းမဟာ အရာဝတ္ထုတွေရဲ့အရည်အသွေးကို နားလည်တယ်။ အရာဝတ္ထုတွေရဲ့အသုံးကျမှုကို သိတယ်။ အရာဝတ္ထုတွေရဲ့နေရာကို သိတယ်။ သဘောပေါက်တယ်။ မိန်းမရဲ့အဓိကအလုပ်ဟာ ချီးကျူးအားပေးဖို့ ဖြစ်တယ်။ မိန်းမဟာ ပြိုင်ပွဲထဲကို မဝင်ပါဘူး။ ပြိုင်ပွဲမှာ အောင်မြင်မှုသရဖူကို ဘယ်သူဆောင်းနိုင်သလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ဖြစ်တယ်။ မိန်းမသဘာဝ မိန်းမအနေအထားကြောင့် သူဟာ ဘေးအန္တရာယ်အပေါင်း၊ ဖြားယောင်းမှုအပေါင်းက ကာကွယ်ပြီးသားဖြစ်တယ်။ ယောက်ျားကတော့ ဟာလာဟင်းလင်း ကမ္ဘာလောကကြီးထဲမှာ ကြမ်းတမ်းတဲ့အလုပ်ကိုလုပ်ရသူဖြစ်လေတော့ ဘေးဒုက္ခအပေါင်း၊ အခက်အခဲအပေါင်းနဲ့ ကြုံတွေ့ရတတ်တယ်။ ဒါ့ကြောင့် ယောက်ျားမှာ ဆုံးရှုံးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ ရှောင်လွှဲလို့မရတဲ့အမှားတွေ တွေ့နိုင်တယ်။ မကြာခဏဆိုသလို ဒဏ်ရာအနာတရဖြစ်တာတွေ ရှိတယ်။ လမ်းလွဲတာတွေရှိတယ်။ အမြဲတမ်းဆိုသလို မာကြောနေတတ်တယ်။ ဒါပေမဲ့ ယောက်ျားဟာ မိန်းမကို ဒီအဖြစ်မျိုးမတွေ့ရလေအောင် ကာကွယ်ပေးထားတယ်။ မိန်းမကို အိမ်တွင်းမှာထားပြီး၊ မိန်းမကိုယ်တိုင်က ရှာဖွေခြင်းမပြုရင် အိမ်ထဲကို အန္တရာယ်မရောက်အောင်၊ ဖြားယောင်းမှု မလာအောင်၊ မှားယွင်းစေတဲ့အကြောင်း မပေါ်အောင်၊ တိုက်ခိုက်စော်ကားမှုမရှိအောင် ကာကွယ်ပေးထားတတ်တယ်။ ဒါဟာ အိုးအိမ်ရဲ့ တကယ့်သဘာဝပဲ။ အဲဒီနေရာဟာ ငြိမ်းချမ်းရေးရဲ့ ရိပ်မြုံပဲ။
“ထိခိုက်နစ်နာမှု ဟူသမျှ၊ ကြောက်မက်ဖွယ်ရာ ဟူသမျှ၊ သံသယဒွိဟ ဟူသမျှ၊ စိတ်ဝမ်းကွဲပြားခြင်း တို့နဲ့ကင်းဝေးရာ ရိပ်မြုံတစ်ခုပါပဲ။ အဲ့ဒီလိုမဟုတ်ရင် အဲ့ဒီနေရာဟာ အိုးအိမ်မဟုတ်ဘူး။ ပြင်ပ လောကကြီးက စိုးရိမ်သောကတွေဝင်ရောက်လာတာနဲ့ မတည်ကြည်တဲ့၊ မသိတဲ့၊ အချစ်မဝင်တဲ့၊ ရန်လိုတဲ့ကမ္ဘာလောကကြီးတစ်ခုကအဖွဲ့အစည်းတစ်ခုကို လင်ကဖြစ်စေ မယားကဖြစ်စေ ဝင်လာခွင့်ပြုလိုက်တာနဲ့ အဲဒီနေရာဟာ အိမ်အဖြစ်ကရပ်စဲသွားတယ်။ အဲ့ဒီလိုဖြစ်တာနဲ့ အဲဒီနေရာဟာ အမိုး မိုးပြီး မီးဖိုထားတဲ့ ပြင်ပကမ္ဘာကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီနေရာဟာ မြင့်မြတ်တဲ့နေရာတစ်နေရာ၊ အထွတ်အမြတ်ထားအပ်တဲ့ ဝတ်ကျောင်းတစ်ဆောင်၊ အိမ်စောင့်နတ် များက စောင်မကြည့်ရှုတဲ့ မီးဖိုတစ်ဖိုဖြစ်ခဲ့ရင်၊ အဲဒီနတ်များက ချစ်ခင်နှစ်သက်စွာကြိုခြင်း မပြုတဲ့လူဆိုလို့ တစ်ယောက်မှ လာခွင့်မရတဲ့နေရာမျိုးဖြစ်ခဲ့ရင်၊ အမိုးနဲ့မီးဖိုဟာလည်း ပိုမြင့်မြတ်တဲ့အလင်းနှင့်အရိပ်ကို ပေးနိုင်ခဲ့ရင်၊ သဲကန္တာရကြီးအလယ်ကကျောက်ဆောင်လို အေးမြတဲ့အရိပ်ကိုပေးနိုင်ရင်၊ မုန်တိုင်းထန်တဲ့အလယ်မှာ မီးပြတိုက်လို အလင်းရောင်ကိုပေးနိုင်ခဲ့ရင် အဲ့ဒီနေရာဟာ အိမ်ဆိုတဲ့ နာမပညတ်နဲ့လည်းကိုက်ညီတယ်၊ အိမ်ဆိုတဲ့ဂုဏ်သိက္ခာနဲ့လည်း ပြည့်စုံတယ်။
(မူရင်းသတ်ပုံအတိုင်း။ ဆက်ရိုက်ပြီး တင်ပေးပါမယ်။ မျိုးမြင့်ချို)
0 comments:
Post a Comment