ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း “မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ “တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းထဲက “တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”အပိုင်းကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်။
ယန်ရွယ်တုန်း။ အရင်းအနှီးက အားကောင်းတဲ့နေရာကိုရရှိသွားတာကြောင့် စီးပွားရေးတိုးတက်မှုအရှိန်အဟုန် မြန်လာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်း အထွေထွေဖွံ့ဖြိုးမှုတွေဖြစ်လာဖို့ကတော့ အတော်ခက်ပါတယ်။ ဘာလို့လဲဆိုရင် အရင်းအတနှီးတိုးချဲ့လာတာတွေရဲ့နောက်ဆုံးရည်မှန်းချက်က ဘာလဲ။ တခြားဘာတွေမှမဟုတ်ဘူး။ အမြတ်အစွန်း မြင့်မြင့်မားမာရရှိဖို့သာဖြစ်ပါတယ်။ ‘မာ့က်စ်’က ဒါကို စောစောကတည်းကထောက်ပြခဲ့တာပါ။ နောက်ပြီး ‘မာ့က်စ်’ရဲ့အမြင်ဟာ သူ့နောက်ပိုင်း အရင်းရှင်စနစ်အားဝေဖန်ကြသူတို့အပေါ် ကြီးမားတဲ့ဂယက်လည်း ရှိခဲ့ပါတယ်။
ဝမ်လျဲ့။ (၉၀)ခုနှစ်များအတွင်းမှာ အရင်းအနှီးနဲ့ဈေးကွက်အပေါ် ဂယက်ရိုက်အားအကြီးဆုံးဝေဖန်မှုတွေ ပေါ်ခဲ့တယ်။ အရင်းရှင်စနစ်လူ့အဖွဲ့အစည်းအတွင်းကအကျိုးစီးပွားတွေတရားဝင်ရနေတဲ့ လူ့အလွှာတွေထဲကလူတချို့က ဝေဖန်ကြတာပါ။ ဥပမာ- ပရက်ကင်စကီး၊ အယ်လ်ဘေး၊ ဆိုးရော့စ် စတဲ့သူများဖြစ်ပါတယ်။ သူတို့ကို အရင်းရှင်စနစ်လူ့အဖွဲ့အစည်းအတွင်းရှိ လူ့မလိုင်တွေအဖြစ်ယူဆလို့ရပါတယ်။ သူတို့ဟာ ဘက်သုံးဘက်က အလေးထားဝေဖန်ကြတယ်။
ပထမဘက်က ဈေးကွက်ဩဇာဂယက် ကျယ်ပြန့်လာတာကြောင့်ပဲ အရင်းရှင်ဒီမိုကရေစီစနစ်ဟာ အားနည်းလာတယ်။ အနည်းတကာ့အနည်းစုဖြစ်တဲ့ စီးပွားရေးနယ်ပယ်ကလူ့မလိုင်တွေအနေနဲ့ အများဆိုင်ရာအခွင့်အာဏာတွေကို ခိုးယူအပိုင်စီးကြမယ်အန္တရာယ်အလားအလာတွေ ထွက်ပေါ်လာတယ်။ ထိရောက်မှုစွမ်းရည်မြင့်မားရေးဆိုတဲ့ ဆိုင်းဘုတ်ကိုသုံးပြီး ဒီမိုကရေစီနဲ့တရားဝင်လက္ခဏာတွေကိုအားနည်းအောင်လုပ်နေကြတာလည်းရှိတယ်။
ဒုတိယအချက်ကတော့ လူ့အဖွဲ့အစည်းအတွင်းရှိ တန်ဖိုးထားချက်ဆိုင်ရာ၊ ဒီမိုကရေစီအမြင်ဆိုင်ရာ အဓိကရေစီးကြောင်းတွေဟာလည်း ဈေးကွက်ကြောင့် လုံးပါး ပါးလာနေတယ်။ အချို့ပညာရှင်တွေယူဆတာကိုပြောရမယ်ဆိုရင် ဈေးကွက်ကြောင့်ပဲ ပစ္စည်းလောဘတွေကြီးထွားလာတယ်။ စားသုံးရေးဝါဒလည်း ပျံ့နှံ့လာတယ်။ ဒါ့ကြောင့် သန့်စင်သောပရိုတက်စတင့်ဘာသာပုံစံ ‘ကြိုးစားလုပ် ချွေတာသုံး’နေရာမှာ အထိန်းအကွပ်မဲ့အပျော်အပါးလိုက်စားရေးက အစားထိုးလာတာတွေ၊ လူ့အဖွဲ့အစည်း ဘုံအကျိုးစီးပွား အလုပ်အကျွေးပြုရေးနေရာမှာ တဦးချင်းကျေနပ်မှုရရေးက အစားထိုးလာတာတွေ၊ အခွင့်အရေးလိုက်စားမှုကို တာဝန်ယူလုပ်ကိုင်မှုနဲ့ပေါင်းစပ်ကျင့်သုံးတဲ့အစဉ်အလာဝါဒနေရာမှာ တဦးချင်းအလွန်အကျွံကိုယ်ကျိုးကြည့်ဝါဒက အစားထိုးလာတာတွေဖြစ်လာတယ်။ ဓနဥစ္စာဘယ်လောက်များများပိုင်ဆိုင်သလဲဆိုတဲ့အချက်က လူတဦးချင်းရဲ့အောင်မြင်မှုကိုတိုင်းတာတဲ့ တခုတည်းသောပုံစံဖြစ်လာတယ်။ ‘နှိုင်းရဝါဒ (Relativism)နဲ့ အပျော်အပါးဝါဒတို့ကို ဘဝရဲ့အခြေခံလမ်းညွှန်များအဖြစ် ဦးထိပ်ပန်ဆင်နေကြလို့ကတော့ ခိုင်ခံ့တဲ့ ဘယ်လိုလူမှုဒေါက်တိုင်ကိုမှ တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတခုမှာ အများကလိုက်နာကြရမယ့် တကယ့်ကိုတိကျတဲ့မူတွေမရှိဘဲ တဦးချင်းပုဂ္ဂလိက ကျေနပ်မှုရရှိရေးတွေသာ ကြီးထွားနေမယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းဟာ ပြိုကွဲသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်’လို့ ပရက်ကင်စကီးက အမေရိကန်နိုင်ငံသားတွေကို သတိပေးပြောကြားပါတယ်။
တတိယဘက်ကတော့ ဈေးကွက်က လူ့အဖွဲ့အစည်းကြီးတခုလုံးတည်ရှိမှုကိုလည်း ခြိမ်းခြောက်လာနိုင်ပါတယ်။ ဈေးကွက်ဟာ အချို့သောလူပုဂ္ဂိုလ်များ၊ အချို့သောအဖွဲ့အစည်းများရဲ့အင်အားတွေကို ကြီးထွားစေကာ ပုံစံသစ်အာဏာရှင်စနစ်တွေ ဖြစ်ပေါ်စေတာ၊ တဦးချင်းလွတ်လပ်မှုကို ဖိနှိပ်တာ၊ အရင်းရှင်စနစ်ရဲ့ ‘တံခါးဖွင့်ထားသောလူ့အဖွဲ့အစည်း’ ကို ခြိမ်းခြောက်တာ စတာတွေဖြစ်လာမယ့်အလားအလာတွေ အများကြီးရှိနေပါတယ်လို့ ‘ဆိုရော့စ်’က ယူဆပါတယ်။ နောက်ပြီး ဈေးကွက်ဂယက်ကျယ်ပြန့်လာမှုဟာ ဇီဝဝန်းကျင်ပျက်စီးမှုရဲ့ အရေးပါတဲ့အကြောင်းရင်းလည်း ဖြစ်ပြန်ပါတယ်။ (ဒီအခန်းကို ဆက်လက်တင်ပြပေး သွားပါမယ်)
0 comments:
Post a Comment