ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း “မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ “တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှ “တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့တရုတ်ပြည်” ကို ကောက်နှုတ် ဖော်ပြထားတာဖြစ်ပါတယ်။
ယန်ရွယ်တုန်း။ တရုတ်ပြည်အတွက်လည်း တကမ္ဘာလုံးလက္ခဏာဆောင်မှုဆိုတဲ့ဒီရေလှိုင်းက ရှောင်လွှဲလို့မရပါဘူး။ တရုတ်ပြည်က တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ ဝင်ရောက်ခဲ့တဲ့လမ်းကြောင်းတလျှောက်လုံးဟာ တရုတ်ပြည်ရဲ့အနီးခေတ်ကာလလူ့အဖွဲ့အစည်း သမိုင်းပြောင်းလဲတဲ့ ဖြစ်စဉ်ကြီးတခုလုံးပဲဖြစ်ပါတယ်။ တနည်းပြောရရင် တရုတ်ပြည်အနီးခေတ်သမိုင်းဆိုတာဟာ တကယ်တော့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲ တရုတ်ပြည်ပါဝင်တဲ့သမိုင်းပဲ ဖြစ်ပါတယ်။
ဝမ်လျဲ့။ ကျနော်တို့ဟာ အဲ့ဒီသမိုင်းကာလကို အဆင့်(၃)လောက် ခွဲခြားနိုင်ပါတယ်။ ပထမအဆင့်က (၁၉)ရာစု (၄၀)စုများခေတ်ကစပြီး (၁၉၄၉) တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်တဲ့အချိန်အထိ အကျုံးဝင်ပါတယ်။ ဒီအဆင့်ဟာ ရှေးခေတ်ယဉ်ကျေးမှုဗဟိုချက်မတခုဖြစ်ခဲ့တဲ့တရုတ်ပြည်ကို နယ်ချဲ့စနစ်က အမြောက်တွေ သင်္ဘောတွေသုံးပြီး အနောက်တိုင်းဦးဆောင်တဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးထဲ အတင်းအဓ္ဓမ သွတ်သွင်းလိုက်တဲ့အဆင့်ဖြစ်တယ်။
(ဖေ့ကျိန်းချင်းတို့လို) ပညာရှင်တော်တော်များများယူဆတာကိုပြောရရင် ဘိန်းစစ်ပွဲမတိုင်မီက တရုတ်ပြည်ကြီးဟာ သူ့ရဲ့ ရှေ့တန်းရောက်တဲ့ယဉ်ကျေးမှုကိုအသုံးပြုပြီး အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသများမှာ ‘ကမ္ဘာစနစ်’ အနေအထားတရပ်ကို တည်ဆောက်ထားခဲ့ပါတယ်။ အဲ့ဒီစနစ်ဟာ တခြားခေတ်ပြိုင် ကမ္ဘာ့စနစ်တွေနဲ့ယှဉ်နိုင်ပါတယ်။ ကာလတခုအတွင်းမှာ အနောက်တိုင်းကမ္ဘာစနစ်ထက်တောင် ရှေ့တန်းရောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကာလရှည်ကြာ တံခါးပိတ်နေတာကြောင့် အစိုးရတွေ အကျင့်ပျက်ခြစားလာခဲ့ပါတယ်။ စီးပွားရေးက နောက်ကျကျန်ခဲ့တယ်။ တပ်ဆင်မှုယန္တရားတွေက လျော့တိလျော့ရဲနိုင်ခဲ့တယ်။ စိတ်ဓာတ်ရေးရာအရ ရှေးရိုးစွဲခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းအထင်ကြီးခဲ့တယ်။ အဲ့ဒီချို့ယွင်းချက်တွေကြောင့် ကြီးမားတဲ့ (တရုတ်ဦးဆောင်တဲ့) ကမ္ဘာစနစ်ဟာ စွမ်းအင်တွေ တဖြည်းဖြည်းလျော့ပါးပျောက်ကွယ်ပြီး နောက်ဆုံးမှာ အနောက်တိုင်း အင်အားကြီးနိုင်ငံများရဲ့ ကိုလိုနီချဲ့ထွင်မှုကြောင့် ပျက်စီးသွားခဲ့တယ်။ တရုတ်ပြည်ဟာလည်း ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်းလူ့အဖွဲ့အစည်းအဖြစ် လျှောကျသွားပြီး အနောက်တိုင်းရဲ့ဖိအားပေးမှုအောက်မှာ အမှီခိုကင်းမှုနဲ့ ကိုယ်ပိုင်ပြဌာန်းမှုကို လုံးဝမဖော်ဆောင်နိုင်ဘဲ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးအတွင်းမှာ အဆွယ်အပွားအဆင့်နေရာမှာပါ ရောက်သွားတယ်။ ဒီနေရာမှာ တရုတ်ပြည်လူ့အဖွဲ့အစည်းဟာ ကိုလိုနီဘဝ ရောက်သွားခဲ့ဖူးတဲ့ အခြားလူ့အဖွဲ့အစည်းတော်တော်များများနဲ့ တူပါတယ်။ အဲ့ဒီနိုင်ငံအားလုံးဟာ ‘အဆွယ်အပွား အဆင့်နေရာ’ဆိုတဲ့ပြဿနာအပေါ် သဘောထားတဲ့နေရာမှာ အစိုးရတွေရဲ့ရပ်တည်ချက်နဲ့ ပြည်သူ့အင်အားစုတွေရဲ့ ရပ်တည်ချက်ဟာ ထင်ထင်ရှားရှား ကွာဟနေကြပါတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းမှ အကျိုးစီးပွားဖြစ်ထွန်းသူ၊ လူမှုအင်အားစုကို ကိုယ်စားပြုထားတဲ့အစိုးရကတော့ အနောက်တိုင်းအပေါ် လိုလိုလားလားနဲ့ မှီခိုခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့အင်အားစုတွေကတော့ အနောက်အင်အားတွေရဲ့ထိန်းချုပ်မှုကို နည်းမျိုးစုံနဲ့ဆန့်ကျင်ကြပြီး တန်းတူညီမျှမှုမရှိတဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုကို ဖျက်သိမ်းဖို့ ကြိုးစားကြပါတယ်။ တရုတ်ပြည်မှာ အဲ့ဒီလို ပြည်သူ့အင်အားစုတွေရဲ့တောင်းဆိုချက်တွေကို တရုတ်ပြည်ကွန်မြူနစ်ပါတီက စုစည်းကိုယ်စားပြုခဲ့ပါတယ်။ ပါတီဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့အောင်မြင်ချက်တွေကိုကြည့်ပြီး ငါတို့လည်းပဲ တခြားလမ်းကြောင်းတခုကို ရှာဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေရရှိလာပါတယ်။
ဒါကြောင့် ဒုတိယအဆင့်ဖြစ်တဲ့ (၁၉၄၉)ခုနှစ်မှ (၁၉၇၈)ခုနှစ်အထိကာလဟာ လက်တွေ့မှာ ကွန်မြူနစ်တွေအနေနဲ့ ဆိုဗီယက်ပြည်ထောင်စုကို နမူနာထားပြီး လမ်းထွင်တဲ့ကာလဖြစ်ပါတယ်။ ကွန်မြူနစ်တွေရဲ့လမ်းထွင်ချက်တွေဟာ အနောက်တိုင်းရှေ့ဆောင်တဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်တွေကို အတိုင်းအတာ အတော်ကြီးမားစွာ ဖယ်ရှားခဲ့၊ ဆန့်ကျင်ခဲ့ပါတယ်။
ကျယ်ပြန့်တဲ့အဓိပ္ပာယ်ရှုထောင့်အရပြောရရင် အဲဒီဖယ်ရှားမှုနဲ့ ဆန့်ကျင်မှုတွေဟာလည်းပဲ တကမ္ဘာလုံး လက္ခဏာဆောင်မှုဖြစ်စဉ်ကြီးရဲ့ မရှိမဖြစ်တဲ့အစိတ်အပိုင်းတွေဖြစ်ပြန်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖယ်ရှားမှု ဆန့်ကျင်မှုတွေဟာ‘အနောက်တိုင်းဗဟိုချက်မ’ အမြင်တွေရဲ့ဩဇာဂယက်ကို လျော့ကျသွားစေရုံတင် မကပါဘူး၊ ကိုလိုနီဘဝကျရောက်ဖူးခဲ့တဲ့လူ့အဖွဲ့အစည်းအတွက်လည်း မိမိတို့ကိုယ်ပိုင်အင်အားနဲ့ ဈေးဆစ်နိုင်စွမ်းအားတို့ကို တိုးပွားအောင်လုပ်ရေးမှာ ကာလတခု အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီအချက်ကြော င့် တကမ္ဘာလုံးလက္ခဏာ ဆောင်မှုဖြစ်စဉ်အတွင်း ပိုမိုတရားမျှတစွာ၊ ပိုမိုတန်းတူစွာပါဝင်နိုင်ရေးအတွက်အခြေခံတွေ ရရှိလာပါတယ်။ ဒါပေမဲ့ အဆိုပါဆန့်ကျင်မှုတွေနဲ့ ဖယ်ရှားမှုတွေမှာလည်း မိမိဘာသာ အားလုံးဖြေရှင်းနိုင်စွမ်းမရှိတဲ့အားနည်းချက်တွေ ရှိနေတာကိုမြင်ထားဖို့လိုပါတယ်။
ပထမအားနည်းချက်က ဒီဇြစ်စဉ်ကြီးကို ကာလရှည်ကြာစွာ ဖယ်ရှားစွန့်ပယ်ထားခြင်းအားဖြင့် ကိုယ့်ဘာသာ ပိတ်လှောင်ထားတာ၊ မာတောင့်နေတာတွေဖြစ်လာပြီး ဒီဖြစ်စဉ်ကြီးထဲကအကျိုးအမြတ်တွေကို လုံးဝ မရနိုင်တော့ဘူးပေါ့။ ဒုတိယအားနည်းချက်ကတော့ ဒီဖြစ်စဉ်ကိုဆန့်ကျင်တာ ဖယ်ရှားတာတွေနဲ့ တချိန်တည်းမှာ ကိုယ်လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးပုံစံကိုယ်၌ကလည်း တဖက်သတ်၊ တကြောင်းတိုက်၊ တံခါးလှောင်ပိတ်တဲ့ပုံစံ ဖြစ်နေပြန်တယ်။ ဒါကြောင့် တကမ္ဘာလုံးလက္ခဏာဆောင်မှုပင်မရေစီးကို ဖယ်ရှားစွန့်ပယ်မှုနဲ့ဆန့်ကျင်မှုတို့ဟာ နိုင်ငံရေးအမှီအခိုကင်းမှုကို ဖော်ဆောင်နိုင်ပေမယ့် စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ဘက်များစွာမှာတော့ တခုလုံးအနေ သဘောထားချင်းယှဉ်ရင် သူများထက်နောက်ကျကျန်ခဲ့တယ်။ နောက်ဆုံးရလာဒ်အနေနဲ့ တံခါးပိတ်သမားတွေက ပိုပြီးပိတ်လာကြတယ်။ အားနည်းသူတွေက ပိုမိုပြီးအားနည်းလာကြတယ်။
တတိယအဆင့်က (၁၉၇၈)ခုနှစ်ကနေ အခုအချိန်ထိ တလျှောက်လုံးဖြစ်ပါတယ်။ ဒီအဆင့်မှာ အခြေခံအကျဆုံး အမှတ်အသားကတော့ တရုတ်ပြည်အား တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးထဲက နယ်ပယ်အသီးသီးအတွင်းသို့ လက်ဦးမှုရှိရှိ၊ နက်ရှိုင်းမှုရှိရှိပါဝင်တယ် ဆိုတဲ့အချက်ပါပဲ။ ‘ကမ္ဘာကြီးဟာ တရုတ်ပြည်ပဲ၊ တရုတ်ပြည်ဟာလည်း ကမ္ဘာကြီးပဲ’ဆိုတဲ့စကားက ဒီတကြိမ် တရုတ်ပြည် တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ကြီးထဲပါဝင်လာပုံကို အသက်အပါဆုံး ချယ်မှုန်းပြလိုက်ပါတယ်။
တရုတ်ပြည်အနေနဲ့ ဒီဖြစ်စဉ်ကြီးထဲကို ဘက်ပေါင်းစုံပါဝင်လာရာမှာ ထားတဲ့ အခြေခံဗျူဟာက ‘ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ’ပဲဖြစ်ပါတယ်။ ဗဟိုအစိုးရကလှုံ့ဆော်တဲ့ ‘ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ’ဟာ တဘက်မှာ ဒေသတွေ၊ ဌာနတွေ၊ လူထုတွေကို ပိုမိုကြီးမားတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကို ချပေးလိုက်ပြီး၊ သူတို့တွေရဲ့တက်ကြွမှုနဲ့ တီထွင်ဖန်တီးမှုတွေကို ထိုးဆွဖော်ထုတ်လိုက်ပါတယ်။ အခြားတဘက်မှာဆိုရင်လည်း တိုင်းပြည်ရဲ့တံခါးတွေကို ဖွင့်ပေးလိုက်ကာ တရုတ်ပြည်နဲ့ ပြင်ပကမ္ဘာတခုလုံးအကြား ဘက်ပေါင်းစုံထိတွေ့ဆက်ဆံတယ်ဆိုတာ တရားဝင်သဘောဆောင်လာစေတယ်။ အခိုင်အမာကျကျပြောရရင် တရုတ်ပြည်ဟာ အနောက်ပိုင်းနိုင်ငံအသီးသီးနဲ့ နိုင်ငံရေးအရဆက်ဆံနေတာတွေကိုတိုးချဲ့လိုက်ပြီး ‘စစ်အေး’ကြောင့် အေးတိအေးစက်ဖြစ်နေခဲ့တဲ့ဆက်ဆံရေးတွေကို ပြေပြေလည်လည်ဖြစ်စေလိုက်တယ်။
စီးပွားရေးအရဆိုရင် တရုတ်ပြည်ဟာ ဘက်နှစ်ဘက်က အစချီလုပ်ပါတယ်။ ပထမဘက်ကတော့ စီးပွားရေးအထူးဇုံနယ်တွေကို ရှေးဦးနမူနာထားပြီး ပင်လယ်ကမ်းရိုးတန်းမြို့များ၊ မြစ်ရိုးတလျှောက်မြို့များနဲ့ ကုန်းတွင်းပိုင်းဒေသများစသဖြင့် တံခါးတွေ တပေါက်ပြီးတပေါက် ဆက်တိုက်ဖွင့်ပေးသွားပြီး စက်ဝန်းအထပ်ထပ် တံခါးဖွင့်ပေးတဲ့ပုံစံအရ လုပ်ကိုင်သွားမယ်။ ဦးစားပေးပေါ်လစီတွေကျင့်သုံးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မယ်။ ဒီနည်းနဲ့ နိုင်ငံတကာအလုပ်ခွဲဝေမှုပုံစံထဲကို အတော်အတန်ချောမောစွာနဲ့ ပါဝင်သွားမယ်။
ဒုတိယဘက်ကတော့ ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်ကိုတည်ဆောက်ကာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေအရ တတ်နိုင်သမျှလုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်မှုအတွင်းသို့ပါဝင်ဖို့အတွက် စည်းစနစ်အရအာမခံချက်တွေရှိလာအောင် လုပ်မယ်။ အတွေးအခေါ်နဲ့ယဉ်ကျေးမှုအရဆိုရင်လည်း ‘အတွေးအခေါ် လွတ်မြောက်ရေး’ လှုပ်ရှားမှုက ‘တားမြစ်နယ်မြေ’အတော်များများကို ထိုးဖောက်ပစ်လိုက်ပြီး နိုင်ငံခြားက တိုးတက်တဲ့အတွေးအခေါ်တွေ ဝင်ရောက်လာစေဖို့အတွက် အချက်အလက်တွေကို ဖန်တီးပေးလိုက်တယ်။ ဆက်သွယ်ရေးကိရိယာတွေ မပြတ်တိုးတက်နေတာ၊ လူတွေကလည်း နိုင်ငံတခုကနေတခုသို့ မကြာခဏ ရွှေ့ပြောင်းသွားလာနေတာတွေကြောင့် တရုတ်ပြည်နဲ့ ကမ္ဘာကြီးအကြား ဆက်သွယ်ဖလှယ်မှုတွေကလည်း ဘက်ပေါင်းစုံကျယ်ပြန့်လာနေပါတယ်။ ပြောလို့ရတာကတော့ ပြုပြင်ပြောင်းလဲရေးနဲ့တံခါးဖွင့်ပေါ်လစီတွေ လုပ်ဆောင်နေတာကြောင့် တရုတ်ပြည်ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဘက်ပေါင်းစုံစုံလင်လင်နဲ့ပါဝင်လာနိုင်ပြီး ကမ္ဘာ့အသိုင်းအဝိုင်းထဲမှ မိမိရရဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ ငွေအရင်းအနှီးတွေ၊ အတတ်ပညာတွေ၊ အသိပညာတွေနဲ့ အနှစ်သာရကျကျ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အတွေးအခေါ်တွေကို ရရှိလာနိုင်ပါတယ်။ (ဆက်လက်ဖော်ပြပါမယ်)
0 comments:
Post a Comment