ယန်ရွယ်တုန်းနဲ့ ဝမ်လျဲ့ တို့ရဲ့ဆွေးနွေးခန်း “မျက်မှောက်ကမ္ဘာနဲ့ဆိုရှယ်လစ်ဝါဒဂျာနယ်” ၁၉၉၈ ခုနှစ် အမှတ်(၃) ဇူလိုင်လထုတ် တရုတ်ဘာသာကနေ ဗမာလိုပြန်ထားတဲ့ “တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ တရုတ်ပြည်” လေ့လာဆွေးနွေးချက်များဆိုတဲ့စာတမ်းမှာ “တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်”ကိုကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။
ယန်ရွယ်တုန်း။ အရင်းရှင်အသိုင်းအဝိုင်းတွေက ဆိုဗီယက်နဲ့အရှေ့ဥရောပအုပ်စုကြီးပြိုကွဲသွားမှုကြောင့် ကာလတခု အရူးအမူးအူမြူးသွားခဲ့ဖူးတယ်။ အရင်းရှင်စနစ်နမူနာကြီးဟာ တကမ္ဘာလုံးမှာ ဘက်ပေါင်းစုံအောင်မြင်မှုတွေ ရလာတော့မယ်ဟေ့....ဆိုပြီး အနောက်တိုင်းပညာရှင်တချို့က အလွန်အောင်မြင်စွာ အကဲဖြတ်ခဲ့ကြတယ်။
ဒါပေမဲ့ (၉၀)ခုနှစ်ကာလထဲဝင်လာပြီးမကြာခင်မှာပဲ အဲ့ဒီ အူမြူးအကောင်းမြင်စိတ်ဓာတ်တွေဟာငြိမ်ကျသွားပြီး အနောက်ကမ္ဘာတခုလုံးဟာ ကိုယ့်ဟာကိုယ် ပြန်လှန်သုံးသပ်လာကြရပြန်တယ်။ ‘ပရက်ကင်စကီး’ရေးတဲ့ (ဝရုန်းသုဉ်းကားဖြစ်မှုကြီးနဲ့အထိန်းအကွပ်မဲ့မှုကြီး)ဆိုတဲ့စာအုပ်၊ ‘အယ်လ်တေး’ရေးတဲ့ (အရင်းရှင်စနစ်က အရင်းရှင်စနစ်ကိုဆန့်ကျင်ခြင်း)ဆိုတဲ့စာအုပ် စတာတွေဟာ အဆိုပါပြန်လှန်သုံးသပ်မှုတွေရဲ့ရလဒ်များဖြစ်တယ်။ အမြော်အမြင်ရှိတဲ့ အနောက်တိုင်းပညာရှင်အချို့ဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းက အရင်းရှင်စနစ်ကြီးရဲ့ကံကြမ္မာနဲ့ပတ်သက်လို့ အတော့ကိုစိုးရိမ်တကြီးဖြစ်နေကြတယ်ဆိုတာကို ဒါတွေက ဖော်ပြနေပါတယ်။
ဝမ်လျဲ့။ ဟုတ်ပါတယ်။ အရင်းရှင်စနစ်ကြီးအနေနဲ့ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းမှာ မိမိအတွင်းပိုင်းပဋိပက္ခကို ဖြေရှင်းမှဖြေရှင်းနိုင်ပါ့မလားဆိုတာ မသေချာမရေရာဖြစ်နေကြလို့ ဒီလိုစိုးရိမ်နေကြတာပါ။ စီးပွားရေးတကမ္ဘာလုံးလက္ခဏာဆောင်တာလာနဲ့အမျှ အရင်းရှင်စနစ်လူ့အဖွဲ့အစည်းကကိုးကွယ်ထားတဲ့ လွတ်လပ်မှုနဲ့ဒီမိုကရေစီဆိုတဲ့ တန်ဖိုးထားချက်ကြီးနှစ်ရပ်အကြားရှိပဋိပက္ခဟာလည်း ပိုပြီးသည်းသန်လာတယ်။
လွတ်လပ်မှုဆိုတာ လူတဦးချင်းစီရဲ့လွတ်လပ်မှုဖြစ်ပြီး လွတ်လပ်မှုကို အကောင်အထည်ရှိရှိ တွေ့မြင်နိုင်တဲ့သဏ္ဍန်တွေထဲမှာ ဈေးကွက်ဆိုတာအရေးအကြီးဆုံးစနစ်သဏ္ဍန်ဖြစ်တယ်ဆိုတဲ့အချက်၊ ဒီမိုကရေစီဆိုတာကတော့ တန်းတူမှုကိုပိုမိုအလေးထားပြီး ဒီမိုကရေစီစနစ်ကျပြန်တော့ နိုင်ငံတော်စနစ်အပေါ် အမှီပြုထားတယ်ဆိုတဲ့အချက်တို့ကို ကျနော်တို့သိရှိထားကြပါတယ်။ လွတ်လပ်မှုနဲ့ဒီမိုကရေစီဆိုတာ အတွင်းအနှစ်သာရတန်ဖိုးထားချက်အရပြောပြော၊ အပြင်ပိုင်း စည်းစနစ်ဆိုင်ရာအကောင်အထည်အရဆိုဆို ပဋိပက္ခတွေကတော့ ရှိနေတာပါ။
ဒီမိုကရေစီနဲ့လွတ်လပ်တဲ့စီးပွားရေးဆိုတာ အခြေခံကျတဲ့ပဋိပက္ခတစုံဖြစ်ကြောင်း၊ ဒီမိုကရေစီဝါဒက ရှယ်ယာလက်မှတ်ကိုအသုံးပြုကာ ပြဿနာတွေကိုဆုံးဖြတ်တတ်တဲ့၊ တန်းတူရေးကိုရရှိဖို့ကြိုးစားတဲ့ကမ္ဘာလောက ဖြစ်ကြောင်း၊ လွတ်လပ်တဲ့စီးပွားရေးကတော့ လူလူချင်းအကြားကွာဟမှုတွေကိုဖန်တီးခဲ့ကြောင်းကို အမေရိကန်ဘောဂဗေဒပညာရှင် ‘ဆင်ရောင်း’က သူ့ရဲ့ ၁၉၉၆ ခုနှစ်ထုတ်(အရင်းရှင်စနစ်ရဲ့အနာဂတ်)ဆိုတဲ့စာအုပ်မှာ ရှင်းရှင်းလင်းလင်းတင်ပြထားပါတယ်။
တစုံတရာအတိုင်းအတာအရ ကန့်သတ်ပြောကြစတမ်းဆိုရင်တော့ အရင်းရှင်စနစ်လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်ဆိုတာ ဒီမိုကရေစီဝါဒနဲ့လွတ်လပ်တဲ့စီးပွားရေးတို့ တခုနဲ့တခုမျှတအောင် မပြတ်ထိန်းညှိနေတဲ့ဖြစ်စဉ်ပါပဲ။ လွတ်လပ်မှုကိုအလေးထားခြင်းကြောင့် အရင်းရှင်စနစ်ဖွံ့ဖြိုးတိုးတက်မှုဟာ တက်ကြွတဲ့အင်အားတွေပြည့်ဝသွားတာမှန်ပေမယ့် ဈေးကွက်ကျယ်ပြန့်လာတာ၊ တဦးချင်းကလေးတွေ ဖောင်းပွများပြားလာတာကြောင့် လူ့အသိုက်အဝန်းတွေရဲ့တည်မြဲမှုဟာ အခြိမ်းအခြောက်ခံနေရပြန်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီဟာ လွတ်လပ်မှုရဲ့ဟာကွက်ကို ဖာထေးပေးလိုက်တယ်။ ဆိုလိုတာက အရင်းရှင်စနစ်အတွင်း အမြတ်အစွန်းလိုက်စားမှုတွေကြောင့် လူမှုအသိုက်အဝန်းတွေပျက်စီးသွားတာမဖြစ်စေဖို့ ဒီမိုကရေစီစနစ်သဏ္ဍန်က အာမခံချက်ပေးလိုက်ပါတယ်။
ဒီမိုကရေစီနဲ့လွတ်လပ်မှုတို့ဟာ တချိန်တခါက နှိုင်းယှဉ်ချက်အရ သဟဇာတရှိပေမယ့် (၉၀)ခုနှစ်ကာလအတွင်း ချဉ်းနင်းဝင်ရောက်လာပြီးနောက်မှာတော့ ဈေးကွက်(လွတ်လပ်မှုရဲ့စနစ်အလွန်)ဟာ နိုင်ငံတော်(ဒီမိုကရေစီစနစ်အလွန်)ရဲ့ နယ်ပယ်အဝန်းအဝိုင်းကို လုံးပါး ပါးအောင်တိုက်စားခဲ့တာကြောင့် လွတ်လပ်မှုဘက်ကအသာစီးရသွားတာ ထင်ရှားပါတယ်။ အရင်းအနှီးရဲ့အင်အားဟာ မပြတ်ကြီးထွားနေတဲ့အတွက် လူမှုဖူလုံရေးနိုင်ငံတော်စနစ်ဟာ အရင်းအနှီးတိုးချဲ့ရေးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေတာကို ခံစားလာရတယ်။ ဒါကြောင့် အရင်းအနှီးဘက်တော်သားများ ပြောကြဆိုက လုပ်ကြကိုင်ကြတာတွေအားလုံးမှာ နိုင်ငံတော်ရဲ့ရရှိထားပြီးသား တရားဝင်အဆင့်နေရာကို အစွမ်းကုန်ထိုးနှက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ဒီအဆင့်နေရာဆိုတာမှာလည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဘဝ အားလုံးပါပါတယ်။ နိုင်ငံတော်စနစ်ဟာ လူ့အဖွဲ့အစည်း ထိရောက်ချောမောစွာဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေတဲ့ လွတ်လပ်မှုနဲတရားမျှတမှုကိုဖျက်ဆီးတဲ့ ထိပ်ဆုံးရာဇဝတ်ကောင်ကြီးသာဖြစ်တယ်လို့ဆိုပြီး ထိုးနှက်နေကြပါတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်မှုဖြစ်စဉ်အတွင်းမှာ အမြတ်အစွန်းတွေ အကြီးအကျယ်ရရှိခဲ့တဲ့ နိုင်ငံဘောင်ကျော်အရင်းအနှီးများဘက်ကဆိုရင် မိမိရဲ့တရားဝင်မှုကိုသက်သေထူပေးတဲ့ အားအကောင်းဆုံးသာဓကအဖြစ် လွတ်လပ်မှုဆိုတာကို လက်ညှိုးထိုးပြတတ်ကြတယ်”လို့ သူတို့နှစ်ဦးက တင်ပြဆွေးနွေးကြပါတယ်။ (ဒီအခန်းကို ဆက်လက်တင်ပြပေးသွားပါမယ်)
0 comments:
Post a Comment