(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ”မှ “မိန်းမမြတ်တို့၏တန်ဖိုး”တတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)
“ဒီတော့မိန်းမတစ်ယောက်ကို ကိုယ်ကာယဖွံ့ဖြိုးတိုးတက်လာအောင် ပုံသွင်းပေးရမယ်။ ပြီးတော့မှ တရားမှန်ကန်တဲ့ ဆင်ခြင်တုံစိတ်တွေ၊ မေတ္တာစိတ်တွေ ပေါ်ပေါက်ရှင်သန်လာအောင် သူ့ကို အတွေးအခေါ် ပေးရမယ်၊ ပညာ ပေးရမယ်။ သူ့ကိုပေးလိုက်တဲ့ပညာရေးဟာ ယောက်ျားတွေရဲ့ အလုပ်ကို နားလည်စေမယ့်၊ အကူညီပေးနိုင်မယ့်ပညာရေးမျိုး ဖြစ်ရလိမ့်မယ်။ ဒီလိုပညာပေးတဲ့ နေရာမှာလည်း ဒီပညာရေးဟာ သိရုံ နားလည်ရုံပညာရေးမျိုး မဖြစ်စေသင့်ဘဲ သူကိုယ်တိုင်ခံစားပြီး သူကိုယ်တိုင်ဆုံးဖြတ်မှုမျိုးပေးနိုင်တဲ့ ပညာသင်ကြားမှုမျိုး ဖြစ်စေသင့်တယ်။ အဲ့ဒီအမျိုးသမီးအဖို့ ဘာသာစကားတွေအများကြီးတတ်တာ မတတ်တာ ပဓာနမဟုတ်ပါဘူး။ အရေးကြီးတာက အဲဒီ မိန်းမဟာ လူစိမ်းသူစိမ်းတစ်ယောက်ကို ကြင်နာပြနိုင်တဲ့မိန်းမမျိုး ဖြစ်သင့်တယ်။ နိုင်ငံခြားဘာသာ စကားတစ်ခုကို နားမလည်သည့်တိုင် အဲ့ဒီ ဘာသာစကားဟာ ချိုသာတဲ့ဘာသာစကားဖြစ်တယ် ဆိုတာကို နားလည်တတ်တဲ့မိန်းမဖြစ်ရမယ်။
“ပြီးတော့ ထိုသိပ္ပံပညာတွေ၊ ဒီအတတ်ပညာတွေကို နားလည်လို့လည်း ဒီလောက်ဂုဏ်ယူစရာ မဟုတ် ပါဘူး။ အရေးကြီးတာက အဲဒီမိန်းမဟာ တိကျရှင်းလင်းစွာတွေးခေါ်တတ်တဲ့ အလေ့အကျင့်ကို ရအောင် လေ့ကျင့်လာခဲ့တဲ့မိန်းမမျိုးဖြစ်ရမယ်။ လောကနိယာမတရားတွေ၊ လောကဓံတရားတွေကို မလွှဲမရှောင်သာတွေ့ရတဲ့တရားတွေဖြစ်ကြောင်း၊ အဲဒီတရားတွေဟာ ကြောက်ရွံ့အပ်တဲ့တရားများ မဟုတ်ဘဲ ချစ်ခင်နှစ်သက်အပ်တဲ့အရာတွေသာဖြစ်ကြောင်း သူ့ကို သင်ကြားပေးရမယ်။ အနည်းဆုံး သိပ္ပံပညာတစ်ရပ်ကို လိုက်စားသင့်ကြောင်း၊ အသိပညာရှိခြင်းဟာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချခြင်းဆိုတဲ့ တောင်ကြားကြီးထဲကို ဆင်းရတာနဲ့တူကြောင်း၊ လောကမှာ ဉာဏ်ပညာအရှိဆုံး အရဲရင့်ဆုံးသူများ သာလျှင် အဲဒီတောင်ကြားကိုဆင်းဝံ့တဲ့သတ္တိရှိပြီး ကလေးငယ်များပမာ အဆုံးအစမရှိတဲ့ ကျောက်စရစ်ခဲလုံးလေးများကို လိုက်ရှာတတ်ကြကြောင်း သူ့ကို သတိပေးရမယ်။
“ကမ္ဘာမှာ ဘယ်မြို့ကြီးဟာ ဘယ်နေရာမှာတည်ရှိတယ်၊ ဘာအဖြစ်အပျက်ကြီးဟာ ဘယ်နေ့မှာ ဖြစ်ပွားတယ်၊ ဘယ်သူတွေဟာဖြင့် ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာတွေကို သိတာဟာ ဒီလောက်အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ပညာသင်ခြင်းရဲ့ရည်ရွယ်ချက်ဟာ မိန်းမတစ်ယောက်ကို အဘိဓာန်စာအုပ်တစ်အုပ်၊ စွယ်စုံကျမ်းတစ်စောင်ဖြစ်အောင်လုပ်ပေးဖို့ မဟုတ်ဘူး။ သမိုင်းကိုဖတ်တယ်ဆိုရင် အဲ့ဒီသမိုင်းကို ဝိညာဉ်တစ်ခုလုံးမြှုပ်နှံပြီး စိတ်ရောကိုယ်ပါ ဖတ်တတ်အောင် သင်ကြားပေးရမယ်။ သမိုင်းဆရာက သူ့အတွေးအခေါ်ကြောင့် မလိုအပ်ဘူးထင်လို့ ချန်လှပ်ပစ်ခဲ့တာတွေ၊ အစီအစဉ်ကျအောင်ရွေးထုတ်လိုက်ရလို့ ချန်လှပ်ပစ်ခဲ့တာတွေ၊ သနားစရာ အဖြစ်အပျက်တွေ၊ သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ ဆက်သွယ်မှုတွေကို သူ့ရဲ့ ထက်မြက်တဲ့ပကတိဉာဏ်နဲ့ ဖတ်တတ်အောင် သင်ကြားပေးရမယ်။
“အရေးအကြီးဆုူံကတော့ ပြီးသွားခဲ့တဲ့သမိုင်းတွေကို စာနာစိတ်အပြည့်နဲ့ဖတ်တတ်အောင် သင်ကြားပေးဖို့ဖြစ်တယ်။ အဲဒီလို စာနာစိတ်နဲ့ သမိုင်းကိုဖတ်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ ဘေးဒုက္ခ အပေါင်းတို့ကိုလည်း စာနာစိတ်နဲ့ကြည့်တတ် ခံစားတတ်အောင် သင်ကြားပေးရမယ်။ ကိုယ်လည်း ဒီလိုဘေးဒုက္ခကြုံလာရင် ဘယ်လိုပြုမူသင့်တယ်၊ ဘယ်လိုနှလုံးသွင်းသင့်တယ်ဆိုတာကိုသိလာအောင် အလေ့အကျင့်လုပ်ပေးသင့်တယ်။
“မိန်းကလေးတစ်ယောက်ရဲ့ ပညာသင်ကြားရေးဟာ သင်ခန်းစာဖြင့်လည်းကောင်း၊ လေ့ကျင်မှုအားဖြင့်လည်းကောင်း ယောက်ျာလေးတစ်ယောက်ရဲ့ပညာသင်ကြားရေးနှင့် အားလုံးလောက်နီးပါး တူတယ်။ ဒါပေမဲ့ ပညာသင်ကြားရေးရဲ့ ရည်ရွယ်ဦးတည်ချက်ကတော့ ခြားနားရလိမ့်မယ်။ ဘယ်လိုမိန်းမပဲဖြစ်ဖြစ် ကိုယ့်လင်သားသိချင်တဲ့အချက်ကို သူလည်း သိသင့်တယ်။ ဒါပေမဲ့ သိပုံသိနည်းကတော့ ခြားနားတယ်။ ယောက်ျားသိပုံသိနည်းက ယေဘုယျကျပြီး နေ့စဉ်ကိစ္စတွေမှာ ကူညီဖို့ အသုံးကျဖို့ဖြစ်တယ်။ ယောက်ျားတစ်ယောက်ဟာ နိုင်ငံခြားဘာသာစကား တစ်ခုကို နားလည်သင့်တယ်။ သိပ္ပံပညာရပ်တစ်ခုခု လေ့လာသင့်တယ်။ ဒါပေမဲ့ မိန်းမတစ်ယောက် ကတော့ သူ့ယောက်ျားရဲ့စိတ်ချမ်းသာမှု၊ သူ့ယောက်ျားရဲ့မိတ်ဆွေရင်းချာတွေရဲ့စိတ်ချမ်းသာမှုကို စာနာတတ်ရုံ ဘာသာစကားသစ်တစ်ခုနဲ့ သိပ္ပံပညာတစ်ခုကိုနားလည်ရင် တော်လောက်ပြီလို့ ကျွန်တော်ထင်တယ်။
“ယောက်ျားတစ်ယောက်ရဲ့ပညာရေးနဲ့ မိန်းကလေးတစ်ယောက်ရဲ့ပညာရေးတို့ခြားနားပုံကို ကျွန်တော် အကျဉ်းချုပ်ပြောခဲ့ပါပြီ။ ဒီနှစ်ယောက်မှာ မိန်းကလေးရဲ့အသိဉာဏ်ဟာ အဖွံ့ဖြိုးမြန်လေတော့ မိန်းကလေးရဲ့ပညာသင်ကြားရေးကို အရင်စသင့်တယ်လို့ထင်တယ်။ အထူးသဖြင့် လေးနက်ကြီးကျယ်တဲ့ဘာသာရပ်တွေကို လေ့လာရာမှာ မိန်းကလေးရဲ့အသိဉာဏ်ဟာ အဖွံ့ဖြိုး မြန်လေ့ရှိတယ်။ ဒါကြောင့် သူဖတ်တဲ့စာပေဟာလည်း လေးနက်တည်ကြည်တဲ့စာပေမျိုး ဖြစ်သင့်တယ်။ သူ့မှာ ပင်ကိုယ်ရှိတဲ့ တင်္ခနုပ္ပတ္တိဉာဏ် အတွေးအခေါ်ထက်မြက်မှုတို့ကို စိတ်ရှည်မှုနဲ့ လေးနက်မှုတို့ ထပ်လောင်းဖြည့်စွက်ပေးနိုင်တဲ့ စာပေမျိုးတွေကို အထူးသဖြင့် ဖတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်စာအုပ်ကို ရွေးဖတ်ရမယ်လို့တော့ ကျွန်တော် ခုချက်ခြင်း မပြောလို သေးဘူး။ သူဖတ်တဲ့စာအုပ်ဟာ မိုက်မဲမှုဆိုတဲ့အညစ်အကြေးရေတွေပက်ဖျန်းတဲ့ အပေါစား စာအုပ်တွေမဖြစ်ဖို့ လိုတယ်ဆိုတာလောက်ကိုပဲ ကျွန်တော်ပြောချင်တယ်။
“ဒီနေရာမှာတောင်မှ ကျွန်တော် နည်းနည်း ထပ်ရှင်းချင်သေးတယ်။ ခတ်ညံ့ညံ့ဝတ္ထုတွေကိုဖတ်တာကို ကျွန်တော်က မစိုးရိမ်ပါဘူး။ ဒါပေမဲ့ ဝတ္ထုတွေကိုအစွဲကြီးစွဲပြီး ဝတ္ထုတွေထဲက တလွဲအတုခိုးမှာမျိုး ကိုတော့ ကျွန်တော်စိုးရိမ်တယ်။ အညံ့ဆုံးဆိုတဲ့အချစ်ဝတ္ထုဟာ ဘာသာရေးနဲ့ပတ်သက်လို့ အလွဲလွဲ အမှားမှားရေးထားတဲ့စာအုပ်တွေလောက် ကြောက်စရာမကောင်းပါဘူး။ အညံ့ဆုံးဆိုတဲ့ဝတ္ထုဟာ မှားနေတဲ့သမိုင်းစာအုပ် တစ်အုပ်၊ မှားနေတဲ့ ဒဿနစာအုပ် တစ်အုပ်၊ မှားနေတဲ့ နိုင်ငံရေးကျမ်း တစ်ကျမ်းလောက် မဆိုးပါဘူး။ ဒါပေမဲ့ အကောင်းဆုံးဆိုတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ကတော့ အန္တရာယ် ရှိလာနိုင်တယ်။ အကယ်၍ အဲဒီဝတ္ထုထဲမှာ နေ့စဉ်ဘဝအဖြစ်အပျက်တွေဟာ ငြီးငွေ့စရာကောင်းတယ် ဆိုတဲ့သဘောတွေပါနေရင်၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ တကယ်လုပ်လို့မရနိုင်တဲ့အဖြစ်မျိုးတွေ၊ အမကျိုးမဲ့အချည်းနှီးလုပ်အောင် အားပေးအားမြှောက်ပြုတဲ့သဘောတွေပါရင် အဲဒီအချစ်ဝတ္ထုကောင်းဟာ အန္တရာယ်ဖြစ်လာနိုင်တယ်။
“ဒါ့ကြောင့်မို့ ဒီနေရာမှာ ဝတ္ထုကောင်းတွေကိုဖတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်အလေးအနက် ထားပြီး ပြောချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီနေ့ ဝတ္ထုကောင်းတွေ အများကြီးပေါ်ထွက် နေတယ်။ ကောင်းပါတယ်။ ဖတ်ကြပါ။ ကျွန်တော် ဘာမှမပြောလိုပါဘူး။ ဒီဝတ္ထုတွေဟာ လူတွေရဲ့ စိတ်သဘာဝ၊ လူတွေရဲ့စာရိတ္တနဲ့ပတ်သက်လို့ ဘယ်သို့ဘယ်ညာရှိတယ်ဆိုတာကိုရေးထားကြတဲ့ အတွက် ဒါတွေကိုဖတ်ရင် အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အထင်မှာတော့ စာဖတ်သူတွေက ဒီအချက်ကို ဒီလောက် အလေးမထားကြဘူးလို့ ထင်တယ်။ ဒီလိုဝတ္ထုတွေကိုဖတ်ခြင်းအားဖြင့် ပေါ်ပေါက်လာတဲ့အကျိုးကတော့ ကြင်နာတတ်သူက ပိုပြီးကြင်နာရက်ရောလာပြီး၊ ခါးသီးတတ်သူက ပိုပြီးရက်စက်လာတတ်တယ်လို့ထင်ပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ စာဖတ်တဲ့သူဟာ သူ့စရိုက်အခံနဲ့ညီတဲ့နမူနာမျိုးကိုပဲ ဝတ္ထုထဲကယူတတ်လို့ပဲ။ သူ့စရိုက်အခံနဲ့ မကိုက်ရင်၊ မတူရင် အဲ့ဒီဝတ္ထုထဲကသင်ခန်းစာကိုမယူတော့ဘဲ မေ့ထားလိုက်ကြတယ်။ ဥပမာအားဖြင့် သက္ကရေး ရဲ့ ဝတ္ထုကိုဖတ်တဲ့သူတွေထဲမှာ မာနကြီးပြီး မနာလိုဝန်တိုတတ်တဲ့စာဖတ်သူ များဟာ သူ့ဝတ္ထုထဲက ဒီ့အပြင်အချက်ကိုမယူဘဲ လူ့လောကကြီးနဲ့ လူတွေကိုမုန်းတဲ့စိတ်ကိုပဲ လက်ခံ လိုက်ကြတယ်။ စိတ်သဘောထားနူးညံ့တဲ့စာဖတ်သူများကျတော့လည်း လူ့လောကကြီးကို သနားကြင်နာတဲ့စိတ်ကိုပဲ လက်ခံလိုက်ကြတယ်။ ဉာဏ်တိမ်တဲ့စာဖတ်သူများကျတော့လည်း ဝတ္ထုထဲကလို လူ့လောကကြီးကို ရယ်မောလှောင်ပြောင်တဲ့စရိုက်ကိုပဲ နမူနာယူလိုက်ကြတော့တယ်။
(မူရင်းသတ်ပုံအတိုင်း။ ဆက်ရိုက်ပြီး တင်ပေးပါမယ်။ မျိုးမြင့်ချို)
0 comments:
Post a Comment