"သမိုင်းနိဂုံးချုပ် မချုပ်ကိစ္စ"
၁။ “သမိုင်းနိဂုံးချုပ်” ကိစ္စဟာ ကိစ္စကြီးဖြစ်တယ်။ ဒါကို ဆွေးနွေးချင်ပါတယ်။ ဒီကိစ္စက စစ်အေးခေတ် (၁၉၄၇ - ၁၉၈၉) ပြီးဆုံးစကာလကစပြီး ပေါ်လာတာပါ။ ကွန်ဆာဗေးတစ်လက်သစ် (neo - con) တဦးဖြစ်တဲ့ ဖူကုယာမဆိုသူက စလိုက်တာပဲ။ အတော်ကလေး ဂယက်ထသွားပါတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေရဲ့ ကျမ်းတဆူနီးပါး (သူ့စာအုပ်က) ဖြစ်သွားပါတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ ၂၁ ရာစုထဲလည်း ၀င်လာရော “သမိုင်းက နိဂုံးချုပ်” ဖို့နေနေသာသာ သမိုင်းက အရှိန်အဟုန်နဲ့ဖြစ်ပေါ်တိုးပွားလာတယ်။ အာဖဂန်စစ်၊ အီရတ်စစ်ဖြစ်လာတော့ ဖူကုယာမ ကိုယ်တိုင် နောက်တလှမ်းဆုတ်တယ်။ ထားပါတော့။
၂။ ဖူကုယာမရဲ့အတွေးအခေါ်က မာ့က်စ်ဝါဒ နိဂုံးချုပ်ပြီလို့ ပြောနည်းတမျိုးနဲ့ပြောတာပါ။ မာ့က်စ်ဝါဒရဲ့အစဟာ “ကွန်မြူနစ်ကြေညာစာတမ်း” (၁၈၄၈) ကပါ၊ အဲဒီကြေညာစာတမ်းမှာ သမိုင်းဆိုတာ“ဟာ လူတန်းစားတိုက်ပွဲတွေရဲ့ သမိုင်းပဲလို့ ဖြည့်စွက်ပါတယ်။ ပိုပြီးပြည့်စုံသွားတာပေါ့။
ကျနော်တို့ပါတီက ဖူကူယားမားရဲ့နိဂုံးချုပ်အယူအဆကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတန်းစားကွဲပြားမှုရှိနေသမျှ လူတန်းစားတိုက်ပွဲရှိနေမယ်။ လူတန်းစားတိုက်ပွဲရှိနေသမျှ သမိုင်းလည်းရှိနေမယ်လို့ယူဆလို့ပါ။
၃။ ဖူကုယာမ အဲဒီအယူအဆတင်စဉ်က ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ပါ။ နိုင်ငံတကာ့ ကွန်မြူနစ် အရေးတော်ပုံကြီးတခုလုံး နောက်တလှမ်းဆုတ်နေရချိန်ပါ။ တချို့က အုပ်စီးပျက်ပြီး ကစဥ့်ကလျား ဆုတ်တယ်။ တချိူ့က အုပ်စီးမပျက်အောင် ထိန်းပြီးဆုတ်ကြပါတယ်။ (ကျနော်တို့ပါတီက ဒုတိယအမျိုးအစားမှာ ပါ ပါတယ်။)
အခုဆွေးနွေးချင်တာက ဘာကြောင့်ဆုတ်ရသလဲ ဆိုတာပါ၊ ပုဂ္ဂလိကအမြင်သက်သက်ကို တင်ပြတာပါ။
ဘာကြောင့်ဆုတ်ရသလဲ
(က) ရုရှားတော်လှန်ရေးနဲ့ တရုတ်တော်လှန်ရေးတို့မှာ တူညီတဲ့ထူးခြားချက်ရှိတယ်။ သူတို့ တော်လှန်ရေးတွေဟာ မာ့က်စ်၊ အိန်ဂယ်လ်တို့ တွေးခေါ်ခဲ့သလို ရှေ့တန်းရောက် တိုင်းပြည်တွေက တပြိုင်တည်း အရင်းရှင်အာဏာရှင်စနစ်ကိုတော်လှန်တဲ့ ကမ္ဘာ့တော်လှန်ရေးမျိုးလုပ်တာမဟုတ်ဘူး။ ရှေ့တန်းရောက်တိုင်းပြည်တွေဆိုတာက (အဲဒီတုန်းက) အရင်းရှင်စနစ် အမြင့်ဆုံးအဆင့်ရောက်နေတဲ့ အင်္ဂလန်နဲ့ ဂျာမဏီ၊ ပြင်သစ်နဲ့အမေရိကန်တို့ကိုပဲ ဆိုလိုတာပါ။ ရုရှားပြည်၊ တရုတ်ပြည်တို့က ပဒေသရာဇ်တပိုင်း အရင်းရှင်တပိုင်း ခေတ်နောက်ကျတဲ့တိုင်းပြည်တွေပဲ။ သူတို့တော်လှန်ရေးတွေ နိုင်တာက ရှေ့တန်းရောက် တိုင်းပြည်ကြီးတွေအချင်းချင်း နယ်ချဲ့စစ်ပွဲ(ကမ္ဘာစစ်) ဆင်နွှဲနေကြတာကို ချက်ကောင်းယူနိုင်လို့ပဲ။ ပထမကမ္ဘာစစ်မှာ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်ကတဖက် ဂျာမဏီက တဖက် စစ်ဖြစ်နေတာကို ချက်ကောင်းယူနိုင်လို့ ရုရှားတော်လှန်ရေး အောင်မြင်တာပဲ။
တရုတ်တော်လှန်ရေးကလည်း ဒုတိယကမ္ဘာစစ်ကို ချက်ကောင်းယူနိုင်လို့အောင်မြင်တာပဲ။ ဒီမှာ သင်ခန်းစာထုတ်ယူနိုင်တာက နိုင်ငံတကာ့အခြေအနေကို ချက်ကောင်းယူပြီး မိမိပြည်တွင်း တော်လှန်ရေးကို အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့သင်ခန်းစာ ဖြစ်တယ်။
(ခ) ဖွံ့ဖြိုးပြီးနိုင်ငံတွေ(ရှေ့တန်းရောက်နိုင်ငံတွေ)က အမြဲတမ်း သူတို့အချင်းချင်း စစ်တိုက်နေကြတာ မဟုတ်ဘူး။ အထူးသဖြင့် ၁၉၄၇ လောက်ကစပြီး သူတို့အချင်းချင်းသွေးစည်းနေကြတယ်။ အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ကို ခေါင်းဆောင်တင် ဗိုလ်လုပ်ခွင့်ပေးပြီး စည်းလုံးနေကြတယ်။ သူတို့အချင်းချင်း ပဋိပက္ခဖြစ်ရင်လည်း စစ်ဖြစ်လောက်သည်အထိ မပြင်းထန်အောင် ထိန်းညှိ ကြတယ်။ အဲဒီလိုလုပ်နေတာ အခုအထိပဲ။
၁၉၄၇ က အခုအထိ (နှစ် ၆၀) ကျတော့ တမျိုးဖြစ်တယ်။ ကျေကျေနပ်နပ်ပဲ အမေရိကန်ကို ဗိုလ်လုပ်ခိုင်းထားကြတယ်။ ရန်လည်းသိပ်မဖြစ်ကြဘူး။ G7 ဆိုပြီး ဖွဲ့ထားတယ်။ ရန်ဖြစ်မယ့် အခြေအနေဖြစ်ရင်လည်း ထိန်းညှိတယ်။ တခါတလေ ပြင်သစ်လိုဟာက ဘေးဖဲ့ထွက်ရင်လည်း စေ့စပ်လိုက်တယ်။ ထိန်းညှိလိုက်တယ်။ အင်္ဂလိပ်ကတော့ အမေရိကန်ကို လိုလိုချင်ချင်ပဲ ဗိုလ်လုပ်ခိုင်းထားတာပဲ။ ဂျာမဏီ၊ ဂျပန်ကတော့ စစ်ရ္နံးထားတာတွေဖြစ်တယ်။ စီးပွားရေးမှာ ကြီးကျယ်နေပေမယ့် နိုင်ငံရေးမှာ အမေရိကန်ကို မှီခိုနေရရှာတယ်။ တည်ရှိနေတဲ့ ကမ္ဘာ့အစီအစဉ် (World Order) ကလည်း သူတို့ကို ပစားမပေးဘူး။ အမေရိကန်ကိုမှီခိုမှ လူရာ၀င်မှာကို ဂျာမဏီ၊ ဂျပန်က သိနေတယ်။
(ဂ) ရုရှား(ဆိုဗီယက်) နဲ့တရုတ်ကတော့ စည်းလုံးမှုမရှိတဲ့အချိန်က ခပ်များများပါ။ ဆိုရှယ်လစ်ဂိုဏ်းဆိုတာ ကြာကြာခံခဲ့တာ မဟုတ်ဘူး။ အများပိုင်းက အိမ်ခွဲနေကြတာဖြစ်တယ်။
ဒီအထဲမှာ အောင်မြင်မှုနဲ့ယစ်မှုးနေကြသေးတယ်။ လီနင်ရဲ့တိုင်းပြည်တပြည်ချင်း ဆိုရှယ်လစ်စနစ် ထူထောင်နိုင်တယ်ဆိုတာကို ဆန္ဒစွဲကျကျတိုးချဲ့ပြီး တိုင်းပြည်တပြည်ချင်း ကွန်မြူနစ်လောက ချီတက်နိုင်တယ်ဆိုသည်အထိ လုပ်လာတယ်။ သူဦးကိုယ်ဦး ပြိုင်ကြသေးတယ်။ ရုရှား (ခရူးရှက်ဖ်) က ကွန်မြူနစ်လောကကို ချီတက်မယ်ဆိုပြီးလုပ်တော့ တရုတ် (မော်စီတုန်း) က “ခုန်လွားချီတက်ရေး”ယဉ်ကျေးမှုတော်လှန်ရေးလုပ်ပြီး ပြိုင်တယ်။ “လက်ဝဲ” ဆန္ဒစွဲအမှားတွေ အပြိုင်လုပ်ကြတယ်။ နောက်ဆုံးကျတော့ ရုရှား (ဂိုဘာချော့ပ်) က ဖရိုဖရဲဆုတ်ရတယ်။ တရုတ် (တိန့်ရှောင်ဖင်) က အုပ်စီးမပျက်အောင်ဆုတ်တယ်။
၄။ ရုရှားရော တရုတ်ပါ ဆုတ်ကြတော့ ဖူကုယာမက “သမိုင်းနိဂုံးချုပ်ပြီ” လို့ကြွေးကြော်လိုက်တာပဲ။ ဒါပေမဲ့ မကြာပါဘူး။ လူတန်းစားတိုက်ပွဲက ပုံစံတမျိုးနဲ့ပေါ်လာတယ်။ အဲဒါက အာဖဂန်စစ်ပွဲ၊ အီရတ် စစ်ပွဲပဲ။
ပစ္စည်းမဲ့လူတန်းစားနဲ့တိုက်ရတဲ့ လူတန်းစားတိုက်ပွဲတော့ မဟုတ်ဘူး။ လူတန်းစားတိုက်ပွဲတော့ လူတန်းစားတိုက်ပွဲပဲ။ ဘာသာရေးအခြေခံတဲ့ ပဒေသရာဇ်လူတန်းစားလို့ “မှုဆလင်အစွန်းရောက်” တွေကို သတ်မှတ်ရမလားတော့မသိဘူး။
အီရတ်ကျတော့တမျိုး။ ဘာ့သ်ပါတီဟာ မူဆလင်အစွန်းရောက်တော့ မဟုတ်ဘူး။ အီရတ်ကွန်မြူနစ်ပါတီက ဘယ်လိုသတ်မှတ်သလဲတော့ မသိဘူး။ လေ့လာရဦးမှာ ဖြစ်တယ်။
ဘင်လာဒင်တို့ တာလီဘန်တို့ ဆက်ဒမ်ဟူစိန်တို့ဟာ ပစ္စည်းမဲ့လူတန်းစားကိုယ်စားလှယ် မဟုတ်တာတော့ သေချာတယ်။
အခုပြောချင်တာက သူတို့ကို ဘာလူတန်းစားလို့ သတ်မှတ်ဖို့မဟုတ်ဘူး။ လူတန်းစားတိုက်ပွဲဆိုတာ အရင်းရှင်နဲ့ ပစ္စည်းမဲ့တိုက်တဲ့တိုက်ပွဲကိုမှ လူတန်းစားတိုက်ပွဲ ဆိုလိုတာမဟုတ်ဘူး။ ဘယ်လူတန်းစားတွေတိုက်တိုက် လူတန်းစားတိုက်ပွဲပဲ။ လူတန်းစားတိုက်ပွဲတွေ တိုက်နေကြသမျှ သမိုင်းနိဂုံးမချုပ်သေးဘူး ဆိုတာကိုပဲ ပြောချင်တာပါ။
"ပြည်သူ့အာဏာ"ဂျာနယ် (အမှတ် - ၂၉)
0 comments:
Post a Comment