Sunday, August 28, 2022

ကိုဗဟိန်း

0 comments

ကိုဗဟိန်း

ဒဂုန်တာရာ။ ၁၉၊ ၁၊ ၂၀၁၀ ပန်းကြာဝတ်မှုန်။ ၂၀၁၀၊ မြန်မာသစ်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည်ကို ကျနော်ကစာရိုက်ပြီး ပြန်တင်ပေးတာပါ)

(က)

ကိုဗဟိန်းနှင့် မိတ်ဖွဲ့ပေးသူမှာ ကိုဘဆွေ၊ ကိုဘဆွေက ကွန်တော်နှင့် စစ်ကိုင်းကျောင်းဆောင်နှင့် ကျောချင်းကပ်ရပ်(ရက်ဖြစ်မည်တွေးပါသည်)အခန်းတွင်နေကြသူ။ ကျွန်တော့်မှာ ကျောင်းရောက်စကပင် သမဂ္ဂမှမိတ်ဆွေများနှင့် ခင်မင်မိကြသည်။ ကျောင်းအားသည့်အချိန် (သို့) ညနေခင်းတွင် ပျော်ပွဲစားရုံထိုင်ဖြစ်ကြသည်။ အကြီးအကျယ်ကြီးတော့ မဟုတ်။ ထားဝယ်မှလာသော ငါးမုန့်။ ငါးမုန့်ကို ကျွန်တော်ကကြိုက်တတ်သည်။ ကိုဘဆွေပြန်လာလျင် ငါးမုန့်ပါလာတတ်သည်။ အနီးအပါးတွင် ကိုအောင်ဆန်း၊ ကိုလှရွှေ စသောသူများရှိတတ်သည်။ လက်ဖက်ရည်ကြမ်း တစ်ကျိုက်၊ ငါးမုန့်တစ်ကိုက်။ ငါးမုန့်ကို ကျွန်တော်ကကြိုက်တတ်သူ။

 

ကိုဘဆွေက “အေး...မင်းတို့နှစ်ယောက်ကတော့ စိတ်ချင်းတူတယ်ကွ၊ ဒီတော့ ခင်မင်သွားကြမှာပေါ့” ဟု ပြောတတ်သည်။ ကိုဗဟိန်းက ကျွန်တော့်လိုပင် ဂီတကြိုက်သည်။ ပန်းချီကြိုက်သည်။ ဝတ္ထု ကြိုက်သည်။ ထို့ကြောင့် ကိုဘဆွေက သူ၏ခံစားမှုနှင့်ပြောလိုက်ခြင်းဖြစ်သည်ဟု ပြုံးလိုက်သည်။

ကိုအောင်ဆန်းကတော့ ဘာမှမပြော။ ပြုံးတုံ့တုံ့နှင့်။ သူက ပြုံးခဲသူ။ ကိုလှရွှေနှင့် ကျွန်တော်က မကာခဏတွေ့တတ်သည်။ အိမ်ပြန်လျှင်လည်း သင်္ဘောတစ်စီးတည်းဖြစ်သည်။ သူက ဖျာပုံက။ ဖျာပုံဆိုသည်မှာ ကျွန်တော်တို့ကျိုက်လတ်မြို့ကို ဖြတ်၍သွားရသည်။

 

(ခ)

သူတို့ပြောကြသည့်အတိုင်းပင် ကျွန်တော်နှင့်ကိုဗဟိန်းမှာ မကြာခင်မှာပင် ခင်မင်ရင်းနှီးသွားသည်။ ကျောင်းတွင် တတွဲတွဲ။ သူတို့က ကျွန်တော်တို့ကိုမြင်လျှင် ခေါင်း တညိတ်ညိတ်။ သဘောထား တူသူတွေကတော့ တတွဲတည်းပါလားဟုသော အသိဖြင့်။ သူတို့ထင်ကြသည့်အတိုင်းပင် ကျွန်တော်တို့မှာ တတွဲတွဲ။ ယင်းသို့ တွဲရခြင်းမှာ အကြောင်းရှိသည်။ သူနှင့် ကျွန်တော်မှာ အကြိုက်ချင်းတူသည်။ ကျွန်တော်က ဝတ္ထု ကဗျာတို့ကို ကြိုက်သူ။ ဂီတလည်း ကြိုက်သူ။ ဒီတော့ ဘယ်မတွဲဘဲ နေနိုင်ပါ့မလဲ။ ကျွန်တော့်အခန်းကို လာသည်။ ကျွန်တော် စန္ဒရားတီးသည့်အခါ စည်းလိုက်ပေးသည်။ ပါးစပ်ကလည်း လိုက်ဆိုပေးသည်။ ကျောင်းခန်းထဲသွားသောအခါလည်း တတွဲတွဲ။ မြို့ထဲသို့သွားလျင်လည်း ကျွန်တော်တို့နှစ်ယောက်သား တရုတ်ဆိုင်တွင် စားတတ်ကြသည်။ မြင်သူက မြင်သည်။ ပြောသူက ပြောသည်။ ထို့ကြောင့် တတွဲတွဲကို သဘောပေါက်သွားဟန် တူသည်ဟု ကျွန်တော်ကထင်သည်။

ထိုနှစ်က ကျွန်တော်၏မိခင်မှာ ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်တွင် ခေတ္တနေသည်။ လမ်း ၅၀ တွင် အိမ်ငှား၍နေသည်။ ထိုအခါ ကျွန်တော်သည် ကျောင်းဆောင်တွင်မနေ။ နေ့ကျောင်းသားအဖြစ် တက်သည်။ မနက်ဆိုလျှင် စာအုပ်လေးပိုက်ကာ ကျောင်းသို့လာရသည်။ ကျောင်းခန်းသို့ တန်းပြီး သွားတတ်မြဲ။ ထိုနှစ် ၁၉၃၉ ခုနှစ်ဝန်းကျင်က အိန္ဒိယပြည် နေရူးရမ်းဂါးတွင် သူတို့၏ကွန်ဂရက် ညီလာခံသို့တက်ရန် ဖိတ်လိုက်သည်။ စရိတ်စကကို ကိုယ်ကခံ၊ စားရေးသောက်ရေးကိုတော့ သူတို့ကတာဝန်ယူသည်။ ထို့ကြောင့် ကိုဗဟိန်းက...”ခင်ဗျားလိုက်ခဲ့ဗျာ ကျွန်တော်နဲ့အတူ လိုက်ခဲ့။ ကျွန်တော်တို့အဖွဲ့နဲ့ သွားမယ်”ဟုဆိုသည်။ ကျွန်တော်ကလိုက်ချင်သည်။ သို့သော် မိခင်မကျန်းမာနေ၍ မလိုက်ဖြစ်။ သူက ကျွန်တော့်ကို အတန်တန်ခေါ်သည်။ ကျွန်တော်ကလည်း သူ့ကို အတန်တန် ငြင်းရသည်။ သူသည် ကျောင်းသားထဲက “ကိုထွန်းရှိန်”ကို ရွေးလိုက်သည်။ ကိုထွန်းရှိန်သည် သူနှင့်အတူ မြေနုလမ်းထဲရှိအိမ်တွင် အတူငှားနေသည်။ ထိုအခါက သူသည် လက်မထပ်ရသေး။ မခင်ကြီးအိမ်က မျက်နှာချင်းဆိုင်အိမ်။ သူနေသောအိမ်က တစ်ထပ်၊ ခတ်ကျဉ်းကျဉ်းကလေး။ သို့သော် နေလို့ကောင်း၍ ကျွန်တော် ခဏခဏရောက်တတ်သော အိမ်ကလေး။ မြေနုလမ်းတွင်ရှိသော အိမ်ကလေး။ သူက အတန်တန်ခေါ်သော်လည်း ကျွန်တော်မရောက်ဖြစ်သော ခရီးလမ်း။ သူက ပြောသေးသည်။ “နေရူးရဲ့သမီး ချောတယ်ဗျ၊ အင်ဒီယာဂန္ဓီတဲ့” သို့သော် ဘယ်လိုပင်ပြောပြော ကျွန်တော်က လိုက်၍မဖြစ်။ သို့နှင့် ကျွန်တော် ကျန်ရစ်ခဲ့သည်။

 

သိတ်မကုန်ပါဘူးဗျာ။ ခင်ဗျား ငွေတစ်ရာလောက်ထည့်လာရင် ကောင်းကောင်းသုံးလောက်တယ်။ ကျွန်တော်တို့ သင်္ဘောနဲ့သွားရအောင်”ဟု ဆိုသော်လည်း ကျွန်တော်က မလိုက်ဖြစ်တော့။  ပြန်ရောက်လာသောအခါ ကိုဗဟိန်းက အိန္ဒိယအကြောင်းရေးသည်။ စာအုပ်ထုတ်သည်။ ကျွန်တော် မှတ်မိသလောက် နဂါးနီကလား၊ ကိုထွန်းအေးက ထုတ်သည်လားမသိ။ ယင်း အိန္ဒိယစာအုပ်ကို ကိုထွန်းရှိန်အမည်ဖြင့်ထုတ်သည်။ ကိုထွန်းရှိန်မှာ နောင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ဖြစ်သွားသည်။ ကျွန်တော်တို့မြို့ကိုသိမ်းသော မြို့သိမ်းတပ်မှူး။

 

(ဂ)

နောင်နှစ်တွင် ကျွန်တော့်ကို သူက ခေါ်ပြန်သည်။ ကိုဗဟိန်းက သူသည် တရုတ်ပြည်သို့သွားမည်။ လျှို့ဝှက်သွားသောခရီး။ ကျွန်တော်ကလည်း နိုင်ငံခြားရောက်ချင်သည်နှင့် အတော်ပဲ။ သို့နှင့် ကျွန်တော် လမ်းခရီးတွင်သုံးရန် ပိုက်ဆံရှာသည်။ ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုတိုနှစ်ပုဒ်ပေးလိုက်သည်။ တစ်ပုဒ်ကို ၂၅ ကျပ်။ နှစ်ပုဒ်ပေါင်းတော့ ၅၀ ကျပ်။ ကိုဗဟိန်းနှင့်အတူ ရိုးတိုက်သို့သွားကာ ဂျာကင် ချုပ်ကြသည်။ သူက အရင့်ရောင်။ ကျွန်တော်က အနု။ ချောကလက်ရောင် အနု။ ထိုအခါ ဂျာကင်ဝတ်သူနည်းသေးသည်။ ကျွန်တော်သည် ခရီးသွားမည်ဆို၍ အယ်ဒီတာလုပ်သူ ကိုလှဘူးနှင့် ရွှေညာမောင်တို့က ငွေ ၅၀ ထည့်ပေးလိုက်သည်။ သို့နှင့် ထိုနှစ်ကသွားဖြစ်သည်။ ယင်း တရုတ်ပြည် လမ်းကိုစီစဉ်သူမှာ အခြားမဟုတ်။ ဆရာချို။ ဒီးဒုတ်ဦးဘချိုကို ဆရာချိုဟုခေါ်ကြသည်။ အပြင်တွင် ဆရာ။ စာရေးလျှင်တော့ ဆရာချို။ သို့မဟုတ် ဒီးဒုတ်ဦးဘချို။ သူက တရုတ်သံရုံးနှင့် အဆက်အသွယ် ရှိသည်ဟု ကြားဖူးသည်။ အဆက်အသွယ်ဆိုသည်မှာ အခြားတော့မဟုတ်။ ချန်ကေရှိတ် တရုတ်အစိုးရ၏ ကောင်စစ်ဝန်နှင့် အဖွဲ့သားများဖြစ်မည်။ သိတ်မသိ။ ခရီးလမ်းပိုင်းကိုတော့ ကိုဗဟိန်းကစီစဉ်သည်။ သို့နှင့် ကျွန်တော်တို့နှစ်ယောက်သား သီတင်းကျွတ်ကျောင်းပိတ်ရက် (သို့) အောက်တိုဘာကျောင်းပိတ်ရက်တွင် ပြင်ဆင်ကြသည်။ ပထမ ပြည်သို့ မီးရထားဖြင့်သွားသည်။ ပြည်မှတဆင့် မော်တော်ကားဖြင့် အောင်လံသို့သွားကြသည်။ ကျောင်းတွင် ကျောင်းသားရေးရာ ကိစ္စများရှိသည်။ အညာဆန်သင်္ဘောဖြင့် မန္တလေးသို့သွားမည်ဟု ကျွန်တော့်ကိုပြောပြသည်။ မသွားခင် တစ်ညက ဘုန်းကြီးလမ်းရှိ တရုတ်စားသောက်ဆိုင်တွင် ချန်ကေရှိတ်အစိုးရ၏ သံ က ကျွန်တော်တို့ကို နှုတ်ဆက်ပွဲကျင်းပသည်။ ထိုအခါကတော့ နှုတ်ဆက်ပွဲဆိုသည်မှာ ပထမဆုံး သွားခြင်းဟု မှတ်မိနေသေးသည်။

 

ထမင်းစားပွဲက နှစ်ဝိုင်း။ ဧည့်ခံသူအမျိုးသမီးမှာမှာ ဘေးကခွဲထားသော ရှန်ဟိုင်းအင်္ကျီပုံစံ။ ကျွန်တော်တို့စားပွဲကတော့ ဝိုင်းကြီး။ ကျွန်တော်တို့ဝိုင်းတွင် ဒီးဒုတ်ဦးဘချို တို့ဗမာအစည်းအရုံးမှ သခင်နု၊ ကိုဗဟိန်းနှင့် အခြားသူများပါကြသည်။ တခြားစားပွဲဝိုင်းတွင်တော့ သိန်းဖြေမင့်။ ထိုအခါက တက်ဘုန်းကြီးသိန်းဖေအဖြစ် နာမည်ကြီးသူ။ ကိုသိန်းဖေက တရုတ်ကောင်မလေးများနှင့် ရယ်ကာ ပြုံးကာ။ ဆရာချိုက ကိုဗဟိန်းနှင့် ကျွန်တော်ကို ချန်ကေရှိတ်အစိုးရ တရုတ်သံရုံးမှသံမှူးနှင့် မိတ်ဆက်ပေးသည်။ ကျွန်တော်တို့ကတော့ တောပြောတောင်ပြော။ ဟိုအကြောင်းပြော ဒီအကြောင်းပြော။ ဒီတော့မှ ကျွန်တော်၏ နိုင်ငံခြားခရီး အစဟု စဉ်းစားမိသည်။ နောင်အခါ ပြန်လည်တွေးမိသောအခါ သမိုင်း၏အစဟုဆိုနိုင်သော ခရီးလမ်း။ ထိုအချိန်က ကျွန်တော်သည် နိုင်ငံခြားသို့သွားချင်နေသည်။ နိုင်ငံခြားအတွေ့အကြုံကိုလည်း မျှော်မှန်းထားသည်။ ကျွန်တော်တို့ကို နှုတ်ဆက်ပွဲအဖြစ်တည်ခင်းသောဟိုတယ်မှာ စင်ထရယ်ဟော်တယ်။ ဘုန်းကြီးလမ်းနှင့် ကွန်မရှင်နာ လမ်းထောင့်။

 

မီးရထားဖြင့် ပြည်သို့ထွက်ခဲ့ကြသည်။ အောင်လံသို့ဆက်သွားရာ အောင်လံရှိ ကိုထွန်းရှိန်၏ ဦးလေးအိမ်တွင် တည်းသည်။ ဦးလေးနာမည်ကတော့ ဆရာမှိုင်းဟု ကျွန်တော်တို့ကခေါ်ကြသည်။ ကျောင်းဆရာလား မသိ။ ကျွန်တော်တို့နှင့် ဆက်သွယ်မည့်သူများကတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်များ။ တကယ်က ကျွန်တော်သည် အသက် ၂၀ မျှသော အရွယ်ဖြစ်၍ ကျွန်တော်တို့၏ခရီးစဉ်သည် နောင်တွင် သမိုင်းဖြစ်မည်ကိုတော့ မတွေးမိခဲ့။ ကျွန်တော်တို့သည် မန္တလေးတွင် တပတ်မျှနေခဲ့ကြသည်။ လက်ဆည်ကန်ရှိ ကိုဗဟိန်း၏ဖခင် ဦးမှင်၏အိမ်တွင်တည်းသည်။ ကျွန်တော်မှတ်မိသည်ကတော့ ဝက်ကလီစာများကို ချက်သောဟင်း။ အကောင်းဆုံး စားဖြစ်သော ဟင်း။ ကျွန်တော် ကြိုက်သွားသည်။

ကျွန်တော်တို့တရုတ်ပြည်သွားသောခရီးစဉ်က ရေးခဲ့ပြီးဖြစ်၍ ထပ်ပြီးမရေးချင်တော့ပြီ။ ကျွန်တော်တို့တွင် ဆရာချိုမှတဆင့်ပေးထားသော စာရွက်စာတမ်းများရှိသည်။ လားရှိုးသို့သွားရမည်။ လားရှိုးတွင်ရှိသောကုမ္ပဏီတွင်ဝင်၍ မိတ်ဆက်ပေးထားသောစာရွက်ကိုပြကာ ကိစ္စများကိုဆောင်ရွက် ကြသည်။ သူတို့က ကျွန်တော်တို့ကို တရုတ်ပြည်သို့ပို့ပေးမည်ဟု ကတိပေးထားသည် မဟုတ်ပါလား။ ကျွန်တော်တို့သည် လားရှိုး လွယ်ရိုးရှိ ရုံးမော်ဟိုးဟု နာမည်ပေးထားသော တရုတ်ကုန်သည်များ အိမ်တွင် တည်းခိုရန်ဖြစ်သည်။ မေမြို့တွင် တစ်ညအိပ်ပြီးနောက် လားရှိုးသို့ထွက်ခဲ့ကြသည်။ ကျွန်တော်တို့ နောက်တစ်နေ့ညတွင်ပင် ရောက်ခဲ့သည်။ မကြာမီပင် ကိုဗဟိန်းနှင့်ဆက်သွယ်ထားသော ကုမ္ပဏီနှင့်ဆက်သွယ်ကာ တရုတ်ပြည်သို့သွားရန် ပြင်ဆင်သည်။  ယင်းသို့မသွားခင် တစ်ညက ကိုဗဟိန်းနှင့် ကျွန်တော့်တို့ကို ယင်းတရုတ်ကုမ္ပဏီကဖိတ်သည်။ မန်နေဂျာနှင့်တွေ့ရသည်။ ထမင်းစားပွဲတွင် အရက်နှင့်ဧည့်ခံသည်။ ဟင်းတွေက အများကြီး။  ထိုအခါက တရုတ်မန်နေဂျာမှာ အမေရိကန်လေသံဖြင့် စကားပြောသူ။ အမေရိကန်တွင် ပညာသင်ခဲ့သူ ဖြစ်လိမ့်မည်ထင်သည်။ သူက ယဉ်ယဉ်ကျေးကျေးပင် စကားပြောသည်။ ကျွန်တော့်အဖို့ကတော့ အဆန်းတကြယ်။ ကျွန်တော်တို့သည် တက္ကသိုလ်ကျောင်းသားများဖြစ်၍ ပညာတတ်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးမလုပ်သင့်ပေ။ ငယ်ရွယ်သူများဖြစ်၍ ပညာဆက်လက်သင်ရန်သာ ပြောသည်။ ထိုသို့ ထမင်းစားပွဲအပြန် အိမ်သို့ပြန်လာရာလမ်းတွင် ကိုဗဟိန်းကဝေဖန်သည်။ သူတို့သည် ကျွန်တော်တို့ကို ဗြိတိသျှဆန့်ကျင်သူများအဖြစ်မြင်နေ၍ မပို့ဖြစ်တော့သောသဘောဟု ပြောသည်။ ကျွန်တော်ကလည်း အရေးမကြီး၊ မိမိတို့ဘာသာ သွားမည်ဟုဆိုပြီး မိမိတို့တည်းခိုသော ရုံးမော်ဟိုးသို့ အေးအေးဆေးဆေးပြန်လာခဲ့သည်။ ထိုညက လသာလိုက်သည့်ဖြစ်ခြင်း။ ရှမ်းပြည်နယ်၏အလှက လရောင်ဖြင့်ထုံမွှမ်းထားသည်။

 

ကိုကြီးနုမိတ်ဆက်ပေးလိုက်သောမြို့အုပ် ဦးဓူဝံနှင့်လည်း သွားတွေ့သည်။ ကျွန်တော်တို့ မိမိဘာသာ သွားမည်ဖြစ်ိ၍ လိုင်းကားဖြင့်သာသွားကြသည်။ လိုင်းကားက ညနေဘက် ဝမ်တိန်သို့ရောက်မည်။ ကျွန်တော်တို့သည် ၉း၃၀ ၊ ၁၀ နာရီလောက်ရောက်လျှင် ဦးဓူဝံအားနှုတ်ဆက်ပြီး ကားပေါ်တက်ခဲ့ ကြသည်။ ကားကလည်း အဟောင်းကြီး။ လမ်းကလည်း သိတ်မကောင်း။ တဂျိန်းဂျိန်း တဂျောင်းဂျောင်း။

 

နေ့လည်လောက်တွင် သိန္နီသို့ရောက်သည်။ ကျွန်တော်က သိန္နီမြင်ကွင်းကိုကြည့်ရင်း စိတ်လှုပ်ရှား နေမိသည်။ သိန္နီက အတော်လှသည့်မြို့ပါတကား။ တောင်စောင်းပေါ်တွင်တည်ထားသော မြို့ကလေး။ ကျွန်တော်က ရှမ်းပြည်နယ်သို့မလာမီ မောရစ်ကောလစ်၏ နေဝင်ဘုရင်များစာအုပ်ကို ဖတ်ထားသည်။ စာအုပ်က အဖွဲ့အနွဲ့ကောင်း။ ရှမ်းပြည်နယ်ကို သွားချင်သည့်စိတ်က ယင်းစာအုပ်ကို ဖတ်ပြီး ပေါ်လာသည်။ ထို့ကြောင့် ကျွန်တော်သည် ရှမ်းပြည်နယ်သို့ သွားချင်နေသောအခါဖြစ်သည်။ ကျွန်တော်တို့သည် ယင်းသိန္နီမြို့ကိုကြည့်ရင်း အတော် အူမြူးနေပေပြီ။

“ကိုဗဟိန်းရေ...ကျွန်တော်တို့ တစ်ညလောက်အိပ်ပြီး သွားရအောင်နဲ့တူတယ်”ဟု ပြောလိုက်၏။ ကိုဗဟိန်းကလည်း များများမစဉ်းစား။ “အေး...ကောင်းသားပဲဗျ”ဟု ပြန်ပြောလေသည်။

ကျွန်တော် နောက်မှပြန်တွေးမိသည့်အခါ ကိုအောင်ဆန်းနှင့်သာ သွားဖြစ်လျှင် သူသည် သူလုပ်နေသည့်အလုပ်ကို စိုက်လိုက်မတ်တပ် လုပ်တတ်သူဖြစ်၍ သိန္နီတွင် ညအိပ်ရသည်ကို သဘောတူချင်မှတူမည်။ သူက အလှအပကို ခံစားသူမဟုတ်ဟု ကျွန်တော်က နားလည်ထားသည်။ ကိုဗဟိန်းကတော့ ကျွန်တော့်လိုပင် အလှအပကိုခံစားသူ။ ဒီတော့ ညအိပ်ရန်စဉ်းစားလိုက်သည်။ ထို့ကြောင့် ကျွန်တော်တို့စီးလာသောမော်တော်ကားကို ဗိုလ်တဲရောက်မှဆင်းပြီး ဗိုလ်တဲ့ထံသို့ သွားသည်။ သို့သော် တောင်ကုန်းအမြင့်ပေါ်တွင်ရှိသော ဗိုလ်တဲထံမှ အမျိုးသမီးများမှာ ဗမာစကားလည်းမတတ်။ သို့သော် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသောစာကိုပြသည်။ သို့နှင့် ကျွန်တော်တို့သည် စိတ်ပျက်လက်ပျက်နှင့် လေးလံသောလက်ဆွဲအိတ်လေးများကိုဆွဲကာ ဆင်းခဲ့လေသည်။ လမ်းတွင် ရှမ်းပုလိပ်များနှင့်တွေ့သည်။ ရှမ်းပုလိပ်များမှာ သူ့ဝတ်စုံနှင့်သူ။ ခေါင်းပေါင်းအနီ။ အင်္ကျီကအပြာရောင်။ ဘောင်းဘီတိုနှင့်။ သူတို့က ကျွန်တော်တို့ကိုမေးသည်။ ကျွန်တော်တို့က ခရီးသွားမည့်အကြောင်း ပြောသည်။ သို့သော် သူတို့က... ခင်ဗျားတို့ မသွားရဘူး၊ ပြန်ရမယ်”ဟုပြောသည်။ ကိုဗဟိန်းက “ဘာနဲ့ ပြန်ရမှာလဲ”ဟု မေးသည်။ ကားတွေပြန်လာရင် တရုတ်ပြည်ကပြန်လာတဲ့ကားနဲ့ လိုက်ပေါ့”ဟု ပြန်ပြောသည်။ ဒါဖြင့်ရင် ကျွန်တော်တို့ စော်ဘွားကြီးနဲ့ တွေ့ချင်တယ်”။ “စော်ဘွားကြီးက မအားဘူး”ဟု ပြန်ပြောသည်။ ကိုဗဟိန်းက “ဘာဖြစ်လို့ မအားတာလဲ”ဟုမေးသည်။ သို့နှင့် ကျွန်တော်တို့သည် တရုတ်ပြည်သို့မသွားရဘဲ လှည့်ပြန်ရသည်။ တရုတ်ပြည်မှ ကုန်များတင်လာသည့်ကားစုတ်ကြီးနှင့် ပြန်လာရသည်။ ထိုင်စရာပင် မရှိ။ ထိုင်စရာ လုပ်မထား။ ညနေဘက်တွင် ကျွန်တော်တို့ လားရှိုးဘက်ရှိ ဗိုလ်တဲတစ်ခုတွင် တည်းခိုလိုက်ရသည်။ ထို့နောက် ကျွန်တော်တို့သည် ထိုဗိုလ်တဲတွင် တစ်ညအိပ်ရသည်။ ထို့နောက် ပြန်သည့်ခရီးတွင် ငွေသတ္တုများထွက်သော နမ္မတူမြို့သို့ ဝင်ခဲ့သည်။

 

နောက်တစ်နေ့တွင် နမ္မတူမှာ ဘော်တွင်း သတ္တုတွင်းသို့ သွားလည်ကြသည်။ ထိုအခါ ကျွန်တော်တို့ကို ဧည့်ခံသူများမှာ မည်သူထင်သနည်း။ ထိုအခါက အရေးပိုင်အဆင့်ရှိသော အင်္ဂလိပ်လူမျိုး အစိုးရအဖွဲ့ဝင်။ သူက အောက်စဖို့ဒ်တက္ကသိုလ်မှ ထွက်ခါစ။ ကျွန်တော်တို့ကိုဖိတ်လိုက်သည်။ လာ၍ ဖိတ်စာပေးသူမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီလူမျိုး အင်စပက်တော်။ ယင်းအင်္ဂလိပ်အရာရှိက သူ၏အိမ်ဝမှ ဆီးကြိုသည်။ သူ၏ လှပသောအင်္ဂလိပ်အမျိုးသမီးနှင့်လည်း မိတ်ဆက်ပေးသည်။ ထို့နောက် ကျွန်တော်တို့ကို မွန်းတိန်းဘက် လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။ ကိတ်မုန့်များ၊ မလိုင် သုတ်ထားသောပေါင်မုန့်များဖြင့် ဧည့်ခံသည်။ သူကလည်း လားရှိုးမှတရုတ်မန်နေဂျာပြောသကဲ့သို့ပင် ပညာတတ်များဖြစ်၍ နိုင်ငံရေးမလုပ်ရန်ကို ယဉ်ကျေးသောစကားလုံးများဖြင့် ပြောသည်။ ကျွန်တော်တို့သည် ဘော်တွင်းသို့ သွားလည်ကြသည်။ ညနေတွင်ကား ကျွန်တေ်တို့ကိုဖမ်းမည်ဟု အိမ်ရှင်ကိုအောင်သိန်းပြော၍ ရန်ကုန်သို့ပြန်ရန် ဆုံးဖြတ်ကြရသည်။ သို့နှင့် ကျွန်တော်တို့သည် အငှားကားကိုငှားကာ မန္တလေးသို့ ပြန်ခဲ့ကြရပြန်သည်။

ဤကား သမိုင်းအတွေ့အကြုံတစ်ရပ်။ ကျွန်တော် မမေ့နိုင်သော အကြောင်းအရာ။ ယင်းသမိုင်း အကြောင်းကြောင့်ပင်လျှင် ရဲဘော်သုံးကျိပ်ဟူသော ဗမာ့တပ်မတော်၏နိဒါန်း လက်နက်ကိုင် တပ်မတော်ဖြစ်လာသည်ကို တွေးနေမိပေသည်။ 

 

စစ်အတွင်းဖြစ်၍ ရဲဘော်သုံးကျိပ်ပေါ်လာသောအခါ ခေါင်းဆောင်မှာ ဗမာ့လွတ်လပ်ရေး တပ်မတော်၏ စစ်သေနာပတိကိုအောင်ဆန်းဖြစ်ပြီး အရပ်သားကိုဗဟိန်း မဟုတ်တော့ပေ။ ကိုအောင်ဆန်းက တပ်မတော်၏ခေါင်းဆောင်ဖြစ်လာတော့သည်ဟု သမိုင်းရေးရာကြမ္မာကို တွေးတောနေမိနေပေသေးသည်။ 

ဒဂုန်တာရာ။၂၉-၁-၂၀၁၀။ ပန်းကြာဝတ်မှုန်။ ၂၀၁၀ မြန်မာသစ်မဂ္ဂဇင်း။

0 comments:

Post a Comment