(မြသန်းတင့်ရဲ့ “ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ “နှမ်းပွင့်” ဒုတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)
ဆရာသမားများ၏အဆုံးအမကို နာယူပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ ဆရာသမားတွေရဲ့ အတွေးအခေါ်ထဲကို ဝင်ရောက်နိုင်ဖို့ကြိုးစားရမယ်။ တစ်နည်းပြောရလျှင် သူတို့ရဲ့နှလုံးသားထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်။ ပြီးတော့ သူတို့နဲ့အတူနေထိုင်ပြီး သူတို့ရဲ့ “ခံစားချက်”တွေကို ခွဲဝေခံစားရမယ်။ ဒီနေရာမှာ ခံစားချက်ဆိုတဲ့စကားလုံးကို ကျွန်တော် သုံးလိုက်ပါတယ်။ မကြာသေးမှကပဲ “ခံစားချက်” ဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့ လူတော်တော်များများက ဒီစကားလုံးကို သုံးရမလားဆိုပြီး အပြစ်ဆိုခဲ့ကြပါတယ်။ ကျွန်တော်ကတော့ အပြစ်မဆိုရုံတင်မက “ခံစားချက်”ကို ရအောင်ပိုပြီးတောင် ကြိုးစားရမယ်လို့ ပြောချင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြတာ၊ သတ္တဝါတစ်ခုနဲ့တစ်ခု မတူကွဲပြားကြတာဟာ တစ်ယောက်နဲ့တစ်ယောက် တစ်ခုနဲ့တစ်ခု “ခံစားချက်”မတူကြလို့ပါပဲ။ ခံစားချက်အတိုင်းအတာကိုလိုက်ပြီး တစ်ဦးနဲ့တစ်ဦးကွဲပြားကြတယ်။ ကျွန်တော်တို့ဟာ ရေမြှုပ်တွေဖြစ်နေလျှင် ခံစားချက်မရှိကြဘူး။ ကျွန်တော်တို့ဟာ အချိန်မရွေး ပေါက်ပြားချက်ကြောင့် နှစ်ပိုင်းဖြတ်ခံရမယ့်အခြေအနေမျိုးရောက်နေတဲ့တီကောင်လို ခံစားချက်မျိုးကိုတော့ မလိုချင်ကြဘူးပေါ့။ အလွန်အကျွံခံစားချက်မျိုးကတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လူသားတွေဖြစ်တယ်။ ဒါ့ကြောင့် ခံစာချက်ရှိတာဟာ ကျွန်တော်တို့အတွက် ကောင်းတယ်။ ကျွန်တော်တို့ဟာ ထက်မြက်တဲ့ခံစားချက်ရှိနေခြင်းကြောင့်သာ လူရယ်လို့ဖြစ်နေကြခြင်းဖြစ်ပါတယ်။
“အထက်မှာ လွန်လေပြီးသောသူတို့ရဲ့ လူ့အဖွဲ့အစည်းကြီး(ရှေးပညာရှိတို့ရဲ့ စာပေဘဏ္ဍာတိုက်ကြီး) ရှိတယ်ဆိုတာ ကျွန်တော်ပြောခဲ့ပြီး အဲ့ဒီ လူ့အဖွဲ့အစည်းကြီးထဲကို ယုတ်ညံ့သူများနဲ့ ပညာမဲ့သူများကို ဝင်ခွင့်မပေးဘူးလို့ ကျွန်တော်ပြောခဲ့ပြီ။
“ကောင်းပြီ ဒါဖြင့်လျှင် ယုတ်ညံ့သူဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ၊ ယုတ်ညံ့ခြင်းဆိုတာကိုရော ကျွန်တော်တို့က ဘယ်လိုနားလည်ကြသလဲ၊ တော်တော်စဉ်းစားစရာကောင်းတဲ့ပြဿနာတစ်ရပ်ပါပဲ။ အတိုချုပ်ပြီးပြောရလျှင်တော့ ယုတ်ညံ့ခြင်းဆိုတာဟာ ခံစားချက်ကင်းမဲ့ခြင်းပါပဲ။ ရိုးရိုးသားသား မသိဘဲနဲ့ယုတ်ညံ့ခြင်းမျိုးကတော့ အထိန်းအကွပ်မကောင်းခဲ့လို့၊ ကိုယ်နှုတ်နှစ်ပါးအမူအယာ ဖွံ့ဖြိုးတိုးတက်အောင်မလုပ်ခဲ့လို့ ဖြစ်တာပါ။ ဒါပေမဲ့ ပဋိသန္ဓေကပါလာတဲ့ယုတ်ညံ့မှုကတော့ ကြောက်စရာကောင်းလောက်အောင် ရိုင်းပြ အကြင်နာကင်းပြီး နောက်ဆုံးမှာ ဘယ်လို ရက်စက်ကြမ်းကြုပ်တဲ့အလုပ်မျိုးဖြစ်ဖြစ်၊ ဘယ်လိုကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုမျိုးပဲဖြစ်ဖြစ်၊ အရှက်အကြောက်မရှိ အကြင်နာတရားမရှိ ကျူးလွန်နိုင်စွမ်းရှိပါတယ်။ ရိုင်းပြတဲ့လက်၊ အကြင်နာတရားမရှိတဲ့နှလုံးသား၊ ရောဂါဖြစ်နေတဲ့အလေ့အကျင့်၊ မာကျောနေတဲ့ဩတပ္ပစိတ်တွေ ရှိလာပြီဆိုလျှင် အဲ့ဒီလူဟာ ယုတ်ညံ့လာတော့တာပဲ။ သူတို့ဟာ အကြင်နာမဲ့သလောက်၊ အသိတရားကင်းသလောက် ယုတ်ညံ့ကြတယ်။ ဒါကြောင့်မို့ ကျွန်တော်ပြောတဲ့လူ့အဖွဲ့အစည်းထဲကို သူတော်ကောင်းတို့သာလျှင် ဝင်ခွင့်ရခြင်း၊ သူယုတ်မာတို့ကတော့ ဝင်ခွင့်ရမှာမဟုတ်ဘူး။
“ကျွန်တော်တို့ဟာ လွန်လေပြီးသော ပညာရှိတို့ကို ဆည်းကပ်ရာမှာ မှန်ကန်ခြင်းဆိုတဲ့သစ္စာတရားကိုသာ သိဖို့မဟုတ်ဘဲ တရားမျှတခြင်းဆိုတဲ့ ဓမ္မတရားကိုလည်း သိဖို့ဖြစ်ပါတယ်။ ဒီတော့ သူတို့လိုခံစားနိုင်ဖို့ ကျွန်တော်တို့ဟာ သူတို့နည်းတူ သူတော်ကောင်း အကျင့်ကိုလည်း ကျင့်ကြံဖို့လိုတယ်။ ဒီလိုကျင့်ကြံတဲ့နေရာမှာ ဒုက္ခမခံဘဲ သက်သက်သာသာနဲ့ သူတော်ကောင်းအကျင့်ကို မရနိုင်ပါဘူး။
“စစ်မှန်သော အသိဉာဏ်တို့မည်သည် ခေါင်းထဲတွင်ရုတ်ခြည်းပေါ်လာသော အသိဉာဏ်မဟုတ်ဘဲ လေ့ကျင့်စမ်းသပ်ခံပြီးမှပေါ်လာတဲ့အသိဉာဏ်မျိုးဖြစ်တဲ့နည်းတူ စစ်မှန်သောခံစားချက်ဟာလည်း ရင်ထဲမှာ ရုတ်ခြည်းပေါ်လာတဲ့ခံစားချက်မဟုတ်ဘဲ လေ့ကျင့်စမ်းသပ်ခံပြီးတဲ့ခံစားမှုသာ ဖြစ်ပါတယ်။ ပထမဆုံးပေါ်လာတဲ့ခံစားချက်ဟာ အပေါ်ယံအတုအယောင် မှောက်မှားတဲ့ခံစားချက်သာဖြစ်ပါတယ်။ အဲ့ဒီခံစားချက်နောက်လိုက်လျှင် ထိန်းမနိုင်သိမ်းမရ လမ်းမှားကိုရောက်ပြီး နောက်ဆုံးမှာ ဘယ်ရည်ရွယ်ချက်ပန်းတိုင်ကိုမှလည်း မရောက်၊ ဘယ်ခံစားချက်မှလည်း မကျန်တော့ဘဲ လူ့ဘူးတောင်းအဖြစ်ကိုရောက်သွားနိုင်ပါတယ်။ အမှန်က လူတွေမှာဖြစ်ပေါ်နေတဲ့ခံစားချက်ဟာ မမှားပါဘူး။ အဲ့ဒီခံစားချက်ကို အထိန်းအကွပ်မပေးတာသာလျှင် မှားတာပါ။ ခံစားချက်တစ်ခုဟာ စွမ်းအားရှိလျှင် တရားလျှင် မြင့်မြတ်တဲ့ခံစားချက်ဖြစ်တယ်။
“ခံစားချက်တစ်ခုဟာ စွမ်းအားမဲ့လျှင် ဘာမဟုတ်တဲ့အသေးအဖွဲလေးကြောင့်ဖြစ်နေလျှင် အဲဒီခံစားချက်ဟာ မှားတဲ့ခံစားချက်ဖြစ်တယ်။
“ကလေးတစ်ယောက်ဟာ ဘောလုံးတွေကိုမြှောက်ပြနေတဲ့ မျက်လှည့်ဆရာတစ်ယောက်ကိုကြည့်ပြီး အံ့ဩနေတယ်ဆိုပါစို့။ ဒီ အံ့ဩမှုမျိုးဟာ သေးဖွဲတဲ့ခံစားမှုမျိုးဖြစ်တယ်။ သေးဖွဲတဲ့ခံစားချက် ဖြစ်တယ်။ ဒါပေမဲ့ ကောင်းကင်ပြင်ကြီးမှာ သဘာဝကြီးက မြှောက်ကစားနေတဲ့ ရွှေဘောလုံးတွေ (ကြယ်ပွင့်များ)ကိုကြည့်ပြီး အံ့ဩတာမျိုးကတော့မြင့်မြတ်တဲ့ အံ့ဩမှုမျိုးဖြစ်တယ်။ မကြည့်ရလို့ပြောထားတဲ့နေရာကို တံခါးကြားကနေချောင်းကြည်တဲ့ ကလေးရဲ့စူးစမ်းမှု၊ သခင်ရဲ့အလုပ်ကိစ္စကို တိတ်တဆိတ်ဝင်ကြည့်တဲ့အစေခံရဲ့စူးစမ်းမှုမျိုးဟာ သေးဖွဲတဲ့စူးစမ်းမှုမျိုး ဖြစ်တယ်။
“ဒါပေမဲ့ အန္တရာယ်ကြုံတွေ့လာတဲ့အခါမှာ သဲကမ်းပါးတွေအဆုံးက မြစ်ကြီးဧရာတစ်သွယ်ရဲ့ မြစ်ဖျားခံရာကိုသိလိုတဲ့ စူးစမ်းမှု၊ ပင်လယ်ရဲ့အဆုံးမှာရှိတဲ့ ပထဝီတိုက်ကြီးတစ်တိုက်ရဲ့တည်နေရာကို သိလိုတဲ့ စူးစမ်းမှုတို့ကတော့ မြင့်မြတ်တဲ့စူးစမ်းမှုများဖြစ်တယ်။ ဒါ့ထက်ပိုပြီး လူ့ဘဝဆိုတဲ့မြစ်ကြီး ဖြစ်ဖျားခံရာနဲ့ ကောင်းကင်ဘုံဆိုတဲ့ ပထဝီတိုက်ကြီးတစ်တိုက်ရဲ့အစကို သိလိုတဲ့စူးစမ်းမှုမျိုးကတော့ ပိုပြီးမြင့်မြတ်တဲ့စူးစမ်းမှုမျိုးဖြစ်တယ်။
“အလားတူပါပဲ။ သိမ်ဖျင်းတဲ့ပုံဝတ္တုတစ်ခုနောက်ကိုလိုက်ပြီး ဘာဖြစ်မလဲလို့စိုးရိမ်ရတဲ့ စိုးရိမ်မှုမျိုးဟာ သေးဖွဲတဲ့စိုးရိမ်မှုဖြစ်တယ်။ ဒါပေမဲ့ ဒုက္ခဝေဒနာကိုခံစားနေရတဲ့ လူမျိုးတစ်မျိုးရဲ့ ဘဝကံကြမ္မာ အလှည့်အပြောင်းကိုကြည့်ပြီး ရင်တထိတ်ထိတ်ဖြစ်ရတာမျိုးကတော့ မြင့်မြတ်တဲ့စိုးရိမ်မှု မြင့်မြတ်တဲ့ခံစားမှုဖြစ်တယ်။ ကြည့်စမ်းပါဦး၊ ကျွန်တော်တို့အင်္ဂလန်ပြည်မှာ ဒီနေ့ဖြစ်နေတဲ့ ခံစားမှုကတော့ ဘယ်လောက် ကျဉ်းမြောင်းလိုက်ပါသလဲ၊ ဘယ်လောက် သေးဖွဲလိုက်ပါသလဲ၊ ဘယ်လောက် အတ္တဆန်လိုက်ပါသလဲ။ ကျွန်တော်တို့လူမျိုးရဲ့ခံစားမှုဟာ ပန်းစည်းတွေ၊ မိန့်ခွန်းတွေဆီမှာ ရောက်နေတယ်။ ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲစားထွက်တာတွေဆီမှာ ရောက်နေတယ်။ အပျာ်လက်ဝှေ့ပွဲတွေ၊ ပွဲတွေနဲ့ လမ်းဘေးရုပ်သေးပွဲတွေမှာ ရောက်နေတယ်။ ယောက်ျား ယောက်ျားချင်း သတ်နေကြတာ၊ မိန်းမ မိန်းမချင်း သတ်နေကြတာ၊ ကလေး ကလေးချင်း သတ်နေကြတာတွေကို မျက်ရည်တစ်စက်မကျဘဲ အားထုတ်မှုတစ်ခုမှမလုပ်ဘဲ ဒီခံစားမှုတွေကို အရသာခံနေကြတယ်။
“ဟုတ်တယ်၊ ကျွန်တော်တို့လူမျိုးရဲ့ ခံစားချက်ဟာ သေးဖွဲတယ်၊ အတ္တဆန်တယ်၊ တစ်နည်းပြောရလျှင် ကျွန်တော်တို့လူမျိုးရဲ့ခံစားချက်ဟာ တရားဓမ္မကင်းတယ်၊ ဖြောင့်မတ်မှန်ကန်ခြင်း ကင်းတယ်၊ “ဂျင်းတဲလ်မင်း”လို့ခေါ်တဲ့ အမျိုးသားကောင်းတစ်ယောက်ဟာ သင့်တင့်လျှောက်ပတ်စွာနှလုံးသွင်းပြီး မျှတစွာတွေးခေါ်တဲ့အတွက် သူ့ခံစားချက်ဟာ ဖောက်လွဲဖောက်ပြန်ခြင်းမရှိဘဲ တရားမျှတတယ်။ ဒီအချက်ကိုကြည့်လိုက်လျှင် လူတစ်ယောက်ဟာ သူတော်ကောင်းလား၊ သူယုတ်မာလားဆိုတာ အလွယ်တကူခွဲခြားသိနိုင်တယ်။ အလားတူပဲ ဒီအချက်တွေကိုကြည့်လိုက်ရုံနဲ့ လူမျိုးတစ်မျိုးဟာ မျိုးရိုးကောင်းတဲ့လူမျိုးလား၊ ပရမ်းပတာလူအုပ်လားဆိုတာ ခွဲခြားသိနိုင်တယ်။ ခင်ဗျားဟာ လူတစ်အုပ်ရှေ့မှာ ဘယ်အကြောင်းကိုမဆို ပြောနိုင်တယ်။
“အများအားဖြင့် အဲ့ဒီလူရဲ့ခံစားချက်ဟာ သဘောထားကြီးပြီး မှန်ကန်ခြင်းကို တည်တံ့အောင် ထိန်းထားဖို့အခြေခံမရှိဘူး။ ရေရှည်ဆုပ်ကိုင်နိုင်စွမ်းအား မရှိဘူး။ ခင်ဗျားဟာ လူအုပ်တစ်အုပ်ကို ဆွဲပေးနိုင်တယ်။ အဲ့ဒီလူအုပ်ဟာလည်း ခင်ဗျား စကားတစ်ခွန်းပြောလိုက်တာနဲ့ပဲ အအေးမိရောဂါ ကူးစက်သလို ချက်ခြင်းကူးစက်သွားပြီး ကောင်းချီးဩဘာပေးချင်ပေးလိမ့်မယ်။ ဒါပေမဲ့ တစ်နာရီလောက်လည်းကြာရော အရှိန်ကုန်သွားပြီး ခင်ဗျားပြောတဲ့စကားကို မေ့သွားကြမှာပဲ။ ဒါပေမဲ့ ‘ဂျင်းတဲလ်မင်း’လို့ခေါ်တဲ့ အမျိုးကောင်းသားတစ်ယောက်။ ဒါမှမဟုတ် အမျိုးကောင်း လူမျိုးတစ်မျိုးရဲ့ ခံစားချက်ကတော့ တရားမျှတတယ်။ တိုင်းထွာ ချင့်ချိန်မှုရှိတယ်။ ရေရှည်ခံတယ်။ ဥပမာအားဖြင့် မြင့်မြတ်တဲ့လူမျိုးတစ်မျိုးဟာ လူဆိုးလူသွမ်းတစ်ယောက် ကျူးလွန်ခဲ့တဲ့ လူသတ်မှုတစ်ခုက သက်သေခံအထောက်အထားတွေနဲ့ပတ်သက်လို့ လပေါင်းများစွာ အချိန်ကုန်ခံပြီး စဉ်းစားမနေဘူး။
“ကြီးမြင့်တဲ့လူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲဟာ ဘယ်ဘက်က မှားသလဲမှန်သလဲဆိုတာကို မစဉ်းစားပဲ ဒီစစ်ပွဲပြီးလျှင် ငါတို့ ကုန်အရောင်းအဝယ်ဘယ်လိုနေမလဲဆိုတာလောက်ကိုတွေးပြီး လူငယ်တွေနေ့စဉ်နဲ့အမျှ သေကြေပျက်စီးနေကြတာကို လက်ပိုက်ကြည့်မနေဘူး။ ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ သစ်ကြားသီးလေးခြောက်လုံးလောက်ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေရဲ့စုငွေတွေနဲ့ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေကြတာကို ဒီအတိုင်းကြည့်မနေဘူး။ မြင့်မြတ်တဲ့လူမျိုးတစ်မျိုးဟာ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက် ကြည့်မနေဘူး။ ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက်ပိုကဲပြီး အသက်နဲ့ပိုက်ဆံပေးလို့တောင်းနေတဲ့ ဓားပြအကြီးစားတွေ ဓားပြတိုက်နေတာကို လက်ပိုက်ကြည့်မနေဘူး။
“ကျွန်တော်တို့တစ်တွေဟာ ဘာဖြစ်လို့ စာဖတ်ဖို့အကြောင်းကိုပြောနေရသလဲ။ ခုအခြေအနေမှာ ကျွန်တော်တို့လူမျိုးဟာ စာမဖတ်နိုင်ဘဲဖြစ်နေတယ်။ ဒီလို စိတ်ဓာတ်ပျက်ပြားနေတဲ့လူမျိုးတစ်မျိုးဟာ စာမဖတ်ချင်ဘဲဖြစ်နေတယ်။ ဘယ်လောက်ကြီးကျယ်တဲ့ စာရေးဆရာရေးခဲ့တဲ့စာပဲဖြစ်စေ ဒီလို ဖြစ်ပျက်နေတဲ့လူမျိုးဟာ နားဝင်နိုင်မှာမဟုတ်ဘူး။ ခု လက်ရှိအခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့စာပေကို ဖတ်နိုင်မှာမဟုတ်ဘူး။ မောဟတွေ လောဘတွေဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလည်း လက်ခံနိုင်မှာမဟုတ်ဘူး။
“လူမျိုးတစ်မျိုးဟာ ဘယ်လောက်ပဲ သဘောထားကြီးသည်ဖြစ်စေ၊ ပရမ်းပတာလူအုပ်အဖြစ်သို့ပြောင်းသွားလျှင် ကိုယ့်ခံစားချက်ကို ထိန်းကွပ်ပေးရမယ်။ ထိန်းမတ်ပေးရမယ်။ လူမျိုးတစ်မျိုးဟာ ပိုက်ဆံသက်သက်ကိုသာရှာနေတဲ့ ပရမ်းပတာလူအုပ်သာဖြစ်နေလျှင် ကြာရှည် တည်လိမ့်မယ် မဟုတ်ဘူး။ လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေလျှင်၊ သိပ္ပံပညာကို အထင်သေးနေလျှင်၊ အနုပညာကို အထင်သေးနေလျှင်၊ သဘာဝကို အထင်သေးနေလျှင်၊ မေတ္တာကရုဏာကို အထင်သေးနေလျှင် ပိုက်ဆံကို ဒီလောက်မက်နေလျှင် အဲ့ဒီလူမျိုးဟာ ကြာရှည်ခံမှာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့စကားတွေ ရင့်သီးတယ်လို့များထင်ကြလျှင် သည်းခံနားထောင်ကြပါ။ ကျွန်တော်ရှင်းပြပါ့မယ်။
(ရပ်စကင်းက ဒီဟောပြောပို့ချတဲ့အချိန်ဟာ ဥရောပမှာ နပိုလီယံစစ်ပွဲတွေပြီးစအချိန်ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲ ပြီးခါစအချိန်ဖြစ်တယ်။ ဗြိတိသျှအင်ပါယာကြီး နေမဝင်အင်ပါယာကြီး ထူထောင်နေချိန်ဖြစ်တယ်။ အင်္ဂလိပ်လူမျိုးဟာ စာပေတွေကိုမဖတ်ကြတော့ဘဲ စီးပွားရေးလုပ်ငန်းတွေကို တရကြမ်းလုပ်နေတဲ့အချိန်ဖြစ်တယ်။ အင်္ဂလိပ်လူမျိုးတို့ရဲ့စိတ်ဓာတ် ပျက်ပြားနေတာ၊ စာရိတ္တတန်ဖိုးတွေကျဆင်းနေတာကို ရပ်စကင်းက သတိပြုမိပုံရပါတယ်။ ဒါ့ကြောင့်မို့ သူ့ဟောပြောချက်ထဲမှာ လူတစ်ယောက်ရဲ့အကျင့်သီလဟာ ဘယ်လောက်အရေးကြီးတဲ့ အကြောင်း၊ လူမျိုးတစ်မျိုးရဲ့အကျင့်သီလဟာ အရေးကြီးတဲ့အကြောင်းကို အကျယ်တဝင့် ပြောသွားပါတယ်။ လူမျိုးတစ်မျိုးဟာ ပရမ်းပတာလူအုပ်တစ်အုပ်နဲ့တူသွားလျှင် အဲ့ဒီလူမျိုးဟာ အနှေးနဲ့အမြန် ကျဆုံးမှာဖြစ်တဲ့အကြောင်း၊ အင်္ဂလိပ်လူမျိုးဟာ စာပေ၊ အနုပညာ၊ သိပ္ပံပညာနဲ့တကွ မေတ္တကရုဏာတရားကို အထင်သေးနေကြတဲ့အကြောင်းကို အကျယ်တဝင့်ပြောသွားတာကို တွေ့နိုင်ပါတယ်)
(မူရင်းသတ်ပုံအတိုင်း။ ကျနော် ဆက်ပြီး စာရိုက်တင်ပေးပါ့မယ်။ မျိုးမြင့်ချို)
0 comments:
Post a Comment