ဒေါက်တာလှရွှေ
(၁)
ကြေးနီရောင် နက်ပြာရောင်လုံချည်ကို ခြေသလုံးပေါ် ခတ်တိုတိုဝတ်၏။ အညာဖြစ်ပင်နီကြမ်း အပေါ်အင်္ကျီနှင့်။ သူ့အလိုအလျှောက် ကော့လန်နေသောကတုံးဆံထောက်၏အောက်နားဆီမှ ကျွဲကော်ကိုင်းမျက်မှန်သည် ပညာ၏အမှတ်သဖွယ်။ ဟာသတစ်ခုကိုကျူးရင့်ပြီး ဟက်ဟက်ပက်ပက် ရယ်မော၏။ သူ့ရယ်မောသံမှာ စမ်းရေယဉ်၏စီးကျသံကဲ့သို့ ကာရန်ညီစွာ တေးဆန်လှ၏။ ရယ်မော၍နေစဉ် သူ၏မျက်လုံးမှအရည်ကြည်သည် တဖိတ်ဖိတ်တောက်ပနေ၏။ ဤသဏ္ဍန်သည် ကျွန်တော်၏မှတ်ဉာဏ်တွင်စိမ်းစို၍ကျန်ရစ်နေသော ကိုလှရွှေ၏ရုပ်ပုံလွှာဖြစ်ပေသည်။
၁၉၃၇။
ကျောင်းမှ အိမ်သို့အပြန် ဖျာပုံသင်္ဘောပေါ်တွင် ဖြစ်၏။ တကျောင်းဆောင်တည်းနေသော သူငယ်ချင်းတဦးမှာ တွံတေးတွင်ဆင်းရမည်ဖြစ်ရာ၊ သူသည် ပဌမတန်းလက်မှတ်ခံကာ တွံတေးမရောက်ခင် အချိန်လည်းဖြုန်းရင်းဆိုသလို အပျင်းပြေကစားရန် ပိုကာဝိုင်းလုပ်၍ထား၏။
ကျွန်တော်တို့ ကျောင်းသားတစုကား ကုန်းပတ်လက်မှတ်နှင့် ဖြစ်သော်လည်း သူ၏ဧည့်သည်များအဖြစ် ပဌမခန်းရှိ စားပွဲတွင်ဝိုင်းကာ တသောသောနှင့် ရယ်မောကာ ပိုကာ ကစားလျက် ရှိကြသည်။ ကျောင်းသားတို့၏ အကျင့်အတိုင်း ကုလားထိုင် ဖရိုဖရဲနှင့်။ စား၍ လွှင့်ပစ်ထားကြသော မြေပဲခွံ၊ စက္ကူစုတ်စသည်တို့မှာလည်း ကြမ်းပြင်တွင် ပလူပျံကာ ရုန်းရင်းဆန်ခတ် ဖြစ်၍နေကြသည်။
သင်္ဘော ရန်ကုန်ဆိပ်ကမ်းမှခွာကတည်းက ပိုကာဝိုင်းလည်း စတော့၏။ ကျွန်တော်တို့တတွေကား ပျက်လုံးတွေထုတ်ပြီး တသောသောရှိနေစဉ်၊ အသက် (၂၀)ခန့် အရပ်မြင့်မြင့်၊ တောင့်တောင့်တင်းတင်း၊ ခေတ်ဆန်ဆန်အမျိုးသမီးတဦးသည် ခါးထောက်ကာ အပါးတွင်ရပ်လျက်.....
'ရှင်တို့ ဒီနေရာက ဖယ်ပေးကြပါ၊ ကျမမှာ ပဌမခန်း လက်မှတ်ပါတယ်။ သူမ၏အသံမှာ မာနဖြင့် ပြွမ်းသဖြင့် တင်းမာလှ၏။ ဂုဏ်မောက်သောမျက်နှာဖြင့် ခက်ထန်သုန်မှုန်၏။ ကျွန်တော့်မှာ ကုန်းပတ်လက်မှတ်သာရှိသူဖြစ်၍ ဘာမျှမပြောနိုင်ဘဲ အန်း၍ နေသည်။ အခြားကျောင်းသားများ မှာလည်း ရုတ်တရက် ကြောင်၍နေကြ၏။
'ရှင်တို့ ဖယ်မပေးဘူးလား.... ကျမ ဒီမှာ စာရေးကို ခေါ်လာရတယ်။ စာရေးရှင့်၊ သူတို့ကို အခန်းထဲက ထွက်ခိုင်းပေးပါ'
သူမ ခေါ်လာသော သင်္ဘောစာရေးမှာလည်း အားနာ၍ ဘာမျှမပြောဘဲ ရပ်နေ၏။ ထိုအခိုက် ကိုလှရွှေသည် ဘယ်ကပေါ်လာသည်မသိ ရောက်လာကာ၊ ထိုမာနခဲ မိန်းမပျိုနှင့် အပြန်အလှန် စကားများ ကြတော့၏။
အမှန်အားဖြင့် ကိုလှရွှေသည် ကျွန်တော်တို့အတွက်မခံချင်သဖြင့် သက်သက် ဝင်ပြောခြင်းဖြစ်၏။
ကိုလှရွှေနှင့် ကျွန်တော်မှာလည်း လူချင်းမသိကြသေးပေ။ ကျောင်းမှ အိမ်အပြန် ဖျာပုံသင်္ဘောပေါ်တွင် ရံဖန်ရံခါ တွေ့တတ်သဖြင့်၊ ဖျာပုံမှ သခင်စိတ်ပေါက်နေသော ကောလိပ်ကျောင်းသားတယောက်ဟူ၍ သာမန်အားဖြင့် မှတ်ထင်ထားခဲ့၏။ သည့်ထက်ပို၍ မသိခဲ့ပေ။ ကျွန်တော်တို့ကို သူက ကျောင်းသားလေးတွေဟု မှတ်ဟန်ရှိ၏။
မိန်းမပျိုမှာ ကွန်ဗင့်ထွက်၊ ကောလိပ်ကျောင်းသူ ဇတ်ဇတ်ကြဲထဲက ဖြစ်၏။ သို့သော် ကိုလှရွှေနှင့် တွေ့သောအခါ ပြော့၍ ကျတော့၏။ ကိုလှရွှေမှာ အချက်ကျကျ စကားပြောတတ်သည်ဖြစ်ရာ မကြာမီ သူမ၏ ဒေါသသည် လွင့်ပျောက်၍ သွားလေသည်။ စိတ်ထဲတွင်မူကား ကိုလှရွှေကို မဟုတ်မခံတဲ့ တော်တော်မီးခဲကျတဲ့လူဘဲလို့ အောက်မေ့ထားလိုက်၏။
{၂}
ကိုလှရွှေအကြောင်းကို တွေးလျှင်၊ ၁၉၃၈ ခု ကျောင်းသားအရေးတော်ပုံမှ၊ ကားချပ်ကလေးများသည် တချပ်ပြီး တချပ်၊ ဖျတ်ကနဲ ဖျတ်ကနဲနှင့် ပေါ်လာလေသည်။
ဒီဇင်ဘာလ ၁၅ ရက်၊ ညနေ။
ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားတို့သည် လူစီတန်းလှည့်လည်ကာ အာဏာဖီဆန်ကြသည်။ ကျောင်းသားတပ်ပေါင်းစု၏ ချိန်းဆိုရာဌာနချုပ်ကား မြို့မကျောင်းဝင်းအတွင်း ဖြစ်သည်။
စုဝေးလျက်ရှိသော ကျောင်းသားလူထုကို ကိုလှရွှေက အာဏာဖီဆန်ခြင်း၏ စည်းကမ်း သဘောများကို ပြောပြ၏။ ထိုအခိုက် မိုးကြွင်းသည် ဖြန်းကနဲရွာချလိုက်သည်။ စောစောက ဝင်းနေသောကောင်းကင်ရှိကွက်လပ်၌ တိမ်တိုက်အညိုများ ရောက်နေလေပြီ။ မိုးနှင့် လေအကြားမှ ခေါင်းဆောင်ကိုလှရွှေ၏စကားသံသည် ဖောက်ထွင်း၍ ထွက်လာသည်။
မိုးပေါက်များအကြားဝယ် ကျောင်းသားတပ်ကြီးသည်၊ မောင်ဂိုမာရီလမ်းတလျှောက် ချီတက်၍ သွားကြသည်။ လမ်းဘေးမှ ကြည့်နေသော ပြည်သူတို့က 'အရေးတော်ပုံအောင်ပါစေ' ဟု ကြွေးကြော် လိုက်ကြ၏။ လှံစွပ်သေနတ်ကိုင် စစ်ပုလိပ်အပြည့်စစ်ကားသည် ခပ်လှမ်းလှမ်းမှ လိုက်ပါ၍ လာ၏။
ဒီဇင်ဘာလ ၂၀ ရက်
အတွင်းဝန်ရုံး၏ တံခါးပေါက်များတွင် ပိတ်ဆို့၍နေကြသော ကျောင်းသားလူထုအား ကိုလှရွှေသည် တပ်မှူးသဘွယ် လှည့်၍ အားပေးစကားလိုက်ပြောနေ၏။ သူ၏ လုံချည်တိုတို၊ အသားညိုညို သဏ္ဍန်သည် ကျောင်းသားလူထုထဲမှ ပြတ်သားပေါ်လွင်၏။ (၁၂) နာရီကျော်သောအခါ ဆန်းကဖီးက လှူသော ပေါင်မုန့်နှင့်ငါးသေတ္တာကို နေပူကျဲကျဲတွင် စားလျက်ရှိကြ၏။
မကြာမီ ကျောင်းသားတပ်ကြီးသည် တပ်ခေါက်ကာ ဂျူဒါအီစကယ်လမ်းမှကွေ့၍ ချီတက်ကာ ပြန်လာကြ၏။ စပတ်လမ်းထိပ်သို့ ရောက်လျင် မြင်းစီးပုလိပ်တို့သည် နံပါတ်ဒုတ်ဖြင့် တိုက်ခိုက် ကြသည်။
"သူပုန်သူပုန် -- ထထ"
"သခင်မျိုးဟေ့ -- ဒို့ဗမာ" ဟူသော အသံသည် ပဲ့တင်ထပ်မြဲထပ်လျက်ရှိသည်။ အရှေ့ဆုံးမှ ဖရိုဖရဲ ဖြစ်သွား၏။ နောက်လူများက အလျင်းမသိ၊ ဆက်လက် ချီတက်ကြ၏။ မြင်းစီးပုလိပ်များ ရောက်လာ ပြန်၏။ ကိုလှရွှေသည် စပတ်လမ်း ပလက်ဖောင်းတွင် ဖုတ်အလိမ်းလိမ်းနှင့် လဲနေ၏။
အတွင်းဝန်ရုံးရှေ့ရှိ သွေးစက်များ သွေးစက်များ။
တက္ကသိုလ်ဆေးရုံ အနောက်ဘက်အခန်းတွင်ကား ကိုအောင်ကျော်သည် သွေးတဗွက်ဗွက်အံရင်း လူးလှိမ့်လျက် ရှိသည်။ သတိမရတချက် ရတချက်။ ကိုလှရွှေသည် ကုတင်ဘေးမှ ငေးကာ ကြည့်နေသည်။ ဟင်း ---
ကမာရွတ်မှ ဟံသာဝတီလမ်းအထိ၊ ကြီးမားပြွတ်သိပ်သော လူထု၏အသံသည် ပင်လယ်မှ လှိုင်းတံပိုးသံဟု မှတ်ထင်ရသည်။ ရှေ့ဆုံးမှ ပန်းခွေဖြင့်လွှမ်းသော ဗိုလ်အောင်ကျော်၏ အလောင်းသည် ကြံတောသင်္ချိုင်းအဝသို့ဝင်နေသော်လည်း နောက်ဆုံးမှလူသည် ကမာရွတ် ဂါတ်တဲရှေ့တွင် တိုးလျက်ပင်ရှိလေသည်။
မကြာမီ သုဿန်ဇရပ်ရှိ စကားပြောဓာတ်ခွက်မှ ---
"ကျွန်မသားလေး.... လက်နက်ဆိုလို့ အပ်တောင် မပါတာကို... နယ်ချဲ့အစိုးရဟာ ရက်ရက်စက်စက် သတ်ပစ်လိုက်ကြတာ.... ကောင်းနိုင်ကြသေးရဲ့လားနော်..."
ဗိုလ်အောင်ကျော် မိခင်အိုကြီး၏ တုန်ရီအက်ကွဲသောအသံဝယ် လူတို့သည် ဆို့၍နေသည်။ မိခင်အိုကြီး၏ရှိုက်သံသည် တဆွတ်ပျံ့ပျံ့ ပဲ့တင်ထပ်လျက်ရှိသည်။
ထို့နောက် ကိုလှရွှေ၏ မိန့်ခွန်းစကား "ဟယ် --- ဘမော်အစိုးရ" ဟူသော အသံသည် လူထုကို လွှမ်းလိုက်သည်။
စကားလုံးများကား ထက်မြက်ချွန်မြလှ၏။ စကားလုံးများကိုတင်ဆောင်ကာ ဖွင့်လှပ်လိုက်သော အသံသည် နှလုံးကိုစူးရှတိုးဝင်၍ သွားသည်။ လူတို့သည် ဗိုလ်အောင်ကျော်ကို လွမ်းနေရာမှ လက်သီးကိုဆုပ်လိုက်ကြသည်။ အံကို ကြိတ်လိုက်ကြသည်။
သည်အခါတွင် လူထုသည် ကိုလှရွှေ၏အမိန့်ကိုသာ နာခံကြလိမ့်မည်။ သူက သေဆိုလျင် သေကြမည်။ ကိုလှရွှေ၏အသံသည် လူအများကို ညှို့နိုင်စွမ်းလှသည်။ အင်္ဂလိပ်စာကထိကတဦးက “ကိုလှရွှေ၏ သုဿန်တွင် ပြောသောစကားသည် ရောမစစ်ဘုရင် ဂျူးလီးယက်ဆီဆာ၏ အလောင်းရှေ့တွင် ထား၍ပြောသော ကမ္ဘာကျော်စကားကဲ့သို့ပင် လူများကို ပြောင်းလဲနိုင်သည်” ဟု မှတ်ချက်ချလိုက်သည်။
ကိုလှရွှေကား တရားပွဲများကို ဆက်တိုက်ဟောရသည်။ တညထဲတွင်ပင် အချိန်ပြောင်း၍ ချိန်းကာ ကားတစင်းဖြင့် တပွဲပြီးတပွဲ ပြေးကာလွှားကာ ဟောရသည်။
သို့သော် သပိတ်လှန်လိုက်သောအခါ ရဲရဲတောက်သန်းတင်က သပိတ်မလှန်ဂိုဏ်းထောင်၍ (၂) စု ကွဲသွားကြသေးသည်။ ယခင်က “အာဏာရှင်” ဟု ချီးကျူးသော သတင်းစာများက “ခွာနာရှင်” ဟု ပြက်ရယ်ပြုကြလေ၏။ ည တည ကိုလှရွှေသည် မော်တော်ကားဖြင့် စမ်းချောင်းသို့သွားစဉ်
ပုလင်းနှင့်အပေါက်ခံရ၏။
တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင်၊ ကျောင်းသားညီလာခံခေါပြီး သပိတ်လှန်-မလှန် စည်းဝေးကြပုံကို သတိရမိ၏။ သန်းတင်နှင့်နောက်လိုက်များက နိုင်ငံလုံးဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်များ ရှေ့တွင် သပိတ်ဆက်လက်မှောက်ရေးကို ပြောကြ၏။ ပြီးနောက် ကိုလှရွှေက ခရေစေ့တွင်းကျ အချက်အလက်နှင့်ရှင်းလင်းပြ၏။
ကျောင်းသားကိုယ်စားလှယ်များသည် တကယ့်အဖြစ်မှန်ကို မြင်လာကြလေပြီ။ မဲခွဲလိုက်သောအခါ ကိုလှရွှေဘက်က မဲများစွာနှင့် အပြတ်အသတ်နိုင်ခဲ့သည်။
နောက်နှစ်တွင် ကိုလှရွှေသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂ၏ဥက္ကဌ ဖြစ်ခဲ့သည်။
ကျောင်းသားအရေးတော်ပုံ အပြီးတွင် ကိုလှရွှေလည်း မိန်းမယူလိုက်လေသည်။ လူတို့သည် စိတ်ပျက်သည့်အခါ သို့မဟုတ် မျှော်မှန်းချက်များ အစိပ်စိပ်အမွှာမွှာ ကွဲပြိုသွားသည့်အခါ မိမိစိတ်ညစ်ခြင်းကိုခွဲဝေယူရန် အဖော်အဖြစ် မိန်းမယူတတ်ကြလေသည်။
ကိုလှရွှေလည်း ဆေးကျောင်းတက်နေယင်း “ရီ” နှင့် လက်ထပ်လိုက်လေ၏။
တည သမဂ္ဂအစည်းအဝေးအပြီး၌ မိုးရွာနေရာ၊ သူ၏ ချစ်ဇနီး “ရီ” အား ထီးမိုးကာ ကားပေါ်သို့ ပို့ပေးသည်ကို မြင်လိုက်ရ၏။
{၃}
သူ သမဂ္ဂအဖြစ်ဥက္ကဌအဖြစ်ဆောင်ရွက်သော ၁၉၃၈-၃၉ ကျွန်တော်လည်း တက္ကသိုလ်သမဂ္ဂတွင် အမှုဆောင် (ပေါင်းသင်းဆက်ဆံရေးအဖွဲ့နာယက)ဖြစ်ခဲ့ရာ သူနှင့် နီးနီးကပ်ကပ် တွေ့မြင်ရလေသည်။
တည တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင် အာဇာနည်နေ့ကျင်းပရေးအတွက် အစည်းအဝေးတရပ် ကျင်းပ၏။ ဒို့ဗမာအစည်းအရုံးမှ စ၍၊ အဖွဲ့ပေါင်းစုံမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ဆော်သြသူအဖြစ်ဖိတ်ခေါ်၍ ကိုလှရွှေသည် အစည်းအဝေး၏ သဘာပတိ၊ သခင်ဘဟိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။
ကျွန်တော် မှတ်မိသလောက်၊ သခင်ဗစိန်၊ သူနာပြု ဦးဘနှင်း၊ မြို့မဆရာဟိန်၊ သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်တင်မောင် (ကွယ်လွန်) စသူတို့သည် ထက်ထက်သန်သန် စကားပြောကြ၏။
နောက်ဆုံး ဘယ်နေ့ဘယ်ရက်ကို အာဇာနည်နေ့ သတ်မှတ်မည်ကို နေ့ရွေးကြ၏။ ဆွေးနွေးရင်း အတိုက်အခံ အစုကလေးနှစ်စု ကွဲ၍လာ၏။
တဘက်က ဗိုလ်အောင်ကျော်အရိုက်ခံရသော အာဏာဖီဆန်သည့်နေ့ကို အာဇာနည်နေ့ သတ်မှတ်ရန် ပြောကြ၏။ တဘက်ကမူကား ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈ ကျောင်းသားအရေးတော်ပုံကြီး သည် ရေနံမြေအလုပ်သမားသပိတ်မှစတင် တောက်လောင်ခြင်းဖြစ်သဖြင့် အလုပ်သမားများနှင့် ပတ်သက်သောနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်သင့်ကြောင်း အကျယ်တဝင့်ပြောကြ၏။
ပြောကြရင်း ပြောကြရင်း အရေးတော်ပုံကို အလုပ်သမားများကခေါင်းဆောင်သည် ကျောင်းသားများ ခေါင်းဆောင်သည် စသည်ဖြင့် ဆွေးနွေးသောအချက်မှတိမ်းချော်ကာ ပုဂ္ဂလဓိဌာန် အထိအခိုက်တွေပါ ပါလာတော့၏။
တော်တော်ပြင်းပြင်းထန်ထန် ပြောကြ၏။ တဘက်နှင့်တဘက်လည်း ပုတ်ခတ်၍ လာကြ၏။ သခင်ဘဟိန်းကား ခပ်ပြုံးပြုံးပင် နားထောင်နေ၏။ လက်သီးလက်မောင်းတန်းနေသော သခင်တင်မောင်ကို ကျွန်တော်က ဆွဲထားရ၏။ သခင်တင်မောင်ကား ဒေါသကြီး၏။ သူတို့၏ မျက်နှာများသည် နီမြန်း၍ နေကြကုန်၏။
တချို့ကား လက်မောင်းပင့်ပြီး ရှေ့သို့ ထလာ၏။ ကျွန်တော့်စိတ်ထဲတွင်ကား တဘက်နှင့် တဘက် ထိုးကြကြိတ်ကြတော့မည်မှာမလွဲဟု အောက်မေ့ထားလိုက်၏။ သခင်တဦးက ကျောင်းသားတွေဟာ ဘာကောင်တွေ ညာကောင်တွေ စသည်ဖြင့် ဆဲရေး၏။
'ထိုင်--- ထိုင် --- မပြောနဲ့' စသည်ဖြင့် အော်ဟစ်ကြွေးကြော်နေသည့်ကြားထဲမှ သခင်လေးမောင်သည်မရပ်ဘဲ လျှာရှည်ရှည်နှင့် စကားပြောလျက်ရှိ၏။ တခန်းလုံး တယောက်တခွန်း စကားသံတွေဖြင့် ပွက်ပွက်ညံလျက်ရှိသည်။
သခင်တဦးသည် လက်ထဲမှ ထီးကိုယူကာ တဘက်သို့ ပြေးသွားလေပြီ။
သည်လို ပေါက်ကွဲတော့မည့်လေပြင်းမုန်တိုင်းထဲမှ ကိုလှရွှေသည် ထကာ "သခင်လေးမောင် ရပ်လိုက်ပါ၊ ရပ်လိုက်ပါ"
သခင်လေးမောင်၏စကားသံသည် ဆက်လက်ပေါ်လာ၏။
"အားလုံး ငြိမ်ကြပါ ဒီအစည်းအဝေးမှာ ကျွန်တော်သည်သဘာပတိ၊ ကျွန်တော့်အမိန့် နားထောင်ရမယ် ခင်ဗျားတို့ အားလုံးငြိမ်ကြ"
သူ၏ အောင်မြင်ထက်မြက်သောအသံသည် သမဂ္ဂအခန်းတခုလုံးကို လွှမ်းသွားသည်။ ဆူပွက်သော အသံများသည် မီးကို ရေနှင့်သတ်လိုက်သလို ရှဲကနဲ တိတ်သွားသည်။ မီးကို ရေနှင့်သတ်လိုက်သလို ဟူသော ဥပမာစကား၏ တိကျမှန်ကန်ခြင်းကို ဤနေရာတွင်မှ ဒက်ကနဲ တွေ့လိုက်ရပေသည်။
ကျွန်တော်ကား ကိုလှရွှေကို ကျေးဇူးတင်လျက် ရှိသည်။ အကယ်၍သာ ကိုလှရွှေသည် အစည်းအဝေးကိုမထိန်းသိမ်းနိုင်လျင်၊ ဧကန် သွေးထွက်သံယိုမှုများ ဖြစ်ပွားမည်။ တိုင်းပြည်က အထင်ကြီးသော ဒို့ဗမာအစည်းအရုံးမှခေါင်းဆောင်များနှင့်ကျောင်းသားများ၏ရန်ပွဲသည် ရှက်ဘွယ်ရာ ကျော်ကြား၍သွားပေမည်။
{၄}
ကျောင်းသားခေါင်းဆောင်အဖြစ်ကား ကိုလှရွှေသည် သံမဏိလမ်းစဉ်နှင့်လုပ်ခဲ့သည်။
အလုပ်သမား၊ လယ်သမားစသော ဆင်းရဲသားအရေးတို့ကို ရှေ့ရှုခဲ့သည်။ သူသတ်မှတ်ထားသော လမ်းစဉ်ကို မတိမ်းမစောင်းဘဲ စိုက်မတ်စွာ ရဲရဲရင့်ရင့်လုပ်တတ်သည်။ သူ သမဂ္ဂဥက္ကဌဖြစ်သည့်နှစ်က ဒုတိယဥက္ကဌ ကိုကျော်မြင့် (ယခု ဆိုရှယ်လစ်ပါတီ) က သမဂ္ဂအစည်းအဝေးပွဲ တပွဲတွင် ဒေါက်တာဘမော်ကို နိုင်ငံရေးတရားဟောခိုင်းဖို့ အဆိုတင်သွင်းရာ၊ ကိုလှရွှေသည် ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။
“ကျုပ်လက်ထက်မှာ ဒေါက်တာဘမော် သမဂ္ဂစင်မြင့်ပေါ် မတက်စေရဘူး” ဟု သူပြောသည်။
အခုတင် ဘမော်အစိုးရကို ဖြုတ်ချပြီး၊ အခုဘဲ သူနှင့် ပြန်၍လက်တွဲရမည့်သဘောကို သူအလိုမရှိပေ။ သူ့လက်ထက်တွင် ဒေါက်တာဘမော် တခါမျှ သမဂ္ဂစင်မြင့်သို့ မရောက်ခဲ့ရပေ။ ကိုလှရွှေသည် သံမဏိလမ်းစဉ်၊ ချိုးဖဲ့ကွေးညွတ်၍မရသောလမ်းစဉ်အတိုင်း စိုက်စိုက်မတ်မတ် သွားသည်။
ကျောင်းသားအရေးများကြောင့်ပင် သူသည် ပညာရေးဘက်က များစွာ အနစ်နာခံခဲ့ရသည်။
သူ တက္ကသိုလ်ရောက်သည်မှာ ကြာလှပေပြီ။ သူသင်ယူသော အမ်ဘီဘီအက်စ် ဆရာဝန်အတတ်မှာ (၇) နှစ် သင်တန်း ရှိပေရာ၊ သပိတ်ကိစ္စ၊ သမဂ္ဂကိစ္စအဝဝကြောင့်၊ စာမေးပွဲ မဖြေရသည်မှာ မကြာခဏပင်ဖြစ်ပေသည်။ အထူးသဖြင့် ဆရာဝန်အတတ်မှာ ဘီအေ၊ အမ်အေကဲ့သို့ ကျောင်းမှန်မှန် မတက်သော်လည်း စာဖတ်ပြီး စာမေးပွဲအောင်ရန် မရပေ။ လက်တွေ့အတန်းများကို မပျက်မကွက်တက်ပြီး မှန်မှန်ကျိုးစား စာဖတ်မှ တော်ရုံကျပေသည်။ သည်အထဲ သမဂ္ဂလုပ်ငန်းကို လုံးလုံးလျားလျားလုပ်ပြီး စာမေးပွဲ မဖြေရသဖြင့် ကျောင်းသက်မှာရှည်ရခြင်း ဖြစ်လေသည်။
၁၉၃၉ ခုမှစ၍ သူသည် ကျောင်းစာကို လိုက်ရလေသည်။ ထိုနှစ်မှစ၍ သူ၏ သမဂ္ဂဥက္ကဌ သက်တန်းစေ့သဖြင့်သာ၊ အမ်ဘီဘီအက်စ် ဆရာဝန်ဘွဲ့ကို ဆွတ်ခူးခွင့် ရခဲ့ပေသည်။ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် နှုတ်ဖြင့်မေးသောစာမေးပွဲတွင် ဆေးတက္ကသိုလ်အဖွဲ့မှ ဆေးမင်းကြီးက ၁၉၃၈ ခု၊ ကျောင်းသားအရေးတော်ပုံသည် မှန်သလောဟူသောမေးခွန်းမျိုးကို ကိုလှရွှေအား မေးသည်ဟု ကြားရသည်။ ကိုလှရွှေသည် အရေးတော်ပုံဘက်မှနေ၍ ရဲရင့်စွာပင် အချက်အလက်များနှင့် ဖြေကြားခဲ့ပေသည်။ ထိုအခါက နယ်ချဲ့စနစ်သည် ခိုင်မြဲလျက် ရှိသေးသည်။
အကယ်၍သာ ကျောင်းမှထွက်ပြီး နိုင်ငံရေးဆက်လိုက်လျင် သူ၏ ကျော်စောခြင်းအရှိန်နှင့် ယခုအခါ အတော် အရေးပါသောတနေရာတွင်ရောက်နိုင်ရန် အလားအလာ ရှိခဲ့ပေသည်။
သို့သော် သူသည် သမဂ္ဂကထွက်ပြီးကတည်းက အေးချမ်းငြိမ်ဝပ်စွာ နေခဲ့သည်။ ဆရာဝန်ပညာကိုသာ စိတ်အားထက်သန်ခဲ့ပေသည်။ ဆရာဝန်ကြီးတဦးက ကိုလှရွှေအား “ငယ်ရွယ်သော်လည်း ထက်မြက်လှသော အခွဲအစိတ်ဆရာဝန်တဦး ဖြစ်လေသည်” ဟု ချီးကျူးခဲ့သည်။
ဂျပန်တက်စ ဘီအိုင်အေခေတ်က ကျွန်တော်သည် ကျိုက်လတ်မြို့ရှိ ဒို့ဗမာအစိုးရ၏ အုပ်ချုပ်ရေး ကိစ္စတခုဖြင့် ဖျာပုံသို့ ရောက်ခဲ့ရာ သူ့အိမ်တွင် သူ့ကို သွားတွေ့သည်။ သူသည် အုပ်ချုပ်ရေးမှူး လုပ်လျက်ရှိသည်။
သူက “ကျွန်တော်တော့ဗျာ မတတ်သာလို့ အုပ်ချုပ်ရေးမှူး လုပ်နေတာဘဲ” ဟု ညည်းသည်။ ဂျပန်ခေတ်ကလည်း ပြည်သူ့ဆေးရုံတွင် အခွဲအစိတ်ကိစ္စများကို လုပ်ကိုင်လျက်ရှိခဲ့သည်။ နောက်တဖန် မအူပင်သို့ ခရိုင်ဆရာဝန်အဖြစ် ပြောင်းသွားသည်။
လူအဖြစ်ကား ကိုလှရွှေသည် ဖော်ရွေပြူငှာလှသည်။ သဘောကောင်းသည်။ ရယ်စရာတခုခုပြောပြီး ဟက်ဟက်ပက်ပက် ရယ်မောတတ်သည်။ သူ၏ ရယ်သံမှာ တောမြိုင်အတွင်းရှိ ရေယဉ်စမ်းမှ စီးကျသံလို ကာရန်ညီ၍ စီးချက်ကျသည်။ သူနှင့် စကားပြောလျှင် ပျင်းစရာမကောင်း။ သူ့တွင် ဟာသရှိသည်။
တာရာမဂ္ဂဇင်းကို သူ့ထံသွားပေးသည့်အခါ သူသည် မျက်နှာဖုံးကစ၍ ဝေဖန်ချက် ပြောလေ့ရှိသည်။ သူ့တွင် ဝေဖန်စစ်ဆေးခြင်း မျက်စိရှိသည်။ 'ငွေလှေပေါ်ကအနမ်း' ကဗျာကိုကား “ခင်ဗျားဟာက ကိုယ်မရတိုင်း၊ ကိုယ်မဖြစ်တိုင်း၊ ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်မက်ထာဘဲလားဗျာ” ဟု ရယ်ကာ ပြောလေသည်။
“ခင်ဗျားမူအတိုင်း မပျက်စေနဲ့၊ တန်ဘိုးကို အမြဲထိန်းသိမ်းနော်” ဟု ကျွန်တော့်ကို ပြောတတ်သည်။
'တာရာ' တွင် ဘဝနှင့်ပတ်သက်သောဆောင်းပါးများရေးပေးမည်ဟု ကတိပေးဖူးသည်။ သို့သော် သူ့မှာ မအားလပ်သဖြင့် မရေးဖြစ်ခဲ့။
သူသည် ခေတ်အယူအဆ၊ စာပေ စသည်တို့ကို လစ်လျှူရှုသူ မဟုတ်ပေ။ သူရေးခဲ့သော 'ဇနီးမောင်နှံ ရာသက်ပန်' ကား စာအုပ်ကောင်းတအုပ်ဖြစ်၍ မကွယ်မထောက် ရှင်းလင်းပြတ်သားလှသည်။ ခေတ်ပေါ် ဗမာကာမသျှတ္တရစာအုပ်များထဲတွင် သူ့စာအုပ်သည် ပညာအဆန်ဆုံး၊ အခိုင်လုံဆုံး ဖြစ်ပေသည်။
{၅}
ဆရာဝန်ဆို၍ ကိုလှရွှေတယောက်ရှိသည်မှာ မိတ်ဆွေရဲဘော်များအတွက်လည်း များစွာအားကိုးစရာ ဖြစ်ခဲ့သည်။ ဂျပန်ခေတ်က သခင်ဘဟိန်းသည် အသားဝါရောဂါ ဖြစ်နေစဉ်၊ ကိုလှရွှေသည် မနက် အစောကြီး ပေါက်လာကာ ဆေးထိုးပေး၏။ သခင်ဘဟိန်းမှာ အိပ်ရာထနေမြင့်၍ ကိုလှရွှေသည် စောင့်၍ ဆေးထိုးပေးရ၏။
ကျောင်းသားဘဝကလည်း ကိုလှရွှေသည် သခင်ဘဟိန်းကို ဆေးထိုးပေးခဲ့သည်။ ဆေးထိုးရန်အတွက် ဆေးထိုးတံပြင်နေစဉ်၊ သခင်ဘဟိန်းက လက်မောင်းကိုပွတ်ရင်း ပြုံးပြီး “ဟုတ်မှ ဟုတ်ရဲ့လားကွာ တော်ကြာ ဆေးထိုးမှားလို့ ကြွနေပါအုံးမယ်”။ ကိုလှရွှေကား ဟက်ဟက်ပက်ပက်ရယ်မောကာ “အလကားထိုးပေးရလို့ ကိုယ့်လူ။ မောင်ရင်က ပိုက်ဆံပေးရမှ အဟုတ်ထင်တာကိုး၊ အောင်မယ်လေး ထိုးပေးရတဲ့ လူကတောင် ချော့နေရသကိုး”
ကျွန်တော်တို့ကား ရှုံ့ ရှုံ့ မဲ့နှင့်ခံနေသော သခင်ဘဟိန်းအား ရယ်၍သာနေကြ၏။ ကိုလှရွှေက အပ်ကို ဆွဲထုတ်ယင်း “အပ်ကြီးကြီးနဲ့ ထိုးလိုက်ရတာ အသားဘဲဟေ့” ဟု ရယ်မောလျက် ရှိ၏။
၁၉၄၆ နှစ်ဦးက ကျွန်တော်သည် ဝမ်းကိုက်ရောဂါဖြစ်၍ ကိုလှရွှေထံတွင် အကြိမ် (၆၀) ခန့် ဆေးထိုး ရဖူး၏။
သူဆေးထိုးမည်ပြုလျင် ကျွန်တော်က အင်္ကျီလက်ကိုပင့်ယင်း “ဖြေးဖြေးလုပ်နော်” ဟုပြောရာ၊ “ဒီတခါတော့ အပ်ကြီးကြီးနဲ့ ထိုးရမယ်ဗျ” ဟုပြောပြီး ထိုးလေ့ရှိ၏။ သူ့အိမ်သို့ ဆေးထိုးသွားလျှင် တက်ဘုန်းကြီးသိန်းဖေ၊ သခင်ဗတင်၊ စသည်တို့ကို တွေ့ရတတ်၏။ ကိုထွန်းအုံနှင့်ကား ဆေးထိုးဆုံ၍ နေတတ်၏။ ကိုလှရွှေဆေးထိုးမည့်နေ့ဆိုလျှင် သူ့ဇနီး 'ရီ' သည် ဆေးထိုးတံ၊ အပ် စသည်တို့ကို ဆေးစိမ်၍ထားလေ့ရှိသည်။ ကိုလှရွှရေးပေးသည့် အညွှန်းအတိုင်း ဆေးစပ်ပေးလေ့ရှိ၏။ ကိုလှရွှေသည် ချစ်ဇနီး 'ရီ' ကို အတော်ချစ်ပုံရလေသည်။
တညနေတွင် ကျွန်တော်သည် ဆေးရုံဝင်းထဲရှိ အိမ်တွင် ဆေးထိုးရန် ကိုလှရွှေကို စောင့်လျက်ရှိသည်။ ကိုယ်တော်တပါးသည် ဒေါက်တာမောင်လှရွှေကို တွေ့ချင်သည်ဆို၍ ဧည့်ခန်းသို့ ဝင်လာ၏။ မကြာမီ ကိုလှရွှေသည် ဆေးရုံမှ ရောက်လာသည်။ ကိုယ်တော်က ခြေတွင် ထုံကျင်ကိုက်ခဲသော ဝေဒနာစွဲကပ်၍ ဆေးရုံတက်လိုကြောင်း ပြောပြ၏။ ကိုလှရွှေက နောက်တနေ့တွင် ဆေးရုံ ပြင်ပလူနာဌာနသို့ လာရောက်ရန်ချိန်းဆို၏။ သို့သော် ကိုယ်တော်က အတော်ကြာပင် ဆေးရုံအကြောင်းကို မေးမြန်းနေလေ၏။ ကိုလှရွှေကား စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ နားထောင်ရသော ကျွန်တော်ပင် စိတ်မရှည်ပေ။
ကိုလှရွှေ ခေတ္တ အိမ်ခန်းထဲသို့ ဝင်သွားသောအခါ ကိုယ်တော်က၊ “အာဏာရှင်ကြီး မောင်လှရွှေ လခ ဘယ်လောက်ရလဲ၊ တထောင်ကျော်လား” စသည်ဖြင့် ကျွန်တော့်အား မေးလျက်ရှိ၏။ ကိုယ်တော်သည် ကျောင်းသားခေါင်းဆောင်အဖြစ် ကိုလှရွှေကို အတော်စွဲလမ်းပုံရသည်။
{၆}
မသွားခင် တလကျော်ကျော်လောက်က သူနှင့် တွေ့သောအခါ၊ အမေရိကန်ပြည်သို့ သင်္ဘောနှင့် သွားမည်ဟု ကျွန်တော့်ကို ပြော၏။ နောက်မှ လေယာဉ်ပျံနှင့် သွားမည်ဆိုတာသိရ၏။
သူသည် အမေရိကန်ပြည် မနီဆိုတာတက္ကသိုလ်၌ အခွဲအစိတ်ပညာကို ပညာတော်သင်အဖြစ် သွားရောက်သင်ကြားရန် ဖြစ်သည်။ သူသည် ဆေးသိပ္ပံပညာ၌ စိတ်ဝင်စားလျက်ရှိနေသည်။
“ကျွန်တော်တို့တတွေ သိပ္ပံပညာဘက်မှာ ပြည့်ပြည့်ဝဝ ခေတ်မီမီ တတ်ကျွမ်းနားလည်ဖို့လိုတယ်။ လေ့လာဆည်းပူးစရာတွေ အများကြီး ရှိသေးတယ်.....” ဟု ကျွန်တော့်အား ကိုလှရွှေက ပြော၏။
ထင်ကြီးနှင့် တက္ကသိုလ်တခုတည်းဆို၍ ထင်ကြီးက တဖွဖွမှာနေသော တာရာမဂ္ဂဇင်းများကို ကိုလှရွှေနှင့်ပါးလိုက်ရန် သူ့ဆီသွားတွေ့၏။ ထိုနေ့က သူ အင်းစိန်သွားနေသဖြင့် မတွေ့လိုက်ရ။ လေယဉ်ပျံတွင်ယူနိုင်သည့် ဝန်စည်စလယ်အလေးချိန်မှာ ပြည့်နေပြီဟုကြားရသဖြင့် ဆန်းကဖေး မန်နေဂျာ တွန်မီထွန်းတင်နှင့် ပေးလိုက်ရလေသည်။
များမကြာမီ အာရေဗျပင်လယ်ကွေ့၌ လေယာဉ်ပျံပျက်သည့်သတင်းကြားရရာ ထိတ်ခနဲ ဖြစ်သွားသည်။ တနှစ်အတွင်း မိတ်ဆွေရဲဘော်များ၊ အထူးသဖြင့် သမဂ္ဂဥက္ကဌများသည် ကွယ်လွန်ရှာကြလေပြီ။ ပဌမ ကွန်မြူနစ်ခေါင်းဆောင် သခင်ဘဟိန်း၊ နောက် ဖဆပလဥက္ကဌ သခင်အောင်ဆန်း၊ နောက်ဆုံး ၁၉၃၈ နှစ် ကျောင်းသားအရေးတော်ပုံ၏ ခေါင်းဆောင် ကိုလှရွှေ။
ဒဂုန်တာရာ။
အောက်တိုဘာလ ၁၉၄၇။
0 comments:
Post a Comment