Monday, August 15, 2022

စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ကြမလဲ

0 comments

စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ကြမလဲ(၂၀၁၃ ဇန်နဝါရီ ၄)

စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ကြမလဲ

ဗကပ၏ တင်ပြချက်

(ဇန်နဝါရီ ၁၊ ၂၀၁၃)

လွတ်လပ်ရေး ၆၅ နှစ်ပြည့်ပြီ။ အခြေခံဥပဒေလည်း (၃) ခုရှိပြီ။

လွတ်လပ်ရေးမရခင်ကတည်းက ဗမာပြည်သစ်ကို ဘယ်စနစ်နဲ့တည်ထောင်ကြမလဲဆိုတာ စဉ်းစားခဲ့ကြသည်။ အထူးသဖြင့် ပြည်ထောင်စုစနစ်လား တပြည်ထောင်စနစ်လားဆိုတာကို စဉ်းစားခဲ့သည်။ အာဏာရ ဖဆပလ ထဲတွင် တပြည်ထောင်စနစ်လိုလားသူများရှိခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံတွင် ပြည်ထောင်စုစနစ်ကို အတိအလင်းကြေညာခဲ့သဖြင့် သူတို့တွေ မလွန်ဆန်ရဲကြ။ ငြိမ်နေခဲ့သည်။ ၁၉၄၇ အခြေခံဥပဒေကို ဖဆပလ ကပဲ ရေးဆွဲခဲ့တာဖြစ်သည်။ ထိုဥပဒေတွင် လိုရာဆွဲအဓိပ္ပါယ် ကောက်ယူနိုင်သည့်ပုဒ်မများပါနေသည်။

 

လွတ်လပ်ရေးရတော့ ဗိုလ်အောင်ဆန်းမရှိတော့။ တပြည်ထောင်စနစ်ကိုလိုလားသူများက အတင့်ရဲလာသည်။ ပြည်ထောင်စုဆိုင်းဘုတ်အောက်တွင် တပြည်ထောင်စနစ်လုပ်ကြသည်။

 

စစ်အေးခေတ်ဖြစ်နေတာနဲ့ ပြည်တွင်းစစ်ဖြစ်နေတာကိုအကြောင်းပြုပြီး တပြည်ထောင်စနစ်သမားတွေ ဇက်ရဲလက်ရဲလုပ်ဝံ့ကြသည်။

 

၁၀နှစ် ၁၀’ မိုး ရှိလာတော့ ရှမ်းပြည်ခွဲထွက်မထွက်၊ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်ဖြစ်အောင် ပြင်မပြင်ကိစ္စက ရှေ့တန်းရောက်လာသည်။ အဲ့ဒီအချိန်မှာပဲ ဖဆပလ ကွဲသည်။ သန့်ရှင်းအစိုးရ အာဏာရသည်။ တပြည်ထောင်စနစ်လိုလားသူများ အတိုက်အခံဘဝရောက်ကြသည်။ တပြည်ထောင်စနစ်အားသန်သည့်စစ်ဗိုလ်များ သန့်ရှင်းအစိုးရကိုအကျပ်ကိုင်ပြီး နိုင်ငံတော်အာဏာကိုရယူလိုက်ကာ အိမ်စောင့်အစိုးရပေါ်လာသည်။ တပြည်ထောင်စနစ်ကို သူတို့က အတိအလင်းလုပ်ကြသည်။ ခွဲထွက်ရေးကိုတိမ်းညွှတ်သည့် စော်ဘွားတချို့နဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ အခြေခံဥပဒေပြင်ဆင်ချင်သူများကို ဒလကြမ်းနှိပ်ကွပ်သည်။

 

ဤသို့ဖြင့် ပြဿနာကြီးလာခဲ့သည်။ ၁၉၆၀ တွင် သန့်ရှင်းအုပ်စုက ရွေးကောက်ပွဲနိုင်လိုက်တော့ (ပထစ) အစိုးရပေါ်လာသည်။ ရှမ်းပြည်ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ကြိုးစားသည်။ သို့သော် ဆုံးခန်းတိုင် မလုပ်လိုက်ရ။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပွဲကြုံရသည်။ တော်လှန်ရေးကောင်စီအမည်ခံစစ်အစိုးရက တပြည်ထောင်စနစ်ကို လွတ်လွတ်ကျွတ်ကျွတ် ဇက်ရဲလက်ရဲလုပ်တော့သည်။ ၁၉၇၄ အခြေခံဥပဒေ’ ရေးဆွဲအတည်ပြုသည်။ ပြည်ထောင်စုဆိုတာက နာမည်သာကျန်ရစ်သည်။ ပြည်နယ်(၇)ပြည်နယ်၊ တိုင်း(၇)တိုင်းဆိုတဲ့ဖွဲ့စည်းပုံ ပေါ်လာသည်။

 

တပြည်ထောင်စုဖြစ်လာတဲ့ဖြစ်စဉ်ကို အခြေခံဥပဒေ(၃)ခုကပြဌာန်းတဲ့ အလံ’ ၃ ခုကိုကြည့်လျှင်သိနိုင်သည်။

· ၁၉၄၇ အခြေခံဥပဒေ ပြဌာန်းတဲ့အလံက ကြယ်ဖြူကြီးတလုံးကို အရန်ကြယ်ကလေး (၅)လုံးက ခြံရံနေသည်။

· ၁၉၇၄ အခြေခံဥပဒေရဲ့အလံကျတော့ ကြယ်ဖြူကြီးပျောက်ပြီး အရန်ကြယ်ကလေး(၁၄)လုံးဝန်းရံလာသည်။ ကြယ်ဖြူကြီးနေရာမှာ မဆလတံဆိပ် ရောက်လာသည်။

· ၂၀၀၈ အခြေခံဥပဒေကျတော့ ရောင်ခြယ်အလံမှာ ကြယ်ဖြူကြီးတလုံးပြန်ရောက်လာသည်။ ကြယ်ရန်တွေကတော့ လုံးလုံးပျောက်သွားသည်။

 

ဒါက ပြည်ထောင်စုကနေ တပြည်ထောင်စနစ်သို့ကူးပြောင်းလာတာကို အလံသင်္ကေတနဲ့ပြတာဖြစ်သည်။ ပြည်ထောင်စုဆိုတဲ့ဆိုင်းဘုတ်ကိုတော့ မဖြုတ်ရဲကြ။ သို့သော် ပြည်ထောင်စုအနှစ်သာရကိုတော့ လုံးလုံး ဖျက်သိမ်းလိုက်ကြပြီ။ ၂၀၀၈ အခြေခံဥပဒေရဲ့ အခန်း (၂)ပါ ပုဒ်မများကိုလေ့လာကြည့်ပါ။ အနှစ်သာရက တပြည်ထောင်စနစ်ဖြစ်နေသည်။

 

ဗမာပြည်မှာ တပြည်ထောင်စနစ်ကျင့်သုံးလို့မဖြစ်ပါ။

ဗမာပြည်က တရုတ်ပြည်အိန္ဒိယပြည်တို့နဲ့မတူပါ။

· တရုတ်ပြည်မှာ တရုတ် ဟန်လူမျိုးက လူဦးရေအားလုံးပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းရှိသည်။ အမျိုးသားလူနည်းစုက လူမျိုးပေါင်း ၅၆ ပဲရှိသည်။ တရုတ်စကား(ပီကင်းစကား)ကိုတော့ အများစုကြီးတတ်သည်။ ဒါကြောင့် တပြည်ထောင်စနစ်ကျင့်သုံးနိုင်သည့် အနေအထားဖြစ်သည်။

· အိန္ဒိယကျတော့ ပြည်ထောင်စုစနစ်ဖြစ်သည်။ ဘာသာစကားပေါင်း(၁၃)ခု ပြော ကြသည်။ (အများစုကြီးက) ဟိန္ဒူဘာသာဝင်တွေဖြစ်သည်။ သို့သော် ရုံးသုံးဘာသာကို အမျိုးမျိုးထားရသည်။ တပြည်ထောင်စနစ်လုပ်လို့မဖြစ်။ ပြည်ထောင်စုစနစ်ပဲ လုပ်ရမည်။ သူ့ပြည်နယ်တွေက ကြီးသည်။ တရုတ်ပြည်မှာလိုပဲဖြစ်သည်။ သို့သော် ပြည်နယ်အလိုက် ဘာသာစကားများကို တရားဝင်လုပ်ထားသည်။ တရုတ်ပြည်မှာလို အားလုံး ပီကင်းစကား (မန်ဒရင်စကား)ချည်း ပြောကြတာမဟုတ်။ လွတ်လပ်ရေးရတော့လည်း နိုင်ငံ(၂)နိုင်အဖြစ် အခွဲခံရသည်။ တရုတ်ပြည်မှာလို လုပ်လို့မဖြစ်တာသေချာသည်။ အိန္ဒိယရဲ့ပြည်ထောင်စုမျိုးကို ဗမာပြည်မှာလုပ်လို့မဖြစ်နိုင်။ ဗမာပြည်ရဲ့ သီးခြားလက္ခဏာရှိတဲ့ပြည်ထောင်စုစနစ်ကိုပဲ ထူထောင်ရလိမ့်မည်။ ကြံဆကြရလိမ့်မည်။ ဗကပ က ယေဘုယျပဲတင်ပြနိုင်သည်။

 

ဗမာပြည်ရဲ့သီးခြားလက္ခဏာများကို လေ့လာရဦးမည်။

· လူဦးရေ ဘယ်လောက်ရှိသလဲ(မသိပါ)။ အမျိုးမျိုးပြောကြသည်။ သန်း(၅၀)ဆယ်၊ သန်း(၆၀)အမျိုးမျိုးပြောနေကြသည်။

· လူမျိုးပေါင်း ဘယ်လောက်ရှိသလဲ(မသိပါ)။ များတော့များသည်။

· ‘၂၀၀၈ အခြေခံဥပဒေမှာက တိုင်း(၇)တိုင်း၊ ပြည်နယ်(၇)ပြည်နယ်အပြင် ပြည်ထောင်စုနယ်မြေများဆိုတာလည်း ပါသေးသည်။ ပျဉ်းမနားနေပြည်တော်အပြင် တခြားနယ်မြေများမှာလည်း သမ္မအမိန့်နဲ့သတ်မှတ်နိုင်တယ်လို့ ဆိုထားသည်။ ဒါလည်း စောင့်ကြည့်ရဦးမည်။

· ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုကလည်း (၆)ခုရှိလာသည်။ ရှမ်းပြည်နယ်မှာ (၅)ခုရှိသည်။ သူတို့ ဘယ်လိုဘယ်ပုံ စခန်းသွားနေကြသလဲ။ (မသိပါ)။ လေ့လာရဦးမည်။ (မင်းတို့က ဗမာကို ပြည်နယ်တခုဖွဲ့ဖို့တောင်းသည်။ တို့က ပြည်နယ်မလုပ်ဘူး တိုင်း(၇)တိုင်းလုပ်ပစ်လိုက်တယ်။ မင်းတို့ကိုလည်း ရှမ်းပြည်နယ်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅)ခု လုပ်ပေးလိုက်မယ်ဆိုပြီး) အာဃာတနဲ့များလုပ်သလား သံသယရှိသည်။ ပြဿနာကတော့ ဖြစ်နေပြီ။ ဗမာကို တိုင်း(၇)တိုင်းခွဲလို့ ဘာမှမဖြစ်နိုင်။ အများစုကြီးက ဗမာလူမျိုးတွေချည်းပဲ နေထိုင်ကြတာဖြစ်သည်။ ရှမ်းပြည်မှာက လူမျိုးတွေ ကွဲနေသည်။ ရန်မီးပွားစရာတွေ ဖြစ်သည်။ ဗမာပြည်မှာက တိုင်းပြည်ကငယ်ငယ် လူမျိုးတွေကများများ ဒွေးရောယှက်တင် နေထိုင်ကြတာလည်းဖြစ်တော့ ပြဿနာတက်နိုင်သည်။

 

ပြီးတော့ ဘဝနေထိုင်မှုအတွက်က မြေယာကိုမှီပြုနေထိုင်ကြတဲ့ တောင်သူလယ်သမားတွေဖြစ်သည်။ နယ်မြေပိုင်နက်ကို အဝေမတည့်ရာက အဓိကရုဏ်းဖြစ်နိုင်သည်။ ဖြစ်လိမ့်မည်။ ဗမာလူမျိုးကြီးစိုးတဲ့စစ်အုပ်စုက တမင် ကလဲ့စားချေနေတာလို့ သံသယရှိသည်။ ရခိုင်မှာ ဘာဖြစ်နေပြီလဲ။ ရခိုင်လိုဖြစ်လျှင် ပိုဆိုးလိမ့်မည်။ ခေတ်မီလက်နက်တွေ ရှိနေကြသည်။

 

အခိုင်အမာ အကြံပြုချက်များ

 

ဗကပ၏အကြံပြုချက်များကို အတိအကျတင်ပြပါမည်။ အားလုံးရဲ့ ဝေဖန်အကြံပြုချက် လိုချင်ပါသည်။ မရှင်းလျှင် စာဖြင့်မေးက စာဖြင့်ဖြေပါမည်။

ဒီမိုကရေစီအရေးတော်ပုံ အပြီးသတ်အောင်ပွဲမရခင်မှာ....

(က) စင်ပြိုင်အခြေခံဥပဒေ မရေးဆွဲသင့်ပါ။ (တခါက ရဲဘော်များ၊ မိတ်ဆွေများ အခြေခံဥပဒေရေးကြသည်။ ဗကပ က ဘာမှ ဝင်မပြောဘဲ နေခဲ့သည်။ ရေးဆွဲပြီးနောက် ထိုအခြေခံဥပဒေကို ဝေဖန်တာလည်းမလုပ်ပါ။ စင်ပြိုင် အခြေခံဥပဒေ’ ကိုတော့ အသေးစိတ်လေ့လာခဲ့ပါသည်။

ဘာကြောင့်လဲဆိုတော့

· အခြေခံဥပဒေဆိုတာ အာဏာရမှ လုပ်ကြရတာဖြစ်သည်။ ဒါမှ အသက်ရှင်နိုင်သည်။ နေဝင်း−သန်းရွှေတို့ လုပ်ခဲ့ကြတာ ကြည့်ပါ။ အာဏာကို အရင်ရအောင်ယူသည်။ နောက်မှ အacjခံဥပဒေကိုရေးဆွဲသည်။ အာဏာနဲ့အတည်ပြု အာဏာနဲ့အသက်သွင်းကြသည်။

· နိုင်ငံတကာမှာလည်း ထိုအတိုင်းဖြစ်သည်။

· အာဏာမရှိဘဲလုပ်လျှင် အချိန်ကုန်လူပမ်းဖြစ်မည်။ အသက်ဝင်အောင်မလုပ်နိုင်ဘဲ စက္ကူပေါ်မှာပဲ ရှိနေလိမ့်မည်။

 

(ခ)ဒုတိယပင်လုံ’ ဆိုတာလည်း မလုပ်သင့်ပါ။ မလုပ်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ပထမပင်လုံလိုလုပ်နိုင်မှာ မဟုတ်လို့ပါ။ ဟိုတုန်းက လုပ်ခဲ့တဲ့ပင်လုံက အာဏာရှိသူတွေအချင်းချင်း အပေးအယူလုပ် စေ့စပ်ကြတာဖြစ်သည်။ ဗိုလ်ချပ်အောင်ဆန်းက ပြည်မက အာဏာရဖြစ်သည်။ ရှမ်းစော်ဘွားများ ကချင်ဒူဝါများကလည်း ဒေသန္တရ အာဏာပိုင်တွေဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာက ရှမ်းပြည်တိုးတက်တဲ့အင်အားစုတွေရဲ့ ထောက်ခံမှုရထားသည်။ မုချထွက်သွားရတော့မယ့် အင်္ဂလိပ်ဗျူရိုကရက်တွေရဲ့ ဖြားယောင်းခြေထိုးမှုကို တွန်းလှန်နိုင်တဲ့ အားရှိသည်။ ဒါ့ကြောင့် အောင်မြင်သည်။ ၁၀နှစ် ပေါင်းကြည့်လို့မှ သဘောမကျလျှင် ခွဲထွက်ခွင့်ကို ရဲရဲကြီးပေးလိုက်သည်။ ဖဆပလ ထဲတွင် ဦးဘဖေ ဦးကျော်ငြိမ်း ဗိုလ်နေဝင်းတို့က ဒီ ၁၀နှစ်နေရင် ခွဲထွက်ခွင့်ကို သဘောမကျကြပါ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မလွန်ဆန်ဝံ့ကြ။

 

(ဂ) ဗိုလ်ချုပ်အောင်ဆန်း မရှိတော့မှ သူတို့က တပြည်ထောင်စနစ်ကို ပြည်ထောင်စုဆိုင်းဘုတ်အောက်မှာ ဗြောင်လုပ်ကြတော့သည်။

· ဖဆပလ ကွဲတာနဲ့ ၁၀’ နှစ်ပြည့်တာကတိုက်ဆိုင်သွားတော့ ဆိုရှယ်လစ်နေဝင်းအုပ်စုက အာဏာကိုအကျပ်ကိုင်ပြီး တောင်းသည်။ ဦးနု လိုက်လျောရသည်။ ဗိုလ်နေဝင်းအိမ်စောင့်အစိုးရလက်ထက်တွင် ရှမ်းပြည်တခွင်လုံး မြို့တွေမှာ စစ်ဗိုလ်အုပ်ချုပ်ရေးကို ဗြောင်လုပ်သည်။ စော်ဘွားအုပ်ချုပ်ရေးက ကျေးလက်မှာပဲရှိသည်။ ဒါကလည်း စစ်ဆင်ရေးနယ်တွေမှာ မရှိ။ ဗမာစစ်ဗိုလ်ရဲ့ စစ်အုပ်ချုပ်ရေးပဲရှိသည်။

စော်ဘွားတွေကို လျော်ကြေးပေးပြီး အာဏာစွန့်ခိုင်းတော့ ပြဿနာကပိုကြီးသွားသည်။ ဥပဒေပနည်းအရခွဲထွက်ရေး (လက်နက်ကိုင်ပြီးခွဲထွက်ရေး) လုပ်လာကြသည်။

ထိုစဉ်က လက်နက်ကိုင်တိုက်သည့် အင်အားစုတိုင်းက Independent ပါတဲ့တပ် ထောင်ကြတာချည်းဖြစ်သည်။ (SSIA- KIA စသည်)

· ထိုစဉ်က စစ်အေးတိုက်ပွဲအရှိန်မြင့်ချိန်လည်းဖြစ်သည်။ SETO တို့ KMT စစ်ပြေးတို့က ခွဲထွက်ရေးကို အားပေးသည်။

(ဃ) ၁၉၆၂ အာဏာသိမ်းပွဲပြီးမှရေးဆွဲတဲ့ အခြေခံဥပဒေ(၂)ခုမှာ ခွဲထွက်ခွင့်ဆိုတာ လုံးလုံးမပါတော့။

၂၀၀၈ အခြေခံဥပဒေမှာကျတော့ ပုဒ်မ(၁၀)ကို အတိအကျရေးထည့်သည်။

နိုင်ငံတော်ထဲက တိုင်းတွေ ပြည်နယ်တွေ အုပ်ချုပ်ရေးဒေသတွေ မည်သည့်အခါမှ ခွဲမထွက်ရဟု ရေးထည့်ထားသည်။ ခွဲမထွက်ရဟု ၍ဥပဒေရေးတာထက် မခွဲချင်အောင်ဆက်ဆံဖို့က ပိုပြီးအရေးကြီးပါသည်။

 

အခုလုပ်သင့်တာနဲ့လုပ်နိုင်တာ။

· ‘ပြည်သူ့ညီလာခံများဖြစ်သည်။ တပြည်လုံး မလုပ်နိုင်လျှင်လည်း ရသည်။ အကျိုးစီးပွားချင်း ချိတ်ဆက်မိနေသော ပြည်သူများက ဒေသအရ ပြည်သူ့ညီလာခံတွေလုပ်ပြီး တူညီသည့် ပြည်သူ့ဆန္ဒ’ ညှိနှိုင်းနိုင်သည်။ တပြည်လုံး လုပ်ဖို့ကတော့ မလွယ်ပါ။ (၁၉၈၈) အခြေအနေမျိုးမှာသာ ဆန္ဒရှိကြလျှင် လုပ်နိုင်လိမ့်မည်။ စစ်အုပ်စုလုပ်သည့် အမျိုးသားညီလာခံမျိုးတော့ မဖြစ်သင့်။ ပြည်သူတွေကို ဒီမိုကရေစီအခွင့်အရေး အပြည့်အဝပေးရလိမ့်မည်။ ဗြောင်မလုပ်နိုင်လျှင် လျှို့ဝှက်လုပ်နိုင်သည်။

· အတူယှဉ်တွဲပြီးနေနိုင်ဖို့ကိုပဲ ဇောင်းပေးပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးတာ လုပ်သင်သည်။

· တူညီသည့်အကျိုးစီးပွားကို ရှာသင့်သည်။

· မတူတာကို ရက်ရွှေ့ဆိုင်းသင့်သည်။ ဘာတွေမတူလဲဆိုတာကိုတော့ ရှင်းလင်းပြောဆိုခွင့်ပေးရမည်။ နဝတ¤နအဖရဲ့အမျိုးသားညီလာခံမျိုး မဖြစ်ဖို့လိုသည်။

· ‘ပြည်သူ့ဆန္ဒ’ အစစ်အမှန်ကိုသိဖို့ပဲ ပြည်သူ့ညီလာခံလုပ်တာဖြစ်ရပါမည်။

ဗကပ ဗဟို

(ဇန်နဝါရီ ၄၊ ၂၀၁၃) 

0 comments:

Post a Comment