ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးချုပ်ကျော်ဇော လုပ်ကြံခံရပြီလော။
(၁)တစ်ခါတစ်ရံ အဖြစ်အပျက်တစ်ခုနှင့်တစ်ခု အကြောင်းခြင်းရာတစ်ရပ်နှင့်တစ်ရပ်ကို ယှဉ်တပ်ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ်လည်းကောင်း၏။ အံ့ဩဖွယ်ရာများကိုလည်း တွေ့ရတတ်၏။
လွန်ခဲ့သော ၁၆ နှစ်ခန့်က ဗမာမျိုးချစ်လူငယ်တစ်စုသည် ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့သမားတို့၏ လိုက်လံဖမ်းဆီးမှုများနှင့်အတူ အပြောကျယ်လှသည့်ပင်လယ်ရေပြင်ကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်းကျော်လွှားကာ တိုင်းတပါးဂျပန်ပြည်သို့ စစ်ပညာများ သွားရောက်သင်ကြားခဲ့ကြလေသည်။
နောင်သောအခါ ထိုဗမာမျိုးချစ်လူငယ်တစ်စုသည် ဗမာ့လွတ်လပ်ရေးသမိုင်းတွင် “ရဲဘော်သုံးကျိပ်”ဟူသောအမည်ဖြင့် မော်ကွန်းတင် ကမ္ဗည်းထိုးခြင်းခံရသတည်း။
ထိုအချိန်ကာလမှသည် ဤအချိန်ဤကာလအထိ ဗမာပြည်သည် ဂျပန်ခေတ်၊ စစ်ပြီးနယ်ချဲ့အင်္ဂလိပ်ခေတ်၊ ဗမာ့လွတ်လပ်ရေးခေတ်ဟူသော ခေတ်ကြီးသုံးခေတ်ကို ကျော်လွှားဖြတ်သန်းခဲ့ရ၏။
ထိုပြောင်းလဲသွားသော ခေတ်ကြီး ၃ ခေတ်နှင့်အတူ ရဲဘော်သုံးကျိပ်တို့၏ဘဝသည်လည်း အမျိုးမျိုးအဖုံဖုံ တွေ့ကြုံ ပြောင်းလဲခဲ့ကြ၏။ အချို့မှာ တိုင်းပြည်တာဝန်ထမ်းရွက်ရင်း အသက်စွန့်သွားခဲ့ကြ၏။ အချို့မှာ မိမိဆန္ဒအလျှောက် တိုင်းပြည်တာဝန်ဆောင်ရွက်နေရာ(မှ)အနားယူခဲ့ကြ၏။ အချို့မှာလည်း ပတ်ဝန်းကျင်၏ ဖန်တီးပယောဂကြောင့် တိုင်းပြည်တာဝန်ကို ဆက်လက်မယူနိုင်ဘဲ ပျက်ကွက်ရပ်ဆိုင်းခဲ့ကြ၏။ အချို့မှာမူ စစ်ရေးတာဝန်များမှလွှဲပြောင်းကာ တိုင်းပြည်၏ အခြားတာဝန်များကို ဆက်လက် ထမ်းရွက်မြဲထမ်းရွက်လျှက်ရှိကြ၏။
ရဲဘော်သုံးကျိပ်အနက်မှ ယနေ့တိုင် အစဉ်တစိုက် စစ်ရေးဘက်တွင် ဆက်လက်ထမ်းရွက်နေကြသူများကား များများစားစားမရှိတော့။ ပြည်ထောင်စုတပ်မတော်ကြီးတွင် ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇောတို့ ၂ ဦးသာလျှင်ရှိတော့၍ ပုန်ကန်တိုက်ခိုက်နေသော ဗမာပြည်ကွန်မြူနစ်ပါတီတွင် ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်နှင့်ဗိုလ်ရဲထွဋ်တို့ ၃ ဦးသာလျှင် ရှိတော့သည်။
ယခုတဖန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော (ဝါ) ဗိုလ်မှူးချုပ်ကျော်ဇောသည် မမျှော်လင့်သော ဖြစ်ရပ်ခြင်းရာများနှင့် အတူ ဗိုလ်မှူးချုပ်ဘဝမှ ဒုဗိုလ်မှူးကြီးဘဝသို့လျှော့ချကာ စစ်ဘက်မှ ရာသက်ပန်အငြိမ်းစားယူစေရန် နိုင်ငံတော် အစိုးရက လွန်ခဲ့သော ဇွန်လ ၆ ရက်နေ့က အမိန့်ပြန်တမ်းတစ်ရပ်ထုတ်ခြင်းကို ခံခဲ့ရပြန်လေပြီ။
တိုက်ဆိုင်ချင်တော့ ယနေ့တိုင် တိုင်းပြည်အတွက် စွဲစွဲမြဲမြဲရွပ်ရွပ်ချွံချွံ စွန့်စားထမ်းရွက်မှုများကြောင့် တပ်မတော်သားတိုင်းနှင့် ပြည်သူပြည်သားတိုင်း၏ ချစ်ကြည်လေးစားမှုကို ခံယူရရှိနေသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောအား နိုင်ငံတော်အစိုးရက စစ်ဘက်တာဝန်များမှရပ်စဲစေရန် အမိန့်ချမှတ်ခြင်းခံရသော ဤ ၁၉၅၇ ခုနှစ်သည် ရဲဘော်သုံးကျိပ်တို့၏ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့် ၁၀ နှစ်ပြည့်မြောက်သော အခါသမယပင် ဖြစ်နေခြင်းပေတည်း။
(၂)
လွန်ခဲ့သောရက်များအတွင်းက ရန်ကုန်မြို့ လမ်းဘေးပလက်ဖောင်း စာအုပ်ဆိုင်များတွင် စုန်းကဝေ တစ္ဆေဝတ္ထုများ၊ ကာမရာဂစာအုပ်များနှင့်အတူ မျက်နှာဖုံးတွင် “ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စ”ဟုခေါင်းစည်းတပ်ကာ အကောင်းစား စက္ကူများနှင့် သေသပ်ကျနစွာချုပ်လုပ်ထားသော စာအုပ်ကြီးများကို အပုံလိုက် အထပ်လိုက်ချ၍ရောင်းနေသည်ကို တွေ့ရသော ကျွန်တော်သည် အစိုးရ၏အပြုအမူကို အံ့ဩခဲ့မိ၏။ ပြီးတော့ နားမလည်နိုင်အောင်လည်း ဖြစ်ခဲ့ရ၏။
မည်သို့ပင်ဖြစ်စေ “ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စ”မှာ ၁၉၅၆ ခုနှစ်နှင့် ၁၉၅၇ ခုနှစ်အတွင်း ပြည်တွင်းရေးရာ ထိပ်တန်း ပြဿနာများအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့၊ ဖြစ်နေသည်မို့ ကျွန်တော်၏နားမလည်နိုင်မှုနှင့် အံ့ဩခြင်းဖြစ်ရမှုများကို အမှတ်မထင်ဖျောက်ဖျက်ကာ အဆိုပါစာအုပ်ကြီးကိုသာ အလောဆုံးဆယ် ဝယ်၍ဖတ်မိခဲ့လေသည်။
ထိုစာအုပ်ကြီးထဲတွင် တစ်စုံတစ်ယောက်သောသူ(သို့မဟုတ်)တစ်စုံတစ်ခုသောအစိုးရဌာနက “ဗိုလ်မှူးချုပ်ကျော်ဇော ကိစ္စ” နှင့်ပတ်သက်၍ အစိုးရကိုယ်စားတာဝန်ယူ၍ ရှင်းလင်းရေးသားဖော်ပြထားသည်ကို မတွေ့ရဘဲ စစ်ဦးစီးချုပ်၏ အစီရင်ခံစာမူရင်းဓာတ်ပုံဘလောက်များ၊ ရန်သူ(ကွန်မြူနစ်များ)ထံမှ ဖမ်းဆီးရမိခဲ့သည်ဆိုသော ဖိုင်တွဲဓာတ်ပုံ ဘလောက်များ၊ ထိုဖိုင်တွဲတွင်ပါဝင်သောစာများ၏ မူရင်းစာမူဓာတ်ပုံဘလောက်များ စသည်ဖြင့် စာအုပ်ကြီး တစ်အုပ်လုံးမှာ မူရင်းစာမူ ဓာတ်ပုံဘလောက်စာအုပ်ကြီးသာလျှင် ဖြစ်နေသည်ကိုတွေ့ရလေသည်။
စာအုပ်ကြီးတစ်အုပ်လုံးဆုံး၍ ကျောဘက်မှအဖုံးကို ပိတ်လိုက်မိသည်တွင် စာမျက်နှာပေါင်း ၂၀၆ မျက်နှာတိတိ မူရင်းစာမူဓာတ်ပုံဘလောက်များဖြင့် ချဲ့ထွင်သိုင်းဝိုင်းထားကာ ထိုစာအုပ်ကြီး၏ လိုရင်းအချက်မှာ များများစားစား ကျယ်ကျယ်ဝန်းဝန်း မဟုတ်။ ကျွန်တော်သဘောပေါက်သလောက် တိုတိုတုတ်တုတ်အကျဉ်းချုပ်အားဖြင့်ဆိုရသော် “နိုင်ငံတော်အစိုးရက ဗိုလ်မှူးချုပ်ကျော်ဇောအပေါ်တွင် စွပ်စွဲချက် ၉ ချက် စွဲဆိုခဲ့ရာတွင် ၆ ချက်မှာ အထောက်အထား မခိုင်လုံသဖြင့် ပျက်ပြယ်ခဲ့ရ၍ ကျန်စွပ်စွဲချက် ၃ ခု တွင်လည်း “ခိုင်လုံသောအထောက်အထားများ ပြည့်ပြည့်ဝဝ မတွေ့ရှိရသော်လည်း သံသယမကင်းဖွယ်ရာများရှိနေသဖြင့်” ဗိုလ်မှူးချုပ်ရာထူးမှလျှော့ချကာ ဒုဗိုလ်မှူးကြီးရာထူးဖြင့် ရာသက်ပန်အငြိမ်းစားပေးလိုက်သည်”ဟူသော အနှစ်သာရကိုသာလျှင် တွေ့ရှိရပေသည်။ သည်တွင်မှ ကျွန်တော်၏ အံ့ဩမှုနှင့်နားမလည်မှုတို့မှာ မူလကထက် ပိုမိုများပြားကြီးထွားတိုးတက် လာခဲ့ရလေတော့သည်။
ထိုစာအုပ်ကြီးကို အလောသုံးဆယ်ဝယ်၍ ဖတ်ခဲ့ရာ၌”ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စ”ဟူသော ခေါင်းစည်းမျက်နှာဖုံး၏ အတွင်းဘက်စာသားများတွင်.
နိုင်ငံတော်အစိုးရ ဗိုလ်မှူးချုပ်ကျော်ဇောအား အဘယ့်ကြောင့်အရေးယူခဲ့ရသည်ဆိုသောအကြောင်းရင်းများ...
ဗိုလ်မှူးချုပ်ကျော်ဇောအပေါ် နိုင်ငံတော်အစိုးရ၏ စွပ်စွဲချက်များနှင့် ခိုင်လုံသောသက်သေ သက္ကာယများ......
၎င်းတို့အပေါ်တွင် ဗိုလ်မှူးချုပ်ကျော်ဇော၏ ပြန်လည်ချပချက်များနှင့် လျှောက်လဲတင်ပြသော အထောက်အထား သက်သေသာဓကများ....
ဤသည် ဤသည်တို့အပေါ်တွင် နိုင်ငံတော်အစိုးရ၏ အယူအဆသဘောထားနှင့် နောက်ဆုံး ဆုံးဖြတ်ချက်အမိန့်များ.....
စသည်ဖြင့် “အမှုကိစ္စ”တစ်ခု၏ အဆင့်ဆင့်ဆောင်ရွက်ဖြစ်ပေါ်လာပုံများကို ထုံးတမ်းအစဉ်အလာအရ မုချဆတ်ဆတ် ပါဝင်ဖတ်ရှုရလိမ့်မည်ဟု ကျွန်တော်က တွက်ဆထားမိခဲ့၏။
ယခုတော့ ကျွန်တော် ကြိုတင်တွက်ဆထားသောအချက်အလက်များ လုံးဝမပါဘဲ အထူးသဖြင့် ဤအမှုကိစ္စတွင် အရေးအကြီးဆုံးဖြစ်သော ကာယကံရှင်ဖြစ်သူဗိုလ်မှူးချုပ်ကျော်ဇော၏ ထွက်ဆိုချက်လျှောက်လဲချက်များနှင့် နှစ်ဦးနှစ်ဘက်မှ သက်သေသက္ကာယတို့၏ထွက်ဆိုချက်များ တစ်လုံးတစ်ပါဒမှမပါဝင်ဘဲ ကွန်မြူနစ်များထံမှ ဖမ်းဆီးရမိသည်ဆိုသောဖိုင်တွဲထဲမှ မထင်မရှားမှုန်မွှားမွှားနှင့် ဖတ်၍မရသောစာမူဘလောက်များနှင့် ဖတ်၍ ရသလောက်မှာလည်း ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စနှင့် ဘယ်လိုမှ ဆက်သွယ်စဉ်းစား၍မရသော အကြောင်းအရာမျိုး (သခင်တင်မြ၏ ကော်သူးလေကိစ္စအစီရင်ခံစာ၊ ကွန်မြူနစ်တို့၏လျှို့ဝှက်အစီအစဉ်များ စသည်တို့)သာ အများအားဖြင့် တွေ့ရပေသည်။
သို့မို့ကြောင့်လည်း ဒီစာအုပ်ကြီးနှင့်ပတ်သက်၍ ကျွန်တော်၏ အံ့ဩမှုနှင့်နားမလည်နိုင်မှုတို့မှာ မူလကထက် တိုးတက် များပြားလာခြင်း ဖြစ်ပါလေသည်။ သည်လိုနှင့် နောက်ဆုံး၌ ထိုစာအုပ်ကြီးထွက်ပေါ်လာပြီး လပိုင်းအတွင်း တစ်ခုသော နေ့တစ်နေ့ဖြစ်သည့် ဇွန်လ ၂၇ ရက်နေ့ ဗိုလ်မှူးချုပ်ကျော်ဇော၏ သတင်းစာကွန်ဖရင့်သို့ တက်ရောက်နားထောင် ခဲ့ရသည်တွင်မှ ထိုစာအုပ်ကြီးနှင့်ပတ်သက်သော ကျွန်တော်၏ အံ့ဩရခြင်းနှင့် နားမလည်နိုင်အောင်ဖြစ်ရခြင်းတို့မှာ အပြီးအပိုင်ပျောက်ပျက်ခဲ့ရပါတော့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုစာအုပ်ကြီးနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ကျော်ဇောက “တိုင်းပြည်ကို ရဲဝံ့စွာလိမ်လည်တဲ့ စာအုပ်ကြီး” ဟူ၍ ဖော်ထုတ်ပြောဆိုခဲ့ခြင်းကြောင့်ပေတည်း။
မှန်ပေသည်။ ထိုနေ့က ဗိုလ်မှူးချုပ်ကျော်ဇောသည် သတင်းစာဆရာများမှတဆင့် အဆိုပါနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(က) ပုံနှိပ်ထုတ်ဝေသော “ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စ”ဟူသည့်စာအုပ်ကြီးကို သည်အတိုင်း အတိအလင်း ပြောဆိုခဲ့လေသည်။
“ကျွန်တော်ဟာ တည့်တည့်ပြောတတ်တဲ့လူတစ်ယောက်ပါ၊ ဒီစာအုပ်ကြီးဟာ ရဲဝံ့စွာနဲ့ တိုင်းပြည်ကိုလိမ်လည်တဲ့ စာအုပ်ကြီးပါပဲ”
(၃)
၁၉၅၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
စမ်းချောင်းရပ် ဆီဆုံကုန်းလမ်း။
အိမ်နံပတ် ၃၆.....။
အိမ်ရှေ့လမ်းမပေါ်တွင် ကိုယ်ပိုင်ကားများ၊ အငှားကားများ၊ မော်တော်ဆိုင်ကယ်များနှင့် စက်ဘီးများ အစီအရီ ရပ်ထားသည်ကိုတွေ့ရသည်။ ထိုနေ့က ကျွန်တော်ရောက်သွားသည့်အချိန်မှာ ၁၁ နာရီ ထိုးနေပေပြီဖြစ်၍ ဗိုလ်မှူးချုပ်ကျော်ဇော၏ အိမ်ရှေ့ဧည့်ခန်းတစ်ခုလုံးမှာ သတင်းစာဆရာများ ဓာတ်ပုံဆရာများနှင့် ပြည့်နေပေပြီ။
“ကျွန်တော့်အမှုနဲ့ပတ်သက်ပြီး စဖြစ်တဲ့ ၅၆ ခု စက်တင်ဘာလ ၂ ရက်နေ့က အငြိမ်းစားယူလိုက်ရတဲ့ အခု ဇွန်လ ၆ ရက်နေ့အထိ ၈ လကျော်အချိန်အတွင်းမှာ အစိုးရဟာ ကြေညာချက် ရှင်းလင်းချက်အမျိုးမျိုးနဲ့ စာအုပ်ဖိုင်တွဲကြီးတွေ အထိထုတ်ဝေပြီး တိုင်းပြည်ကိုတင်ပြပြီးခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ ဒီနေ့မှ သတင်းစာဆရာများနဲ့တွေ့ဆုံပြီး တိုင်းပြည်ကိုတင်ပြရတာမို့ ဒီနေ့ ကျွန်တော့်ရဲ့ရှင်းလင်းပွဲမှာ အချိန် ၂ နာရီကျော် ၃ နာရီလောက် ကြာပါလိမ့်မယ်။ ဒါကို သတင်းစာဆရာများ တစ်ဆိတ်သည်းခံနားထောင်ကြဖို့ ပထမဆုံးတောင်းပန်ပါတယ်..........”
ရှပ်လက်ရှည်၊ အဖြူအကွက်ဖော်ထားသော ပိုးလုံချည်အနီရင့်ရင့်ကို သားရေခါးပတ်ဖြင့်ပတ်၍ သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ထားသော ဗိုလ်မှူးချုပ်ကျော်ဇောသည် သူ၏ အိမ်ဦးခန်းကြမ်းပြင်တွင် သတင်းစာဆရာများနှင့် တစ်ပြေးတည်း ထိုင်ကာ တိုင်းပြည်တွင် ယနေ့ ထိပ်တန်းပြဿနာတစ်ခုဖြစ်နေသော သူ့ကိစ္စကို အထက်ပါအတိုင်း ပန်ကြားရင်းက စတင်ရှင်းလင်းလေသည်။ စလျှင်စခြင်းဆိုသလို အံ့အားသင့်စရာအကြောင်းရင်းများကို ကြားရလေသည်။
“ကျွန်တော့်အမှုဟာ အစကအဆုံးအထိ အချိန် ၈ လကျော်ကြာခဲ့ပါတယ်။ ဒီ ၈ လကျော်အတွင်းမှာ ကျွန်တော်ဟာ တဖက်သတ်စွပ်စွဲချက်များကိုသာ ခံခဲ့ရပြီး ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ဥပဒေအရ စစ်ဆေးဖြေရှင်းခွင့် ဘာတစ်ခုမှ မရခဲ့ပါဘူး”
“ကျွန်တော့်ကိစ္စနဲ့ပတ်သက်ပြီး ထုတ်တဲ့စာအုပ်ကြီးထဲမှာ ကျွန်တော့်အမှုကို တရားသဖြင့်စစ်ဆေးပြီးမှ ထုတ်ပြန် သလိုလို ထင်ယောင်ထင်မှားဖြစ်စရာ ရှိနေပါတယ်။ အမှန်က တစ်ချိန်လုံး ကျွန်တော့်ကို စနစ်တကျ စစ်ဆေးခဲ့တာရယ် လို့ မရှိပါဘူး။ ဝန်ကြီးချုပ်တို့ စစ်ဦးစီးချုပ်တို့နဲ့သာမန်တွေ့ပြီးစကားပြောတာတောင်မှ လိုက်ပြီးရေးမှတ်ထားတာ မရှိခဲ့ပါဘူး.....”
“ကျွန်တော့်အမှုနဲ့ပတ်သက်ပြီး သက်သေတချို့ကိုစစ်တာတောင် ကျွန်တော် မေမြို့ကိုရောက်နေတုန်း ကျွန်တော့် ကွယ်ရာမှာ စစ်ဆေးခဲ့ပါတယ်။ ဒါတောင် ကျွန်တော် မေမြို့ကပြန်လာပြီး ၄ ရက် ၅ ရက်ကြာမှ သိရပါတယ်။ ဒါကို မကျေနပ်လို့ သက်သေတွေကို ကျွန်တော့်ရှေ့မှာထပ်စစ်ဖို့ တောင်းဆိုခဲ့တာလည်းမရခဲ့ပါဘူး....”
“ရှေ့နေငှားဖို့ကိစ္စမှာလည်း ပထမတော့ ဒါဟာဖြစ်ရပါစေမယ်လို့ပြောပါတယ်။ နောက်တော့ ရှေ့နေရှိပေမယ့် ရှေ့နေကို ဘာမှလျှောက်လဲခွင့် မပေးနိုင်ဘူး၊ တိုင်ပင်ချင်တာရှိရင်တော့ ရှေ့နေနဲ့တိုင်ပင်နိုင်ပါတယ်လို့ တစ်မျိုးပြောလာ ပြန်ပါတယ်....”
အပြင်မှာ ဖွဲလိုက်သဲလိုက်ဖြစ်နေသော မိုးသံများအကြားမှဖောက်ထွင်း၍ ဗိုလ်မှူးချုပ်ကျော်ဇော၏အသံကို ကြည်ကြည်လင်လင် ပီပီသသကြီး ကြားနေရ၏။ သူ့အသံက ကြည်လင်ပီသလောက် သူတင်ပြလာသော ဖြစ်ရပ်များမှာလည်း ရှင်းလွန်းလှပေသည်။
တိုင်းပြည်နှင့်အဝှမ်း တပ်မတော်သားများနှင့်ပြည်သူအားလုံးတို့က “ဗိုလ်မှူးချုပ်ကျော်ဇောတစ်ယောက် သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး အမှုဖြစ်နေပြီတဲ့”ဟူသော အပေါ်ယံသတင်း၏နောက်ကွယ်တွင် ဗိုလ်မှူးချုပ်ကျော်ဇောအား တရားဥပဒေအရ လျှို့ဝှက်စွာစစ်ဆေးနေပေပြီဟု တထစ်ချယူဆခဲ့ကြ၏။
ယခုသော်ကား ကာယကံရှင်ကိုယ်တိုင်က မိမိအား စစ်ဆေးခြင်းမရှိ၊ ဖြေရှင်းခွင့်ပေးခြင်းလည်းမရှိဟု ဖော်ထုတ်လေပြီ။ ရှင်းလွန်းလှပေသည်။
ဗိုလ်မှူးချုပ်ကျော်ဇောသည် သူ့အမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဦးဘဆွေနှင့် ဘယ်နှစ်ကြိမ်၊ ထိုစဉ်က ဖဆပလဥက္ကဌကြီးဦးနုနှင့် ဘယ်နှစ်ကြိမ်၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းနှင့် ဘယ်နှစ်ကြိမ်၊ ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင်နှင့် ဘယ်နှစ်ကြိမ်တွေ့၍ ဘယ်နေ့က ဘာတွေပြောခဲ့ကြသည်တို့ကို နေ့ရက် အချိန်နာရီနှင့်တကွ အသေးစိတ်ပြန်လည်တင်ပြနေသည်မှာ ကွင်းကွင်းကွက်ကွက်ရှိလှသည်။
“ဒီလို ဆိုင်ရာလူကြီးတွေနဲ့ တွေ့တာတွေဟာ ကျွန်တော့်ကို တရားဥပဒေအရစစ်ဆေးတဲ့အနေမျိုးနဲ့ တစ်ခါမှတွေ့ရတာ မဟုတ်ပါဘူး။ ကျွန်တောည်က “ကျွန်တော့်ကို တရားဥပဒေရှိတဲ့အတိုင်း စစ်ဆေးပါ”လို့ လူကြီးတွေကို အခုလို သွားရောက်တွေ့ဆုံပြီး တောင်းဆိုရခြင်းသာဖြစ်ပါတယ်။....ဒါပေမဲ့ ရာထူးကအချခံရပြီး တပ်မတော်ထဲကသာ ထွက်ခဲ့ရတယ် ကျွန်တော့်မှာ တရားဥပဒေအရစစ်ဆေးခြင်း တစ်ခါမှမခံခဲ့ရပါဘူး....”
ထိုသို့ မိမိအား အပြစ်ရှိ ရှိသလို တရားဥပဒေအရစစ်ဆေးခြင်း၊ လျှောက်လဲခွင့်ပေးခြင်းများ လုံးဝ မရှိခဲ့သည်များကို အခိုင်အမာတင်ပြပြီးနောက် ဗိုလ်မှူးချုပ်သည် တင်ပလ္လင်ခွေ၍ထိုင်နေရာမှ လက်ထဲတွင် နီပြာခဲတံကိုကိုင်ရင်းက ရုတ်တရက် အသာအယာထလိုက်သည်။ နောက် သူ့ကျောဖက်တွင်ရှိသော ပြတင်းပေါက်၏ ဘေးတစ်ဖက်နံရံတွင် ကြေးသံမှိုလေးများနှင့် ထောင့်လေးထောင့်မှကပ်၍ရိုက်ထားသည့် စက္ကူဖြူတစ်ချပ်ကို အပေါ်မှခွာချလိုက်ရာ အောက်မှ မြေပုံတစ်ပုံပေါ်လာသည်။
ဧရာဝတီ....လှိုင်မြစ်....ကလောင်အိုင်....ကလောင်ကျွန်းမြစ်ကျိုး။
ကျွန်တော်သည် မြေပုံနှင့် ခတ်လှမ်းလှမ်းဖြစ်နေသော ကျွန်တော့်နေရာမှနေ၍ မြေပုံပေါ်မှအညွှန်းစာများကို လှမ်း၍ ဖတ်ကြည့်မိသည်။
“ကျွန်တော်နဲ့ပတ်သက်ပြီး စွပ်စွဲထားတဲ့အချက်ပေါင်းအားလုံး ၉ ချက်ရှိပါတယ်။ အဲ့ဒီအထဲမှ ၆ ချက်ကို အထောက် အထားမရှိလို့ဆိုပြီး ဖြုတ်ချထားပါတယ်။ ကျန်တဲ့ ၃ ချက်ကိုလည်း အထောက်အထားပြည့်ပြည့်ဝဝ မရှိသည့် တိုင်အောင် သံသယမကင်းစရာဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီ ၃ ချက်ကတော့ (တစ်) အိုင်ကလောင်တိုက်ပွဲ။ (နှစ်) ကဝနယ် ယူအမ်ပီကိစ္စနဲ့ (သုံး) မသုံးလုံးနယ်စစ်ဆင်ရေးတို့ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော် တစ်ခုစီရှင်းပြပါ့မယ်....”
ဗိုလ်မှူးချုပ်ကျော်ဇောသည် ကျွန်တော်တို့အားလုံး စူးစိုက်၍ကြည့်နေမိကြသောနံရံပေါ်မှ မြေပုံပေါ်တွင် နီပြာခဲတံဖြင့် ထောက ကာထောက်ကာ အိုင်ကလောင်တိုက်ပွဲကိစ္စမှစ၍ရှင်းလေသည်။
အိုင်ကလောင်တိုက်ပွဲမှာ ၁၉၅၂ ခုနှစ်က ဧရာဝတီနှင့် လှိုင်မြစ်ကြားတွင်ဖြစ်ခဲ့သောတိုက်ပွဲ ဖြစ်သည်။ ဤတိုက်ပွဲတွင် သူသည်ကျန်းမာရေးမကောင်း၍ ခါတိုင်းကဲ့သို့ စစ်မြေပြင်တပ်မှူးအဖြစ် မဆောင်ရွက်နိုင်ခဲ့။ သူ၏ဦးစီးအရာရှိ ဒုဗိုလ်မှူးကြီးစိန်ဝင်းက ထိုတာဝန်ကိုယူသည်။ ထို့ကြောင့် သူ့တွင် တိုက်ရိုက်တာဝန်မရှိ။ ထိုဒေသတွင် ကွန်မြူနစ်တပ် များ လုံးဝမရှိ။ ကေအင်န်ဒီအိုများသာရှိသည်။
စစ်ဆင်ရေးအဆင့် ၄ ဆင့် မူလကသတ်မှတ်ခဲ့သော်လည်း လက်တွေ့ထိုက်ရာတွင် ရန်သူများ လုံးဝဆုတ်ခွာ ပြေးကြသဖြင့် တိုက်စရာရန်သူမရှိ၍ ရပ်ရခြင်းသည် တမင်သက်သက် ဇက်ဆွဲထားခြင်းမဟုတ်။ ထို့ပြင် ရန်သူ ဆုတ်ခွာထွက်ပြေး၍ ဒုတိယအဆင့်ရပ်ပြီး တစ်ပတ်အကြာတွင် ရန်သူဆုတ်ခွာတပ်စွဲရာသို့ ဆက်လက်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့သည်။
ဤတိုက်ပွဲတစ်ခုလုံးသည် မူလကတည်းက သူအုပ်ချုပ်သော တောင်ပိုင်းဌာနချုပ်က စီမံကိန်းရေးဆွဲ၍တိုက်သော တိုက်ပွဲဖြစ်သည်။ စစ်ရုံးချုပ်အစီအစဉ်ဖြင့် တိုက်ရခြင်းမဟုတ်။
နောက် ကဝနယ် ယူအမ်ပီကိစ္စ။
ရန်သူ့ထံမှမိလာသည်ဆိုသောဖိုင်တွဲတွင် ၁၉၅၂ နှစ်က ကဝ သနပ်ပင်မှ အမှတ် ၃ ယူအမ်ပီတပ်ကို ဖိုးတေ (ဗိုလ်မှူးချုပ် ကျော်ဇော၏နာမည်ဝှက်)က နှုတ်ပေးမည်ဟု သတင်းပို့ကြောင်းစွပ်စွဲထားသည်။ တကယ့်ဖြစ်ရပ်တွင် ကဝ သနပ်ပင် တို့၌ ၁၉၅၂ ခုနှစ်တွင်သာမက သူ တောင်ပိုင်းစစ်ဌာချုပ်တွင်ရှိနေစဉ်တစ်လျှောက်လုံး ၁၉၄၉ မှ ၁၉၅၃ ခုနှစ်အထိ မည်သည့်ယူအမ်ပီတပ်မှမရှိ။
ထို့အတူ တောင်ငူထန်းတပင်မှ ဘီတီအက်ဖ် (သို့မဟုတ်) ယူတီအက်ဖ်တပ်များကို ဇူလိုင်-ဩဂုတ်လများတွင် ဖျက်သိမ်းပေးမည်ဟု ရန်သူ့ထံ မိမိကသတင်းပို့ကြောင်းစွပ်စွဲထားရာ ဤကိစ္စမှာလည်း တကယ်အားဖြင့် ထိုဒေသတွင် ထိုစဉ်က ထိုတပ်များ လုံးဝမရှိခဲ့...
နောက်စွပ်စွဲချက်တခုမှာ မ, သုံးလုံးနယ်စစ်ဆင်ရေး....
ဤစစ်ဆင်ရေးမှာ ၁၉၅၂ ခုနှစ်ဦးပိုင်းက မြောက်ပိုင်းဌာနချုပ်က ဦးစီးဆောင်ရွက်ခဲ့သောစစ်ဆင်ရေးဖြစ်သည်။ ထိုစဉ်က သူသည် တောင်ပိုင်းစစ်ဌာချုပ်မှူးဖြစ်နေသည်။
ထိုစစ်ဆင်ရေးတွင် ဖိုးတေ(ဗိုလ်မှူးချုပ်ကျော်ဇော)က ကွန်မြူနစ်များထံသို့ အစိုးရတပ်များကိုချေမှုန်းနိုင်သည့် တိုင်အောင် အစိုးရကအထင်ကြီးသွားမည်စိုး၍ မချေမှုန်းရန်အကြောင်းကြားသည်ဟုစွပ်စွဲခဲ့ရာ ထိုစဉ်က မ,သုံးလုံးနယ် စစ်ဆင်ရေးတွင်ပါဝင်သော အစိုးရတပ်အား ၃၀၀၀ ခန့်ကို ကွန်မြူနစ်များက ချေမှုန်းနိုင်မည်ဟု သူ့အနေနဲ့ယူဆစရာ အကြောင်း လုံးဝမရှိ။
ကျွန်တော့်မျက်စေ့အစုံသည် မြေပုံကိုတလှည့် နံရံမှ ပြတင်းပေါက်ဘောင်၏ တစ်ဖက်တစ်ချက်တွင် ချိတ်ဆွဲထားသော စစ်ဝတ်စုံများဝတ်ဆင်ထားသည့် ဗိုလ်မှူးချုပ်ကျော်ဇော၏ဓာတ်ပုံ ၂ ပုံကို တလှည့်စီကြည့်ရင်းက ရှင်းလင်းချက်များကို တစ်ချိန်လုံး အာရုံစူးစိုက်စွာနားထောင်မိသည်။
ဗိုလ်မှူးချုပ်ကျော်ဇောသည် ၃ နာရီကျော်ကျော်မျှ စိတ်ပါလက်ပါနှင့် တစ်ဖက်က “တိုင်းပြည်သို့ရဲဝံ့စွာလိမ်ထားသော” အကွက်များကို တစ်ကွက်စီ တစ်ကွက်စီ ပြန်၍ ဖြေပြလေသည်။ တက်ရောက်လာသော သတင်းစာဆရာများနှင့် အခြားပုဂ္ဂိုလ်တို့စိတ်တွင်ကား မည်သို့တွေ့ထိခံစားကြသည်မသိ။ ကျွန်တော်တစ်ယောက်ကတော့ သတင်းစာကွန်ဖရင့် တစ်ခုသို့ တက်ရောက်နားထောင်နေရသည်နှင့်မတူဘဲ လက်ချောင်းငါးချောင်းကို ကျင်လည်စွာအသုံးပြု၍ ပရိတ်သတ်အားလှည့်စားသည့် ပဥ္စလှည့်နည်းများ (ဝါ) မျက်လှည့်ပြပုံပြနည်းများအား “ဟောဒီနည်းက ပရိတ်သတ်ကို ဒီလိုညာတာပဲ၊ ဟောဒီနည်းကတော့ ပရိတ်သတ်ကို ဒီလိုလှည့်စားတာပါပဲ”ဟု တစ်စုံတစ်ယောက်သောသူက လက်တွေ့ ရှင်းပြသည်ကို ကြည့်နေသည်နှင့်သာ တူနေတော့သည်။
(၄)
ဦးစွာပထမ ကျွန်တော့်အထင်နှင့်အမြင် ပါစင်အောင်လွဲခဲ့ရသည်ကိုတော့ ကျွန်တော်ရိုးသားစွာဝန်ခံရပေမည်။
မူလက ကျွန်တော်ထင်ခဲ့သည့် ဗိုလ်မှူးချုပ်ကျော်ဇောသည် ရဲဘော်သုံးကျိပ်ဘဝတည်းက တစ်လျှောက်လုံး စစ်သား ဘဝဖြင့်အမှုထမ်းခဲ့သူဖြစ်သည်။ သို့ဖြစ်၍ သူသည် စစ်မန်စစ်ဟန်ဖြင့် ခက်ထန်မာကြောသူတစ်ဦး မုချ ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူ့အမှုကိစ္စတွင် နိုင်ငံတော်သမ္မတကြီးထံ အယူခံလွှာတင်သွင်းထားရလောက်အောင် မကျေနပ်မှုရှိနေသည်။ စစ်မန်ဖြင့် ခက်ထန်မာကြောသူတစ်ဦးကကို မကျေမနပ်ဖြစ်နေသည့်အခိုက်တွင် ပိုမို ပြင်းထန်မာကြောသောအမူအယာတို့နှင့် တွေ့ရလိမ့်မည်။ ဒေါသတကြီးနှင့် ပေါက်ကွဲသံများ ကြားရလိမ့်မည်ဟူ၍ ကျွန်တော် တထစ်ချတွက်ဆမိခဲ့သည်။ ယခုတော့ သည်လိုမဟုတ်ပါချေ။
ဗိုလ်မှူးချုပ်ကျော်ဇောသည် ၃ နာရီ ၁၀ မိနစ်တိတိ သူ့အမှုကိစ္စကိုရှင်းလင်းတင်ပြရာတွင် ခက်ထန်မာကြောခြင်း၊ ဒေါသကြီးခြင်း၊ ပေါက်ကွဲခြင်းများ လုံးဝမပါ။ လေးနက်တည်ကြည် သိမ်မွေ့နူးညံ့စွာဖြင့် အကိုးအကား အချက်အလက် အဖြစ်အပျက်များကိုသာ တင်ပြသွားလေသည်ဖြစ်ရာ ကျွန်တော့်မှာ “မှန်းချက်နှင့် နှမ်းထွက်ကွာ”သလို ဖြစ်ရပါလေ သတည်း။
“ကျွန်တော့်ကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီးဆီ အယူခံဝင်ထားတဲ့အခိုက်အတန့်မှာ အခုလို သတင်းစာကွန်ဖရင့် ခေါ်လိုက်ရတာကို သမ္မတကြီးက အထင်အမြင်တစ်မျိုးရောက်သွားမှာလည်း ကျွန်တော်စိုးရိမ်မိပါတယ်......”ဟူ၍ပင် ပြောပြန်ရှာသေးရာ သူ့အသံသည် ပွဲတိုင်းအောင်ခဲ့သော စစ်သူကြီးတစ်ဦး၏အသံနှင့်မတူဘဲ အရပ်ထဲမှ အစိုးရိမ်ကြီး တတ်သော လူရိုးလူအေးကြီးတစ်ယောက်အသံနှင့် တူပဲတူသေးတော့သည်ဟု ကျွန်တော်ကထင်မိသည်။
ကျွန်တော် စိတ်အထိခိုက်ဆုံးစကားများက အခြားမဟုတ် “ကျွန်တော့်အသက် ၂၁ နှစ်မှာ ကျွန်တော်ဟာ တိုင်းပြည်ကို ချစ်တဲ့စိတ်ကိုအရင်းခံပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဂျပန်ပြည်ကို လိုက်သွားခဲ့ပါတယ်။ ဒီ့နောက် ၁၆ နှစ်လုံးလုံး တိုင်းပြည်တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ ဒီနေ့အထိ တိုင်းပြည်ကိုချစ်တဲ့စိတ်ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က ဗိုလ်ချုပ်နဲ့ ဂျပန်ပြည်လိုက်သွားတဲ့အချိန်ကလိုပဲ ရှိနေပါသေးတယ်....”ဟူသော စကားများပင်ဖြစ်၏?
ဤစကားလုံးများသည် သူ့အသဲနှလုံးမှ လှိုက်လှိုက်လှဲလှဲ ပေါ်ထွက်လာသောစကားလုံးများဟု ကျွန်တော် လုံးဝဥဿုံ အကြွင်းမဲ့ယုံကြည်၏။
နောက်ပြီးတော့ရှိသေး၏။ ထိုနေ့က ဗိုလ်မှူးချုပ်ကျော်ဇောသည် ၁၆ နှစ်တာမျှ တိုင်းပြည်တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သော သူ၏အတွေ့အကြုံအရ ဗမာပြည်၏ယနေ့အခြေအနေကို အောက်ပါအတိုင်း အကျဉ်းချုပ်ပြောဆို သုံးသပ်ပြောဆိုခဲ့ပေသည်။
“ဒီနေ့ ဗမာပြည်ရဲ့အခြအနေဟာ အင်မတန်မှဆိုးဝါးနေပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံး အရေးတွေဟာ ကြောက်စရာကောင်းလောက်အောင် ပျက်စီးဆိုးဝါးနေပါတယ်။ အထူးသဖြင့် ပြည်တွင်းစစ်ရဲ့ဒဏ်ဟာ နှစ်ပေါင်း ကြာသည်ထက်ကြာလာတော့ တိုင်းပြည်ရဲ့အခြေအနေကလည်း ရင်လေးစရာကောင်းလာပါတယ်။ ရာဇဝင်မှာ တလိုင်းနဲ့ဗမာဖြစ်ခဲ့တဲ့ အချိန်အကြာဆုံး ပြည်တွင်းစစ်ပွဲတောင် ၆ နှစ်ပဲကြာခဲ့ပါတယ်။ အခုမြင်နေရတဲ့ ပြည်တွင်းစစ်ပွဲဆိုရင် ၁၀ နှစ်အတွင်းရောက်နေတော့ တိုင်းပြည်မှာ ဒီလောက် အမှောင်ကျတဲ့အချိန်အခါမျိုး မရှိသေးပါဘူး...”
တိုင်းပြည်တွင်အမှောင်ဆုံးသောအချိန်.....
မှန်ပေသည်။ ဗိုလ်မှူးချုပ်ကျော်ဇောက ထို့သို့သုံးသပ်ဖော်ထုတ်ပြောဆိုလိုက်သော ထိုနေ့ ထိုရက် (ဇွန်လ ၂၇ ရက် ၁၉၅၇ ခုနှစ်)မှာပင် ရန်ကုန်မြို့နှင့်အခြားမြို့များတွင် ပြည်သူလူထုက “မှောင်ကြီးကျသောနေ့”(Black Day) ဟူ၍ အထိမ်းအမှတ်များ ကျင်းပနေကြသည်မဟုတ်ပါလော။
(၅)
ဗိုလ်မှူးချုပ်ကျော်ဇော၏အမှုသည် တကယ့်အမှုမှန်ပေလော(ဝါ)ဗိုလ်မှူးချုပ်ကျော်ဇောသည် တရားခံအစစ်လော....။
သို့တည်းမဟုတ် ဗိုလ်မှူးချုပ်ကျော်ဇော၏ကိစ္စသည် လီဆယ်ထားသောအမှုပေလော (ဝါ) ဗိုလ်မှူးချုပ်ကျော်ဇောသည် တစ်မျိုးတဖုံ လုပ်ကြံခံရခြင်းပေလော....
ထိုနေ့က သတင်းစာကွန်ဖရင့်၏နောက်ပိုင်းတွင် ကျွန်တော်အပါအဝင် တိုင်းပြည်နှင့်အဝှမ်း ရှင်လူရဟန်းတို့အတွင်း အထက်ပါမေးခွန်းများသည် ဂယက်ိရုက်နေခဲ့ပေသည်။
ဗိုလ်မှူးချုပ်ကျော်ဇောာပြောသလိုဆိုရလျှင် ဤမေးခွန်းများကို “ရာဇဝင်က အဖြေပေးလိမ့်မည်”ဖြစ်၏။ မှန်ပေသည်။
တစ်ခုတော့ရှိ၏။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စတွင် လုပ်ကြံခံရခြင်း ဟုတ်မဟုတ်ကို ယနေ့ မည်သူတစ်ဦးတစ်ယောက်မှ တပ်အပ်သေချာစွာ မပြောနိုင်၊ မပြောရဲသေးသော်လည်း ရဲဘော်သုံးကျိပ်၏ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် မသာမာသူတစ်စုက လုပ်ကြံခြင်းခံခဲ့ရသည်မှာ ယနေ့နက်ဖြန်ဆိုသလို ၁၀ နှစ် ပြည့် ပြန်ဦးတော့မှာပါလား။
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး။
အတွဲ ၁၊ အမှတ် ၇။
ဇူလိုင်လ။ ၁၉၅၇ ခုနှစ်
(လင်းယုန်ဂျာနယ်မှ ပြည်တွင်းငြိမ်းချမ်းရေးဆောင်းပါးများစာအုပ်ပါ “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူုးချုပ်ကျော်ဇော လုပ်ကြံခံရပြီလော” ကို ကျနော်က စာရိုက်ပြီးပြန်တင်ပေးတာပါ။ မျိုးမြင့်ချို)
0 comments:
Post a Comment