Monday, August 22, 2022

သခင်စိုး-ရေး ဗမာတော်လှန်မှု အမှာ။ သခင်ဗဟိန်း။

0 comments

သခင်စိုး-ရေး ဗမာတော်လှန်မှု အမှာ။ သခင်ဗဟိန်း။

စာအုပ်တစ်အုပ်ကို တည်းဖြတ်သည်ဆိုရာ၌ တည်းဖြတ်သူတွင်အတော် တာဝန်ကြီးလှသည်။ 

ပထမ စာအုပ်တွင်ဖော်ပြရေးသားထားသော အကြောင်းအချက်များကို ပိုင်ပိုင်နိုင်နိုင် နားလည်ထားရမည်။ နားလည်ရမည်ဆိုရာ၌ စာရေးသူထက် ဖော်ပြပါအကြောင်းအရာများတွင် ပိုမိုဗဟုသုတရှိမထားသည့်တိုင်အောင် စာရေးသူလောက် အသိပိုင်ရမည်ဖြစ်ပါသည်။

ဒုတိယ ပတ်သက်လာသည့်အချက်အလက် အခြေအနေများကိုကြည့်ရာ၌ စာရေးသူ၏အကြည့်မျိုးအမြင်မျိုး ကြည့်နိုင် မြင်နိုင်ရမည်။ စကားရှင်းလွယ်အောင် ကုလား-ဗမာအဓိကရုဏ်းကို ဥပမာတင်ပြမည်။ ကုလားဗမာ အဓိကရုဏ်း အတွင်း အစမှမအဆုံးတိုင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အကြောင်းအရာများကို လူတိုင်းလိုပင် သိမှတ်လိုက်ကြသည်။ မျက်မြင်အကြောင်းအရာများနှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အငြင်းဝင်စရာမလိုပေ။  ရွှေဖီစာအုပ်နှင့်ပတ်သက်၍ ရွှေတိဂုံဘုရားတွင် သံဃာနှင့်လူ အစည်းအဝေးကြီးလုပ်သည်။ နောက် စီတန်း လှည့်လည်ရာတွင် ပုလိပ်နှင့် အဓိကရုဏ်းဖြစ်သည်။ နောက် ကုလားများနှင့်ဖြစ်သည်။ ရန်ကုန်မှအစပြု၍ တစ်ပြည်လုံး ပျံ့နှံ့သွားသည်။ ဤအချက်များမှာ အမှန်မျက်မြင်ဖြစ်၍ မည်သူက မည်သူ့အား ငြင်းရဦးမည်နည်း။

 

သို့သော် ဖြစ်ပျက်ပြီး မျက်မြင်ကိုယ်တွေ့ အချက်အလက်များနှင့်ပတ်သက်၍ မည်သူက မည်သူ့ကိုမှ အငြင်းထွက်စရာ မရှိသော်လည်း ထိုမျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်များကိုမူတည်၍ ဖြစ်ပျက်ရခြင်းအကျိုးအကြောင်းကို စူးစမ်း ရှာဖွေရာ၎င်း တစ်ဦးနှင်းတစ်ဦး သဘောကွဲလွဲလေ့ရှိသည်။ ရံဖန်များစွာ စေ့စပ်ဆက်သွယ်၍မရအောင် အကွဲကြီး ကွဲလေ့ရှိသည်။  

 

သဘောကွဲရာဤလည်း ယူဆသူကာယကံရှင်ပါဝင်သည့် လူ့အဆင့်အတန်း၊ ကာယကံရှင်စွဲလမ်းသက်ဝင်သည့် ဝါဒတို့က ဤသို့ဤပုံ ယူဆစေသည်။ သဘောပေါက်စေသည်။

 

ပြီးခဲ့သည့် ကုလားဗမာအဓိကရုဏ်းကို အောက်တန်းလူလတ်တန်းစားများ (Lower Middle Class)တွင်ပါဝင်သည့် ကုန်သည်ကလေးများ၊ ဈေးဆိုင်ရှင်ကလေးများ စသည်တို့က အတွင်းကြိတ်ဖြစ်စေ၊ ဘွင်းဘွင်းဖြစ်စေ ကျေနပ်ကြသည်။ ဘွင်းဘွင်းသမားများက ကျေနပ်ကြကြောင်းကို လက်တွေ့ပြကြသည်။ အကြောင်းသော်ကား အဓိကရုဏ်းကြောင့် ၎င်းတို့နှင့် အပြိုင်ချနေရသည့် ကုလားကုန်သည်ကလေးများ၊ ဈေးဆိုင်ရှင်ကလေးများ ပြုတ်ဆောင့်သွားသည်ကိုမြင်ရလျှင် ကျေနပ်ကြသည်။ အဓိကရုဏ်းကြောင့် တမျိုးသားလုံး၏ ချမ်းသာရေးတိုက်ပွဲ ဖြစ်သော နယ်ချဲ့စနစ်တိုက်ဖျက်ပွဲအတွက် အမျိုးသားအင်အားသွေးကြောမှာ မည်မျှအလဟဿဖြုန်းတီးခံရသည်ကို ၎င်းတို့ နားလည်မလည်၊ မြင်လည်း မမြင်ကြပေ။ ထို့ကြော င့် ၎င်းတို့သည် အဓိကရုဏ်းဖြစ်လျှင် ဝမ်းသာကြသည်။ အဓိကရုဏ်းမဖြစ်သေးလျှင် အဓိကရုဏ်းလာရာလမ်းကို မျှော်မှန်းတမ်းတကြသည်။ အချုပ်အားဖြင့် သူတို့အားလုံး အဓိကရုဏ်းမြေဩဇာပေါ်တွင် သူတို့၏ကြီးပွားဖွံ့ဖြိုးမှုသစ်ပင်ကို ပျိုးလိုသူများဖြစ်ကြသည်။

 

အခြားတစ်ဖက်တွင် နယ်ချဲ့စနစ်တိုက်ဖျက်သမားများ၏ အဓိကရုဏ်းနှင့်ပတ်သက်၍ ယူဆချက်များကား အထက်ပါ အောက်တန်းလူလတ်တန်းစားများ၏ယူဆပုံနှင့် မိုးနှင့်မြေကြီးတမျှ ကွာလှမ်းလှသည်။ 

 

နယ်ချဲ့စနစ်တိုက်ဖျက်ရေးသမားများ ယူဆချက်များကား အဓိကရုဏ်းသည် တမျိုးသားလုံးအား ချမ်းသာရေးလမ်းသို့ မပို့နိုင်။ လက်တစ်ဆုပ်မျှသောလူအချို့အတွက်  ယာယီမျှအကျိုးရှိချင်ရှိမည်။ သို့သော် နယ်ချဲ့တိုက်ဖျက်ရေးအတွက် အင်အားစုဆောင်းရေးလုပ်ငန်းမှာ ပျက်ပြားဆုတ်ယုတ်မည်။ နယ်ချဲ့စနစ်တိုက်ဖျက်ရေးအမြင်အရဆိုလျှင် အဓိကရုဏ်း ဖြစ်ပွားခြင်းသည် ရှေ့သို့တစ်လှမ်းတိုး၍ နောက်သို့နှစ်လှမ်းဆုတ်ခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ဗမာများ၏ ဆင်းရဲတွင်းနက်မှုမှာ ကုလားသော်လည်းကောင်း၊ တရုတ်သော်လည်းကောင်း အင်္ဂလိပ်သော်လည်းကောင်း လူမျိုးတစ်မျိုး၏ ရက်စက်ကြမ်းကြုပ်မှုအပေါ်တွင် အရင်းမတည်။ နယ်ချဲ့စနစ်၏ ကွက်စိပ်တိုက်၍သွေးစုပ်မှု အပေါ်တွင် အရင်းတည်လျှက်ရှိသည်။  ထို့ကြောင့် တစ်မျိုးသားလုံးအား ဒုက္ခအပေါင်းသို့(တို့ ဖြစ်မည်ထင်ပါသည်) လွှမ်းမိုးချုပ်ချယ်ရာမှ လွတ်လပ်မှုအလင်းရောင်ထွန်းပြောင်စွာ လူတန်းစေ့နေရသည့်လောက၊ လူသတ္တဝါချင်း မျှတပေါင်းသင်းရသည့် လောကသစ်ကြီးသို့ ကယ်တင်ပို့ဆောင်ရန်အတွက် နယ်ချဲ့စနစ်ကို အမြစ်ပါမကျန်အောင် တော်လှန်ပစ်ဖို့လို၏။ နယ်ချဲ့စနစ်အမြစ်ပြုတ်လျှင် နယ်ချဲ့စနစ်၏ အကိုင်းအခက်များဖြစ်သော လူမှုဒုက္ခအမျိုးမျိုးတို့သည် အလိုအလျှောက် ပျောက်ကွယ်ကြရမည်သာဖြ့စ်သည်ဟု ယူဆကြသည်။

 

ကုလားဗမာအဓိကရုဏ်းကဲ့သို့ပင် အဖြစ်အပျက်အမျိုးမျိုးကိုမူတည်၍ ဖြစ်ပျက်ခြင်းအတွက် အကြောင်းအကျိုးတို့ကို ဝေဖန်ပိုင်းခြားရန်မှာ စာရေးသူ၏တာဝန်ဖြစ်သည်။ စာရေးသူ၏ဝေဖန်ပုံသဘောနှင့် စာတည်းသူ၏အမြင်တို့ တစ်ခုနှင့်တစ်ခု မညီမညွတ် ကချွတ်ကချော်ဖြစ်နေက အသို့လျှင် စာအုပ်ကိုတည်းဖြတ်နိုင်မည်နည်း။  ထို့ကြောင့်ပင် စာရေးသူ၏ထင်မြင်ချက် အယူအဆတို့ကို တည်းဖြတ်သူကရိုသေရမည်၊ နှစ်သက်ရမည်၊ သဘောချင်းထပ်တူ ဖြစ်ရမည်ဟု အထက်တွင်ဆိုခဲ့သည်။

 

ယခုသခင်စိုး၏ ဗမာ့တော်လှန်မှု(လယ်သမားအရေး)စာအုပ်ကို ကျွန်တော်တည်းဖြတ်၏။ တည်းဖြတ်သူတိုင်းတွင် ရှိရမည့် အထက်ပါအဓိကအရည်အချင်းနှစ်ခု ကျွန်တော့်တွင်ရှိ၍ တည်းဖြတ်ပါသလားဟု မေးစရာရှိ၏။ ပထမ အရည်အချင်းမျိုး ကျွတ်တော့်တွင်မရှိပါဟု ရှင်းရှင်းဝန်ခံပါ၏။ လယ်သမားအရေးမှာ ကျွန်တော်မနိုင်သော ဇာတ်ကွက်ပင် ဖြစ်၏။  လယ်သမားအရေးနှင့်ပတ်သက်၍ ကျွန်တော်လေ့လာဖူးသော စာအုပ်အနည်းငယ်မှာ ကျွန်တော့်အား လယ်သမားအရေးကို အဖြူအမည်းခွဲခြားနိုင်ရုံလောက်သာ အသိဉာဏ်ပေးနိုင်၏။ စာအုပ်ရေးသူ သခင်စိုးမှာကား လယ်သမားအရေးကို အတော်ပင်နှံ့စပ်အောင် လေ့လာနိုင်နင်းပြီးသားဖြစ်၏။ ယခုစာအုပ်မှာ လယ်သမားအရေးနှင့်ပတ်သက်၍ ဗမာပြည်တွင် ယခင်ကမပေါ်ဖူးသေးသော စာအုပ်မျိုးဖြစ်သည်ဟု ကျွန်တော် တင်းတင်းကြီးဆိုရဲပါ၏။

 

ဒုတိယအရည်အချင်းနှင့်ပတ်သက်၍ကား ရှိပါသည်ဟုပြောနိုင်ရုံလောက်မျှသာ ယခုအထိလေ့လာဖူးသေး၏။ သခင်စိုးသည် လောကအဖြစ် အပြောင်းအလဲဟူသမျှကို စနစ်ကျသော ဘုံဝါဒမှန်ပြောင်းဖြင့်ကြည့်သကဲ့သို့ ကျွန်တော်လည်း ဤသို့နှင်နှင်ကြည့်သူဖြစ်သဖြင့် အမြင်ချင်းတထပ်တူထပ်မျှကျလျှက် နေပေသည်။

 

မည်သို့ပင်ဖြစ်စေ ကျွန်တော်တည်းဖြတ်သော ယခုစာအုပ်မှာ ကျွန်တော်ရေးသောအမှာနှင့်တကွ စာအုပ်တစ်အုပ်အဖြစ် ထွက်ပေါ်လာပြီဖြစ်ရာ တည်းဖြတ်သူ၏တာဝန်တွေ၊ ကျွန်တော် တည်းဖြတ်သင့်မသင့်သည်တွေကို  လေလျှောက်ကြီး ရေးခဲ့ခြင်းမှာ အပိုသက်သက်ကဲ့သို့ ထင်စရာရှိလေသည်။ စာအုပ်တည်းဖြတ်စဉ်က တည်းဖြတ်သင့်သည် မသင့်သည်တွေကို တွေးနေဖို့အချိန်မရ၊ တရတွန်းအချိန်လုကာ တည်းဖြတ်ရလေသည်။ ယခုအမှာကို ကောက်ရေးမှသာ စဉ်းစားချက်တွေ ခေါင်းတွင်းသို့ အလျှိုအလျှိုဝင်လာကြသဖြင့် ပိုသည်မပိုသည်အပထားကာ ရေးမိအောင်ရေးလိုက်ခြင်းဖြစ်လေသည်။

 

စာအုပ်အကြောင်းသော်လည်းကောင်း လယ်သမားအရေးနှင့်ပတ်သက်၍ မိမိထင်မြင်ချက်ကိုသော်လည်းကောင်း မရေးသားမီ စာအုပ်ရေးသူ သခင်စိုးအကြောင်းကို အနည်းငယ်ရေးရန်လိုပေသည်။ စာအုပ်တစ်အုပ်ကိုဖတ်ရာမ စာရေးသူအကြောင်းကိုသိထားနှင့်မှ စာအရသာတွေ့၏။ စာများ၏အဓိပ္ပာယ်မှာလည်း ပိုမိုထင်ပေါ်လာ၏။

 

အချိန်မှာ ၁၉၃၇ ခု။ တက္ကသိုလ်ကျောင်းကြီး ပြန်လည်ဖွင့်လှစ်စအချိန်ဖြစ်၍ ကျွန်တော် မန္တလေးကောလိပ်မှ အိုင်အေအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ပြောင်းလာကာစ ကြီးမားခန့်ထည်သော တက္ကသိုလ်အဆောက်အဦကြီးများ၊ သစ်လွင်တောက်ပနေသော တက္ကသိုလ်ကျောင်းသားကြီးများ၊ တက္ကသိုလ်ပါမောက္ခကြီးများနှင့်  စတင် ကြုံတွေ့ရချိန် ဖြစ်သည်။ အရုပ်သစ်ကိုရခါစကလေးကဲ့သို့ နိုင်ငံရေးအမြင်သစ်ရခါစဖြစ်သော ကျွန်တော်မှာလည်း ပေါက်တတ်ကရ ဖတ်ထားသည့် နိုင်ငံရေးစာအုပ် တစ်အုပ်နှစ်အုပ်မှရထားသော ဖြစ်ကတတ်ဆန်းနိုင်ငံရေးအမြင်ဖြင့် စိတ်ကူးယဉ်တိုင်း ထင်ရာတွေးပြီး ကိုယ့်ဘာသာကိုယ် ကျေနပ်နေသောအချိန်လည်း ဖြစ်ပေသည်။

 

စကော့ဈေးသစ်ကြီးအတွင်းရှိ ကိုနု၊ ကိုသန်းထွန်း၊ ကိုထွန်းဧတို့ တည်ထောင်ဖွင့်လှစ်ထားသော နာဂါးနီ စာအုပ်သင်းမှာလည်း နိုင်ငံရေးစိတ်သန်သူ လူငယ်တစ်စုတို့အား တွေ့ဆုံပေးရာဌာနတစ်ခု ဖြစ်ခဲ့‌လေသည်။

 

များသောအားဖြင့် ယခုအချိန် ကျွန်တော်တို့နှင့် ဒိုးတူပေါင်ဖက် နိုင်ငံရေးဆောင်ရွက်နေကြသောရဲဘော်များမှာ နဂါးနီစာဖတ်အသင်းတွင် စတင်တွေ့ဆုံ သိကျွမ်းလာခဲ့ကြသူများသာဖြစ်လေသည်။ ထိုသူများထဲတွင် ယခုစာအုပ်ကို ရေးသားသော သခင်စိုးလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့လေသည်။

 

နေ့တစ်နေ့ ညနေခင်းတစ်ခုတွင် နဂါးနီစာအုပ်ဆိုင်၎င်း ကျွန်တော်နှင့် ကိုထွန်းဧတို့ စကားပြောနေကြ၏။ ခဏမျှကြာလျှင် သခင်သန်းထွန်းနှင့် အခြားသူစိမ်းတယောက် ဆိုင်တွင်းသို့ဝင်လာကြ၏။ သခင်သန်းထွန်းမှာ ကျွန်တော်နှင့် သိကျွမ်းပြီးဖြစ်၍ ကျွန်တော့်အနီး ကုလားထိုင်အလွတ်တွင်ဝင်ထိုင်၍ အခြားလူမှာ ထောင့်တစ်ထောင့်ရှိ စားပွဲအလွတ်တစ်ခုတွင် သွားထိုင်ကာ ပခုံးတွင်လွယ်ယူလာသောလွယ်အိပ်ကို စားပွဲပေါ်သို့ချကာ စာရေးဖို့ ဟန်ပြင်နေသည်။ ရုတ်တရက်သော် နဂါးနီမှစာရေးတစ်ယောက်ဖြစ်မှာပဲဟု ထင်မိသည်။ သို့သော် ထပ်မံ၍ လှမ်းကြည့်လိုက်သောအခါ သခင်သန်းထွန်းနှင့် ခတ်ဆင်ဆင်ရှိသည်နှင့် “ဘာတော်လဲ”ဟု သခင်သန်းထွန်းအား လှမ်းမေးမိရာ သခင်သန်းထွန်းကပြုံးလိုက်ရင်း “ဘာမှမတော်ပါဘူး၊ သခင်စိုးဆိုတာလေ”ဟု ပြန်ဖြေ၏။ သို့မှ ကျွန်တော့မှာ “ဪ”ဟုဆိုမိကာ သခင်စိုးရှိရာဘက်သို့ လှည့်အကြည့်လိုက် သခင်စိုးကလည်း ပြန်လည်ပြုံးရယ်ကာ ကြည့်နေသည်နှင့်ဆုံနေသည်။ သခင်စိုးမှာ ကျွန်တော့်အကြောင်းကို သခင်သန်းထွန်းပြောပြ၍ သိနှင့်ပြီး ဖြစ်ပုံရလေသည်။

 

သခင်သန်းထွန်းနှင့်သခင်စိုးတို့မှာ ရုပ်ရည်အတော်ဆင်သဖြင့် ကျွန်တော်ကဲ့သို့ အထင်လွဲမည့်သူများရှိဦးမည်ဟု ကျွန်တော်ယုံ၏။ အရုပ်ဆိုးပုံချင်းလည်း တူ၏။ နှစ်ဦးစလုံး နဖူးမောက်မောက် နှာယောင်ကောက်ကောက် မျက်ကွင်းချိုင့်ချိုင့်နှင့် ဖြစ်ကြ၏။ အသားညို၍ အရပ်ပုပုံချင်းလည်း တထေရာတည်းဖြစ်၏။ အဝတ်အစားဝတ်ပုံမှာလည်း ကပျစ်ကညစ်နှင့် ဖြစ်သလိုဝတ်စားလေ့ရှိကြရာ လူပုံပန်းကြည့်၍သာ အကဲခတ်ရလျှင် တက်တက်စင်အောင် လွဲစရာရှိလေသည်။ သူတို့ကိုကြည့်ရသည်မှာ လမ်းထဲတွင် သွားလာနေကြသော သာမန်လူများကိုကြည့်ရသကဲ့သို့မျှ ထူးထူးခြားခြားမရှိလှပေ။

 

သခင်စိုးကို ကျွန်တော် စသိရချိန်လောက်တွင် ၎င်းမှာ နဂါးနီကထုတ်ဝေလိုက်သည့် ဆိုရှယ်လစ်စာအုပ်ကို ရေးသားဆဲဖြစ်၍ နဂါးနီတွင် အိပ်စားနေ၏။ ကိုသန်းထွန်းမှာကား ၃၇ လမ်းအတွင်းရှိ စာရေးဆရာ “ဇဝန”အိမ်တွင် ကပ်နေ၏။ ထိုအချိန်လောက်တွင် သခင်စိုးနှင့် ကျွန်တော်မှာ ကောင်းကောင်းမရောမိကြသေး။ တစ်ခါတစ်ရံ နဂါးနီတွင်တွေ့ကြ၏။ တစ်ခါတစ်ရံ သခင်းသန်းထွန်း ကပ်ရပ်နေသော ဇဝနအိမ်တွင် တွေ့ကြ၏။

 

ဆိုရှယ်လစ်ဝါဒစာအုပ် ထုတ်ဝေပြီးသောအခါတွင် သခင်စိုးမှာ နဂါးနီတွင်မနေတော့။ တခြားမှာလည်း နေစရာရှိပုံမရသဖြင့် သခင်သန်းထွန်းက ခေါ်လာခဲ့ရ၏။ 

 

စာရေးဆရာဇဝနမှာ သဘောကောင်း၍ပျော်ပျော်နေတတ်သော်လည်း အိမ်တွင် လူတဖြည်းဖြည်းများလာသောအခါ စိတ်ရှုပ်လာပုံရ၏။ ဇဝနတွင် သခင်သန်းထွန်း၊ သခင်အုန်းမြင့်(တိုးတက်ရေးအယ်ဒီတာ လုပ်သူ)တို့ အမြဲနေကြ၍ ကျွန်တော်မှာ ကျောင်းဆောင်တွင်နေရသည်ဆိုသော်လည်း တစ်လလျှင် ၁၅ ရက်ခန့် ဇဝနအိမ်သို့လာ၍ အိပ်မိစားမိအောင် အိပ်လိုက်စားလိုက်သေးသည်။  ယခုတစ်ဖန် သခင်စိုးတစ်ယောက် တိုးလာမည်ဆိုသော အခါတွင်ကား ဇဝနမှာမတတ်သာတော့ဘဲ မိန်းမယူပစ်လိုက်ရပေတော့သည်။

 

သခင်သန်းထွန်း ကိုယ်တိုင်ငှား၍နေထိုင်သောအိမ်တွင်ကား သခင်သန်းထွန်း သခင်စိုးနှင့် ကျွန်တော်တို့သုံးယောက်မှာ အတော်အလွမ်းသင့်လာကြ၏။ သခင်စိုးမှာ အခြားအလုပ် လုပ်စရာမရှိတော့သဖြင့် သခင်သန်းထွန်းက ကျွေးမွေးထားသည်ကိုစားသောက်ခါ စာကိုချည်း ကုန်းဖတ်နေ၏။ နံနက်စာ စာပြီးပြီဆိုလျှင် စာအုပ်လွယ်အိတ်ကိုလွယ်ကာ စာကြည့်တိုက်များသို့သွား၍ စာကိုတစ်နေကုန်ဖတ်၏။ ပြန်လာ၍ ထမင်းစားပြီးလျှင် စာကောက်ဖတ်၏။ သခင်စိုးမှာ ပိုက်ဆံမရှိသဖြင့် စာအုပ်အဖိုးတန်များကို မဝယ်နိုင်။ မဝယ်နိုင်သဖြင့် စာကြည့်တိုက်များသို့ အပင်ပမ်းခံကာ သွားရောက်ဖတ်ရ၏။ ဘားနဒ်ပိဋကတ်တိုက်ကား သခင်စိုး၏စာကြည့်ခန်း ဖြစ်လေတော့သည်။

 

သခင်စိုး စာအုပ်မဝယ်နိုင်သည်နှင့်ပတ်သက်၍ အဖြစ်အပျက်ကလေးတစ်ခုကို အမှတ်ရသေး၏။ တစ်ခါတွင် သခင်စိုးသည် အလွန်ဖတ်ချင်နေသော စာအုပ်တစ်အုပ်ကို စကော့ဈေးစာအုပ်ဆိုင်တစ်ဆိုင်တွင် တွေ့လာခဲ့၏။ ဤစာအုပ်မှာ ပိဋကတ်တိုက်များတွင်လည်း မရှိပေ။ စာအုပ်အမည်မှာ Bucharin ရေးသော Historical Materialism ခေါ် ရုပ်ပိုင်းရာဇဝင်အကြောင်းစာအုပ်ဖြစ်၍ အဖိုးမှာ “ကိုးကျပ်ခွဲ့”ခန့် ကျနေသဖြင့် မဝယ်နိုင်။ သို့သော် မဖတ်ဘဲလည်း မနေနိုင်သဖြင့် စာအုပ်ရောင်းသူနှင့်အသိဖွဲ့ကာ နေ့စဉ်သွား၍ မတ်တပ်ရပ်ရင်းစာဖတ်၏။ စာမျက်နှာ ၅၀ ခန့်ပြီးလျှင် ပြန်လာခဲ့၏။ ဤသို့ဖြင့် နေ့စဉ်သွားဖတ်နေသောအခါ စာအုပ်ဆိုင်ရှင်ကိုယ်တိုင် သိရှိသွားသဖြင့် စာအုပ်ကို သိမ်းခိုင်းထားလိုက်၏။ နောက်တစ်နေ့ သခင်စိုးရောက်သောအခါ စာအုပ်ကိုရောင်းလိုက်ပြီဟုသိရပြီး ပြန်လာခဲ့ရလေသည်။

 

နိုင်ငံရေးပညာကိုဆည်းပူးရာတွင် ရောင့်ရဲခြင်းမရှိသောစိတ်ဖြင့် စာကိုသာ အပတ်တကုပ်ကြိုးစား၍ဖတ်နေသော သခင်စိုးကိုမြင်တွေ့ခြင်း၌ မာဆတ်ဆတ်ဆေင့်ကြွားကြွားနိုင်လှသော ကောလိပ်ကျောင်းသားလက်သစ်ဘဝတွင် စာအုပ်တစ်အုပ်နှစ်အုပ်ဖတ်ကာ သွေးနားထင်ရောက်နေသောစိတ်ရိုင်းတို့မှာ အရည်ပျော်ခဲ့ပါသည်။

 

လယ်သမားအရေးမှာ ဗမာတစ်မျိုးသားလုံးအရေးဟုပြောရလောက်အောင်ပင် အရေးကြီးလှ၏။ ဗမာလူမျိုး ဆယ်ယောက်တွင် ကိုးယောက်မှာ လယ်မြေနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်သွယ်ကာအသက်မွေးကြ၏။ ထို့ကြောင့် ဗမာလူမျိုး လူတန်းစေ့နေနိုင်ရေးအတွက် လုံးပမ်းနေကြသူတိုင်း လယ်သမားအရေးကိုဗဟိုချက်မထားကာ လုပ်ငန်းကိုအသေးစိတ်လုပ်ဖို့လို၏။ လယ်သမားအရေးကို ပိုင်နိုင်စွာ နားလည်ထားဖို့လို၏။

 

လယ်ယာကိုင်းကျွန်းမှာ ပြည်ဝမ်းတိုက်နှင့်တူ၍ ပြည်ဝမ်းတိုက်မပေါက်စကောင်းဟု ရှေးကစကားဆိုရှိခဲ့၏။ ၁၉၂၉- ကမ္ဘာ့စီးပွားပျက်ကပ်ကြီးအတွင်း ပြည်ဝမ်းပေါက်သကဲ့သို့ လယ်ယာထွက်သီးနှံများ ဈေးအဆမတန်လျောကျခဲ့သဖြင့် ဗမာတစ်မျိုးလုံး မည်မျှယောက်ရက်ခတ်ခဲ့ရသည်ကို ဗမာတိုင်းမေ့ကြဦးမည်မဟုတ်ပေ။

 

ယခုအချိန်တွင် လယ်ယာနှင့်တိုက်ရိုက်ပတ်သက်နေသူများတွင် လယ်ပိုင်ရှင်ကြီး၊ လယ်ပိုင်ရှင်ကလေး၊ သီးစားလုပ်ကိုင်သူနှင့်သူရင်းငှားဟူ၍ လေးစားရှိ၏။ ရှေးအခါကမူ ဗမာပြည်တွင် ကိုယ့်လယ်ကိုယ်လုပ်၍ အသက်မွေးကြသော လယ်ပိုင်ရှင်ကလေးများ၏တိုင်းပြည် ဖြစ်ခဲ့၏။ သို့သော် အချိန်ရွှေ့ပြောင်းလာသည့်အလျှောက် လယ်သမားများမှာ အခွန်အတုတ်ကြီးလေးသည်ကတစ်ကြောင်း၊ ကိုယ်ပိုင်လယ်မှထွက်သော ကောက်ပဲသီးနှံဈေးမှာလည်း စတီးဘရားသားစသည့် နိုင်ငံခြားဓနရှင်ကြီးများဖိနှိပ်ထားသဖြင့် ဈေးကောင်း မရသည်ကတစ်ကြောင်းတို့ကြောင့် မိမိတို့လယ်ကလေးများကိုပေါင်ကာ အဆမတန်အတိုးဖြင့် ငွေချေးကြရ၏။ ငွေချေးသည်ဆိုရာ၌ ငတ်သေမည့်ဘေးနှင့် လက်ငင်းရင်ဆိုင်တိုးနေရသဖြင့်သာ ရှေ့ရေးကိုမတွေးနိုင်ဘဲ အလောသုံးဆယ် ချေးရခြင်းဖြစ်ရာ မည်သို့မျှပြန်လည်မဆပ်နိုင်။ မဆပ်နိုင်သောအခါ ကိုယ်ပိုင်လယ်ကလေးများကို လယ်မလုပ်သည့် ငွေချေးစားသူများသို့ ဝကွက်အပ်လိုက်ကြရလေသည်။

 

အောက်ဗမာပြည်တွင် ထွန်ယက်လုပ်ကိုင်နေသော လယ်ဧကဆယ်သန်းရှိသည့်အနက် လယ်မလုပ်သူများလက်သို့ ဆုံးပါးသွားရသောလယ်ဧကမှာ ငါးသန်းမျှရှိပြီဖြစ်၍ ကျန်ငါးသန်းသာ လယ်သမားများလက်တွင်ကျန်တော့၏။ ကိုယ်ပိုင်လယ်ကို လုပ်ကိုင်နိုင်သော လယ်သမားများမှာလည်း ကြွေးလယ်ပင်းနစ်နေကြ၍ ယနေ့မနက်ဖြန်ဆိုသလို မိမိတို့လယ်ကလေးများကို လက်လွှတ်ကြရပေတော့မည်။

 

လယ်သမားများ၏ကြွေးမှာ စုစုပေါင်း ငွေကုဋေသုံးဆယ်ခန့်ဖြစ်၍ အိမ်ထောင်နှင့်တွက်က တစ်အိမ်ထောင်လျှင် ပျမ်းမျှကြေး ငွေ ၂၀၀ မျှကြွေးတင်နေ၏။ 

 

ဤကဲ့သို့ အသက်ထွက်လုမတတ် အပင်ပမ်းခံကာ အလုပ်လုပ်လျှက် အဘက်ဘက်က နံအနိမ့်အညှဉ်းခံနေကြရသော တောင်သူလယ်သမားများ၏ ထာဝစဉ်ချမ်းသာရေးအတွက် ရနိုင်သမျှအချိန်ကိုသုံးကာ ပြုစုရေးသားလို်သော သခင်စိုး၏လယ်သမားအရေးစာအုပ်မှာ လယ်သမားအရေးတော်ပပုံများအောင်မြင်ရေးတွင် အတော်ပင် အထောက်အကူရမည်ဟု ကျွန်တော်ယုံကြည်ပါသည်။

 

ဗဟိန်း

တက္ကသိုလ်သမဂ္ဂအသင်း၊ ၂၄၊ ၇၊ ၁၉၃၉။

သခင်စိုး “ဗမာ့တော်လှန်မှု” ရန်ကုန်၊ မြန်မာပြည်စာအုပ်ဖြန့်ချိရေးဌာန။ ၁၉၃၉

(သခင်ဗဟိန်းရာပြည့် အမှတ်တရစာများစာအုပ်ထဲကနေတဆင့် ကျနော်က စာပြန်ရိုက်ပြီး တင်ပေးတာပါ။ မျိုးမြင့်ချို)

0 comments:

Post a Comment