ဗဟိန်း သို့မဟုတ် ကဗျာ
ဒဂုန်တာရာ
(၁)
ယခုခေတ် ဗမာပြည်၌ကွန်မြူနစ်တို့သည် ရုပ်ဝါဒကို မျိုးစေ့ကြဲ၍နေကြပေပြီ။ ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒ မဟုတ်။ စိတ်ကူးစိတ်သန်း မဟုတ်။ အကောင်အထည်ကို မာကျော ကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ၊ သည်လို ယေဘုယျ လူအများကမှတ်ထင်ကြပေသည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ခေါင်းဆောင် ဗဟိန်းအား ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့်ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟု ထင်မှတ်ကြပေ လိမ့်မည်။ သည်လိုမှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမားအဖြစ်တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာပေသည်။ ကဗျာဟုတ်သလား။
၁၉၃၈ . . .
သရက်ထည် ပန်းပွင့်ရိုက် အနားကွပ် ခန်းဆီးပြာသည် ပိန်လိုက်ဖောင်းလိုက်နှင့် ရွက်တိုက်လျက် ရှိသည်။ အပြင်ဘက်တွင်ကား မှောင်၍ နေသည်။ တချက်တချက် တက္ကသိုလ်ရိပ်သာလမ်းမှ အဓိပတိလမ်းသို့ကွေ့ကာ မောင်းဝင်လာသော မော်တော်ကားရှေ့မီးရောင်သည် ဝင်းခနဲလက်လိုက်ရာ၊ တက္ကသိုလ်သမဂ္ဂအသင်းတိုက်ရှေ့ရှိ ဇော်မွှားပန်း၊ ဗုဒ္ဓံသရဏံပန်းများကို လျှပ်စစ်ပြက်လိုက်သလို ရိပ်ခနဲ တွေ့မြင်လိုက် ရပေသည်။
လူများချိန် ၈ နာရီခန့် ဖြစ်သဖြင့် သမဂ္ဂပျော်ပွဲစားရုံသည် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့် ညံ၍နေ၏။ မြို့ထဲတွင် လည်ပတ်ရာမှ နောက်ကျသော ကျောင်းသားများသည် သမဂ္ဂတွင် ဝင်၍ ညစာစားလေ့ ရှိကြ၏။ ပျော်ပွဲစားရုံ၏ထောင့်ရှိ စားပွဲရှည်တွင်ကား သမဂ္ဂအမှုဆောင် ကျောင်းသားတစ်စုသည် ဝိုင်းဖွဲ့ကာ စကားပြောသူကပြော အစား စားသူက စားလျက်ရှိကြသည်။
သည်အထဲမှ ကျောင်းသားတစ်ဦးသည် ဝိုင်းဖွဲ့စကားပြောထဲတွင် မပါဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓာတ်စက်ကို ဓာတ်ပြား တချပ်ပြီးတချပ် လဲကာ ဖွင့်လျက် ရှိသည်။
သူသည် အသားဖြူဖြူ၊ ဆံပင် ကောက်ကောက်၊ ဖျင်အင်္ကျီ၊ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ဝတ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲသောပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကျက်သရေဖြင့်လျှမ်းသော အပြုံး။ မေတ္တာ၏ အထိမ်းအမှတ် အပြုံး။
ကျွန်တော်သည် ရုပ်ရှင်ကြည့်ရာမှ အပြန်နောက်ကျနေသဖြင့် ကျောင်းထမင်းစားရုံသို့ မသွားတော့ဘဲ သမဂ္ဂပျော်ပွဲစားရုံတွင်ပင် ညစာကိုမှာစားလျက်ရှိ၏။
သူတို့ဝိုင်းထဲမှ ကိုဘဆွေ(ယခင် ဆိုရှယ်လစ်ပါတီ အထွေအထွေအတွင်းရေးမှူး)က ကျွန်တော့်ကို ကိုဗဟိန်းနှင့် အသိဖွဲ့ပေးလေသည်။ ကိုဘဆွေကား စစ်ကိုင်းကျောင်းဆောင်တွင် ကျွန်တော်နှင့် အခန်းချင်းကပ်နေ၍ တစ်ယောက်ကိုတစ်ယောက် ဆဲမနာဆိုနာ ခင်မင်သူဖြစ်လေသည်။
“ဒါ ကိုယ်တို့ စစ်ကိုင်းကျောင်းဆောင်ကလေ။ ဒဂုန်မဂ္ဂဇင်းမှာ စာတွေဘာတွေရေးတာပေါ့ကွ”ဟု ကိုဘဆွေက မိတ်ဖွဲ့ပေးသောအခါ ကိုဗဟိန်းသည် ဓာတ်စက်မှသော့ကိုလှည့်ရင်း သူ၏ ကြာပွင့်ချပ်ကလေးထဲမှ ဝတ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့်အပြုံးဖြင့် တုံ့ပြန်ကာ“ဪ ဟုတ်လား။ ရတုပိုဒ်စုံတွေဘာတွေ ဒဂုန်မှာဖတ်ဖူးပါတယ်၊ မန္တလေးမှာ နေကတည်းက တွေ့ဖူး ပါတယ်”။
ကိုဗဟိန်းသည် လူဖတ်နည်းလှသော ကျွန်တော်၏ရတုပိုဒ်စုံများကိုဖတ်ဖူးသဖြင့် အံ့ဩ၍သွားသည်။ သူသည် ကဗျာကိုမြတ်နိုးသူတစ်ယောက်ဖြစ်သည်။
“ကျွန်တော်တော့ မေရှင်ကို အတော်ကြိုက်တယ်၊ ခင်ဗျားရော ဘယ့်နှယ်လဲ”ဟုပြောကာ သူသည် “ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်”ကို ဒုတိယအကြိမ် ထပ်၍ဖွင့်ပြန်၏။ ပြီးလျှင် “သော်တာငွေမင်း” ကိုဖွင့်၏။ သူသည် ဂီတကိုချစ်သည်။ သူနှင့်ကျွန်တော်သည် ခဏနှင့်ပင် စကားလက်ဆုံကျလျက် ရှိကြသည်။ ကာလပေါ် ဗမာဂီတအခြေအနေကို သူသည် ဝေဖန်လျက်ရှိသည်။
“တချို့က အင်္ဂလိပ်တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ၊ သာယာတဲ့ တေးသံကို ဘာလို့ လက်မခံနိုင်ရသလဲ၊ ဂီတဆိုတာ လူတစ်မျိုးတည်း ကန့်သတ်ထားတာမဟုတ်ဘူး၊ ကျွန်တော့်အဖို့တော့ သာယာတဲ့တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ အီတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ၊ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင်ဆိုပြီး နားမထောင်နိုင်ကြတာ အံ့ဩစရာပဲ” စသည်ဖြင့် သူကပြောလေသည်။
တစ်ဖက်စားပွဲစွန်းတွင် သမဂ္ဂအမှုဆောင်တစ်စုနှင့် နိုင်ငံရေးအကြောင်း ငြင်းခုန် စကားကောင်းလျက် ရှိသောကိုဘဆွေက ဂီတနှင့်ပတ်သက်၍ဆွေးနွေးလျက်ရှိသော ကိုဗဟိန်းနှင့်ကျွန်တော်တို့ဘက်သို့ လှည့်ကာ “အေး မင်းတို့နှစ်ယောက်တော့ ကိုက်မှာပဲ၊ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတလိုက်စားချင်နဲ့တော့ မင်းတို့နှစ်ယောက်က စိတ်ကူးယဉ်သမားတွေကိုး”ဟုပြောကာ ရယ်မော၍ နေသည်။
“လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာ ဂီတရဲ့အလှအပကို မကြည်နူးပဲမနေနိုင်ဘူး၊ လူဟာ မင်းပြောတဲ့ စိတ်ကူးယဉ်ပဲဆိုပါတော့၊ ကဗျာ၊ ဂီတကို နားလည် မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ” ဟု ရယ်မောရင်း ကိုဗဟိန်းက ပြန်ပြောလေသည်။
ကိုဘဆွေပြောသလိုပအင် သူနှင့်ကျွန်တော်သည် မကြာမီပင် ခင်မင်ရင်းနှီးကာ ကျောင်းတွင် တစ်တွဲတွဲ တွဲလျက်ရှိပေသည်။ သူသည် မန္တလေးကောလိပ်မှလာစ ဘီအေပထမနှစ်၊ ကျွန်တော်ကား ကျောင်းရောက်စ ဥပစာပထမနှစ်။
(၂)
အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမားမဖြစ်လျှင် ဧကန် စာရေးဆရာတစ်ယောက်ဖြစ်မည်ဟု ကျွန်တော်ထင်သည်။
သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားမတ်စ်၏ကွန်မြူနစ်စာပေပရိယတ္တိကိုသာမဟုတ် အနုပညာစာပေစသည်တို့ကိုလည်း ဖတ်သူ ဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။
တစ်ခါက သူသည် နွေရာသီကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ဝတ္ထုတိုတစ်ပုဒ်ကို ဗမာလိုဆီလျော်အောင် ဘာသာပြန်ဖူးသည်။ ကျွန်တော့်ရှေ့တွင်ပင် ဝတ္ထုတိုကိုရေးပေသည်။
သူ၏ဝတ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစဉ်မဂ္ဂဇင်းတွင်ပါလေသည်။ (လက်ရွေးစဉ်မဂ္ဂဇင်းကို စတင်တည်ထောင်သူအယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော ကွယ်လွန်သူ အဆန်း ဆရာကြီးဖြစ်သည်) ကိုဗဟိန်းရေးသောဝတ္ထုတို၏အမည်မှာ “လေလွင့်သူ”ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘဝအကွေ့၌တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကိုပြထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်လေသည်။
ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သော သူ “ဘဝခရီး”အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံ လှသည်။ ကုလားဗမာအဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက် မေတ္တာနှင့်ငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာရေးသား ထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။
ထွန်းအေး စာအုပ်ဖြန့်ချီရေးဌာနမှထုတ်ဝေသော ‘ဓနရှင်လောက’ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ဓနရှင်လောက”သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစ်စေ့ ဖြစ်သည်။ ရှင်းလင်း ပြတ်သားလှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌နိုင်နင်း ကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေ၏။ သူသည် စာရေးကောင်းသူတစ်ယောက်ဖြစ်သည်။
အင်္ဂလိပ်ပြေးကာနီး သူ ထောင်မကျမီ ချားလ်ဒစ်ကင်း၏နာမည်ကျော် “မျှော်တလင့်လင့်”ဝတ္ထုကြီးကို “လူ့အလို”အမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့်ကြုံသဖြင့် စာမျက်နှာ ၆၀ ကျော်သာ ပုံနှိပ်ပြီးစီးရလေသည်။ အကယ်၍ သည်ဝတ္ထုသာထွက်လာလျှင် ဗမာစာပေလောကတွင် ကျော်စောထင်ရှားဦးမည့် ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တစ်ဖောင်ရိုက်နေစဉ် နောက်တစ်ဖောင်ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဌာနရုံးခန်းတွင်ထိုင်ကာ ရေးပေးသောဝတ္ထုဖြစ်သည်။ သူ့မှာ ဝတ္ထုရေးဆရာကြီးတစ်ယောက် ဖြစ်နိုင်သောလက္ခဏာတွေ အများကြီးရှိသည်။ သို့သော် ဗမာပြည်ကို လွတ်လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လိုသောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝထဲပင် ထောင်ကျဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်သည်။
(၃)
”ဇမ္ဗူကျွန်းလုံး”သီချင်းခံကို ဂီတ၌အတန်ဝါရင့်သူများသာ ရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူကျွန်းလုံး သီချင်းခံကို အစအဆုံးပင်ဆိုနိုင်သည်မှာ အံ့ဩဖွယ်ကောင်းပေသည်။ ဇမ္ဗူကျွန်းလုံးသည် ဂီတဝိသောဓနိကျမ်း၌ တစ်မျက်နှာကျော်ရှည်လျားသည်။
အေဝမ်းဓာတ်ပြားများကို သူသည် နှစ်သက်သည်။ ပြည်လှဘေဆိုသော “နတ်သျှင်နောင်”သီချင်းကို တူရိယာတီးမှုတ်သူတွေတွေ့တိုင်း အတီးခိုင်းလေ့ရှိသည်။ နတ်သျှင်နောင်ထဲမှ “ပေါ်နွေလလျှင်” ရတုကို မရတရဖြင့် ညည်းသည်။ ဒိုရာသန်းအေး၏ “လှေကလေး”ကိုလည်း သူအတော် သဘောကျသည်။ တက္ကသိုလ် ရာဇဝင်ကထိကဦးဘညွန့် သီဆိုဓာတ်ပြားသွင်းသော “ဆုထူးရွယ်” သီချင်းကိုလည်း သူသည် ဓာတ်ပြားမထွက်ခင်ကတည်းက ရနေသည်။ ဦးဘညွန့်မှာ ကိုဗဟိန်းနှင့်ခင်ရာ ဦးဘညွန့် တယောလေးဖြင့်ဆိုလေ့ရှိသည်ကို နားဖြင့်မှတ်ကြားကာ ရနေဟန်တူသည်။ ကိုဗဟိန်းကား အခြားနိုင်ငံရေးသမားများလို မဟုတ်။ နိုင်ငံရေးသမားများနှင့်သာ မဟုတ် အနုပညာသမားတွေနှင့်လည်း ခင်မင်ပေါင်းသင်းသူဖြစ်ပေသည်။
ကိုဗဟိန်းသည် လူအဖြစ် ကုံလုံပြည့်စုံသူတစ်ယောက်ဖြစ်သည်။ လူတွင် ချစ်စိတ်ကြိုက်စိတ်ရှိသည် ဆန့်ကျင်ဘက်လိင်ကို ကြိုက်တတ်သည်။ ကိုဗဟိန်းသည်လည်း ချစ်စိတ်ကြိုက်စိတ်ရှိသည်။ တက္ကသိုလ်တွင်ရှိစဉ်က လှပသောကျောင်းသူတစ်ဦးကို ကော်ရစ်ဒါအကွေ့တွင် လိုက်၍ ချစ်စကား ပြောဖူးသည်။ သူလို ကျောင်းသားခေါင်းဆောင်က ကျောင်းသူလေးကို ကော်ရစ်ဒါအကွေ့တွင် စကားလိုက်ပြောသည်ဆိုသောသတင်းထူးသည် တက္ကသိုလ်နယ်တွင် ပျံ့နှံ့၍သွား၏။ ကိုဗဟိန်းသည် လူဖြစ်သည်။ သူ တစ်ယောက်တည်းသာမဟုတ် ပုထုဇဉ်အားလုံးသည် ဥမ္မတကောမဟုတ်လား။
ဘီအေအထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင်မနေဘဲ မြေနီကုန်းရှိ ပြည်လမ်းမကြီးမှအရှေ့ဘက်သို့ ချိုးဝင်ရသော မြေနုလမ်းတွင်နေကာ ကျောင်းသားအဖြစ် ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)နှင့် သူ၏ညီ မောင်သန်းနိုင်တို့နေသည်။ ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏ သွားလည်လေ့ ရှိသည်။ သူ၏အိမ်တွင် ဓာတ်စက်တစ်လုံးရှိ၏။
ကိုဗဟိန်းတွင် လူတွေကို ချစ်ခင်တတ်သောမေတ္တာဓာတ် ကြွယ်ဝသည်။ အထူးသဖြင့် သူသည် ကလေးများကို အင်မတန်ချစ်ခင်တတ်သည်။ တစ်နေ့ ကျောင်းအားချိန်တွင် မြေနုလမ်းရှိအိမ်သို့ သွားလည်ရာ သူသည် ၄ နှစ်သားအရွယ် ကလေးလေးကို ဒူးနှစ်ဖက်ကြားတွင်ပွေ့ဖက်ကာ “သည်ဆောင်းဟေမန်”ဓာတ်ပြားကို ဖွင့်လျက်ရှိသည်ကိုတွေ့ရသည်။ ကလေးလေး၏နှပ်ချေးများကို သူကိုယ်တိုင် လက်ဖြင့်သုတ်သင်ပေးသည်။ သူသည် ဤကလေးလေးကို အင်မတန်အလိုလိုက်သည်။
ကျွန်တော်က မသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ “ဘယ့်နှယ်လဲ ဖိုးထွန်းရှိန်၊ သူ့မှာ နှမချော အဒေါ်ချောရှိရဲ့လား”ဟု ကလေးကို မေးငေါ့ပြရင်း ရယ်မောကာမေးလိုက်၏။ ကိုဗဟိန်းကား ဓာတ်စက်မှသော့ကိုသာ အတွင်လှည့်နေ၏။
ကိုထွန်းရှိန်သည် အိမ်ရှေ့လမ်းဘက်ဆီသို့ ငေးကြည့်ကာ “မသိတော့လားဗျာ”ဟု ခတ်ပြုံးပြုံး ဖြေလေသည်။
သူ၏အိမ်ရှေ့တွင်ကား ဆရာဖြစ်သင်ကောလိပ်ကျောင်းသူ မခင်ကြီးရှိသည်။ ကိုဗဟိန်းသည် မခင်ကြီးအား ချစ်သူဘဝတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခု သီတင်းကျွတ်ကျောင်းပိတ်ရက် အတွင်းက သူနှင့် ကျွန်တော် ရှမ်းပြည်နယ်သို့ မန္တလေးမှဖြတ်၍ သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ်သင်္ဘောနှင့်ဆန်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဗဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ်ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တစ်နေ့တစ်စောင်ကျ စာထည့်၏။ သင်္ဘော ဆိပ်ကမ်းမြို့တစ်မြို့သို့ဆိုက်လျင် ကျွန်တော်က စာတက်၍ထည့်ရ၏။ ကျွန်တော် အမေ့ထံသို့ စာထည့်ရန် ရန်ကုန်ကဝယ်လာခဲ့သော ဒစ်ကင်ဆန်စာရေးစက္ကူကဒ်အပြာနုမှာ သူ့မခင်ကြီးထံသို့ စာရေးသဖြင့် ရှမ်းပြည် နမ္မတူ ရောက်အောင်ပင်မခံပဲ အကုန်ချောတော့၏။
(၄)
ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန်တက္ကသလိုလ်သို့ လာနေသောအခါ မိဘများက သူ၏သေတ္တာကို ချိတ်လုံချည်၊ မန္တလေး ပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကြပ်နေအောင်သိပ်ပေးခဲ့သည်။ ကိုဗဟိန်းမှာ သပ်သပ်ရပ်ရပ်နေတတ်၏။
ရှမ်းပြည်နယ်အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဗဟိန်း၏မိဘများအိမ်တွင် ရက်သတ္တတစ်ပတ်ခန့် တည်းခိုရလေသည်။ ထိုအခါ သူ၏ဖခင် ဦးမှင်က သူ့ကို စကားမပြော မခေါ်ဘဲ နေသောအခိုက်ဖြစ်၏။ သို့သော် ရှမ်းပြည်နယ်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအတွက် ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။
တစ်ည ကျွန်တော်တို့ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စတစ်ခုဖြင့် လာခိုက်ဖြစ်၍ ကိုဗဟိန်းထံ အလည်လာ၏။ ကိုဗဟိန်း အပြင်ထွက်နေသဖြင့် ကိုအောင်ဆန်းသည် ဦးမှင်နှင့် စကားပြောလျက်ရှိ၏။ ကိုဗဟိန်းအကြောင်းရောက်သွားသောအခါ ဦးမှင်က “သူ့ကို ကျုပ်တို့က ဘယ်လောက် အရိပ်တကြည့်ကြည့်နဲ့ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာ မဟုတ်ဘူး”ဟု ပြောလေသည်။
သခင်အောင်ဆန်း နှုတ်ဆက်၍ပြန်သွားသောအခါ ဦးမှင်သည် ကျွန်တော့်ဘက်သို့လှည့်၍ “ကိုအောင်ဆန်းနဲ့ ကိုဗဟိန်းက အတူတူပဲ၊ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်” ဟု ပြောလေသည်။
မိခင်နှင့် အမများကလည်း သူ့ကို “ကိုဟိန်း ကိုဟိန်း”နှင့် ပါးစပ်ဖျားလေးကမချ။ ကိုဗဟိန်းသည် သူ့မိခင်၏ပေါင်ကိုခေါင်းအုံးကာ မိခင်၏ ယုယစွာ ဆံပင်သပ်ပေးခြင်းကို ကျေနပ်စွာခံလျက်ရှိသည်။ အစ်မလုပ်သူများက ဘေးတွင်ထိုင်ကာ စကားပြောလျက်ရှိကြ၏။
မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ်၊ သူသည် နိုင်ငံရေးအတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏အေးချမ်းရိပ်ငြိမ်သောအရိပ်တွင် မနေနိုင်ဘဲ ကြမ်းတမ်းခက်ထရော်၍ မာကြောလှသော အကျဉ်းထောင်နံရံလေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။
သူသည် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်၏။ သန့်ရှင်းစွာနေတတ်၏။ ဘန်ကောက်လုံချည်အပြာကို ကြိုက်၏။ ဂီတကို ချစ်၏။ သူ့ကို အဝေးကကြည့်လိုက်လျှင် ပေါ်လွင်၍ ကျက်သရေဖြင့် ရွန်းရွန်းမြသောသူ၏အပြုံးသည် ကြာပန်းမှ ဝတ်ဆံကို ဖွင့်လှပ်တင့်ကြွားလိုက်သလို မြင်လိုက်ရ၏။ သူ၏ရုပ်သည် ယဉ်ကျေးသိမ်မွေ့သော လူလတ်တန်းစား ဟန်အသွင်ဖြစ်သည်။ သို့သော် ကျောင်းသားဘဝတည်းက မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေရ၏။ တိုက်ပိတ်ခံရ၏။ အင်္ဂလိပ်ပြေးခါနီး အဖမ်းခံရ၍ ထောင်အမျိုးမျိုးပြောင်းကာ ဒုက္ခကိုတွေ့ကြုံ၏။ ဆင်းရဲခြင်းနှင့် နပန်းလုံး၏။
(၅)
ရှမ်းကုန်းမြေမြင့်ဒေသကား လွင်ပြင်မှာထက်စော၍ နေဝင်သည်။ နေဝင်သော်လည်း အမှောင်ထုသည် မင်းမမူ၊ လသည် ငြိမ့်ငြိမ့်ကြီးထွက်လာတော့သည်။
ငွေလရောင်သည် တောနှင့်တောင်ကို ပွေ့ဖက်ကာ မြှူလိုက်လေသည်။ တစ်ဖက်တွင် မှိုင်းညို့သော သစ်တောနှင့် စောက်မတ်သော မြေထရံကြီး။ တစ်ဖက်တွင် ရေတံခွန်တို့ဖြင့်ပြွမ်းကာ တသွင်သွင် စီးဆင်းနေသော ဒုဌဝတီမြစ်။
မြစ်ကမ်းရှိ သစ်ပင်တို့သည် ငွေသရဖူ-ငွေမကိုဋ်ကိုဆောင်းကာ သူတို့၏အလှကိုဝင့်ကြွားလိုက်သည်။ မြစ်ယံမှရေတံခွန်တို့သည် ငွေလရောင်ဦးဝယ် တလက်လက် ကွန့်မြူး၍နေသည်။
လားရှိုးသို့တက်သောမီးရထားသည် မန်ဆန်ဘူတာကို ကျော်လေပြီ။
ကိုဗဟိန်းသည် ငွေလရောင်၏အလှတွင်ယစ်မူးကာ မေရှင်၏ “ကျောင်းပိတ်ရက်”သီချင်းကို တအေးအေး ညည်းလျက်ရှိနေသည်။
ရေတံခွန်သွယ်ဖြာစီးလို့ရယ်.....တောင်ခြေနှင်းမြူတွေဆိုင်းတယ်.....အလျှိုလျှိုတောင်ညိုတောင်တန်းလို့ကွယ်....ပျိုပျိုလွမ်းပါလှတယ်....။
ရှမ်းပြည်နယ်သို့လည်ပတ်စဉ်က ကိုဗဟိန်းနှင့် ကျွန်တော်တို့တွင် နောက်ခံနိုင်ငံရေးရည်ရွယ်ချက် ရှိသေးသည်။ အကယ်၍ လမ်းပန်းသာမည်ဆိုလျှင် နယ်ခြားကိုဖြတ်သန်း၍ တရုပ်-ဗမာလမ်းမကြီး တစ်လျှောက် တရုတ်ပြည်တွင်းသို့သွားရန်ဖြစ်သည်။ တရုတ်ပြည်သို့ရောက်မိလျင် နိုင်ငံခြား အဆက်အသွယ်ရနိုင်မည်ဖြစ်သည်။ သို့သော် အကြောင်းမသင့်သဖြင့် သိန္နီသို့ရောက်သောအခါ ရှမ်းပြည်နယ် ပုဒ်မ ၁၀ ကြောင့် ဆက်မသွားနိုင်တော့ဘဲ ပြန်ခဲ့ရ၏။
လွယ်ရိုးသည် ငွေလရောင်နှင့် မှောင်ရိပ်ကြားဝယ် ငြိမ်ဝပ်စွာရှိသည်။ ယူနန်-ဗမာလမ်းမကြီးသည် လမ်းဘေးတွင် အိပ်စက်လျက်ရှိသည်။ မလှမ်းမကမ်းတွင်ကား ဒမ်းစတေရှင်ခေါ်သော လက်နက်ရုံကြီးသည် ကုန်းမြင့်အစွန်းဝယ်ပေါ်နေ၏။ တစ်ဖက်တွင်ကား မှိုင်းညို့သော လားရှိုး လေယဉ်ပျံကွင်းကြီးသည် ငွေလရောင်ဝယ် ဝမ်းလျားမှောက်၍နေသည်။
တောတောင်ရေမြေသာ မဟုတ်၊ လေသည်လည်း ရွှေရောင်ဖြင့်ပြွမ်းသည်။ ကိုဗဟိန်းနှင့် ကျွန်တော်သည် ယူနန်-ဗမာလမ်းမကြီးပေါ်တွင် လမ်းလျှောက်၍နေကြစဉ် သူက စတင်၍ “လ သာတယ်ဗျာ၊ တယ်ပြီး ကြည်နူးစရာကောင်းတာပဲ၊ ဒီငွေဘလရောင်က ကျွန်တော့်ရဲ့ အတွင်းစိတ်တစ်ခုကို ထကြွရွှင်လန်းအောင် လှုံ့ဆော်ပေးတယ်”။
ကျွန်တော်က သူသည် ရန်ကုန်တွင်ရှိရစ်သော မခင်ကြီးကို တမ်းတလွမ်းဆွတ်လိမ့်မည်ဟု အောက်မေ့လျက်ရှိသည်။
“ကဲ...ဆိုစမ်းပါဦး”ု ကျွန်တော်က ဝင်ထောက်၏။ “အဲ့ဒီတော့ ဒီလို ငွေလရောင်မြူးခိုက်မှာ စိတ်ဟာကြည်လင်ရွှင်လန်းပြီး လီနင်ရေးတဲ့ နိုင်ငံတော်အစိုးရနှင့်တော်လှန်ရေးအကြောင်းကို ဆွေးနွေးရအောင်”
ကွန်တော်ထင်သည်မှာ တက်တက်စင် လွဲလေပြီ။ လသာ သဖြင့် သူယုံကြည်သော ကွန်မြူနစ်ဝါဒကို ပြောချင်သည်။ ကျွန်တော်လည်း စိတ်မပါလှဘဲ သူ၏ လီနင်ဝါဒများကို နားထောင်၍နေရလေသည်။ ကိုဗဟိန်း၏ရုပ်ဝါဒတရားသည် လှပတင့်ထူးသောငွေလရောင်ဝယ် ပျံ့လွင့်ကာ ပဲ့တင်ထပ်လျက် ရှိလေသည်။
(၆)
ကျွန်တော်ကား နိုင်ငံရေးသမားမဟုတ်။ ကွန်မြူနစ်လည်း မဟုတ်။ သို့သော် ကိုဗဟိန်းနှင့်ကျွန်တော် မေတ္တာကြိုးသွယ်၍ထား၏။ တစ်ခါက သူ့ဓာတ်ပုံကို ကျွန်တော့်အား အထိမ်းအမှတ်လက်ဆောင် ပေးသောအခါ ဓာတ်ပုံ၏နောက်ကျော၌ “ကိုယ်တို့နှစ်ဦးကို တွယ်တာချစ်ခင်ခြင်းသည် ဂဟေဆက်စေ သတည်း”ဟု စာထိုးလိုက်၏။
တစ်ခုသွား၍သတိရသည်။ ဂျပန်ခေတ်က နိုင်ငံခြားရေးဌာနသည် အင်းလျားကန်စွန်းရှိအိမ်ဖြူတွင် ရုံးလုပ်ထား၏။ ကိုဗဟိန်းသည် နိုင်ငံခြားရေးဒုတိယအတွင်းဝန်ဖြစ်နေ၏။ ကျွန်တော်သည် ရန်ကုန်သို့ ခေတ္တလာလည်စဉ် နေ့တိုင်း သူ့ရုံးခန်းတွင် အချိန်ဖြုန်း၏။ သူသည် အဂ္ဂါစနိုးရေးသော “တရုတ်ပြည်ပေါ်က ကြယ်နီ”စာအုပ်ကို ဖတ်လျက်ရှိသည်။
ကျွန်တော်မှာ ရန်ကုန်သို့ ၂ ရက် ၃ ရက်ဆိုပြီး တောမှအလာ ၃ လခန့်ကြာပြီး သောင်တင်လျက်ရှိရာ လဲစရာလုံချည်အပိုမရှိ၊ ဘန်ကောက်လုံချည်ပြာတစ်ထည်ကိုသာ မချွတ်တမ်းဝတ်နေရ၏။ သို့ဖြစ်ရာ ကိုဗဟိန်းဝတ်ထားသော မန္တလေးလုံချည်အစိမ်းနှင့် လဲဝတ်ရန်အတင်းပူဆာ၏။
ကျွန်တော်တို့သည် သူ၏ နိုင်ငံခြားရေးဌာနအတွင်းဝန်ရုံးခန်းတံခါးကို ပိတ်ကာ ဘောင်းဘီတိုကလေးတွေနှင့် တစ်ယောက်လုံချည်တစ်ယောက် လဲကြ၏။ ပြီးလျင် နှစ်ယောက်သား အူတက်မတတ် ရယ်မောလျက်ရှိကြလေသည်။ သည်အကြောင်းကို မခင်ကြီးအားပြောပြသောအခါ “ရှင်တို့ဟာ ကလေးတွေလိုပဲနော်၊ အရှက်လည်းမရှိဘူး”ဟု ရယ်မောကာကြိမ်း၏။
သူကား ကျွန်တော့်ကို အခွင့်သင့်တိုင်း နိုင်ငံရေးလောကသို့သွေးဆောင်၏။ အင်္ဂလိပ်တော်လှန်ခါနီးက ဒို့ဗမာအစည်းအရုံးဝင်ရန် ဖြားယောင်း၏။ နောင် ကွန်မြူနစ်ဖြစ်သောအခါ သူ ဥက္ကဌလုပ်သော အလုပ်သမားသမဂ္ဂတွင်ပါဝင်ရန်တိုက်တွန်း၏။ သို့သော် ကျွန်တော်ကား နိုင်ငံရေးသမားမဖြစ်။ စာပေလောကတွင်သာ မွေ့လျော်၏။
ကဗျာကိုတွေ့လျင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်း တွေ့လျင်မချစ်ဘဲ မနေနိုင်။ သူ၏အပြုံးသည် အင်မတန်ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတစ်ပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာပါမောက္ခ ရုတ်စ်ကပင် ကိုဗဟိန်းအား “နှစ်လိုဖွယ်ကောင်းသော သူငယ်ပဲ”ဟု ပြော၏။ ဒါကြောင့် သူ့ကို ကျွန်တော်က ကဗျာဟုခေါ်၏။ ကျွန်တော့်အထင်ဖြင့် သူ့အမူအယာ သူ့အပြုံးလေးများသည် ကဗျာဆန်လှ၏။
ကိုဗဟိန်းက ကျွန်တော့်ကို နိုင်ငံရေးသမားဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တော်က ကိုဗဟိန်းကို စာရေးဆရာဖြစ်စေချင်၏။ သို့သော် မဖြစ်။
ကိုဗဟိန်း မကျန်းမာ၍ မန္တလေးတွင်ဆေးကုသလျက်ရှိနေစဉ် တစ်နေ့၌ သုခဝတီပုံနှိပ်တိုက်တွင် သခင်ဗကိုးနှင့် သွားတွေ့၏။ “ဘယ့်နှယ်လဲ ကိုဗဟိန်း၊ ဘယ်လိုနေသေးလဲ”ဟု ကျွန်တော်ကမေး၏။ “ဒီလိုပဲ ရောဂါကတန်းနေတာပဲဗျာ၊ မန္တလေးဆေးရုံမှာ တက်နေတယ်၊ ခင်ဗျားတောင် ကိုဗဟိန်းက မေးလိုက်သေးတယ်”
နောက် ၁၀ ရက်ခန့်ကြာသောအခါ ကျွန်တော်လည်း နေမကောင်း၍ အိပ်ယာထဲတွင်မှေးနေစဉ် တစ်ည၌ သမာဓိသတင်းစာတိုက်မှ မိတ်ဆွေအယ်ဒီတာတစ်ဦးက “ကိုဗဟိန်းတစ်ယောက် မန္တလေး ဆေးရုံမှာ ဆုံးပြီ”ဟု လာရောက်ပြော၏။ ကျွန်တော်သည် အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ် သွားသည်။
ကိုဗဟိန်း....ကိုဗဟိန်း ချစ်လှစွာသော သူငယ်ချင်းကိုဗဟိန်းကား မရှိတော့ပြီ။
ဒဂုန်တာရာ။
တာရာမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၄၇
0 comments:
Post a Comment