Friday, August 19, 2022

နယ်စပ်ကိစ္စ အဝဝ

0 comments
နယ်စပ်ကိစ္စ အဝဝ
ကျနော်အလုပ်သင်ဘဝ ၁၉၄၀ ပြည့်နှစ်ဦးက ကျွန်တော်တို့ မဲဆောက်ကို ပထမဆုံးရောက်ခဲ့ပါတယ်။ ရောက်ရတဲ့ကိစ္စက မရောက်ဖူးသေးလို့ သွားကြည့်ရအောင်ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်က နယ်လှည့်ရတယ်။ နယ်စပ်ကျော်ပြီး ယိုးဒယားမြို့လေးကို သွားခွင့်ရတုန်းသွားလိုက်ပါ၊ အခွင့်အရေးကောင်းတခုကို လက်လွတ်မခံနဲ့၊ သွားဖြစ်အောင်သွားဆိုတဲ့ နှိုးဆော်မှုကြောင့် ရောက်လာရတာ ဖြစ်ပါတယ်။ ကျွန်တော့်အရင် ဒီမှာနေသွားတဲ့ အရာရှိက မဲဆောက် လူဝင်မှုကြီးကြပ်ရေးအရာရှိနဲ့ ခင်တယ်။ သူက အဲ့ဒီအရာရှိဆီကို မိတ်ဆက်စာ ရေးပေးလိုက်တယ်။ တစ်မနက်စောစော မြဝတီကရာသီဥတု အေးအေးလေးမှာ ခရီးထွက်ခဲ့တယ်။ နေ့လည် နေရှိန်တာနဲ့စာရင် ဒေါနအရှေ့ဒေသတွေက ရက်ရက်စက်စက်အေးတယ်။ ကားကိုလည်း လှည်းလမ်းချမောင်းခဲ့လို့ ဖုန်တထောင်းထောင်းနဲ့ မဲဆောက်ကိုရောက်ခဲ့ရပါတယ်။
နယ်ခြားကိုကျော်ပြီးတဲ့အအခါ ကျွန်တော်တို့မှာ ရာထူးဂုဏ်ရှိန်ဘယ်ရှိတော့မလဲ။ သာမန် ကမ္ဘာလှည့်ခရီးသည် ဖြစ်သွားပြီ။ ဘယ်သူ့ကိုယ်စားလှယ်၊ ဘယ်သူ့ ဘယ်ဝါလူမဟုတ်၊ ဘယ်သူ့ဆီကမှ တာဝန်မခံ။ အဲ့ဒါတွေကြောင့် ကျွန်တော်တို့ကို ခင်မင်ကြတာလို့လည်း ပြောမဖြစ်ပါ။ မဲဆောက်အရာရှိတွေက အင်္ဂလိပ်ကိုလေးစားတယ်။ ကျွန်တော်တို့ကိုစတွေ့တဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိဆိုရင် မင်းတဲမှာ ကောင်းကောင်းမွန်မွန် နေရာထိုင်ခင်း ရအောင် လိုက်ပြီး ဂရုတစိုက်ပြောပေးတယ်။ မြို့ထဲမှာလည်း လည်ကြတယ်။ သူ့အပြုံးက ကျောင်းဆရာတွေလို ကူးစက်သွားတယ်။ ရဲဝန်ထမ်းတွေကလည်း ကျွန်တော်တို့ကိစ္စကို သူတို့ကိစ္စ လုပ်လိုက်ကြပါတယ်။သူတို့ဆီက ဧည့်စာရင်းစာအုပ်ထဲမှာ ကျွန်တေည်တို့ကို လက်မှတ်ရေးထိုးခိုင်းတဲ့အခါမှာလည်း သူတို့ သိတ်ကျေနပ်တာကို မြင်ရရုံနဲ့ ကျွန်တော်တို့လည်း ငါတယ်ဟုတ်ပါလားလို့ စိတ်မှာဖြစ်ရတယ်။ ယိုးဒယားအစိုးရကလည်း အလည်အပတ်ရောက်လာတဲ့ ဧည့်သည်တွေအပေါ်မှာ စိတ်ကောင်းထားတယ် မဲဆောက် ကော့ကရိတ် ထက်ဝက်လောက်ရှိပေမဲ့ မိုင်ငါးဆယ်လောက် ရက်စက်ကြမ်းတမ်းတဲ့လမ်းဆိုးက ရဟိုင်း ခရိုင်မြို့နဲ့ ကွာဝေးနေပေမဲ့ အသင်အပြကောင်းတဲ့ စာသင်ကျောင်းသစ်ရှိတယ်။ အုပ်ချုပ်တဲ့ရဲတွေကလည်း သားသားနားနားရှိတယ်။ နယ်စပ်တစ်ဘက်က အင်္ဂလိပ်လုပ်ပုံကိုင်ပုံနဲ့ ဘာမှမဆိုင်သလိုဖြစ်နေပါတယ်။
စာသင်ကျောင်းက ကျွန်းသစ်နဲ့ဆောက်ထားတယ်။ ကလေးတွေကလည်း ပြွတ်သိပ်နေတယ်။ ဆရာ လုံလောက်တယ် တချို့သင်တန်းထဲ ဝင်ထိုင်ကြည့်မိတယ်။ ကလေးတွေကို ဘယ်လိုစနစ်နဲ့ ပညာပေးနေတယ်ဆိုတာ သိရတာပေါ့။ ကျောင်းနဲ့တွဲနေတဲ့ ဥယျဉ်ထဲကို ဝင်ကြည့်သေးတယ်။ တိုင်းပြည်နဲ့ကင်းကွာအောင်မလုပ်ရလို့ လူကြီးတွေက ကောင်းကောင်းသိတယ်။ ရဲစခန်းက ကျွန်းသစ်အဆောက်အအုံ ဖြစ်ပါတယ်။ တောင့်တောင့်တင်းတင်း၊ ရန်သူဝိုင်းရံတိုက်ရင် ကောင်းကောင်းခံနိုင်တယ်။ ထုထည်ရှိတယ်။ သန့်ရှင်းသပ်ရပ်တယ်။ လက်နက် အလုံအလောက်ပေးထားတယ်။ ရဲအမှုထမ်းတွေကို အင်္ဂလိပ်လုပ် ရိုင်ဖယ်သေနတ်တွေပေးထားတယ်။
ဒီလိုချောင်ကျတဲ့နေရာက ယိုးဒယားတွေဟာ ကမ္ဘာ့အရေးကို ကောင်းကောင်းသိတယ်။ ပထမ သူတို့ဆီ ရောက်တုန်းက အနောက်တိုင်းမှာစစ်ဖြစ်တယ်ဆိုတာ ယုံတမ်းစကားဖြစ်တယ်။ အင်္ဂလိပ်တွေပဲ အင်္ဂလိပ်အားနည်းချက်ကို ရိပ်မိတယ်။ ဂျာမန်က မဂ္ဂိနိုင်ကို လျှပ်တစ်ပြက် ဖြိုခွင်းပစ်လိုက်ပုံ၊ ဒန်ကပ်က ဆုတ်ရပုံ၊ ပြင်သစ်ပြိုကွဲပုံတွေက ကမ္ဘာကို သူတို့သိတ်ညံ့နေပြီဆိုတာသိကြဟေ့လို့ ပြနေတာဖြစ်တယ်။ မသက်ဆိုင်သူတွေရဲ့ အမြင်မှာပဲ ကျကျနနလေ့ကျင့်ထားတဲ့ နာဇီဂျာမန်တပ်တွေနဲ့ မယှဉ်သာအောင်ညံ့နေတယ်။ အင်္ဂလိပ်တော့ ဒီတချီရှုံးပြီလို့ ကြားနေအချောင်သမားတွေကလည်း သိတယ်။ ဒီတစ်ခါ ယိုးဒယားက တနင်္သာရီကို(ဟိုးရှေးရှေးက ပိုင်ဖူးတယ်) အဲ့ဒါကို ပြန်ရ ရမယ်လို့ အရင်က မရဲတရဲတွေးရတဲ့အတွေးကို အထင်အရှားတွေးလာကြတယ်။ အဲ့ဒီတော့ နယ်နမိတ်တစ်ဖက်မှာ ရန်လိုတဲ့စိတ်က အားကောင်းလာပါတယ်။ ခင်မင်ရိုင်းပင်းချင်တဲ့စိတ်က ငုတ်လျှိုးလိုက်တယ်။
ကျွန်တော်တို့ အလည်အပတ်ရောက်သွားပြီးနောက် သိတ်မကြာမီ ဖော်ရွေတဲ့ လူဝင်လူထွက်ကြီးကြပ်ရေး အရာရှိကိုပြောင်းရွှေ့ပြီး အင်္ဂလိပ်ကိုအသေအချာမုန်းတဲ့အရာရှိကို သူ့နေရာမှာ ပို့လိုက်လိုက်ပါတယ်။ ဝဝ ပျော်ပျော်နေတဲ့ကျောင်းအုပ်ကိုလည်း တခြားတစ်နယ်ကိုရွှေ့တယ်။ သူ့နေရာကို သိတ်မဖော်ရွေတဲ့လူတစ်ယောက် ရောက်လာတယ်။ သူတို့နောက်ဆက်တိုက် မဲဆောက်မှာ ဆိုင်လာဖွင်လာဖွင့်တဲ့ ဓာတ်ပုံဆရာတယောက် ရောက်လာပါတယ်။ အရပ်က “ဒီလူကို အစိုးရအရာရှိတွေက လေးစားတယ်၊ အရေးပေးတယ်”လို့ ပြောလာကြတယ်။ ကျွန်တော် ၁၉၄၀ ဆောင်းဦးမှာရောက်ခဲ့တဲ့နယ်စပ်ဟာ အရင်ကမကြုံဖူးတဲ့အဖြစ် ရောက်လာရတယ်။ တကယ့်အတားအဆီး နေရာကြီးတစ်ခု ဖြစ်လာပါတယ်။
ယိုးဒယားတွေက အခုလိုအသေးအဖွဲကိစ္စတွေမှာ သူတို့ သဘာဝအတိုင်းလုပ်ခွင့်အတွက် လုံလောက်တဲ့အကြောင်း ရှိတယ်။ နယ်စပ်အရောင်းအဝယ်က အင်္ဂလိပ်ကျေးတော်မျိုး ကျွန်တော်မျိုးလက်ထဲမှာ ရှိနေတဲ့အပြင် အင်္ဂလိပ်လက်အောက်ခံလူတွေက ဟိုဘက်မှာအများကြီး သွားနေကြတယ်။ မယ်တော်ရွာဟာ သောင်ရင်းမြစ်က မြဝတီဘက်ကို မြင်နေရတဲ့နေရာဖြစ်တယ်။ အင်္ဂလိပ်ကျွန်တော်မျိုးတွေဖြစ်တဲ့ ဗမာ၊ ရှမ်းနဲ့ ကရင်အမျိုးဆက်တွေ နေပါတယ်။ မဲဆောက်မှာ လူဦးရေထက်ဝက်က အင်္ဂလိပ်လက်အောက်ခံတွေဖြစ်တယ်။ အကြီးဆုံးဈေးဆိုင်ကြီးက လုပ်ငန်းကျွမ်းကျင်တဲ့ ပန်ချာပီကုန်သည်တွေဖြစ်တယ်။ သူတို့အဆက်တွေက ဘန်ကောက်က ပန်ဂျပ်အထိ ကျယ်ပြန့်တယ်။ သူတို့ကို အခွန်စည်းကြပ်တဲ့အခါ မြန်မာဘက်မှာပေးရတာထက် ယိုးဒယားဘက်မှာ ပေးရတဲ့နှုန်းထားက မြင့်တယ်။ ဒါပေမဲ့ သူတို့ဟာ ဆိုင်ဖွင့်ပြီး ဈေးရောင်းတဲ့လူကရောင်း၊ ကျွဲ နွား မွေးတဲ့လူကမွေး၊ လယ်စိုက်သူကစိုက်နဲ့ ဒီမှာရောက်နေတာ အနှစ် သုံးဆယ်ကျော်လေးဆယ်ရှိနေပါပြီ။ ချက်ခြင်းဆိုသလို သူတို့မှာ လုံခြုံမှုမှုမရှိတော့သလိုဖြစ်သွားပြီး မလိုမုန်းထားတဲ့ ဒေသခံအရာရှိတွေရဲ့အနှိပ်စက်ကို ခံနေကြရပါတယ်။
ယိုးဒယားတွေက သူတို့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို စလုပ်တဲ့အခါကစပြီး မလိုက်နာခဲ့ပါ။ နယ်စပ်ကလူတွေကို ဥပဒေအရ မထိန်းပါ။ အခုမှ ယိုးဒယားအရာရှိတွေက နိုးကြားလာကြပုံရတယ်။ အင်္ဂလိပ်ဘက်ကလူတွေဆိုပြီး လူတော်တော်များများကိုဖမ်းတယ်၊ ဒီဘက်ကိုပြန်ပို့တယ်လို့ တွေ့လာပါတယ်။ ကျွန်တော် ကော့ကရိတ်သွားပြီး မကြာမီ ဒီလို ယိုးဒယားကနှိပ်ကွပ်နေတာကို ဘာမှမလုပ်နိုင်ကြတော့ဘူးလားလို့ မေးပါတယ်။ အရင်ကများ ယိုးဒယားတွေ မြန်မာကို လမ်းမှာတွေ့ရင်တောင် လေးစားမှုကိုမြင်သာအောင်ပြတယ်။ ခုများဆိုရင် ဘေးလည့်ပြီး ထွီလို့ တံတွေးထွေးလိုက်သေးတယ်။ ဒီကိစ္စကို အသေအချာ အခြေပေါ်အောင် ကျွန်တော်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ခရစ္စမတ်နီးတဲ့အချိန် ၁၉၄၀ ပြည့်က ကျွန်တော် မြဝတီကိုရောက်သွားတယ်။ အမှုစစ်ရအောင်သွားတာဖြစ်ပါတယ်။ တစ်ဖက်ကဖမ်းပြီး ဒီဘက်ကိုလွှတ်လိုက်တဲ့လူတွေ အားလုံးလာလို့ ခေါ်လိုက်တယ်။ လူကြီးလူငယ်အစုစု လူသုံးဆယ်လောက် ရောက်လာတယ်။ တစ်ဦးချင်းကို မေးလိုက်တဲ့အခါ သူတို့ဟာ လူရိုးလူကောင်း ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူတွေလို့ သိလာရတယ်။ မလိုလားအပ်တဲ့ လူမျိုးအလိုက် ခွဲခြားဆက်ဆံမှု မဖြစ်သင့်ပါ။
သူတို့စကား ဆင်တူလှတယ်။ တစ်နေ့ လူဝင်မှုကြီးကြပ်ရေးမှူးက အရေးယူမယ်ဆိုပြီးဖမ်းပါတယ်။ စီရင်ချက်ချဖို့စောင့်ရတယ်။ အရာရှိက တရားခံရဲ့ရှေ့နေကို လက်မခံ။ ယိုးဒယားမှာ ဆက်နေချင်ရင် ကျပ်နှစ်ရာပေးလို့တောင်းတယ်။ မပေးနိုင်တဲ့အခါ တိုင်းပြည်က နှင်လိုက်တာဖြစ်ပါတယ်။ သူတို့ကို နယ်ခြားရောက်အောင် ခြေကျင်လျှောက်ခိုင်းတယ်။ အိမ်ပြန်ပြီး အဝတ်နဲ့ကိုယ်ပိုင်သုံးပစ္စည်း နည်းနည်းကိုတောင် ပြန်ယူခွင့်မပေးပါ။
ဥပဒေကလည်း မရှိသလို-ရှိသလို။ သက်သက် အနှိပ်စက်ခံရသလိုဖြစ်နေတယ်။ စိတ်အခန့်မသင့်ရင် မသင့်သလို အနှိပ်စက်ခံရတာဖြစ်ပါတယ်။ လူဝင်မှုဥပဒေကို လိုက်နာတယ်လို့ ဆင်ခြေပေးတယ်။ ဒါပေမဲ့ တစ်ခုနဲ့တစ်ခု အရေးယူပုံချင်းမတူပါ။ အဖိုးအိုတစ်ယောက် နှစ်သုံးဆယ်ကျော် ထွန်ယက်စိုက်ပျိုးနေတဲ့လယ်မြေကို ယိုးဒယားတစ်ယောက်က လိုချင်တယ်။ (အမှုမရှိ အမှုရှာတယ်)။ ယိုးဒယားအဝတ်ကိုသာဝတ်ရမယ်လို့ အမိန့်ထုတ်တာကိုမလေးစားပဲ မြန်မာအဝတ်ဝတ်ရကောင်းလားဆိုပြီး အဘိုးကြီးတစ်ယောက်ကိုဖမ်းတယ်။ ယိုးဒယားလင်ကို နှုတ်ဆက်ခွင့်မပေးပဲ မြန်မာမတစ်ယောက်ကိုဖမ်းပြီး ဒီဘက်ကိုပြန်ပို့လိုက်တယ်။ လက်ဖက်ရည်ဆိုင်မှာ မြန်မာစကားပြောမိတာကို ယိုးဒယားစကားသာ လူအများရှေ့မှာပြောရမယ်လို့ အမိန့်ရှိတာကို မလေးစားရကောင်းလားဆိုပြီး ဖမ်းတာခံရတယ်။ မြန်မာဘက်ကိုပြန်ပို့လိုကပ်တယ်။ ယိုးဒယားဘက်က ပြင်းထန်တဲ့မျိုးချစ်စိတ်ဓာတ်ကို အကောင်အထည်ဖော်နေတာကို ဒီဘက်လူတွေက ဒဏ်ခံနေကြရတယ်။ အာဏာရှင်ပုံစံဖြစ်နေတယ်။ အင်္ဂလိပ်ကလည်း အကာအကွယ်ပေးဖို့ မစဉ်းစားပါ။
မယ်တော်ရွာက ပြည်နှင်ဒဏ်ထိသူတွေ ကျွန်တော့်ရုံးမှာလာပြီး အသနားခံစာ တင်ကြတယ်။ သူတို့က ယိုးဒယားအရာရှိတွေ ဖိနှိပ်လွန်းတယ်လို့ ထင်နေကြတယ်။ ဒဏ်ခတ်တဲ့အခါမှာလည်း ငွေရှာချိန် နည်းနည်းတော့ ပေးသင့်ပါရဲ့နဲ့ မပေးဘူးဆိုတာလည်း ပါပါတယ်။ မလိုလားအပ်တဲ့နိုင်ငံခြားသားလို့ သူတို့ကိုထင်တယ်။ ယိုးဒယားအဝတ်ကိုသာ ဝတ်ရမယ်လို့ဆုံးဖြတ်ချက်ကလည်း ပြင်းထန်တယ်။ အဘိုးအဘွားတွေကအစ ယိုးဒယားစကားသင်တဲ့ကျောင်းကို မဲဆောက်မှာလာပြီး တက်ရမယ်လို့လည်းခိုင်းတယ်။ ကိုယ့်တိုင်းရင်းသား စကားကိုပဲ (သူတို့)ဆက်ပြောချင်ပါသတဲ့။
လာဘ်မထိုးရင် တစ်နှစ် ငွေကျပ်နှစ်ရာ ဒဏ်ဆောင်ရမယ်။ သူတို့ တောကိုထွင်ပြီး စိုက်ပျိုးထားတဲ့မြေလည်း ဆုံးရှုံမယ်။ အိမ်ရော အသုံးအဆောင်ပစ္စည်းပါ အသိမ်းခံရတယ်။ တစ်ရွာလုံး ရွှေ့လာချင်ပါပြီ။ ဒီဘက်က တောထွက်ခွင့်၊ စိုက်ပျိုးမြေလုပ်ခွင့် ပေးသင့်ပါပြီတဲ့။ ဒီဘက်ကို တကယ်ပြန်လာချင်ပြီလို့ ဖြစ်နေကြတယ်။
သူတို့တောင်းဆိုချက်ကို ပြောင်ပြောင်တင်းတင်း လုပ်မပေးဝံ့ပါ။ လျှို့ဝှက်ထားရတယ်။ ယိုးဒယားကသိရင် သူတို့ကို ချက်ခြင်းဖမ်းပြီး အရေးယူမှာစိုးလို့ ဒီလိုပြောရတာဖြစ်ပါတယ်။ ကျွန်တော် သူတို့ကိုလိုက်လျောပြီး ရွာသစ်တည်ပေးမယ် စဉ်းစားပါတယ်။ တောင်ယာပြီးချိန်မှ ဒီကိစ္စလုပ်မယ်ဆိုပြီး စောင့်ဆိုင်းနေပါတယ်။ ဒါကိုတွေးတောပြီး အောင်မြင်အောင်လုပ်ဖို့ စဉ်းစားနေဆဲမှာ ဂျပန်ရောက်လာလို့ မလုပ်ဖြစ်တော့ပါ။
ကျွန်တော့်စုံစမ်းချက်အရ မတရားမင်းဆန်ဆန် ဟိုဘက်နိုင်ငံက ဖိစီးနှိပ်စက်တာကို အင်္ဂလိပ်လက်အောက်ခံလူတွေ ခံနေရတယ်။ ယိုးဒယားက သူံနိုင်ငံနဲ့သူံဥပဒေကို သူတို့လုပ်ချင်တာလုပ်နိုင်တယ်လို့ပြောတယ်။ ဒီဘက်ကလူတွေက ကျေနပ်တယ် မကျေနပ်ဘူးပြောဆိုခွင့်မရှိလို့ ဆိုပါတယ်။
ပါမာစတန်လက်ထက်ကဆိုရင် ဒီကိစ္စမျိုးကို ချက်ခြင်းရှင်းပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၄၀-၁၉၄၁ ရောက်တဲ့အခါ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်တဲ့အင်္ဂလိပ်က ပါမာစတန်လောက်လည်း ယုံကြည်မှုမခိုင်မာဘူး။ လက်နက်အင်အားသုံးဖို့လည်း ဝန်လေးတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ဝင်ဘက် ဆီကို သက်ဆိုင်ရာလမ်းကြောင်းက ပို့ပေးလိုက်တယ်။ ဒါပေမဲ့ ဘန်ကောက်မှာရှိတဲ့ အင်္ဂလိပ်ကိုယ်စားလှယ်ဆီကို အမှုတွဲရောက်အောင်ပို့လိုက်သူက ယိုးဒယားမှာအနေကြာပြီး ဟိုကလူတွေနဲ့အဆင်ပြေနေတော့ တချို့ကိစ္စမှာ သူတို့ မတရားလုပ်ကြတာကို ဖော်ထုတ်ပြီး မပြောမဆိုချင်ဘူး။ ဒါနဲ့ ဘာမှ အတိအကျ ဖွင့်ထုတ် စွပ်စွဲချက်၊ စစ်ဆေးချက်၊ ပြင်ဆင်ချက် မရှိနိုင်တော့ပါ။ အရင်က အင်္ဂလိပ်လက်အောက်ခံလူမျိုးတွေကို ယေဘုယျအနေနဲ့ အထင်ကြီးတယ်၊ မျက်နှာသာပေးတယ်ဆိုတာတွေလည်း တဖြည်းဖြည်း ယုတ်လျော့လာတယ်။ ဒေသအလိုက် ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ အယူအဆဘက်က ပိုပြီးပြင်းထန်လာတယ်။ ဖိစီးနှိပ်စက်တယ်ဆိုတာကို ဖွင့်မပြောဝံ့တဲ့အပြင် ခံနိုင်သလောက် ကြိတ်ခံနေရတယ်။
ယိုးဒယားအမှုထမ်းအရာရှိတွေကလည်း ကော့ကရိတ်အနီးအစပ်မှာ(အင်္ဂလိပ်မုန်းတီးရေးကို) ပိုပြီး လုပ်လာကြတယ်။ ယိုးဒယား လူဝင်မှုကြီးကြပ်ရေးဥပဒေတစ်ခုကိုပဲ လက်ကိုင်ထားတယ်။ အဲ့ဒါက နိုင်ငံခြားသားမှန်ရင် ဝင်ခွင့်လက်မှတ်မရှိပဲ နှစ်ရက်ထက်ပိုပြီးမနေရဆိုတဲ့ ဥပဒေဖြစ်ပါတယ်။ ပြီးတော့ ယိုးဒယားဘက် နပ်စပ်တစ်နေရာက တစ်နေရာကိုသွားချင်ရင် မြန်မာဘက်ကသွားရတာ ပိုလွယ်သေးတယ်လို့ တွေ့ရတယ်။ ဆိုလိုတာက သတ္တုရှာတဲ့လူတွေက ထားဝယ်က မဲဆောက်ကိုသွားချင်ရင် မော်လမြိုင်ကသွားမှ ပိုလွယ်လို့ မြန်မာနယ်စပ်ထဲဝင်ပြီး ယိုးဒယားဘက်ကလိုချင်တဲ့နေရာကို သွားတတ်ကြတယ်။ အမှန်က နှစ်နိုင်ငံနားလည်မှုယူထားတဲ့ပုံစံက နယ်နိမိတ် ဟိုဘက် ၁၅ မိုင်၊ ဒီဘက် ၁၅ မိုင်အတွင်းနေသူတွေက ဘာလက်မှတ်မှမလိုပဲ နယ်နိမိတ်လိုင်းကို ဝင်နိုင်ထွက်နိုင် ကျော်ဖြတ်နိုင်ကြတယ်။ အဲ့ဒီလိုသတ်မှတ်ချက်ကို တစ်ခါပြုပြီးရင် အစဉ်အဆက်လိုက်နာကျင့်သုံးကြတော့မှာဖြစ်လို့ တချို့ဥပဒေကိုအတည်မပြုသေးပဲ နှစ်ရှည်လများ အစမ်းသဘောပဲ ထားတတ်ကြတယ်။ ဥပဒေကိုလိုက်နာခြင်းရှိမရှိ စစ်ဆေးမယ့်အရာရှိ ဘယ်မှာလဲလို့ မေးရမယ့်အခြေအနေရှိနေပါတယ်။
မဲဆောက်မှာရှိတဲ့ ပန်ချာပီကုန်သည်တွေက ပြောစရာတစ်ခုရှိနေပါတယ်။ သူတို့က ဘန်ကောက်-ရန်ကုန် ကူးချည်သန်းချည်နေတယ်။ စစ်အတွင်း ကန့်သတ်ချက်တွေကြောင့် သူတို့က အထက်အရာရှိဖြစ်တဲ့ ကျွန်တော့်ဆီကို ဟိုဘက်ဒီဘက် ကုန်အပို့အယူခွင့်ရဖို့ လာကြရတယ်။ သူတို့ဆီက ယိုးဒယားဘက်က သတင်းတွေကို ကြားရတတ်တယ်။ ပထမတော့ သူတို့နဲ့ မဆိုင်ဘူးလို့ပြောတတ်တယ်။ လူဝင်လူထွက်ဥပဒေမှာ သူတို့သဘောပဲ။ တိကျအောင်လိုက်နာဖို့ထက် အဆင်ပြေဖို့ပဲ လက်တွေ့လိုအပ်တယ်။ အခွန်ဆောင်ရရင် မငြင်းဘူး၊ ပေးတယ်။ ရှေ့အဖို့ ဘယ်လိုဖြစ်မလဲလို့ ကြောင့်ကြစိတ်ရှိတာကို သူတို့နဲ့စကားပြောကြည့်တဲ့အခါ သိရပါတယ်။
တစ်ခါက အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပြင်းထန်တဲ့မျိုးချစ်စိတ်ရှိရမယ်လို့ မိန့်ခွန်းထဲမှာထည့်ပြောဖူးတယ်။ အဲ့ဒီအထဲမှာ နိုင်ငံခြားသားနဲ့ကုန်သည်တွေကို မလာစေချင်တဲ့သဘောမျိုး ထည့်ပြောတယ်။ ဘန်ကောက်မှာ ဂျပန်ခရီးသည်တွေများလို့ အစိုးရဟာ ဂျပန်ကိုလိုလားတယ်၊ အင်္ဂလိပ်ကိုမလိုလားဘူးဆိုတဲ့သဘောရှိတယ်လို့ အထင်ရောက်တယ်။ လူစိမ်းဆိုရင် မဲဆောက်မှာ ရဲကတင်းကျပ်တယ်။ စေ့စေ့စပ်စပ်ရှာဖွေတယ်။ ဘာဥပဒေမှ မပြောနဲ့။ သိမ်းတယ်။ ဖမ်းတယ်။ တစ်ခါက လူထုအစည်းအဝေးခေါ်ပြီး ငါတို့ ဂျာမနီပုံစံလိုက်မယ်၊ ဘယ်နေရာတွေလို့ အတိအကျမဖော်ပြပဲ မြန်မာတွေလက်ထဲရောက်နေတဲ့ တို့နယ်တွေကိုပြန်ယူရမယ်လို့ ပြောတဲ့အခါ သောင်းသောင်းဖြဖြ ထောက်ခံကြတယ်။ ကုန်သည်တွေက လန့်ပြီး ပြန်ပြေးကုန်ကြတယ်။
ဒီလို ပန်ချာပီကုန်သည်တွေ သဘောထားအချုပ်ကိုပြောတာမှန်တယ်။ သူတို့ကို သနားမိတယ်။ သူတို့ကို ရှေးကလိုပဲ ခင်မင်ပါတယ်။ ၁၉၄၁ ဆောင်းဦးမှာ သူတို့ပိုင်တဲ့ပစ္စည်းတွေကို ရောင်းတန်တာရောင်းပြီး ကျန်သမျှကိုထုတ်ပိုးပြီး ကော့ကရိတ်ကတဆင့် ပန်ဂျပ်ကိုပြန်ကြတယ်။
လူအိုတယောက်ပဲ အနှစ်သုံးဆယ်ကျော်ထူထောင်ခဲ့ရတဲ့လုပ်ငန်းကို မစွန့်ရက်လို့ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်စစ် မစရသေးမီတစ်နေ့မှာ သူလည်း ယိုးဒယားကပြေးတော့မယ်လို့ ကျွန်တော့်ကိုပြောပါတယ်။ ယိုးဒယား အစိုးရကတော့ သူတို့အပေါ်ကောက်းပါတယ်၊ ဂျပန်ကို စိတ်မချရဘူးလို့ ဆိုလိုတယ်။ လုပ်ငန်းတွေရပ်စဲပြီး သားမယားကို မဲဆောက်ပြန်အခေါ်မှာ အဖမ်းခံရပါတယ်။
(Maurice Maybury က Heaven-Born in Burma လို့ရေးပြီး ဒေါက်တာသန်းထွန်းက မိုးကျရွှေကိုယ်လို့ ဘာသာပြန်တဲ့စာအုပ်ထဲက အခန်း ၂၄ ဖြစ်တဲ့ “နယ်စပ်ကိစ္စ အဝဝ”ကို စာရိုက်ပြီးတင်ပေးတာပါ။ စဉ်းစားတွေးဆစရာတွေပါတယ်မြင်လို့ပါ)

0 comments:

Post a Comment