Friday, May 27, 2016

ထောင်ဝင်စာဇာဂနာ(မျိုးမြင့်ချို)

0 comments
တရက် ဘိုကြည်နဲ့ကျနော်အတူထိုင်နေတုန်း ကိုသူရ(ဇာဂနာ့)မိန်းမ(ဆိုသူဆီက)ဆီက ဖုန်းဝင်လာတယ်။

ဘယ်မိန်းမလဲတော့ ကျနော်လည်းမပြောတတ်ဘူး။

ကျနော်တို့ဘေးမှာ ဘိုကြည့်မိန်းမ မုန့်ဟင်းခါးရောင်းတယ်ဆိုတဲ့စစ်သားမယားဟောင်း မလဲ့လည်း ရှိနေတယ်။ ကိုသူရ(ဇာဂနာရဲ့)မိန်းမတဲ့။ ထောင်ဝင်စာသွားတွေ့ဖို့ ပိုက်ဆံလှမ်းတောင်းတာ။ အေအေပီပီကနေ ငွေတောင်းတာ လေသံကခတ်မာမာပဲ။ ဘိုကြည့်မျက်နှာ သိတ်မကောင်းဘူး။ ချိုထားချင်ပေမယ့် မပေးလို့ကလည်းမဖြစ်ဘူး။ တခြားသူတွေမပေးမိရင် ဘာမှမဖြစ်ပေမယ့် သက်ဇော်တို့ ဇာဂနာတို့အပါအဝင် လူသိများသူတွေကိုကြ ခေါက်လိုက်လို့ကလည်း မဖြစ်ဘူး.။

ဘိုကြည်လည်း ညီးညီးညူညူနဲ့ပေးလိုက်ရတာပဲ။ ဒါ မှတ်တမ်းမဟုတ်လား။ ဇာဂနာ့(ဘယ်မယားမှန်းမသိတဲ့မိန်းမ)တယောက်က အကြပ်ကိုင်တာ ဘိုကြည်လည်း ခံခဲ့ရတာပဲ။ ထောင်ကလွတ်တော့ ဇာဂနာဆိုတဲ့လူအပျက်ကြီးက ထောင်ထဲနေတုန်း အထောက်အပံ့ရဖို့နေနေသာသာ ဘယ်ကောင့်ဆီကမှ ငါးခြောက်လေးတဖတ်တောင် မစားခဲ့ရဖူးဘူးလို့ပြောတာပဲ။

ဒါဆို အေအေပီပီကထုတ်ယူသွားတဲ့ငွေတွေကို သူ့ဘယ်မယားနဲ့ ဘယ်လင်ငယ်ပေါင်းစားသွားမှန်း ဘယ်သူမှ မပြောတတ်ဘူး၊ ပိုက်ဆံကတော့ ကျနော့်ရှေ့တင်ပေးခဲ့တာ/ထုတ်သွားတာအမြင်ပဲ။ ဒီကိစ္စက ဘုရားသခင်မပြောနဲ့ အေအေပီပီက ကိုတိတ်တို့ ကိုဘိုကြည်တို့တောင် သိဖို့မလွယ်ဘူး။ ဇာဂနာ့မလည်း မယားကဘယ်နှယောက်ရှိမှန်း ဘယ်မယားငယ်က ဘယ်လင်ငယ်နဲ့ မျောက်မွေးမှန်း ကိုယ်တွေလည်းမသိဘူး.။

ထောင်ဝင်စာတွေ့ဖို့ပိုက်ဆံ လာလာတောင်းတာတော့ ကျနော့်ရှေ့တင်ပဲ။ မယုံရင် ဘိုကြည်နဲ့ကိုတိတ်ကို ငွေလက်ခံရရှိကြောင်းပြေစာတြွေုပခိုင်းကြည့်။
ငါရိုးမသားလူပျက်ကြီး။ လူပြက်စကားမပြောရင် အမှန်အတိုင်းသိရမှာပဲ။
မေ ၂၆၊  ၂ဝ၁၆

ကမိုးသီးနဲ့ပါးချောင်နားချောင်(မျိုးမြင့်ချို)

0 comments
အေဘီအက်စ်ဒီအက်ဖ်မြောက်ပိုင်း(ပါဂျောင်)ကိစ္စက မိုးသီးဇွန်လုပ်တာ မဟုတ်သလို အဲ့ဒီကိစ္စနဲ့စပ်ပြီးသူပြောခဲ့တာတွေ အဲ့ဒီအချိန်က သူထုတ်ပြန်ခဲ့တဲ့ အေဘီဗဟိုကထုတ်ပြန်ခဲ့တဲ့သဘောထားတွေ စာတွေ အထင်အရှားရှိပါရက်နဲ့ အဲ့ဒီလူသတ်မှုတွေ ဖော်ထုတ်ပေး ဖော်ထုတ်ပေးနဲ့ ကိုမိုးသီးနားသွားအော်ဟစ်နေတဲ့ ရူးသလိုကြောင်သလိုလုပ်နေတဲ့မအေရိုးတွေကို သိတ်မသင်္ကာတော့ဘူး။

ခု ကိုမိုးသီး အထဲပြန်ဝင်ခွင့်ရဖို့ကြိုးစားနေချိန်မှာ ပါဂျောင်ကိစ္စဖွခဲ့ကြတဲ့ ပုံတွေသတင်းတွေ မဟားဒရားတက်လာတယ်။ မတော်တဆမဟုတ်သလို တိုက်ဆိုင်မှုလည်းမဟုတ်ဘူး။

အဲ့တုန်းက တကယ် သတင်းပေးလုပ်ခဲ့တဲ့ကောင်တွေ အတွင်းဝင်အောင်းတဲ့ပွေးတွေလည်းရှိတယ်။ ဘယ်သူမှငြင်းမရဘူး။ ပြီးတော့ လူတိုင်းလက်ထဲမှာ သေနတ်ကိုယ်စီနဲ့။ ဒါပေမယ့် ဘယ်လောက်ရှိရှိ အဲ့သလောက် အလွန်အကျွံလုပ်တာတော့ လက်မခံဘူး။ ရန်သူ့ဒလျှိုအစစ်ဆိုတောင် နဖူးတို့ နားထင်တို့တေ့ပြီး တချက်ထဲဖြုတ်လိုက်။ ကျည်လည်းတတောင့်ပဲ ကုန်တယ်။ သူလည်း သက်သက်သာသာသေရတယ်။ 

ကိုယ့်ရဲဘော်တွေလည်း ကင်းစောင့်ရ အချုပ်ဆောက်ရ ထောင်ဆောက်ရ ထမင်းကျွေးရ 
ပန်းကန်ဆေးပေးရ ထိတ်တုံးခတ်ရဖြုတ်ရ ချီးပါသေးပေါက်တည်ရနဲ့အလုပ်တွေရှုပ်တယ်။ 
ကျနော်သာဆို ကျည်တောင်အကုန်မခံဘူး ဝါးရင်းတုတ်နဲ့ လည်မြိုကို တချက်တည်း အသေရိုက်သတ်တယ်။ တော်လှန်ရေးမှာ ကျည်ဆန်ရှားတယ်မဟုတ်လား။

ဒီလောက်တောင် ပါဂျောင်ကိစ္စ အစပြန်ဖော်ပြီး ကိုမိုးသီးကိုတိုက်ချင်ရင် ဖင်ယားနေရင် မင်းတို့ပထွေး မျိုးဝင်းဆိုတဲ့ခွေးမသား သာယာဝတီထောင်ထဲမှာရှိတယ် မင်းအမေ့လင် ထင်ကျော့်အစိုးရကိုပြောပြီး သွားတွေ့သွားဆဲပါလား။ နိုင်အောင့်ကို သွားလုပ်ကြံပါလား။

ကျနော်တော့ အမှန်ပြောတာ မဟုတ်မမှန်စွပ်ဆွဲခံ အနှိပ်စက်အသတ်ဖြတ်ခံခဲ့ရသူတွေအတွက် စိတ်မကောင်းဘူး။ တကယ့် ရန်သူ့ဒလျှိုဒလန်တွေအတွက်လည်း ဝမ်းမနည်းဘူး။ အခု ပြန်ဖွနေတဲ့ ကိုယ်မေကိုယ်ရိုးတွေကိုလည်း စစ်အုပ်စုရဲ့နိုင်ငံရေးမယားပါသားတွေလို့ပဲ မြင်တယ်။
မေ ၂၇၊ ၂ဝ၁၆

မကသ(မျိုးမြင့်ချို)

0 comments
ပြောပြီးပြီနော် ကျနော်က ဗကသလူလို့။

မင်းဇေယျတို့ ကိုထွန်းကြည်တို့ကို လူအရခင်ပါတယ်။ ထောင်ထဲလည်း အတူနေခဲ့ဖူးတယ်။ ၉ဝ စက်တင်ဘာ ၂၅ ကိစ္စမှာလည်း မချိမဆန့်အတူခံခဲ့ဖူးတယ်။ လူချင်းလည်း ရင်းချာတယ်။ နိုင်ငံရေးအရတော့ ပြဒါးတလမ်းသံတလမ်းပဲ။ မူအရတော့ ဂျင်းစိမ်းနဲ့မိတ်သလင်ပဲ။

ကိုထွန်းကြည် ဒီလာတုန်းကလည်း တတ်နိုင်သလောက်ကူညီတယ်။ သူတွေ့ချင်သူတွေနဲ့ လိုက်တွေ့ပေးတယ်။ ဖို့တ်ဝိန်းနေ ဗမာမွတ်စလင်မ်တွေရဲ့ချွေးနှဲစာနဲ့ဆောက်တဲ့ပလီသစ်ကြီး
သွားကြည့်ချင်တယ်ဆိုလို့ လိုက်ပို့ပေးတယ်။ ကိုယ့်ဘာသာဆို ရှောင်သလားမမေးနဲ့ အဲ့နေရာမျိုး ယောင်လို့တောင်မသွားဘူး။


မင်းဇေယျာလာတော့လည်း ဝီစကီအနက်ပတ်နဲ့ အမဲသားကင်စားချင်တယ်ဆိုလို့ တမူးတိုက်တဝကျွေးခဲ့တာပဲ။ ပင်လယ်ပုဇွန်ထုပ်ကြီးတွေ မီးမြိုက်စားချင်တယ်ဆိုလို့ ရဲမော်ထူးနဲ့သင်းသင်းအေးတောင် သွားကြဝယ်ကြဟဆိုပြီး ကမန်းကတမ်းပြေးဝယ် ပြေးကင်ပေးခဲ့ကြတာပဲ။ ကင်မရာဝယ်ပေးဖို့တော့ မတတ်နိုင်တာနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ရတယ်။ စိတ်တော့ မကောင်းဘူး။ အားလည်းနာတယ်။ သူလိုချင်တာက ဒေါ်လာ ၂ ထောင်လောက် တန်တဲ့ဟာ။ ကိုယ်တွေက ၂ ရာတန်တောင်မတတ်နိုင်လို့ တယ်လီဖုန်းလေးနဲ့ ဟန်ဓာတ်ခုတ်နေရတာမဟုတ်လား။

အေဘီအက်စ်ဒီအက်ဖ်ဥက္ကဌကိုသံခဲ ဒီကို နောက်ဆုံးအခေါက်လာတော့ (အကို ဘာလိုချင်သလဲ ကျနော်တတ်နိုင်သလောက်လေး ကူညီပါရစေဆိုတော့ ကိုယ့်လူကြီးက (ကျုပ်အတွက်တော့ ဘာမှမလိုပေါင်ဗျာ ကျောင်းသားတပ်မတော်မှတ်တမ်းဌာနအတွက် ကင်မရာလေးတလုံးလောက် ဒါနပြုနိုင်ရင်ကောင်းပါရဲ့)ဆိုလို့ မမေသန်းရှိန်နဲ့အတူ ဒေါ်လာ ၃ ရာလောက်ပေးရတဲ့ ခတ်စုတ်စုတ်ခတ်ချာချာ ကင်မရာလေးတလုံး ဘက်စ်ဘိုင်ကနေဝယ်ပေးလိုက်ဖူးတယ်။ ခုတော့ ဒီကင်မရာလေးလည်း ခွေးဖြစ်လောက်ပါပြီ။ အေဘီခေါင်းဆောင်တချို့ သူဌေးဖြစ်နေကြပြီမဟုတ်လား။ ကိုသံခဲကတော့ သူ့အတွက်ဘာလိုတယ် ဘယ်တော့မှမပြောတဲ့သူပါ။ မဲဆောက်တည်းက သူ့အကြောင်း နည်းနည်း တီးမိတာပါပဲ။ အေးလေ သူ့မှာ မလှိုင်လိုဇနီးရှိမှတော့ ဘာလိုလိမ့်မလဲ။ တော်လှန်ရေးသမားမှာတော်လှန်တဲ့ဇနီးချစ်တယောက်ရှိတယ်ဆို ဖူလုံပြီပဲ။

မကသတွေအကြောင်းပြန်ဆက်ရရင် အဲ့တုန်းက ကိုယ်က အရက်ဘီယာ စတာတွေနဲ့ ခနတဖြုတ် ရှင်ခန်းဖြတ်ရင်း မခေါ်နိုင်မပြောနိုင်ဖြစ်နေချိန်ပဲ။ တခွက်တဖလားမပြောနဲ့ တစက်လောက် ကိုယ်ပေါ်ကျရင်တောင် ဆွဲကြိုးချသေချင်စိတ်ပေါက်နေချိန်ကြီး။ သောက်ပွဲပြီးလို့ အရက်လက်ကျန်မကုန်လို့ ပြန်ယူသွားဗျာလို့တောင် ပြောလိုက်သေးတာပဲ။

ဒါက ဒါပဲ။ လူက လူပဲ။ ခင်တာက ခင်တာပဲ။ နိုင်ငံရေးကြ မင်းဇေယျတို့ ကိုထွန်းကြည်တို့ကို လက်ကိုမခံဘူး။ တစက္ကန့်အချိန်ရရင် တစက္ကန့် ဗကသကိုဆန့်ကျင်သူတွေမို့လို လူအရရင်းပေမယ့် မူအရတော့ရှင်းတယ်။

ထပ်ပြောပါ့မယ် အင်န်အယ်လ်ဒီ၊ ငြိမ်းပွင့်အင်န်ဂျီအို ဘာအမည်ခံခံ ဗကသဆန့်ကျင်ရေးသမားဟာ လူထုဆန့်ကျင်ရေးသမားပဲ။ အဲ့ကောင်တွေ အဲ့မောင်တွေ ဘာကြီးဖြစ်နေဖြစ်နေ အချိန်တန်ရင် နိုင်ငံရေးဘဝဈန်လျှောမယ့်လူတွေ ကျဆုံးမယ့်ကောင်တွေချည်းပဲ။
မေ ၂၇၊ ၂ဝ၁၆

Monday, May 23, 2016

မနေတတ်မထိုင်တတ်(မျိုးမြင့်ချို)

0 comments
တသက်လုံး အာဏာရှင်စနစ်အောက်မှာ လူမွှေးလူတောင်မပြောင်နေခဲ့ရတဲ့ပြည်သူတွေက ခု အရပ်တပိုင်းဦးထင်ကျော်အစိုးမရတရကို ရှင်းရှင်းမြင်တယ်။

ပြောင်းလဲချိန်တန်ပြီ အသံပြာအောင်အော်ပြီး ဖွဲ့စည်းပုံပြင်၊ ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးကြွေးကြော်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအောက် ခေါင်းလျှိုသွားတာဆိုပြီး။ ဒါပေမယ့် တဘက်မှာလည်း မရဲတရဲအားကိုးကြည့်ချင်စိတ်ကလေးကလည်းရှိနေတော့ ဒါလောက်တော့ နားလည်ပေးရမှာပေါ့ဆိုပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်လိုစိတ်ကို ကြိတ်မှိတ်မြိုချ သည်းခံပေးနေရတာပဲ။

ဖွဲ့စည်းပုံပြင်မယ့်လေသံ ခု ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စစ်အုပ်စုအလိုကျ လူမျိုးစုတွေဘက် လှည့်ရန်ထောင်ပေးတာလည်း ဒါလည်း ယာယီသဘောမို့ နားလည်ပေးရမှာပဲဆိုကာ အောင့်အီးနမ်းနေရတာပါပဲ။ 

အစိုးရကသစ်တဲ့အပြင် ဘာနိုင်ငံရေးအတွေ့အကြုံ ဘာဒီမိုကရေစီဖြတ်သန်းမှုထဲမှာမှ စွမ်းစွမ်းတမံ မပါခဲ့သူတွေအပြင် စစ်အာဏာရှင်ဟောင်းတွေကိုပါ ရာထူးနေရာတွေပေးပြီး ပယောပယီလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ နားလှည့်ပါးရိုက်နေသလိုခံစားမိလည်း ကာလတခုတော့ ဒီအတိုင်းဖြတ်ရဦးမှာပဲဆိုပြီး ကြည်ဖြူပေးနေကြတာပါပဲ။ 

မလုပ်တတ်မကိုင်တတ် မပြောတတ်မဆိုတတ်တွေကတဘက်၊ အရင် စစ်ဗျူရိုကရေစီယန္တယားဟောင်းကြီးနဲ့ ဗျူရိုကရက်အရာရှိဆိုးတွေက တဘက် သေနတ်ခါးထိုးတဲ့စစ်ဗိုလ်တွေကို တုန်နေအောင်ကြောက်ရတာကတဘက် အဘက်ဘက်မှာ အကျပ်အတည်းတွေရှိနေမှန်းလည်း လူထုကသိပါတယ်။ 

လူထုရဲ့နိုင်ငံရေးရေချိန် သိမြင်နားလည်နိုင်စွမ်းနဲ့ စိတ်ရှည်သီးခံမှုကတော့ အံမခန်း ကြီးမားနက်ရှိုင်းတယ်။ ဒါကပြည်သူဘက်က။

သူတို့ဘက်ကကြတော့ တသက်လုံးလည်း စစ်အာဏာရှင်စနစ်အောက်မှာနေခဲ့ရ၊ ပါတီထဲကြပြန်တော့လည်း ဓါးတစင်းမြင်းတလက်နိုင်ငံရေးဦးဆောင်မှုခံရ ခုသမ္မတနဲ့အစိုးရဆိုပြီးဖြစ်ပြန်တော့လည်း ဘာအစိုးမှမရဆိုတော့ ကသိကအောက်နဲ့ အနေရအထိုင်ရခက်တွေဖြစ်။

ဒီမိုကရေစီလည်းပြောထား အာဏာရှင်စရိုက် ဉဉ်နဲ့ဗီဇကလည်း ဖျောက်မရဆိုတော့ အတော်လေး မနေတတ်မထိုင်တတ်ဖြစ်နေပုံပဲ။ တချက်တချက် ရှက်ရမ်းကလည်း ရမ်းသေး။

အင်း စစ်အာဏာရှင်စနစ်အောက် ကြီးရတာခြင်းအတူ မနေတတ်မထိုင်တတ်တွေဖြစ်နေရတဲ့အစိုးရနဲ့ ယှဉ်တော့မှ ပြည်သူတွေဘဝအသိရေချိန်က အံဘနန်းမြင့်မားနေတာ ပိုပေါ်တယ်။
မေ ၂၃၊ ၂ဝ၁၆

Friday, May 20, 2016

ကွန်မြူနစ်တစ္ဆေ (မြစမ်းအေး)

0 comments
ကွန်မြူနစ်တစ္ဆေ(မြစမ်းအေး)
ကွန်မြူနစ်ဆန့်ကျင်ရေးမှာ ပြည်တွင်းဖောက်ပြန်ရေးသမားများက နယ်ချဲ့သမားထက်သာတယ်။ ဒါဟာ ဗမာပြည်အဖို့ သမိုင်းနဲ့ချီလာတဲ့ဖြစ်ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ အာဏာနဲ့တိုက်ရိုက်ပတ်သက်နေလို့ ဖြစ်တယ်။ အာဏာရှိမှ ကြီးပွားမယ်၊ အာဏာပိုင်နဲ့ပိုင်မှ အဆင်ချောမယ်ဆိုတာ ဗမာပြည်အတွက် တက်ကျမ်းဖြစ်နေလို့ပဲ။

သမိုင်းကြောင်းကို နည်းနည်းပြန်ကြည့်ရအောင်။
ဒုတိယကမ္ဘာစစ်ပြီးစ အာရှကိုလိုနီနိုင်ငံများအတွင်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲနဲ့အတူ လွတ်လပ်ရေးတိုက်ပွဲ ဒီရေမြင့်လာတယ်။ ဗြိတိသျှနယ်ချဲ့သမားဟာ စစ်နိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်သော်လည်း စစ်ကြီးအပြီးမှာ အကြီးအကျယ်ချည့်နဲ့သွားခဲ့ပြီဖြစ်တယ်။ ဗြိတိသျှနေမဝင်အင်ပိုင်ယာချုပ်ငြိမ်းဖို့ သေချာနေပြီ။ သူ့ရဲ့ ကိုလိုနီခံတပ်ဖြစ်တဲ့အိန္ဒိယတိုက်ငယ်နဲ့ အီဂျစ်၊ ပါလက်စတိုင်း လက်လွတ်ရတော့မယ်။ ဗမာပြည်နဲ့ မလေး(စင်ကာပူ အပါ) ဆက်မထိန်းနိုင်တော့ဘူး။ ဒါပေမဲ့ အင်္ဂလိပ်က ပရိယာယ်ကြွယ်တယ်။ အပျော့ဆွဲနဲ့ စေ့စပ်တယ်။ ပြင်သစ်တို့ ဒတ်ခ်ျတို့နဲ့ မတူဘူး။

ပြင်သစ်နဲ့ ဒတ်ခ်ျတို့က စစ်ကြီးအတွင်း နာဇီဂျာမနီလက်အောက်ကျရောက်သွားသဖြင့် အထိနာသွားခဲ့ပြီ ဖြစ်တယ်။ သူတို့ရဲ့ကိုလိုနီနိုင်ငံများဖြစ်တဲ့ အင်ဒိုချိုင်းနားသုံးနိုင်ငံ(ပြင်သစ်)နဲ့ အင်ဒိုနီးရှား(ဒတ်ခ်ျ)တို့က လွတ်လပ်ရေးကိုတိုက်ယူတယ်။ ပြင်သစ်နဲ့ဒတ်ခ်ျတို့က သူတို့ရဲ့ကိုလိုနီဟောင်းကို ပြန်လည်ထိန်းသိမ်းဖို့အားမရှိတော့ဘူ။ ဒါပေမဲ့ သူတို့က အင်္ဂလိပ်လောက် ပရိယာယ်မကြွယ်ဘူး။ ပြင်သစ်က ဒိုင်ဘင်ဖူးတိုက်ပွဲမှာ(၁၉၅၄)ရှုံးတယ်။ ပြင်သစ်နေရာ ဝင်လာတဲ့အမေရိကန် ဗီယက်နမ်စစ်ပွဲမှာရှုံးတယ်(၁၉၇၅)။ အင်ဒိုနီးရှားမှာ ဒတ်ခ်ျအစား အမေရိကန် ဝင်လာတယ်။ အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ စစ်ခေါင်းဆောင်ဆူဟာတို အာဏာသိမ်းတယ် (၁၉၆၅)။ ကွန်မြူ နစ်တွေ ထောင်ချီအသတ်ခံရတယ်။

ပြောချင်တာက အင်္ဂလိပ်က ပရိယာယ်ကြွယ်တယ်။ သူ့အကျကို သိတယ်။ လက်လွတ်သွားတဲ့နိုင်ငံတွေကို ဗြိတိသျှဓနသဟာယနိုင်ငံများအဖြစ် သူ့ဩဇာနယ်ပယ်အောက်မှာ စုစည်းထားတယ်။ အဲဒီလို စုစည်းထားနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံများမှာ လက်ဝေခံလူတန်းစားတရပ်ကို မွေးတယ်။ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော်လည်း စီးပွားရေးအရ နယ်ချဲ့အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေးဖို့ဖြစ်တယ်။

နေရာဝင်ယူလာတဲ့ အမေရိကန်ကိုလည်း လွယ်လွယ်နဲ့ဖယ်ပေးတာ မဟုတ်ဘူး။ စူးအက်တူးမြောင်း အရေးအခင်း(၁၉၅၆) ပေါင်စတာလင်ငွေကြေးစနစ် ပြိုပျက်မှု(၁၉၇၁)တို့နောက်ပိုင်းမှ အမေရိကန်ရဲ့ လက်ထောက်ဗိုလ်ကလေးအဖြစ် လက်ခံတာဖြစ်တယ်။ ဂုဏ်သရေရှိဗြိတိသျှနိုင်ငံရေးသမား လူကြီးလူကောင်းများက ဘယ်တော့မှရှုံးတယ်လို့ မပြောဘူး၊ ဗျူဟာမြောက် ခွာစစ်ဆင်တယ် အောင်မြင်စွာဆုတ်ခွာတယ်လို့ပဲပြောပါတယ်။

အင်္ဂလိပ်နေရာဝင်လာတဲ့အမေရိကန်က ဆူပါပါဝါအသစ်၊ မင်းပျိုမင်းလွင်၊ အနုမြူလက်နက်ပိုင်ရှင် ဖြစ်တယ်။ မာရှယ်စီမံကိန်း၊ နေတိုးခေါင်သူကြီး၊ ကွန်မြူနစ်ထိန်းချုပ်ရေးပေါ်လစီတို့နဲ့ စစ်အေးခေတ်ကိုပုံဖော်တယ်။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတို့နဲ့ကြမ်းရမ်းတယ်။ ကမ္ဘာ့ပုလိပ်ကြီး လုပ်တယ်။ ဗီယက်နမ်စစ်မှာ အရှုံးကြီးရှုံးတဲ့အခါ ဆိုးဆိုးဝါးဝါးမှားခဲ့ပြီလို့အော်တယ်။ ပြောချင်တာက အမေရိကန်က ကြမ်းတယ်ရမ်းတယ်၊ အပြုတ်တိုက်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ သူက ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် စစ်အာဏာရှင်တွေကို မွေးတယ်။ စစ်အေးခေတ်မှာ တကမ္ဘာလုံး စီအိုင်အေကျောထောက်နောက်ခံနဲ့ စစ်တပ်ကအာဏာသိမ်းတာတွေ တခြိမ်းခြိမ်းပဲ။ ပတ်ချုံဟီး (တောင်ကိုရီးယား) ငိုဒင်ဇင်(တောင်ဗီယက်နမ်) လုံနိုး(ကမ်ဘောဒီးယား) ဆူဟာတို(အင်ဒိုနီးရှား) မာကိုစ့်(ဖီလစ်ပိုင်) ကစ်တီကာချွန်(ထိုင်း) နေဝင်း(ဗမာပြည်)စသည်။

ဗမာပြည်ကိုကြည့်ရအောင်။
အုပ်စိုးသူအဆက်ဆက် ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ရာမှာ အင်္ဂလိပ်ရဲ့ပရိယာယ်ဆင်တဲ့နည်းကော၊ အမေရိကန်ရဲ့အပြုတ်တိုက်တဲ့နည်းပါ သုံးတယ်။ ပါလီမန်ဒီမိုကရေစီအစိုးရကော စစ်အစိုးရအဆက်ဆက်ကော လူထုနည်းနဲ့အာဏာရလာတာမဟုတ်တဲ့ ဘယ်အာဏာရှင်အစိုးရပဲဖြစ်ဖြစ် ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူဆန့်ကျင်ရေးမလုပ်ရင် သူတို့ အာဏာမမြဲနိုင်လို့ပဲဖြစ်တယ်။

အင်္ဂလိပ်က ဗမာပြည်ကို လွတ်လပ်ရေးပေးရတော့မယ့်အခါ ကွန်မြူနစ်ဆန့်ကျင်ရေးသမားဖြစ်မယ့် နိုင်ငံရေးသမားများကိုရွေးတယ်မွေးတယ် ချီးမြှောက်တယ်။
ဖဆပလ-ကွန်မြူနစ်ညီညွတ်ရေး ပြန်လည်တည်ဆောက်ပြီး လုံးဝလွတ်လပ်ရေးကို အကြည်အသာနဲ့မရရင် ချဖို့အထိပြင်ဆင်လာတဲ့အခါ ဗိုလ်အောင်ဆန်းလုပ်ကြံခံရတယ်။ နိုင်ငံရေးစန်းမရှိတော့တဲ့ အလိုတော်ရိ လက်ယာနိုင်ငံရေးသမားကြီးများနဲ့လည်းမဖြစ်၊ ဂဠုန်ဦးစောလို လူသတ်သမားဆိုရင် ပိုဆိုးမှာဖြစ်တဲ့အတွက်၊ အင်္ဂလိပ်နယ်ချဲ့ဟာ လစ်ဘရယ်အကျဆုံးလို့ယူဆရတဲ့ ဖဆပလဒုဥက္ကဌသခင်နုလက်ထဲ အာဏာအပ်ခဲ့တာဖြစ်တယ်။ ဖဆပလထဲမှာ ကွန်မြူနစ်ပါတီကိုလည်း ထုတ်ပယ်ထားပြီးပြီ၊ ဆိုရှယ်လစ်တွေကလည်း ကွန်မြူနစ်ဆိုရင် သူဖြူရင်ကိုယ်မဲ၊ အာဏာရမက်ကလည်းကြီးတယ်။ အလိုတော်ရိတွေကလည်း အာဏာအဝန်းအဝိုင်းထဲ ပြန်ပါလာနိုင်ပြီဖြစ်တယ်။

ဗမာပြည်မှာ အရင်းရှင်စနစ်ဖြစ်ပေါ်တိုးတက်မှု တခြားအာရှနိုင်ငံများထက် နောက်ကျတယ်။ ဗျူရိုကရက်မြေရှင်နဲ့ ကုန်သည်ပွဲစားပဲများတယ်။ လယ်သမားကအများစု၊ အလုပ်သမားက ပြန်ကျနဲ့ အလုပ်ကြမ်းသမားက များတယ်။ အမျိုးသားအရင်းရှင်ဆိုတာကလည်း တော်တော်ကိုချည့်နဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်ကစလို့ ယခုခေတ်အထိ အခြေခံအားဖြင့်မပြောင်းလဲသေးဘူး။ စစ်ခရိုနီဆိုတဲ့ ခေတ်ပျက်သူဌေးက ဒီခေတ်မှာမှပေါ်တာပါ။ စစ်ဗျူရိုကရက်အာဏာနဲ့ ကိုယ်ကျိုးရှာကြီးပွားလာသူတွေဖြစ်တယ်။

ဖဆပလ၊ မဆလ၊ န၀တ-နအဖ၊ ယခုစစ်တပိုင်းအစိုးရ ခေတ်အဆက်ဆက် အာဏာနဲ့ကြီးပွားတဲ့ ဗျူရိုကရက်ဓနရှင်တွေ စစ်ဗျူရိုကရက်တွေပေါ်ခဲ့ပါတယ်။ အာဏာမဲ့သွားရင် အထည်ကြီးပျက်တွေ ဖြစ်သွားတာပဲ။ ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ အစိုးရပြောင်းရင် မျိုးဆက်ပြောင်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အာဏာရမက်ပိုကြီးပါတယ်၊ ဗျူရိုကရက်ဓနရှင်လူတန်းစားရဲ့ ပင်ကိုယ်လက္ခဏာကိုယ်၌က နယ်ချဲ့ကိုမှီခိုရတယ်၊ ပဒေသရာဇ်ကို ထိန်းသိမ်းရတယ်၊ ဒါမှ ကြီးထွားနိုင်မယ်။ ဒါ့ကြောင့် သူတို့ဟာ ဗီဇကိုယ်၌က ပြည်သူဆန့်ကျင်ရေး ကွန်မြူနစ်ဆန့်ကျင်ရေးရှိသူတွေဖြစ်တယ်။

ဗျူရိုကရက်ဓနရှင်တွေအာဏာမြဲနေသမျှ တိုင်းပြည်ဟာ ဆင်းရဲတွင်းက တက်နိုင်မှာမဟုတ်ဘူး။ ခေတ်မီဖွံ့ဖြိုးတဲ့စက်မှုနိုင်ငံ ဖြစ်လာမှာမဟုတ်ဘူး။ သူတို့ အကျပ်အတည်းတွေ့လေ ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူဆန့်ကျင်ရေးလုပ်လေဖြစ်မှာ တရားတခုလို ဖြစ်နေပါတယ်။ ဗမာဗျူရိုကရက်တွေက ပဒေသရာဇ်အစွဲပိုကြီးပါတယ်။ ယခုအထိ ရွှေတွင်းငွေတွင်းပတ္တမြားတွင်းနဲ့ ပယင်းဒုတ္ထာ ရတနာဆင်ဖြူ ပိုင်စိုးတော်မူသောဆိုပြီး ဘဝင်မြင့်နေကြတုန်းပဲ။ သယံဇာတထုတ်ရောင်းတာနဲ့ အခွန်ကောက်စားတာပဲလုပ်တတ်တယ်။ သူတို့ကြောင့် ပြည်တွင်းစစ်သက်ဆိုးရှည်တာ ဖြစ်သလို၊ ပြည်တွင်းစစ်တိုက်ပြီး စစ်ဗျူရိုကရက်အာဏာ တည်တံ့ခိုင်မြဲအောင်လုပ်နေသူတွေဖြစ်တယ်။ ဒါ့ကြောင့် တော်လှန်ရေးသမားလည်း ပေါတယ်။ အချောင်သမားလည်း ပေါတယ်။

၇၀ စုနှစ်လယ်ပိုင်းလောက်ကစလို့ စစ်အေးခေတ် ဒုတိယပိုင်းလို့သတ်မှတ်နိုင်တယ်။ တင်းမာမှု လျော့ပါးရေးကာလလို့ခေါ်ကြတယ်။ အမေရိကန် ရွှေခေတ်ကုန်ပြီ။ အကျဘက်ရောက်ပြီ။ စီးပွားရေးကပ်တွေ ကြုံလာရပြီ(၁၉၇၃ ရေနံကပ်) (၁၉၈၃ ငွေကြေးကပ်) စသည် စသည်။ စစ်အေးခေတ်ကုန်ဆုံး၊ သတင်းနည်းပညာနှင့် ကမ္ဘာမှုခေတ်၊ ယခုနောက်ဆုံး ငွေကြေးကပ်၊ ဥရောပပါဆွဲခေါ်သွားပြီ အကျယ်မပြောတော့ဘူး။

ဒီမိုကရေစီဖခင်ကြီးဖြစ်တဲ့အမေရိကန်က ကွန်မြူနစ်ဆန့်ကျင်ရေးကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတဲ့ လစ်ဘရယ်သဘောတရားအားဖြင့်ပဲ ပြောတော့တယ်။ လက်တွေ့အားဖြင့် ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ရေး ဆိုတာ မလုပ်တော့ဘူး။ လုပ်လို့လည်းမရဘူး။

ဗမာပြည် စစ်ဗျူရိုကရက်များကတော့ သူတို့အာဏာမြဲရေးအတွက် စစ်အေးခေတ်အတွေးအခေါ်နဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးကို လုပ်တုန်းပဲ။ အချောင်သမားတွေကလည်း ကွန်မြူနစ်ဆန့်ကျင်ရေးကို တက်ကျမ်းအမှတ်နဲ့ ကျင့်သုံးတုန်းပဲ။

ဒါပေမဲ့ ခေတ်က မင်းလောင်းမျှော်တဲ့ခေတ် မဟုတ်တော့ဘူး။ ဗမာပြည်သူလူထုကြီးဟာ အမှီအခိုကင်းစွာ မားမားမတ်မတ်ထရပ်ရင်း ဗမာပြည်သစ်ကို ကိုယ်တိုင်ဖန်တီးကြပါလိမ့်မယ်။ ကွန်မြူနစ်ဆန့်ကျင်ရေး တစ္ဆေအခြောက်ခံနေရတဲ့ ပြည်တွင်းဖြစ်ဖောက်ပြန်ရေးသမားများ မုချကျဆုံးရပါလိမ့်မယ်။
အရေးတော်ပုံဂျာနယ် အတွဲ(၂) အမှတ်(၃)မှ ဆောင်းပါး
ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတယ်။

ဘညွန့်ခေတ်(မျိုးမြင့်ချို)

0 comments
ပြောင်းလဲချိန်တန်ပြီနဲ့ ခေတ်နည်းနည်းအပွင့်မှာ ဖုံးမနိုင်ဖိမရ ပွင့်ကျလာတဲ့အချက်အလက်တွေ နေရာအတော်များများကနေ ကျယ်ကျယ်လောင်ထွက်လာတယ်။

အထူးသဖြင့် အင်န်ဂျီဆိုင်းဘုတ် ပရဟိတဆိုင်းဘုတ်တွေနဲ့ သပိတ်ဝင်အိတ်ဝင်သမားတို့နယ်ပယ်မှာ ပိုသိသာတယ်။

ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်က အင်န်ဂျီအိုတွေကို ငွေပံ့ပိုးပေးနေတဲ့ အလှူရှင်တွေကို ချိန်ချိန်ဆဆလုပ်ကြဖို့မေတ္တာရပ်ခံတာကနေ စလိုက်တာလို့ ထင်တယ်။

စရတဲ့အကြောင်းကလည်း သုံးလူထွက်သိန်းစိန်တို့တသိုက် လာသမျှအင်န်ဂျီအိုနဲ့ ယူရိုစီးကြောင်း ဒေါ်လာစီးကြောင်းကြီးတွေကို သူတို့ဆီကမှတဆင့် ချောင်းလက်တက် မြောင်းလက်တက်လေးတွေနဲ့
သွယ်ပေးပြီးတဆင့်ခံစီးဖို့ လက်ဝါးကြီးအုပ်ဖို့ လက်ဝေခံတွေမွေးဖို့လုပ်တဲ့ခြေလှမ်းကို ဒေါ်စုက သူ့အရှိန်အဝါသြဇာကိုသုံးပြီး ဟန့်ချင်တဲ့သဘောလည်းပါမယ်လို့ ယူဆရတယ်။ ဒီလိုလုပ်တာ ကောင်းတဲ့ကိစ္စလို့လည်းမြင်တယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလိုလုပ်လိုက်ခြင်းရဲု့အကျိုးဆက်နဲ့ဂယက်က သုံးလူထွက်အုပ်စု အောင်မင်းတို့အမ်ပီစီတဖြစ်လဲအင်န်ဂျီအိုတသိုက်တင်မက
နိုင်ငံရေးယောင်ယောင် လူမှုရေးယောင်ယောင်ခွတုတ်နေတဲ့ ကိုယ့်လူဆိုတဲ့မောင်တွေပါ အဖျားခတ်သွားပုံပဲ။

အရနည်းလာတော့ ဝေစုခွဲလည်း အရင်လိုသိတ်တည့်ပုံမပေါ်တော့မှ အချင်းချင်းဖွင့်ချတာတွေ၊ ခွဲထောင်မယ်ဆိုတာတွေ နားမဆံ့အောင်ကြားလာရတယ်။

ညောင်မြစ်တူးကြတယ်။ ထန်းရည်မူးကြတယ်။ ဘညွန့်လောကသားတွေများလှချည်လား။
မေ ၂ဝ၊ ၂၊ဝ၁၆

ပြောင်းလဲချိန်အမြည်း(မျိုးမြင့်ချို)

0 comments
အလုပ်သမားတွေ သူတို့ရဲ့နစ်နာမှုတွေအတွက် အစိုးရက ကြားဝင်ပြီး မျှမျှတတဖြေရှင်းပေးဖို့ ကြပ်ပြေးအထိလမ်းလျှောက်နေတုန်း သွေးသားရင်းလိုဖြစ်နေတဲ့ မိန်းမငယ်လေးတယောက်ကပြောတယ် ဒီအကြောင်းမရေးတော့ဘူးလားဆိုပြီး။

ရေးဖို့ အချက်အလက်ရှာတာလည်းပါသလို စာတပုဒ်ဖြစ်အောင်ရေးဖို့ အချိန်မရတာလည်းပါတယ်။ ပိုဆိုးတာက လမ်းတလျှောက် နေပူကျဲတဲက သားသည်အမေတွေ၊ ကိုယ်ဝန်ဆောင်မိခင်က ကလေးမီးဖွားတာမျိုးတွေ၊ အရည်ပျော်နေတဲ့ကတ္တထက်ကခြေဗလာတွေတွေ့ပြီး စိတ်ထိခိုက်ရ နာကျင်ရတာတွေကဲပြီး ရေးဖို့ထက် မချိမဆန့်ခံစားရတာကြောင့် မရေးဖြစ်သွားတာ။

ဟော တနေ့က ရေးမယ်လည်းဆိုရော ၂ဝဝ၈ လက်ပါးစေသမ္မတ ဦးထင်ကျော်ဦးစီးတဲ့ အရပ်တပိုင်းအစိုးရနဲ့ ကာချုပ်မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်အုပ်စုရဲ့ လက်မရွံ့တွေက သပိတ်ကိုလက်ဦးမှုယူဖြိုခွင်းလိုက်ပြီ။ တရားပါထပ်စွဲ ထောင်ပါထပ်ချဦးမတဲ့။

ပြောင်းလဲချိန်တန်ပြီနဲ့တရားဥပဒေစိုးမိုးရေးအရသာကို အဦးဆုံးခံစား မြည်းစမ်းခွင့်ရကြသူတွေဟာ ဆင်းရဲသားနင်းပြား အလုပ်သမားတွေဖြစ်သွားတယ်။ ကံထူးလေစွ။
မေ ၁၈၊ ၂ဝ၁၆

အမေရူးတွေ(မျိုးမြင့်ချို)

0 comments
ဒီနေ့အလုပ်က အိမ်အပြန် လမ်းဆုံမီးပွိုင့်တနေရာမှာ ကောင်းကောင်းမွန်မွန်ဝတ်စားထားတဲ့လူ ၂ ယောက် လက်ကိုင်ဆိုင်းဘုတ်တွေ ကိုယ်စီကိုင်မြှောက်ပြီး ဒီဘက်လမ်းလမ်းနဲ့ဟိုဘက်လမ်း မီးစိမ်းမီးနီအလိုက် ကူးကလန်ခတ်ပြီးဆန္ဒပြနေလေရဲ့။

မီးစိမ်းမီးနီအလိုက် လူကူးရမယ့်အချိန် လူကူးရမယ့်နေရာကနေ လွန်းထိုးနေတာဆိုတော့ ဘယ်ကားသွားကားလာနဲ့ ဘယ်လူသွားလူလာကိုမှလည်း အနှောင့်အယှက်တော့မဖြစ်ဘူးပေါ့။

ဒါပေမယ့် ကိုယ့်ရှေ့လာလုပ်နေတာဆိုတော့ မျက်စေ့နောက်မယ်ဆိုနောက်ချင်စရာပေါ့လေ။
ကျနော်ကတော့ မနောက်တဲ့အပြင် ဒီလူ ၂ ယောက် ဘာတွေများ ဘယ်သူ့ကိုများ မကြေချမ်းဖြစ်နေပါလိမ့်၊ ဘာတွေများနစ်နာနေပါလိမ့်၊ ဘာတွေများ လိုအပ်နေပါလိမ့်၊ ဘယ်သူ့ဆီကများတောင်းဆိုနေပါလိမ့်ဆိုပြီး စူးစမ်းမိတော့မှ လားလား သူတို့လက်ကိုင်ဆိုင်းဘုတ်လေးတွေရဲ့တဘက်ခြမ်းမှာ Hilary Clinton for Prison လို့ရေးထားပြီး နောက်တဘက်မှာ အကျင့်ပျက်ခြစားမှုကို အီးမေးလ်နဲ့သက်သေထူတဲ့သူတဲ့။ 

လက်စသတ်တော့ ဒေါ်ကလင်တန့်ကို မကြိုက်သူတွေပဲ။ ဟီလာရီဟာ တောင်စာမတဲ့။ သူတို့ ဘယ်သူ့ကြိုက်တယ် ဘယ်သူ့သမ္မတဖြစ်စေချင်တယ်တော့ ဘာမှပြောမထား ရေးမထားဘူး။

ဒေါ်ကလင်တန်တော့ ထောင်စာမဆိုပဲ။ အကျင့်ပျက်မတဲ့။

ရွှေပြည်ကြီး အမေအမေလုပ်နေတဲ့ အမေရူးတွေ သူတို့အမေဘော်ဒါကြီးကို ခုလို လုပ်နေတာများမြင်ရင်  ဓားနဲ့များ ဆင်းထိုးကြမလားမသိဘူး။ စောက်ရူးတွေ။

ကိုယ့်စရိတ်နဲ့ကိုယ်(မျိုးမြင့်ချို)

0 comments
မိတ်ဆွေကြီးတွေရော မိတ်ဆွေလေးတွေရော သိထားစေ့ချင်တာက ကျနော်ဟာ ခင်ဗျားတို့ထဲကတချို့လို နိုင်ငံရေးနဲ့ထမင်းစားတာမဟုတ်သလို ပရဟိတနဲ့ စီးပွားရှာသူလည်း မဟုတ်ပါ။ ကျနော်တို့ခေတ်က နိုင်ငံရေးဆိုတာ ကိုယ့်ထမင်းကိုယ်စားလုပ်ရတာဖြစ်ပြီး ကိုယ့်စားရိတ်နဲ့ကိုယ် ထောင်အကျ ခံရတာပါ။ ခုခေတ် လူတချို့အဖို့လို နိုင်ငံရေးဟာ “အလုပ်“ မဖြစ်သေးပါဘူး။ အသက်မွေးဝမ်းကြောင်း မဟုတ်ပါဘူး။ ရှိသမျှဘဝ အကုန်အပျက်ခံပြီး လုပ်ရတာမျိုးပါ။

ခုလည်း မိမိတတ်စွမ်းသမျှပညာလေး ဘာသာစကားလေးနဲ့ စကားပြန်အဖြစ် ဘာသာပြန်အဖြစ် အသက်မွေးပါတယ်။ တနေ့တနေ့ ပါးစပ်ကအမြှုတ်ထွက်မှ ခါးတောင့်မှ ခြေညောင်းမှ စိတ်ဖီးစီးမှုအထိုက်အလျှောက်ရမှ ထမင်းဝတာပါ။ အိမ်မှာ ကြက်မွေးပါတယ်။ ခြံစိုက်ပါတယ်။ ပန်းစိုက်ပြီး တောဈေးမှာ ပန်းသွားသွားရောင်းပါတယ်။

ဒုက္ခိတပေမယ့် အစိုးရ (အခွန်ထမ်းပြည်သူတွေဆီက) ဘာအထောက်အပံ့မှ မယူပါ။ ကျနော်ကိုယ်တိုင်လည်း အခွန်ထမ်းနေသူပါ။ ရောက်စက သင်တန်းတွေ လိုက်တက်နေချိန်မို့ ယာယီသဘောအထောက်အပံ့ ယူဖူးပါတယ်။ ယူဖူးတဲ့အကြောင်းလည်း တီဗီ/ရေဒီယိုအင်တာဗျုးတွေမှာ အခွန်ထမ်း အမေရိကန်နေသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း အလေးအနက်ထားပြောခဲ့ပါတယ်။

စာရေးစာဖတ်နဲ့ နိုင်ငံရေးအပါအဝင် အခြားစိတ်ရှိရာ ဝါသနာပါရာတွေကို အချိန် မရ ရအောင်ပေးပြီး အချိန်မရ ရအောင်ဖဲ့ယူပြီးလုပ်ပါ/ကူညီပါတယ်။ အားနေလို့မဟုတ်ပါ။ အားချင်းအား နိုင်ငံရေးနဲ့ထမင်းစား ပရဟိတနဲ့အသက်မွေးနေတဲ့ခင်ဗျားတို့က ပိုအားမှာပါ။ ခင်ဗျားတို့ရဲ့“အားချိန်တွေ“ကို အားကျပေမယ့် ဘဝတွေကိုတော့ အားမကျတဲ့အပြင် တခါတလေ ဘေးကကြည့်ပြီး ထမင်းနင်ပါတယ်။

လုပ်စားခြေရှုပ် (မောင်ကျော်မော်)

0 comments
"လုပ်စားခြေရှုပ်" ဆိုတာ နိဗ္ဗာန်မရောက်ဖူးသေးတော့ နိဗ္ဗာန်မှာရှိ/မရှိတော့ မပြောတတ်ပါဘူး။ လူ့ဘောင်လောကမှာတော့ သူတို့နဲ့ မကင်းနိုင်ပါဘူး။

- အလုပ်သမားသပိတ်ထဲမှာ "လုပ်စားသူတွေပါတယ်" ဆိုတဲ့စကားဖြစ်ပါတယ်။ ဒီကနေ့ ဥပဒေဘောင်ထဲမှာ"လှုပ်ရှားနေကြတဲ့"အဖွဲ့တွေမှာ ဒါမျိုးတွေနဲ့ အင်မတန် ကင်းရှင်း၊သန့်စင်ပါကြောင်းပြစမ်းပါလို့မေးခဲ့ရင် ဘယ်အဖွဲ့ကိုလက်ညှိုးထိုးပြကြမလဲ။

- (အစိုးရဖားစော်နံသူ/ စစ်တပ်ဖားစော်နံသူရ သံရုံးညှီစော်နံသူ/ အန်ဂျီအို ညှီစော်နံသူ/ခရိုနီ စပွန်ဆာစော်နံသူတွေနဲ့ ဒီကနေ့ မြန်မာ့အရေးလှုပ်ရှားမှု လောကကြီးဟာ ပုတ်ပွနံဟောင်နေပြီး မဟုတ်လားလို့မေးရင် အနာပေါ်ဒုတ်ကျသလိုဖြစ်ကြပါလိမ့်မယ်/တီကို ဆားနဲ့တို့လိုက်သလို ဖြစ်ကုန်ကြပါ လိမ့်မယ်)

- ခွဲခွဲခြားခြားပြောကြပါဗျာ။ ဝါးလုံးကို ဟိုးဒင်းသုတ် ရမ်းတာမကောင်းပါဘူး။

- မကြာခင်ကပဲ ဓမ္မရုံဂေါပကချင်း စားခွက်လုပြီး ရိုက်ကြတယ်ဆိုတဲ့သတင်းပေါ်လာတယ် မဟုတ်လား။ ဒါဟာ ဘာသာသနာကိစ္စနော်။ နိုင်ငံရေး/စီးပွားရေး မဟုတ်သေးဘူး။

- "လုပ်စားသူ"ဆိုတာ နယ်ပယ်တိုင်းမှာရှိစမြဲပါ။ ဒီလို လူတချို့ကြောင့်တော့ အလုပ်သမားတွေဆန္ဒပြမှုကို သင့်ကြောင့် မသေးသိမ်ပါစေနဲ့။ အသရေမပျက်ပါစေနဲ့။ မီးပွားကလေးကနေ မီးတောက်ကြီးကို တက်လှမ်းကြရတာပဲ မဟုတ်လား။

- ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်အစိုးရအဆက်ဆက်က "တိုင်းဆူပြည်ဖျက်၊ မင်းမဲ့စရိုက် ဆူပူသောင်းကျန်းမှုကြီး"လို့ အသရေဖျက်ခဲ့တာ၊ သရုပ်ဖျက်ခဲ့တာ အားလုံးအသိပါ။ ဒါဟာရပ်တည်ချက်နဲ့သဘောထားပြသနာဖြစ်ပါတယ်။

- ဒီမိုကရေစီရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးအတွက် လက်နက်ကိုင်တော်လှန်တာကို "သောင်းကျန်းမှု/သောင်းကျန်းသူ"လို့ အုပ်စိုးသူအဆက်ဆက်ကသဘောထား ကြည့်မြင်ခဲ့တာပဲ မဟုတ်လား။

- တချို့က အလုပ်သမားသပိတ်ကိစ္စအပေါ်မူတည်ပြီးသူတို့ သဘောထားနဲ့ရပ်တည်ချက်တွေကို ဆင်ခြေအမျိုးမျိုးနဲ့ အခုလိုဖော်ထုတ်လာတာကို ကျနော် သတိပြုပါတယ်။

- ငါ့ရှင်တို့ - ငါ့လူတို့ ဆင်ခြင်ကြပါ။

- လုပ်စားခြေရှုပ်တွေကို ဖော်ထုတ်တာကိုတော့ ကြိုဆိုပါတယ်ဗျာ။
ရိုသေစွာဖြင့်
မောင်ကျော်မော်
မေ ၁၉

Thursday, May 19, 2016

အရာရာကိုတားဆီးနေတာ စစ်အုပ်စုနဲ့ကာချုပ်ပဲ (တူမောင်ညို –)

0 comments
တူမောင်ညို – အရာရာကို တားဆီးနေတာ စစ်အုပ်စု နဲ့ ကာချုပ် ပ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအပါအဝင် ပြည်တွင်းသတင်းဌာန ၂၇ ခုနဲ့ “ ကာချုပ်၊ ဒုကာချုပ်၊ ကာဝန်၊ ကာချုပ် လောင်းလျာတွေ”ပါဝင်တဲ့အဖွဲ့ မေလ ၁၃ ရက်နေ့က တွေ့ဆုံကြတယ်။ ဒီတွေ့ဆုံမှုမှာ ပြည်ပသတင်းဌာန တစ်ခုမှမပါဘူး။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးပွဲတက်ခဲ့ကြတဲ့ မီဒီယာတွေက ကိုယ့်ရှု့ဒေါင့်နဲ့ကိုယ်၊ ကိုယ့်စပွန်ဆာနဲ့ကိုယ် သန်ရာသန်ရာ ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြချက်တွေထဲမှာ အဆိုးဆုံးကတော့ “ငြိမ်းချမ်းရေးရရင် လွှတ်တော်ကနေ တပ်မတော်ထွက်မယ် — လူထုခေါင်းဆောင်ကို ဝန်းရံမယ်” ဆိုတဲ့ ဖော်ပြချက်ပါပဲ။
ဒီစကားက ခပ်ညံ့ညံ့လူပြိန်းပြော ပြောတဲ့စကားဖြစ်ပြီး “တဖက်သတ်သင့်မြတ်ရေးတမျက်နှာနဲ့ သည်းနုညှာလွယ်တွေ”အုပ်ထဲ ပစ်သွင်းလိုက်တဲ့ မီးခိုးဗုံးဖြစ်ပါတယ်။

၁၄ မေ ၂၀၁၆ ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့သတင်းအပေါ်မူတည်ပြီး ထင်မြင်ယူဆချက်ကို တင်ပြပါ့မယ်။
ခြုံငုံတင်ပြရရင် စစ်အုပ်စုရဲ့ တဗိုလ်၊ တမင်း၊ တအာဏာကို ဖော်ပြလိုက်တာပါပဲ။ ငြိမ်းချမ်းရေးယူဖို့ဆိုတာ ဒို့စစ်တပ်က ချမှတ်ထားတဲ့အစီအစဉ်အတိုင်းလက်ခံမှ ဖြစ်မယ်။ ဒို့လိုချင်တဲ့ငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေ လက်နက်ချရမယ်။ (NCA) မှာ လက်မှတ်ထိုးရမယ်။ (TNLA/ AA/ MNDA) တို့ လက်နက်ချရမယ်၊ “ရိုဟင်ဂျာ”ဆိုတာမရှိ၊ ကာချုပ်အနေနဲ့ ပင်စင်ယူဖို့အစီအစဉ်မရှိသေး ဆိုတဲ့အချက်တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။

တွေ့ဆုံပွဲသတင်းကို မြန်မာ့အလင်းနဲ့ကြေးမုံက ဒီလိုအစချီပြီးဖော်ပြထားပါတယ်။ “ထာဝရငြိမ်းချမ်းရေးရချင်ကြောင်း၊ ဒီ ငါးနှစ် အတောအတွင်း ငြိမ်းချမ်းရေးရအောင်လုပ်ကြမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပြောထားကြောင်း” တဲ့။
ဒီအပြောက ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်”အဖြစ် အသိအမှတ်မပြုတာကို ကာချုပ်အနေနဲ့ ဗြောင်အကျဆုံးဖော်ပြတာပါ။ တကယ်တော့ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ဆိုတာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆)နဲ့အညီ ခန့်အပ်ထားသူဖြစ်ပါတယ်။ နိုင်ငံတော်အင်္ဂါစဉ်ဆိုတာမှာ နံပတ် ၂ အဖြစ်စဉ်ထားသူကို နံပတ် ၈ နေရာမှာရှိတဲ့ “ကာချုပ်” က ပမာမခန့်ပြုတဲ့ အပြုအမူဖြစ်ပါတယ်။

အမြင့်ဆုံးဥပဒေပြုအာဏာပိုင်အဖွဲ့လို့ဆိုတဲ့ ပြည်တောင်စုလွှတ်တော်နဲ့ ထိုလွှတ်တော်က ပြုလုပ်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေကို စော်ကားတဲ့အပြောအဆို အသုံးအနှုန်းဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့တည်ဆဲဥပဒေကို “ကာချုပ်”က ချိုးဖောက်တာပါ။ ရသေ့တောင် က ရခိုင်လွှတ်တော်အမတ်ရဲ့ အပြောအဆိုနဲ့တင်ပြချက်ကို ပညာပေးဆုံးမခဲ့တဲ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ “ကာချုပ်”ရဲ့အခုပြောဆိုတဲ့ စော်ကားမော်ကားအပြုအမူကို ပညာပေးဆုံးမဖို့အစီအစဉ်ရှိပါသလား။
သတင်းစာဖော်ပြချက်ပါ ကာချုပ်ပြောစကားတွေအတိုင်းသာ အမှန်ဖြစ်တယ်ဆိုရင်တော့ ဒီချုပ်အစိုးရ ငါးနှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေးရဖို့မဖြစ်နိုင်ပါဘူး။ ဘယ်တော့မှလည်းရနိုင်မှာမဟုတ်ပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ စဉ်းစားမနေနဲ့တော့။

ကာချုပ်ရဲ့ “ ငြိမ်းချမ်းရေးမူ ၆ ချက်”ကို စစ်တပ်ကစွဲကိုင်ထားသမျှ ငြိမ်းချမ်းရေးဘယ်တော့မှ မရနိုင်ပါဘူး။ “ပင်စင်ယူဖို့ အစီအစဉ်မရှိသေးဘူး”လို့ ဆိုနေလေတော့ လက်ရှိ “ကာချုပ်” မနာ/မသေသေးသမျှ ငြိမ်းချမ်းရေးရဖို့မလွယ်ဘူးလို့ သေချာပေါက်ပြော နိုင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၁ရာစုပင်လုံညီလာခံခေါ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး စတာတွေမှာ အဓိက ခလုပ်ကန်သင်းဟာ၊ အတားအဆီးဟာ ကာချုပ်နဲ့စစ်အုပ်စုဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ (က)မှာ စာရင်းထိုးဖော်ပြထားတဲ့ “စုစုပေါင်းပုဒ်မ ၉၅ ခု” ဟာ “ကာချုပ်” သဘောမတူသမျှ ဘယ်လိုမှ ပြင်ဆင်လို့မရနိုင်ပါဘူး။
“တိုင်ထူလိုက်ရင် အရိပ်ပေါ်လာတယ်”ဆိုတဲ့စကားလိုပါပဲ၊တဖြည်းဖြည်းနဲ့ ပုံပေါ်ထင်ရှားလာတာကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ”မှာ အုပ်ချုပ်ရေး“တာဝန်”ပဲရှိနေပြီး တကယ့်အာဏာဟာ ကာချုပ်နဲ့စစ်တပ်လက်ထဲမှာပဲရှိမြဲ ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။

အမှန်တကယ်ပြောင်းလဲဖို့ဆိုတာမှာလည်း စစ်အုပ်စုကမြန်မာ့နိုင်ငံရေးမှာ ဘက်ပေါင်းစုံချုပ်ကိုင်ပြီး ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်နေတဲ့အဖြစ်ကို ဇစ်မြစ်ကနေ ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ ဒီအချက်ကို ပီပီပြင်ပြင်မပြောင်းလဲနိုင်သမျှ တကယ့်အပြောင်းအလဲဟာ လိုအပ်မြဲလိုအပ်နေဦးမှာပါ။

ဆရာဦးဝင်းတင်ပြောခဲ့တဲ့ “တတိယအရေးတော်ပုံ”ကို စဉ်းစားဖို့လိုပါတယ်။
အမှန်တကယ်ပြောင်းလဲလိုသူတွေရဲ့လက်ထဲမှာ “တာဝန်”ပဲရှိနေပြီး၊ အမှန်တကယ်ပြောင်းလဲကိုပြုလုပ်နိုင်တဲ့ “အာဏာ”မရှိရင် အမှန်တကယ်ပြောင်းလဲရေးကို တကယ်တမ်း အကောင်အထည်ဖော်လို့ ဖြစ်နိုင်ပါ့မလား။
မြန်မာ့အလင်းသတင်းစာ (၁၄-၅-၂၀၁၆)

Tuesday, May 17, 2016

အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်မယ်ဆိုရင်အမေရိကန်နဲ့အင်္ဂလန်ကစတာ

0 comments
(မိတ်ဆွေရင်းချာတဦး အီးမေးလ်နဲ့ပို့လိုက်တဲ့စာပါ။ သူကတော့ ခေါင်းစားကြည့်ဖို့လို့ ဆိုပါတယ်) အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်မယ်ဆိုရင်အမေရိကန်နဲ့အင်္ဂလန်ကစတာ အဲဒီမှာကဗြောင်ခွင့်ပြုထားတာပါ။
ဂျက်ဖရီဆက်ခ်ျ (Jeffrey Sachs)

၂ဝ၁၆ခုနှစ်၊ မေ ၁၂ရက်။ ဗြိတိန်ထုတ်ဂါးဒီးယန်းသတင်းစာ
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆိုတာမှာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်တွေအများကြီးပါဝင်နေပါတယ်။

အကြောင်းကတော့ အကျင့်ပျက်လာဘ်စားတာတွေဟာ နေ့ခင်းကြောင်တောင်မှာ ဗြောင်ဖြစ်နေလို့ပါပဲ။ အကျင့်ပျက်ခြစားမှုဟာ ဗြောင်ကျလွန်း၊ တားဆီးလို့မရလွန်းလို့ ဒါတွေကို တရားဝင်အောင်လုပ်တယ်ဆိုတာ လိုအပ်လို့လုပ်ရတယ်ဆိုသလိုဖြစ်လာပါတယ်။

မကြာသေးခင်ကပဲ ကျွန်တော်အပါအဝင် ဘောဂဗေဒပညာရှင် ၃ဝဝတို့။ အော့ကစဖမ် (Oxfam- အော့က်စ်ဖို့ အစာရေစာပြတ်လပ်မှုကယ်တင်ရေးကော်မတီ)ရဲ့တိုက်တွန်းမှုအရဒီအချက်ကို ဖော်ထုတ်ခဲ့ကြပါတယ်။
ဒီနေ့ပြုလုပ်မယ့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေးဟာ နိုက်ဂျီးရီးယားနဲ့အာဖဂန်နစ္စတန်တို့က အကျင့်ပျက်ခြစားမှုတွေအကြောင်းကို တိုးတိုးပြောကြဖို့မဟုတ်ပါဘူး။ ဒီညစ်ပတ်ရှုပ်ထွေးတဲ့အမှိုက်ပုံကြီးမှာ ဗြိတိန်နိုင်ငံ သမိုင်းနဲ့ချီပြီး နက်နက်ရှိုင်းရှိုင်းပါဝင်နေမှုကို ရပ်ဆိုင်းဖို့ဖြစ်ပါတယ်။ အလားတူပဲ ဒီလိုလုပ်နေတဲ့ အမေရိကန်နဲ့တခြားနိုင်ငံကြီးတွေအတွက်လည်း ဖြစ်ရပါမယ်။

အကျင့်ပျက်ခြစားမှုလက္ခဏာတွေဖုံးလွှမ်းနေတဲ့သာဓကတခုကတော့ ရှဲလ်ကုမ္ပဏီ(Shell Companies)*တွေကို အသုံးချတာပါပဲ။ ဒီကုမ္ပဏီတွေဟာ တကယ့်ပိုင်ရှင်တွေကိုဖော်ထုတ်တာ၊ တာဝန်ရှိစေ(ယူခိုင်းတာ)တာ၊ ပွင့်လင်းမြင်သာစေတာတွေမဖြစ်အောင် ကာကွယ်ဖို့ဖြစ်ပါတယ်။

ဒီလို ရာဇဝတ်ဘေးကပြေးလွတ်နေတဲ့အစုထဲမှာ ဗြိတိသျှအင်ပါယာရဲ့အမွေကိုဆက်ခံထားရပြီး ကမ္ဘာအဝှမ်းကို အခွန်မဲ့ရံပုံငွေတွေဖြန့်ချိခွင့်ရထားတဲ့ဗြိတိန်ဟာ ထိပ်ဆုံးကဖြစ်ပါတယ်။ ယူကေနိုင်ငံ(UK)ရဲ့ အုပ်ချုပ်ခံနယ်မြေတခုဖြစ်တဲ့ ဗြိတိသျှဗာဂျင်းကျွန်းစု (The British Virgin Islands)ဟာ လူဦးရေ(၂ဂဝဝဝ)ပဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီအရေအတွက်က(၁သန်း) ရှိပြီး အကြမ်းအားဖြင့် လူတဦးကို ကုမ္ပဏီ(၃၅ခုနှုန်းလောက်)မှတ်ပုံတင်ထားတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာဟာ ပနားမာစာတမ်း (Panama Papers) **ပါ ကုမ္ပဏီတွေက သဘောအကျဆုံး အခွန်လွတ်နယ်မြေဖြစ်ပါတယ်။ မကြာသေးမီကခန့်မှန်းချက်တခုအရဆို ဒီကျွန်းစုမှာမှတ်ပုံတင်ထားတဲ့အထဲက တကယ်လုပ်ကိုင်နေတဲ့ကုမ္ပဏီအရေအတွက်ဟာ(၄၇၉ဝဝဝ)ခု ရှိပါတယ်။

အကျင့်ပျက်ခြစားမှုရဲ့လက်တံတွေဟာ ယူကေ(နဲ့အမေရိကန်)တို့က ဘဏ္ဍာရေးစနစ်တွေထဲကို နက်ရှိုင်းစွာရောက်ရှိပါတယ်။ မကြာသေးတဲ့နှစ်များအတွင်းက လန်ဒန်နဲ့ဝေါလမ်းမကဘဏ်ကြီးတွေဟာ လက်သိပ်ထိုးကုန်သွယ်မှု၊ ဘဏ္ဍာရေးလိမ်ညာမှု၊ ဈေးနှုန်းမသမာမှုနဲ့ တခြားဘဏ္ဍာရေးပြစ်မှုမျိုးစုံကို ကျူးလွန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်ဘဏ္ဍာရေးအဆောက်အအုံမှ ဒီလို မသမာမှုတွေအတွက် ‘ထိ’သွားတယ်လို့မရှိခဲ့ပါဘူး။ ဘဏ္ဍာရေးအဆောက်အအုံကြီးတွေဟာ ကမ္ဘာပေါ်မှာကွန်ယက်ဖြန့်ထားတဲ့ ဘဏ္ဍာရေးရာဇဝတ်မှုတွေနဲ့ကင်းတယ်လို့ ပြောရခက်လှပါတယ်။

ကမ္ဘာနဲ့ချီပြီး ငွေကြေးမတော်မတရားပြုမှုတွေမှာ ယူကေနဲ့အမေရိကန်တို့ဟာ ဗဟိုချက်မဖြစ်ပါတယ်။ ဗြိတိန်ဟာ နိုင်ငံတကာငွေကြေးစနစ်ကို (၁၉)ရာစုနှစ်နဲ့ (၂ဝ)ရာစုနှစ်အစောပိုင်းတွေမှာ ဖန်တီးခဲ့ပါတယ်။ ဝေါလမ်းမကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ လန်ဒန်နဲ့ယှဉ်ပြီး တွဲဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်နိုင်ငံလုံးမှာ သိန်းနဲ့ချီတဲ့ရှေ့နေ၊ ဘဏ်လုပ်ငန်းရှင်၊ ဘေးဆီးရန်ကာ ရံပုံငွေ(hedge fund)လုပ်ကိုင်သူ၊ နိုင်ငံရေးသမား၊ စာရင်းစစ်နဲ့ စည်းကမ်းထိန်းချုပ်သူတွေဟာ သူကြွယ်တွေက သူကြွယ်တွေအတွက်ဖန်တီးထားတဲ့ အခွန်ကင်းလွတ်ရာသုခဘုံတွေရှိနေပါတယ်။ အဲဒီလို အခွန်၊ တရားဥပဒေ၊ ပတ်ဝန်းကျင်ကာကွယ်မှုစည်းကမ်း၊ စာရင်းအင်းမြင်သာမှုတိုနဲ့ ကင်းလွတ်နေတဲ့ ငွေသားစုစုပေါင်းက ဒေါ်လာအားဖြင့် ထရီလျံ၂ဝ (ဟုတ်ပါတယ်၊ ထရီလျံပါ)ထက် မနည်းရှိပါတယ်။ (၁)ထရီလျံဆိုတာ သန်းပေါင်း ၁သန်းပါ။

အခုတော့ကောင်းပါလေ့၊ ယူကေနိုင်ငံက အကျင့်ဖျက်လာဘ်စားမှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပနေသတဲ့။ ဒါပေမဲ့ တခုတော့ရှင်းထားရပါမယ်။ နိုက်ဂျီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ တခြားနေရာတွေမှာ နက်ရိုင်းဆိုးရွားတာနဲ့အမျှ ဒီအကျင့်ပျက်လာဘ်စားမှုတွေကိုဖြစ်ပေါ်စေတာဟာ အခွန်ကင်းလွတ်နေတဲ့သုခဘုံတွေသာမက တော်ဝင်ဒပ်ခ်ျရှဲလ် (Royal Dutch Shell)လို ဟာကတဆင့် ယူကေနိုင်ငံကိုယ်တိုင်က လုပ်ကိုင်ပါဝင်နေတာဖြစ်ပါတယ်။ အကြီးကြီးလုပ်တဲ့လူနဲ့ ခပ်သေးသေးလုပ်တဲ့လူကိုတော့ ခွဲခြားရမှာပေါ့။

အားလုံးသိကြတဲ့တရားဥပဒေက ငါတို့ကိုယ်ပိုင်မဟုတ်တဲ့ပစ္စည်းဥစ္စာတွေကို ပြန်ပေးခိုင်းတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ကျွန်တော့်ရဲ့ပစ္စည်းဥစ္စာတွေကိုယူငင်တဲ့မှူးမတ်တွေ၊ ကတော်တွေကိုတော့ ဘေးလွတ်သာယာခွင့်ပေးထားတယ်ဆိုတဲ့ အင်္ဂလိပ်ဆိုရိုးလင်္ကာလေးလိုပါပဲ။

မှတ်ချက်
*= ရှဲလ်ကုမ္ပဏီ Shell Companies ဆိုတာ တကယ်လည်ပတ်လုပ်ကိုင်နေတဲ့လုပ်ငန်း၊ ဒါမှမဟုတ် အရင်းအနှီးတကယ်မရှိပဲ တခြားကုမ္ပဏီထောင်လုပ်ကိုင်ချင်သူတွေအတွက် လမ်းခင်းပေးသူတွေဖြစ်ပါတယ်။ သူတို့ဟာ တရားဥပဒေနဲ့ညီကောင်းမှညီပါမယ်။ ဥပဒေနဲ့အညီ တည်ထောင်ထားတာမဟုတ်တဲ့အတွက် အခွန်ကင်းလွတ်နိုင်ပါတယ်။
**(Panama Papers) ပြီးခဲ့တဲ့ဧပြီလအတွင်းတုန်းက ပနားမားနိုင်ငံက ဥပဒေရေးရာကုမ္ပဏီကြီးတခုက ပေါက်ထွက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပါ ကမ္ဘာပေါ်ရှိသူဌေးသူကြွယ်ပေါင်းများစွာတို့ အခွန်ရှောင်ကြ၊ တိတ်တဆိတ်ရင်းနှီးမြှုပ်နှံကြတဲ့စာရင်းကြီး ဖြစ်ပါတယ်။

Monday, May 16, 2016

အားနည်းသူကို ဖေးကူမစေချင် (ဗကပဝဘ်ဆိုက်မှကူးယူဖော်ပြပါသည်)

0 comments

အားနည်းသူကို ဖေးကူမစေချင်

“လူတိုင်းမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတယ်”ဆိုတာဟာ ကုလသမဂ္ဂလူ့အခွင့်အရေး ပဋိညာဉ်စာတမ်းမှာဖော်ပြထားတဲ့ အခြေခံလူ့အခွင့်အရေး ဖြစ်ပါတယ်။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ဟာ လူတိုင်းလူတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးဖြစ်ပါတယ်။ အခြေခံလူ့အခွင့်အရေးလို့ ဥပဒေမှာသုံးပါတယ်။ အခြေခံလူ့အခွင့်အရေးဆိုတာဟာ အနိမ့်ဆုံးအဆင့်အနေနဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ပြောတာပါ။ 
 
နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်၊ စနစ်တခုဟာ ဒီမိုကရေစီအခွင့်အရေးကို စစ်စစ်မှန်မှန်မပေးဘူးဆိုရင်တောင်မှ ဒီမိုကရေစီနာမည်ခံချင်ရင် အနိမ့်ဆုံးအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်လောက်တော့ မဖြစ်မနေပေးရတယ်။ ဒီလောက်ကလေးကိုမှတွန့်တိုနေတဲ့အစိုးရကို ဘယ်သူကမှ ဒီမိုကရေစီအစိုးရလို့ လက်ခံနိုင်မှာမဟုတ်ဘူး။

ဒါ့ကြောင့်လည်း စစ်သားတမတ်သား အခြေခံဥပဒေမှာတောင် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ပုဒ်မ ၃၅၄ (ဂ)မှာ အာမခံချက်ပေးထားရတယ်။ အခု လက်ရှိအစိုးရဟာလည်း ဒီဥပဒေကို ကျမ်းကျိန်ထားတဲ့အစိုးရဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဥပဒေဟာ ဒီမိုကရေစီမကျ၊ တရားမျှတမှုမရှိလွန်းလို့ လူအများပြင်ချင်နေကြတဲ့ဥပဒေဆိုတာ လူတိုင်းသိပါတယ်။ အခု ဒီဥပဒေက မသထာရေစာပေးထားတဲ့ အခွင့်အရေးကလေးလောက်ကိုမှ လက်တွေ့ခံစားခွင့်ရပါရဲ့လား။

မြန်မာဗနီးယားသစ်ချောထည်စက်ရုံအလုပ်သမားတွေဟာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကာလတွေကတည်းက အလုပ်ရှင်နဲ့ အငြင်းပွားမှုတွေ မပြေလည်မှုတွေအများကြီးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သစ်လုပ်ငန်း၊ သစ်အချောထည်လုပ်ငန်းတွေရဲ့သဘောသဘာဝကိုလည်း ပြည်သူအများသိကြပါတယ်။ လုပ်ငန်းခွင်အန္တရာယ်ကင်းလုံခြုံရေးသိပ်နည်းတဲ့ လုပ်ငန်းအမျိုးအစားပါ။ အလုပ်ရှင်ဘက်က အကြိမ်ကြိမ် အလုပ်ထုတ်ခဲ့ရာမှာ အလုပ်သမား ၁၆၁ ယောက်အထိ အလုပ်ထုတ်ခံခဲ့ရပါတယ်။ အကြောင်းပြချက် မည်မည်ရရ မပေးပါဘူး။ ပေးလည်း မပေးနိုင်ပါဘူး။ ဘာ့ကြောင့်မပေးနိုင်ရသလဲဆိုတော့ အလုပ်ရှင်ရဲ့ တသွေးတသံတမိန့်ကို ရိုကျိုးပျပ်ဝပ်မနာခံတဲ့သူကို အလုပ်ကထုတ်တာဖြစ်တဲ့အတွက် ဆီလျော်တဲ့ အကြောင်းပြချက်ပေးစရာ မရှိပါဘူး။ အထူးသဖြင့်ကတော့ အလုပ်သမားတွေရဲ့အခွင့်အရေးကို စုပေါင်းကာကွယ်ဖို့အတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းကြသူအလုပ်သမားတွေ အလုပ်သမား သမဂ္ဂဝင်တွေကို ပစ်မှတ်ထားအလုပ်ဖြုတ်တာဖြစ်တဲ့အတွက် သင့်တော်တဲ့၏အကြောင်းပြချက် ပေးစရာမရှိပါဘူး။

အလုပ်သမားသမဂ္ဂဝင်တဲ့အတွက် ပစ်မှတ်ထားထုတ်ပယ်တာလို့တော့ ဘယ်အလုပ်ရှင်မှ ဝန်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားပြစ်မှုမပြနိုင်ရင် အလုပ်သမားတွေရဲ့စွပ်စွဲချက်မှန်ကန်တယ်ဆိုတာ ထင်ရှားပါတယ်။ အလုပ်သမားသမဂ္ဂဝင်ကိုပစ်မှတ်ထား အလုပ်ဖြုတ်တာဟာ ရာဇဝတ်ပြစ်မှုဆိုတာ သူတို့လည်းသိမှာပါပဲ။ အလုပ်သမားသမဂ္ဂဝင်ကို ပစ်မှတ်ထားအလုပ်ဖြုတ်ရင် အလုပ်သမား အဖွဲ့အစည်းဥပဒေ ပုဒ်မ ၄၄ (ဂ)အရ ဒဏ်ငွေ ကျပ်တသိန်း ထောင်ဒဏ်တနှစ်အထိ ပြစ်ဒဏ်ကျခံစေရနိုင် ပါတယ်။ အခု အဲဒီပြစ်မှုကိုကျူးလွန်တဲ့အလုပ်ရှင်ဟာ ဘာ့ကြောင့် သက်သာကင်းလွတ်ခွင့် (impunity) ရနေတာပါလဲ။

သပိတ်စခန်းမှာ သပိတ်မှောက်ရင်းနဲ့ ကိုယ်ဝန်ဆောင်မိခင် ၄ ယောက် ကလေးဖွားမြင်ခဲ့ရာမှာ ကလေး ၃ ယောက် သေဆုံးခဲ့ပါတယ်။ စဉ်းစားကြည့်ကြစမ်းပါ။ လုပ်ငန်းခွင်တွင်းအခက်အခဲကြောင့် ကိုးလ၊ ဆယ်လလွယ်ထားရတဲ့ရင်သွေးငယ် သေကြေပျက်စီးရတဲ့ဒုက္ခနဲ့သောကကို ကိုယ်ချင်းစာ ခံစားကြည့်ကြစမ်းပါ။ နိုင်ငံတော်အစိုးရလူကြီးမင်းများရော၊ အများပြည်သူလူထုကြီးရော ကိုယ့်ရင်သွေးလေးတွေရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး ငါ့သားလေးဆိုရင် ငါ့သမီးလေးဆိုရင်လို့ တွေးကြည့်ကြစမ်းပါ။ လူလိုတွေးကြည့်ကြစမ်းပါ။ ခင်ဗျားတို့သားသမီးဆိုရင် ဘယ်လိုခံစားကြရမလဲ။ ဘုရင်ရဲ့သားလည်းသား၊ ဆင်းရဲသားရဲ့သားလည်းသားပါ။ ကျောသားရင်သားမခွဲခြားတဲ့ သာတူညီမျှစနစ်ကိုလိုချင်လို့ ဒီမိုကရေစီကို ကျနော်တို့ တောင်းဆိုခဲ့ကြတာမဟုတ်လား။

မီးလိုပူတဲ့ကတ္တရာလမ်းပေါ်မှာ ခြေထောက်တွေအလောင်ခံပြီးချီတက်တယ်ဆိုတာ အကြောင်းမဲ့လုပ်နေတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနိုင်တဲ့အရာပါ။ ရင်ထဲမှာ မီးလိုပူနေတဲ့အရာမရှိရင် မီးလိုပူတဲ့နေရောင်အောက်မှာ ဘယ်သူမှလမ်းထလျှောက်မနေဘူးမှတ်ပါ။ အယ်လ်နီညိုရာသီကြီးမှာ ကတ္တရာလမ်းပေါ်လမ်းတက်လျှောက်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ကတ္တရာစေးတွေဟာ အရည်ပျော်ပြီး စီးထားတဲ့ဖိနပ်ကို ဘလတ်ဘလတ်နဲ့ကပ်နေတာပါ။ ခေါင်းပေါ်ကနေဟာ ၄၀ ဒီဂရီ ၄၅ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။ အရည်ပျော်ပူလောင်နေတဲ့ကတ္တရာဟာ ကျိုက်ကျိုက်ဆူနေတဲ့ရေနွေးလောက်ပူပါတယ်။ အဲဒီကတ္တရာလမ်းပေါ်မှာ ကြက်ဥကြော်ရင်ကျက်ပါတယ်။ မယုံရင် လက်တွေ့စမ်းကြည့်ပါ။ 

အခုချီတက်ဆန္ဒပြနေသူတွေထဲမှာ မိဘနှစ်ပါးစလုံးချီတက်လိုက်ပါလာလို့ ၃ လသားကလေးကိုပါ မီးတောက်မီးလျှံကြီးထဲချီပိုးလာရတာကို ကိုယ်ချင်းမစာနိုင်လောက်အောင် အဝိဇ္ဇာမဖုံးလွှမ်းကြစေချင်ဘူး။ ရမည်းသင်းမှာ အလုပ်သမား ၄ ယောက် ဆေးရုံတက်ရပါတယ်။ အခက်အခဲ ဘယ်လောက်ကြီးမားတယ်ဆိုတာ စဉ်းစားကြည့်ကြပါ။ ဒီလိုအလုပ်သမားတွေကို ကွန်ပြူတာစာစီဖို့တောင် နေရာရှာမရအောင် ဖိအားပေးတားမြစ်ထားတာတွေက ရုပ်ဆိုးလွန်းလှပါတယ်။ နေစရာတည်းစရာမရအောင် ဘုန်းတော်ကြီးကျောင်းတွေကို ဖိအားပေးတားမြစ်တယ်ဆိုတာ လူမဆန်တဲ့လုပ်ရပ်ပါ။ အကြင်နာကင်းမဲ့တဲ့ လုပ်ရပ်ပါ။ နှလုံးသားမရှိတဲ့ လုပ်ရပ်ပါ။ မေတ္တာ၊ စေတနာနဲ့တိုင်းပြည်ကိုအုပ်ချုပ်မယ်ဆိုတာ ပါးစပ်ကပြောရုံနဲ့မလုံလောက်ပါဘူး။ လက်တွေ့ပြသဖို့က ပိုအရေးကြီးပါတယ်။ ပါးစပ်ကပြောတာကတော့ လူတိုင်းပြောလို့ရပါတယ်။ 

စစ်အာဏာရှင် အစိုးရအဆက်ဆက်လည်း ပါးစပ်ကတော့ စကားချိုချိုလေးတွေပြောခဲ့တာပါပဲ။ အခု အလုပ်သမားပြဿနာဟာ ဦးသိန်းစိန်လက်ထက်ကတည်းက လောင်ခဲ့တဲ့မီးပါ။ အဲဒီမီးကို လက်ဆင့်ကမ်း မသယ်ယူကြစေချင်ပါ။ အဲဒီမီးဟာ အလုပ်ရှင်အတွက်လောဘမီးဖြစ်ပေမယ့် အလုပ်သမားတွေအတွက် ပရိဒေဝသောကမီးပါ။ ဒီမီးကို ငြှိမ်းသတ်ဖို့ရာ အစိုးရအနေနဲ့ ဆန္ဒဘယာနဲ့ မစဉ်းစားမချဉ်းကပ်စေလိုပါ။ မေတ္တာနဲ့ကြည့်စေချင်ပါတယ်။ ဥပဒေနဲ့အညီ တိတိကျကျဆောင်ရွက်စေချင်ပါတယ်။ ရင်းနှီးမြှပ်နှံမှုအရေးကြီးတယ်။ အလုပ်ရှင်ကို ထိလို့မဖြစ်ဘူးဆိုပြီး လစ်ဘရယ်အရင်းရှင်အမြင်ကို ဘုရားဟောဒေသနာလိုအသေဆုပ်ကိုင် ဆုံးဖြတ်မယ်ဆိုရင်တော့ အဖိနှိပ်ခံ ဆင်းရဲသားလူမွဲတွေကို ရေနစ်သူဝါးကူထိုးတာနဲ့ တူပါလိမ့်မယ်။ 

မတရားမှုဟာ ဘယ်နေရာမှာပဲ ဖြစ်ပေါ်ဖြစ်ပေါ် အဲဒီမတရားမှုဟာ နေရာတိုင်းက တရားမျှတမှုအားလုံးကိုခြိမ်းခြောက်နေတဲ့အရာသာ ဖြစ်တယ်ဆိုတဲ့ မာတင်လူသာကင်းရဲ့စကားကို မမေ့သင့်ပါဘူး။ ကိုယ်နဲ့မဆိုင်ဘူး ငါ့အိမ်ကိုမီးမကူးသေးဘူးဆိုပြီး လက်ပိုက်ကြည့်နေကြရင် ကိုယ့်အိမ်မီးကူးတဲ့အခါ မီးကူငြှိမ်းပေးမယ့်သူတောင်ရှိတော့မှာ မဟုတ်ပါဘူး။ မတရားမှုဟာ ဘယ်မှာပဲ ဖြစ်နေဖြစ်နေ၊ ဘယ်သူ့ဆီမှာပဲဖြစ်နေဖြစ်နေ လက်ပိုက်ကြည့်မနေကြပါနဲ့။ မတရားအပြုခံရသူကို ကူညီကြပါ။ မတရားအပြုခံရသူနဲ့အတူလက်တွဲ တိုက်ပွဲဝင်ကြပါ။ တတ်နိုင်သမျှကူညီဖေးမကြပါ။
အလုပ်သမားသမဂ္ဂဖြိုခွဲခံရမှုကို ထိထိရောက်ရောက်အရေးယူပေးမယ်။ အလုပ်သမား ၆၀ အလုပ်ပြန်ရအောင် လုပ်ပေးမယ်။ ကျန်အလုပ်သမားတွေကို စစ်ကိုင်းနယ်ထဲမှာအလုပ်ပြန်ရအောင် လုပ်ပေးမယ်။ ကြားကာလ နစ်နာကြေးရအောင်လုပ်ပေးမယ်။ သပိတ်အကြောင်းပြုပြီး အရေးမယူဘူးဆိုတဲ့အချက်တွေ ရအောင်ညှိနှိုင်းပေးမယ် ၅ ရက်စောင့်ပါဆိုလို့ အလုပ်သမားတွေဘက်က သပိတ်ရပ်ပြီးသဘောထားကြီးကြီး စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်တန်း ၅ ရက်ကျော်တော့ အဲဒီသဘောတူညီချက်တွေ မရခဲ့ပါဘူး။ အာဏာပိုင်တွေဘက်က ဆုံးဖြတ်ချက်ကိုဖတ်ပြပါတယ်။ စာရွက်တောင် မိတ္တူမပေးပါဘူး။ စာရွက်မိတ္တူ ဘာ့ကြောင့် မပေးရဲရတာပါလဲ။ အားလုံးသိပါတယ်။ လူအများသိအောင် ဖြန့်ဝေလိုက်မှာစိုးလို့ပါ။ ဘာလို့သိမှာ စိုးတာလဲ။ အဝေဖန်မခံရဲလို့ဆိုတာ ရှင်းပါတယ်။ ဒါဆိုရင် အဲဒီဆုံးဖြတ်ချက်မှာ ဝေဖန်စရာတွေပါနေပြီဆိုတာ သူတို့အာဏာပိုင်တွေ သိနေလို့ပဲ ဖြစ်မှာပါ။ ပြည်သူ့အစိုးရတရပ်ဟာ သူတို့ဆုံးဖြတ်ချက်ကို ပြည်သူ့ရှေ့မှောက်မှာ ချမပြရဲစရာ အကြောင်း မရှိပါဘူး။ 

အခုတော့ ဦးသိန်းစိန်အစိုးရထက်တောင် ပိုကြောက်တတ်နေပြီလားလို့တွေးစရာ ဖြစ်နေပါပြီ။ မပြေးသော်ကန်ရာရှိခဲ့ပါပြီ။ ပွင့်လင်းမြင်သာမှုကိုကြွေးကြော်ခဲ့တဲ့ ဒီမိုကရေစီသမားများဟာ သူတို့ကိုယ်တိုင် အုပ်ချုပ်သူနေရာရောက်လာတဲ့အခါ ပွင့်လင်းမြင်သာမှုကို မလိုလားသူတွေဖြစ်လာကြပါပြီလား။
အစိုးရတရပ် ပြည်သူ့အစိုးရဟုတ်မဟုတ်ဆိုတာဟာ ဆင်းရဲသူအဖိနှိပ်ခံပြည်သူတွေဘက်က အမှန်တကယ် ဘယ်လောက်ရပ်တည်သလဲဆိုတာနဲ့ပဲ တိုင်းတာရမှာပါပဲ။ ဆင်းရဲသားလူများစု ပြည်သူလူထုကြီးအပေါ်မှာ အမှန်တကယ် သူတို့ဘယ်လိုပြုမူသလဲဆိုတာနဲ့ တိုင်းတာရမှာပါပဲ။ သူတို့ရဲ့ ရွေးကောက်ပွဲကတိတွေ ရွေးကောက်ပွဲကြေညာစာတမ်းတွေနဲ့တိုင်းတာလို့မရဘူး။

ဒီမိုကရေစီဆိုတာ နေအိမ်အတွင်း၊ ရပ်ကွက်အတွင်း၊ အလုပ်ခွင်တွင်းမှာ ဒီမိုကရေစီအရသာခံစားရမှသာ တကယ့်ဒီမိုကရေစီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်ရုံနဲ့ ဒီမိုကရေစီမမည်ဘူး။ အများပြည်သူ သာမန်အရပ်သူအရပ်သားတွေ တကယ်လက်တွေ့ခံစားရမှသာ တကယ့်ဒီမိုကရေစီဖြစ်ပါတယ်။ အပေါ်မှာ ဒီမိုကရေစီနိုင်ငံတော်ကြီးရယ်လို့ ဘယ်လိုကြွေးကြော်ပေမယ့်လည်း သာမန်လူတွေ လက်တွေ့မခံစားရရင်တော့ ဒီမိုကရေစီဆိုတာ အမြင်လှပြီးအရသာမရှိတဲ့ ကျီးအာသီးနဲ့တူနေပါလိမ့်မယ်။
တချိန်က ယုန်နဲ့အတူပြေးခဲ့ဖူးသူတွေဟာ ဒီနေ့ရာသီဥတုပြောင်းလဲသွားချိန်မှာ ခွေးနဲ့အတူလိုက်သူတွေ မဖြစ်စေချင်ပါ။

ဒီမိုကရေစီမိတ်ဟောင်းဆွေဟောင်းများအနေနဲ့ ဆင်းရဲသားနင်းပြားအလုပ်သမားတွေကို ဖေးမကူညီကြစေချင်ပါတယ်။
ရဲဘော်အောင်သော်
(အရေးတော်ပုံ အတွဲ ၂ အမှတ် ၅ ဆောင်းပါးကို ကြိုတင်ဖော်ပြခြင်း ဖြစ်ပါသည်။)

ဓမ္မဒယ်အိုး(မျိုးမြင့်ချို)

0 comments

(ဒယ်အိုးစီးတဲ့ဓမ္မ)
အဟဲ ဒယ်အိုးက ဘီအမ်ဒဗလျူနဲ့ ဒေသစာရီကြွမလို့နဲ့တူတယ်။ ကျနော်တော့ သဘောကျတယ်။ ဘုန်းကြီးတွေ ကားမောင်း ဆိုင်ကယ်စီးတင်မက လူတွေလုပ်တာအကုန် လုပ်စေ့ချင်တယ်။ သူတို့ခမျာ လူဖြစ်ရဲ့သားနဲ့ လူလိုမနေရတော့ လူ့စကားနားမလည် လူလိုမသိဖြစ်နေကြတာ။ လူလိုနေဖူးမှ လူစိတ်ကလေးဝင်၊ လူ့အသိတရားလေးရ၊ လူကျင့်တရားလေးဘာလေး ကျင့်ရကောင်းမှန်း နားလည်သွားမယ်၊ ကိုယ်ချင်းစာတတ်သွားမယ်။ လူလူချင်း ဖေမကူညီယိုင်းပင်းရကောင်းမှန်းလည်း သိသွားမယ်။ လူနဲ့ဘုန်းကြီး တနေ့ ထမင်း ၂ နပ် စားတာချင်းအတူတူ ထမင်းတလုပ်အတွက် လူတွေဘယ်လောက် ပင်းပမ်းဆင်းရဲခံရှာနေရသလဲဆိုတာလည်း သိသွားမယ်။

ဒါ တဘက်ကတွေးကြည့်တာ။ အခြားတဘက်က တွေးကြည့်တော့လည်း ဘုန်းကြီးဖြစ်ပြီး လူလိုနေတော့ လူအရိုအသေတန်ပြီး အလှူအတန်း အပေးအကမ်းနည်းသွားမယ်။ လူလိုနေချင်ရင်လူထွက် ဆိုတဲ့တောင်းဆိုသံ လူတွေအကြားမှာ ကျယ်ပြန့်လာမယ်။ မကာင်းဘက်ကပြန်ကြည့်ရင် သင်္ကန်းကြီးဝတ်ပြီး အခြားနည်းတွေနဲ့ ငွေရှာတာတွေလုပ်လာနိုင်တယ်။ ရာဇဝတ်မှု ခိုးမှု လုယက်မှုတွေများလာနိုင်တယ်။

တခါကောင်းတဲ့ဘက်ကတွေးကြည့်ပြန်တော့ ဝါးတီးကြောင်လာတဲ့အခါ သင်္ကန်းနဲ့တွက်ခြေမကိုက်တော့တဲ့အခါ လူထွက်ပြီး အလုပ်လုပ် အခွန်ဆောင် လူ့လောကဝန်တာဆောင်မယ့်လူတွေ လုပ်အားတွေ အများကြီးထွက်လာမယ်။ လူ့အဖွဲ့အစည်းအတွက်လည်း ဝန်တာပေါ့သွားမယ်။ ခုပဲစဉ်းစားကြည့် ဘုန်းကြီး မယ်သီလ ငါးသိန်းနီးပါးလောက်ကို အလုပ်လုပ် အခွန်ထမ်းပြည်သူတွေဘက်က ထမ်းထားရတဲ့ဝန်ကနည်းလား။ ဧရာမ ဝန်ထုံ့ဝန်ပိုကြီး။

ဇီဝီဒါနဆေးရုံတို့ သာသနာရေးအသုံးစရိတ်တို့ဘာတို့သာရှိတာ အခွန်ကြ အမျိုးဘာသာ သာသနာခွဲတာမဟုတ်ဘူး အားလုံးတပြေးညီ ထမ်းနေကြရတာမဟုတ်လား

ဒီကြားထဲ ကျွေးတာစားပြီး အေးအေးနေတော်သေးတယ် အကြမ်းဖက်ဖို့ လူသတ်ဖို့ မီးရှို့ဖို့ လုယက်ဖို့ လိုက်ဟောပြောဖြန့်ချိနေတဲ့ နာဇီဂတုံးတွေက ရှိသေး။
ဧပြီ ၁၆၊ ၂ဝ၁၆

ဒီလောက်တောင်ချစ်လှတာ(မျိုးမြင့်ချို)

0 comments
(ဒီလောက်တောင်ချစ်လှတာ)
ကျနော်လည်း ခွေးချစ်ပါတယ်ဗျ။ ချစ်လို့ ၂ ကောင်တောင်မွေးထားပါတယ်ဗျ။ ခွေးမှမဟုတ်ပါဘူး တိရိစ္ဆာန်တော်များများကို ချစ်ပါတယ်ဗျ။ ဒါပေမယ့် လူနဲ့ယှဉ်ပြီးချစ်ရမယ်ဆို လူကိုပိုချစ်ပါတယ်ဗျ။ ကားမောင်းနေတုန်း လမ်းပေါ်မှာ အကောင်ပလောင်လေးတွေ ဖြတ်ပြေးတာမြင်တိုင်း မတိုက်မိအောင် အမြဲရှောင်ပါတယ်ဗျ။

မြို့ထဲလမ်းတွေမှာ အကောင်လေးတွေ မတိုက်မိအောင်ရှောင်ရင်း ကိုယ့်ကား သူများလာတိုက်မှာ၊ သူများကား ကိုယ့်လာတိုက်မှာတော့ သတိထားပါတယ်ဗျ။ မတော် အကောင်ရှောင်ရင်း အက်ဆီးဒင့်န့်ဖြစ်မှ ကားလည်းထိ လူလည်းထိဆို မခက်ဘုးလား။ လူထိတာက တခါတည်း ပွဲချင်းပြီးသေသွားတာဆို တော်သေးတယ်။ မတော် မသေမရှင်နဲ့ ဒုက္ခိတနှစ်ထပ်ကွမ်းကြီးနဲ့ နေရမယ့်ဘဝတော့ မလိုချင်ဘူး။ အကောင်ရှောင်ရင်း ကားအက်ဆီးဒင်န့်ဖြစ် အသေလည်းမခံနိုင်ပါဘူး။

နောက်တခုက ကားတိုက်မိလို့ ကိုယ်မှန်တယ်ဆိုဦးတောင် အာမခံကြေးပြန်ရတယ်ဆိုဦးတောင် အလုပ်ရှုပ်အလုပ်ပျက် အချိန်ကုန်ပါတယ်။ ကိုယ်မှားတာဆို ပြောမနေနဲ့တော့။ ကိုယ့်ဘက်ကအိပ်စိုက်ငွေ ထည့်လျော်ရတဲ့အပြင် နောက်လကစပြီး အာမခံကြေးကမြင့်သွားပြီလေ။ ပြီးတော့ ကိုယ်က နဂိုကမှဒုက္ခိတ အာမခံကြေးသွင်းရတာက သူများနဲ့တူတာမဟုတ်ဘူး။

ဟိုးတလောက ဟိုင်းဝေးကြီပေါ်မှာ တနာရီ မိုင် ၇၀ နီးပါးလောက်နဲ့ ကားမောင်းကျင့်ရင်း ရက်ကွန်းတကောင် လမ်းပေါ်ဖြတ်တက်လာတော့ ရုတ်ချည်းဆုံးဖြတ်ချက်ချရတယ်။ ဒီ့ကောင့်ကိုရှောင်ပြီး လူနဲ့ကား အန္တရာယ်အဖြစ်ခံမလား ဒီကောင့်ကို မလွဲသာမရှောင်သာ တိုက်ပစ်ရမလားပေါ့။

ဒီကောင့်ပဲ တိုက်ချလိုက်ရတယ်။ ဒီကောင်လည်း ဒိန်းကနဲ လွင့်စဉ်ထွက်သွားတယ်။ ကားလည်း ခါထွက်သွားတယ်။ ဘာဖြစ်ကျန်ခဲ့လည်းတော့ မပြောတတ်။ သေတော့သေမယ်ထင်တာပဲ။ မသေတောင် တသက်လုံး ကိုယ့်လိုပဲ ဒုက္ခိတိဘဝနဲ့ နေသွားရတော့မှာပဲလို့တွေးပြီး စိတ်ထဲ နင့်ကနဲ တချက်ဖြစ်သွားတယ်။ စိတ်ထိခိုက်စရာပါ။ ဒါပေမယ့် မတတ်နိုင်ဘူး။

ကျနော်ကတော့ တိရိစ္ဆန်နဲ့ယှဉ်ရင် လူကို ပိုချစ် ပိုတန်ဘိုးထားပါတယ်။ တခါ လူလူချင်းယှဉ်ရင်တောင် လူကျင့်တရားရှိတဲ့သူကို ပိုမြတ်နိုးပါတယ်။ တခါ လူကျင့်တရားရှိတဲ့သူချင်းသူရင် ပိုအနစ်နာခံ ပိုစွန့်လွှတ်သူကို ပိုအလေးအမြတ်ထားပါတယ်။ တခါ အဲ့ဒီလူတွေအားလုံးနဲ့ ကိုယ်နဲ့ယှဉ်ရင် ကိုယ့်ကိုယ်ကို ပိုချစ် ကိုယ့်ဘဝကိုယ် ပိုတွယ်တာပါတယ်။

ခင်ဗျားအနေနဲ့ တိရိစ္ဆာန်ချစ်သူသက်သက်ဆိုရင်တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့လေ။ တိရိစ္ဆန်တွေအတွက် အသက်စွန့်တဲ့လူတွေတောင် ရှိပါတယ်။ ခင်ဗျားလည်း အဲ့သလိုမျိုးချစ်တတ်သူဆိုရင် အခု ခွေးလေခွေးလွင့်တွေကို အဆိပ်အမဲလုံးပစ်ကျွေးနေတာကို မကျွေးဖို့နဲ့ အခြားဒီ့ထက်ပို သင့်တော်မယ့်နည်းနဲ့ရှင်းဖို့ အကြံပေးတာ၊ ခွေးလေခွေးလွင့်နည်းသွားအောင် လူတွေကို ပညာပေးတဲ့စီမံချက်ရာမှာ တတပ်တအားပါဝင်တာ၊ ကိုယ်တိုင်ကူညီထောက်ပံ့တာ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တာ၊ သူများတွေ ကူညီထောက်ပံ့ပါဝင်လာအောင့် လှုံ့ဆော်စည်းရုံးတာတွေ လုပ်နိုင်ပါတယ်။

အဲ့လိုတွေလည်း ဘာတခုမှမလုပ်ပဲ ရက်စက်လှချည်ရဲ့ လုပ်ရက်လှချည်ရဲ့နဲ့ ရင်ဘတ်စည်တီးလုပ်နေရင်တော့ စည်ပင်ရုံးသွားပြီး အဲ့ဒီအဆိပ်တွေ
ခင်ဗျားတယောက်တည်း အကုန် သွားသာသောက်ပလိုက်ပေတော့။

ဘယ်သူကမှတော့ ခင်ဗျားကို ဆိုကရေးတီးစ်လို့ထင်ကြမှာမဟုတ်ဘူး။
ဧပြီ ၁၆၊ ၂ဝ၁၆