Thursday, May 19, 2016

အရာရာကိုတားဆီးနေတာ စစ်အုပ်စုနဲ့ကာချုပ်ပဲ (တူမောင်ညို –)

0 comments
တူမောင်ညို – အရာရာကို တားဆီးနေတာ စစ်အုပ်စု နဲ့ ကာချုပ် ပ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအပါအဝင် ပြည်တွင်းသတင်းဌာန ၂၇ ခုနဲ့ “ ကာချုပ်၊ ဒုကာချုပ်၊ ကာဝန်၊ ကာချုပ် လောင်းလျာတွေ”ပါဝင်တဲ့အဖွဲ့ မေလ ၁၃ ရက်နေ့က တွေ့ဆုံကြတယ်။ ဒီတွေ့ဆုံမှုမှာ ပြည်ပသတင်းဌာန တစ်ခုမှမပါဘူး။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးပွဲတက်ခဲ့ကြတဲ့ မီဒီယာတွေက ကိုယ့်ရှု့ဒေါင့်နဲ့ကိုယ်၊ ကိုယ့်စပွန်ဆာနဲ့ကိုယ် သန်ရာသန်ရာ ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြချက်တွေထဲမှာ အဆိုးဆုံးကတော့ “ငြိမ်းချမ်းရေးရရင် လွှတ်တော်ကနေ တပ်မတော်ထွက်မယ် — လူထုခေါင်းဆောင်ကို ဝန်းရံမယ်” ဆိုတဲ့ ဖော်ပြချက်ပါပဲ။
ဒီစကားက ခပ်ညံ့ညံ့လူပြိန်းပြော ပြောတဲ့စကားဖြစ်ပြီး “တဖက်သတ်သင့်မြတ်ရေးတမျက်နှာနဲ့ သည်းနုညှာလွယ်တွေ”အုပ်ထဲ ပစ်သွင်းလိုက်တဲ့ မီးခိုးဗုံးဖြစ်ပါတယ်။

၁၄ မေ ၂၀၁၆ ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့သတင်းအပေါ်မူတည်ပြီး ထင်မြင်ယူဆချက်ကို တင်ပြပါ့မယ်။
ခြုံငုံတင်ပြရရင် စစ်အုပ်စုရဲ့ တဗိုလ်၊ တမင်း၊ တအာဏာကို ဖော်ပြလိုက်တာပါပဲ။ ငြိမ်းချမ်းရေးယူဖို့ဆိုတာ ဒို့စစ်တပ်က ချမှတ်ထားတဲ့အစီအစဉ်အတိုင်းလက်ခံမှ ဖြစ်မယ်။ ဒို့လိုချင်တဲ့ငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေ လက်နက်ချရမယ်။ (NCA) မှာ လက်မှတ်ထိုးရမယ်။ (TNLA/ AA/ MNDA) တို့ လက်နက်ချရမယ်၊ “ရိုဟင်ဂျာ”ဆိုတာမရှိ၊ ကာချုပ်အနေနဲ့ ပင်စင်ယူဖို့အစီအစဉ်မရှိသေး ဆိုတဲ့အချက်တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။

တွေ့ဆုံပွဲသတင်းကို မြန်မာ့အလင်းနဲ့ကြေးမုံက ဒီလိုအစချီပြီးဖော်ပြထားပါတယ်။ “ထာဝရငြိမ်းချမ်းရေးရချင်ကြောင်း၊ ဒီ ငါးနှစ် အတောအတွင်း ငြိမ်းချမ်းရေးရအောင်လုပ်ကြမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပြောထားကြောင်း” တဲ့။
ဒီအပြောက ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်”အဖြစ် အသိအမှတ်မပြုတာကို ကာချုပ်အနေနဲ့ ဗြောင်အကျဆုံးဖော်ပြတာပါ။ တကယ်တော့ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ဆိုတာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆)နဲ့အညီ ခန့်အပ်ထားသူဖြစ်ပါတယ်။ နိုင်ငံတော်အင်္ဂါစဉ်ဆိုတာမှာ နံပတ် ၂ အဖြစ်စဉ်ထားသူကို နံပတ် ၈ နေရာမှာရှိတဲ့ “ကာချုပ်” က ပမာမခန့်ပြုတဲ့ အပြုအမူဖြစ်ပါတယ်။

အမြင့်ဆုံးဥပဒေပြုအာဏာပိုင်အဖွဲ့လို့ဆိုတဲ့ ပြည်တောင်စုလွှတ်တော်နဲ့ ထိုလွှတ်တော်က ပြုလုပ်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေကို စော်ကားတဲ့အပြောအဆို အသုံးအနှုန်းဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့တည်ဆဲဥပဒေကို “ကာချုပ်”က ချိုးဖောက်တာပါ။ ရသေ့တောင် က ရခိုင်လွှတ်တော်အမတ်ရဲ့ အပြောအဆိုနဲ့တင်ပြချက်ကို ပညာပေးဆုံးမခဲ့တဲ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ “ကာချုပ်”ရဲ့အခုပြောဆိုတဲ့ စော်ကားမော်ကားအပြုအမူကို ပညာပေးဆုံးမဖို့အစီအစဉ်ရှိပါသလား။
သတင်းစာဖော်ပြချက်ပါ ကာချုပ်ပြောစကားတွေအတိုင်းသာ အမှန်ဖြစ်တယ်ဆိုရင်တော့ ဒီချုပ်အစိုးရ ငါးနှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေးရဖို့မဖြစ်နိုင်ပါဘူး။ ဘယ်တော့မှလည်းရနိုင်မှာမဟုတ်ပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ စဉ်းစားမနေနဲ့တော့။

ကာချုပ်ရဲ့ “ ငြိမ်းချမ်းရေးမူ ၆ ချက်”ကို စစ်တပ်ကစွဲကိုင်ထားသမျှ ငြိမ်းချမ်းရေးဘယ်တော့မှ မရနိုင်ပါဘူး။ “ပင်စင်ယူဖို့ အစီအစဉ်မရှိသေးဘူး”လို့ ဆိုနေလေတော့ လက်ရှိ “ကာချုပ်” မနာ/မသေသေးသမျှ ငြိမ်းချမ်းရေးရဖို့မလွယ်ဘူးလို့ သေချာပေါက်ပြော နိုင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၁ရာစုပင်လုံညီလာခံခေါ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး စတာတွေမှာ အဓိက ခလုပ်ကန်သင်းဟာ၊ အတားအဆီးဟာ ကာချုပ်နဲ့စစ်အုပ်စုဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ (က)မှာ စာရင်းထိုးဖော်ပြထားတဲ့ “စုစုပေါင်းပုဒ်မ ၉၅ ခု” ဟာ “ကာချုပ်” သဘောမတူသမျှ ဘယ်လိုမှ ပြင်ဆင်လို့မရနိုင်ပါဘူး။
“တိုင်ထူလိုက်ရင် အရိပ်ပေါ်လာတယ်”ဆိုတဲ့စကားလိုပါပဲ၊တဖြည်းဖြည်းနဲ့ ပုံပေါ်ထင်ရှားလာတာကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ”မှာ အုပ်ချုပ်ရေး“တာဝန်”ပဲရှိနေပြီး တကယ့်အာဏာဟာ ကာချုပ်နဲ့စစ်တပ်လက်ထဲမှာပဲရှိမြဲ ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။

အမှန်တကယ်ပြောင်းလဲဖို့ဆိုတာမှာလည်း စစ်အုပ်စုကမြန်မာ့နိုင်ငံရေးမှာ ဘက်ပေါင်းစုံချုပ်ကိုင်ပြီး ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်နေတဲ့အဖြစ်ကို ဇစ်မြစ်ကနေ ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ ဒီအချက်ကို ပီပီပြင်ပြင်မပြောင်းလဲနိုင်သမျှ တကယ့်အပြောင်းအလဲဟာ လိုအပ်မြဲလိုအပ်နေဦးမှာပါ။

ဆရာဦးဝင်းတင်ပြောခဲ့တဲ့ “တတိယအရေးတော်ပုံ”ကို စဉ်းစားဖို့လိုပါတယ်။
အမှန်တကယ်ပြောင်းလဲလိုသူတွေရဲ့လက်ထဲမှာ “တာဝန်”ပဲရှိနေပြီး၊ အမှန်တကယ်ပြောင်းလဲကိုပြုလုပ်နိုင်တဲ့ “အာဏာ”မရှိရင် အမှန်တကယ်ပြောင်းလဲရေးကို တကယ်တမ်း အကောင်အထည်ဖော်လို့ ဖြစ်နိုင်ပါ့မလား။
မြန်မာ့အလင်းသတင်းစာ (၁၄-၅-၂၀၁၆)

0 comments:

Post a Comment