Friday, May 20, 2016

ကွန်မြူနစ်တစ္ဆေ (မြစမ်းအေး)

0 comments
ကွန်မြူနစ်တစ္ဆေ(မြစမ်းအေး)
ကွန်မြူနစ်ဆန့်ကျင်ရေးမှာ ပြည်တွင်းဖောက်ပြန်ရေးသမားများက နယ်ချဲ့သမားထက်သာတယ်။ ဒါဟာ ဗမာပြည်အဖို့ သမိုင်းနဲ့ချီလာတဲ့ဖြစ်ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ အာဏာနဲ့တိုက်ရိုက်ပတ်သက်နေလို့ ဖြစ်တယ်။ အာဏာရှိမှ ကြီးပွားမယ်၊ အာဏာပိုင်နဲ့ပိုင်မှ အဆင်ချောမယ်ဆိုတာ ဗမာပြည်အတွက် တက်ကျမ်းဖြစ်နေလို့ပဲ။

သမိုင်းကြောင်းကို နည်းနည်းပြန်ကြည့်ရအောင်။
ဒုတိယကမ္ဘာစစ်ပြီးစ အာရှကိုလိုနီနိုင်ငံများအတွင်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲနဲ့အတူ လွတ်လပ်ရေးတိုက်ပွဲ ဒီရေမြင့်လာတယ်။ ဗြိတိသျှနယ်ချဲ့သမားဟာ စစ်နိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်သော်လည်း စစ်ကြီးအပြီးမှာ အကြီးအကျယ်ချည့်နဲ့သွားခဲ့ပြီဖြစ်တယ်။ ဗြိတိသျှနေမဝင်အင်ပိုင်ယာချုပ်ငြိမ်းဖို့ သေချာနေပြီ။ သူ့ရဲ့ ကိုလိုနီခံတပ်ဖြစ်တဲ့အိန္ဒိယတိုက်ငယ်နဲ့ အီဂျစ်၊ ပါလက်စတိုင်း လက်လွတ်ရတော့မယ်။ ဗမာပြည်နဲ့ မလေး(စင်ကာပူ အပါ) ဆက်မထိန်းနိုင်တော့ဘူး။ ဒါပေမဲ့ အင်္ဂလိပ်က ပရိယာယ်ကြွယ်တယ်။ အပျော့ဆွဲနဲ့ စေ့စပ်တယ်။ ပြင်သစ်တို့ ဒတ်ခ်ျတို့နဲ့ မတူဘူး။

ပြင်သစ်နဲ့ ဒတ်ခ်ျတို့က စစ်ကြီးအတွင်း နာဇီဂျာမနီလက်အောက်ကျရောက်သွားသဖြင့် အထိနာသွားခဲ့ပြီ ဖြစ်တယ်။ သူတို့ရဲ့ကိုလိုနီနိုင်ငံများဖြစ်တဲ့ အင်ဒိုချိုင်းနားသုံးနိုင်ငံ(ပြင်သစ်)နဲ့ အင်ဒိုနီးရှား(ဒတ်ခ်ျ)တို့က လွတ်လပ်ရေးကိုတိုက်ယူတယ်။ ပြင်သစ်နဲ့ဒတ်ခ်ျတို့က သူတို့ရဲ့ကိုလိုနီဟောင်းကို ပြန်လည်ထိန်းသိမ်းဖို့အားမရှိတော့ဘူ။ ဒါပေမဲ့ သူတို့က အင်္ဂလိပ်လောက် ပရိယာယ်မကြွယ်ဘူး။ ပြင်သစ်က ဒိုင်ဘင်ဖူးတိုက်ပွဲမှာ(၁၉၅၄)ရှုံးတယ်။ ပြင်သစ်နေရာ ဝင်လာတဲ့အမေရိကန် ဗီယက်နမ်စစ်ပွဲမှာရှုံးတယ်(၁၉၇၅)။ အင်ဒိုနီးရှားမှာ ဒတ်ခ်ျအစား အမေရိကန် ဝင်လာတယ်။ အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ စစ်ခေါင်းဆောင်ဆူဟာတို အာဏာသိမ်းတယ် (၁၉၆၅)။ ကွန်မြူ နစ်တွေ ထောင်ချီအသတ်ခံရတယ်။

ပြောချင်တာက အင်္ဂလိပ်က ပရိယာယ်ကြွယ်တယ်။ သူ့အကျကို သိတယ်။ လက်လွတ်သွားတဲ့နိုင်ငံတွေကို ဗြိတိသျှဓနသဟာယနိုင်ငံများအဖြစ် သူ့ဩဇာနယ်ပယ်အောက်မှာ စုစည်းထားတယ်။ အဲဒီလို စုစည်းထားနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံများမှာ လက်ဝေခံလူတန်းစားတရပ်ကို မွေးတယ်။ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော်လည်း စီးပွားရေးအရ နယ်ချဲ့အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေးဖို့ဖြစ်တယ်။

နေရာဝင်ယူလာတဲ့ အမေရိကန်ကိုလည်း လွယ်လွယ်နဲ့ဖယ်ပေးတာ မဟုတ်ဘူး။ စူးအက်တူးမြောင်း အရေးအခင်း(၁၉၅၆) ပေါင်စတာလင်ငွေကြေးစနစ် ပြိုပျက်မှု(၁၉၇၁)တို့နောက်ပိုင်းမှ အမေရိကန်ရဲ့ လက်ထောက်ဗိုလ်ကလေးအဖြစ် လက်ခံတာဖြစ်တယ်။ ဂုဏ်သရေရှိဗြိတိသျှနိုင်ငံရေးသမား လူကြီးလူကောင်းများက ဘယ်တော့မှရှုံးတယ်လို့ မပြောဘူး၊ ဗျူဟာမြောက် ခွာစစ်ဆင်တယ် အောင်မြင်စွာဆုတ်ခွာတယ်လို့ပဲပြောပါတယ်။

အင်္ဂလိပ်နေရာဝင်လာတဲ့အမေရိကန်က ဆူပါပါဝါအသစ်၊ မင်းပျိုမင်းလွင်၊ အနုမြူလက်နက်ပိုင်ရှင် ဖြစ်တယ်။ မာရှယ်စီမံကိန်း၊ နေတိုးခေါင်သူကြီး၊ ကွန်မြူနစ်ထိန်းချုပ်ရေးပေါ်လစီတို့နဲ့ စစ်အေးခေတ်ကိုပုံဖော်တယ်။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတို့နဲ့ကြမ်းရမ်းတယ်။ ကမ္ဘာ့ပုလိပ်ကြီး လုပ်တယ်။ ဗီယက်နမ်စစ်မှာ အရှုံးကြီးရှုံးတဲ့အခါ ဆိုးဆိုးဝါးဝါးမှားခဲ့ပြီလို့အော်တယ်။ ပြောချင်တာက အမေရိကန်က ကြမ်းတယ်ရမ်းတယ်၊ အပြုတ်တိုက်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ သူက ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် စစ်အာဏာရှင်တွေကို မွေးတယ်။ စစ်အေးခေတ်မှာ တကမ္ဘာလုံး စီအိုင်အေကျောထောက်နောက်ခံနဲ့ စစ်တပ်ကအာဏာသိမ်းတာတွေ တခြိမ်းခြိမ်းပဲ။ ပတ်ချုံဟီး (တောင်ကိုရီးယား) ငိုဒင်ဇင်(တောင်ဗီယက်နမ်) လုံနိုး(ကမ်ဘောဒီးယား) ဆူဟာတို(အင်ဒိုနီးရှား) မာကိုစ့်(ဖီလစ်ပိုင်) ကစ်တီကာချွန်(ထိုင်း) နေဝင်း(ဗမာပြည်)စသည်။

ဗမာပြည်ကိုကြည့်ရအောင်။
အုပ်စိုးသူအဆက်ဆက် ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ရာမှာ အင်္ဂလိပ်ရဲ့ပရိယာယ်ဆင်တဲ့နည်းကော၊ အမေရိကန်ရဲ့အပြုတ်တိုက်တဲ့နည်းပါ သုံးတယ်။ ပါလီမန်ဒီမိုကရေစီအစိုးရကော စစ်အစိုးရအဆက်ဆက်ကော လူထုနည်းနဲ့အာဏာရလာတာမဟုတ်တဲ့ ဘယ်အာဏာရှင်အစိုးရပဲဖြစ်ဖြစ် ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူဆန့်ကျင်ရေးမလုပ်ရင် သူတို့ အာဏာမမြဲနိုင်လို့ပဲဖြစ်တယ်။

အင်္ဂလိပ်က ဗမာပြည်ကို လွတ်လပ်ရေးပေးရတော့မယ့်အခါ ကွန်မြူနစ်ဆန့်ကျင်ရေးသမားဖြစ်မယ့် နိုင်ငံရေးသမားများကိုရွေးတယ်မွေးတယ် ချီးမြှောက်တယ်။
ဖဆပလ-ကွန်မြူနစ်ညီညွတ်ရေး ပြန်လည်တည်ဆောက်ပြီး လုံးဝလွတ်လပ်ရေးကို အကြည်အသာနဲ့မရရင် ချဖို့အထိပြင်ဆင်လာတဲ့အခါ ဗိုလ်အောင်ဆန်းလုပ်ကြံခံရတယ်။ နိုင်ငံရေးစန်းမရှိတော့တဲ့ အလိုတော်ရိ လက်ယာနိုင်ငံရေးသမားကြီးများနဲ့လည်းမဖြစ်၊ ဂဠုန်ဦးစောလို လူသတ်သမားဆိုရင် ပိုဆိုးမှာဖြစ်တဲ့အတွက်၊ အင်္ဂလိပ်နယ်ချဲ့ဟာ လစ်ဘရယ်အကျဆုံးလို့ယူဆရတဲ့ ဖဆပလဒုဥက္ကဌသခင်နုလက်ထဲ အာဏာအပ်ခဲ့တာဖြစ်တယ်။ ဖဆပလထဲမှာ ကွန်မြူနစ်ပါတီကိုလည်း ထုတ်ပယ်ထားပြီးပြီ၊ ဆိုရှယ်လစ်တွေကလည်း ကွန်မြူနစ်ဆိုရင် သူဖြူရင်ကိုယ်မဲ၊ အာဏာရမက်ကလည်းကြီးတယ်။ အလိုတော်ရိတွေကလည်း အာဏာအဝန်းအဝိုင်းထဲ ပြန်ပါလာနိုင်ပြီဖြစ်တယ်။

ဗမာပြည်မှာ အရင်းရှင်စနစ်ဖြစ်ပေါ်တိုးတက်မှု တခြားအာရှနိုင်ငံများထက် နောက်ကျတယ်။ ဗျူရိုကရက်မြေရှင်နဲ့ ကုန်သည်ပွဲစားပဲများတယ်။ လယ်သမားကအများစု၊ အလုပ်သမားက ပြန်ကျနဲ့ အလုပ်ကြမ်းသမားက များတယ်။ အမျိုးသားအရင်းရှင်ဆိုတာကလည်း တော်တော်ကိုချည့်နဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်ကစလို့ ယခုခေတ်အထိ အခြေခံအားဖြင့်မပြောင်းလဲသေးဘူး။ စစ်ခရိုနီဆိုတဲ့ ခေတ်ပျက်သူဌေးက ဒီခေတ်မှာမှပေါ်တာပါ။ စစ်ဗျူရိုကရက်အာဏာနဲ့ ကိုယ်ကျိုးရှာကြီးပွားလာသူတွေဖြစ်တယ်။

ဖဆပလ၊ မဆလ၊ န၀တ-နအဖ၊ ယခုစစ်တပိုင်းအစိုးရ ခေတ်အဆက်ဆက် အာဏာနဲ့ကြီးပွားတဲ့ ဗျူရိုကရက်ဓနရှင်တွေ စစ်ဗျူရိုကရက်တွေပေါ်ခဲ့ပါတယ်။ အာဏာမဲ့သွားရင် အထည်ကြီးပျက်တွေ ဖြစ်သွားတာပဲ။ ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ အစိုးရပြောင်းရင် မျိုးဆက်ပြောင်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အာဏာရမက်ပိုကြီးပါတယ်၊ ဗျူရိုကရက်ဓနရှင်လူတန်းစားရဲ့ ပင်ကိုယ်လက္ခဏာကိုယ်၌က နယ်ချဲ့ကိုမှီခိုရတယ်၊ ပဒေသရာဇ်ကို ထိန်းသိမ်းရတယ်၊ ဒါမှ ကြီးထွားနိုင်မယ်။ ဒါ့ကြောင့် သူတို့ဟာ ဗီဇကိုယ်၌က ပြည်သူဆန့်ကျင်ရေး ကွန်မြူနစ်ဆန့်ကျင်ရေးရှိသူတွေဖြစ်တယ်။

ဗျူရိုကရက်ဓနရှင်တွေအာဏာမြဲနေသမျှ တိုင်းပြည်ဟာ ဆင်းရဲတွင်းက တက်နိုင်မှာမဟုတ်ဘူး။ ခေတ်မီဖွံ့ဖြိုးတဲ့စက်မှုနိုင်ငံ ဖြစ်လာမှာမဟုတ်ဘူး။ သူတို့ အကျပ်အတည်းတွေ့လေ ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူဆန့်ကျင်ရေးလုပ်လေဖြစ်မှာ တရားတခုလို ဖြစ်နေပါတယ်။ ဗမာဗျူရိုကရက်တွေက ပဒေသရာဇ်အစွဲပိုကြီးပါတယ်။ ယခုအထိ ရွှေတွင်းငွေတွင်းပတ္တမြားတွင်းနဲ့ ပယင်းဒုတ္ထာ ရတနာဆင်ဖြူ ပိုင်စိုးတော်မူသောဆိုပြီး ဘဝင်မြင့်နေကြတုန်းပဲ။ သယံဇာတထုတ်ရောင်းတာနဲ့ အခွန်ကောက်စားတာပဲလုပ်တတ်တယ်။ သူတို့ကြောင့် ပြည်တွင်းစစ်သက်ဆိုးရှည်တာ ဖြစ်သလို၊ ပြည်တွင်းစစ်တိုက်ပြီး စစ်ဗျူရိုကရက်အာဏာ တည်တံ့ခိုင်မြဲအောင်လုပ်နေသူတွေဖြစ်တယ်။ ဒါ့ကြောင့် တော်လှန်ရေးသမားလည်း ပေါတယ်။ အချောင်သမားလည်း ပေါတယ်။

၇၀ စုနှစ်လယ်ပိုင်းလောက်ကစလို့ စစ်အေးခေတ် ဒုတိယပိုင်းလို့သတ်မှတ်နိုင်တယ်။ တင်းမာမှု လျော့ပါးရေးကာလလို့ခေါ်ကြတယ်။ အမေရိကန် ရွှေခေတ်ကုန်ပြီ။ အကျဘက်ရောက်ပြီ။ စီးပွားရေးကပ်တွေ ကြုံလာရပြီ(၁၉၇၃ ရေနံကပ်) (၁၉၈၃ ငွေကြေးကပ်) စသည် စသည်။ စစ်အေးခေတ်ကုန်ဆုံး၊ သတင်းနည်းပညာနှင့် ကမ္ဘာမှုခေတ်၊ ယခုနောက်ဆုံး ငွေကြေးကပ်၊ ဥရောပပါဆွဲခေါ်သွားပြီ အကျယ်မပြောတော့ဘူး။

ဒီမိုကရေစီဖခင်ကြီးဖြစ်တဲ့အမေရိကန်က ကွန်မြူနစ်ဆန့်ကျင်ရေးကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတဲ့ လစ်ဘရယ်သဘောတရားအားဖြင့်ပဲ ပြောတော့တယ်။ လက်တွေ့အားဖြင့် ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ရေး ဆိုတာ မလုပ်တော့ဘူး။ လုပ်လို့လည်းမရဘူး။

ဗမာပြည် စစ်ဗျူရိုကရက်များကတော့ သူတို့အာဏာမြဲရေးအတွက် စစ်အေးခေတ်အတွေးအခေါ်နဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးကို လုပ်တုန်းပဲ။ အချောင်သမားတွေကလည်း ကွန်မြူနစ်ဆန့်ကျင်ရေးကို တက်ကျမ်းအမှတ်နဲ့ ကျင့်သုံးတုန်းပဲ။

ဒါပေမဲ့ ခေတ်က မင်းလောင်းမျှော်တဲ့ခေတ် မဟုတ်တော့ဘူး။ ဗမာပြည်သူလူထုကြီးဟာ အမှီအခိုကင်းစွာ မားမားမတ်မတ်ထရပ်ရင်း ဗမာပြည်သစ်ကို ကိုယ်တိုင်ဖန်တီးကြပါလိမ့်မယ်။ ကွန်မြူနစ်ဆန့်ကျင်ရေး တစ္ဆေအခြောက်ခံနေရတဲ့ ပြည်တွင်းဖြစ်ဖောက်ပြန်ရေးသမားများ မုချကျဆုံးရပါလိမ့်မယ်။
အရေးတော်ပုံဂျာနယ် အတွဲ(၂) အမှတ်(၃)မှ ဆောင်းပါး
ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတယ်။

0 comments:

Post a Comment