Sunday, May 1, 2016

ဓာတ်သိချင်းဆိုတော့ အထဲမှာလောက်အတိပြီးတဲ့ သဖန်းသီးတဲ့(တူမောင်ညို)

0 comments
"မေတ္တာမွန် ဗိုလ်လုပွဲ တော့စပြီ” လို့ ရေးရမှာလည်း “မေတ္တာမွန်”ဆိုတဲ့ စကားလုံးလေးနုနုလေးကို အလွန်ပဲ အားတုံ့အားနာဖြစ်မိပါတယ်။ ဓါးပြဗိုလ်အချင်းချင်းဗိုလ်လုပွဲကို ဒီလို နူးညံ့တဲ့စကားလုံးဝေါဟာရနဲ့ ဘယ်လိုတွဲပြီး ဖော်ပြဖို့သင့်တော်မှာလဲ။ “မေတ္တာမွန်”ဆိုတဲ့ စကားလုံးလေးသာ စကားပြောတတ်မယ် ဆိုရင်၊ “တူးပို့” ဆိုတဲ့ သံစဉ်စကားလုံးလေးလိုသာ မြတ်နိုးနှစ်သက်တန်ဖိုးထား ကိုယ်စားပြုသူတွေသာရှိမယ်ဆိုရင် “မေတ္တာမွန်”ဆိုတဲ့ စကားလုံးလေးကလည်း သူ့ကို ဒီလို လူဆိုးဗိုလ်တွေရဲ့ သူသေကိုယ်သေထိုးနှက်ကြတဲ့ပွဲမှာ မသုံးဖို့၊မရေးဖို့ ပြင်းပြင်းထန်ထန်ကန့်ကွက်မှာ သေချာပါတယ်။


ရေးသားဖော်ပြထားတာတွေက ထိထိမိမိရှိလှတယ်။ ညှိုးသူရန်ဘက်တွေချင်းပြောတဲ့ရေးတဲ့ စကားလုံးတွေဖြစ်တယ်။ သူတို့အချင်းချင် တယောက်အကြောင်းတယောက်  ခြေသဲလက်သဲ၊ ချေးခါးအူမ မကျန်သိကြသူတွေဆိုတော့ “အပြင်မှာအဆင်းလှပြီး အထဲမှာ လောက်အတိပြီးတဲ့သဖန်သီးပုံစံ သဘောထားရှိနေ”သူတဲ့။ “အဆိပ်ပါသည့် စကားလုံးလှလှလေးများသုံးပြီး ကွာဟသွားအောင် လုပ်ဆောင်နေတာ” တဲ့။ “တပ်မတော်အရာရှိအချင်းချင်း သွေးခွဲသည့်လုပ်ရပ်” တဲ့။ “အဖွဲ့အစည်းတခုတွင် ဦးစီးဦးဆောင်သူသည် အရေးအကြီးဆုံးပင်ဖြစ်၍ ဤသို့သွေးခွဲသည့်လုပ်ရပ်သည် အညှာကစပြီး ကိုင်ခြင်းလား”တဲ့။  “တချိန်က တပ်မတော်အတွင်းမှာ ရာထူး၊ သြဇာအာဏာမြင့်မားစွာရယူခဲ့ပြီး တပ်မတော်အစိုးရလက်ထက်မှာလည်း အခွင့်ထူးတွေရရှိခံစားကြသည့် တပ်မတော်သားဟောင်း အရာရှိကြီးအချို့ရဲ့ ဖောက်လွဲဖောက်ပြန်သစ္စာမဲ့မှုများကို တွေ့ရှိလာရပါသည်” တဲ့။

အဖွဲ့အစည်းတခု၊ ဖြစ်ရပ်တခုထဲမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေသူကသာ ထိုအဖွဲ့အစည်း၊ ထိုဖြစ်ရပ်ထဲက ပုဂ္ဂိုလ်များရဲ့စိတ်နေသဘောထားနဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေကို ပြင်ပကလူတွေ၊ အဝေးကလူတွေထက် ပိုပြီးအတွင်းကျကျသိနေတတ်တာ ဓမ္မတာပဲ ဖြစ်ပါလိမ့်မယ်။

ကြည့်ရတာ သိန်းအောင်စိုး (မြေလတ်သား) ကလောင်အမည်ခံသူက “အကင်း”လောက်ပဲ ဖော်ပြလိုက်ပုံရပါတယ်။ စစ်တပ်ပိုင် မြဝတီသတင်းစာကဖော်ပြတဲ့ ဆောင်းပါးဆိုတော့ စစ်တပ်ရဲ့အာဘော်၊ စစ်တပ်သဘောထားလို့ယူဆရမှာပါ။ ဆောင်းပါးရဲ့အာဘော်အနှစ်ချုပ်ကလည်း ဧပြီလ ၂၆ ရက်နေ့စွဲနဲ့ “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ထုတ်ပြန်တဲ့ “သူရဦးရွှေမန်း၏ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၁) ၏ (၄၇)နှစ်မြောက်ကျောင်းဆင်ပွဲနေ့ မေတ္တာမွန်စာလွှာပါဖော်ပြမှုအပေါ် ထုတ်ပြန်ချက်” ကို တိုက်ရိုက်ကိုယ်စားပြုထားတာဖြစ်ပါတယ်။

တကယ်တော့ အာဏာရစစ်အုပ်စုထဲက ဂိုဏ်းတိုက်ပွဲ၊ စားခွက်လုပွဲတွေဟာ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးစီးပွားအခြေခံပေါ်မှာမူတည်ပြီးဖြစ်ပွားတဲ့ပဋိပက္ခ လုံးဝမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးစီးပွားကို ငါသာလျှင်ဗိုလ်လုပ်ပြီး လက်ဝါးကြီးအုပ်ချယ်လှယ်မယ်၊ အုပ်စီးမယ်၊ မောင်ပိုင်စီးမယ်ဆိုတဲ့ အာဏာလောဘတိုက်မှုတွေကနေပေါ်ထွက်လာတဲ့ ရန်ပွဲတွေသာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်အုပ်စုတွင်းက ဒီလိုရန်ပွဲတွေ၊ စားခွက်လုပွဲတွေမှာ လက်ဦးမှုရသူတွေက သူတို့ကိုယ်သူတို့ တိုင်းပြည်နဲ့တပ်မတော်ကိုကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်တွေဖြစ်သယောင်ယောင် ဝါဒဖြန့်လေ့ရှိပါတယ်။ စားခွက်လုပွဲ၊ ဗိုလ်လုပွဲမှာ ရှုံးနိမ့်သွားသူတွေကို ကိုယ်ကျိုးရှာ၊ အခွင့်အရေးသမား၊ သစ္စာဖောက်တွေအဖြစ် တံဆိပ်ကပ်လေ့ရှိပါတယ်။

ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးဂိုဏ်းကို လက်ဦးမှုရှိရှိ ဖြိုခွင်းချေမှုန်းလိုက်နိုင်သူတွေက ဗိုလ်ခင်ညွန့်တို့အုပ်စုကို သစ္စာဖောက်တွေ၊ သူခိုးတွေအဖြစ် ဖော်ပြတာပါပဲ။ အကယ်၍သာ ဗိုလ်ခင်ညွန့်တို့ဂိုဏ်းကအသာစီးရခဲ့မယ်ဆိုရင် ဗိုလ်သန်းရွှေ – ဗိုလ်မောင်အေး – ဗိုလ်ရွှေမန်းတို့ကို သစ္စာဖောက်တွေသူခိုးတွေလို့ ဖော်ထုတ်မှာသေချာပါတယ်။ အခုတော့ ကြမ္မာရဟတ် တပတ်လည်တယ်လို့ သံဝေဂဆန်ဆန်ပြောရမလား၊ သမိုင်းတပတ်လည်တာလို့ပဲ ကောက်ချက်ချရမလား မသိပါဘူး။ ဗိုလ်ခင်ညွန့်ဂိုဏ်းကိုဖြိုခွဲစဉ်က အဓိကနေရာကပါခဲ့တဲ့ဗိုလ်ရွှေမန်းကို “အပြင်မှာ အဆင်းလှပြီး အထဲမှာ လောက်အတိပြီးတဲ့ သဖန်သီးပုံစံ သဘောထားရှိနေ”သူလို့ ရေးသားဖော်ပြနေကြပြီ။ (စားခွက်လုပွဲကနေ ရှုံးတဲ့သူတွေကတော့ စာအုပ်ရေး ထုတ်တာအစဉ်အလာလို ဖြစ်နေပြီ – ဒီလိုရေးတာတွေထဲက ငါသိ၊ ငါတတ်ကြွားတာဝါတာတွေ/ရူးပေါပေါရေးတာတွေကိုသည်းခံပြီး စစ်အုပ်စုတွင်းတိုက်ပွဲကို စူးစမ်းနိုင်ပါတယ်၊ ခန့်မှန်းကြည့်နိုင်ပါတယ် – ဒီပွဲပြီးတဲ့အခါ ရှုံးထွက်တွေက စာအုပ်တွေရေးလာလိမ့်အုံးမယ်ထင်တယ် ။ – စကားချပ် )

တကယ်တော့ စစ်အုပ်စုဟာ “တပ်မတော်”ကို ခုတုံးလုပ်ပြီး သူတို့အတ္တအကျိုးစီးပွားကို ကြီးမားကျယ်ပြန့်အောင်နဲ့ ထာဝစဉ်တည်တံ့အောင် အချည်းအနှီးကြံစည်နေကြသူတွေသာဖြစ်ပါတယ်။ “တပ်မတော်”ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး စစ်အုပ်စုအကျိုးစီးပွားကို အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နေကြသူတွေသာဖြစ်ပါတယ်။

ဒါကြောင့် ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ ရာစုနှစ်ဝက်ကျော်ကာလအတွင်းမှာ  စစ်အုပ်စုဝင်စစ်ဗိုလ်တွေသာ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာလာကြပြီး တိုင်းပြည်နဲ့ပြည်သူလူထုကတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေသွားခဲ့ရတာဖြစ်ပါတယ်။  ဒီဖြစ်ရပ်၊ ဒီပကတိအမှန်တရားကို တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတိုင်း မြင်နိုင်သိနိုင်ပါတယ်။
လက်တွေ့အားဖြင့် ဒီဗိုလ်လုပွဲဟာ ကြံ့ဖွံပါတီထဲက “သိန်းစိန် – ရွှေမန်း”ဂိုဏ်းအုပ်စု တိုက်ပွဲအဖြစ်ဖော်ပြနေပေမယ့်၊ တကယ်တော့ စစ်အုပ်စုတွင်းအာဏာစားခွက်လုမှုကို တိုက်ရိုက်ရောင်ပြန်ဟပ်ပြနေတာပဲဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပကေ သန္ဓေလွယ်သယ်ဆောင်လာတဲ့ ပဋိပက္ခတွေထဲက တခုပါပဲ။  ဒီတိုက်ပွဲကို ရေကုန်ရေခန်းတိုက်ရမှာပါ။ အနိမ့်ဆုံးအားဖြင့် ဒီတိုက်ပွဲဟာ ကြံ့ဖွံ့ပါတီ ၂ ခြမ်းကွဲခြင်းနဲ့အဆုံးသတ်သွားဖို့ အလားအလာတွေ့မြင်နေရပါတယ်။

“ဗိုလ်ရွှေမန်း ပါ ၁၇ ဦးဂိုဏ်း” ရှုံးပြီး ကြံ့ဖွံ့ပါတီထဲကနေ ထုတ်ပယ်ခံရမလား (သို့တည်းမဟုတ်) “ ဗိုလ်ရွှေမန်းပါ ၁၇ ဦးဂိုဏ်း” ကအနိုင်ရပြီး ကြံ့ဖွံ့ပါတီဆိုင်းဘုတ်ကိုအပိုင်ရမလား ဆိုတာကတော့   ဗိုလ်ရွှေမန်းတို့ဂိုဏ်းကတောင်းဆိုနေတဲ့ အရေးပေါ်ပါတီညီလာခံ ခေါ်ပေးမလား/မပေးဘူးလားဆိုတဲ့ အချက်နဲ့ ပါတီညီလာခံအဆုံးအဖြတ်အပေါ်မှာ တည်နေပါတယ်။ လက်ရှိစစ်တပ်က ဘယ်လိုပါဝင် ကစားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ စစ်တပ်ကတော့ ဗိုလ်ရွှေမန်းကို မလိုလားဘူးဆိုတော့ မြဝတီသတင်းစာဆောင်းပါးအရ ရှင်းနေပါပြီ။

တကယ်တော့ ကြံ့ဖွံ့ပါတီဟာ “၂၀၀၈ အခြေခံဥပဒေ”ကွင်းမှာကစားမယ့် စစ်အုပ်စုပါတီဖြစ်ပါတယ်။ ဒီအတွက်ရည်ရွယ်ပြီး “အသင်း” ကနေ “နိုင်ငံရေးပါတီဖြစ်စေ”ဆိုပြီး ဖြစ်လာတဲ့ပါတီပါ။ အငြိမ်းစားစစ်ဗိုလ်ချုပ်ဟောင်းများရဲ့ကလပ်အသင်းပါပဲ။ အငြိမ်းစားဗျူရိုကရက်ဟောင်းတွေ၊ သံအမတ်ဟောင်းတွေကတော့ “မြန်မာ့လူအခွင့်အရေးကော်မရှင်” ဆိုလားဖွဲ့ကြတယ်။

ကြံ့ဖွံ့ပါတီဟာ (မဆလ)အမွေခံ (တစည)နဲ့ မတူဘူး။ အဓိကမတူတာက ၂ ချက်ပဲ။
ပထမအချက်က (တစည)ပါတီဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကနေ မြောင်းထဲပို့လိုက်တဲ့ (မဆလ)ပါတီကို ဆက်ခံရတဲ့ပါတီဖြစ်တယ်။ ဒီတော့ (တစည)လို့နာမည်ဘယ်လို ပြောင်းပေမယ့် (မဆလ)ရဲ့ပုပ်သိုးနံဟောင်မှုတွေကို ဖုံးလို့ဖိလို့ မရဘူး။ ဆိုလိုချင်တာ နိုင်ငံရေးအရ မလှတော့တဲ့ ပါတီပဲ။ နိုင်ငံရေးသေဆုံးသွားတဲ့ပါတီ။ ဒါကြောင့် ၁၉၈၈ နောက်ပိုင်း စစ်တပ်ကနေ ပုံစံအမျိုးမျိုးထွက်သွားသူ စစ်ဗိုလ်တွေထဲမှာ ဘယ်သူများ (တစည)ပါတီထဲဝင်လို့လဲ။

ဒုတိယအချက်က (တစည)ပါတီကို တာဝန်ထမ်းဆောင်ဆဲစစ်ဗိုလ်တွေက “ပစား”မပေးတော့တာပဲ။ ဒါကလည်း (မဆလ)ပါတီရဲ့ နိုင်ငံရေးသေဆုံးမှုနဲ့တိုက်ရိုက်ဆက်စပ်နေတယ်။ နိုင်ငံရေးအရ ရုပ်ပြမကောင်းတော့ဘူး။ (တစည)ပါတီဟာ ရပ်ကွက်ဓမ္မာရုံဂေါပကရဲ့စတိုထဲက ပိန်ရှုံ့အညှိတက်နေတဲ့ အလှူခံဒန်ဖလားဟောင်းကြီးနဲ့တူနေပါတယ်။

ဒါကြောင့် “ကြံ့ဖွံ့အသင်း”ကို“ကြံ့ဖွံ့ပါတီ”အဖြစ် ပြောင်းပြီးပွဲထုတ်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် ကြံ့ဖွံပါတီဟာ စစ်တပ်က အငြိမ်းစားစစ်ဗိုလ်ကြီးတွေဝင်တဲ့ မျက်နှာကြီးပါတီဖြစ်တယ်။  ဒါ့အပြင် အငြိမ်းစားဗိုလ်ဟောင်းတွေ ချက်ချင်းလက်ငင်း ပါတီထိပ်တန်းခေါင်းဆောင်လုပ်နိုင်တဲ့/ဖြစ်တဲ့ပါတီပဲ။
စစ်ဗိုလ်ချုပ်တွေအဖို့ စစ်ယူနီဖောင်းချွတ်ပြီးတာနဲ့ ပါတီခေါင်းဆောင်ချက်ချင်းလုပ်နိုင်တဲ့ပါတီဟာ ကြံ့ဖွံ့ပါတီတခုပဲရှိတယ်။ လူထုလူတန်းစားကိုအလေးထားတဲ့၊ ဒီမိုကရေစီကို အလေးထားတဲ့ ပါတီတွေရဲ့စည်းမျဉ်းစည်းကမ်းမှာ ဒီလို ဗိုလ်ကျတဲ့လုပ်ဟန် လုပ်လို့ဘယ်ရမလဲ။ ကြံ့ဖွံ့ပါတီမှာက စစ်ဗိုလ်ဟောင်းဆိုရင် ဒီလိုလုပ်ခွင့်ရှိတဲ့ပါတီပဲမဟုတ်လား။ စစ်တပ်ထဲမှာရတဲ့ (seniority) ရာထူးဝါစဉ်အတိုင်း ပါတီမှာအကောင်ဖြစ်နိုင်တဲ့ စစ်တပ်ပါတီသာဖြစ်တယ်။

ဒီလိုပါတီထဲမှာ ပါတီဝင်ထုရဲ့ဒီမိုကရေစီဆိုတာ မူးလို့ရှူစရာဘယ်ရှိမှာလဲ။ ဆရာတပည့်ဂိုဏ်းအုပ်စုရဲ့မြှူဆွယ်မှုပဲရှိမယ်။ ဒါကြောင့်ပဲ သြဂုတ်လ ၁၂ ရက်လိုလုပ်ရပ်မျိုးကို မိုက်မိုက်ကန်းကန်း ဗြောင်လုပ်တာပဲ ဖြစ်ပါတယ်။ အခုလည်း “ဗိုလ်ရွှေမန်းပါ ၁၇ ဦး” ကို ကြံ့ဖွံ့ပါတီက ထုတ်ပစ်လိုက်သတဲ့။ အနားပေးလိုက်သတဲ့။

အခုတော့ ဗိုလ်ရွှေမန်းဂိုဏ်းက အရေးပေါ်ပါတီညီလာခံခေါ်ပေးဖို့တောင်းဆိုထားတယ်။ ဒီပွဲကို စောင့်ကြည့်အကဲခပ်ရမယ်။ ဒီပွဲဟာ ပွဲကြီးပွဲကောင်းတခုပဲ။ စစ်အုပ်စုဂိုဏ်းတိုက်ပွဲ/စားခွက်လုပွဲကို ပြည်သူတွေကွက်ကွက်ကွင်းကွင်းမြင်ရမယ့်ပွဲလည်းဖြစ်တယ်။

ဒီလိုပွဲဖြစ်လာတော့ ဆရာဦးဝင်းတင်ကို တမ်းတမ်းတတ သတိရမိပါတယ်။
ဆရာ အကျဉ်းထောင်ကလွတ်တော့ မီဒီယာတခုက ဆရာမြင်တဲ့ ကောင်းတဲ့အပြောင်းအလဲတခုပြောပြပါဆိုတော့ ဆရာက နိုင်ငံရေးသမားရဲ့အကင်းပါးမှု၊ သတင်းစာသမားရဲ့ထက်မြက်မှု ချက်ခနဲဘယ်လိုအဖြေပေးသလဲဆိုတော့ ထောက်လှမ်းရေးအဖွဲ့ကြီး ပြိုပျက်သွားတာကောင်းတဲ့ကိစ္စပဲလို့ ဖြေဖူးပါတယ်။

ဒါကြောင့် အခုလို ကြံ့ဖွံ့ပါတီထဲက သူသေကိုယ်သေ ဂိုဏ်းတိုက်ပွဲကို ဆရာမြင်ရင် ဘယ်လိုများ မှတ်ချက်ချမလဲလို့ မှန်းဆမိနေပါတယ်။

0 comments:

Post a Comment