Wednesday, May 11, 2016

လူထုနိုင်ငံရေး(ဒဂုန်တာရာ) ရှုထောင့်ဂျာနယ်၊ အမှတ်-၁၊ (၂၇ မတ် ၁၉၆၉)

0 comments
"လူထုကို ဓနရှင်အတွေးအခေါ်ရှိသူများက အထင်သေးတတ်ကြသည်။
ဓနရှင် အတွေးအခေါ်ဆိုရာ၌ ဓနရှင်အဖွဲ့အစည်းခေါင်းဆောင်များသာမက အလုပ်သမား လယ်သမားအဖွဲ့အစည်းများ၌ပင် ယင်းသို့ဓနရှင်အတွေးအခေါ်ရှိသူ ခေါင်းဆောင်များပါရှိနိုင်သည်။

ခေါင်းဆောင်ဆိုသည်မှာ အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်သားလူတန်းစား အဖွဲ့အစည်းများ၌ အခိုက်အတန့်အားဖြင့် ခေါင်းဆောင်နေရာသိမ်းပိုက်ရရှိနိုင်ကြသည်။ ယင်းဓနရှင် အတွေးအခေါ်ရှိသူခေါင်းဆောင်များက လူထုသည် စည်းမဲ့ကမ်းမဲ့ အသိဥာဏ်မရှိ၊ မရင့်ကျက်သေး စသည်ဖြင့် ထင်မှတ်နေကြသည်။

တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ကွက်၍ကြည့်လျှင် စည်းမဲ့ကမ်းမဲ့ အသိဉာဏ်မရှိဟု ထင်နိုင်သည်။ သို့သော် လူထုတစ်ရပ်လုံးအနေကား ယင်းသို့မဟုတ်ပေ။

လူအုပ်သဘောနှင့်လူထုသဘောကို ခွဲခြားမြင်ဖို့ လိုပေသည်။ လူမျိုးရေးအဓိကရုဏ်းများ၌ ယင်းလူအုပ်သဘောကို တွေ့နိုင်သည်။ လူအုပ်သည် အခိုက်အတန့် လှုံ့ဆော်ခြင်းခံရသဖြင့်လည်းကောင်း၊ ရုတ်တရက်ဖြစ်ပေါ်လာသောစိတ်လှုပ်ရှားမှု၏ စေစားခြင်းကြောင့်လည်းကောင်း အဆင်အခြင်ကင်းမဲ့စွာ ပြုမူတတ်သည်။ သို့သော် လူထုတစ်ရပ်လုံးအနေကား လူသားစိတ်ရှိသည်။ တော်လှန်ရေးစိတ်အပြည့်အဝရှိသည်သာဖြစ်သည်။

တော်လှန်ရေး၌ လူထုမပါဘဲ မအောင်မြင်နိုင်သည်ကို တွေ့ရပေမည်။ ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး စသော အမျိုးသားတော်လှန်ရေးများ၌ လူထုကြောင့် တော်လှန်ရေးအောင်မြင်ခြင်းဖြစ်သည်ကို တွေ့ရပေမည်။ လူထုသာမပါလျှင် တော်လှန်ရေးသမားများသည် ရန်သူ၏ အဖမ်းခံအသတ်ခံကြရမည်သာ ဖြစ်ပေသည်။"

"ခေါင်းဆောင်သည် ပညာတတ်ဖြစ်နိုင်သည်။ ဓနရှင်လူတန်းစားသားသမီးလည်း ဖြစ်နိုင်သည်။ သို့သော် သူသည်လူထု၏ဆန္ဒအရ လူထုကိုယ်စားဆောင်ရွက်ခြင်းသည် လူထုနိုင်ငံရေး ဖြစ်ပေသည်။ ဖိနှိပ်သော လူတန်းစားတစ်ရပ်အတွက်၊ သို့မဟုတ် လူတစ်စုအတွက်အကျိုးပြုသောနိုင်ငံရေးကား လူထုနိုင်ငံရေး မဟုတ်ပေ။ အရင်းရှင်နိုင်ငံရေးသာ ဖြစ်ပေသည်။ လူထုဆန္ဒအရဆောင်ရွက်ခြင်းသာလျှင် ပြည်သူတို့၏ လွတ်မြောက်ရေးအတွက်ဆောင်ရွက်သော တကယ့်နိုင်ငံရေးဖြစ်ပေသည်။"
ဒဂုန်တာရာ - လူထုနိုင်ငံရေး၊ ရှုထောင့်ဂျာနယ်၊ အမှတ်-၁၊ (၂၇ မတ် ၁၉၆၉)

0 comments:

Post a Comment