အရိုးကို အရွက်ဖုံးကြပါ
=============
အရိုးကို အရွက်မဖုံးစေနဲ့ဆိုတဲ့စကား ဘယ်ခေတ်ကစလိုက်တဲ့ ဝါဒမှိုင်းလဲတော့မသိ။ အသစ်အဆန်းကို လက်ခံချင်တဲ့စိတ်၊ ဆန်းသစ်တီထွင်ချင်တဲ့စိတ်တွေကို အတော်ပဲ သင်းကွပ်နိုင်တဲ့အယူအဆတရပ်ပါပဲ။
Gone with the wind ကို မြသန်းတင့်ဘာသာပြန်တဲ့ လေရူးသုန်သုန်ဝတ္ထုကြီးထဲမှာ ဇာတ်လိုက် ရက်ထ်ဘတ်တလာက ပြင်သစ်ကပြန်လာတော့ အထည်စ တမျိုးပါလာတယ်။ ဘယ်လောက်တောင် ပါးလျပျော့ပျောင်းတဲ့အဝတ်စလည်းဆိုရင် လူတဝတ်စာအရွယ်အစားကို လက်သီးဆုပ်ထဲ လုံးပြီး ဝှက်ထားလို့ရသတဲ့။ ဒါကို ဝါခင်းတွေသာရှိတဲ့ အမေရိကန်တောင်ပိုင်းသူတွေမြင်တော့ သဲသဲလှုပ် လိုချင်ကြတယ်ဆိုပဲ။ (ငယ်ငယ်ကဖတ်ခဲ့တာမို့ အသေးစိတ်တော့ မမှတ်မိပြီ)။
ရုပ်ရှင်ပြန်ရိုက်တဲ့ အထဲမလဲ ရက်ထ်က စကားလက်အိုဟာရာကို ပြင်သစ်ကပါလာတဲ့ အမျိုးသမီးဆောင်းဦးထုပ်ပေးလိုက်တော့ စကားလက်က ဝမ်းသာအားရ ချက်ချင်းယူဆောင်းလိုက်တာပဲ။ ရှေ့နဲ့နောက်မှားဆောင်းလို့ ရက်ထ်က ပြင်ပေးရတယ်။
ဗမာအသိုင်းအဝိုင်းမှာ ဆိုရင်တော့...."အိုအေ၊ ဘာပုံကြီးလဲ မသိပါဘူး။ ရှက်စရာကြီးပါအေ"ဆိုပြီး တော်တော်နဲ့ဆောင်းဖြစ်ကြမယ် မထင်ဘူး။ ဆိုလိုတာက အသစ်အဆန်းကို အလေးအမြတ်ပြုတတ်တဲ့စိတ်ကို ငယ်ငယ်ကတည်းကသင်းကွပ်ခံထားရတော့ တခုခုဆိုရင် ချက်ချင်းနှစ်သက်လက်ခံတတ်ဖို့ ဝန်လေးကြတဲ့ သဘောပါ။
ဒါကြောင့်မို့လည်း အနောက်တိုင်းဂီတမှာ လေမှုတ်တူရိယာမျိုးစုံ၊ ကြိုးတပ်တူရိယာမျိုးစုံ၊ ရိုက်ခတ်တီးမှုတ်ရတဲ့တူရိယာမျိုးစုံ စသဖြင့် တူရိယာအမျိုးအစားစုံသလောက် မြန်မာ့ဆိုင်းဝိုင်းမှာတော့ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုပြီး ဒီပစ္စ္စည်းတွေက မတက်။ စိန်ဗေဒါကြီးတီးတုန်းကလည်း ဒီဆိုင်းဝိုင်းကြီးပဲ။ အခု မြန်မာပြည်ကျောက်စိမ်းလက်ထက်လည်း ဒါပဲ။ တိုးတက်မလာဘူး။ စောင်းတောင် မြဝတီမင်းကြီးဦးစတို့၊ ဒေဝဣန္ဒာမောင်မောင်ကြီးတို့နည်းနည်း ချဲ့ထွင်ဖော်ရပေလို့။
လှည်းဘီးဆိုလည်း မင်းတုန်းမင်းလက်ထက်ကနေ အခု ထော်လာဂျီခေတ်သာ ရောက်ခဲ့တယ်။ တပုံစံတည်းပဲ။ ကုန်းဆင်းကုန်းတက် နွားသက်သာအောင် ဘရိတ်တွေဘာတွေ ထွင်ရကောင်းမှန်းမသိလို့ ဝန်အပြည့်နဲ့လှည်းတွေ ချောင်းကူးမြစ်ကူး ချောက်ကမ်းပါးထဲ နောက်ပြန်ဒလိမ့်ခေါက်ကွေးလိမ့်ကျတာ မကြာခဏပဲ။
ကြာတော့ ဒီလူ့အဖွဲ့အစည်းက ဘာမှအဆန်းမထွင်လို့ ဘာမှ ဖြစ်မလာတာကို အပြစ်မမြင်ပေမယ့် အဆန်းထွင်လို့မှားရင် ဟားတိုက်ရယ်မောတတ်၊ အပြစ်ပြောတတ်တဲ့အကျင့်ကြီး စွဲလာတယ်။ ဒီတော့ လူတွေကလည်း အပြစ်အပြောမခံရမယ့်အလွယ်နည်းကို လိုက်လာကြတယ်။
လူရွှင်တော်ပြက်လုံးခွင်တွေဟာ တခါလာလည်း မဲပြာပုဆိုး ခေါက်ရိုးကျိုးပြက်လုံးတွေ ဖြစ်လာတယ်။
နည်းပညာ၊ ယဉ်ကျေးမှု၊ ဘာသာစကား စတာတွေဟာ တနေရာမှာပဲ ရေသေလို တန့်နေလို့မရဘူး။ စီးဆင်းနေရမယ်။ တိုးတက်နေရမယ်။ ပြောင်းလဲနေရမယ်။
ပုဂံခေတ်က မြန်မာစကားနဲ့ အခုမြန်မာစကား မတူဘူး။ ခေတ်အလိုက် ပြောင်းလဲတိုးတက်ခဲ့တယ်။ ပုဂံခေတ်က ဝတ်စားဆင်ယင်ပုံနဲ့ အခုဝတ်ပုံနဲ့လည်း မတူ။ အရင်က မြင်းနဲ့ ခရီးသွားတယ်။ အခု ကားနဲ့သွားမယ်။
နေရာတကာ အရိုးပေါ်အရွက်မဖုံးစေနဲ့လုပ်နေရင် အရာရာမှာ နောက်ကျ ကျန်ခဲ့လိမ့်မယ်။ ရှေးရိုးစွဲတွေ ဖျောက်ကြ။
စတီရီယို ခေတ်ဦးက ပေါ့ပ်တွေ၊ ရော့ခ်တွေကို ပေါက်ကရပြောခဲ့သူတွေလည်း ကျဆုံးခဲ့ကြပြီ။ မြန်မာဆန်ဆန် ထမီဝတ်ဖို့ပြောသူတွေလည်း ကျဆုံးစပြုနေကြပြီ။ ရက်ပ်ကို အမြင်ကတ်သူတွေလည်း နေရာတကာ ရက်ပ်သီချင်းလွှမ်းနေတာကို သည်းခံနားလည်ပေးနေရပြီ။
အခု ကောင်မလေးတွေ ပွေ့ဖက်ခံတာကို မျက်စိစပါးမွှေးစူးသူတွေလည်း တချိန်တော့ ငါ့မြေးရယ် အဘွားကိုဖက်ပါဦး ဖြစ်လာနိုင်ဖွယ်ရှိတယ်။
ဒါကြောင့် ရှေးရိုးစွဲတဲ့ အရိုးတွေကို ဆန်းသစ်တီထွင်သော အရွက်ဖားဖားတွေနဲ့ နာနာကြီး ဖုံးအုပ်နိုင်မှသာ လူ့အဖွဲ့အစည်းဟာ စိမ်းလန်းစိုပြေ စည်ပင်ဖွံ့ထွားနိုင်မယ်။

0 comments:
Post a Comment