Monday, May 23, 2016

မနေတတ်မထိုင်တတ်(မျိုးမြင့်ချို)

0 comments
တသက်လုံး အာဏာရှင်စနစ်အောက်မှာ လူမွှေးလူတောင်မပြောင်နေခဲ့ရတဲ့ပြည်သူတွေက ခု အရပ်တပိုင်းဦးထင်ကျော်အစိုးမရတရကို ရှင်းရှင်းမြင်တယ်။

ပြောင်းလဲချိန်တန်ပြီ အသံပြာအောင်အော်ပြီး ဖွဲ့စည်းပုံပြင်၊ ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးကြွေးကြော်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအောက် ခေါင်းလျှိုသွားတာဆိုပြီး။ ဒါပေမယ့် တဘက်မှာလည်း မရဲတရဲအားကိုးကြည့်ချင်စိတ်ကလေးကလည်းရှိနေတော့ ဒါလောက်တော့ နားလည်ပေးရမှာပေါ့ဆိုပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်လိုစိတ်ကို ကြိတ်မှိတ်မြိုချ သည်းခံပေးနေရတာပဲ။

ဖွဲ့စည်းပုံပြင်မယ့်လေသံ ခု ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စစ်အုပ်စုအလိုကျ လူမျိုးစုတွေဘက် လှည့်ရန်ထောင်ပေးတာလည်း ဒါလည်း ယာယီသဘောမို့ နားလည်ပေးရမှာပဲဆိုကာ အောင့်အီးနမ်းနေရတာပါပဲ။ 

အစိုးရကသစ်တဲ့အပြင် ဘာနိုင်ငံရေးအတွေ့အကြုံ ဘာဒီမိုကရေစီဖြတ်သန်းမှုထဲမှာမှ စွမ်းစွမ်းတမံ မပါခဲ့သူတွေအပြင် စစ်အာဏာရှင်ဟောင်းတွေကိုပါ ရာထူးနေရာတွေပေးပြီး ပယောပယီလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ နားလှည့်ပါးရိုက်နေသလိုခံစားမိလည်း ကာလတခုတော့ ဒီအတိုင်းဖြတ်ရဦးမှာပဲဆိုပြီး ကြည်ဖြူပေးနေကြတာပါပဲ။ 

မလုပ်တတ်မကိုင်တတ် မပြောတတ်မဆိုတတ်တွေကတဘက်၊ အရင် စစ်ဗျူရိုကရေစီယန္တယားဟောင်းကြီးနဲ့ ဗျူရိုကရက်အရာရှိဆိုးတွေက တဘက် သေနတ်ခါးထိုးတဲ့စစ်ဗိုလ်တွေကို တုန်နေအောင်ကြောက်ရတာကတဘက် အဘက်ဘက်မှာ အကျပ်အတည်းတွေရှိနေမှန်းလည်း လူထုကသိပါတယ်။ 

လူထုရဲ့နိုင်ငံရေးရေချိန် သိမြင်နားလည်နိုင်စွမ်းနဲ့ စိတ်ရှည်သီးခံမှုကတော့ အံမခန်း ကြီးမားနက်ရှိုင်းတယ်။ ဒါကပြည်သူဘက်က။

သူတို့ဘက်ကကြတော့ တသက်လုံးလည်း စစ်အာဏာရှင်စနစ်အောက်မှာနေခဲ့ရ၊ ပါတီထဲကြပြန်တော့လည်း ဓါးတစင်းမြင်းတလက်နိုင်ငံရေးဦးဆောင်မှုခံရ ခုသမ္မတနဲ့အစိုးရဆိုပြီးဖြစ်ပြန်တော့လည်း ဘာအစိုးမှမရဆိုတော့ ကသိကအောက်နဲ့ အနေရအထိုင်ရခက်တွေဖြစ်။

ဒီမိုကရေစီလည်းပြောထား အာဏာရှင်စရိုက် ဉဉ်နဲ့ဗီဇကလည်း ဖျောက်မရဆိုတော့ အတော်လေး မနေတတ်မထိုင်တတ်ဖြစ်နေပုံပဲ။ တချက်တချက် ရှက်ရမ်းကလည်း ရမ်းသေး။

အင်း စစ်အာဏာရှင်စနစ်အောက် ကြီးရတာခြင်းအတူ မနေတတ်မထိုင်တတ်တွေဖြစ်နေရတဲ့အစိုးရနဲ့ ယှဉ်တော့မှ ပြည်သူတွေဘဝအသိရေချိန်က အံဘနန်းမြင့်မားနေတာ ပိုပေါ်တယ်။
မေ ၂၃၊ ၂ဝ၁၆

0 comments:

Post a Comment