Friday, September 25, 2015

စာခြောက်ထောင်းစားသူများ ၃ (မျိုးမြင့်ချို)

0 comments
(စာခြောက်ထောင်းစားသူများ ၃)
ဆေးပေါ့လိပ်ဆိုသည်မှာ တဖွာနှင့်တဖွာကြား ခနနားနားပေးရ၏။ ဆက်တိုက်ဖွာလျှင် ဖင်တွေပူလာပြီး ဖွာလိုက်တိုင်း ပါးစောင်တွေပူလောင်လောင်ဖြစ်ကာ ရှိုက်လိုက်တိုင်း လည်ချောင်းထဲစပ်ရှားရှားနိုင်၏။ တယောက်တည်း တလိပ်သောက်ရသည့်အခါ စိတ်တိုင်းကြ နှပ်၍ ရသော်လည်း ခုလို တယောက်တလှည့် လှည့်ဖွာရသည့်အခါ ပြဿနာရှိ၏။ ကိုယ်ကလည်း အလှည့်ရောက်တုန်းလေး ငတ်ငတ်နှင့် ဝဝလေး ဖွာလိုက်ရှိုက်လိုက်ချင်၊ နောက်လူကလည်း စောင့်နေဆိုတော့ သိတ်ဇိမ်ဆွဲနေလို့မရ။ မြန်မြန်ဖွာ များများဝင်အောင်ရှိုက်ရ၏။
ဖွာပြီးသည်နှင့် ပါးစပ် ယောင်လို့ပင်မဟမိအောင် ကြီးစွာသောသတိ ကပ်ထားရ၏။ မီးခိုးလေးတမျှင်ပင် အလဟသအဖြစ်ခံလို့မရ။ တခါ ရှိုက်ထားတုန်းလေး အဆုတ်ထဲ အငွေ့ကြာကြာနေရန် ချက်ခြင်းပြန်မထုတ်ပဲ စုပ်ငွေ့ကို နိုင်သမျှအောင့်ထားရ၏။ ဒါမှ ရှိသမျှ နစ်ကိုတင်း အဆုတ်ထဲကျန်ခဲ့မည်မဟုတ်လား။ ပြန်ထုတ်လိုက်သည့် မှုတ်ငွေ့တွင် နစ်ကိုတင်း ပြန်အပါ များမသွားရေး အလေးထားရ၏။ ဤကား အလှည့်ကြဆေးလိပ်သောက်ဖူးသူတိုင်း ကြုံရမြဲဓမ္မတာပင်။
ဆေးလိပ်သောက်ခြင်း ပရောဆက်မှာ ဆေးလိပ်ဖင်စီခံကို အလောတော်အနေအထား နှုပ်ခမ်းတွင်တေ့ပြီး ပါးစပ်ထဲလိုသလောက်ဖွာယူ၊ ပြီးမှ ရှိုက်သွင်း၊ ပြီးတော့ပြန်ထုတ်၊ ဒါပဲဖြစ်၏။ ဤမှာပင်လျှင် တချို့က နည်းနည်းခြင်းဖွာ ဖြည်းဖြည်းခြင်းရှိုက် တငွေ့ငွေ့ပြန်ထုတ်၏။ ဖွာသည့်အခါ ပါးပင်မဖေါင်းလိုက်။ တချို့က ပါးစပ်အပြည့်ဖွာ၊ အငွေ့တဝက်ကျော်လောက် အပြင်ထုတ်၊ ပြီးမှလက်ကျန်ရှိုက်သွင်း၊ မနှေးမမြန်ပြန်ထုတ်။ တချို့က ပါးစောင်ဖောင်းသည်အထိဖွာ၊ ရှူးကနဲအကုန်ရှိုက်သွင်း၊ အငွေ့တန်းကြီးဖြစ်သည်အထိ ဟူးကနဲမှုတ်ထုတ် စသည်ဖြင့် ကွဲပြားတတ်၏။ သို့သော် နှုပ်ခမ်းတေ့တာ ဖွာတာ ရှိုက်တာ ပြန်မှုတ်ထုတ်တာ စသည့်ပရောဆက်ကား အတူတူပင်။
မီးညှိပြီးပြီးခြင်း “တပည့်တော်ကပ္ပိပြီးပြီဖျာ့”ဟု သခင်လူငယ် သောက်တော်ဦးတင်သည့်ဆေးလိပ်အား သောက်ဦးသောက်ဖျားလိုင်စင်ရ ဦးဇင်း၏သောက်ပုံကား ထူးခြား၏။ ဆေးလိပ်အဖျားဘက်ကို လက်ဖဝါးခွက်ထဲထား၊ ဖင်စီခံကို လက်မနှင့်လက်ညှိုးကြားညှပ်၊ လက်ခုံကို နှုပ်ခမ်းဘက်ကပ်၍ ရှူးကနဲသံရှည်ကြီးဆွဲကာ အသားကုန် အဆုပ်ပြည့်ရှိုက်သွင်း၏။ လက်မလက်ညှိုး ဖင်စီခံနှင့်နှုပ်ခမ်းကြား လေဝင်ရန် နည်းနည်းလေး အဟထားပုံရ၏။ ဆေးလိပ်မီးခိုးငွေ့ချည်း အဆုပ်ထဲ တိုက်ရိုက်ဝင်သည်မဟုတ်ပဲ လေပါနည်းနည်းနည်းနည်းပါသွားပုံပေါ်၏။ မီးခိုးငွေ့ချည်းပဲ ဤမျှအလုံးလိုက်အခဲလိုက်ကြီး ရှိုက်သွင်းနိုင်ဖို့ အတော်ခဲယဉ်းမည်ထင်၏။ သူ့ တလှည့်စာ ၃ ရှိုက်သည် သူများ ၂ လှည့်စာ ၆ ဖွာနှင့်ညီမည်ထင်၏။
ထိုနည်းနှင့် ဦးဇင်းအလှည့်ပြီးသည့်အခါ ဆေးလိပ်ဖျားတွင် ပြာအတောင့်လိုက်ကျန်၏။
ဖင်လည်း ပူထွက်သွား၏။ ဆေးလိပ်လည်း အတော် ကျိုးသွား၏။ မီးလည်း မညီမညာ ဖြစ်ကုန်၏။ သူ့နောက်သောက်ရမည့်သူက တော်တော်နှင့်သောက်မရ၊ မီးညီအောင် တံတွေးဆွတ်ရ၏၊ ဖင်အေးအောင် အစီခံမှုတ်ရ၏။ ခနစောင့်ပြီးမျ သုံးဖွာ ဖွာ၊ ၃ ရှိုက် ရှိုက်ကာ နောက်တယောက်ကို လက်ဆင့်ကမ်းရ၏။ ကြာတော့ ဘယ်သူမှ ဦးဇင်းနောက် အလှည့်ကြသူ မဖြစ်ချင်ကြ။ ဖဲစကားနှင့်ပြောရလျှင် ဦးဇင်းအောက်အိမ်မဖြစ်ချင်ကြ။ သို့သော် မဖြစ်လို့မရ။ သူ့ကို လက်ထိပ်အိမ်နေရာပဲ အစဉ်ထားရ၏။ မထားလျှင် မျက်နှာညိုချင်၏။ ဆောင့်ဆောင့်အောင့်အောင့်လည်း လုပ်တတ်၏။ တခါတလေ ဘယ်သူ့မှ စကားမပြောပဲ မျက်နှာပုတ်ကြီးနှင့် ဘဝနာပွားသလို အဖက်မတန်သလို တနေကုန်လုပ်နေ၏။ လူလေး ၄ ယောက်နေသည့်အခန်းထဲ တယောက် အဲ့သလိုဖြစ်နေပြီဆို ကျန်သူတွေအနေရခက်၏။ လူဆိုလျှင်တော်သေး၊ ခုက ဘုန်းကြီး။ ဘုန်းကြီးမှ လက်နက်ကိုင်တော်လှန်ရေးခြံစည်းနား ဖြတ်လျှောက်ခဲ့ဖူးသူဆိုတော့ ပိုဆိုး၏။
ထိုသို့ဖြစ်ပြီး လပြည့်လကွယ်ညများ ဘေးအခန်းတွေက တရားတောင်းပြီဆို ဘယ်ဇာတ်တော်တို့ ဘယ်နိပတ်တော်တို့ကဆိုကာ “စားဦးစားဖျား ဘုရားတင်သဖြင့် ရဟန်းကိုလှူသဖြင့် မသေခင် ဥစ္စပေါရုပ်ချောဖြစ်၊ သေပြီးနောက် နတ်တွေဘာတွေဖြစ်ကြောင်း အဲ့သလို မလုပ်သဖြင့် ရှင်နေတုန်းလည်းဆင်းရဲ သေတော့လည်းပြိတ္တာဖြစ်”စသည့်တရားမျိုး ဟောတတ်၏။
ဦးဇင်း အဲ့ဒါမျိုးတွေဟောလျှင် သခင်လူငယ်က “ချီးတောင် သူများဆေးပြီးသားဂန်ဖလားထဲမှာ ပြာအသစ်ခင်းပြီး အရင်ဆုံးပါသေးတာပဲဟာ” ဟု ရေချိုးဆင်းရင်း မဲ့ကာရွဲ့ကာအတင်းပြော၏။ ကျနော်က “အခွင့်ထူးခံတဲ့အကျင့်ပါနေတာဗျ၊ လူက သီလ သမာဓိ ပညာ သိက္ခာ အစအစ အရာရာသာလည်း သူတို့က ရှိခိုးကန်တော့ခံဘဝဆိုတော့ ဒီလောက်တော့ရှိမှာပဲ”ဆိုကာ မီးလောင်ရာလေပင့်၏။ ခေါင်းဆောင်ကြီးလည်း ဦးဇင်း ဒါမျိုးတွေပြောလာလျှင် သိတ်မကြိုက်၊ မမှန်မှန်းလည်းသိ၏။ သို့သော် မှန်ပါ့ဖျာ့ မှန်ပါ့ဖျာ့ လုပ်၏။
ယင်းသို့လုပ်ရသည်မှာလည်း သူ့အကြောင်းနှင့်သူဖြစ်၏။ သူ ဦးဇင်းကို သွားကလန်မိလျှင် သူတို့လုပ်နေသည့် “ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် ထေရဝါဒသာအမှန်”ကိစ္စအတွက် အပြန်အလှန်ထောက်ခံမည့်သူ အတိုင်အဖေါက်လုပ်ရမည့်သူ မရှိတော့။ သည်တော့ ဦးဇင်းပြောသမျှ မှန်မှန် မမှန်မှန် မှန်ပါ့ဘုရားရ၏။ ဦးဇင်းကလည်း ထိုအကြောကိုနောကြေ၏။ ထို့ကြောင့် စကားဆုံးတိုင်း “ဟုတ်တယ်မှတ်လား ဒကာ”ဟု ထောက်ခံမဲတောင်း ဆွယ်မေး မေး၏။ ခေါင်းဆောင်ကြီးကလည်း တင်ပါ့ဖျာ့၏။ တယောက်အညှာ တယောက်ကိုင်ကာ တယောက်အမြီးနှင့် တယောက်ချည်ထားကြသည့်သဘောမျိုးပင်။
သို့သော် ဦးဇင်းကိုကား နောက်ဆုံးထားဖို့မပြောနှင့် အလယ်ထိုင်ပင်ထား၍မဖြစ်။ သည်တော့ အောင့်သီးအောင့်သက်နှင့်ပဲ ကျနော်တို့ ၃ ယောက် အလှည့်ကြ ဦးဇင်းအောက်အိမ်လုပ်ကြရ၏။ အဲ့သလိုလုပ်ရတာကို ဦးဇင်းသိမှာလည်း စိုးရသေးတော့ ဆေးလိပ် လှည့်တော့မည် ဆိုလျှင် အချင်းချင်းသူမမြင်အောင် မျက်ရိပ်မျက်ကဲပြကာ နေရာယူကြရ၏။ ဒုက္ခကား မသေးလှ။ သို့သော် ဖိနပ်ကြား ခဲ ခနညပ်သလို အောင့်သီးအောင့်သက်နှင့် အောက်အိမ်လူလှည့်ရင်း ဆေးလိပ် အပတ်ပေါင်းများစွာ လည်ခဲ့ကြသည်ကား အမှန်ပင်။
(ဆက်ပါဦးမယ်) စက်တင်ဘာ ၂၃၊ ၂ဝ၁၅

Thursday, September 24, 2015

လူသူတော် အိပ်ယာထ (မျိုးမြင့်ချို)

0 comments
လူသူတော် အိပ်ယာထ (မျိုးမြင့်ချို)
ညက နည်းနည်းများမသွား သို့မဟုတ် နည်းနည်း နည်းမသွားဘူးဆိုလျှင် ရေဒီယိုနှိုးစက်နှင့်အတူ မနက်ငါးနာရီခွဲတွင် အိပ်ယာမှ နိုးပါသည်။ ဤနေရာတွင် အိပ်ယာကို အိပ်စရာနေရာ(အိပ်ရာ)ဟု လူတိုင်းသိပါသည်။ သတင်းပလင်း အတင်းအဖျင်း စကားနိုင်လုပွဲစသည့် စိတ်ဝင်စား စရာများပါလေမလားဟု ခနစောင့်ကြည့်ပြီး ဘာမှမပါလျှင် ခွေးလေး ၂ ကောင်ကိုနှိုးပြီး ချီးပါသေးပေါက်ထုတ်ပါသည်။ သူတော်ကောင်းများကတော့ မျက်စေ့၂လုံးပွင့်ချိန်မှစကာ ဘုရားတရားအာရုံပြုသည်ဟုဆိုသဖြင့် ကျနော်ကား သူတော်မကောင်းစာရင်းပေါက် ဖြစ်ပါသည်။
တံခါးမဖွင့်မချင်း အသံမစဲပဌာန်းရွတ်သလို အောက်အီအီးအွတ်နေကြသော ကြက်ဖကြီး ၂ ကောင်နှင့် ယင်းတို့၏ မောင်းမမိဿံများ စက်တော်ခေါ်ရာ ကြက်အိမ်တံခါးကိုဖွင့်ပေးပါသည်။ အစာရေ လဲပေး ထည့်ပေးပါသည်။ ကြက်ဘရိတ်ဖတ်စ်ဟုခေါ်ရမည်လား မပြောတတ်ပါ။ ခွေးလေးတွေကိစ္စပြီးပြီဆိုလျှင် အိမ်ထဲပြန်သွင်းပြီး ကျနော့် ကျင်ကြီးကျင်ငယ်ကိစ္စရှင်းရပါသည်။ တိရိစ္ဆန်များကို ချီးပါသေးပေါက်သည်ဟုသုံးပြီး လူကြတော့ ကျင်ကြီးကျင်ငယ်တို့၊ အပေါ့အလေးတို့၊ အခင်းကြီးအခင်းလေးတို့၊ အိမ်သာတက်သည်တို့၊ တောထိုင်သည်တို့၊ အီအီးပါရှူရှူးပေါက်သည်တို့၊ သန့်စင်ခန်းဝင်သည်တို့ စသည်ဖြင့် ရေလဲသုံးသဖြင့် မြန်မာစာပေဝေါဟာရကြွယ်ဝကြောင်း သက်သေပြလျှင် ရပါသည်။ အများသုံး Rest Room ကို သန့်စင်ခန်းဟုမြန်မာပြန်သဖြင့် မိတ်ဆွေကြီး ကိုသန့်စင်ကိုအားနာသလို သူငယ်ချင်းမ ခင်သန့်စင်ကိုလည်း မျက်နှာပူမိပါသည်။ သူတို့ ရှိကြသေးလား မလားတော့ မပြောတတ်ပါ။
ထို့နောက် ကွန်ပြူတာဖွင့်ထားခဲ့ပြီး ကရားထဲရေထည့်ကာ မီးဖိုပေါ်တင်ပါသည်။ အမေရိကန်တွင် မီးပျက်ခဲကြောင်းလူသိများသော်လည်း တလတလ နင့်နေအောင်ကျသည့်မီတာခအကြောင်း ဘယ်သူမှပြောသံမကြားပါ။ အမေရိကန်သည် အခြားစက်မှုနိုင်ငံကြီးများနည်းတူ မီးနှင့်လောင်စာမရှိလျှင် နေမရသည့်ပြည် ဖြစ်ပါသည်။ ထို့ကြောင့် ရေနံထွက်သည့်တိုင်းပြည်များ မီးဟုန်းဟုန်းလောင်ကြရပါသည်။ စက်ရှေ့ထိုင်မိတိုင်း ကွန်ပြူတာဖွင့်သည်ကို Open ဟုပြောသူကို သတိရပါသည်။
ရေနွေးစောင့်ရင်း ခွေးအစာခွက်ရေခွက်ဖြည့်ပေးပါသည် ကော်ဖီ ၂ ခွက်စာပြင်ပါသည်။ တခွက်က မိန်းမနိုးလာလျှင် သောက်ရန်ဖြစ်ပါသည်။ ကျနော့်ကော်ဖီမှာ နက်စ်ကော်ဖီဟုခေါ်ပြီး မိန်းမက ဗမာကော်ဖီဟုခေါ်သည့် ဆရာနေဝင်းမြင့်ပြောသော နတ်ကော်ဖီဖြစ်ပါသည်။ ညက များသွားနည်းသွား၍ မနက်မထချင်သည့်အခါတိုင်း မိန်းမဖျော်သည့် အမေရိကန်ကော်ဖီ သောက်ရပါသည်။ ကော်ဖီစေ့ဝယ် အိမ်မှာလှော် အိမ်မှာကြိတ် နှပ်အိုးဖြင့် အကျအနနှပ်ကာဖျော်သည့်ကော်ဖီအစစ်ဖြစ်ပြီး ကျနော် သိတ်အာမတွေ့သော်လည်း ကောင်းလားဟုမေးလျှင် ခတ်မြန်မြန် Yeah, Yeah ဟုပြောကျင့်ရနေပြီမို့ ကော်ဖီကြောင့် သူနှင့်ကျနော်ကြားတွင် ဘာပြဿနာမှမရှိပါ။ ကျနော့်နတ်ကော်ဖီကို သူလည်းကြိုက်ပါသည် ထို့ကြောင့် ကော်ဖီပြန်လည်သင့်မြတ်ရေးလည်း မလိုပါ။
ထို့နောက် ကော်ဖီခွက်ဘေးချပြီး မြန်မာသတင်းဝဘ်ဆိုက်များတက်ကြည့်ကာ စိတ်ဝင်စားစရာတွေ့လျှင်ဖတ်ပြီး တွေးစရာအစရလျှင် ရေးရန် ချန်ထားပါသည်။ ရေဒီယို အာရ်အက်ဖ်အေတို့ ဗီအိုအေတို့ အမေရိကန်မှလွှင့်သော်လည်း ဝဘ်ဆိုက်တွင်သာ ကြည့်ပါနားထောင်ပါသည်။ ရေဒီယိုတွေ ခေတ်တုန်းတော့မယ်ဟုပြောခြင်းမှာ ရေနွေးငွေ့အင်ဂျင်ပေါ်စက ရွက်သင်္ဘောတွေခေတ်ကုန်ပြီဟူ၍လည်းကောင်း၊ မီးရထားတွေပေါ်လာတော့ သင်္ဘောတွေနေဝင်ပြီဟူ၍လည်းကောင်း၊ ဟိုင်းဝေးကြီးတွေနှင့် ကုန်ကားကြီးတွေပေါ်လာတော့ မီးရထားတွေနိဌိတံပြီဟု လည်းကောင်း၊ လေယဉ်ပျံတွေပေါ်လာတော့ လူစီးကားတွေတိမ်ကောပြီဟူ၍လည်းကောင်း၊ အင်တာနက်တွေပေါ်လာတော့ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးတွေ ဘဝပျက်ပြီဟူလည်းကောင်း ပြောပုံမျိုးနှင့်ဆင်ပါသည်။ ရွက်သင်္ဘောတွေ၊ ရေနွေးငွေ့သင်္ဘောတွေ၊ မီးရထားတွေ၊ လူစီးကားတွေ၊ စာတိုက်နှင့်ကြေးနန်းလုပ်ငန်းတွေ ခေတ်မီအောင်ပြင်တန်တာပြင်ပြီး ခုတိုင်ရှိနေပါသည်။
ပြီးလျှင် အီးမေးလ် Check ပါသည်။ မြန်မာမိတ်ဆွေတွေကတော့ အီးမေးလ်စစ်သည်ဟုပြောပါသည်။ စစ်ဆေးကြည့်ရှုခြင်းကို အတိုကောက်ပြောတာ ဖြစ်လိမ့်မယ်ထင်ပါသည်။ အီးမေးလ်ကို တရားခံအမှုစစ်သလို စစ်၍မရသကဲ့သို့ ထောက်လှမ်းရေးများလို စစ်ကြောရေးလည်း လုပ် မရပါ။ ရေလိုလည်း စစ်မရပါ။ အီးမေးလ်တွင် ဒီနေ့အတွက် ကပ်၍ပေးသော အဆိုင်းမင်န့်(အပွိုင်မင်န်)မတွေ့လျှင် စိတ်အေးလက်အေး ကော်ဖီတငုံ မော့ပါသည်။ ပြန်ရမည့် အီးမေးလ်များပြန်ကာ ဖျက်ရမည့်မေးလ်များဖျက်သလို မသိမသာနေလိုက်ရမည့် မေးလ်များလည်းရှိပါသည်။
ထို့နောက် မိမိဘလော့ဂ်လေးသွားပြီး ဒီနေ့ လူဘယ်နှယောက်တက်ဖတ်သွားသလဲနှင့် ချက်တ်ဘောက်စ်တွင် ဘာတွေရေးကြသလဲကို ကြည့်ပါသည်။ ဘယ်သူမှ ဘာထွေထွေထူးထူးမှမရေးကြတော့ နှစ်နှင့်ပင်ချီနေပါပြီ။ ပြောရလျှင် ဖေ့စ်ဘွတ်ခ်ပေါ်ကတည်းကဟု ဆိုရမည် ထင်ပါသည်။ ဟိုနေ့က မဟန်သူလွင်ပြောသလို “ဖေ့စ်ဘွတ်ခ်ပေါ်ကတည်းက ကိုပေါရဲ့ ပိတောက်ရိပ်တောင်မရောက်ဖြစ်တော့ဘူး”ဆိုသည်မှာ အမှန်ဖြစ်ပါလိမ့်မည်။ ဇူကာဘဂ်ကား အတော်ဖမ်းစားနိုင်စွမ်းသည့် ထက်မြက်သောဂျူးလူငယ်လေးတဦးဖြစ်ပါသည်။ သူ့ကြောင့် ဂျီတော့ခ်တို့ ရာဟူးတို့ “လုပ်တိုင်း”ရောက်ကုန်သလောက် ဖြစ်ကြရပါသည်။
ဤတွင် ကျနော် ဖေ့စ်ဘွတ်ခ်ဘက် ခြေဦးစလှည့်ပါသည်။ ဖတ်စရာတွေ့လျှင်ဖတ်၊ Like လုပ်စရာရှိလုပ်၊ ကွန်မန့်ရေးစရာရှိရေး၊ စတေးတပ်စ် ရေးစရာပေါ် ကောက်ကက်ခြစ်ကာ အနည်းဆုံး တနာရီနီးပါးခန့်အချိန်သုံးပါသည်။ ဖြုန်းသည်ဟုပြောလည်း ရပါသည်။ အချိန်ဆိုသည်မှာ သုံးရန်နှင့်ဖြုန်းရန်သာဖြစ်ပြီး တခါတခါ ဖြုန်းတီးပေးမှရပါသည်။ အချိန်ကို တန်ဖိုးရှိအောင်ဘယ်လိုသုံး ဘာညာနှင့် လူတတ်လုပ်ကာ အာတတ်သည့်တက်ကျမ်းဆရာတွေကို ကျနော် တခါတခါ စောက်မြင်အတော်ကပ်ပါသည်။ အချိန်ဆိုသည်မှာ ဘဝဖြစ်ပါသည်၊ ဘဝဆိုသည်မှာ အသုံးချရန်နှင့်သုံးဆောင်ခံစားရန် ဖြစ်ပါသည်။ တခုခုအကျိုးရှိရန်အချိန်ကိုသုံးဖို့လိုသလို စိတ်အလိုလိုက်ကာ အပျော်အပါးအတွက်လည်း ဖြုန်းတီးပေးရပါသည်။ အပျော်အပါးဆိုသည်မှာ လိုက်စားတတ်လျှင် အလွန်ပျော်စရာကောင်းပါသည်။ လောကတွင် လိုက်စားစရာအပျော်အပါးများသာမရှိလျှင် ပျင်းစရာကောင်းမည်ဟုထင်ပါသည်။
အချိန်ကို ကုသိုလ်၊ ဥစ္စာနှင့်ပညာတွေချည်းရအောင်လုပ်နေသူများလည်း သူတို့ဘာသာသူတို့ ပျော်နေကြသည် စိတ်ချမ်းသာနေကြသည် ဆိုလျှင် အလွန်ကောင်းပါသည်။ ပျော်နေစိတ်ချမ်းသာနေမည်ဟုလည်း(ကိုယ့်ဘာသာ)ထင်မိပါသည်။ လူတို့တွင် စိတ်လက်ချမ်းသာခြင်း တွေ့ရှိရာနယ်ပယ်များ တယောက်နှင့်တယောက်မတူကြပါ။ တူလို့လည်းမဖြစ်ဟုထင်ပါသည်။ စိတ်ဆင်းရဲခြင်းလည်း ထိုနည်းနှင်နှင် ဖြစ်ပါလိမ့်မည်။ သို့သော် လူဆင်းရဲတို့အား ပြဿပေါင်းသောင်းခြောက်ထောင်နှင့်ဓနဥစ္စာကြွယ်ဝသူများကို လက်ညှိုးထိုးပြပြီး “လူမချမ်းသာရင်နေ စိတ်ချမ်းသာရင်တော်ပြီ”ဆိုကာ မဟုတ်တမ်းတရားပြောခြင်းမှာကား ဉာဏ်နုံ့နဲ့ရာကျလွန်းသလို မှိုင်းတိုက်ခြင်းလည်းမြည်ပါသည်။ ပြဿနာပေါင်း သောင်းခြောက်ထောင်မှာ လူဆင်းရဲလူချမ်းသာမရွေးကြုံရသည့်အရာဖြစ်ပါသည်။ ရှောင်မရပါ။ ကုန်ကုန်ပြောရလျှင် ဆင်းရဲ(ဒုက္ခ)ဟုဆိုသော ဇာတိ ဇရာ ဗျာဓိ မရဏာသည်ပင် ဆင်းရဲချမ်းသာမရွေးပါ။ ထိုထိုသော ဆင်းရဲ(ဒုက္ခ)ဆိုသည်များကို ခံရတာခြင်းအတူတူ ချမ်းချမ်းသာသာ ဆိုလျှင် အခံရသက်သာပါလိမ့်မည်။ လူဆင်းရဲခြင်းမှာလည်း ဆင်းရဲဒုက္ခပင်ဖြစ်ပါသည်။ ချမ်းသာလျှင် အနည်းဆုံး လူဆင်းရဲခြင်းဒုက္ခမှ လွတ်ပါလိမ့်မည်။
ထို့ကြောင့် ကျနော်အပါအဝင် လူတိုင်းချမ်းသာကြပါစေဟု အမြဲတိုင်းဆန္ဒပြုပါသည်။ ထို့အပြင် လူတိုင်း အသက်ရှည်သမျှ ကျန်းမာကြစေ့ချင်စိတ်လည်း တရံမလပ်ရှိပါသည်။
နိဂုံးချုပ် စာ ၂ ကြောင်းကိုထောက်ချင့်သော် ဤစာသည် နိုင်ငံရေးသဘော၊ ရန်သူမိတ်ဆွေသဘော၊ ဖိနှိပ်သူအဖိနှိပ်ခံသဘောတို့အား သိစိတ်ရှိရှိကွင်းရှောင်၍ လူသူတော်ပုံဖမ်းရေးသည့်စာမှန်း အလွန်ထင်ရှားလှပါသည်။
စက်တင်ဘာ ၂၄၊ ၂ဝ၁၅

Wednesday, September 23, 2015

၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၃)

0 comments
၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၃)
(တာဝန်မရှိသူများ)
မဲပေးခွင့်ဆိုတာ ပဲပေးပိုင်ခွင့်ရှိသူတိုင်း ရကိုရရမယ့် နိုင်ငံသားတိုင်းရဲ့မူလအခွင့်အရေးပဲ။
မဲစာရင်းလိမ်မဲစာရင်းမှားအောင်လုပ်ထားတာက စစ်အုပ်စု။ ဒီနှစ်ခုဟာ ဘယ့်နှယ်လို့မှ ဆက်စပ်တွေးပေးလို့မရနိုင်ဘူး။
မဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားအခွင့်အရေးအရ မဲပေးခွင့်ရအောင် မဲစာရင်းစစ်ဆေးကြစို့တို့ မဲစာရင်းမှန်ကန်ရေးအတွက် ပြည်သူတွေမှာတာဝန်ရှိတယ်တို့ဆိုတာနဲ့က ဘယ်လို အဆက်အစပ်လုပ်လို့ရသလဲ။
မဲစာရင်း တမင်မှားတမင်ညစ်ထားတာကို ဖွင့်ချဖော်ထုတ်အရေးဆိုကန့်ကွက် (သိတ်လိုအပ်လာရင်) ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်တာထိတောင် လုပ်ရမှာဖြစ်ရက်နဲ့ ဘယ့်နှယ် နိုင်ငံသားတိုင်းရဲ့မူလရပိုင်ခွင့်ကိုခုတုံးလုပ်ပြီး မဲစာရင်းသွားစစ်ခိုင်းရပြန်သတုန်း။
ဘယ့်နှယ် ကိုယ့်ဝန်တာ ပြည်သူအပေါ် လာပုံချရပြန်သတုံး။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅

(ဧကနဲ့ဗဟုအိမ်ထောင်ရေး) မျိုးမြင့်ချို
အမေရိကန်မှာ လိင်တူခြင်းလက်ထပ်ထိမ်းမြားခွင့်ရရေး ကြိုးပမ်းနေကြချိန်က ထောက်ခံသူဆန့်ကျင်သူတွေကြား စကားလုံးစစ်ပွဲတွေမှ ကြောက်ခမန်းလိလိကို ဖြစ်ခဲ့တာကလား။ ကိုယ်ဝန်ဖျက်ချရေး မချရေးတုန်းကလည်း အလားတူပါပဲ။ ခုလည်း လာပြန်ပါပြီ လင်အများမယားအများတဲ့။ တောင်းဆိုသံတွေလည်း ဟိုနားဒီနား ခတ်သဲ့သဲ့ကြားလာနေရတယ်။ တလင်တမယားကို ဧကအိမ်ထောင်လို့ ပါဠိသံလေးစွက်ပြောရင် ဒါကိုတော့ ဗဟုအိမ်ထောင်လို့ပြောမလား မသိပါဘူး။ ဘာသာပြန်ကျင်လည်သူတွေ စကားလုံးသစ်တည်ထွင်ကြဖို့သာပါပဲ။ အမေရိကန်မှာက ဥပဒေကြောင်းအရ တလင်တမယားစနစ်ပဲ ပြဌာန်းထားတာပါ။ ဥပဒေကြောင်းအရတော့ မယားတယောက် လင်တယောက်ကိုသာ တရားဝင်လက်ထပ်ယူလို့ရပါတယ်။ ၂ ယောက်ကို လက်ထပ်လို့မရပါဘူး။ တရားဝင်အိမ်ထောင်ရှိရက်နဲ့ ဘွိုင်းဖရင်န်းဒ် ဂရဲလ်ဖရင်န်းဒ် ထားတာတွေကတော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပဲသဘောထားပြီး ရပ်ထဲရွာထဲ သိတ် ရေးကြီးခွင်ကျယ် လုပ်မနေကြတာမျိုးပါပဲ။
ဒါကို အိမ်ထောင်ရေးကျင့်ဝတ်အရ၊ မိသားစုဘဝတည်ဆောက်ရေးအရ၊ ဘာသာရေးအဆုံးအမ အရ၊ လူမှုပဋိညာဉ်သဘောအရ စတဲ့ထောင့်ပေါင်းစုံကနေကြည့်ပြီး မဖြစ်သင့်ဘူးဆိုသူတွေရှိသလို ဘယ်သူမှ ဘယ်သူ့ကာမကိုမှ ပိုင်ခွင့်မရှိဘူး၊ အိမ်ထောင်ပြုတယ်ဆိုတာ သူ့ကာမ ကိုယ့်ကာမ လဲလှယ်ကြတဲ့သဘောထက် မပိုသင့်ဘူး၊ ကာမပိုင်တယ်ဆိုတဲ့သဘောက လူကိုပါ ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို သဘောထားချင်တဲ့စိတ်အခြေခံကလာတာ ဘာညာတွေနဲ့ ခုခံကာကွယ်သူတွေလည်း ရှိနေဆဲပါပဲ။ ဒါပေမယ့် သိတ်ကြီးတဲ့ပြဿနာကြီးလို့တော့ ဇွတ်တင်ငြင်းခုန်နေကြတာတော့လည်း မဟုတ်တော့ပါဘူး။
ဟိုးတလောလေးက ဝေါ်ရှင်တန်ဒီစီအပါအဝင် မြို့ကြီးတချို့မှာ ဗဟုအိမ်ထောင်သမားတွေ ဆန္ဒပြကြပါတယ်။ မိန်းမတွေရော ယောက်ျားတွေပါ ပါတယ်။ တချို့အမျိုးသမီးတွေများ အပေါ်ပိုင်း ဗလာတောင် ကျင်းထားလိုက်သေး။ ခုထိတော့ ဒီကိစ္စဟာ နိုင်ငံရေးထဲတော့ ရောက်မလာသေးပါဘူး။ နိုင်ငံရေးထဲရောက်မလာသေးဘူးဆိုတာက ကွန်ဂရက်စ်ထဲအထိ ကျမလာသေးဘူး ဥပဒေပြုအမတ်တွေကြား ခွန်းကြီးခွန်းငယ် မများရသေးဘူးလို့ပြောတာပါ။ ဒါပေမယ့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့အပိုင်စားနယ်မြေတွေမှာ ပြောဆိုနေကြတာတချို့ ရှိတယ်တဲ့။ လူသိများစကားလုံးနဲ့ လော်ဘီနေကြတယ်ပေါ့ဗျာ။ လော်လီချင်လို့ လော်ဘီနေကြတာများလားလို့တောင် တွေးချင့်စရာပါ။
သမိုင်းနဲ့ချီပြောရရင် အမေရိကန်ဆိုတာကလည်း ဘယ်ဖိနှိပ်ချိုးနှိမ်မှုမှ မခံနိုင်လို့ မခံချင်လို့ ထွက်ချလာကြသူတွေစုဆက်ပြီး တိုင်းပြည်ထောင် ကိုယ့်မင်းကိုယ့်ချင်းလုပ်နေသူတွေ မဟုတ်လား။ တခုခု ဥပဒေပြုမယ်ဆိုတိုင်း ကမ္ဘာနဲ့ချီ အုတ်အော်သောင်းတင်းတွေ ဟိုးလေးတကြော်တွေ အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်တဲ့နိုင်ငံကိုး။ ဘယ်သူတွေ ဘာပြောနေပြောနေ နောက်ဆုံးတော့ သူ့လူ သူ့စကား သူ့တရားနဲ့ သူ့လမ်းသူသွားတာပါပဲ။
ခုပဲကြည့် လိင်တူလက်ထပ်ခွင့်ပြဌာန်းပြီးတော့ ဘုရားကျောင်းတွေက “လိင်တူတွေလာလက်ထပ်ရင် ထိမ်းမြားမပေးဘူးတဲ့၊ ဘုရားသခင်အလိုအရ လက်ထပ်ထိမ်းမြားတယ်ဆိုတာ မိန်းမနဲ့ယောက်ျားကြားကကိစ္စတဲ့” လိင်တူဆရာတွေကလည်း “မပေးရင်နေ၊ နင်တို့ပေးမှ ငါတို့ညားရမှာမဟုတ်၊ တရားရုံးသွားလက်မယ် သောက်ရေးမပါတာ လာမပြောနဲ့”ဆိုပြီး ပြန်ပက်တယ်။ တရားဥပဒေနဲ့(နိုင်ငံတော်) ဘုရားနဲ့(ကျောင်းတော်)တန်းညှိထားတဲ့ပြည်ဆိုတော့ ဘုရားလူကြီးတွေခမျာလည်း ဗျစ်ဗျစ်တောက်ဗျစ်တောက်လုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ရှာကြဘူး။
ဒီမနက် စက်တင်ဘာ ၂၁၊ ၂ဝ၁၅ တိုင်မ်းမဂ္ဂဇင်းမျက်နှာဖုံးလေးတွေ့ပြီး ပြောမိတာပါ။ မျက်နှာဖုံးဆောင်းပါးက Is Monogamy over? တဲ့။ ဗမာလိုတော့ ဧကအိမ်ထောင်ရေး နိဌိတံပြီလော ဆို သင့်မယ်မှတ်တာပါပဲ။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅

(မလာချင်ပဲရောက်ရသူ)
ဟိုတလောက အမေရိကန်အသားဖြူမိတ်ဆွေတယောက်နဲ့ ဗမာဆိုင်သွားစားကြရင်း ပွားကြရင်းကနေ ခုနှစ်ပိုင်းအတွင်းအဖြစ်များလှတဲ့ အာဖရိကန်အမေရိကန်တွေနဲ့ လူဖြူအမေရိကန်ပုလိပ်တွေကိစ္စဆီရောက်သွားတယ်။ ပြောကြတာတွေကတော့ အများသားပဲ ကျွန်ကုန်ကူးသင်္ဘောကြီးတွေရော ဦးလေးတွမ်ရဲ့တဲကလေးရော အေဗရာလင်ကွန်းရော မယ်လ်ကွန်အိပ်က်စ်ရော မာတင်လူသာကင်းရော ဘရခ်အိုဘားမားရော အစုံပဲ။
ပြန်ခါနီး စကားလက်စသတ်တော့ မိတ်ဆွေက “မင်းတို့ ငါတို့က ဒီကို ကိုယ့်သဘောနဲ့ကိုယ် လာပါရစေဆိုပြီး ရောက်လာခဲ့ကြတာကွ။ သူတို့ခမျာက အနှိပ်စက်အညှဉ်းပမ်းခံရဖို့ အရောင်းစားခံရဖို့ မတရားအလုပ်ခံရဖို့ ကုန်ကုန်ပြောရရင် လူမဆန်ဆုံးရက်စက်မှုတွေ သားစဉ်မြေးဆက်ခါးစည်းခံရဖို့ အဓမ္မခေါ်ယူခံခဲ့ရတာ”လို့ ပြောရင်း မျက်ရည်တွေဝဲလို့ အသံတွေတုန်လို့။
စက်တင်ဘာ ၁၆၊ ၂ဝ၁၅

(အထဲကလူ သတ္တိပို၏)
လူဟာ မိမိကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်စီခရီးနှင်နေကြတာမဟုတ်လား။ အထူးသဖြင့် နိုင်ငံရေးလိုဟာမှာ ပိုထင်ရှားပါတယ်။ အထဲကနေပဲလုပ်လုပ် အပြင်ထွက်ပြီးပဲလုပ်လုပ် ခွထိုင်ပြီးပဲလုပ်လုပ် ဘာမှပဲမလုပ်လုပ် မိမိရွေးချယ်မှုပဲအခြေခံကြတာပါ။
ဘယ်သူကတော့ ဘယ်ကနေလုပ်နေလို့မို့ သတ္တိပိုရှိတယ် မရှိဘူးပြောဖို့ရာအကြောင်းမရှိသလို မလုပ်နိုင်တော့သူတွေကိုလည်း ငြိုငြင်စိတ်ကလေးတောင် မဝင်မိဖို့အရေးကြီးပါတယ်။ ကုန်ကုန်ပြောရရင် ဘာမှမလုပ်ပဲထိုင်နေသူတောင် တိုင်းပြည်ဖျက်နေသူထက်တော့ သာတာပဲမဟုတ်လား။
“ငါကတော့ ကိုယ်ကျိုးတွေစွန့်ပြီးလုပ်လိုက်ရတာ” လူတွေရှေ့သွားပြောကြည့် ဘယ်သူကမှ ခင်ဗျား ကိုယ်ကျိုးစွန့်မှုကို အသိအမှတ်မပြုချင်ကြတော့မှာတွေ့ရလိမ့်မယ်။ ထောင်ထဲ သွားနေခဲ့တာလည်း ကိုယ်ပိုင် သိစိတ်ရှိရှိရွေးချယ်မှုနဲ့လုပ်ခဲ့တဲ့ကိစ္စပဲ။ ဘယ်သူ့အတွက်မှ စွန့်လွှတ်တာမဟုတ်ဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာပဲ။ ဒီ့အတွက် ဘာမှ မဏ္ဍပ်တိုင်တက်ပြဖို့မလိုဘူး။ ဖြတ်သန်းမှုကို သူ့အရှိအတိုင်း အခြားသူတွေပြောကြမှာပဲ။
ခုတလော နိုင်ငံရေးနဲ့ ဒါမှမဟုတ် နိုင်ငံရေးနဲ့ တိုက်ရိုက်သွယ်ဝိုက်ဆက်စပ်တဲ့အလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းနေကြသူတွေထဲကြား “ဒို့က ပြည်တွင်းထဲကနေ သတ္တိရှိရှိလုပ်နေတာ” ဆိုတဲ့စကားဟာ မဏ္ဍန်လိုလိုကို ဂါထာလိုလို စုပ်ကြရွတ်ကြနဲ့ ခေတ်ထနေပုံရတယ်။
ခုချိန်ထိ ကိုယ့်ထမင်းကိုယ်စားပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးကို ယုံကြည်ချက်အပေါ် မြဲမြဲမြံမြံရပ်ခံပြီး တစိုက်မတ်မတ်လုပ်နေသူတွေ အမြောက်အမြားရှိနေသေးတာတော့ စိတ်ထဲနှစ်ထောင်းအားရဖြစ်လှတယ်။
အဲ့ဒီလူတွေက သူတို့ဟာ သတ္တိရှိရှိစွန့်လွှတ်နေကြတယ်လို့ တခွန်းမှပြောသံမကြားဖူးဘူး။
စက်တင်ဘာ ၁၆၊ ၂ဝ၁၅

(ဆေးသုတ်သမားများ)
ရှစ်တန်းအောင်၊ စစ်ထဲဝင်၊ ဘာအပြစ်ဒဏ်မှမခံဖူး၊ နှစ်အပိုင်းအခြားဝင်ချိန် တပ်ကြပ်ဖြစ်ဆို ဗိုလ်သင်တန်းတက် စစ်ဗိုလ်လုပ်လို့ရတဲ့ခေတ်ရှိဖူးတယ်။ တောင်ငူထောင် ထောင်ပိုင် ဘီလူးရုပ်နဲ့အောင်နိုင် (မင်းဘူး စကုသား) ဟာ အဲ့သလိုနဲ့ ဖြစ်လာတဲ့စစ်ဗိုလ်ပဲ။ စစ်တပ်အသွင်ပြောင်း ထောင်ပိုင်ပဲ။ ဘာပညာမှမတတ် ဘာအရပ်ဘက်အုပ်ချုပ်ရေး အဆင့်အတန်းမှမရှိသူပဲ။
ကွန်မြူနစ်ကို ဘယ့်လောက်မုန်းသလဲဆို ကွယ်လွန်ရှာပြီဖြစ်တဲ့ကိုမျိုးသန့် စာကဗျာရေးတော့ ဘာသာပြန်တော့ ခွန်းခ ကျနော်တို့ခေါ်တော့ ဂျပ်ကြီး(သူက တရားသူကြီးကနေ ဗကပ ယူဂျီနဲ့ထောင်ကျလာသူ)နဲ့ ကိုအာဂျစ်ဟိန်းတို့ ထောင်တွင်းတိုက်ပွဲ(အငယ်စားလေးပဲ ထားပါ)တခုဖြစ်တော့ “ဟေ့ ငါက ကွန်မြူနစ်အသဲ မီးကင်စားလာတဲ့အကောင်ကွ”ဆိုပြီး သည်းသည်းမဲမဲချေမှုန်းခဲ့သူ။ အရည်ရွှပ်ပက်နဲ့ထမင်း ၄၅ ကျပ်သား ချိန်ခွင်နဲ့ချိန်ကျွေးခိုင်းသူ။ တနင်္လာထောင်ပိုင်တန်းစီမှာ ထောင်ပုံစံ(၁ဝ)စာရွက် လက်နဲ့ထောင်မပြလို့ နိုင်ကျဉ်းမှန်သမျှကို တယောက်ချင်း တန်းစီပါးရိုက်ခဲ့သူ။ တောင်ငူမှာ လယ်မြေတွေသိမ်းပြီး မင်းကြီးညိုအမည်နဲ့ ကွက်သစ်ရိုက်ပြီး စစ်ဗိုလ်တွေဝေစားတော့ အိမ်ကြီးရခိုင်ဆောက်ခဲ့သူ။
အဲ့ဒီအချိန် ကျနော်တို့တတွေ ထောင်ထဲ ကျောကော့အောင် သူ့အနှိပ်အစက်ခံနေရပေမယ့် ထောင်ပြင်ထွက် မင်းကြီးညိုကွက်သစ်က ထောင်ပိုင်အိမ် ဆေးသွားသုတ်တာတာပါ အကြောင်းပြချက်နဲ့ ညအိပ်ညနေထွက် ထောင်ဝင်စာအပြင်မှာတွေ့ စာလေးဖတ်လိုက် အအေးလေးသောက်လိုက်နေခဲ့သူ ၂ယောက်ဟာ ဘယ်သူတွေလဲ။ အဲ့အချိန်ထောင်ထဲမှာ နိုင်ကျဉ်းတွေကို အလုပ်ကို နွားလိုခိုင်းနေချိန်မို့ Anti-Labour ခေါင်းတင်ပြီး တိုက်နေရချိန်ကြီး။ တောင်ငူထောင်ခေတ်ပြိုင်တွေသိကြပါတယ်။
စက်တင်ဘာ ၁၄၊ ၂ဝ၁၅


(မချိုးရင် မကျိုးဘူး)
ဖေ့စ်ဘွတ်ခ်ကရော အပြင်ကတည်းကရော သိကျွမ်းဖြတ်သန်းခဲ့သူများခင်ဗျား ကျနော့်စိတ်မအားလူမအား ရက်သတ္တနှစ်ပတ်နီးပါးကတော့ တိမ်ကောသွားပြီမှတ်တာပါပဲ။
ဘာမှမရေးဖြစ်ပေမယ့် အချိန်ရသမျှလေးတွေမတော့ ထုံ့ပိုင်းထုံ့ပိုင်းနဲ့ဖတ်ဖြစ်နေပါတယ်။ တွေးဖြစ်နေပါတယ်။
မတူတဲ့အတွေးတွေချပြကြရင်း မိတ်ဖြစ်ဆွေဖြစ်ဖြစ်မယ့်သူတွေ ရလာမှာဖြစ်သလို မိတ်ပြတ်ဆွေပြတ်ပြတ်ကြမယ့်သူတွေလည်း ထုံးစံအတိုင်းဖြစ်မှာပါပဲ။
မိတ်ဟောင်းတယောက်ပြတ်တယ်ဆိုတာ မိတ်သစ်တယောက်ရဖို့အကြောင်းရင်းခံ မဟုတ်လားဗျာ။
အစဉ်အလာတို့ ဓလေ့တို့ဆိုတာ ချိုးဖေါက်မယ့်သူမရှိသရွေ့ အသစ်မဖြစ်ထွန်းတဲ့အရာပေပဲ။
အတွေးအခေါ်ဆိုတာ အသေဆုပ်ကိုင်ထားသရွေ့ ရှေ့မရောက်မယ့်အရာပေပဲ။
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုတာ အာဏာသဘောမှာ ရှိမှမရှိတဲ့အရာပဲ။
စက်တင်ဘာ ၁၄၊ ၂ဝ၁၅

(ဒါ့ကြောင့်နေမယ်)
ဘုန်းကြီးနံမည်ခံထားပြီး ဖေ့စ်ဘွတ်ခ်သုံးတဲ့လူတယောက်နဲ့ ပွားမိကြရင်း စကားက နွားဆီရောက်သွားတော့ “ဒီမှာ နွားကို နဖားကြိုး မထိုးရဘူးဗျ။ ထိုးရင် တိရိစ္ဆာန်ညှဉ်းဆဲမှုနဲ့ အရေးယူလို့ရတယ်”လို့ပြောပြတော့ သူက “ဒါဆို လယ် ဘယ့်နှယ်လို့ ထွန်ရပါ့မလဲ”တဲ့။ “ဒီမှာ လယ်က နွားနဲ့မထွန်တော့ဘူးဗျ”ဆိုတော့ "ဘာနဲ့ ထွန်လဲ”တဲ့။ “စက်နဲ့”ဆိုတော့ “ဒါဆို လယ်သမားတွေ နွားမမွေးကြတော့ဘူးလား။ အနည်းဆုံး နို့စားနွားမလေး ဘာလေးလောက်တော့”တဲ့။ “လယ်သမားက နွားမမွေးဘူးဗျ။ နွားခြံသမားကြီးတွေပဲ မွေးကြတာ။ မွေးတာတောင်မှ အသားစားနွားနဲ့နို့စားနွား သတ်သတ်ခွဲမွေးကြတာ၊ ပြီးတော့ နွားသားဖေါက်ခြံတွေလည်း သတ်သတ်စီရှိကြတယ်”လို့ပြောတော့ “သြော် ဒါဆို အဲ့မှာက နွားကို သတ်စားဖို့နဲ့ နို့သောက်ဖို့ပဲပေါ့”တဲ့ “ဟုတ်ပါတယ် ဒါပေမယ့် နွားကနေအခြားထွက်ကုန်တွေလည်း ရှိပါတယ်။ သားရေလုပ်ငန်း နို့ထွက်ပစ္စည်းလုပ်ငန်းတွေရောပေါ့ဗျာ”ဆိုတော့ သူက အဆုံးသတ်သဘော ကောက်ချက်ချလေတယ် “အင်း ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်းမသိတဲ့လူမျိုးတွေနေတဲ့ပြည်မို့ သာသနာမထွန်းကားတာနေမယ်”တဲ့။ ကျနော်လည်း ဘာဆက်ပြောရမှန်းကို မသိတော့တာ။ သြော် မေ့တော့မလို့ သူကလယ်တီဘုန်းတော်ကြီးရဲ့တပည့်ရဲ့ တပည့်အရင်းခေါက်ခေါက်တဲ့ဗျ။
စက်တင်ဘာ ၂၊ ၂ဝ၁၅
               


၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)

0 comments
၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)
(လင်မယားပဲတော်တဲ့ တစိမ်းတွေ)
အိမ်ဖော်ဆိုတာထက် အိမ်စေဘဝလုံးလုံးကျနေရရှာတဲ့မအုန်းသန်း ကိုသန်းအောင်နဲ့ညားတော့ အသက်က ၁၇ နှစ်လောက်ရှိဦးမယ်မှတ်တာပဲ။ ဥတလုံးတကောင်ကြွက် ဆွေမရှိမျိုးမရှိ။
အိမ်စေဆိုပေမယ့် ရွဲကုန်သည်ပြဇာတ်ထဲကလို(တော်ကွာ တော်ကွာ အသာနေစမ်းပါ မိန်းမရာ အိမ်စေဆိုတာ အောက်တန်းကျပေမယ့် မြှောက်စားရတဲ့အခါလည်း မြှောက်စားရမှာပါ)ဆိုတာမျိုး အိမ်ကြီးရှင်တွေ မြှောက်စားချင်စရာ ရုပ်ရည် ကိုယ်ခန္ဓာအချိုးအဆက်နဲ့ အသားလေးဝင်းလို့ ဖြူဖြူသန့်သန့်ရယ်။ ကိုသန်းအောင်တို့လို ပေစုတ်စုတ် မွဲခြောက်ခြောက် အကြမ်းစားမှမဟုတ်တာ။
လင်မယားသာဆိုတာ အသက်ချင်းက ၂ဝ လောက်ကွာမယ်။ အုတ်ကားလိုက် ဂဝံကျောက်တူး အရက်မူးတိုင်း “ခေတ်ပျက်လို့ကတော့ ပိုက်ဆံရှိတဲ့အိမ်တွေ တက်လုမယ်ကွ”လို့ ရမ်းကားခြိမ်းခြောက်လေ့တဲ့ ကိုသန်းအောင်ဟာ မအုန်းသန်းနဲ့ညားပြီးကတည်းက မူးတိုင်း ရန်လုပ်စရာ ရိုက်စရာ ထိုးကြိတ်စရာတခုရသလိုကို ပြုမူတော့တာ။ တဘက်သတ်အနိုင်ကျင့်နှိပ်စက်ခံရတဲ့ မအုန်းသန်းအဖြစ်ကို “လင်မယားရန်ဖြစ်တာ” လို့ပြောလို့ကို မရဘူးမှတ်တယ်။
မအုန်းသန်း ငိုသံမကြားတဲ့ရက် ထီထိုးရင်ပေါက်နိုင်တယ်လို့ မျက်စောင်းထိုးအိမ်က တရုတ်ကလေးတောင် ပြောယူရတဲ့အဖြစ်။ လမ်းထိပ်က အပ်ပုန်းဆရာကတော့ ကိုသန်းအောင်ဟာ Sadist တဲ့။ နို့ နေပါဦး အဲ့ဒီ ဆဒစ်က ဘာတုန်းလို့ ကြက်သမား
ကိုသန်းထွန်းကမေးတော့ “သူများရိုက်ပြီးမှ ရီးတောင်တဲ့ကောင်ကွာ”လို့ပြန်ဖြေတော့ ရေစည်လှည်းတွန်းတဲ့ ဦးချမ်းသာကြီးက ဘေးကနေ “ဟီးဟီး”ဆိုပြီး ဆရာလေးကလည်း ပြောရော့မယ်တဲ့။
မူးရင်းရမ်းရင်း ထိုးရင်းကြိတ်ရင်း ကလေး ၃ ယောက်လားရတယ်။ အကြီးမိန်းကလေး ၂ ယောက် အငယ်လေးကသားလေး။ သမီးတွေချည်းပဲ မွေးရကောင်းလားဆိုပြီး ရိုက်စရာ ရမယ်အသစ်ရှာတွယ်နေတုန်း ဗြုန်းဆို သားလေးလည်းမွေးချလိုက်ရော ကိုသန်းအောင် ရမယ်တခု ခနပျောက်သွားတာမို့ မအုန်းသန်းခမျာ ဟင်းနည်းနည်းလေးတော့ချသာ သွားတယ်။
ဒါပေမယ့် ခနပါပဲ ကျည်တောက်ထဲတောင်ကောက်တဲ့ကိုသန်းအောင်ဟာ သူ့သားက သူနဲ့မတူရကောင်းလားဆိုပြီး နေ့ရှိသရွေ့ရန်လုပ်ပြန်တာပါပဲ။ ဟုတ်လည်းဟုတ်တယ် ကလေးက မအုန်းသန်းလို ဖြူဖြူသန့်သန့်လေး။ အကြီးမလေး ၂ ယောက်က မဲမဲသည်းသည်း ပေတလူးလေးတွေ ကိုသန်းအောင့်စက်ရုံထွက်တွေမှန်း လူတိုင်း မပြောလည်းသိတယ်။ အငယ်လေးကြ ရုပ်ကကွဲသကိုး။ “ဘုရားပေးပေး ကျမ်းကျမ်းပေးပေးပါ ကိုသန်းအောင်ရယ်၊ ဒါရှင့်သားအစစ်ပါ၊ ကျမ ဘယ်သူနဲ့မှလည်း လင်ငယ်မနေပါဘူး၊ လင်ငယ်နေရအောင်လည်း ဒီလောက် စုတ်ပြတ်သတ်နေတဲ့ရုပ် ဘယ်သူကရော သုံးချင်ပါ့မလဲ၊ ဖာထွက်ခံရင်တောင် ခေါ်မယ့်သူ ရှိပါ့မလားမသိဘူး”လို့ ဘုရားတိုင်တည် ကျမ်းကိုင်တွယ်ပြီးကို သစ္စာစကား ဆိုပါတယ်။
ဒါပေမယ့် ကိုသန်းအောင်ကတော့ ဒီကလေးကို“ကြားကားစာလေး ကြားကားစာလေး”ဆိုပြီး မူးမူးနဲ့ ချီဟယ်ပွေ့ဟယ် ဖက်ဟယ်နမ်းရယ်ပါ။ အမှန်က သူသိပါတယ် ဒါ သူ့သားမှန်း။ ကိုသန်းအောင်များ သိတ်မမူးသေးခင် အဲ့ဒီကြားကားစာလေးကို အဲ့သလို ချီပိုးနမ်းရှုတ်နေရင် မအုန်းသန်းခမျာ ပျော်လို့မော်လို့။ ကလေးကဖြင့် စကားတောင် မတတ်သေးဘူး “သားလေး ဖေဖေကြီးကို ချစ်တယ်လို့ပြောလိုက်လေ ပြောလိုက်လေ”နဲ့ ဘေးကနေသင်ပေးတော့တာပဲ။ ဟိုလူ သောက်ရင်း ရေချိန်တက်လာလို့ အမူးကြမ်းလာရင်တော့ ကြားကားစာလေး စွေ့ကနဲပွေ့ပြီး မအုန်းသန်းတယောက် လက်နဲ့ဝေးရာပြေးတော့တာပဲ။
တနေ့ ကျနော်က ဝရံတာမှာထိုင်ပြီး စာဖတ်နေတယ်။ ဖတ်တဲ့စာက ရှေးကစပြီး မြန်မာများဆွေမျိုးစပ်အခေါ်အဝေါ်များအကြောင်း၊ စာပေဗိမာန်ထုတ်စာအုပ်ပါးပါးလေး ထင်တာပဲ။ သိတ်တော့ မမှတ်မိတော့ဘူး။
အဲ့ထဲမယ် တစ်အူထုံ့ဆင်းမောင်ရင်းနှမဆို အကိုဖြစ်သူက ကိုယ့်အောက်မွေးတဲ့ မိန်းကလေးကို နှမလို့ခေါ်ရပြီး မိန်းကလေး မိန်းကလေးချင်းကြ ညီမလို့ခေါ်ရတယ်တဲ့။ နောက် သားသမီး မိဘ၊ လင်မယား၊ နှစ်ဘက်အဆွေအမျိုး စတာတွေလည်းပါတယ်။ ကျနော်သိထားခဲ့သမျှ ဒါမှမဟုတ် ကျနော်တို့ နေ့စဉ်ခေါ်ဝေါ်သုံးစွဲနေတာတွေဟာ ရှေးကနဲ့ လွဲနေတာတွေတွေ့တော့ မှတ်စုလေးထုတ်နေတုန်း မအုန်းသန်း သူ့သားလေးကို မြှူနေသံကြားလိုက်ရတယ်။ ပထမတော့ စာဖတ်အနှောင့်အယှက်လိုဖြစ်သွားတာနဲ့ စိတ်ထဲခုလိုက်သေးတယ်။ နောက်တော့ ဘာဆိုင်လဲ သူ့ခမျာ ကိုသန်းအောင်လစ်တုန်းလေး သူ့သားနဲ့သူပျော်မွေ့နေတာလေး ကိုယ်တောင် ဝင်ကြည်နူးအပ်တာလို့ စိတ်ထဲတွေးပြီး နားထောင်နေမိတာပဲ။
“အမေ့သားလေး အမေချစ်မှချစ်ပဲ၊ အမေ့မှာ အသက်ကြီးရင် အားကိုးစရာ ဒီသားလေးပဲရှိတာ၊ ဒီလောကမှာ ဆွေမျိုးဆိုလို့ အမေ့မှာ ဒီသားလေးပဲရှိတာ။ သားအဖေက အမေနဲ့ ဘာမှ ဆွေမျိုးတော်တာ မဟုတ်ဘူး၊ တစိမ်းပဲ၊ သားကမှ အမေ့ဆွေမျိုး အမေ့သွေးသား” ဆိုပြီးပြောသံကြားတော့ နားထဲဆန်းသွားတယ်။ တခါမှ မကြားဖူးတဲ့စကား။
နောက်တော့ ချက်ခြင်းလေးပဲ ကျနော့်ခေါင်းထဲ အသိတချက်လင်းထွက်သွားတယ်။
ဘာမှသွေးမတော်သားမစပ်တဲ့ တစိမ်းပြင်ပြင် အဖေနဲ့အမေ ညားမှ ကျနော်တို့မှာလည်း ဆွေရယ်မျိုးရယ်လို့ ရှိလာဖြစ်လာကြရတာခမဟုတ်လား။ ချစ်ချစ်ခင်ခင် ရင်းရင်းချာချာနေကြဖို့သာပါပဲ။
စက်တင်ဘာ ၁၉၊ ၂ဝ၁၅

(ဝေဒနာ ၂၇)
လွန်ခဲ့တဲ့ ၂၇ နှစ် ဒီအချိန်က ကျနော့်စိတ်တွေ လေးလံဖိစီးယောက်ရက်ခတ်နေခဲ့တာ။ ဘာဆက်လုပ်ကြမလဲဆို အခြေအနေစောင့်ကြည့်ရမှာပဲ၊ တယောက်နဲ့တယောက်တော့ အဆက်မပြတ်အောင်နေကြပါ၊ ခေါင်းဆောင်တွေ ဘာလုပ်မလဲစောင့်ကြည့်ရမှာပဲလို့ မရေမရာပြောရင်း အလံတွေ စာရွက်စာတမ်းတွေ တံဆိပ်တုံးတွေ ဆိုင်းဘုတ်တွေနဲ့ သတင်းစာတွေ အိပ်ကြီးတလုံးနဲ့ထည့် မြေကြီးထဲမြှုတ်ခဲ့ရတာပဲ။ တောခိုပြီးပြန်ချမယ်ဆိုသူကိုလည်း မခိုနဲ့ကွာမတားဖြစ်သလို ခိုကွာလို့လည်း ရဲဆေးတင်မပေးဖြစ်ခဲ့။ ကိုယ်တိုင်လည်း သူများအိမ်ထပ်ခိုးမှာ ပုန်းအောင်းအိပ်ခဲ့ရတွေ အကာလညများပေပဲ။ ညနက်သန်းကောင် ခွေးတကောင်ကြောင်တမြီးမှမရှိတဲ့ တစပြင်လိုလမ်းမတွေ လူနေရပ်ကွက်တွေထဲ စစ်ဖိနပ်ခွာသံတွေနဲ့ တံခါးတဒုန်းဒုန်းထုဖွင့်ခိုင်းပြီး လက်နောက်ပြန်လက်ထိပ်ခတ် ငါတွေမအေနှမတွေမိုးမွှန်အောင်ဆဲ ထိုးကြိတ်ကန်ကျောက်ပြီး အဆွဲခံသွားရရှာတဲ့ ကိုယ်နဲ့အတူ ၈၈ မှာ မတူတဲ့နေရာတွေကနေပါခဲ့သူတချို့ အိမ်ကို ဘယ်တော့မှ ပြန်မရောက်တော့တဲ့အဖြစ်တွေဟာ ခုထိ တစ္ဆေလိုခြောက်တုန်း။
စက်တင်ဘာ ၁၈၊ ၂ဝ၁၅

(သံဝါသသွားတဲ့ မဘသ)
ဝီရသူလို သီတဂူလို ပါမောက္ခလိုဘုန်းကြီးတွေနဲ့အတူ မဘသပေါ်လာတာ တခုတော့ကောင်းသွားတယ်။ အရင်တုန်းကဆို ဦးပြည်းနဲ့သင်္ကန်းစည်းထားရင် သံဃာစင်ပေါ်တင် အထွဋ်အမြတ်ထားရတဲ့ရတနာတစ်ပါးမို့ မှန်မှန် မမှန်မှန် “မှန်ပါ့ ဘုရား”ချည်းလုပ်ခဲ့ရတဲ့ လူမိန်းမလူယောက်ျားတွေမယ် ရန်ဖြစ်ဖော်ဖြစ်ဘက်တယောက် တိုးလာတဲ့သဘောပဲ။ အံမယ် ဘာနဲ့ညာနဲ့တိုင်းထွာဆဲချင်တောင် ဆဲလို့ရသေးတယ်။
အဲ့ဒါပဲ အလှူခံစားသောက်ထိုက်တဲ့ပုဂ္ဂိုလ် ကုသိုလ်မျိုးစေ့ကြဲဖြန့်ရာ မြေကောင်းတဲ့လယ်ဆိုပြီး သံဃာစင်ပေါ်တင်ထားတာကို မြင့်တယ်ထင်ပြီး လူ့သံဝါသထဲအထိခုန်ချတော့ မှောက်ပြီပေါ့ငါးပါး။ နည်းတောင် နည်းသေးတယ်။

မဘသ ဦးပြည်းတွေအနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းမဟုတ်တောင် အချိုးတခုခုလောက်တော့ တောင်းဆိုသင့်တာပဲ။ ထမင်းစားဖို့အလုပ် လုပ်စရာမလိုတော့ အချိန်ပိုတွေမှာ လွှတ်တော်ထဲဝင်ထိုင်နေရင်း တလဆယ်သိန်းလည်းရမယ် အကုသိုလ်ဖြစ်မယ့် တောင်တောင်အီအီတွေလည်းမကြံစည် မတွေးတောဖြစ်ဘူးပေါ့။ အခြေအနေကောင်းရင် သမ္မတလေးဘာလေး တက်လုပ်ပေါ့။ ကမ္ဘာ့ပထမဆုံး ဘုန်းကြီးသမ္မတဆိုပြီး ဂုဏ်ယူချင်သူတွေလည်း ဝမ်းမြောက်ပျော်ရွှင်ကြမှာပါပဲ။ သီရိလင်္ကာက စံနက်ကျော်တွေထက်တောင် နှာအဖျားတရာ သာသွားဦးမယ်။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅


၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)

0 comments
၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)
(သုံးပိုင်းမကျိုးတဲ့ချစ်ခြင်း)
မနေ့က နှစ်စဉ်ဝတ်မပျက် ဂျွန်နီအက်ပယ်လ်စိဒ်ပွဲတော်သွားခဲ့တယ်။ ပွဲတော်လာတွေ ကားရပ်ရအဆင်ပြေအောင်နဲ့ သွားရေးလာရေးလွယ်အောင် IPFW တက္ကသိုလ်နဲ့ ဟိုဘက်ခြမ်းက ပွဲတော်ကွင်းနေရာကို အဲကွန်းဘာ့စ်တွေ လွန်းပြန် အခမဲ့ဆွဲပေးတယ်။
အပြန်ကားစောင့်တန်းစီနေတုန်း နောက်နားက “ခွမ်”ကနဲ တခုခုကျကွဲအသံနဲ့အတူ “ဟာ ဟင်”အသံတွေထွက်လာတယ်။ လှည့်ကြည့်လိုက်တော့ အသက် ၆ နှစ်လောက်ရှိမယ့် ချာတိတ်လေးတယောက် ငိုမဲ့မဲ့မျက်နှာနဲ့ “သွားပြီ မေမေ သွားပြီ”ဆိုပြီး အောက်ကိုကြည့်နေတယ်။
သူ့မျက်လုံးအတိုင်းလိုက်ကြည့်တော့ ကြွေသား အစိမ်းတောက်တောက် မိကျောင်းရုပ်ကလေး ကွန်ကရိလမ်းပေါ်မှာ သုံးပိုင်းကျိုးကြေလို့။ သူ့နောက်က မတိမ်းမယိမ်း ချာတိတ်မလေးက “ဟယ် နှမျောစရာကြီးနော် အရုပ်ကလေးက လှလိုက်တာ”ဆိုတော့ ငိုချင်ရက်လက်တို့ဖြစ်သွားတဲ့ ချာတိတ်ရဲ့ မျက်ဝန်းအစုံက မျက်ရည်တွေ တွေတွေစီးပြီး “မေမေ သား မတော်တဆ လွတ်ကျသွားတာ၊ တမင်လုပ်တာ မဟုတ်ဘူးနော်”လို့ ငိုသံပါနဲ့ပြောတယ်။
အဲ့အချိန်မှာ အသက် ၃ဝ လောက်ရှိမယ့် မိန်းမလှမိခင်က သုံးပိုင်းကျိုးအရုပ်စလေးတွေကို တစစီကောက်ပြီး ပြုံးရွှင်တဲ့မျက်နှာ ချိုသာတဲ့ပကတိလေသံနဲ့ “အမေ့သားက မဆိုးဘူးပဲ။ လွတ်ကျပြီး အရုပ်ကျိုးတာတောင် ကြေမသွားဘူး။ သုံးပိုင်းပဲ ပိုင်းသွားတာ၊ ဘယ် တော်ရုံတန်ရုံလူ လုပ်နိုင်ပါ့မလဲ၊ တချို့ဆို ကြေမွကုန်တာ၊ ဒါတော့ ဒီမှာကြည့် အမြီးတပိုင်း၊ ကိုယ်တပိုင်း၊ ခေါင်းတပိုင်း သုံးပိုင်းတိတိပဲ၊ ဒါ လွယ်လွယ်လေးသားရဲ့ စူပါဂလူးနဲ့ ပြန်ဆက်လိုက်ရင် အကောင်းပြန်ဖြစ်သွားတာ၊ ဒီလိုလုပ် ခုအပြန်လမ်းမှာ မေမေတို့ စူပါဂလူး ဝယ်သွားမယ်၊ အိမ်ရောက်ရင် ဖေ့ဖေ့ကို ပြန်ကပ်ခိုင်း၊ ဖေဖေက ဒါမျိုးဆို သိတ်ကျွမ်းတာ၊ နေဦး မေမေ ဖေဖေ့ကိုဖုန်းခေါ်လိုက်မယ်၊ သားကပြောပြထား” ဆိုပြီးဖုန်းခေါ်ပေးတယ်၊
ဖုန်းဝင်သွားတော့ သားတော်မောင်က အကျိုးအကြောင်းပြောတယ်၊ အမေက အရုပ်ကျိုးလေးသုံးပိုင်းကို လက်ပွေ့အိပ်ထောင့်လေးထဲ တယုတယထည့်တယ်။ အဲ့အချိန်မှာ အဖေနဲ့ဖုန်းပြောနေတဲ့သားက ဖုန်းကိုနားကခွာရင်း မျက်ရည်တွေကြားကနေ အားရပါရပြုံးပြီး “မေမေ ဖေဖေကပြောတယ် အသစ်ထက်ကောင်းအောင် လုပ်ပေးနိုင်တယ်”တဲ့ဆိုတော့ ကျနော်တို့အားလုံး ပြိုင်တူအပြုံးတွေဝေလို့။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(တပြည်လုံးစစ်မြေပြင်)
စစ်မြေပြင်လို့သတ်မှတ်ထားတဲ့နေရာမှာ ဗိုလ်ပေါက်စလေးကနေစပြီး ဗိုလ်ချုပ်အကြီးကြီးတွေအထိ “ငါတို့ ကိုယ့်ဝေစုအတွက် ကိုယ်တိုက်နေရတာ”ဆိုတဲ့အသိ ဝင်နေအောင်စွဲနေအောင် လုပ်ထားနိုင်တဲ့စစ်တပ်မျိုးကို လူတန်းစားအတွေးအခေါ် သက်သက်လောက်နဲ့၊ ပြည်ချစ်စိတ်သက်သက်လောက်နဲ့၊ လူမျိုးစုရပိုင်ခွင့် သက်သက်လောက်နဲ့ ယှဉ်တိုက်ဖို့မလွယ်ကြောင်း ဗမာ့ပြည်တွင်းစစ်ဟာ အကောင်းဆုံးသက်သေပဲ။ ဒီနေရာမယ်သုံးတဲ့ “စစ်မြေပြင်”ဆိုတာ “ဗမာတပြည်လုံး”ကို ဆိုလိုတာပါပဲ။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(ဗိုလ်ပန်းစွပ်)
စစ်ဗိုလ်ဟောင်းတယောက် အရင်တိုင်းမှူးအဆင့်နဲ့ စစ်ဘုရင်အလတ်စားထိဖြစ်ခဲ့သူ၊ အာဏာကိုသေနတ်လိုခါးကြားထိုးထားခဲ့သူ၊ စစ်အာဏာနဲ့ရှာရတဲ့ဓနနဲ့ခိုင်ဖြီးနေသူ၊ ခု အထက်အမိန့်အရရော မလုပ်ရင် ”ကိုယ့်ဘဝကိုယ်တွေးထား”ဆိုပြီး သူ့ဓနပုံကြီး မျက်စောင်းထိုးပြီး တဘက်လှည့်အကြပ်ကိုင်မှုနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြုအမတ် ဝင်အရွေးခံရမယ်ဆိုတော့ “ရှက်စရာကြီးဗျာ တွေးကြည့်ပါဦး တိုက်ပုံကြီးဝတ်ပြီး လည်ပင်းမှာပန်းကုံးတွေဆွဲပြီး တွေ့သမျှလူတွေလိုက်ပြုံးပြ ဘာရုပ်မှမပေါက်တဲ့လူတွေနဲ့ ဓာတ်ပုံတွေတွဲရိုက် မြို့လည်ကောင်ကြီး စပ်ဖြီးဖြီးနဲ့ကြောင်တောင်တောင်လမ်းလျှောက်ပြီး “ကျနော့် မဲပေးပါ ကျနော့ မဲပေးပါနဲ့”လိုက်ပြောနေရတာဗျာ၊ ဘယ်လောက်အောက်သလဲ။ တပ်မတော်မှာ အနှစ် ၃ဝ ကျော် တိုင်းပြည်တာဝန်ထမ်းခဲ့တဲ့လူက၊ ဒါတောင်နော် ကိုယ့်လူတွေလက်ထဲ တဘက်လှည့်နဲ့အာဏာကိုင်ထားနိုင်လို့၊ ကိုင်များ မထားနိုင်လို့ကတော့ ကိုယ်တွေကို လူတောင် ထင်ပါ့မလားမသိဘူး။ ကိုယ့်အနေက ဆရာသမားတွေ လူကြီးတွေမျက်နှာကလည်းရှိနေ မကင်းရာမကင်းကြောင်းတွေကလည်းဖြစ်နေလို့သာ ဒီ ကြံ့ဖွံ့ပြောင်းပြီး အမတ်လုပ်ပေးရတာ၊ တကယ်က ကိုယ်က ကိုယ့်ပင်စင်လေးနဲ့ စာလေးဘာလေးဖတ် သစ်ပင်ပန်းပင်လေးတွေစိုက် တရားလေးဘာလေးထိုင်နဲ့ အေးဆေးနေချင်တာကွာ၊ ဒီခေတ်ကြမှပဲ တိုင်းမှူးဟောင်းက လူ့အောက်လိုက်ကျို့ရမယ့်အပေါက်ကွာ”ဆိုပြီး မူးမူးနဲ့ရင်ဖွင့်တာ။ (မိတ်ဆွေဟောင်း သူ့လူသူ့ဘက်သားပေးတဲ့ ပါတီတခုမှာ လာမူးတဲ့ စစ်ဗိုလ်စီးပွားရေးသမားတယောက်ကပြောတဲ့စကား)
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(မိုးကျ နေကျရွှေကိုယ်များ)
ရာဟုလာသံကိစ္စည်းရေးပြီး ဆရာဆန်းထွန်းနဲ့ဆရာပါရဂူဘာသာပြန်တဲ့ ဗော်လဂါမှဂင်္ဂါသို့ ထဲက အခန်း(၂) ဒီဝါ က ခရစ်မပေါ်မီအနှစ် ၃၅ဝဝ ဝန်းကျင်ကိုဖွဲ့တာဗျာ။ ဒီနေ့လူ့အဆက်ကနေဆိုတာ ၂၂၅ ဆက်ကျော်ပေါ့။
ပြောချင်တာက အဲ့ဒီအခန်းမှာပါတဲ့ ကေင်မလေးအမည်က ဒိဝါ။ ကောင်လေးအမည်က သူရဿဝါ..တဲ့။ သူရဿဝါဆို နေကျရွှေကိုယ်လို့အဓိပ္ဗါယ်ရသတဲ့။ ဖဲကြိုးသင်္ကေတနဲ့ အရပ်ဘက် နယ်တကာမှာဗိုလ်ကျလာတဲ့ စစ်မိုးကျရွှေကိုယ်တွေကို ဆန့်ကျင်ပြကြတယ် မဟုတ်လား အလွန်ကောင်းတဲ့ ပညာတတ်အလွှာက သိမ်သိမ်မွေ့မွေ့အာခံမှုပေါ့ဗျာ။ ဒီ့ထက်ပိုပါလာအောင် ဒီ့ထက်ပိုကျယ်ပြန့်လာအောင်လုပ်ရင်း နောက်ဆုံး လူထုလှုပ်ရှားမှုကြီးအထိ မြှင့်တင်တွန်းတင်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။
ဒါပေမယ့် ခု တပြန် ပြန်တွေးကြည့်တာ(ခေတ်ပေါ်စကားနဲ့ဆို အခြားတဘက်မှ ဆင်ခြင်ခြင်းပေါ့လေ) ခု ဒီမိုကရေစီဆိုပြီး အတိုက်အခံသဘောနဲ့ အမတ် ဝင်အရွေးခံကြသူတွေထဲမယ် ဆရာဝန်တွေမှမနည်းဘူး။
ဆရာဝန်နိုင်ငံရေးမလုပ်ရဘူးလို့ မဆိုလိုပါဘူး။ လူထုမှာစွဲကပ်နေတဲ့ဆင်းရဲနာကို နိုင်ငံရေးနဲ့မှ ကုလို့ရမှာကိုး။ နိုင်ငံရေးဆိုတာ တော်လှန်ရေးပါပဲ။ ခါတော်မီ အမတ်ဝင်လုပ်တာကိုတော့ နိုင်ငံရေးတို့ တော်လှန်ရေးတို့ မပြောအပ်ဘူးတွေးတာပါပဲ။ ရွှေမန်းကလည်းပြောထားတယ် မဟုတ်လား လွှတ်တော်ထဲမှာ နိုင်ငံရေးစကားတွေမပြောကြပါနဲ့ဆိုပြီး။ ထားပါတော့လေ။
ပြောချင်တာက အဲ့ ဆရာဝန်တွေအမတ်ဖြစ်ကုန်ကြတယ်ဆိုပါတော့။ တချိန်မှာ လွှတ်တော်ထဲမှာ နိုင်ငံရေးသမားက နိုင်ငံရေးမလုပ်ရပဲ (ဒီနေရာမယ် စစ်ဗိုလ်အမတ်တွေတော့ စကားလုပ်ပြောနေတာ မဟုတ်လေတော့) ဆရာဝန်တွေက အမတ်လုပ်ပြီး နိုင်ငံရေးထဲဝင်ပါတော့ နိုင်ငံရေးသမားတွေက “နေကျရွှေကိုယ်”ဆန့်ကျင်ရေး ပဋိသူရဿဝါ ဖဲကြိုးတပ် ဆန့်ကျင်ရေးလုပ်လာရင်မခက်ပါလား။
ဒါဆို မိုးကျရွှေကိုယ်နဲ့ နေကျရွှေကိုယ်ကြေရော။
စက်တင်ဘာ ၁၉၊ ၂ဝ၁၅