Sunday, January 17, 2016

ဆိုဗီယက် ဘာကြောင့် ကျဆုံးသလဲ အပိုင်း(၁-၂-၃) ရဲဘော်ကြင်မောင်

0 comments
ဆိုဗီယက် ဘာကြောင့် ကျဆုံးသလဲ အပိုင်း(၁) ရဲဘော်ကြင်မောင် အရေးတော်ပုံဆောင်းပါး(၈)
အရေးတော်ပုံ ဂျာနယ် အတွဲ(၁) အမှတ်(၃) မှာ
ထွန်းသော် ကလောင်နာမည်နဲ့ ရေးခဲ့တာပါ။
(၂၀၁၁) ခုနှစ်
မာ့စ်ဝါဒနဲ့ ကွန်မြူနစ်အရေးတော်ပုံအကြောင်းလေ့လာသူတွေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။ စာနည်းနည်းများလို့ လုပ်ရလွယ်အောင် နောက်ပြီး ဖတ်ရလည်းလွယ်အောင် အပိုင်းခွဲတင်လိုက်ပါတယ်။
ကျဆုံးသွားရတဲ့အကြောင်းအချက်တွေ များတယ်။

အရေးကြီးဆုံး ၃ ချက်ကိုပဲ တင်ပြ ဆွေးနွေးလိုတယ်။့
ပထမအချက်က မာ့က်စ်ဝါဒအခြေခံအတွေးအခေါ်နဲ့သွေဖည်သွားလို့။
တိုင်းပြည်တိုင်း၊ ပြည်သူတိုင်း၊ ပါတီတိုင်းမှာ ကိုယ်စီအမျိုးသား အကျိုးစီးပွား ရှိတယ်ဆိုတာကို အသိအမှတ်မပြုလို့။့
တတိယအချက်က အပြောင်းအလဲတွေနဲ့အညီ မိမိပေါ်လစီကို ထိန်းညှိမှုမလုပ်နိုင်လို့။

ပထမအချက်ကို ရှင်းလင်းချက်။
မာ့က်စ်ဝါဒအခြေခံအတွေးအခေါ်က “ကုန်ထုတ်စွမ်းအားစုတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့အခန်းကဏ္ဍ ရှိနေသေးသမျှ အဲဒီ လူမှုရေးစနစ်ဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ ပြီးတော့လည်း သူ့ကိုအစားထိုးမယ့် ကုန်ထုတ်ဆက်ဆံမှုအသစ်ဟာ ဆက်ဆံမှုဟောင်းအတွင်းမှာပဲသန္ဓေတည်ပြီး ရုပ်ဘ၀အခြေအနေရင့်မှည့်လာမှ မွေးဖွားလာရမှာ ဖြစ်တယ်။ မရင့်မှည့်သေးဘဲမွေးဖွားရင် လျှောမွေးပဲဖြစ်မယ်။ ဒါမှမဟုတ် ချူချာတဲ့သန္ဓေသားပဲမွေးဖွားလာမှာ ဖြစ်တယ်” လို့ဆိုတယ်။ (ကိုယ်နားလည်သလို သဘောကိုပဲယူပြီး ရေးတာပါ)

ရုရှားပြည်ကိုကြည့်။ သူဟာ ခေတ်နောက်ကျတဲ့နိုင်ငံကြီးပဲ။ မာ့က်စ်တို့က ဆိုရှယ်လစ်တော်လှန်ရေးလုပ်နိုင်တဲ့တိုင်းပြည်တွေက ရှေ့တန်းရောက် တိုင်းပြည်တွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်တို့ပဲလို့ယူဆခဲ့တယ်။ ရုရှား မပါဘူး။ လီနင်ကလည်း ဒါကို လက်ခံတယ်။ နယ်ချဲ့အချင်းချင်း စစ်ဖြစ်နေတာကိုချက်ကောင်းယူပြီး ရုရှားက တော်လှန်ရေးစနက်တံကိုဖောက်ခွဲလိုက်ရင် နောက်ကနေ ရှေ့တန်းရောက် တိုင်းပြည်တွေရဲ့တော်လှန်ရေးတွေ ဆက်တိုက်ပေါက်ကွဲလာမှာပဲလို့ တွက်တယ်။ (လီနင်ရဲ့ ၁၉၁၇အောက်တိုဘာတော်လှန်ရေးနောက်ပိုင်း ရေးသမျှဆောင်းပါးတွေကိုကြည့်) ဒါပေမဲ့ သူတွက်သလို ဖြစ်မလာဘူး။ ဂျာမနီမှာလည်း ခဏကလေး တော်လှန်ရေးဖြစ်တယ်။ ချေမှုန်း ခံလိုက်ရတယ်။ ပြင်သစ်နဲ့ အင်္ဂလန် ဘာမှမဖြစ်ဘူး။ ကမ္ဘာစစ်မှာနိုင်လိုက်လို့ ဝမ်းသာအားရ ဖြစ်နေကြတာပဲ ရှိတယ်။ ကိုလိုနီသစ်တွေ တိုးလာလို့ အုပ်စိုးသူတွေက သူတို့ရလာတဲ့အကျိုးအမြတ်ထဲကနေ နည်းနည်းပါးပါး အရိုးအရင်းတွေစွန့်ကြဲတာကိုရပြီး ကျေနပ်နေကြတယ်။ တော်လှန်ရေးလုပ်ဖို့ သိပ်မစဉ်းစားဘူး။ အဲဒီတော့ လီနင်က အခြေအနေဲ့အညီထိန်းညှိတာကို ရဲရဲလုပ်တယ်။ ၁၉၂၀ တဝိုက်မှာရေးတဲ့ ဆောင်းပါးတွေမှာ ကိုလိုနီ၊ ကိုလိုနီတပိုင်းတိုင်းပြည်တွေက အမျိုးသားဒီမိုကရေစီတော်လှန်ရေးတွေပေါ်လာဖို့ ပြတ်ပြတ်သားသား လှုံ့ဆော်တယ်။ အားပေးတယ်။ ကွန်မြူနစ်ပါတီတွေပေါ်ဖို့ မြေတောင်မြှောက်ပေးတယ်။ အာရှတိုက်မှာ ကွန်မြူနစ်ပါတီတွေ တိုင်းပြည်လိုက် ပေါ်လာတာဟာ အဲဒီ ၁၉၂၀ နဲ့ နောက်ပိုင်းမှာပဲ ဖြစ်တယ်။

ဆိုဗီယက် ဘာကြောင့် ကျဆုံးသလဲ အပိုင်း(၂)
ဗမာပြည်မှာက ထုံးစံအတိုင်း နောက်ကျပါတယ်။ လီနင်က ပြည်တွင်းရေးမှာလည်း ကုန်ထုတ်စွမ်းအားစုကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ စီးပွားရေးပေါ်လစီသစ် (NEP) ချမှတ်တယ်။ ဒါပေမဲ့ သူ့အနေနဲ့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ သေနတ်ပစ်လုပ်ကြံခံရပြီးကတည်းက သူ့ကျန်းမာရေးက မကောင်းတော့ဘူး။ ၁၉၂၄ မှာ ကွယ်လွန်တယ်။ သူသာ ကျန်းမာနေရင်၊ အသက်ရှင်နေရင် စီးပွားရေးပေါ်လစီသစ်ကို ရဲရဲကြီးအကောင်အထည်ဖော်မှာပဲ။ သူကပြည်သူလူထုရဲ့ထောက်ခံမှုကို တခဲနက်ရနေတာပဲ။

စတာလင်ကတော့ စီးပွားရေးပေါ်လစီသစ်ကို မလုပ်ဘူး။ အာဏာအမွေဆက်ခံရေးကိစ္စမှာပဲ နစ်မွန်းနေတယ်။ ဒါပေမဲ့ စတာလင်အတွက် အခွင့်သာစေတာက (၁၉၂၉-၁၉၃၀) အမေရိကားကစလိုက်တဲ့ စီးပွားရေးကပ်ကြီးဆိုက်တာပဲ။ ၁၉၃၀ စီးပွားရေးကပ်ရဲ့အကျိုးဆက်က ရှေ့တန်းရောက်တိုင်းပြည်တွေမှာ သပိတ်တိုက်ပွဲ၊ ကိုလိုနီနဲ့ ကိုလိုနီတပိုင်းတိုင်းပြည်တွေမှာ လယ်သမားသူပုန်တွေ ပေါ်တာပဲ။ (ဆရာစံသူပုန်ထချိန်တုန်းက တရုတ်ပြည်မှာ၊ အိန္ဒိယပြည်မှာ၊ မလေးယားမှာ လယ်သမားသူပုန်ပေါ်တယ်)။

နောက်အခွင့်သာတာက အီတလီမှာ ‘ဖက်ဆစ်’အစိုးရ၊ဂျာမနီမှာ ‘နာဇီ’အစိုးရ တက်လာတာပဲ။ စစ်နိုင်တဲ့အင်္ဂလိပ်၊ ပြင်သစ်က ဖိထောင်းတာ ခံရလို့ ဂျာမန်လူထုက ဟစ်တလာကိုအားပေးထောက်ခံလိုက်ကြတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တော့မယ်ဆိုတာကိုလည်း လူတိုင်းလောက် သိနေကြပြီ။ ဟစ်တလာကလည်း ဘော်လ်ရှီဗစ်ကွန်မြူနစ်ကိုတိုက်ဖျက်မယ်လို့ပဲ ကြွေးကြော်နေတာပဲ။ တကယ်တမ်း စပြီးတိုက်တော့သာ အင်္ဂလိပ်၊ ပြင်သစ်ကိုတိုက်တာပဲ။

စတာလင်က တိုင်းချစ်ပြည်ချစ်ဝါဒကို ပြတ်ပြတ်သားသားကိုင်စွဲခွင့် ရသွားတယ်။ အတိုချုပ်လိုက်တော့ ဒုတိယကမ္ဘာစစ်ဖြစ်တယ်။ နိုင်လိုက်တယ်။ ဆိုရှယ်လစ်နိုင်ငံတွေ အပြိုင်းအရိုင်းပေါ်တယ်။ တရုတ်တော်လှန်ရေး အောင်ပွဲခံတယ်။ စတာလင်က အောင်မြင်မှုနဲ့ ယစ်မူးတယ်။ ပေါ်လစီထိန်းညှိမှုလုပ်ဖို့ လီနင်ပြောခဲ့တဲ့စီးပွားရေးပေါ်လစီသစ်လုပ်ဖို့ စိတ်မကူးဘူး။ ကမ္ဘာစစ်ဒဏ်ကြောင့် ရုရှားတပြည်လုံး အထိနာနေတယ်။ လီနင်ရဲ့ စီးပွားရေးပေါ်လစီသစ်ကိုသာလုပ်ခဲ့ရင် အချိန်ကောင်းပဲ။ ဒါပေမဲ့ စတာလင် မလုပ်ခဲ့ဘူး။ မလုပ်ခဲ့ရုံမက ပိုဆိုးတာကို လုပ်တယ်။ (ဒုတိယအချက်မှာ တင်ပြမယ်)။

ဒုတိယအချက်ကို ရှင်းလင်းချက်။
ဘယ်လိုပဲ ညီနောင်ပါတီလို့ပြောပြော တိုင်းပြည်က ၂ ပြည်၊ ပြည်သူက ၂ ရပ်၊ ပါတီက ၂ ခု ရှိကြတာဖြစ်လို့ အကျိုးစီးပွားက ဘယ်သူနဲ့ ဘယ်သူမှ တထပ်တည်းမကျနိုင်ဘူး။ အရှေ့ဥရောပနိုင်ငံတွေကို ဆိုဗီယက်က သူပဲမွေးမြူပြီးနန်းတင်ထားတာဖြစ်လို့ ငယ်နိုင်လို သဘောထားပြီး အနိုင်ကျင့်တယ်။ တရုတ်ပါတီကတော့ သူ့အစွမ်းအစနဲ့သူ ရေရှည်တိုက်ပြီးအောင်ပွဲရတာပဲ။ (နယ်ချဲ့ချင်း စစ်ဖြစ်ကြတာရဲ့ အကျိုးဆက်ပါ၊ ရုရှားတော်လှန်ရေးက ပထမကမ္ဘာစစ်ကနေအောင်ပွဲရသလို တရုတ်တော်လှန်ရေးက ဒုတိယကမ္ဘာစစ်ကနေ အောင်ပွဲရတာ)။

ကွန်မြူနစ်အင်တာနေရှင်နယ် (Comintern)ဖျက်သိမ်းပြီးကတည်းက ကွန်မြူနစ်ပါတီတွေဟာ ပါတီချင်းဆက်ဆံရေးမှာ မူ ၄ချက်အရပဲ ဆက်ဆံသင့်တာပဲ။ မူ ၄ ချက်ဆိုတာက လွတ်လပ်မယ်၊ လုံးဝတန်းတူရမယ်၊ အပြန်အလှန်လေးစားရမယ်၊ တဦးအတွင်းရေး တဦးက ဝင်မစွက်ရဆိုတာပဲ။ ခေါင်းဆောင်ပါတီ၊ နောက်လိုက်ပါတီ မရှိရဘူး။ အစ်ကိုကြီးပါတီ၊ ညီလေးပါတီ မရှိရဘူး။

ဆိုဗီယက်ပါတီ (CPSU) က အင်တာနေရှင်နယ် ရှိတုန်းကလို ခေါင်းဆောင်ပါတီလုပ်ချင်နေတော့ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့တာတွေ ရှိလာတယ်။ အထူးသဖြင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC)နဲ့ ဖြစ်တယ်။ ကြာလာတော့ ပွင့်ပွင့်လင်းလင်း လူသိရှင်ကြားဝေဖန်တာတွေ ဖြစ်လာတယ်။ ကြိတ်ပြီးဖြစ်တာကနေ ဗြောင်ဖြစ်လာတာပဲ။ နောက်ဆုံးတော့ ဆိုဗီယက်ကို ဆိုရှယ်လစ်စကားပြောပြီးနယ်ချဲ့နေတဲ့ ‘ဆိုရှယ်နယ်ချဲ့’လို့ ပြောတော့တာပဲ။ အမေရိကန်နဲ့ရင်ကြားစေ့တာကို ပွင့်ပွင့်လင်းလင်းလုပ်တော့တာပဲ။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဆိုဗီယက်ကတဖက်၊ အမေရိကန်၊ တရုတ်ကတဖက် အတိအလင်းအားပေးတဲ့ စစ်ပွဲကလေးတွေ ဖြစ်ခဲ့တယ်။ (ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်)။ အာဖဂန်နစ္စတန်စစ်မှာတော့ ဆိုဗီယက်နွံနစ်တော့တာပဲ။ ကျွံသွားပြီ နှုတ်မရတော့ဘူး။ ဆိုဗီယက် ကျဆုံးရတာပဲ။ ဆိုဗီယက် ကျဆုံးတာမှာ တရုတ်က တခန်းတကဏ္ဍပါနေတယ်ဆိုတာက ရှင်းနေတာပဲ။ CPB (ဗကပ)က ဒီဖြစ်စဉ်မှာ အနီးကပ်လေ့လာခဲ့ရတာဖြစ်တယ်။ ဆိုရှယ်နယ်ချဲ့က နယ်ချဲ့သစ်ဖြစ်တယ်။ အရင်းရှင်နယ်ချဲ့က နယ်ချဲ့ဟောင်း ဖြစ်တယ်။ နယ်ချဲ့ဟောင်းက တလျှောက်လုံးသွေးစုပ်နေရတဲ့ ကြမ်းပိုး(ဂျပိုး) ပဲ။ အငမ်းမရ သွေးမစုပ်ဘူး။ သွေးစုပ်ခွင့် ပြတ်လပ်နေတဲ့ဂျပိုး ကတော့ သွေးစုပ်ခွင့်ရစဆိုတော့ သွေးစုပ်ကြမ်းတယ်ဆိုတဲ့အပြောအဆိုတွေ ကြားလာခဲ့ရတာပဲ။
အခြေခံအကျိုးစီးပွားချင်း ပဋိပက္ခဖြစ်တာတွေက သူတို့အကြားမှာ များပါတယ်။ ကာယကံရှင်တွေလည်း ပြောချင်ရင်ပြောပါစေ။

ဆက်လက်ဖော်ပြသွားပါမယ်။

ဆိုဗီယက် ဘာကြောင့် ကျဆုံးသလဲ အပိုင်း(၃)
ရဲဘော်ကြင်မောင်
ဗကပ’က ဒီဟာမျိုးမှာ ဝင်ပြောလေ့မရှိပါဘူး။ ကိုယ့်ကိစ္စကိုပဲ ပြောပါမယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဆိုဗီယက်နဲ့လမ်းခွဲတော့ ယူဂိုစလပ်ပါတီ (တီတိုး)နဲ့ ပြန်လည်သင့်မြတ်ကြတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဗကပကိုလည်း ယူဂိုပါတီနဲ့ ပြန်လည်သင့်မြတ် စေချင်တယ်။ ဒါပေမဲ့ ဗကပ မှာက ယူဂိုပါတီ(တီတိုး)နဲ့ ရှင်းစရာရှိတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ယူဂိုပါတီတို့က အာဏာရပါတီတွေပဲ။ အယူအဆအတွေးအခေါ်မှာပဲ တချိန်က ကွဲကြတာဖြစ်တယ်။ အဲဒီကိစ္စပြေလည်ရင် ပြန်လည်သင့်မြတ်လို့ရတာပဲ။ ဗကပမှာက ရှင်းစရာ ရှိတယ်။ ၁၉၅၅ တခိုက ဖဆပလဆိုရှယ်လစ်အစိုးရကိုဆွဲဆောင်ဖို့၊ ခရုရှက်တို့ လာတယ်။ တီတိုးတည်း လာတယ်။ ခရုရှက်က ဖဆဆိုရှယ် အစိုးရကို နိုင်ငံရေး၊ စီးပွားရေးအကူအညီတွေပေးတယ်။ တီတိုးက စစ်ရေးအကူအညီပါပေးတယ်။ ဒီ အစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့ ပြည်တွင်းစစ်လုပ်နေတာကို မသိတာမဟုတ်ဘူး။ သိလျက်နဲ့ စစ်လက်နက်အကူအညီ ပေးခဲ့တယ်။ ဒီကိစ္စမှာ သူတို့ မှားပါတယ်လို့ပြောမှပဲ ဗကပက ပြန်လည်သင့်မြတ်ပြီး ညီအစ်ကိုပါတီဆက်ဆံရေးလုပ်နိုင်မှာပဲ။ ဒီကိစ္စမှာ တစ်နေလို့ပဲ ၂ ပါတီ ပြန်လည် သင့်မြတ်ရေး မအောင်မြင်ခဲ့ပါဘူး။ အဓိကပြောချင်တာက တိုင်းပြည်က ၂ ပြည်၊ ပြည်သူက ၂ ရပ်၊ ပါတီက၂ ခု ဖြစ်နေရင် သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွား ကွဲပြားကြမှာပဲ။ အကျိုးစီးပွားချင်းကိုက်ညီမှသင့်မြတ်နိုင်မှာပဲဆိုတာကို တင်ပြချင်တာပါ။
ဆိုဗီယက်ဟာ သူ့အကျိုးစီးပွားကို သူများတကာက လိုက်နာ ရမယ်လို့လုပ်ခဲ့လို့ ကြာလေတကောင်ကြွက် အထီးကျန်ဖြစ်ပြီး ကျဆုံးရတာပဲ။

တတိယအချက်ကို ရှင်းလင်းချက်။
ကမ္ဘာမှာ အပြောင်းအလဲတွေများတယ်။ ကိုယ်တွေးထားသလို မဖြစ်တာတွေလည်းရှိတယ်။ အခြေအနေတွေပြောင်းရင် ကိုယ်က လိုက်လျော ညီထွေဖြစ်အောင် ထိန်းညှိရမှာပဲ။ ထိန်းညှိတာမှာ ပျော့ပျောင်းလွန်းရင်လည်း ပန်းပြားပင် ပေါ်လစီပဲဖြစ်မယ်။ သိပ်ပြီးတင်းမာတောင့်တင်း နေရင်လည်း တရားသေ၊ အစွန်းရောက်ပဲဖြစ်လိမ့်မယ်။ ဘယ်လောက် ထိန်းညှိရမလဲ။ ဘယ်ဟာကတော့ ‘မူ’ပဲ။ လျှော့လို့မဖြစ်ဘူးဆိုတာမှာ ရှင်းနေရမှာပါ။ နိုင်ငံတကာဆက်ဆံရေးမှာသာမက ပြည်တွင်းဆက်ဆံရေးမှာပါ ဒီအတိုင်းဖြစ်ရမှာပါ။

ဆိုဗီယက်ပါတီ (CPSU) ကတော့ အဲဒါတွေနဲ့ ပြောင်းပြန်ပဲလိုက်ပြီး လုပ်နေသလိုပဲ။ ခရုရှက်တက်လာတော့ မာနက တလူလူနဲ့။ ဘရက်ဇညက်ကျတော့ ပါးစပ်သာသရမ်းတာ မဟုတ်ဘူး။ လက်ကပါသရမ်းတော့ အာဖဂန်မှာ နွံနစ်တယ်။ နောက်တော့ သက်ကြီး ရွယ်အိုတွေက တယောက်တလှည့်တက်ကြတယ်။ ပေါ်လစီထိန်းညှိဖို့ မစဉ်းစားဘူး။ သူတို့က တော်လှန်ရေးမျိုးဆက်တွေပဲ။ လီနင်ကိုလေ့လာပြီး ထိန်းညှိတဲ့အလုပ် လုပ်သင့်တယ်။ ဒါပေမဲ့ မလုပ်ကြဘူး။ ဂိုဗာချော့ဗ်က တော်လှန်ရေးမျိုးဆက် မဟုတ်ဘူး။ သူ့လက်ထက်မှာ ဆိုဗီယက်ကျဆုံးတာပဲ။ ဘယ်ပါတီဖြစ်ဖြစ်ပါ။ အခြေအနေနဲ့အညီ ထိန်းညှိတာမလုပ်ရင် အနှေးနဲ့အမြန်ကျဆုံးမှာပဲ။

နိဂုံး-
ပထမအချက်ကို ပြန်ကောက်ပါဦးမယ်။ အခု ကမ္ဘာ့အခြေ အနေရော ဗမာပြည်အခြေအနေပါ ပြောင်းနေပြန်ပြီ။ အမေရိကားက စီးပွားရေးကပ်က ကမ္ဘာကို ပြန့်နေပြန်ပြီ။ ကမ္ဘာလွှမ်းခြုံတဲ့ခေတ်၊ နည်းပညာ (IT) ခေတ်ဖြစ်လို့ ဖြစ်ပေါ်မှုမြန်တယ်။ ငွေရေးကြေးရေးစစ် (Currency War) ကုန်ထုတ်လုပ်ရေးသာမက ကွန်ပြူတာအင်တာနက်ဆိုင်ဘာစစ်(Cyber War)ဆိုတဲ့အသံတွေ ကြားနေရတယ်။

စစ်အင်အားတိုးတာ၊ စစ်ရေးလေ့ကျင့်တာတွေကလည်း စိပ်လာတယ်။ အားလုံးကလည်း အာရှအရှေ့မြောက်နဲ့ အရှေ့တောင်မှာချည်းပဲ။ မိမိတို့လည်း ထိန်းညှိဖို့ဘာလိုနေသလဲဆိုတာ စဉ်းစားရပါမယ်။ သူများညီအစ်ကိုပါတီတွေ ဘယ်လိုထိန်းညှိသလဲဆိုတာလည်း လေ့လာရပါမယ်။ အထူးသတိထားရမှာက စနစ်ဟောင်းရဲ့ဝမ်းကြာတိုက်မှာပဲ စနစ်သစ်က သန္ဓေတည်ရမယ်။ လစေ့ရက်စေ့မှပဲ ကျန်းမာသန်စွမ်းတဲ့ သန္ဓေသားမွေးဖွားနိုင်မယ်ဆိုတာပါ။ ။


ရှေ့ခရီးအတွက် စဉ်းစားချက်

0 comments
ရဲဘော်ကြင်မောင်ရဲ့ အရေးတော်ပုံ ဆောင်းပါး(၆)
ရှေ့ခရီးအတွက် စဉ်းစားချက်
အရေးတော်ပုံ ဂျာနယ် အတွဲ(၁) အမှတ်(၃) မှာ
ရဲဘော်ညိုမင်းနာမည်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ဖေဖော်ဝါရီလထုတ် အရေးတော်ပုံဂျာနယ် ဖြစ်ပါတယ်။

အခြေအနေတွေပြောင်းသွားပေမယ့် အခြေခံသဘောကိုစဉ်းစားနိုင်ရန်ပါ။
“လမ်းပြမြေပုံခရီး” ပြီးဆုံးတော့မည်။ “၂၀၀၈အခြေခံဥပဒေခရီး” စတော့မည်။ မိမိတို့ကရှေ့မှာ ဘာလုပ်ကြမလဲဆိုတာကို စဉ်းစားကြရတော့မည်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့စဉ်းစားချက်ကို တင်ပြပါသည်။
(၁) ကုန်သွားခဲ့သည့် ‘၆၃’နှစ်ခရီး ဖြစ်စဉ်မျိုးကို တကျော့မပြန်ချင်တော့ပါ။ ဒါက ဗကပ၏ဆန္ဒဖြစ်သည်။ ၆၃ အစတုန်းကလည်း (၁၉၄၈ တုန်းကလည်း)ထိုဆန္ဒမျိုး ရှိခဲ့ပါသည်။ သို့သော် ဆန္ဒအတိုင်း မဖြစ်ခဲ့ပါ။ အာဏာမာန်ယစ်နေတဲ့ဖဆပလအစိုးရက သူ့အာဏာစက်အောက်တွင် အားလုံး ပြားပြားမှောက် နေကြစေချင်သည်။

မတ်လ (၁၂) ရက်တွင် ဆိုရှယ်လစ်ဝန်ကြီးတဦးရဲ့မဖွယ်မရာသတင်း ထည့်ရကောင်းလားဆိုကာ သတင်းစာတိုက်တချို့ကို လူအုပ်နဲ့ ရိုက်ချိုးဖျက်ဆီးခဲ့သည်။ ဒါဟာ တရားဥပဒေပြင်ပမှာ လူအုပ်နဲ့ ရမ်းကားခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စ သာမန်ကိစ္စမဟုတ်ပါ။ သူ့အာဏာစက်အောက်ကို ကျိုးနွံစွာ မဝင်လျှင်ဥပဒေတွင်း ဥပဒေပနည်းဖြင့်နှိမ်နင်းပစ်မည်ဟုကြေညာလိုက်ခြင်း ဖြစ်သည်။

နောက် (၁၆) ရက်ကြာတော့ ပြည်တွင်းစစ် စပြီး ဖြစ်သည်။ ဖဆပလအစိုးရတဖက် ဗကပတဖက်။ ဒီ ၂ ဖက်သာ တိုက်ကြရလျှင် ဗကပ ကြာရှည်တိုက်နိုင်မည် မဟုတ်ပါ။ သို့သော် ဖဆပလက အာဏာမာန်တက်ပြီး လူတကာကိုရန်လုပ်သဖြင့် ပြည်တွင်းစစ်ကြီး ကျယ်ပြန့်သွားခြင်းဖြစ်သည်။ ယခုလည်း ဖဆပလအစိုးရထက် ပိုတဲ့အာဏာမာန်ဖြင့် “ကြံ့-ဖွံ့အစိုးရ”နဲ့ “ကြံ့ဖွံ့လွှတ်တော်”တို့က အားလုံးကိုရန်လုပ်နေလေပြီ။ အားလုံးကို ကျိုးနွံသွားအောင်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။
 အထူးသဖြင့် ဒီနေ့လို ပြည်တွင်းပြည်ပအခြေအနေတွင် မဖြစ်နိုင်ပါ။

(၂) “၂၀၀၈ အခြေခံဥပဒေ”သည် “၁၉၄၇ အခြေခံဥပဒေ”ထက် ပိုပြီး တင်းမာသည်။ အာဏာပိုင်ကို လုပ်ပိုင်ခွင့်အများကြီး ပေးထားသည်။ ဒါကြောင့် ပိုပြီး ကြမ်းမည်၊ ရမ်းမည်။ အာဏာ၏အချက်အချာ ဝန်ကြီး(၃ နေရာကို သူတို့ အပိုင်ယူထားသည်။“အခန်း (၁၀) နိုင်ငံရေးပါတီများ”ဆိုသည့် အခန်းတွင်ရေးထားတာကို ဖတ်ကြည့်လျှင်မည်မျှ ကြမ်းမည်ရမ်းမည်ကို တွေ့နိုသည်။

ထိုအခန်းပါ ပုဒ်မများဖြင့် နိုင်ငံရေးပါတီများကိုချုပ်ကိုင်ထားမှာ သေချာသည်။“ကြံ့ဖွံ့အစိုးရ”နဲ့ “ကြံ့/ဖွံ့လွှတ်တော်တို့က အစွမ်းပြကြလိမ့်မည်။ ဤသို့သော အခြေအနေတွင် (သူ့ဘက်ကိုယ့်ဘက် တည်ရှိနေတဲ့ ပကတိအခြေအနေအရ)တကွေ့ကြီး ခက်ခက်ခဲခဲပတ်သွားရတော့မှာ သေချာနေသည်။ ဖြတ်လမ်း မရှိပါ။

(၃) ပြင်ဆင်ချိန် ယူရလိမ့်မည်။ ပြင်ဆင်ချိန် မည်မျှယူရမလဲဆိုတာကို ကြိုပြီးပြောဖို့ခက်သည်။“၂၀၀၈ အခြေခံဥပဒေ”၏ အခန်း (၇) ပုဒ်မ(၃၃၈)ကို “ကြံ့ဖွံ့အစိုးရ”က မည်သို့မည်ပုံ အကောင်အထည်ဖော်မလဲ-ဆိုတာကို စောင့်ကြည့်ဖို့လိုသည်။ ဒီကိစ္စကို အကိုင်မတတ်လျှင် ပေါက်ကွဲသွားနိုင်သည်။

(၄) ဗကပ ဘာလုပ်မလဲ။
- တော်လှန်တက်ကြွသောအင်အားစုမှန်သမျှကို စုစည်းမည်။
- စစ်အာဏာရှင်စနစ်အောက်သို့ ခေါင်းလျှိုပြီးမဝင်သူမှန်သမျှကို ထောက်ခံမည်။
- မည်သို့ပင် တကွေ့ကြီး ခက်ခက်ခဲခဲချီတက်ရသည်ဖြစ်စေ၊ စိတ်ပျက်အားလျှော့သွားမှာ မဟုတ်။ ဇွဲဖြင့် ချီတက်မည်။
ပန်းချီပုံကို ဖဘ မှ ကူးယူထားတာပါ။

ကိုချစ်လှိုင်၊ မောင်စူးစမ်း၊ သခင်တင်မြနဲ့၊ သခင်လှကွန်းတို့သို့ တုံ့ပြန်စာ ရဲဘော်ထွန်း

0 comments
ကိုချစ်လှိုင်၊ မောင်စူးစမ်း၊ သခင်တင်မြနဲ့၊ သခင်လှကွန်းတို့သို့ တုံ့ပြန်စာ
ရဲဘော်ထွန်း(အရေးတော်ပုံဆောင်းပါ ၇)

လက်နက်ချကြတာနဲ့ ကွန်မြူနစ်အရေးတော်ပုံကို သစ္စာဖောက်ကြတာမှာတူကြပေမယ့် အချိန်ကာလချင်း မတူကြဘူး။ ဒါကြောင့် ရှေ့နောက် ‘ဝါစဉ်’အရ နာမည်တွေကို တန်းစီလိုက်တယ်။ ကိုချစ်လှိုင်က ဝါအရင့်ဆုံးပဲ။ ကိုချစ်လှိုင်တယောက်ကလွဲပြီး ကျန်တဲ့(၃)ယောက်ကို မတွေ့ဖူးပါဘူး။ စာချင်းလည်း အဆက်အသွယ်မရှိပါဘူး။ အဆက်အစပ်ရှိစရာအကြောင်းလည်း မရှိဘူး။ ကျွန်တော်က (၁၉၄၉) ကတည်းက ရှမ်းပြည်ရောက်နေတာပဲ။ ကိုချစ်လှိုင်နဲ့ကလည်း ခဏတဖြုတ်တွေ့ဖူး၊ စကားပြောဖူးတာပါ။

သူ့ယောက်ဖ (ထင်ပါရဲ့) ကိုသာခင်ကို ပါတီက ခိုလှုံခွင့်ပေးထားဖို့ဆွေးနွေးဖို့ လာတုန်းကပဲ။ ကိုသာခင်ဆိုတာက သခင်သာခင်ဆိုတဲ့ပုဂ္ဂိုလ်ပါ။ အဲဒီတုန်းက သူ့ကို အင်္ဂလိပ်စစ်အုပ်ချုပ်ရေး CAS(B) က သိပ်ပြီးလိုချင်နေတာပါ။ မိများမိရင် မြစ်ကြီးနားမှာလုပ်ခဲ့သလိုလုပ်မှာပဲလို့ ထင်ပါတယ်။ မြစ်ကြီးနားဝင်စဉ်က သူတို့ကြွေးကြော်တာက ‘သခင် သခင် သတ်သတ်’။

သခင်သာခင်က ဂျပန့်ခေတ်မှာ ရွှေဘိုရာဇဝတ်ဝန်လုပ်နေတာပဲ။ သူ ကြောက်ရှာပေလိမ့်မယ်။ သူ့အကြောင်း ပြောရဦးမယ်။ သူ့ကို ဖက်ဆစ် ဂျပန်တော်လှန်ရေးအတွက် ချဉ်းကပ်ဖူးတယ်။ သူလက်မခံဘူး။ ဘယ်လ်ဂျီယန်လုပ်ပစ္စတိုတလက် သူ့ဆီကအလှူခံတယ်။ သူက ရောင်းမယ်လို့ပြောတယ်။ ၃၀၀ဝိ/ ပေးပြီး ပါတီက ဝယ်ခဲ့ရတယ်။ အဲဒီငွေက ချပ်သင်းသူဌေးဦးဘတင်ဆီက အလှူခံလို့ ရတာပဲ။ ‘ချပ်သင်း’ က အင်္ဂလိပ်နယ်ချဲ့လက်ဝေခံ အင်္ဂလိပ်နယ်ချဲ့မျှော်နေသူပဲ။ ဒါကြောင့် လှူတာပါ။ ‘လစဉ်ကြေး’ အဖြစ်တောင် ပုံမှန်လှူခဲ့ပါတယ်။ ထားပါတော့။

သခင်သာခင်ကို ကျွန်တော့်ဆီမှာ တလကျော် လက်ခံထားပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနေရတာ မဟုတ်ပါဘူး။ ရွှေမန်းတင်မောင် ဇာတ်ကရာမှာ ဖဆပလက ဇာတ်ရုံတွင်းမှာ လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ရန်ပုံငွေရှာခဲ့ရာမှာ သူ့ကိုပါ တပါတည်းခေါ်သွားတာပါ။ ရတနာ့ဂူ၊ အမရပူရကပွဲမှာလည်း သူ့ကိုခေါ်သွားတာပါ။ ကျွန်တော်တို့က ‘ပါတီတပ်’အဖြစ်နဲ့ ဖက်ဆစ်တော်လှန်ရေးလုပ်ထားခဲ့တာဖြစ်လို့ အင်္ဂလိပ် အာဏာပိုင်တွေက ရန်သူစာရင်းသွင်းတာ ခံရသူတွေမဟုတ်ပါဘူး။ ဒါကြောင့် လွတ်လပ်ပါတယ်။

ရေစက်မကုန်လို့ ထင်ပါရဲ့၊ အာဏာသိမ်းဗိုလ်နေဝင်းတို့ရဲ့ရန်ကို ကြောက်လို့ ပြည်ထဲရေးဝန်ကြီးဟောင်း သခင်သာခင် ပြေးလွှားနေရတုန်း ကလည်း ကျွန်တော်တို့ (U/G) ကပဲ လက်ခံထားရဖူးတယ်။ နောက်မှာ သူ့ဘာသာသွားပြီးအဖမ်းခံတယ်လို့ ကြားပါတယ်။ ဒီလောက်ပဲ ရေးပါမယ်။

အခုမှ ဘာကြောင့်တုံ့ပြန်စာရေးသလဲ။
သူတို့တတွေ မီဒီယာမှာ ရေးသမျှစာတွေကို အားလုံးလောက်ဖတ်ရပါတယ်။ တွေ့တဲ့သူတွေက ပို့ပေးလို့ပါ။ သူတို့က တုံ့ပြန်စာရေးစေချင်ကြတယ်။ သမိုင်းမှန်ဘာလဲဆိုတာ သိချင်ကြတယ်။ တချို့ကဆိုရင် ပါတီက ‘တုံ့ပြန်စာ’ မရေးတာဟာ ဟုတ်နေလို့နေမှာပေါ့လို့အထိ ပြောလာကြတယ်။ ဘယ်လိုပဲ ရှင်းပြပေမယ့် သူတို့ဘဝင်မကျပါဘူး။ ကျွန်တော်တို့က အတိတ်ကိစ္စတွေကို လက်နက်ချတွေ၊ သစ္စာဖောက်တွေနဲ့ အချီအချမငြင်းချင်ဘူး။ အတိတ်ကကိစ္စဟာ သမိုင်းမှတ်တမ်းတင်သူတွေ အတွက်ပဲအသုံးဝင်တယ်။ သမိုင်းသစ်ကို လူထုနဲ့အတူရေးနေတဲ့ အခုကာလမှာ ပစ္စုပ္ပန်ကိုပဲအလေးထားရမယ်။ အနာဂတ်ကိုပဲ မြော်မြင်ရမယ်လို့ယူဆကြောင်း၊ အတိတ်ကိုပြောနေလို့ အကျိုးမရှိဘူးဆိုတာရှင်းပြပေမယ့် ဘဝင်မကျကြဘူး။

သူတို့ ဘဝင်မကျတာ သဘာဝကျပါတယ်။ မှန်ပါတယ်။ ဘေးမဲ့ပေးထားလေလေ အတင့်ရဲလေလေ ဖြစ်နေတာကြောင့် အခုတော့ တုံ့ပြန်စာ ရေးရပါပြီ။ ရေးစရာက သိပ်များတယ်။ ကွယ်လွန်ကြပြီဖြစ်တဲ့သူတွေကို စော်ကားတာတွေလည်း လွန်လာပြီ။ NLD ကို ပညာပေးသလိုလိုနဲ့ ဗကပကို ခလုတ်တိုက်တာကလည်း များလာပြီ။ မီဒီယာ (စာနယ်ဇင်း)မှာ စင်တခုထိုးချင်တဲ့ ကွန်မြူနစ်ပျက်တွေကလည်း သူတို့ကို သံယောင်လိုက်လာပြီ။

နောက်တကြောင်းကလည်း သမိုင်းမှန်ဘာလဲဆိုတာကို မျိုးဆက်သစ်တွေကသိချင်လို့ ဗကပရဲ့တုံ့ပြန်စာကို မျှော်လင့်နေကြတယ်။ ဟုတ်တယ်။ သူတို့မျှော်လင့်နေတာကို အခုဖြေရှင်းပေးခဲ့မှဖြစ်မယ်။ ကြာရင် ‘အမှားကြာ အမှန်’ဖြစ်ကုန်လိမ့်မယ်။ မသေခင်ရေးခဲ့မှ ဖြစ်မယ်ဆိုပြီး ရေးပါတယ်။

သခင်တင်မြက ‘ဝေါ’ က အတွေ့အကြုံရေးတာကို ပဲခူးကိုနေဝင်းဆီလှမ်းမေးတော့ သူက ဒါဟာလုပ်ကြံတာပဲလို့ ဆိုတယ်။ သူက ပြန်ရေးပေးမယ်လို့ ဆိုပါတယ်။ သူက အသက် ‘၉၀’ တန်းရောက်နေပြီ။ သိပ်ပြီး ကျန်းမာလှတာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ကပဲ ပွဲဦးထွက် တုံ့ပြန်စာရေးပါတယ်။

စစ်ကိုင်းရဲ့ပထဝီအနေအထား။
စစ်ကိုင်းဟာ ရှေ့တန်းရောက်နိုင်ငံရေးမြို့မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူ့မှာ ထူးခြားချက်ရှိတယ်။ ဧရာဝတီရဲ့ တံတောင်ဆစ်ကွေ့မှာ တည်ထားတဲ့မြို့ဖြစ်လို့ စစ်ကိုင်းအရှေ့ခြမ်းက မန္တလေး၊ အမရပူရနဲ့ အရှေ့အနောက် မျက်နှာချင်းဆိုင်။ စစ်ကိုင်း အနောက်ခြမ်းက အင်းဝ၊ တံတားဦးနဲ့ တောင်မြောက်မျက်နှာချင်းဆိုင်။ အဲဒီတော့ အရှေ့ခြမ်းကတက်ကြွလှုပ်ရှားသူတွေက ကိုခင်မောင်လေး (ဗိုလ်ခင်မောင်လေး)နဲ့ နီးစပ်ကြတယ်။ အနောက်ခြမ်းကကိုဗဟိန်းနဲ့ နီးစပ်ကြတယ်။ ကျွန်တော်က အနောက်ခြမ်းက။ ဒါကြောင့် (၁၉၃၆) ကတည်းက ကိုဗဟိန်းနဲ့ သိကျွမ်းတယ်။ ကျောင်းသားကြီး (ခေါင်းဆောင်)နဲ့ ကျောင်းသားငယ် (နောက်လိုက်)ရဲ့ သိကျွမ်းမှုမျိုးပါ။ ညာလက်ရုံးမဟုတ်သလို ဘယ်လက်ရုံးလည်းမဟုတ်ဘူး။ တောက်တိုမယ်ရ ဆက်သားပဲ။ သူ့ရဲ့စည်းရုံးမှုကြောင့်လည်း ကွန်မြူနစ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဗကပရဲ့ အတိတ်သမိုင်းအမြင်ကို ကျွန်တော်ရေးရ လိမ့်မယ်။ သူတို့စစ်အုပ်စုပြောတဲ့ ဗကပ(လက်ကျန်)ရဲ့ တာဝန်ရှိသူတဦး အနေနဲ့လည်း ကိုဗဟိန်းအကြောင်း ကျွန်တော်ရေးရလိမ့်မယ်။ ဒါကြောင့် လက်ရှောင်မနေဘဲ ရေးပါတယ်။

နောက်တကြောင်းကတော့ အရေးမကြီးလှပါဘူး။ ဒါပေမဲ့ရေးမှ ပြည့်စုံမှာမို့ရေးပါတယ်။ အသက်ဝင်လာမယ့် ‘၂၀၀၈ အခြေခံဥပဒေ’အရ ပေါ်လာမယ့် ‘အစိုးရသစ်’မှာ နေရာဦးဖို့ ဖျာခင်းနေတာ၊ သူတို့တတွေ ဂနာမငြိမ်ဖြစ်နေတာကိုသိနေလို့ ‘တော်ကောက်’ ခံရအောင် ‘ညိုမြ’ လုပ်နေတာသိနေလို့ လက်ရှောင်နေခဲ့တာပါ။ အခုတော့ သူတို့ထဲက (၃)ယောက် ‘သတင်းစာ’မှာ နေရာရသွားကြပြီ။ ဒါကြောင့် ရေးလို့ရပြီ ဆိုပြီး ရေးပါတယ်။

ကိုဗဟိန်းတွေဝေသူလား။
ကိုချစ်လှိုင်က သခင်တင်မြလေသံလိုက်ပြီး ကိုဗဟိန်းကို တွေဝေသူလို့ပြောတာ တွေ့လိုက်တယ်။ သခင်တင်မြကို ကိုဗဟိန်းသာမက ကိုဗဟိန်းနဲ့ပတ်သက်တဲ့ ကျွန်တော်တို့အစုများကပါ သခင်စိုးရဲ့ဆက်သားအဖြစ် သူလာတုန်းကခပ်ရှောင်ရှောင် လုပ်ခဲ့တယ်။ ဒါကို သူ မကျေနပ်ဘူး။ သခင်စိုးကို သံတော်ဦးတင်တယ်။ အဲဒီကာလကတည်းက ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့၊ ‘ဗကသ’အနွယ်တို့ကို သခင်စိုးက ဂိုဏ်းဂဏနဲ့ဆက်ဆံခဲ့တာပဲ။ အလံနီပါတီရဲ့အာဘော် ‘အာဏာသစ်’ဂျာနယ်မှာ ပထမဆုံးရေးတဲ့ဆောင်းပါးတွေ ကြည့်။ “ဆောင်ကြာမြိုင် ဗိုလ်ချုပ်”လို့ ကိုအောင်ဆန်းကိုဆဲတယ်။ ကိုဗဟိန်းကိုတော့ “ချွေးတပ်ဗိုလ်ဗဟိန်း”လို့ ဆဲတယ်။

သခင်တင်မြရဲ့ သံတော်ဦးတင်တာကိုလက်ခံပြီး သခင်စိုးအရေးယူခံခဲ့ရသူတွေလည်း ပါတီထဲမှာ မနည်းဘူး။ ကိုဗဟိန်းတွေဝေသူလားဆိုတာ ကတော့ လက်တွေ့က အဖြေပေးပြီးပါပြီ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကိုဗဟိန်းနဲ့သူ့အစုဝင်တွေပဲ သီးခြားလက်နက်ကိုင်တပ် ဖွဲ့ပြီး တပ်မတော်နဲ့လက်တွဲကာ တိုက်ခဲ့ကြတာဖြစ်တယ်။ ကျွန်တော်တို့က (Partisan)ကို ဘယ်လိုဘာသာပြန်ရမလဲမသိလို့ ‘ပါတီတပ်’ လို့ပဲ ခေါ်ခဲ့တယ်။ မကောင်းပါဘူး။ ကိုဗဟိန်းကတော့ ‘ရဲခေါင်ပြောက်ကျားတပ်’အမည်ခံခဲ့တာပဲ။ ဂုဏ်နဲ့ဒြပ်ဟပ်မိတယ်။ ကျွန်တော်တို့တပ်က တပ်ခွဲတခုစာသာ ရှိပေမယ့် ကိုဗဟိန်းတို့တပ်က တပ်ရင်းပေါင်းများစွာ ရှိတာပဲ။ ဒါကြောင့်ပဲ ဗိုလ်အောင်ဆန်းက ဖဆပလဥက္ကဋ္ဌလုပ်ဖို့ တပ်က ထွက်မယ်လုပ်တော့ ကိုဗဟိန်းကိုပဲတပ်ကို လွှဲခဲ့ချင်တာ ဖြစ်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ မခံချိမခံသာဖြစ်တာလည်း အဲဒါကြောင့်ပဲ။ ဗိုလ်အောင်ကြီးရဲ့ စာတစောင်မှာဒီကိစ္စရေးထားတာ ဖတ်ဖူးတယ်။

မောင်စူးစမ်းရဲ့ကိုယ်ပိုင်အတွေးအခေါ်ဘာလဲ။
“သူ့ကို နိုင်အောင်မတိုက်နိုင်ရင် သူ့အောက် ခေါင်းလျှိုဝင်လိုက်”ဆိုတာ သူ့ “မူပိုင်” ပဲ။ ဗကပကို ဆရာလုပ်တုန်းကလည်းဒါပဲ။ အခု NLD ကို ဆရာလုပ်နေတာလည်း ဒါပဲ။ နိုင်ငံရပ်ခြားစာအုပ် အဆိုအမိန့်တခုခုကို ခြေခံပြီးလည်း ဆရာလုပ်လေ့ရှိတယ်။ နိဂုံးချုပ်ရင်တော့ သူ့‘မူပိုင်’ အတွေးအခေါ်နဲ့ ချုပ်လေ့ရှိတယ်။ သူ့“မူပိုင်”အတွေးအခေါ်ကို အာဏာရတွေကြိုက်တာလည်း မဆန်းဘူး။ သူ့ကို ‘ချမ်းအေးစစ်တမ်း’နဲ့ စင်တင်ပေးခဲ့တာ‘ဆွေငြိမ်း ဆိုရှယ်လစ်’ ပါတီပဲ။ ‘မဆလ’ကလည်း စင်တော်ကောက်တာပဲ။ ကိုဘငြိမ်နဲ့ကျမှ သူအရှုံး ပေးရတာပဲ။ NLDထဲ ပါရတာကိုတော့ သူက ‘ရယ်စရာ’လို့ ဆိုတယ်။ တကယ်က သူရဲ့ ‘အရှုံးပေးရေး အတွေးအခေါ်’ကြောင့် NLD နဲ့ ကင်းဝေးသွားတာပါ။ အဲဒါကြောင့် အခဲမကျေဖြစ်ပြီး NLD ကို ဆဲရေးတိုင်းထွာနေတာ ဖြစ်တယ်။ သူ့အသက်အရွယ်က အိုတဲ့နာတဲ့အဆင့် ရောက်နေပြီ။ ဟိုတုန်းကလို အထူးအရာရှိနေရာမှန်းနေတာ မဟုတ်ဘူး။ အခု ပေါ်လာတဲ့ ‘အစိုးရသစ်’ရဲ့ အကြံပေးနေရာကို မှန်းနေသလားပဲ။ စာရေးတာတော့ နားလိုက်ပြီလို့ဆိုတယ်။

သခင်လှကွန်းဘာလဲ။
သူ့အကြောင်းကို ဗိုလ်စိုးမောင် (ကျဆုံး)ဆီက တစွန်းတစကြားဖူးတယ်။ သူ့ဆောင်းပါးတချို့ဖတ်ဖူးတယ်။ ကြေးမုံဦးသောင်းရဲ့‘ဘီလူးတို့ရွာ’ စာအုပ်မှာဖတ်ဖူးတယ်။ ဒီလောက်ပါပဲ။ အခုတလောလေးမှာ ‘ဝါရင့်တွေရဲ့အစု’ထဲ ဝင်ပါမလိုလိုကြားရတော့ ဝါရင့်တွေထဲ ဘာများ ဝင်ရှုပ်မလဲလို့ တွေးမိသေးတယ်။ ဝင်ရောချင်ပေမယ့် ဝင်လို့မရတာလားဘာလားတော့ မသိဘူး။ အခုတော့ ‘လက်နက်ချဝါရင့်’မှာ ပါလာတာ တွေ့တယ်။

ကိုအုန်းမောင် (လေထီးဗိုလ်အုန်းမောင်)နဲ့ သူက ဒေါက်တာမောင်မောင်ရဲ့ ‘အပျော့ဆွဲ’ ကို လက်ခံချင်ကြတယ်ဆိုတာကတော့ ဗြောင်လိမ် တာပဲ။ ကွယ်လွန်ပြီးဖြစ်တဲ့သူကို မဟုတ်မမှန်ဆွဲထည့်တာကတော့ လူ့ကျင့်ဝတ်ကိုဖောက်ဖျက်တာပဲ။ ကိုအုန်းမောင်က တကယ့်အခြေအနေ မှန်ကို အချိန်နဲ့တပြေးညီ သိနေတာပါ။ ဗိုလ်စိန်လွင်ကို ဓားလွတ်အပ်ခဲ့တဲ့အတွက် တပ်ပျက်ပြီဆိုပြီး ဗိုလ်နေဝင်းက ဒေါက်တာမောင်မောင်နဲ့ ကမန်းကတန်း အစားထိုးတာပဲဆိုတာ သိပါတယ်။ ဒေါက်တာမောင်မောင်ကို အပျော့ဆွဲ ဆွဲခိုင်းထားပြီး ‘စစ်အာဏာသိမ်း’ဖို့ ပြင်နေတာလည်း သိတာပဲ။ တပ်တွေကို စစ်တန်းလျားပြန်သွင်းပြီး ပျက်ပြားစပြုနေတဲ့ ‘အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှု’ ကို ပြန်ပြီးတည်ဆောက်နေတယ်ဆိုတာ သိတာပဲ။

၄၈၂၈ အလုပ်အဖွဲ့ထဲမှာ သေနတ်ပြောင်းထဲက အာဏာထွက်တယ်ဆိုတာကို အသေကိုင်မထားသင့်ဘူး။ ဗမာပြည်ရဲ့ချွင်းချက်ရှိတယ်။ ‘လက်ရုံးတွေကလည်း အာဏာထွက်နိုင်တယ်’ဆိုတဲ့အတွေးအမြင်မှားကို သူ ဆန့်ကျင်နေတာပဲ။ ‘ကျွန်းတိုက်ပွဲ’ကို လက်တွေ့ ခေါင်းဆောင်ခဲ့ သူပဲ။ စစ်အုပ်စုက အချိန်ဆွဲနေတာကို သူသိတာပေါ့။ အဆင့်ဆင့်အမိန့်ပေးစနစ်လည်း ပြန်ပြီးထူထောင်မိရော ‘စောမောင်၊ ခင်ညွန့် အာဏာသိမ်းကြတော့’ လို့ ဗိုလ်နေဝင်း နှုတ်မိန့်ပေးခဲ့တယ်မဟုတ်လား။ ဗိုလ်ခင်ညွန့်ရဲ့ ‘ဖြတ်လမ်းကအာဏာသိမ်းဖို့ ဗကပ အကြံအစည်’ ဆိုတာ လံကြုတ်ပဲဆိုတာလည်း သူသိတာပဲ။ NLD က လစ်ဘရယ်ဒီမိုကရေစီပါတီပဲ။ စစ်အာဏာရှင်စနစ်နေရာမှာ လစ်ဘရယ်ဒီမိုကရေစီ စနစ်နဲ့အစားထိုးဖို့ပဲ ဗကပ က မျှော်မှန်းခဲ့တာကိုသိပါတယ်။ သခင်လှကွန်း ဒီလိုမလုပ်ကောင်းပါဘူး။ သခင်သန်းထွန်းကို မွေးစားဖခင်လို့ ပြောချင်ပြောပါ။ ဗိုလ်နေဝင်းကို ကျေးဇူးရှင်လို့ ပြောချင်ပြောပါ။ ကွယ်လွန်ပြီဖြစ်တဲ့သူတွေကိုတော့ သူခိုးသေဖော်မညှိစေချင်ပါဘူး။

(၄) ဦးစလုံးသို့ ပြောချင်တာ။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို လက်ခံပါတယ်။ သမိုင်းမှန်ဆိုပြီး ရေးချင်တာရေး၊ ပြောချင်တာပြောတာမှာတော့ ရိုးသားကြဖို့ လိုပါတယ်။ စစ်နဲ့တော်လှန်ရေးခေတ်ကို ဖြတ်သန်းခဲ့ကြသူတွေ သိပ်မကျန်တော့ပါဘူး။ စစ်တပ် (တပ်မတော်)ထဲမှာတော့ လုံးဝ မရှိတော့ပါဘူး။ စစ်အာဏာရှင်စနစ်(ပုံစံသစ်)ကလည်း စစ်နဲ့တော်လှန်ရေးခေတ်ကလူတွေနဲ့ နိုင်ငံရေးပါတီတွေကို အတိအလင်း အပုပ်ချနေချိန် ဖြစ်တယ်။ ဂျာနယ်တစောင်မှာဆိုရင် တပ်မတော်မော်ကွန်းတိုက်မှာသာရှိတဲ့ ရှားပါးဓာတ်ပုံတွေ၊ မှတ်စုမှတ်ရာတွေ၊ ကာတွန်းတွေပါမကျန်ထုတ်သုံးပြီး လွတ်လပ်ရေးတိုက်ပွဲခေတ်၊ လွတ်လပ်ရေးရကာစခေတ်ကပုဂ္ဂိုလ်တွေ၊ ပါတီတွေကို စော်ကားနေပါတယ်။ ခင်ဗျားတို့ကပါ ကူပြီး မစော်ကားကြစေချင်ပါဘူး။

နားနားနေနေ ရေကြည်အေးလေး သောက်ရတဲ့အခါ ဇရပ်ဒကာ၊ရေချမ်းစင်ဒကာရဲ့ကျေးဇူးကို သိတတ်ကြပါစေ။ သားရေပေါ်အိပ် သားရေနားစားသူတွေအဖြစ်နဲ့ ဘ၀ဇာတ်သိမ်းတာ မလုပ်စေချင်ပါဘူး။

အတွေးအခေါ်ကိစ္စကိုတော့ ပညာရှင်ဆန်ဆန် ငြင်းခုန်ကြတာပေါ့။ သမိုင်းနိဂုံးမချုပ်သလို ဗမာပြည်ရဲ့နိုင်ငံရေးကလည်း ဘယ်တော့မှ နိဂုံးချုပ်မှာမဟုတ်ပါဘူး။ မျိုးဆက်သစ်တွေကို မျိုးဆက်ဟောင်းတွေရဲ့ပခုန်းပေါ်မှာ မားမားမတ်မတ်ရပ်နိုင်အောင် လုပ်ခဲ့စေချင်ပါတယ်။ ဒါပါပဲ။
ရိုးသားပွင့်လင်းစွာဖြင့် (၁၃ - ၂ - ၂၀၁၁) (ရဲဘော်ထွန်း)
ရဲဘော်ကြင်မောင် အရေးတော်ပုံဆောင်းပါး(၇)မှာ
ရဲဘော်ထွန်းနာမည်နဲ့ ရေးခဲ့တာပါ။


Thursday, January 14, 2016

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ လက်နက်ချခိုင်းတဲ့နည်းလမ်းနဲ့တော့ လုံးဝမရနိုင်(မင်းကြည်)

0 comments
စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ လက်နက်ချခိုင်းတဲ့နည်းလမ်းနဲ့တော့ လုံးဝမရနိုင်(မင်းကြည်)
၁၃၊ ၁၊ ၂ဝ၁၅ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ် Mr. Roland Kobia တို့နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင်တွေ့ဆုံခဲ့ကြတယ်။ အဲ့ဒီတွေ့ဆုံပွဲတွင် ဗိုလ် မင်းအောင်လှိုင်က လောလောဆယ်ကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာသမိုင်းဝင် ကြီးမားတဲ့ခြေလှမ်းတရပ်ဖြစ်ကြောင်းနဲ့ ဗမာပြည်သူတွေက ဒီညီလာခံကြီးအပေါ် မြင့်မြင့်မားမား မျှော်လင့်ချက်ထားရှိကြကြောင်း ပြောသွားတယ်။
ပြည်သူလူထုက မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးညီလာခံ လား
၎ နှစ်ကျော်ကြာခဲ့တဲ့ ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တပုံကြီးကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒါပေမယ့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ အစိုးရတပ်တွေက စစ်ဆင်ရေးတွေလုပ်နေလို့ အပြစ်မဲ့တိုင်းရင်းသားပြည်သူလူထု သိန်းနဲ့ချီပြီး စစ်ပြေးဒုက္ခသည်တွေဖြစ်နေကြတာဟာ ယခု “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး” ကျင်းပနေတဲ့အချိန်အထိဖြစ်တယ်။
ပြည်တွင်းစစ်ဆန့်ကျင်ရေး ပြည်သူတွေရဲ့ကြွေးကြော်သံတွေကိုလည်း နေ့တိုင်းကြားနေရတယ်။ အင်အားအများဆုံး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းကြီး ၂ ခုဖြစ်သည့် UWSP-UWSA , KIO-KIA အဖွဲ့တို့အပါအဝင် ကျန်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အများစုကလည်း ဒီငြိမ်းချမ်းရေးညီလာခံကို သပိတ်မှောက်နေကြတယ်။
နိုင်ငံတကာပါဝင်မှုအခန်းနဲ့ပတ်သက်တဲ့သဘောထား
ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂနဲ့ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ ကိုယ်စားလှယ်သံတမန်များကို လေ့လာသူများအဖြစ် အခါအားလျှော်စွာပါဝင်စေခဲ့တယ်။ ဒီလိုပါဝင်စေတာဟာ သူတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာက အသိအမှတ်ပြုလက်ခံစေချင်တဲ့သဘောထားအပြင်၊ ငြိမ်းချမ်းရေးဆိုတဲ့မဏ္ဍပ်ထိုးပြီး အလှူငွေ တောင်းခံဖို့လည်း ရည်ရွယ်ထားကြတာဖြစ်တယ်။ ဒါပေမယ့် စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ပါဝင်မှုအခန်းကို ဒီထက်ပိုပြီးမျှော်လင့် မထားပါဘူး။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်က “ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပြည်တွင်းရေးကိစ္စတရပ်သာဖြစ်ပါတယ်” လို့ မဆိုင်တာဝင်မပါပဲ လက်ရှောင်နေဖို့ ဧည့်သည်တော်ဥရောပသမဂ္ဂသံအမတ်ကို သတိပေးသွားသေးတယ်။
ငြိမ်းချမ်းရေးဟာ လက်နက်ချရေးသက်သက်လား
တိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်နေကြတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး သူတို့ဘဝတွေ မဖွံ့ဖြိုးမတိုးတက်လို့ လို့ သမ္မတဗိုလ်သိန်းစိန်က တခါကပြောခဲ့ဖူးတယ်။ အခုလည်းဒီစကားကို သံယောင်လိုက်ပြီး၊ ကာချုပ်ဆိုသူက၊ ဥရောပသမဂ္ဂသံအမတ်ကို “ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ လူမျိုးစုလက်နက်ကိုင်အုပ်စုအဖွဲ့ဝင်တွေရဲ့ စားဝတ်နေမှုကို အစိုးရကအာမခံပေးမှာပါ”လို့လည်း ထည့်ပြောလိုက် သေးသည်။
၁၂ ၊ ၁၊၂ဝ၁၅ ရက်နေ့ကပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံအဖွင့်နေ့မှာ၊ ဗိုလ်မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားတုန်းကလည်း နိုင်ငံတော်ကာကွယ်ရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နိုင်ငံတော်ကာကွယ်ရေးအတွက် အမှုထမ်းချင်သပဆိုရင် ကြိုဆိုကြောင်း ပြောခဲ့သလို၊ အခု ဥရောပသမဂ္ဂသံအမတ်နဲ့တွေ့ဆုံရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့အဖွဲ့ဝင်တွေအနေနဲ့ အရပ်သားဘဝနဲ့ နေချင်တဲ့ဆန္ဒရှိကြရင်ဖြစ်စေ၊ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နဲ့အညီတပ်မတော်ထဲဝင်ရောက် အမှုထမ်းချင်တဲ့ဆန္ဒရှိရင်ပဲဖြစ်စေ၊ အစိုးရအနေနဲ့စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းလည်း ထပ်လောင်းပြောသွားသေးတယ်။
ဒီလိုပြောကြားချက်တွေကို NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တဦးကတော့ ကြိုဆိုကြောင်း ကျေနပ်အားရတဲ့စကား ပြောသွားတာကြားရတယ်။
ဒါပေမယ့် ဒီတွေ့ဆုံပွဲမှာ “ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လက်နက်ကိုင်တာမျိုးပဲဖြစ်စေ၊ အာဏာအတွက်ကြိုးပမ်းတဲ့အနေနဲ့ လက်နက်ကိုင်တာပဲ ဖြစ်စေ ခွင့်ပြုမှာမဟုတ်ဘူး။ တပ်မတော်ဆိုတာ တခုတည်းပဲရှိရမယ်”ဆိုတာကိုတော့ သူတို့လက်စွဲ ၂ဝဝ၈ အခြေခံဥပဒေကိုကိုင်ပြီး ဗိုလ်မင်းအောင်လှိုင်က ထည့်ပြောသွားတယ်။
အခုအခါ ကြံ့ဖွံ့အစိုးရကရော၊ စစ်တပ်ဘက်ကပါ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲဖြေရှင်းလို့ရမယ်၊ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းလို့မရဘူးဆိုတဲ့စကားကို ပြောလာကြတာသတိထားမိတယ်။ တကယ်တော့ ဒီစကားဟာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးစုတွေကို လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့သာ ရည်ရွယ်ပြောဆိုနေတာသာဖြစ်တယ်။
တိုင်းရင်းသားလူမျိုးစုတွေအပေါ် သူတို့စစ်တပ်က လက်နက်နဲ့အကြမ်းဖက်တိုက်ခိုက် ဖိနှိပ်နေတာကို ရည်ညွှန်းပြောတာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်။
ဗမာပြည်မှာ ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်ချစေတဲ့နည်းနဲ့ ဘယ်အာဏာရအစိုးရကမှ ဖြေရှင်းနိုင်ခဲ့တာ မဟုတ်ဘူးဆိုတဲ့အချက်ကို သမိုင်းကသက်သေအထင်အရှားပြခဲ့ပြီးပါပြီ။

Tuesday, January 12, 2016

မျက်စိလည်နေအောင်(ရဲဘော်ကြင်မောင်)

0 comments

မျက်စိလည်နေအောင်(ရဲဘော်ကြင်မောင်) ၂ဝဝ၇ သြဂုတ်လ၂၁ စာစဉ်။ အမှတ် (၁၁) မှာ ရဲဘော်တင်ဦး ကလောင်နာမည်နဲ့ ရေးခဲ့တာပါ။

၂၁- စာစဉ်၊ ဆောင်းပါး(၁)

၁၊
ကျွန်တော်တို့ နိုင်ငံရေးမျက်စိလည်နေတာ ကြာပြီလို့ယူဆပါတယ်။ မျက်စိလည်တာကြာလာတော့ အုပ်စီးပျက်လာပါတယ်။ “ငါပြောတဲ့ လမ်းကမှ အမှန်၊ အခုအတိုင်းသွားနေရင်တတပ်လုံး ပြုတ်လိမ့်မယ်”လို့ ပြောပြောပြီး ခွဲ-ခွဲထွက်နေကြတယ်။ အခုခေတ်လောက် ‘လမ်းစဉ်မှန်’တွေ့သူတွေ (ဗမာပြည်နိုင်ငံရေးမှာ) မကြုံဖူးပါဘူး။ ပြည်ပရော ပြည်တွင်းပါ ‘လမ်းစဉ်မှန်တွေ့နေသူတွေ’ သိပ်များပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ ၁၉၅၉ တုန်းက တောထဲမှာ မျက်စိလည်လမ်းပျောက်နေတာကို သတိရမိပါတယ်။ မိတ်ဆက်ပေးပါရစေ။

၂။
၁၉၅၉ ဆိုတာ စစ်အစိုးရ (အိမ်စောင့်အစိုးရ) ကို ပထမဆုံး နဖူးတွေ့ဒူးတွေ့ တွေ့ရတဲ့ကာလပါ။ ဗကပ အမြစ်ပြတ်ချေမှုန်းဖို့ ပထမ(၆ လ) ကန်ထရိုက်ရထားတာနဲ့ လုံလောက်လို့ ဒုတိယ(၆ လ) ကန်ထရိုက်ရထားစဉ်ကပါ။ (ဗကပ အမြစ်ဖြတ်ဖို့ ဖဆပလ ၂ ဂိုဏ်းစလုံး (သန့်ရှင်း/တည်မြဲ)က နေဝင်းကို ကန်ထရိုက်ပေးခဲ့တယ်။ ‘၆’လနဲ့ အမြစ်မပြတ်လို့ နောက်ထပ် ‘၆လ’(အခြေခံဥပဒေကိုပြင်ပြီး) ကန်ထရိုက်ပေးထားတာကို ဆိုလိုတယ်)

“တကွင်းလုံး ရိတ်သိမ်းပြီးပြီ။ ကောက်သင်းကောက်ဖို့ပဲ ကျန်တော့တယ်”ဆိုပြီး ခွင်လုံးကျွတ်ထိုးစစ်ကြီးတွေ နေဝင်း-မောင်မောင်-အောင်ကြီး စစ်အုပ်စုက ဆင်နွှဲနေချိန်ကပါ။ ပါတီဗဟိုက မိုးကုတ်အနောက်ခြမ်းကို ပြေးရင်းလွှားရင်း ရောက်လာတယ်။ အဲဒီတုန်းက ကျွန်တော်တို့တပ် ကလည်း တောကြီးထဲမှာ မျက်စိလည်ဖူးပါတယ်။ ခေတ်မီတဲ့ စစ်မြေပုံပါတယ်။ မှန်ပြောင်း၊ အိမ်မြှောင်ပါတယ်။ ဂျပန်၊ အင်္ဂလိပ် စစ်တက္ကသိုလ်ကကျောင်းဆင်းစစ်ဗိုလ်တွေ ပါတယ်၊

ရွာတွေကို ကွင်းပြီး တောကြီးထဲမှာ တောတိုးရင်းမျက်စိလည်တာပါ။ ပါလာတဲ့ရိက္ခာက ကုန်ပြီ။ ရေပါ ပြတ်နေပြီ။ ‘ကိုယ် ဘယ်ရောက်နေ သလဲ’ ဆိုတာ မသိတော့ဘူး။ “အရှေ့ဘက်စူးစူး သွားရမယ်”“အနောက်ဘက်စူးစူး သွားရမယ်”“တောင်ဘက်”“မြောက်ဘက်”စသဖြင့် တတပ်လုံးက ထင်မြင်ချက်တွေအမျိုးမျိုး ပေးကြတယ်။ အဲဒီအချိန်မှာ ဝါရင့်ဆင်ဦးစီးကြီးတဦးက “ကိုယ်ဘယ်ရောက်နေသလဲဆိုတာ သိချင်ရင် တခွင်တပြင်လုံးကိုမြင်ရတဲ့ အမြင့်ဆုံးနေရာတက်ကြည့်ပါ။ ဆင်တောင်(အဲဒီဒေသမှာ အမြင့်ဆုံးတောင်)ရဲ့ပုံပန်းသဏ္ဌာန် ဘယ်လိုရှိသလဲဆိုတာ ကြည့်ပါ။ ဆင်ကြီးဝပ်နေတဲ့ပုံတွေ့ရရင် ကျုပ်တို့ ဆင်တောင်အနောက်ဘက်မှာ ရောက်နေတာပဲ။ ဆင်ကြီးရဲ့ရုပ်လုံးက တောင်ထွတ် ၂ ခု သီးခြားစီဖြစ်နေရင် ဆင်တောင်ရဲ့မြောက်ဘက်ရောက်နေတာပဲ။ ဒါကြောင့် မြင့်မြင့်တက်ပြီး တခွင်တပြင်လုံးကို ကြည့်ပါ။ ထင်ရှားတဲ့ အမှတ်အသားကိုရှာပြီး ကြည့်ပါ”လို့ အကြံပေးလာတယ်။

အဲဒီ‘ဝါရင့် ဆင်ဦးစီးကြီး’ အကြောင်းလည်း ပြောရဦးမယ်။ သူက လော၊ ဒါမှမဟုတ် ထိုင်းတနေရာရာမှာ မွေးဖွားခဲ့တာပဲ။ သူ့ဟာသူလည်း ဘယ်မှာမွေးတယ် အသေအချာမမှတ်မိဘူး။ ဘုံဘေဘားမား သစ်ကုမ္ပဏီက ဆင်ဦးစီးတွေက ကလေးဘဝမှာ ဗမာပြည်ထဲခေါ်လာခဲ့တာပါ။ ဆင်ဝိုင်းထဲမှာပဲ ကြီးပြင်းလာတယ်။ ဗမာပြည် တောတကာနှံ့နေပြီ။ ရွာထဲရပ်ထဲ တခါမှမနေဖူးဘူး။ ကျွန်တော်တို့တပ်က ဘုံဘေဘားမား ဆင်ဝိုင်းကိုသိမ်းပြီး ဆင်တွေရော၊ လူတွေရော သိမ်းသွင်းလာခဲ့တယ်။ ရှမ်းပြည်ဘက်ရောက်တော့ ဆင်တွေပဲချန်ထားပြီး လူတွေကို သွားလိုရာသွားဖို့ စရိတ်ပေးပြီးလွှတ်တော့ သူက ဘယ်မှ မသွားတော့ပဲ ပါတီနဲ့အတူလိုက်လာတာ ဖြစ်တယ်။ နောက်ကျတော့ ပါတီဝင် ဖြစ်လာတယ်။

သူ့အကြံဉာဏ်အတိုင်း မြင့်မြင့်တက်ပြီး တခွင်တပြင်လုံးကိုကြည့်၊ ဆင်တောင်ရဲ့ပုံသဏ္ဌာန်ကိုကြည့်တော့မှ ကိုယ်ဘယ်ရောက်နေသလဲဆိုတာ သိတယ်။ အဲဒီလိုသိတော့ လွယ်သွားပြီ။မြေပုံ၊ အိမ်မြှောင်၊ စစ်ပညာနဲ့ပေါင်းစပ်ပြီး ချီတက်နိုင်ခဲ့တယ်။ အဲဒီလိုနဲ့ တတပ်လုံး လိုရာကို ရောက်ခဲ့ပါတယ်။ ခုလည်း နိုင်ငံရေးလမ်းစဉ်မျက်စိလည်နေတာပျောက်ဖို့ မြင့်မြင့်တက်ရမယ်။ တခွင်တပြင်လုံးကို ကြည့်ရမယ်။ လူထုကြီးရဲ့ ပုံသဏ္ဌာန်ဘယ်လိုရှိသလဲဆိုတာ ကြည့်ရပါမယ်။ ဒါမှ အုပ်စီးပျက်နေတာကို ပြန်လည်စုစည်းနိုင်ပါလိမ့်မယ်။

၃။
မြင့်မြင့်တက်ဆိုတာ ကမ္ဘာ့နိုင်ငံရေးအခြေအနေကို ကြည့်ဖို့ပါ။ တခွင်တပြင်လုံးကြည့်ဆိုတာက ဗမာပြည်အရေးစိတ်ဝင်စားတဲ့ နိုင်ငံကြီး နိုင်ငံငယ်တွေရဲ့ သဘောထားအပြောင်းအလဲ၊ နအဖ အစီအစဉ် စတာတွေကို ကြည့်ဖို့ပါ။ လူထုကြီးရဲ့ပုံသဏ္ဌာန် ဘယ်လိုရှိသလဲ သိဖို့ကတော့ လူထုကြီးရဲ့ အထွေထွေအခြေအနေကို ကြည့်ဖို့ပါ။ အတိုဆုံးချုပ်ပြီး ပြောချင်ပါတယ်။- ကမ္ဘာ့နိုင်ငံရေးအခြေအနေ ပြောင်းနေပါပြီ။ ၂၁’ရာစု ပထမဆယ်စုနှစ်များဟာ ၂ဝ ’ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်များနဲ့ မတူတော့ပါဘူး။ ဗမာပြည်အရေးပြောနေကြတဲ့ နိုင်ငံကြီးငယ်တွေကလည်း နအဖအပေါ် သဘောထားပြောင်းစပြုနေပါပြီ။ အာဆီယံက ဗမာပြည်ကို ချန်မထားရစ်ခဲ့ချင်ဘူး။ “၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး” အလားအလာ မရှိတော့ဘူးလို့မြင်နေပြီ။ (၃ ပွင့်ဆိုင်တော့ပြောမနေနဲ့)- ခေါင်းဆောင်က မျက်စိမလည်မှ လူထုကိုလမ်းမှန်ပြပြီး ရှေ့ဆောင်နိုင်ပါတယ်။


လမ်းစဉ်မှန်ရဖို့က နိုင်ငံရေးမျက်စိမလည်မှ ဖြစ်မယ်။ မျက်စိလည်နေသမျှကာလပတ်လုံး လမ်းမှန်မတွေ့နိုင်ပါဘူး။

- နအဖ ဘာလိုချင်သလဲဆိုတာ အခုဆိုရင် ရှင်းနေပါပြီ။ နအဖကို ချော့မြှူပြီးစေ့စပ်ရေးစားပွဲခေါ်တဲ့နည်းပရိယာယ် အလုပ်မဖြစ်နိုင်ပါဘူး။
- လမ်းပြမြေပုံ RM အဆင့်(၁) ပြီးရင် (၂) နဲ့ (၃) က ရှောရှောရှူရှူဖြစ်သွားမှာပါ။ အခုကစပြီး အဆင့်(၄)အတွက် ပြင်ရပါမယ်။ နအဖ ကတော့ ပြင်နေပါတယ်။ မိမိတို့က ဘာမှ ပြင်ထားတာမရှိပါဘူး။ NLD က “ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး”နဲ့တင် ရပ်နေလို့မဖြစ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာမှ လမ်းစဉ်ထုတ်ပြန်မယ်ဆိုရင် နောက်ကျပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနာရှာပြီး သူ့သဘောထားယူတာ၊ ညှိနှိုင်းတာ လုပ်ကာ RM (လမ်းပြမြေပုံ) အဆင့် (၄)မှာ ဘာလုပ်ကြမလဲဆိုတာကို NLD က ပြည်သူလူထုနဲ့ ကမ္ဘာကိုတင်ပြဖို့ အချိန်တန်ပြီလို့ယူဆပါတယ်။

အမတ်ဈေး(မျိုးမြင့်ချို)

0 comments
(အမတ်ဈေး)
အမြန်ရအစာတွေလို အရေးပေါ်အင်န်အယ်လ်ဒီအဖြစ်ဝင်အရွေးခံပြီး အမတ်ဖြစ်ကြသူတွေထဲက အမတ်တချို့ရဲ့ လွှတ်တော်တွင်းခြံခုန်ပွဲတွေ မြင်ရဖို့အလားအလာ များသထက်များများလာပြီ။ ခုကိုပဲ အပြင်မှာ ကြေးဖွင့်နေကြပြီဆိုပဲ။ ကြိုပွိုင့်ဆိုတာကပါသေး။ ဥပဒေတခုခြင်းအလိုက် မဲခွဲရာမှာ သူ့လူကိုယ့်မဲက တဈေး၊ ပါတီကထွက်ပြီး တသီးပုဂ္ဂလရပ်ပေးရင်က တဈေး၊ အပြီးအပြတ် ပါတီပြောင်းတာက တဈေးတဲ့။ အပြီးအပြတ်ပါတီပြောင်းက ကြေးအမြင့်ဆုံး ဆိုပေမယ့် အဲ့သလောက် မျက်နှာပြောင်တော့ မတိုက်လောက်ဘူးလို့ ခန့်မှန်းသူမှန်းကြသံလည်း ကြားတယ်။

ဒေါ်စုကတော့ ဝန်ကြီးနေရာ လာတောင်းရင်တောင် ပါတီစည်းကမ်းနဲ့ အရေးယူမယ်လို့ အပြတ်ပြောပြီးသား။ ဒါမျိုးတွေ လာလုပ်လို့ကတော့ စံပြအနေနဲ့ နောက်ကောင်တွေ ဂျိုမထောင်ရဲအောင် ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်တဲ့အထိ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးပစ်မှာသေချာတယ်။

ပါတီဝင်ဆိုတာကတော့ ပါတီက ပိုင်တာကိုး။ ပါတီစည်းမျဉ်းစည်းကမ်း လိုက်နာရတာကိုး။ ပါတီဝင်အမတ်ကို ပါတီထဲမှာပါတီဝင်လို မီးသေသေထိန်းလို့ရဦးတောင် လွှတ်တော်ထဲမတော့ ထိန်းဖို့ခက်မှာပါပဲ။ သူလည်း အမတ်ကိုး။ သူလည်း တမဲပိုင်ကိုး။ သူလည်း ဒီမိုကရေစီရှိသကိုး။

နောက်တခုက ဒေါ်စုက ပါတီခေါင်းဆောင်အဖြစ် ပါတီဝင်ဝင်ထုအပေါ် ဘယ်လောက်ပဲ မီးသေသေ ဘယ်လိုအရှိန်အဝါသြဇာနဲ့ပဲထိန်းထိန်း ထိန်းလို့ဖြစ်တယ်။ ထိန်းလည်း ထိန်းတယ်။ ထိန်းလည်း ထိန်းထားနိုင်တာ လက်တွေ့မှာ ဘယ်သူမှငြင်းမရဘူး။ သူ့လောက် ပါတီအပေါ် လူထုအပေါ်သြဇာကြီးတဲ့ နိုင်ငံရေးသမားမျိုးဆိုတာ ကမ္ဘာရှားလို့တောင် ပြောစမှတ်ပြုကြရတယ်။ လက်ဖျားခါကြတယ်။

ဒါပေမယ့် အစိုးရခေါင်းဆောင်(ဖြစ်ခဲ့ရင်)၊ လွှတ်တော်ခေါင်းဆောင်ဖြစ်သွားရင် အစိုးရနဲ့လွှတ်တော်ကို ပါတီကိုင်သလို သွားကိုင်လို့မရမှန်း သူသိသလို ပုံစံလည်းပြောင်းကိုင်ရမှာပဲ။ အမတ်တွေကို “ကလေးတွေ”လို့ခေါ်ရင်ကစ ပြဿနာကရှိပြီ။ အရင်ဆုံး သူ့ကိုယ်သူကစပြီး  ပြောင်းသွားမယ့်အထိုင်မှာ သူ့ဘာသာအံကျအောင်တောင် မနည်းကြီး စလုပ်ရမယ့်သဘောလည်းရှိတယ်။

အမတ်ကိစ္စဆက်ရရင် ပါတီဝင်ဆိုတာကို ခနဖယ်ပြီး အမတ်ကို အမတ်လိုကြည့်ဖို့လိုပါတယ်။ ဒီလိုခြံခုန်တဲ့အမတ်တွေလည်း အရင်ကလည်းရှိခဲ့တာပါပဲ။ ရှေ့မှာလည်းရှိတာပါပဲ။ နိုင်ငံတကာမှာလည်း ရှိတာပါပဲ။ ဘာမှ ထူးဆန်းတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး။

ဒီမိုကရေစီရေးအတွက် လူထုအတွက် တိုင်းပြည်အတွက် တကယ်လုပ်မယ့် အမတ်စစ်စစ် ဖြစ်သွားရင်တောင် ပါတီအရေးထက် သူ့မဲဆန္ဒနယ်နဲ့ သူ့မဲဆန္ဒရှင်တွေအရေးကို ဦးစားပေးစဉ်းစားရတာကိုး။ သူ့ကိုယ်ကျိုးစီးပွားလေးလည်း အဓိကနေရာက ပါသပေါ့။ ပါတီအပေါ်သစ္စာစောင့်သိတာ မသိတာကတော့ လူထုအကျိုး တိုင်းပြည်အကျိုးတွေနဲ့မဆိုင်ပဲ ကိုယ်ကျိုးစီးပွားနဲ့သက်သက်နဲ့သာ ဆိုင်တာမဟုတ်လား။

အင်န်အယ်လ်ဒီအစစ်တွေကနေ ကိုယ်ကျိုးစီးပွားမျှော်ပြီး ဖေါက်ပြန်သွားမယ့်သူတွေ ရှိသလို၊ အသလို နသလိုလုပ်ပြီး အမွေးခံရ အစားခံရမယ့်သူတွေလည်းရှိလာမှာပါပဲ။ အဆိုးဆုံးကတော့ “ပွေး”တွေပါ။

နိုင်ငံရေး တော်လှန်ရေးတွေမှာ တွင်းအောင်းပွေးတွေ မွေးကြရှိကြတယ်မဟုတ်လား။ ခုလည်း ခတ်စောစောကတည်းကမွေးထားတဲ့ အပွေးတက် ပွေးလက်ဟောင်းကြီးတွေထဲကရော  ရွေးကောက်ပွဲမတိုင်ခင်ကလေးကမှ ကပ်မွေးလိုက်တဲ့ အပွေးနုနု ပွေးပေါက်ကလေးတွေထဲကပါ ပွေးအမတ်တွေဖြစ်တာဖြစ်ကြသတဲ့။

ဒီအတိုင်းဆို ခြံခုန်ပွဲတွေ တဝေဝေဖြစ်မယ်ထင်တယ်။ အမေလည်း မတစ်ရာပွေးတွေတစီစီနဲ့ ထမိန်မနိုင်ပုဝါမနိုင် မဖြစ်ပါစေနဲ့လို့ ဆန္ဒသာ တွင်တွင်ပြုရမှာပါပဲ။
ဇန်နဝါရီ ၁၂၊ ၂ဝ၁၆

နိုင်ငံရေးယာစကာတွေ(မျိုးမြင့်ချို)

0 comments
လုပ်ပြန်ပလား။ တောင်းပြန်ပလား အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်။ ဘယ်သူက ဘယ်သူ့ပေးရမှာလဲ။ ဘာလဲ ခင်ဗျားတို့ကိုယ်တိုင်က ရာဇဝတ်ကောင်တွေလား။ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူတွေ အဖွဲ့အစည်းတွေ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ခင်ဗျားတို့က ရာဇဝတ်ကောင်တွေအဖြစ်သဘောထားပြီး ရာဇဝတ်မှုအမျိုးမျိုး အကြမ်းဖက်မှုအမျိုးမျိုးတွေ တိုင်းပြည်အပေါ်လူထုအပေါ်ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်ရာဇဝတ်သားတွေကို တရားမျှတတဲ့လူထုအစိုးရနေရာထားပြီး ပြောနေတာလား။

၁၉၆၃ ယောင်ပြငြိမ်းချမ်းရေးကို ဗိုလ်နေဝင်းက ဘယ်လိုပြောသလဲဆိုတော့ “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့မှ မလုံလောက်ရင်”ဆိုပြီး နိုင်ငံရေးအရတင်စီးခဲ့တယ်။ သူတို့စစ်ကောင်စီကပဲ တော်လှန်ရေးလုပ်နေသူတွေကို ရာဇဝတ်ကောင်တွေကို ပေးသလို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လက်နက်ချလာခိုင်းတာပဲ။ ချသူတွေလည်း ချကြတာပါပဲ။ လက်နက်ျခြင်း မချခြင်းဟာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း မပေးခြင်းနဲ့တော့ မဆိုင်ဘူး။ ချချင်တဲ့လူဟာ ဘာလွတ်ငြိမ်းချမ်းသာမှမပေးလည်း ချတာပါပဲ။ ဆိုတော့ လက်နက်ချလာစေချင်လို့ပဲပေးပေး၊ နိုင်ငံရေးအရတင်စီးဖို့ပဲပေးပေး ယူသူယူမှာပဲ ငြင်းသူငြင်းမှာပဲ။

အဲ့ဒီအချိန်က ဆွေးနွေးပွဲမှတ်တမ်းတွေ အပြန်အလှန်ပေးစာတွေ ထုတ်ပြန်ကြေညာချက်တွေကို ပြန်ကြည့်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ၃ ပါတီညွန့်ပေါင်းက ပြောခဲ့တာရှိတယ်။ “ငြိမ်းချမ်းရေးဆွေးနွေးတာဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မလုံလောက်လို့ ဆွေးနွေးတာမဟုတ်။ တိုင်းပြည်ရဲ့လိုအပ်ချက် လူထုရဲ့လိုလားမှုစတဲ့ အကြောင်းရင်းခံများစွာကြောင့်ဖြစ်တယ်၊ မဆွေးနွေးခင် ဆွေးနွေးနေစဉ်တွေမှာ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကြေညာထားပါဆိုတာ အတိအလင်းပြောပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို ယတိပြတ်ငြင်းပြီးမှ ဗိုလ်နေဝင်းဘက်ကလည်း ဒီတောင်းဆိုင်ချက်ကို လူသိရှင်ကြားဝန်ခံပြီးမှ စဆွေးနွေးကြတာပဲ။

အင်အားကြီးတာငယ်တာ၊ အောင်မြင်နိုင်ခြေရှိတာမရှိတာ၊ လက်ဦးမှုယူအမြတ်ထုတ်တာ မထုတ်တာတွေကတပိုင်း နိုင်ငံရေးသိက္ခာရှိရှိ တော်လှန်ရေးသမား ပီပီမြည်မြည်ဖြစ်ဖို့ရာက တပိုင်းပဲ။

ပြည်သူ့ရန်သူလို့ခင်ဗျားတို့ခေါ်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေဆီကလွတ်ငြိမ်းခွင့်ကို နိုင်ငံရေးဖုန်းတောင်းယာစကာလို လက်ဝါးဖြန့်ဒူးထောက်တောင်းဝံ့တာများ အံ့စရာ။
မျိုးမြင့်ချို ဇန်နဝါရီ ၁၂ ရက် ၂ဝ၁၆

Wednesday, January 6, 2016

ရဲဘော်ကြင်မောင်ရဲ့ အရေးတော်ပုံ ဆောင်းပါး(၁)

0 comments
ရဲဘော်ကြင်မောင်ရဲ့ အရေးတော်ပုံ ဆောင်းပါး(၁)
အရေးတော်ပုံဂျာနယ် အတွဲ(၁)အမှတ်(၄)
၂၀၁၁ ခုနှစ်၊ ဧပြီလ
ဧရာဝတီကို ကယ်တင်ကြဖို့ ရဲဘော်ကြင်မောင်က စောစွာကတည်းက ပြောလာခဲ့ပါတာပါ။
ဒီဆောင်းပါးကို (သစ်လွင်မင်း) နာမည်နဲ့ ရေးခဲ့ပါတယ်။
ဧရာဝတီကို ကယ်တင်ပါ။
(၁)နွေဦးပေါက်စမှာပဲ ဧရာဝတီမြစ်ကြောင်းမှာ သဲသောင်တွေ ထွန်းပြီး မြစ်ကြောင်းကျဉ်းလာတယ်လို့ သိရတယ်။ ဒါဟာ ဧရာဝတီမကျန်းမာတော့ဘူးဆိုတဲ့ လက္ခဏာပါ။(၂)ဧရာဝတီဟာ ဗမာပြည်ရဲ့ အသက်သွေးကြောဖြစ်တယ်။ ဗမာပြည်ရဲ့ သမိုင်းက ဧရာဝတီကို အမှီပြုပြီး ဖြစ်ပေါ်ခဲ့တာပဲ။ ဧရာဝတီပေါ်မှာပဲ ဗမာပြည်ရဲ့သမိုင်း ရေးခဲ့ကြတာပဲ။ ဧရာဝတီ တိမ်ကောရင် တိုင်းပြည်တိမ်ကောမှာပဲ။(၃)ဧရာဝတီ မကျန်းမမာ စပြီးဖြစ်တာ န၀တ/နအဖ ခေတ်မှာကျမှဖြစ်တာပါ။ ဟိုတုန်းကဆိုရင် ဧရာဝတီ ကျန်းကျန်းမာမာ ရှိခဲ့တယ်။ ရေစီးရေလာကောင်းခဲ့တယ်။ န၀တ/နအဖ ခေတ်ကျမှစပြီးမကျန်းမမာဖြစ်တာပဲ။ ဖြစ်စဉ်ကိုကြည့်ရင် -
တောပြုန်းတာက စတယ်။
- ဗကပ ဖြိုခွဲရေးအတွက် န၀တ က ငြိမ်းအဖွဲ့တွေကို နိုင်ငံရေးမလုပ်ရင်ပြီးရော ကျန်တာအကုန်လုပ်ခွင့်ပေးခဲ့တယ်။ ဗကပ‘၁၀၁’ ဒေသ(ကချင်ပြည်နယ်အထူးဒေသ ၁) ခွဲထွက်တွေကသစ်ပင်တွေရှိသမျှခုတ်ပြီးရောင်းတယ်။ ၁၀၁ ဒေသမှာ သစ်တွေကုန်တော့မြစ်ဖျားဒေသရှိ တိုင်းမှူး၊ ဗျူဟာမှူး၊တပ်ရင်းမှူးကစပြီး စစ်တပ်အာဏာပိုင်တွေက သစ်တွေကို ပြောင်အောင် ခုတ်ခွင့်၊ သယ်ဆောင်ခွင့်တွေကို ပေးခဲ့ကြတယ်။ တရုတ်ကုန် သည်က ဒီလိုကိစ္စမှာ ကျွမ်းကျင်တယ်။ အဲဒီလိုနဲ့ ဧရာဝတီမြစ်ဖျားမှာ တောတွေ အကုန်ပြုန်းတယ်။ အဲဒီအခါကျမှ မြစ်ဖျားဧရာမှာ တောလုံးပြောင် တောင်လုံးရှင်းတော့တယ်။
-၁၉၇၈ ခုနှစ်အထိ (၂ ပါတီသဘောတူညီချက်အရ) စပါးတစေ့သစ်တစမှ ဗမာပြည်က တရုတ်ပြည်ကို ထုတ်ခွင့် မပေးခဲ့ဘူး။(၈၉) ကျတော့ တောင်ကတုံးဖြစ်အောင်ခုတ်ပြီး ထုတ်ရောင်းတယ်။ ရှေးပဝေသဏီကတည်းက ရှိခဲ့တဲ့ သဘာဝတောကြီးတွေ ပြောင်ကုန်အောင် ခုတ်ပြီး ရောင်းတယ်။
-တရုတ်ပြည်ကလည်း တံခါးဖွင့်ပေါ်လစီကျင့်သုံးစ၊‘ရောင်းနိုင်တာ အကုန်ရောင်းမယ် - ဝယ်နိုင်တာအကုန်ဝယ်မယ်’ ဆိုတဲ့ပေါ်လစီ လုပ်ကာစဆိုတော့ တောပြုန်း တောင်ကတုံးဖြစ်တာမဆန်းဘူး။-ဧရာဝတီရဲ့အစက မေခ၊ မေလိခပါ။ သူ့ရေအရင်းအမြစ်ကမိုးတွင်းမှာ မိုးရေ၊ နွေခါမှာ အရည်ပျော်ကျတဲ့ ရေခဲရေပဲ ရှိတာဖြစ်တယ်။ သိပ်များတာ မဟုတ်ဘူး။ အောက်ပိုင်းက မြစ်လက်တက်တွေကပဲ ရေအရင်းအမြစ် ဖောဖောသီသီရတာ ဖြစ်တယ်။ တာပိန်မြစ်၊ ရွှေလီမြစ်၊ မြစ်ငယ် (ဒုဋ္ဌာဝတီ)၊ ချင်းတွင်းတို့ဖြစ်တယ်။ တာပိန်နဲ့ရွှေလီက တရုတ်ပြည်မှာ မြစ်ဖျားခံတာပဲ။တရုတ်ပြည်ထဲမှာ ဆည်တွေဆောက်၊ လျှပ်စစ်ထုတ် လုပ်ကြတော့ ရေသွား ရေလာတွေ တန့်တယ်။ ခါတိုင်းလို ဖောဖောသီသီ မရနိုင်တော့ဘူး။ ဒုဋ္ဌာဝတီ (မြစ်ငယ်)၊ ချင်းတွင်းကတော့ပြည်တွင်းမှာ အခြေခံတာပါပဲ။ ဒါပေမဲ့ အခုတော့ ရဲ (ရမန်း)ရေကာတာကြီး တည်ဆောက်ထားလို့၊ ရွှေကျင် ကျောက်တူးကြလို့ ခါတိုင်းလို ရေသွားရေလာ မကောင်းတော့ဘူး။မြစ်ငယ်မြစ်ရေက ဧရာဝတီထဲ စီးဝင်တာ အင်းဝ (စစ်ကိုင်း)တံတားအောက်မှာ ဖြစ်တယ်။ တံတားဆောက်ပြီးကတည်းက တံတားအောက်မှာ သောင်ထွန်းတာ ကိုလိုနီခေတ်ကတည်းကပဲ။ ဒါပေမဲ့ မိုးတွင်းမှာ မြစ်ငယ် (ဒုဋ္ဌာဝတီ) ရေအဟုန်က တိုက်စားပစ်ပေးလို့ ရေလမ်းကြောင်းက တည်ငြိမ်ခဲ့တယ်။အခုတော့ တံတားက (၂) စင်း။ ဒုဋ္ဌာဝတီ (မြစ်ငယ်) က ရေအဟုန် မကောင်းတော့ဘူး။ ဒါကြောင့် သောင်ထွန်းတာက ကြာလေ ကျယ်ပြန့်လေ ဖြစ်လာတယ်။ အထက်ပိုင်းမှာ တောပြုန်းလို့ တိုက်စားလာတဲ့ သဲတွေကလည်း ပိုပြီး များလာတယ်။ကြာရင် ဧရာဝတီမြစ်က ကောမှာပဲ။ မြစ်ကောလာရင် မြစ်အတွင်းမှာ ရေစီးရေလာ ရပ်သွားမယ်။ အပိုင်းပိုင်း အပြတ်ပြတ်ရေသေကြောင်းတွေ ဖြစ်သွားမယ်။ ဒါမဖြစ်နိုင်တာ မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာ ဖြစ်တာကို တွေ့နေရတာပဲ။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်တာ။
ဒါကလည်း တကြောင်းပဲ။ ဒီကိစ္စက မိမိတို့ချည်းတတ်စွမ်းနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ကမ္ဘာနဲ့ညှိပြီး လုပ်ရမှာပါ။မိမိတို့တတ်စွမ်းနိုင်တာက တံတားဆောက်၊ ဆည်တည်တာတွေမှာ ရေရှည်အမြင်ရှိရှိ လုပ်ဖို့ပဲ။ အခုတော့ ချောင်းတွေ၊မြစ်တွေမှာ အရမ်းကာရော ဆည်တွေဖို့၊ တံတားတွေ ထိုးနေကြတယ်။ (စစ်ဗိုလ်လုပ်တတ်တာလည်း အဲဒီလို တည်ဆောက်ရေးမှာ ကန်ထရိုက်နဲ့ ပေါင်းစားဖို့ပဲ။) ဧရာဝတီရဲ့ရေအရင်းအမြစ်တွေက ကြာလေလျော့ပါးလေ ဖြစ်နေပြီ။ချောင်းကောတာ၊ မြောင်းကောတာတွေ ရှိနေပြီ။ အင်းလေးကန် ရေခန်းစပြုနေပြီ။
လူဦးရေ တိုးလာတာ။
ဗမာပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာအတိအကျ တရားဝင်ထုတ်ပြန်တာ မတွေ့ရဘူး။ များလာတာကတော့ သေချာတယ်။ သန်း (၆၀) လား၊ ဘယ်လောက်လဲမသိဘူး။ ဒါပေမဲ့ နအဖ ကတော့ ရှေးဘုရင်ခေတ်က စပါးအထွက်နှုန်းကိုတောင် သိနေသလိုပဲ။ မကြာခင်က ထုတ်ပြန်တဲ့စပါးအထွက် စာရင်းအင်းမှာ ဖော်ပြထားတာ တွေ့လိုက်တယ်။သူတို့လက်ထက်မှာ စပါးတွေ ဗုံးပေါလအော ထွက်ကြောင်းကြွားချင်လို့ ရှေးဘုရင်ခေတ် စပါးထွက်နှုန်းတွေနဲ့ နှိုင်းယှဉ်ဖော်ပြထားတာပါ။လူဦးရေ များလာရင် စားသုံးသူများမယ်။ စားဖို့ စပါးစိုက်ကြမယ်။ ဧရာဝတီမြစ်ရေတင်ပြီး စိုက်တာ ရှိမယ်။ ချောင်းမြောင်းတွေပိတ်ပြီး ရေယူမယ်။ စိုက်မယ်။ အဲဒီတော့ ဧရာဝတီရဲ့ရေအရင်းအမြစ် ကြာလေ ကုန်ခန်းလေ ဖြစ်မှာပဲ။
(၄)အချိန်မနှောင်းသေးဘူး။
ဧရာဝတီကို ကယ်တင်မယ့်အစိုးရ။ဧရာဝတီကို ကုစားမယ့်ပညာရှင်။ဧရာဝတီကို ချစ်မြတ်နိုးတဲ့ပြည်သူ။အဲဒီ(၃) ဦးပေါင်းပြီးလုပ်ရင် ဧရာဝတီရှင်သန်နိုင်တယ်။အချိန်မနှောင်းသေးဘူး။ ကုစားလို့ ရသေးတယ်။ဗကပ က ဧရာဝတီကို ချစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် တိုင်းခြားပြည်ခြားမှာ ကွယ်လွန်တဲ့ ဗကပ များဟာသူတို့ရဲ့ အရိုးပြာကို ဧရာဝတီအထိ စီးဝင်သွားအောင် မျှောပေးပါလို့ပဲ မှာခဲ့ကြသူချည်းပဲ။ ကျန်ရစ်သူ မိသားစုကလည်း တကူးတက မျှောပေးခဲ့ကြတယ်။ဧရာဝတီကိုကယ်တင်တဲ့ လုပ်ငန်းမှာ ဗကပ တက်တက်ကြွကြွ ပါဝင်ပါမယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များရဲ့ ခေါင်းဆောင်မှုနောက်မှာ၊ တာဝန်သိအစိုးရရဲ့နောက်မှာ အမြဲရှိနေမှာပါ။ ဧရာဝတီကို အချိန်မီ ကယ်တင်ကြပါစို့။
(ထိုအခြေအနေ၊ ထိုစဉ်က အချက်အလက်အရ ရေးတာဖြစ်ကြောင်း သတိပြုစေလိုပါတယ်)

Sunday, January 3, 2016

နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းသို့ ဂုဏ်ပြု အမှတ်တရ

0 comments
နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းသို့ ဂုဏ်ပြု အမှတ်တရ (ဗတိုးရှိန်) 
လွန်ခဲ့သော ၆၈ နှစ်၊ ပြည်သူ့အာဏာ အတွဲ၁၁။ အမှတ် ၂၅ (၁၆-၃-၄၆) ၁၃၀၇ ခု တပေါင်းလဆန်း၁၄ ရက်၊ စနေနေ့ထုတ် ပြည်သူ့အာဏာ အဟောင်းထဲ၌ “မတ်လ ၈ ရက်နေ့တွင် စစ်ကိုင်းနယ်က တော်လှန်ရေးစခဲ့သည်” မောင်လှိုင် (ဗဟိုကော်မတီ စည်းရုံးရေးမှူး) ရေးသည်၊ ဆိုတဲ့ ဆောင်းပါးဟောင်းတပုဒ် ဒီနှစ် ၂၀၁၄ ခု ဗမာပြည်ကွန်မြူနစ်ပါတီစိန်ရတု အထူးထုတ် ပြည့်သူ့အာဏာ (အမှတ် ၃၇)မှာ ပြန်ဖော် ပြထားတယ်။ 

”အင်္ဂလိပ်စစ်တပ်များသည် စစ်ကိုင်းမြို့ကို ၂ လတိုင်တိုင် မသိမ်းပိုက်နိုင်ဘဲရပ်တန့်နေရာမှ ဗိုလ်သိန်းဦးတို့ ခေါင်းဆောင်သော တော်လှန်ရေးတပ်သားမျာက ရွပ်ရွပ်ချွံချွံ ဝင်ရောက်တိုက်ခိုက်သောအခါ၊ ၅ ရက်နှင့် မြို့ကို သိမ်းနိုင်ခြင်းက သက်သေခံပေသည်။ လူထုနှင့်ချီ၍ တိုက်ခြင်းသည်၊ မည်မျှပင်ကြီးသောရန်သူကိုဖြစ်စေ အောင်နိုင်ခြင်းကိုပြခဲ့ပြီ။ ဗိုလ်သိန်းဦးနှင့်တကွ ရဲဘော် ၁၁ ဦးတို့သည်၊ စစ်ကိုင်းစစ်မြေပြင် သပြေပင်တိုက်ပွဲ၌ မတရား အဓမ္မဝါဒီသမားဖြစ်သော ဂျပန်ဖက်ဆစ်စနစ်ဆိုးကို ရွံရှာမုန်းတီးကြောင်း မလိုလားကြောင်းကို အသက်နှင့်လဲကာ ပြကြလေပြီ။ ရဲဘော်တို့ ငါတို့သည် ဗိုလ်ဗထူး၊ ဗိုလ်သိန်းဦးတို့ကို သာဓကထားကြစို့၊ လွတ်လပ်ရေးအတွက်၊ ကျွတ်ကျွတ်လွတ်လွတ်စွန့်စားရန် အသင့်ရှိကြစို့” လို့ ဆောင်းပါးရှင် မောင်လှိုင် (ဗဟိုကော်မတီဝင်) ရေးသားချက် ဖတ်ရတယ်။

ဆောင်းပါးက ကျွန်တော်တို့ မမွေးခင်က ဆောင်းပါးပါ၊ ဒီဆောင်းပါးဖတ်ပြီး ကျွန်တော် ရဲဘော်စိုးသိမ်းကို ပြေးမြင်မိတယ် ၊ ရဲဘော်စိုးသိမ်းက ဗိုလ်သိန်းဦးအကြောင်း သပြေပင်တိုက်ပွဲအကြောင်းတွေ ပြောပြဖူးလို့ပါ။ ရဲဘော်စိုးသိမ်းဆိုတာ နယ်စပ်အခြေခံစခန်း အရှေ့မြောက်ပိုင်းစစ်ဒေသရဲ့ နိုင်ငံရေးမှူး၊ ပါတီဗဟိုကော်မတီဝင်ခေါင်းဆောင်တယောက်ဖြစ်တယ်။ 
ရဲဘော်စိုးသိမ်းဟာ စစ်ကိုင်းသားဖြစ်လို့ စစ်ကိုင်းကရဲဘော်တွေအကြောင်း စကားစပ်မိရင် ပြောတတ်ပါတယ်။ ရဲဘော်သိန်းတန်ခေါ်  ရဲဘော်ချစ်တီး၊ ရဲဘော်(ကို)လှိုင်တို့ ဗိုလ်သိန်းဦးတို့အကြောင်းတွေ ပြောတတ်ပါတယ်။ အထူးသဖြင့် ကိုသိန်းတန်ခေါ် ကိုချစ်တီးကို သခင်သိန်းဖေတို့လူစု အိန္ဒိယသွားတဲ့ကိစ္စ အမှုပတ်ပြီး၊ ဂျပန်ကင်ပေတိုင်က ဖမ်းဆီး အကြီးအကျယ်နှိပ်စက် အဲဒီနှစ် ဇူလိုင်လထဲမှာ ဂျပန်ကင်ပေတိုင်က သတ်ပစ်ကြောင်းလည်း ပြောဖူးတယ်။ 

သပြေပင်တိုက်ပွဲမှာ ဗိုလ်သိန်းဦးကျဆုံးရပုံနဲ့ပတ်သက်ပြီး ကိုယ်တွေ့မျက်မြင်အတွေ့အကြုံတွေ ရဲဘော်စိုးသိမ်း ရေးထားတာလည်းရှိတယ်။ ကျဆုံးသူများနဲ့အတူ ရဲဘော်စိုးသိမ်းဂုဏ်ပြုတဲ့အနေနဲ့ သူ့ရေးသားချက်တချို့ ထုတ်နုတ်တင်ပြချင်ပါတယ်။ ရဲဘော်စိုးသိမ်းက “ ဗိုလ်သိန်းဦး ကျဆုံးတဲ့အကြောင်း စာအုပ်တွေထဲမှာလည်းပါတတ်လို့ ဒီအကြောင်း ပိုမိုရှင်းလင်းအောင် အနည်းငယ်ဖော်ထုတ်ရေးသားလိုပါတယ်”တဲ့ နောက် သူ ဆက်ရေးထားတာက “သပြေပင်တိုက်ပွဲမှာ၊ တော်လှန်ရေးရဲဘော်တွေ အကျအဆုံးများတာဟာ ဂျပန်ရဲ့ အခိုင်အမာစစ်ကြောင်းကို ဝင်တိုက်မိလို့ပါ”တဲ့ ။ 
သူရေးထားတဲ့ထဲမှာ “ဂျပန်ရဲ့ ကာကင်းရှိရာ သပြေပင်ရွာရဲ့ရှေ့က နေပူကုန်းကျောင်း (ဘုန်းကြီးကျောင်း) ဝိုင်းရှိရာ ဝင်တိုက်တော့ ရလိုက်တယ်။ ဂျပန်တွေဆုတ်သွားတယ်။ မိမိဘက်က အကျအဆုံးအထိအခိုက်မရှိဘူး၊ ကျောင်းနဲ့ရွာ (သပြေပင်ရွာ) ကြားမှာ ပဲခင်းကြီးတွေရှိနေတယ် ဒီပဲခင်းကြီးတွေဖြတ်တက်တော့ (ဂျပန်က သတ်ကွင်းလုပ်ထားတာဖြစ်လို့) အဲဒီမှာ မိမိဘက်က ကျဆုံးဒဏ်ရာရများတယ်။ မနက်နှင်း မကွဲသေးဘူး။ ဗိုလ်သိန်းဦး ရင်ဘတ်မှာ ဒဏ်ရာရသွားတယ်။ သူက သူဆောင်းထားတဲ့ဖော့ဦးထုပ်ချွတ်ပြီး သူလဲနေရာကနေ မြှောက်ပြ နေတယ်။ ဂျပန်ကလည်း သူအဲဒီလိုပြတိုင်း စက်ကြီးနဲ့ ဒလစပ်ပစ်နေတယ်။ ဒဏ်ရာရထားသူဟာ ဗိုလ်ဖြစ်မှန်း ဂျပန်ကသိနေတယ်။ ဗိုလ်သိန်းဦးကလည်း စစ်ဝတ်စုံအပြည့် ဝတ်ထားတယ်။ ဓားရှည်လည်း ချိပ်ထားတယ်။ သံခမောက်မဆောင်းဘဲ ဖော့ဦးထုပ်ဆောင်းထားတယ်။ 

သူဒဏ်ရာရတာကိုသိလို့ ကွန်မြူနစ်ပါတီဝင်တွေချည်း စုစည်းပြီး သူ့ကို ဝင်ကောက်ဖို့လုပ်တယ်။ ပါတီဝင်တပ်မှူးတဦး (လက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် တဦးဖြစ်သူ) ရယ် (မသုံးလုံး) စိန်ဝင်း ရယ်၊ ဆရာသိန်းကြီးရယ်၊ မောင်မြင့် ရယ်(၄)ယောက်တို့က ထမ်းစဉ်ကိုသယ်ပြီး ပြေးတက်လိုက်၊ ဝင်ကပ်လိုက်နဲ့ သူ့ဆီ ရောက်သွားတယ်။ ဂျပန်ကလည်း တရစပ်ပစ်ခတ်နေတယ်၊ ဗိုလ်သိန်းဦးဆီ ရောက်သွားတဲ့အထိ သူတို့ (၄)ဦး ဟာ ဒဏ်ရာမရ၊ ကျဆုံးတာလည်းမရှိဘူး။ ဗိုလ်သိန်းဦးကို သယ်ပြီးပြန်လာမှ မောင်မြင့် ကျဆုံးတယ်၊ (မသုံးလုံး)စိန်ဝင်း ဒဏ်ရာရတယ်၊ ပါတီဝင်တပ်မှူးတဦးနှင့် ဆရာသိန်းကြီးတို့ကတော့ ရှပ်ထိရုံလောက်ပဲ။ ဒဏ်ရာနဲ့ ကိုစိန်ဝင်းရယ်၊ နည်းနည်းထိထားတဲ့ ဆရာသိန်းရယ်တို့ ပြန်ဆုတ်သွားတယ်။ ပါတီဝင်တပ်မှူးတဦးကတော့ ချန်နေရစ်တယ်။ ဗိုလ်သိန်းဦးကလည်း သူတို့ကိုပစ်မထားပါနဲ့လို့ ပြောနေတယ်။ ပါတီဝင်တပ်မှူးတဦးနဲ့ ဗိုလ်သိန်းဦးတို့ဟာ မဟာမိတ်များကို သွားဆက်သွယ်စဉ်က အတူအဖမ်းခံရပြီး သုံ့ပန်းစခန်းမှာ အတူနေလာခဲ့တော့ သံယောဇဉ်လည်းရှိကြတယ်။ အဓိကအကြောင်းကတော့ ဗိုလ်သိန်းဦးဟာ ပါတီဝင်တဦးမို့ သူတို့ကို ဘယ်လိုမှ ပစ်မထားရက်ဘူး။ ဗိုလ်သိန်းဦးဟာ စစ်ကိုင်းကလည်းမဟုတ်ဘူး၊ မြိုင် (ပခုက္ကူ)က တောကျောင်းဆရာပါ။ 

ပါတီဝင်တပ်မှူးတဦးက ကိုစိန်ဝင်းကို နောက်တသုတ် လူထပ်စည်းရုံးပြီး ဗိုလ်သိန်းဦးကို လာကောက်ကြဖို့ မှာလိုက်တယ်။ ဒဏ်ရာက အဆုပ်ကို ရှပ်ထိထားတာပါ။ ဗိုလ်သိန်းဦးဟာ စကားတော့ ပြောနိုင်သေးတယ်။ ကိုစိန်ဝင်းကလည်း ဒဏ်ရာရထားလို့ နောက်တသုတ် လာကောက်ဖို့ အဖွဲ့ကို စည်းရုံးလို့ရဟန်လည်း မတူဘူး။ ဒီလိုနဲ့ ဗိုလ်သိန်းဦးဟာ နေ့လည် မွန်းတည့်ချိန်လောက်ကျမှ သွေးလွန်လို့ ကျဆုံးသွားခဲ့ရတယ်။ သူကျဆုံးသွားတော့မှ ပါတီဝင်တပ်မှူးတဦးလည်း ပြန်ဆုတ်လာခဲ့တယ်။ ညရောက်မှ ကျဆုံးသူတွေကို ကောက်နိုင်တယ်။ ဂျပန်ကလည်း ညပိုင်းရောက်တော့ လုံးဝဆုတ်သွားပြီ၊ သပြေပငတိုက်ပွဲအပြီး နောက်တနေ့မှာ စစ်ကိုင်းတမြို့လုံးကို သိမ်းမိတာပါပဲ”လို့ ရဲဘော်စိုးသိမ်း ရေးထားတယ်။ (ရဲဘော်စိုးသိမ်းရည်ညွှန်းတဲ့ ပါတီဝင်တပ်မှူးတဦးဆိုတာ ကွယ်လွန်သူ ပါတီအတွင်းရေးမှူးဟောင်း ရဲဘော်ထွန်း ကို ပြောခြင်းဖြစ်တယ်- စာရေးသူ) 

ရဲဘော်စိုးသိမ်းဟာ ၁၃၀၀ပြည့် အရေးတော်ပုံ ကာလ (၁၉၃၈) နိုင်ငံရေးနယ်ထဲ စရောက်တယ်လို့သိရတယ်။ ဒါကြောင့် ပါတီရဲ့ပထမမျိုးဆက် ဆိုရပါမယ်။ သူဟာ အရင်ဆုံး စစ်ကိုင်းမြို့လူငယ်အဖွဲ့အစည်းမှာ စဝင်ပြီး ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးလုပ်ငန်းများကို လူငယ်ပီပီ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ၁၉၄၂ ခုနှစ်တွင် စစ်ကိုင်းမှာ BIA ဖွဲ့တယ် တပ်မှူးက ရဲဘော်သိန်းတန်ပဲ အဲဒီနှစ်မှာ တပ်ထဲဝင်တယ်လို့ သူပြောပြချက်တွေအရ သိနိုင်တယ်။ ဘ၀တခုလုံး ပါတီမှာမြှုပ်နှံထားတဲ့ ပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ ရဲဘော်စိုးသိမ်းအကြာင်း သူနဲ့ ထိတွေ့ဘူးသမျှ အမှတ်တရလည်းဖြစ် ဂုဏ်လည်း ပြုလိုခြင်းရည်ရွယ်ချက်နဲ့ ရေးပါတယ်။ 

ကျွန်တော်တို့ ပါတီထဲရောက်ပြီး ပထမဆုံးတွေ့ရသည့် ပါတီဗဟိုခေါင်းဆောင်ဟာ ရဲဘော်စိုးသိမ်းဖြစ်တယ်။ ၁၉၇၆ ခု ဇူလိုင်လနောက်ဆုံးပတ်ဖြစ်လိမ့်မယ်။ ကျွန်တော်ရယ်၊ ရဲဘော်ဉာဏ်ဇော်နဲ့ တနင်္သာရီဘက်က ရဲဘော်ကျော်ဒွန်း တို့ ၃ ဦးကို၊ ရဲဘော်အောင်ငွေနဲ့ ရဲဘော်မကြည်မြင့်တို့က ပါတီရဲ့ နမ့်ခမ်းခရိုင် ရုံးစိုက်ရာ မန်ရှိုး (မန်ဟီးရိုး)ကနေ၊ ရွှေလီ၊ ပန်ဆိုင်း ကိုဖြတ်ပြီး မုံဂူကိုခေါ်လာကြတယ်။ မုံဂူ ရောက်ရောက်ခြင်း ရဲဘော်အောင်ငွေက ကျွန်တော်တို့အဖွဲ့ကို နိုင်ငံရေးဌာနရှိ၊ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဆီ ပို့လိုက်တယ်။ အစိမ်းရောင်စိုစို စစ်ယူနီဖောင်းနဲ့ သိုးမွှေးနီညိုရောင် ချိုင်းပြတ်ဝတ်ထားတဲ့ အသက် လေးငါးဆယ်ခန့်အရွယ်၊ ရဲဘော်စိုးသိန်း အခန်းထဲကထွက်လာပြီး လက်ခံတွေ့ဆုံတယ်။ သူ့အခန်းဘေးက ပြတင်းပေါက်ဘေးမှာလည်း ကျိုးတပ်ထားတဲ့ လက်လှည့်တယ်လီဖုန်းနဲ့။ သူ့နေတဲ့ တန်းလျားရှည်ပုံ အဆောင်လေးဘေးမှာလည်း ဆက်သွယ်ရေး ကြေးနန်းကြိုးအတွက် ဝါးတိုင်တွေစိုက်ထားတော့ မြင်ကွင်းထဲ ကြိုးတွေက ရုတ်တရက် ရှုပ်ရှက်ခတ်နေသလို ထင်လိုက်တယ်။ အခန်းမျက်နှာစာ ခပ်လှမ်းလှမ်းမှာ သွပ်မိုးပရပ် စည်းဝေးခန်း တခုလည်းတွေ့လိုက်ရတယ်။ တော်လှန်ရေးခေါင်းဆောင်တယောက်ရဲ့ လုပ်ငန်းလည်ပတ်နေတဲ့ယန္တရားတွေလို့ဆို ရမယ်ထင်ပါတယ်။ 

ကျွန်တော်တို့ ၃ ယောက်ကို ရဲဘော်စိုးသိမ်းက ခဏသာ စကားပြောပြီး နားခိုင်းတယ်၊ အဲဒီအချိန်က အခြေအနေအရ ရန်သူ့ဒေသကလာတဲ့ရဲဘော်တွေ နေရပ်၊ ဇာတိနှင့် နောက်ကြောင်းအသေးစိတ်ကို ဆိုင်ရာကိုသာတင်ပြရပြီး လူတွေ့တိုင်း အရမ်းမေးလေ့ ပြောလေ့မရှိဘူး။ စကားအနည်းငယ်ပြောပြီးတာနဲ့ ကျွန်တော်တို့အရင် တော်လှန်ရေးနယ်မြေထဲ ရောက်နေသည့် ရဲဘော်ခင်မောင်ဝင်းကို နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းက လူလွှတ်ခေါ်ပြီး ကျွန်တော်တို့ ၃ ယောက်ကို နေရာချထားခိုင်းလိုက်တယ်။ အဲဒါ ရဲဘော်စိုးသိန်းကို ပထမဆုံး မြင်ဖူးလိုက်ခြင်းပဲ။ အဲဒီကာလက ကွတ်ခိုင်၊ နမ့်ခမ်း ခရိုင်များလည်း အရှေ့မြောက်စစ်ဒေသထဲမှာ ရှိသေးတယ်။ (နောက်ပိုင်း ဒီခရိုင် ၂ ခုက မြောက်ပိုင်းဗျူရိုဖြစ်သွားတယ်)၊ မုံဂူက အရှေ့မြောက်စစ်ဒေသရဲ့ဌာနခွဲသဘော၊ နိုင်ငံရေးဌာနရှိတယ်၊ အဲဒီမှာ ရဲဘော်စိုးသိမ်းတာဝန်ခံ လုပ်ကိုင်နေတဲ့ အနေအထား တွေ့ရတယ်။ 

အစပိုင်း ကျွန်တော်တို့ကို မုံဂူနိုင်ငံရေးဌာန အဆောက်အဦးဟောင်းကြီးအပေါ်ထပ်မှာ ရဲဘော်ခင်မောင်ဝင်းက နေရာချပေးတယ်။ အဆောက်အဦးကြီးအပေါ်ထပ်မှာ အံအားသင့်စရာ ကောင်းလောက်အောင် မော်စီတုန်း လက်ရွေးစဉ်ကျမ်းတွေ၊ စစ်ရေး ၆ စောင်တွေ၊ ဩဝါဒစာအုပ်လေးတွေနဲ့ လင်ပြောင်ရေးတဲ့ စာအုပ်လေးတွေကအစ စာအုပ်နီတွေ (အဖုံးမှာ ပလပ်စတစ်အနီ အထူတွေနဲ့ ဖုံးထားလို့ စာအုပ်နီခေါ်ခြင်းဖြစ်တယ်) ဒင်းကြမ်းပုံထားတာ တွေ့လိုက်ရတယ်။ အများစုက ဗမာလို၊ တရုတ်စာတွေနဲ့လည်း ရှိတယ်။ အဲဒီ စာအုပ်ပုံကြီးဘေးမှာ ကျွန်တော်တို့ကို နေရာချပေးတယ်။ မုံဂူရောက်တဲ့ညမှာ ရဲဘော်ဟောင်းကြီးတွေဖြစ်တဲ့ ဦးတင်မြင့်၊ ဦးစိုးဝင်းတို့ ဦးပုတို့လည်း လာရောက် စကားပြောကြတယ်။ နွေးနွေးထွေးထွေး ရှိကြပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့က ဆေးလိပ်သောက်တတ်လို့ ဦးတင်မြင့်ဆိုရင် သူက ဆေးလိပ်မသောက်ဘဲနဲ့၊ ကျွန်တော်တို့ကို ပွတ်ချွန်းလိပ်နည်းပြရင်း ဆေးလိပ် လိပ်ပေးနေတာ ကျွန်တော် အမှတ်ရမိတယ်။ ဒါတွေက မုံဂူ ရောက်တဲ့နေ့၊ ရဲဘော်စိုးသိမ်းနဲ့ စတွေ့တဲ့နေ့က အဖြစ်အပျက်လေးတွေဖြစ်တယ်။

နောက်ရက်မှာ ကျွန်တော်တို့ ၃ ယောက်အတွက် လေ့လာရေးစာစောင်တွေ လာပေးတယ်။ ၁၉၇၅ ခု ဥက္ကဋ္ဌ သခင် ဗသိန်းတင်ရဲ့ မေလမိန့်ခွန်းလည်းပါတယ်။ အဲဒီမှာ ရဲဘော်ခင်မောင်ဝင်း ပြောတာက သခင်ဗသိန်းတင်ရဲ့ အသံလွှင့်မိန့်ခွန်း လေ့လာပြီး ဆွေးနွေးကြည့်ကြ မရှင်းတာရှိရင်မေးနိုင်တယ်၊ ပြောချင်တာကို စာရေးပြီးလည်းပြောနိုင်တယ်ဟု နိုင်ငံရေးမှူးကမှာကြောင်း ပြောတယ်။ လမ်းစဉ် အပြောင်းအလဲသဘောဖြစ်နေလို့ သေချာဖတ်ခိုင်းတဲ့အဓိပ္ပာယ်လို့ နားလည်လိုက်တယ်။ ၃ ယောက်သား ပေါ့ပေါ့နေမဖြစ် စာဂရုစိုက်ဖတ်ကြရတယ်။ အဲဒီအချိန်က အရင်ရောက်နေကြတဲ့ ကိုမင်းထင်၊ ကိုစိုးနိုင်တို့လည်း ကျွန်တော်တို့ဆီ လာလည်ကြတယ်။ မြစ်ဖျားတိုင်းဘက်က ရောက်လာတယ်လို့သိရတဲ့ ရဲဘော်သိန်းလွင်လည်း မကြာခဏ လာစကားပြောတတ်တယ်။ 

တရက်မှာ ကျွန်တော်တို့ကို နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း ခေါ်တယ်ဆိုလို့ အမြန်သွားကြသည်။ မုံဂူတဝိုက်ရှိ ဗမာရဲဘော်များ တွေ့ရတယ်၊ ကိုစိုးအာင် (ဗန်းမော်)တို့ နတ်မောက်သား ကိုရဲထွန်းတို့လည်းပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးမှူးဆီ ရောက်တာနဲ့ “သတင်းထူးတယ် ဖတ်ကြည့်ကြပါတဲ့ မနေ့ည မြန်မာ့အသံသတင်းမှာ ဦးနေဝင်း လုပ်ကြံမည့်အဖွဲ့ စစ်တပ်ထဲက ဖော်ထုတ်ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းလွှင့်သွားတယ် ဖော်ထုတ်ဖမ်းဆီးခံကြရသူတွေက အရာရှိငယ်တွေ ဗိုလ်ကြီးအဆင့်တွေကြီးပဲ ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ဗိုလ်ကြီးဝင်းသိန်းတို့ဆိုတာတွေ အဲဒီထဲမှာ(ပါတီက သတင်းရေး ထုတ်ထားတဲ့စာရွက်ကို ဆိုလို) ကျန်တဲ့အရာရှိနာမည်တွေ အပြည့်အစုံပါတယ်၊ သေချာဖတ်ကြည့်ကြ”တဲ့ “ ပြီးတော့ ဒီအရာရှိတွေက လူငယ်တွေ ခင်ဗျားတို့ ကျောင်းနေဘက်အသိမိတ်ဆွေ ဖြစ်နေနိုင်သူများရှိမလားလို့ မေးရင်း သတင်းထူးမို့ ခေါ်တာဖြစ်ကြောင်း နိုင်ငံရေးမှူးက ရှင်းပြတယ်။ 

”ရန်သူ့ဒေသကတက်လာသည့် ရဲဘော် ၉ ယောက်၊ ၁၀ ယောက်လောက် ခေါ်ထားတာ တွေ့ရတယ် ဗိုလ်ကြီးအုန်းကျော်မြင့်တို့အဖွဲ့အား မည်သူမျှ သိဖူးသူမရှိပါ။ နောက်ရက်များတွင် ကွတ်ခိုင်၊ နမ့်ခမ်း ခရိုင်များနှင့် တပ်မဟာ ၂ မှ ကေဒါများ အစည်းအဝေး လချုပ်လား နှစ်ချုပ်လားမသိ အစည်းအဝေးတက်တဲ့ ကေဒါတွေတော့ များတယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော်တို့ တက်ရောက်နားထောင်ခိုင်းတယ်။ အစည်းအဝေးမှာ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းက စစ်ရေးနိုင်ငံရေးပို့ချချက်မျိုးထည့်ပြောတာ ကျွန်တော်တို့အတွက် ပထမဆုံးအတွေ့အကြုံပါ စိတ်ဝင်စားစရာကောင်းတယ် နိုင်ငံရေးမှူးရဲ့ ပြောနိုင်အား ဆွဲဆောင်နိုင်စွမ်းရှိမှုကိုလည်း ကျွန်တော် စိတ်ထဲ ကြိတ်ချီကျူးနေကာ အံ့ဩဝမ်းသာလည်း ဖြစ်မိတယ်။ ပါတီတာဝန်ထမ်းဆောင်ရန် ရဲဘော်စိုးသိမ်းက ကျွန်တော်တို့ဆန္ဒသဘောထား အရင်မေးတယ်၊ 

ရဲဘော်ဉာဏ်ဇော်နဲ့ ကျွန်တော်က ရှေ့တန်းတပ် သွားလိုကြောင်း ပြောလိုက်ကြတယ်။ ကျွန်တော်တို့ ရှေ့တန်းမသွားမီ ရက်များ မကြာခဏခေါ်ပြီး စကားပြောလေ့ရှိတယ်။ နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုအကြောင်းတွေ ပါတယ်။ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းကိုယ်တိုင် ဗီယက်နမ်စစ်ကာလမှာ ဗီယက်နမ်ကို ရောက်တယ်။ ဗီယက်နမ်လွတ်မြောက်ရေး တော်လှန်စစ် အတွေ့အကြုံများ ဗီယက်နမ်ရဲဘော်တွေနဲ့အတူ လေ့လာသင်ယူခဲ့ဘူးတယ်၊ သူ့အတွေ့အကြုံများပြောပြတာ စိတ်ဝင်စားစရာစွန့်စားမှု လေ့ကျင့်ခန်းတွေ အကြိမ်ကြိမ် ကြားဖူးတယ်။ ၇၆ ခုနှစ် ပါတီနေ့အကြိုဆွေးနွေးပွဲ မုံဂူမှာ ဗဟိုကော်မတီခေါင်းဆောင်များဖြစ်တဲ့ ရဲဘော်စိုးသိမ်းနဲ့ ရဲဘော်လွင်တို့ တက် စကားပြောတယ်။ 

ကျွန်တော်တို့ ရှေ့တန်းတပ်မဟာ ၂ သွားခါနီး တပ်အခြေအနေတွေ နိုင်ငံရေးမှူးကရှင်းပြတယ်။ တပ်မဟာကေဒါတွေ အောင်လင်း(ခေါ်) ဟုန်လောက်စစ်(ရန်ကုန်၊ ဟွာကျုန်းမှ ကျောင်းဆရာဟောင်း)တို့ ရဲဘော်အင်ဖန်းတို့နဲ့လည်း သေချာ မိတ်ဆက်ပေးတယ်။ ကျွန်တော်တို့ တပ်ထဲရှိနေစဉ် နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းတို့အဖွဲ့ ရှေ့တန်းရောက်လာတာ တွေ့လိုက်တယ်၊ ရဲဘော်တယောက်က ခင်ဗျားတို့ကို နိုင်ငံရေးမှူးက တပ်မှာနေရတာအဆင်ပြေလား မေးလိုက်တယ်။ သီးခြားခေါ်မတွေ့တော့ဘူး၊ အဆင်ပြေအောင်လုပ်ကြဖို့မှာကြောင်းပြောပြတယ်။ နောက်ပိုင်း အဆက်ပြတ်သွားပြီး ၇၉ ခုနှစ် ရောက်မှ ပန်ဆန်းမှာ ပြန်တွေ့ရတယ်။ 

၁၉၇၉ ခုနှစ် ပါတီ ဗဟိုကော်မတီက ၇၉ လမ်းစဉ်ချအပြီး အလယ်ပိုင်းဗျူရို၊ မြောက်ပိုင်းဗျူရိုဆိုပြီး ဗဟိုဌာနခွဲများ ဖွဲ့စည်းတယ်။ နောက်တပ်ပိုင်းဆိုင်ရာမှာ တပ်မ ၄၈ နဲ့ ၆၈ တပ်မ ၂ ခု ဖွဲ့စည်းတယ်။ ၄၈ တပ်မနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဖြစ်သွားတယ်။ တပ်မဖွဲ့ စည်းရေးလုပ်ငန်များလုပ်နေစဉ် ရန်သူ မဆလစစ်အစိုးရရဲ့ မင်းရန်အောင်ထိုးစစ်နဲ့ ရင်ဆိုင်တိုးတယ်။ အဲဒီမှာ မော်ဖဒေသ ကောင်းလင်းကောင်းလန်းတိုက်ပွဲနဲ့ မင်းရန်အောင်ထိုးစစ်ကို မိမိတပ်က ပြန်လှန်ထိုးစစ်ဆင်ရာမှာ တပ်မနိုင်ငံရေးမှူးအဖြစ်နဲ့ ရဲဘော်စိုးသိန်း ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါဦးစီးကွပ်ကဲတယ်။ ဒီတိုက်ပွဲ ကျွန်တော်တို့ လက်နက်ကြီးပစ်ကူအဖွဲ့လိုက်ရစဉ် ရှေ့တန်းစစ်ဦးစီးရုံးမှာ နိုင်ငံရေးမှူးနဲ့ ပြန်ဆုံရတယ်၊ လူမျိုးစု တပ်မှူး တပ်သားတွေနဲ့ တရင်းတနှီးရှိပြီး နိုင်ငံရေးမှူးရဲ့ခေါင်းဆောင်စည်းရုံး တိုက်နိုင်စွမ်းကိုလည်း တွေ့ရတယ်။ 

၁၉၈၀ ခုနှစ် နောက်ပိုင်းနှစ်တွေမှာတော့ တပ်မ၄၈ ထုတ်နုတ်အင်အားတပ်များဦးစီးကာ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း မြောက်ပိုင်းဗျူရိုဘက် ပြောင်းသွားတယ်။ ပန်ဆန်းရှိ ရဲဘော်တချို့ နိုင်ငံရေးမှူးနဲ့လိုက်လိုကြောင်း တောင်းဆိုကြတာရှိတယ်။ မြောက်ပိုင်းဗျူရိုမှာ နိုင်ငံရေးမှူးတို့ တပ်မအင်အားများရောက်သွားပြီးမကြာမီ တိုက်ပွဲသတင်းတွေ ခပ်မြိုင်မြိုင် ကြားကြရတယ်။ 

၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပြည်လုံးကျွတ်ပါတီကွန်ဂရက်မှာ ရဲဘော်စိုးသိမ်း ပါတီဗဟိုကော်မတီအဖြစ် ပြန်လည်အရွေးခံရပြီး အရှေ့မြောက်စစ်ဒေသရဲ့ နိုင်ငံရေးမှူးတာဝန်ယူတယ်။ ပန်ဆန်းဌာနချုပ်မှာ ကျွန်တော် နီးနီးကပ်ကပ်ဆက်ဆံရတယ်။ အဲဒီမှာ နိုင်ငံရေးမှူးနဲ့ကျွန်တော် လုပ်ငန်းပိုင်းအပြောင်းအရွှေ့ကိစ္စ ဆက်ဆံရတာ အဆင်မပြေမှုများရှိခဲ့တယ်။ ကျွန်တော့်တာဝန်က ရှေ့တန်းတပ်မဟာမှာ၊ နိုင်ငံရေးမှူးက သတ္တုရှာဖွေရေးသမားတွေနဲ့ ယာယီသဘော သတ္တုရှာဖွေရေးလုပ်စေချင်တယ်။ နောက်ပိုင်း သတ္တုတွင်းမှာ မိသားစုလိုက်ပြောင်းရွှေတာဝန်ယူဖို့ တာဝန်ပေးတယ်။ ကျွန်တော်က ဒီစီးပွားရေးလုပ်ငန်းကြီး မလုပ်လို မလုပ်ချင်ကြောင်းတင်ပြလိုက်တယ်။ နိုင်ငံရေးမှူးက တော်လှန်ရေးထဲမှာ ဘယ်လုပ်ငန်းမဆို လိုအပ်လို့လုပ်ရတာ လုပ်စေချင်တယ်။ ဒီမှာ သိပ်အဆင်မပြေဖြစ်သွားတယ်။ 
ကျွန်တော်က နိုင်ငံရေးမှူး အဓိကတာဝန်ယူထားတဲ့ အရှေ့မြောက်စစ်ဒေသတပ်မှာ လုပ်တယ်။ ပြည်တွင်းမှာ ရှစ်လေးလုံးကာလ ဗဟိုက အခြေခံဒေသသစ်ထိုးဖောက်ရေး တပ်အသစ်ဖွဲ့တယ်။ အဲဒီမှာ ကျွန်တော်က ဗဟိုတပ်အသစ်မှာလုပ်ဖို့ တောင်းဆိုတဲ့အခါ နိုင်ငံရေးမှူးက စစ်ဒေသကနေ မပြောင်းစေချင်ဘူး။ ဒီမှာ အဆင်မပြေတဲ့ ပြဿနာဖြစ်ပြန်တယ်။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းကတို့ကလည်း တပ်ကိစ္စတွေစဉ်းစားနေတာ ခိုင်းစရာလူသိပ်မရှိဘူးလို့ ပြောသေးတယ် ကျွန်တော်လည်း ပြောင်းဖို့သဘောတူပြီး ဖြစ်နေလို့ နိုင်ငံရေးမှူးဘက်က သိပ်အဆင်မပြေဖြစ်ခဲ့ရတယ်။ 
သံလွင်မြစ် အနောက်ဘက် မြောက်ပိုင်းဗျူရိုခွင်ထဲ မုန်းဟုန်ဒေသမှာ ကျွန်တော်တို့တပ် ရောက်နေစဉ် ကိုးကန့်ပုန်ကန် ခွဲထွက်မှု စတင်တယ်။ သံလွင်မြစ်ကမ်းအထိ ကျွန်တော်တို့ကို လာကြိုဆိုဧည့်ခံတဲ့ လီနင်မင်တို့တပ်က ရက်ပိုင်း အတွင်းမှာပဲ ကိုးကန့်ဘက်ပါသွားပြီး ကျွန်တော်တို့တပ်ကို လာဝိုင်းဖိအားပေး လက်နက်ဖြုတ်တယ်၊ လက်နက်ဖြုတ်တာက ကျွန်တော်တို့ဗမာကေဒါ ရဲဘော် ၄၊ ၅ ယောက်ကိုပါ တပ်မှာက အဓိက ကေဒါတောင်မစုံဘူး၊ ကျွန်တော်တို့တပ်က နိုင်ငံရေးမှူးနဲ့ တပ်မှူးဖြစ်တဲ့ရဲဘော်စိုးချစ်နဲ့ ရဲဘော်စိုင်းချစ်ညွှန့်တို့က မြောက်ပိုင်းဗျူရိုရှိ မုံဂူမှာ အစည်းအဝေး လုပ်နေကြတယ်။ ကျွန်တော်တို့ကို လက်နက်ဖြုတ်ပြီး ရက်တချို့ ဖမ်းချုပ်ထားတယ်၊ တပ်က ကျွန်တော်တို့ဘက်ပါတယ်။ ၀ကေဒါ တယောက်တလေသာ ပုန်ကန်တဲ့ဘက်ပါတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ ငွေနဲ့ လက်နက်တွေပြန်ရသေးတယ်။ တပ်ကတော့ မြောက်ပိုင်းကျန်နေရစ်တယ်။ ဖမ်းချုပ်ခံရတဲ့ ကျွန်တော်တို့ဗမာရဲဘော် ၅ယောက် ရဲဘော်ဇော်ကွန်း (ကွယ်လွန်)၊ ရဲဘော်ကျော်လေး (ကွယ်လွန်)၊ ရဲဘော်ထွန်းခိုင်၊ ရဲဘော်အေးလွင်၊ ကျွန်တော်တို့ကို ကိုးကန့်ဘက် ပြန်ဖြတ်ခေါ်ပြီး ၀မြောက် ပြန်ပို့တယ်။ ၀မြောက် ပန်ဝိုင်(ဆောက်ဖါး)ဘက်မှာ ရဲဘော်စိုးသိမ်းရောက်နေကြောင်း ကိုးကန့်မှာထဲက ကျွန်တော်တို့ကြားထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ပန်ဝိုင်အရောက်သွားတော့ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းကိုတွေ့ရတယ်။ 
ပုန်ကန်ခွဲထွက်မှု ၀နယ်ဆက်မဖြစ်ရေးထိန်းနိုင်ရင် ထိန်းဖို့ ရောက်နေတဲ့သဘောပါ၊ ပန်ဆန်းကို ရဲဘော်စိုးသိမ်း ကားလေးနဲ့ ပြန်ဆင်းစဉ် တယောက်စာနေရာရတာနဲ့ ကျွန်တော်လည်း သူစီးလာတဲ့ကားလေးနဲ့ ၀မြောက်ကနေ သူနဲ့အတူ ပန်ဆန်းပြန်လာတယ်။ ကျွန်တော်တို့ ပန်ဆန်းပြန်ရောက်ပြီး ရက်တချို့အတွင်း ၀တွေက ပါတီဗဟိုကို ပုန်ကန်ပြန်တယ်။ ပါတီခေါင်းဆောင်တွေနဲ့ ဗမာရဲဘော်တွေ နေစရာမရှိ တရုတ်ပြည်ထဲပြေး ခိုလှုံကြရတယ်။ အဲဒီအချိန် နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း ပန်ဆန်းမှာမရှိ ၀မြောက်မှာ ၀ပုန်ကန်မှုကြား ပိတ်မိနေတယ်။ ကျွန်တော်နဲ့ ၀မြောက်ကအတူ ပန်ဆန်းဆင်းလာပြီးနောက် ချက်ခြင်းဆိုသလို ၀မြောက်ပြန်တက်သွားပြီး အရှေ့မြောက်စစ်ဒေသ တာဝန်အရှိဆုံးဖြစ်လို့ ၀တွေနဲ့ စေ့စပ်ရလိုရငြား တာဝန်ယူသွားလာဆွေးနွေးတဲ့သဘောလို့ နားလည်ရတယ်။ ဆွေးနွေးမရဘဲ ၀တွေက သူ့ကို ဖမ်းထားကြောင်းကြားရတယ်၊ ၀တွေက သူတို့နဲပူးပေါင်းဖို့ တောင်းဆိုတယ်ဆိုတယ်။ နိုင်ငံရေးမှူးက သဘောမတူ ပါတီနဲ့မခွဲမခွာ ရပ်တည်ပြတယ်။ နိုင်ငံရေးမှူးက ကျွန်တော်တို့ကို ၀မြောက်အဖြစ်အပျက်တွေ ပြန်ပြောပြတာတွေရှိတယ်။ အသေးစိတ် မမှတ်မိတော့ဘူး။ 
နယ်စပ် ပုန်ကန်ခွဲထွက်မှုအပြီး ပါတီမြေအောက်ကာလ တရုတ်နယ်စပ်မှာပဲ နိုင်ငံရေးမှူးနဲ့ အချိန်တချိန် အတူနေရသေး တယ်။ ဒီအချိန်မှာ ထူးထူးခြားခြားတွေ့ရတာက နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းမှာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် နိုင်ငံရေးစိတ်အားထက်သန်မှု အမြဲရှိနေခြင်းပါပဲ။ ယူဂျီကာလမှာ ရဲဘော်တွေကို ဗီယက်နမ်က ယူဂျီအတွေ့အကြုံတွေ ပြောပြတာမိတ်ဆက်တာတွေ လုပ်တယ်။ နောက် အံ့ဩစရာကောင်းတာက လေ့လာရေးပဲ။ သူက တရုတ်စာဖတ်နိုင်လို့ တရုတ်ပြည်ကွန်မြူနစ်ပါတီကထုတ်တဲ့ စာအုပ်တွေဖတ် တရုတ်ပါတီအခြေအနေ မျက်ခြေမပြတ် လေ့လာတယ်။ တချို့စာအုပ်တွေ သူကရှေ့ကဖတ် ဘာသာပြန် နောက်ကရဲဘော်တွေကလိုက်ရေး ဒီလိုနဲ့ အဘိဓမ္မာကျမ်းတချို့ လေ့လာရေးစာစောင် အတွဲလိုက်ထွက်လာသေးတယ်။ နောက်အခြားကောင်းနိုးရာရာ နိုင်ငံရေးစာတမ်းတွေလည်း တောက်လျှောက်လုပ်တယ်။ လီနင်ရေးတဲ့ စီးပွားရေးပေါ်လစီသစ်ဆိုတဲ့စာတမ်း နိုင်ငံရေးမှူး ဖတ် ဘာသာပြန်တာကို ကျွန်တော်လိုက်ရေးရသေးတယ်။ ညရောက်နေတာကို ခဏနား ဆက်လုပ်ကြဦးစို့ဆိုတာမျိုး သူကမညည်းမညူ လုပ်နေပြန်တယ်။ 
နယ်စပ်အခြေခံစခန်းကာလမှာလည်း ရဲဘော်စိုးသိမ်းဟောပြောချက်ဆိုတဲ့ လေ့လာရေးစာစောင်တွေ တွေ့ရတတ်ပါတယ်။ နီးနီးကပ်ကပ်နေရမှ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းရဲ့ အလုပ်လုပ်နိုင်စွမ်းကို သေချာသတိထားမိတာပါ။ လိုအပ်ရင် ကာယလုပ်အားတောင် ကျန်းမာရေးအတွက်လိုအပ်မှုဆိုတာမျိုးနဲ့ လုပ်ပြချင်တဲ့သဘောတွေ့ရတယ်။ အဘိဓမ္မာ စာစုတွေ ဘာသာပြန်ပြုစုရင်းက ဖြစ်နိုင်ရင်ဘာသာရေးဆိုင်ရာဖြစ်တဲ့ ပါဠိသဒ္ဒါ၊ သင်္ဂြိုဟ်ကျမ်းတွေ တွဲလေ့လာကြည့်ချင်တယ် ပြောနေသေးတယ်။ စဉ်းစားနည်းတွေ သိချင်လို့ပါတဲ့လေ။ သူလေ့လာထားတဲ့ ဂျာမန်၊ ရုရှား၊ တရုတ် အဘိဓမ္မာထဲက အချက်အလက်ထုတ်ထုတ်ပြီး အဲဒီတလော တော်တော်ပြောတာ နားထောင်ရတယ်။ ယူဂျီကာလမှာ ပါတီအတွက် သူဘာလုပ်ပေးနိုင်မလဲ အမြဲစဉ်းစားကြံဆမှုတွေ လုပ်တယ်၊ သို့ပေမယ့် ပါတီ ပထမမျိုးဆက်ဖြစ်တဲ့အလျောက် ဇရာပိုင်းဆိုတော့ ရုပ်ဘ၀က သူ့ကိုခွင့်မပြုတော့ပါဘူး။ သူမကွယ်လွန်မီ နှစ်တချို့အတွင်း အနားပေးရပါတယ်၊ ဒါတောင် သူမနားချင်ဘူး၊ နောက်ဆုံးမှ မတတ်သာလို့ သတ်မှတ်ချက်အတိုင်း အနားယူတော့တယ်။ ခုဆိုရင် နိုင်ငံရေးမှူး ကွယ်လွန်တာ (-)ရှိသွားပါပြီ။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလုပ်ငန်းတာဝန်တွေကို နောက်မျိုးဆက်တွေရဲ့ ပခုံးပေါ်ကျရောက်နေပေပြီ။ ဒါတွေကတော့ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့ပတ်သက်လို့ အောက်မေ့ သတိရချက်တွေပါ။  
နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း ဥဒါန်း တွင်ပါစေ။ ရဲဘော်စိုးသိန်း အား အလေးနီပြုလျက် ...
ဗတိုးရှိန်
၁၅-၃-၂၀၁၅။