Sunday, January 3, 2016

နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းသို့ ဂုဏ်ပြု အမှတ်တရ

0 comments
နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းသို့ ဂုဏ်ပြု အမှတ်တရ (ဗတိုးရှိန်) 
လွန်ခဲ့သော ၆၈ နှစ်၊ ပြည်သူ့အာဏာ အတွဲ၁၁။ အမှတ် ၂၅ (၁၆-၃-၄၆) ၁၃၀၇ ခု တပေါင်းလဆန်း၁၄ ရက်၊ စနေနေ့ထုတ် ပြည်သူ့အာဏာ အဟောင်းထဲ၌ “မတ်လ ၈ ရက်နေ့တွင် စစ်ကိုင်းနယ်က တော်လှန်ရေးစခဲ့သည်” မောင်လှိုင် (ဗဟိုကော်မတီ စည်းရုံးရေးမှူး) ရေးသည်၊ ဆိုတဲ့ ဆောင်းပါးဟောင်းတပုဒ် ဒီနှစ် ၂၀၁၄ ခု ဗမာပြည်ကွန်မြူနစ်ပါတီစိန်ရတု အထူးထုတ် ပြည့်သူ့အာဏာ (အမှတ် ၃၇)မှာ ပြန်ဖော် ပြထားတယ်။ 

”အင်္ဂလိပ်စစ်တပ်များသည် စစ်ကိုင်းမြို့ကို ၂ လတိုင်တိုင် မသိမ်းပိုက်နိုင်ဘဲရပ်တန့်နေရာမှ ဗိုလ်သိန်းဦးတို့ ခေါင်းဆောင်သော တော်လှန်ရေးတပ်သားမျာက ရွပ်ရွပ်ချွံချွံ ဝင်ရောက်တိုက်ခိုက်သောအခါ၊ ၅ ရက်နှင့် မြို့ကို သိမ်းနိုင်ခြင်းက သက်သေခံပေသည်။ လူထုနှင့်ချီ၍ တိုက်ခြင်းသည်၊ မည်မျှပင်ကြီးသောရန်သူကိုဖြစ်စေ အောင်နိုင်ခြင်းကိုပြခဲ့ပြီ။ ဗိုလ်သိန်းဦးနှင့်တကွ ရဲဘော် ၁၁ ဦးတို့သည်၊ စစ်ကိုင်းစစ်မြေပြင် သပြေပင်တိုက်ပွဲ၌ မတရား အဓမ္မဝါဒီသမားဖြစ်သော ဂျပန်ဖက်ဆစ်စနစ်ဆိုးကို ရွံရှာမုန်းတီးကြောင်း မလိုလားကြောင်းကို အသက်နှင့်လဲကာ ပြကြလေပြီ။ ရဲဘော်တို့ ငါတို့သည် ဗိုလ်ဗထူး၊ ဗိုလ်သိန်းဦးတို့ကို သာဓကထားကြစို့၊ လွတ်လပ်ရေးအတွက်၊ ကျွတ်ကျွတ်လွတ်လွတ်စွန့်စားရန် အသင့်ရှိကြစို့” လို့ ဆောင်းပါးရှင် မောင်လှိုင် (ဗဟိုကော်မတီဝင်) ရေးသားချက် ဖတ်ရတယ်။

ဆောင်းပါးက ကျွန်တော်တို့ မမွေးခင်က ဆောင်းပါးပါ၊ ဒီဆောင်းပါးဖတ်ပြီး ကျွန်တော် ရဲဘော်စိုးသိမ်းကို ပြေးမြင်မိတယ် ၊ ရဲဘော်စိုးသိမ်းက ဗိုလ်သိန်းဦးအကြောင်း သပြေပင်တိုက်ပွဲအကြောင်းတွေ ပြောပြဖူးလို့ပါ။ ရဲဘော်စိုးသိမ်းဆိုတာ နယ်စပ်အခြေခံစခန်း အရှေ့မြောက်ပိုင်းစစ်ဒေသရဲ့ နိုင်ငံရေးမှူး၊ ပါတီဗဟိုကော်မတီဝင်ခေါင်းဆောင်တယောက်ဖြစ်တယ်။ 
ရဲဘော်စိုးသိမ်းဟာ စစ်ကိုင်းသားဖြစ်လို့ စစ်ကိုင်းကရဲဘော်တွေအကြောင်း စကားစပ်မိရင် ပြောတတ်ပါတယ်။ ရဲဘော်သိန်းတန်ခေါ်  ရဲဘော်ချစ်တီး၊ ရဲဘော်(ကို)လှိုင်တို့ ဗိုလ်သိန်းဦးတို့အကြောင်းတွေ ပြောတတ်ပါတယ်။ အထူးသဖြင့် ကိုသိန်းတန်ခေါ် ကိုချစ်တီးကို သခင်သိန်းဖေတို့လူစု အိန္ဒိယသွားတဲ့ကိစ္စ အမှုပတ်ပြီး၊ ဂျပန်ကင်ပေတိုင်က ဖမ်းဆီး အကြီးအကျယ်နှိပ်စက် အဲဒီနှစ် ဇူလိုင်လထဲမှာ ဂျပန်ကင်ပေတိုင်က သတ်ပစ်ကြောင်းလည်း ပြောဖူးတယ်။ 

သပြေပင်တိုက်ပွဲမှာ ဗိုလ်သိန်းဦးကျဆုံးရပုံနဲ့ပတ်သက်ပြီး ကိုယ်တွေ့မျက်မြင်အတွေ့အကြုံတွေ ရဲဘော်စိုးသိမ်း ရေးထားတာလည်းရှိတယ်။ ကျဆုံးသူများနဲ့အတူ ရဲဘော်စိုးသိမ်းဂုဏ်ပြုတဲ့အနေနဲ့ သူ့ရေးသားချက်တချို့ ထုတ်နုတ်တင်ပြချင်ပါတယ်။ ရဲဘော်စိုးသိမ်းက “ ဗိုလ်သိန်းဦး ကျဆုံးတဲ့အကြောင်း စာအုပ်တွေထဲမှာလည်းပါတတ်လို့ ဒီအကြောင်း ပိုမိုရှင်းလင်းအောင် အနည်းငယ်ဖော်ထုတ်ရေးသားလိုပါတယ်”တဲ့ နောက် သူ ဆက်ရေးထားတာက “သပြေပင်တိုက်ပွဲမှာ၊ တော်လှန်ရေးရဲဘော်တွေ အကျအဆုံးများတာဟာ ဂျပန်ရဲ့ အခိုင်အမာစစ်ကြောင်းကို ဝင်တိုက်မိလို့ပါ”တဲ့ ။ 
သူရေးထားတဲ့ထဲမှာ “ဂျပန်ရဲ့ ကာကင်းရှိရာ သပြေပင်ရွာရဲ့ရှေ့က နေပူကုန်းကျောင်း (ဘုန်းကြီးကျောင်း) ဝိုင်းရှိရာ ဝင်တိုက်တော့ ရလိုက်တယ်။ ဂျပန်တွေဆုတ်သွားတယ်။ မိမိဘက်က အကျအဆုံးအထိအခိုက်မရှိဘူး၊ ကျောင်းနဲ့ရွာ (သပြေပင်ရွာ) ကြားမှာ ပဲခင်းကြီးတွေရှိနေတယ် ဒီပဲခင်းကြီးတွေဖြတ်တက်တော့ (ဂျပန်က သတ်ကွင်းလုပ်ထားတာဖြစ်လို့) အဲဒီမှာ မိမိဘက်က ကျဆုံးဒဏ်ရာရများတယ်။ မနက်နှင်း မကွဲသေးဘူး။ ဗိုလ်သိန်းဦး ရင်ဘတ်မှာ ဒဏ်ရာရသွားတယ်။ သူက သူဆောင်းထားတဲ့ဖော့ဦးထုပ်ချွတ်ပြီး သူလဲနေရာကနေ မြှောက်ပြ နေတယ်။ ဂျပန်ကလည်း သူအဲဒီလိုပြတိုင်း စက်ကြီးနဲ့ ဒလစပ်ပစ်နေတယ်။ ဒဏ်ရာရထားသူဟာ ဗိုလ်ဖြစ်မှန်း ဂျပန်ကသိနေတယ်။ ဗိုလ်သိန်းဦးကလည်း စစ်ဝတ်စုံအပြည့် ဝတ်ထားတယ်။ ဓားရှည်လည်း ချိပ်ထားတယ်။ သံခမောက်မဆောင်းဘဲ ဖော့ဦးထုပ်ဆောင်းထားတယ်။ 

သူဒဏ်ရာရတာကိုသိလို့ ကွန်မြူနစ်ပါတီဝင်တွေချည်း စုစည်းပြီး သူ့ကို ဝင်ကောက်ဖို့လုပ်တယ်။ ပါတီဝင်တပ်မှူးတဦး (လက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် တဦးဖြစ်သူ) ရယ် (မသုံးလုံး) စိန်ဝင်း ရယ်၊ ဆရာသိန်းကြီးရယ်၊ မောင်မြင့် ရယ်(၄)ယောက်တို့က ထမ်းစဉ်ကိုသယ်ပြီး ပြေးတက်လိုက်၊ ဝင်ကပ်လိုက်နဲ့ သူ့ဆီ ရောက်သွားတယ်။ ဂျပန်ကလည်း တရစပ်ပစ်ခတ်နေတယ်၊ ဗိုလ်သိန်းဦးဆီ ရောက်သွားတဲ့အထိ သူတို့ (၄)ဦး ဟာ ဒဏ်ရာမရ၊ ကျဆုံးတာလည်းမရှိဘူး။ ဗိုလ်သိန်းဦးကို သယ်ပြီးပြန်လာမှ မောင်မြင့် ကျဆုံးတယ်၊ (မသုံးလုံး)စိန်ဝင်း ဒဏ်ရာရတယ်၊ ပါတီဝင်တပ်မှူးတဦးနှင့် ဆရာသိန်းကြီးတို့ကတော့ ရှပ်ထိရုံလောက်ပဲ။ ဒဏ်ရာနဲ့ ကိုစိန်ဝင်းရယ်၊ နည်းနည်းထိထားတဲ့ ဆရာသိန်းရယ်တို့ ပြန်ဆုတ်သွားတယ်။ ပါတီဝင်တပ်မှူးတဦးကတော့ ချန်နေရစ်တယ်။ ဗိုလ်သိန်းဦးကလည်း သူတို့ကိုပစ်မထားပါနဲ့လို့ ပြောနေတယ်။ ပါတီဝင်တပ်မှူးတဦးနဲ့ ဗိုလ်သိန်းဦးတို့ဟာ မဟာမိတ်များကို သွားဆက်သွယ်စဉ်က အတူအဖမ်းခံရပြီး သုံ့ပန်းစခန်းမှာ အတူနေလာခဲ့တော့ သံယောဇဉ်လည်းရှိကြတယ်။ အဓိကအကြောင်းကတော့ ဗိုလ်သိန်းဦးဟာ ပါတီဝင်တဦးမို့ သူတို့ကို ဘယ်လိုမှ ပစ်မထားရက်ဘူး။ ဗိုလ်သိန်းဦးဟာ စစ်ကိုင်းကလည်းမဟုတ်ဘူး၊ မြိုင် (ပခုက္ကူ)က တောကျောင်းဆရာပါ။ 

ပါတီဝင်တပ်မှူးတဦးက ကိုစိန်ဝင်းကို နောက်တသုတ် လူထပ်စည်းရုံးပြီး ဗိုလ်သိန်းဦးကို လာကောက်ကြဖို့ မှာလိုက်တယ်။ ဒဏ်ရာက အဆုပ်ကို ရှပ်ထိထားတာပါ။ ဗိုလ်သိန်းဦးဟာ စကားတော့ ပြောနိုင်သေးတယ်။ ကိုစိန်ဝင်းကလည်း ဒဏ်ရာရထားလို့ နောက်တသုတ် လာကောက်ဖို့ အဖွဲ့ကို စည်းရုံးလို့ရဟန်လည်း မတူဘူး။ ဒီလိုနဲ့ ဗိုလ်သိန်းဦးဟာ နေ့လည် မွန်းတည့်ချိန်လောက်ကျမှ သွေးလွန်လို့ ကျဆုံးသွားခဲ့ရတယ်။ သူကျဆုံးသွားတော့မှ ပါတီဝင်တပ်မှူးတဦးလည်း ပြန်ဆုတ်လာခဲ့တယ်။ ညရောက်မှ ကျဆုံးသူတွေကို ကောက်နိုင်တယ်။ ဂျပန်ကလည်း ညပိုင်းရောက်တော့ လုံးဝဆုတ်သွားပြီ၊ သပြေပငတိုက်ပွဲအပြီး နောက်တနေ့မှာ စစ်ကိုင်းတမြို့လုံးကို သိမ်းမိတာပါပဲ”လို့ ရဲဘော်စိုးသိမ်း ရေးထားတယ်။ (ရဲဘော်စိုးသိမ်းရည်ညွှန်းတဲ့ ပါတီဝင်တပ်မှူးတဦးဆိုတာ ကွယ်လွန်သူ ပါတီအတွင်းရေးမှူးဟောင်း ရဲဘော်ထွန်း ကို ပြောခြင်းဖြစ်တယ်- စာရေးသူ) 

ရဲဘော်စိုးသိမ်းဟာ ၁၃၀၀ပြည့် အရေးတော်ပုံ ကာလ (၁၉၃၈) နိုင်ငံရေးနယ်ထဲ စရောက်တယ်လို့သိရတယ်။ ဒါကြောင့် ပါတီရဲ့ပထမမျိုးဆက် ဆိုရပါမယ်။ သူဟာ အရင်ဆုံး စစ်ကိုင်းမြို့လူငယ်အဖွဲ့အစည်းမှာ စဝင်ပြီး ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးလုပ်ငန်းများကို လူငယ်ပီပီ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ၁၉၄၂ ခုနှစ်တွင် စစ်ကိုင်းမှာ BIA ဖွဲ့တယ် တပ်မှူးက ရဲဘော်သိန်းတန်ပဲ အဲဒီနှစ်မှာ တပ်ထဲဝင်တယ်လို့ သူပြောပြချက်တွေအရ သိနိုင်တယ်။ ဘ၀တခုလုံး ပါတီမှာမြှုပ်နှံထားတဲ့ ပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ ရဲဘော်စိုးသိမ်းအကြာင်း သူနဲ့ ထိတွေ့ဘူးသမျှ အမှတ်တရလည်းဖြစ် ဂုဏ်လည်း ပြုလိုခြင်းရည်ရွယ်ချက်နဲ့ ရေးပါတယ်။ 

ကျွန်တော်တို့ ပါတီထဲရောက်ပြီး ပထမဆုံးတွေ့ရသည့် ပါတီဗဟိုခေါင်းဆောင်ဟာ ရဲဘော်စိုးသိမ်းဖြစ်တယ်။ ၁၉၇၆ ခု ဇူလိုင်လနောက်ဆုံးပတ်ဖြစ်လိမ့်မယ်။ ကျွန်တော်ရယ်၊ ရဲဘော်ဉာဏ်ဇော်နဲ့ တနင်္သာရီဘက်က ရဲဘော်ကျော်ဒွန်း တို့ ၃ ဦးကို၊ ရဲဘော်အောင်ငွေနဲ့ ရဲဘော်မကြည်မြင့်တို့က ပါတီရဲ့ နမ့်ခမ်းခရိုင် ရုံးစိုက်ရာ မန်ရှိုး (မန်ဟီးရိုး)ကနေ၊ ရွှေလီ၊ ပန်ဆိုင်း ကိုဖြတ်ပြီး မုံဂူကိုခေါ်လာကြတယ်။ မုံဂူ ရောက်ရောက်ခြင်း ရဲဘော်အောင်ငွေက ကျွန်တော်တို့အဖွဲ့ကို နိုင်ငံရေးဌာနရှိ၊ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဆီ ပို့လိုက်တယ်။ အစိမ်းရောင်စိုစို စစ်ယူနီဖောင်းနဲ့ သိုးမွှေးနီညိုရောင် ချိုင်းပြတ်ဝတ်ထားတဲ့ အသက် လေးငါးဆယ်ခန့်အရွယ်၊ ရဲဘော်စိုးသိန်း အခန်းထဲကထွက်လာပြီး လက်ခံတွေ့ဆုံတယ်။ သူ့အခန်းဘေးက ပြတင်းပေါက်ဘေးမှာလည်း ကျိုးတပ်ထားတဲ့ လက်လှည့်တယ်လီဖုန်းနဲ့။ သူ့နေတဲ့ တန်းလျားရှည်ပုံ အဆောင်လေးဘေးမှာလည်း ဆက်သွယ်ရေး ကြေးနန်းကြိုးအတွက် ဝါးတိုင်တွေစိုက်ထားတော့ မြင်ကွင်းထဲ ကြိုးတွေက ရုတ်တရက် ရှုပ်ရှက်ခတ်နေသလို ထင်လိုက်တယ်။ အခန်းမျက်နှာစာ ခပ်လှမ်းလှမ်းမှာ သွပ်မိုးပရပ် စည်းဝေးခန်း တခုလည်းတွေ့လိုက်ရတယ်။ တော်လှန်ရေးခေါင်းဆောင်တယောက်ရဲ့ လုပ်ငန်းလည်ပတ်နေတဲ့ယန္တရားတွေလို့ဆို ရမယ်ထင်ပါတယ်။ 

ကျွန်တော်တို့ ၃ ယောက်ကို ရဲဘော်စိုးသိမ်းက ခဏသာ စကားပြောပြီး နားခိုင်းတယ်၊ အဲဒီအချိန်က အခြေအနေအရ ရန်သူ့ဒေသကလာတဲ့ရဲဘော်တွေ နေရပ်၊ ဇာတိနှင့် နောက်ကြောင်းအသေးစိတ်ကို ဆိုင်ရာကိုသာတင်ပြရပြီး လူတွေ့တိုင်း အရမ်းမေးလေ့ ပြောလေ့မရှိဘူး။ စကားအနည်းငယ်ပြောပြီးတာနဲ့ ကျွန်တော်တို့အရင် တော်လှန်ရေးနယ်မြေထဲ ရောက်နေသည့် ရဲဘော်ခင်မောင်ဝင်းကို နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းက လူလွှတ်ခေါ်ပြီး ကျွန်တော်တို့ ၃ ယောက်ကို နေရာချထားခိုင်းလိုက်တယ်။ အဲဒါ ရဲဘော်စိုးသိန်းကို ပထမဆုံး မြင်ဖူးလိုက်ခြင်းပဲ။ အဲဒီကာလက ကွတ်ခိုင်၊ နမ့်ခမ်း ခရိုင်များလည်း အရှေ့မြောက်စစ်ဒေသထဲမှာ ရှိသေးတယ်။ (နောက်ပိုင်း ဒီခရိုင် ၂ ခုက မြောက်ပိုင်းဗျူရိုဖြစ်သွားတယ်)၊ မုံဂူက အရှေ့မြောက်စစ်ဒေသရဲ့ဌာနခွဲသဘော၊ နိုင်ငံရေးဌာနရှိတယ်၊ အဲဒီမှာ ရဲဘော်စိုးသိမ်းတာဝန်ခံ လုပ်ကိုင်နေတဲ့ အနေအထား တွေ့ရတယ်။ 

အစပိုင်း ကျွန်တော်တို့ကို မုံဂူနိုင်ငံရေးဌာန အဆောက်အဦးဟောင်းကြီးအပေါ်ထပ်မှာ ရဲဘော်ခင်မောင်ဝင်းက နေရာချပေးတယ်။ အဆောက်အဦးကြီးအပေါ်ထပ်မှာ အံအားသင့်စရာ ကောင်းလောက်အောင် မော်စီတုန်း လက်ရွေးစဉ်ကျမ်းတွေ၊ စစ်ရေး ၆ စောင်တွေ၊ ဩဝါဒစာအုပ်လေးတွေနဲ့ လင်ပြောင်ရေးတဲ့ စာအုပ်လေးတွေကအစ စာအုပ်နီတွေ (အဖုံးမှာ ပလပ်စတစ်အနီ အထူတွေနဲ့ ဖုံးထားလို့ စာအုပ်နီခေါ်ခြင်းဖြစ်တယ်) ဒင်းကြမ်းပုံထားတာ တွေ့လိုက်ရတယ်။ အများစုက ဗမာလို၊ တရုတ်စာတွေနဲ့လည်း ရှိတယ်။ အဲဒီ စာအုပ်ပုံကြီးဘေးမှာ ကျွန်တော်တို့ကို နေရာချပေးတယ်။ မုံဂူရောက်တဲ့ညမှာ ရဲဘော်ဟောင်းကြီးတွေဖြစ်တဲ့ ဦးတင်မြင့်၊ ဦးစိုးဝင်းတို့ ဦးပုတို့လည်း လာရောက် စကားပြောကြတယ်။ နွေးနွေးထွေးထွေး ရှိကြပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့က ဆေးလိပ်သောက်တတ်လို့ ဦးတင်မြင့်ဆိုရင် သူက ဆေးလိပ်မသောက်ဘဲနဲ့၊ ကျွန်တော်တို့ကို ပွတ်ချွန်းလိပ်နည်းပြရင်း ဆေးလိပ် လိပ်ပေးနေတာ ကျွန်တော် အမှတ်ရမိတယ်။ ဒါတွေက မုံဂူ ရောက်တဲ့နေ့၊ ရဲဘော်စိုးသိမ်းနဲ့ စတွေ့တဲ့နေ့က အဖြစ်အပျက်လေးတွေဖြစ်တယ်။

နောက်ရက်မှာ ကျွန်တော်တို့ ၃ ယောက်အတွက် လေ့လာရေးစာစောင်တွေ လာပေးတယ်။ ၁၉၇၅ ခု ဥက္ကဋ္ဌ သခင် ဗသိန်းတင်ရဲ့ မေလမိန့်ခွန်းလည်းပါတယ်။ အဲဒီမှာ ရဲဘော်ခင်မောင်ဝင်း ပြောတာက သခင်ဗသိန်းတင်ရဲ့ အသံလွှင့်မိန့်ခွန်း လေ့လာပြီး ဆွေးနွေးကြည့်ကြ မရှင်းတာရှိရင်မေးနိုင်တယ်၊ ပြောချင်တာကို စာရေးပြီးလည်းပြောနိုင်တယ်ဟု နိုင်ငံရေးမှူးကမှာကြောင်း ပြောတယ်။ လမ်းစဉ် အပြောင်းအလဲသဘောဖြစ်နေလို့ သေချာဖတ်ခိုင်းတဲ့အဓိပ္ပာယ်လို့ နားလည်လိုက်တယ်။ ၃ ယောက်သား ပေါ့ပေါ့နေမဖြစ် စာဂရုစိုက်ဖတ်ကြရတယ်။ အဲဒီအချိန်က အရင်ရောက်နေကြတဲ့ ကိုမင်းထင်၊ ကိုစိုးနိုင်တို့လည်း ကျွန်တော်တို့ဆီ လာလည်ကြတယ်။ မြစ်ဖျားတိုင်းဘက်က ရောက်လာတယ်လို့သိရတဲ့ ရဲဘော်သိန်းလွင်လည်း မကြာခဏ လာစကားပြောတတ်တယ်။ 

တရက်မှာ ကျွန်တော်တို့ကို နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း ခေါ်တယ်ဆိုလို့ အမြန်သွားကြသည်။ မုံဂူတဝိုက်ရှိ ဗမာရဲဘော်များ တွေ့ရတယ်၊ ကိုစိုးအာင် (ဗန်းမော်)တို့ နတ်မောက်သား ကိုရဲထွန်းတို့လည်းပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးမှူးဆီ ရောက်တာနဲ့ “သတင်းထူးတယ် ဖတ်ကြည့်ကြပါတဲ့ မနေ့ည မြန်မာ့အသံသတင်းမှာ ဦးနေဝင်း လုပ်ကြံမည့်အဖွဲ့ စစ်တပ်ထဲက ဖော်ထုတ်ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းလွှင့်သွားတယ် ဖော်ထုတ်ဖမ်းဆီးခံကြရသူတွေက အရာရှိငယ်တွေ ဗိုလ်ကြီးအဆင့်တွေကြီးပဲ ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ဗိုလ်ကြီးဝင်းသိန်းတို့ဆိုတာတွေ အဲဒီထဲမှာ(ပါတီက သတင်းရေး ထုတ်ထားတဲ့စာရွက်ကို ဆိုလို) ကျန်တဲ့အရာရှိနာမည်တွေ အပြည့်အစုံပါတယ်၊ သေချာဖတ်ကြည့်ကြ”တဲ့ “ ပြီးတော့ ဒီအရာရှိတွေက လူငယ်တွေ ခင်ဗျားတို့ ကျောင်းနေဘက်အသိမိတ်ဆွေ ဖြစ်နေနိုင်သူများရှိမလားလို့ မေးရင်း သတင်းထူးမို့ ခေါ်တာဖြစ်ကြောင်း နိုင်ငံရေးမှူးက ရှင်းပြတယ်။ 

”ရန်သူ့ဒေသကတက်လာသည့် ရဲဘော် ၉ ယောက်၊ ၁၀ ယောက်လောက် ခေါ်ထားတာ တွေ့ရတယ် ဗိုလ်ကြီးအုန်းကျော်မြင့်တို့အဖွဲ့အား မည်သူမျှ သိဖူးသူမရှိပါ။ နောက်ရက်များတွင် ကွတ်ခိုင်၊ နမ့်ခမ်း ခရိုင်များနှင့် တပ်မဟာ ၂ မှ ကေဒါများ အစည်းအဝေး လချုပ်လား နှစ်ချုပ်လားမသိ အစည်းအဝေးတက်တဲ့ ကေဒါတွေတော့ များတယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော်တို့ တက်ရောက်နားထောင်ခိုင်းတယ်။ အစည်းအဝေးမှာ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းက စစ်ရေးနိုင်ငံရေးပို့ချချက်မျိုးထည့်ပြောတာ ကျွန်တော်တို့အတွက် ပထမဆုံးအတွေ့အကြုံပါ စိတ်ဝင်စားစရာကောင်းတယ် နိုင်ငံရေးမှူးရဲ့ ပြောနိုင်အား ဆွဲဆောင်နိုင်စွမ်းရှိမှုကိုလည်း ကျွန်တော် စိတ်ထဲ ကြိတ်ချီကျူးနေကာ အံ့ဩဝမ်းသာလည်း ဖြစ်မိတယ်။ ပါတီတာဝန်ထမ်းဆောင်ရန် ရဲဘော်စိုးသိမ်းက ကျွန်တော်တို့ဆန္ဒသဘောထား အရင်မေးတယ်၊ 

ရဲဘော်ဉာဏ်ဇော်နဲ့ ကျွန်တော်က ရှေ့တန်းတပ် သွားလိုကြောင်း ပြောလိုက်ကြတယ်။ ကျွန်တော်တို့ ရှေ့တန်းမသွားမီ ရက်များ မကြာခဏခေါ်ပြီး စကားပြောလေ့ရှိတယ်။ နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုအကြောင်းတွေ ပါတယ်။ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းကိုယ်တိုင် ဗီယက်နမ်စစ်ကာလမှာ ဗီယက်နမ်ကို ရောက်တယ်။ ဗီယက်နမ်လွတ်မြောက်ရေး တော်လှန်စစ် အတွေ့အကြုံများ ဗီယက်နမ်ရဲဘော်တွေနဲ့အတူ လေ့လာသင်ယူခဲ့ဘူးတယ်၊ သူ့အတွေ့အကြုံများပြောပြတာ စိတ်ဝင်စားစရာစွန့်စားမှု လေ့ကျင့်ခန်းတွေ အကြိမ်ကြိမ် ကြားဖူးတယ်။ ၇၆ ခုနှစ် ပါတီနေ့အကြိုဆွေးနွေးပွဲ မုံဂူမှာ ဗဟိုကော်မတီခေါင်းဆောင်များဖြစ်တဲ့ ရဲဘော်စိုးသိမ်းနဲ့ ရဲဘော်လွင်တို့ တက် စကားပြောတယ်။ 

ကျွန်တော်တို့ ရှေ့တန်းတပ်မဟာ ၂ သွားခါနီး တပ်အခြေအနေတွေ နိုင်ငံရေးမှူးကရှင်းပြတယ်။ တပ်မဟာကေဒါတွေ အောင်လင်း(ခေါ်) ဟုန်လောက်စစ်(ရန်ကုန်၊ ဟွာကျုန်းမှ ကျောင်းဆရာဟောင်း)တို့ ရဲဘော်အင်ဖန်းတို့နဲ့လည်း သေချာ မိတ်ဆက်ပေးတယ်။ ကျွန်တော်တို့ တပ်ထဲရှိနေစဉ် နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းတို့အဖွဲ့ ရှေ့တန်းရောက်လာတာ တွေ့လိုက်တယ်၊ ရဲဘော်တယောက်က ခင်ဗျားတို့ကို နိုင်ငံရေးမှူးက တပ်မှာနေရတာအဆင်ပြေလား မေးလိုက်တယ်။ သီးခြားခေါ်မတွေ့တော့ဘူး၊ အဆင်ပြေအောင်လုပ်ကြဖို့မှာကြောင်းပြောပြတယ်။ နောက်ပိုင်း အဆက်ပြတ်သွားပြီး ၇၉ ခုနှစ် ရောက်မှ ပန်ဆန်းမှာ ပြန်တွေ့ရတယ်။ 

၁၉၇၉ ခုနှစ် ပါတီ ဗဟိုကော်မတီက ၇၉ လမ်းစဉ်ချအပြီး အလယ်ပိုင်းဗျူရို၊ မြောက်ပိုင်းဗျူရိုဆိုပြီး ဗဟိုဌာနခွဲများ ဖွဲ့စည်းတယ်။ နောက်တပ်ပိုင်းဆိုင်ရာမှာ တပ်မ ၄၈ နဲ့ ၆၈ တပ်မ ၂ ခု ဖွဲ့စည်းတယ်။ ၄၈ တပ်မနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဖြစ်သွားတယ်။ တပ်မဖွဲ့ စည်းရေးလုပ်ငန်များလုပ်နေစဉ် ရန်သူ မဆလစစ်အစိုးရရဲ့ မင်းရန်အောင်ထိုးစစ်နဲ့ ရင်ဆိုင်တိုးတယ်။ အဲဒီမှာ မော်ဖဒေသ ကောင်းလင်းကောင်းလန်းတိုက်ပွဲနဲ့ မင်းရန်အောင်ထိုးစစ်ကို မိမိတပ်က ပြန်လှန်ထိုးစစ်ဆင်ရာမှာ တပ်မနိုင်ငံရေးမှူးအဖြစ်နဲ့ ရဲဘော်စိုးသိန်း ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါဦးစီးကွပ်ကဲတယ်။ ဒီတိုက်ပွဲ ကျွန်တော်တို့ လက်နက်ကြီးပစ်ကူအဖွဲ့လိုက်ရစဉ် ရှေ့တန်းစစ်ဦးစီးရုံးမှာ နိုင်ငံရေးမှူးနဲ့ ပြန်ဆုံရတယ်၊ လူမျိုးစု တပ်မှူး တပ်သားတွေနဲ့ တရင်းတနှီးရှိပြီး နိုင်ငံရေးမှူးရဲ့ခေါင်းဆောင်စည်းရုံး တိုက်နိုင်စွမ်းကိုလည်း တွေ့ရတယ်။ 

၁၉၈၀ ခုနှစ် နောက်ပိုင်းနှစ်တွေမှာတော့ တပ်မ၄၈ ထုတ်နုတ်အင်အားတပ်များဦးစီးကာ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း မြောက်ပိုင်းဗျူရိုဘက် ပြောင်းသွားတယ်။ ပန်ဆန်းရှိ ရဲဘော်တချို့ နိုင်ငံရေးမှူးနဲ့လိုက်လိုကြောင်း တောင်းဆိုကြတာရှိတယ်။ မြောက်ပိုင်းဗျူရိုမှာ နိုင်ငံရေးမှူးတို့ တပ်မအင်အားများရောက်သွားပြီးမကြာမီ တိုက်ပွဲသတင်းတွေ ခပ်မြိုင်မြိုင် ကြားကြရတယ်။ 

၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပြည်လုံးကျွတ်ပါတီကွန်ဂရက်မှာ ရဲဘော်စိုးသိမ်း ပါတီဗဟိုကော်မတီအဖြစ် ပြန်လည်အရွေးခံရပြီး အရှေ့မြောက်စစ်ဒေသရဲ့ နိုင်ငံရေးမှူးတာဝန်ယူတယ်။ ပန်ဆန်းဌာနချုပ်မှာ ကျွန်တော် နီးနီးကပ်ကပ်ဆက်ဆံရတယ်။ အဲဒီမှာ နိုင်ငံရေးမှူးနဲ့ကျွန်တော် လုပ်ငန်းပိုင်းအပြောင်းအရွှေ့ကိစ္စ ဆက်ဆံရတာ အဆင်မပြေမှုများရှိခဲ့တယ်။ ကျွန်တော့်တာဝန်က ရှေ့တန်းတပ်မဟာမှာ၊ နိုင်ငံရေးမှူးက သတ္တုရှာဖွေရေးသမားတွေနဲ့ ယာယီသဘော သတ္တုရှာဖွေရေးလုပ်စေချင်တယ်။ နောက်ပိုင်း သတ္တုတွင်းမှာ မိသားစုလိုက်ပြောင်းရွှေတာဝန်ယူဖို့ တာဝန်ပေးတယ်။ ကျွန်တော်က ဒီစီးပွားရေးလုပ်ငန်းကြီး မလုပ်လို မလုပ်ချင်ကြောင်းတင်ပြလိုက်တယ်။ နိုင်ငံရေးမှူးက တော်လှန်ရေးထဲမှာ ဘယ်လုပ်ငန်းမဆို လိုအပ်လို့လုပ်ရတာ လုပ်စေချင်တယ်။ ဒီမှာ သိပ်အဆင်မပြေဖြစ်သွားတယ်။ 
ကျွန်တော်က နိုင်ငံရေးမှူး အဓိကတာဝန်ယူထားတဲ့ အရှေ့မြောက်စစ်ဒေသတပ်မှာ လုပ်တယ်။ ပြည်တွင်းမှာ ရှစ်လေးလုံးကာလ ဗဟိုက အခြေခံဒေသသစ်ထိုးဖောက်ရေး တပ်အသစ်ဖွဲ့တယ်။ အဲဒီမှာ ကျွန်တော်က ဗဟိုတပ်အသစ်မှာလုပ်ဖို့ တောင်းဆိုတဲ့အခါ နိုင်ငံရေးမှူးက စစ်ဒေသကနေ မပြောင်းစေချင်ဘူး။ ဒီမှာ အဆင်မပြေတဲ့ ပြဿနာဖြစ်ပြန်တယ်။ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းကတို့ကလည်း တပ်ကိစ္စတွေစဉ်းစားနေတာ ခိုင်းစရာလူသိပ်မရှိဘူးလို့ ပြောသေးတယ် ကျွန်တော်လည်း ပြောင်းဖို့သဘောတူပြီး ဖြစ်နေလို့ နိုင်ငံရေးမှူးဘက်က သိပ်အဆင်မပြေဖြစ်ခဲ့ရတယ်။ 
သံလွင်မြစ် အနောက်ဘက် မြောက်ပိုင်းဗျူရိုခွင်ထဲ မုန်းဟုန်ဒေသမှာ ကျွန်တော်တို့တပ် ရောက်နေစဉ် ကိုးကန့်ပုန်ကန် ခွဲထွက်မှု စတင်တယ်။ သံလွင်မြစ်ကမ်းအထိ ကျွန်တော်တို့ကို လာကြိုဆိုဧည့်ခံတဲ့ လီနင်မင်တို့တပ်က ရက်ပိုင်း အတွင်းမှာပဲ ကိုးကန့်ဘက်ပါသွားပြီး ကျွန်တော်တို့တပ်ကို လာဝိုင်းဖိအားပေး လက်နက်ဖြုတ်တယ်၊ လက်နက်ဖြုတ်တာက ကျွန်တော်တို့ဗမာကေဒါ ရဲဘော် ၄၊ ၅ ယောက်ကိုပါ တပ်မှာက အဓိက ကေဒါတောင်မစုံဘူး၊ ကျွန်တော်တို့တပ်က နိုင်ငံရေးမှူးနဲ့ တပ်မှူးဖြစ်တဲ့ရဲဘော်စိုးချစ်နဲ့ ရဲဘော်စိုင်းချစ်ညွှန့်တို့က မြောက်ပိုင်းဗျူရိုရှိ မုံဂူမှာ အစည်းအဝေး လုပ်နေကြတယ်။ ကျွန်တော်တို့ကို လက်နက်ဖြုတ်ပြီး ရက်တချို့ ဖမ်းချုပ်ထားတယ်၊ တပ်က ကျွန်တော်တို့ဘက်ပါတယ်။ ၀ကေဒါ တယောက်တလေသာ ပုန်ကန်တဲ့ဘက်ပါတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ ငွေနဲ့ လက်နက်တွေပြန်ရသေးတယ်။ တပ်ကတော့ မြောက်ပိုင်းကျန်နေရစ်တယ်။ ဖမ်းချုပ်ခံရတဲ့ ကျွန်တော်တို့ဗမာရဲဘော် ၅ယောက် ရဲဘော်ဇော်ကွန်း (ကွယ်လွန်)၊ ရဲဘော်ကျော်လေး (ကွယ်လွန်)၊ ရဲဘော်ထွန်းခိုင်၊ ရဲဘော်အေးလွင်၊ ကျွန်တော်တို့ကို ကိုးကန့်ဘက် ပြန်ဖြတ်ခေါ်ပြီး ၀မြောက် ပြန်ပို့တယ်။ ၀မြောက် ပန်ဝိုင်(ဆောက်ဖါး)ဘက်မှာ ရဲဘော်စိုးသိမ်းရောက်နေကြောင်း ကိုးကန့်မှာထဲက ကျွန်တော်တို့ကြားထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ပန်ဝိုင်အရောက်သွားတော့ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းကိုတွေ့ရတယ်။ 
ပုန်ကန်ခွဲထွက်မှု ၀နယ်ဆက်မဖြစ်ရေးထိန်းနိုင်ရင် ထိန်းဖို့ ရောက်နေတဲ့သဘောပါ၊ ပန်ဆန်းကို ရဲဘော်စိုးသိမ်း ကားလေးနဲ့ ပြန်ဆင်းစဉ် တယောက်စာနေရာရတာနဲ့ ကျွန်တော်လည်း သူစီးလာတဲ့ကားလေးနဲ့ ၀မြောက်ကနေ သူနဲ့အတူ ပန်ဆန်းပြန်လာတယ်။ ကျွန်တော်တို့ ပန်ဆန်းပြန်ရောက်ပြီး ရက်တချို့အတွင်း ၀တွေက ပါတီဗဟိုကို ပုန်ကန်ပြန်တယ်။ ပါတီခေါင်းဆောင်တွေနဲ့ ဗမာရဲဘော်တွေ နေစရာမရှိ တရုတ်ပြည်ထဲပြေး ခိုလှုံကြရတယ်။ အဲဒီအချိန် နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း ပန်ဆန်းမှာမရှိ ၀မြောက်မှာ ၀ပုန်ကန်မှုကြား ပိတ်မိနေတယ်။ ကျွန်တော်နဲ့ ၀မြောက်ကအတူ ပန်ဆန်းဆင်းလာပြီးနောက် ချက်ခြင်းဆိုသလို ၀မြောက်ပြန်တက်သွားပြီး အရှေ့မြောက်စစ်ဒေသ တာဝန်အရှိဆုံးဖြစ်လို့ ၀တွေနဲ့ စေ့စပ်ရလိုရငြား တာဝန်ယူသွားလာဆွေးနွေးတဲ့သဘောလို့ နားလည်ရတယ်။ ဆွေးနွေးမရဘဲ ၀တွေက သူ့ကို ဖမ်းထားကြောင်းကြားရတယ်၊ ၀တွေက သူတို့နဲပူးပေါင်းဖို့ တောင်းဆိုတယ်ဆိုတယ်။ နိုင်ငံရေးမှူးက သဘောမတူ ပါတီနဲ့မခွဲမခွာ ရပ်တည်ပြတယ်။ နိုင်ငံရေးမှူးက ကျွန်တော်တို့ကို ၀မြောက်အဖြစ်အပျက်တွေ ပြန်ပြောပြတာတွေရှိတယ်။ အသေးစိတ် မမှတ်မိတော့ဘူး။ 
နယ်စပ် ပုန်ကန်ခွဲထွက်မှုအပြီး ပါတီမြေအောက်ကာလ တရုတ်နယ်စပ်မှာပဲ နိုင်ငံရေးမှူးနဲ့ အချိန်တချိန် အတူနေရသေး တယ်။ ဒီအချိန်မှာ ထူးထူးခြားခြားတွေ့ရတာက နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းမှာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် နိုင်ငံရေးစိတ်အားထက်သန်မှု အမြဲရှိနေခြင်းပါပဲ။ ယူဂျီကာလမှာ ရဲဘော်တွေကို ဗီယက်နမ်က ယူဂျီအတွေ့အကြုံတွေ ပြောပြတာမိတ်ဆက်တာတွေ လုပ်တယ်။ နောက် အံ့ဩစရာကောင်းတာက လေ့လာရေးပဲ။ သူက တရုတ်စာဖတ်နိုင်လို့ တရုတ်ပြည်ကွန်မြူနစ်ပါတီကထုတ်တဲ့ စာအုပ်တွေဖတ် တရုတ်ပါတီအခြေအနေ မျက်ခြေမပြတ် လေ့လာတယ်။ တချို့စာအုပ်တွေ သူကရှေ့ကဖတ် ဘာသာပြန် နောက်ကရဲဘော်တွေကလိုက်ရေး ဒီလိုနဲ့ အဘိဓမ္မာကျမ်းတချို့ လေ့လာရေးစာစောင် အတွဲလိုက်ထွက်လာသေးတယ်။ နောက်အခြားကောင်းနိုးရာရာ နိုင်ငံရေးစာတမ်းတွေလည်း တောက်လျှောက်လုပ်တယ်။ လီနင်ရေးတဲ့ စီးပွားရေးပေါ်လစီသစ်ဆိုတဲ့စာတမ်း နိုင်ငံရေးမှူး ဖတ် ဘာသာပြန်တာကို ကျွန်တော်လိုက်ရေးရသေးတယ်။ ညရောက်နေတာကို ခဏနား ဆက်လုပ်ကြဦးစို့ဆိုတာမျိုး သူကမညည်းမညူ လုပ်နေပြန်တယ်။ 
နယ်စပ်အခြေခံစခန်းကာလမှာလည်း ရဲဘော်စိုးသိမ်းဟောပြောချက်ဆိုတဲ့ လေ့လာရေးစာစောင်တွေ တွေ့ရတတ်ပါတယ်။ နီးနီးကပ်ကပ်နေရမှ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းရဲ့ အလုပ်လုပ်နိုင်စွမ်းကို သေချာသတိထားမိတာပါ။ လိုအပ်ရင် ကာယလုပ်အားတောင် ကျန်းမာရေးအတွက်လိုအပ်မှုဆိုတာမျိုးနဲ့ လုပ်ပြချင်တဲ့သဘောတွေ့ရတယ်။ အဘိဓမ္မာ စာစုတွေ ဘာသာပြန်ပြုစုရင်းက ဖြစ်နိုင်ရင်ဘာသာရေးဆိုင်ရာဖြစ်တဲ့ ပါဠိသဒ္ဒါ၊ သင်္ဂြိုဟ်ကျမ်းတွေ တွဲလေ့လာကြည့်ချင်တယ် ပြောနေသေးတယ်။ စဉ်းစားနည်းတွေ သိချင်လို့ပါတဲ့လေ။ သူလေ့လာထားတဲ့ ဂျာမန်၊ ရုရှား၊ တရုတ် အဘိဓမ္မာထဲက အချက်အလက်ထုတ်ထုတ်ပြီး အဲဒီတလော တော်တော်ပြောတာ နားထောင်ရတယ်။ ယူဂျီကာလမှာ ပါတီအတွက် သူဘာလုပ်ပေးနိုင်မလဲ အမြဲစဉ်းစားကြံဆမှုတွေ လုပ်တယ်၊ သို့ပေမယ့် ပါတီ ပထမမျိုးဆက်ဖြစ်တဲ့အလျောက် ဇရာပိုင်းဆိုတော့ ရုပ်ဘ၀က သူ့ကိုခွင့်မပြုတော့ပါဘူး။ သူမကွယ်လွန်မီ နှစ်တချို့အတွင်း အနားပေးရပါတယ်၊ ဒါတောင် သူမနားချင်ဘူး၊ နောက်ဆုံးမှ မတတ်သာလို့ သတ်မှတ်ချက်အတိုင်း အနားယူတော့တယ်။ ခုဆိုရင် နိုင်ငံရေးမှူး ကွယ်လွန်တာ (-)ရှိသွားပါပြီ။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလုပ်ငန်းတာဝန်တွေကို နောက်မျိုးဆက်တွေရဲ့ ပခုံးပေါ်ကျရောက်နေပေပြီ။ ဒါတွေကတော့ နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့ပတ်သက်လို့ အောက်မေ့ သတိရချက်တွေပါ။  
နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း ဥဒါန်း တွင်ပါစေ။ ရဲဘော်စိုးသိန်း အား အလေးနီပြုလျက် ...
ဗတိုးရှိန်
၁၅-၃-၂၀၁၅။

0 comments:

Post a Comment