Sunday, January 17, 2016

ရှေ့ခရီးအတွက် စဉ်းစားချက်

0 comments
ရဲဘော်ကြင်မောင်ရဲ့ အရေးတော်ပုံ ဆောင်းပါး(၆)
ရှေ့ခရီးအတွက် စဉ်းစားချက်
အရေးတော်ပုံ ဂျာနယ် အတွဲ(၁) အမှတ်(၃) မှာ
ရဲဘော်ညိုမင်းနာမည်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ဖေဖော်ဝါရီလထုတ် အရေးတော်ပုံဂျာနယ် ဖြစ်ပါတယ်။

အခြေအနေတွေပြောင်းသွားပေမယ့် အခြေခံသဘောကိုစဉ်းစားနိုင်ရန်ပါ။
“လမ်းပြမြေပုံခရီး” ပြီးဆုံးတော့မည်။ “၂၀၀၈အခြေခံဥပဒေခရီး” စတော့မည်။ မိမိတို့ကရှေ့မှာ ဘာလုပ်ကြမလဲဆိုတာကို စဉ်းစားကြရတော့မည်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့စဉ်းစားချက်ကို တင်ပြပါသည်။
(၁) ကုန်သွားခဲ့သည့် ‘၆၃’နှစ်ခရီး ဖြစ်စဉ်မျိုးကို တကျော့မပြန်ချင်တော့ပါ။ ဒါက ဗကပ၏ဆန္ဒဖြစ်သည်။ ၆၃ အစတုန်းကလည်း (၁၉၄၈ တုန်းကလည်း)ထိုဆန္ဒမျိုး ရှိခဲ့ပါသည်။ သို့သော် ဆန္ဒအတိုင်း မဖြစ်ခဲ့ပါ။ အာဏာမာန်ယစ်နေတဲ့ဖဆပလအစိုးရက သူ့အာဏာစက်အောက်တွင် အားလုံး ပြားပြားမှောက် နေကြစေချင်သည်။

မတ်လ (၁၂) ရက်တွင် ဆိုရှယ်လစ်ဝန်ကြီးတဦးရဲ့မဖွယ်မရာသတင်း ထည့်ရကောင်းလားဆိုကာ သတင်းစာတိုက်တချို့ကို လူအုပ်နဲ့ ရိုက်ချိုးဖျက်ဆီးခဲ့သည်။ ဒါဟာ တရားဥပဒေပြင်ပမှာ လူအုပ်နဲ့ ရမ်းကားခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စ သာမန်ကိစ္စမဟုတ်ပါ။ သူ့အာဏာစက်အောက်ကို ကျိုးနွံစွာ မဝင်လျှင်ဥပဒေတွင်း ဥပဒေပနည်းဖြင့်နှိမ်နင်းပစ်မည်ဟုကြေညာလိုက်ခြင်း ဖြစ်သည်။

နောက် (၁၆) ရက်ကြာတော့ ပြည်တွင်းစစ် စပြီး ဖြစ်သည်။ ဖဆပလအစိုးရတဖက် ဗကပတဖက်။ ဒီ ၂ ဖက်သာ တိုက်ကြရလျှင် ဗကပ ကြာရှည်တိုက်နိုင်မည် မဟုတ်ပါ။ သို့သော် ဖဆပလက အာဏာမာန်တက်ပြီး လူတကာကိုရန်လုပ်သဖြင့် ပြည်တွင်းစစ်ကြီး ကျယ်ပြန့်သွားခြင်းဖြစ်သည်။ ယခုလည်း ဖဆပလအစိုးရထက် ပိုတဲ့အာဏာမာန်ဖြင့် “ကြံ့-ဖွံ့အစိုးရ”နဲ့ “ကြံ့ဖွံ့လွှတ်တော်”တို့က အားလုံးကိုရန်လုပ်နေလေပြီ။ အားလုံးကို ကျိုးနွံသွားအောင်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။
 အထူးသဖြင့် ဒီနေ့လို ပြည်တွင်းပြည်ပအခြေအနေတွင် မဖြစ်နိုင်ပါ။

(၂) “၂၀၀၈ အခြေခံဥပဒေ”သည် “၁၉၄၇ အခြေခံဥပဒေ”ထက် ပိုပြီး တင်းမာသည်။ အာဏာပိုင်ကို လုပ်ပိုင်ခွင့်အများကြီး ပေးထားသည်။ ဒါကြောင့် ပိုပြီး ကြမ်းမည်၊ ရမ်းမည်။ အာဏာ၏အချက်အချာ ဝန်ကြီး(၃ နေရာကို သူတို့ အပိုင်ယူထားသည်။“အခန်း (၁၀) နိုင်ငံရေးပါတီများ”ဆိုသည့် အခန်းတွင်ရေးထားတာကို ဖတ်ကြည့်လျှင်မည်မျှ ကြမ်းမည်ရမ်းမည်ကို တွေ့နိုသည်။

ထိုအခန်းပါ ပုဒ်မများဖြင့် နိုင်ငံရေးပါတီများကိုချုပ်ကိုင်ထားမှာ သေချာသည်။“ကြံ့ဖွံ့အစိုးရ”နဲ့ “ကြံ့/ဖွံ့လွှတ်တော်တို့က အစွမ်းပြကြလိမ့်မည်။ ဤသို့သော အခြေအနေတွင် (သူ့ဘက်ကိုယ့်ဘက် တည်ရှိနေတဲ့ ပကတိအခြေအနေအရ)တကွေ့ကြီး ခက်ခက်ခဲခဲပတ်သွားရတော့မှာ သေချာနေသည်။ ဖြတ်လမ်း မရှိပါ။

(၃) ပြင်ဆင်ချိန် ယူရလိမ့်မည်။ ပြင်ဆင်ချိန် မည်မျှယူရမလဲဆိုတာကို ကြိုပြီးပြောဖို့ခက်သည်။“၂၀၀၈ အခြေခံဥပဒေ”၏ အခန်း (၇) ပုဒ်မ(၃၃၈)ကို “ကြံ့ဖွံ့အစိုးရ”က မည်သို့မည်ပုံ အကောင်အထည်ဖော်မလဲ-ဆိုတာကို စောင့်ကြည့်ဖို့လိုသည်။ ဒီကိစ္စကို အကိုင်မတတ်လျှင် ပေါက်ကွဲသွားနိုင်သည်။

(၄) ဗကပ ဘာလုပ်မလဲ။
- တော်လှန်တက်ကြွသောအင်အားစုမှန်သမျှကို စုစည်းမည်။
- စစ်အာဏာရှင်စနစ်အောက်သို့ ခေါင်းလျှိုပြီးမဝင်သူမှန်သမျှကို ထောက်ခံမည်။
- မည်သို့ပင် တကွေ့ကြီး ခက်ခက်ခဲခဲချီတက်ရသည်ဖြစ်စေ၊ စိတ်ပျက်အားလျှော့သွားမှာ မဟုတ်။ ဇွဲဖြင့် ချီတက်မည်။
ပန်းချီပုံကို ဖဘ မှ ကူးယူထားတာပါ။

0 comments:

Post a Comment