(အမတ်ဈေး)
အမြန်ရအစာတွေလို အရေးပေါ်အင်န်အယ်လ်ဒီအဖြစ်ဝင်အရွေးခံပြီး အမတ်ဖြစ်ကြသူတွေထဲက အမတ်တချို့ရဲ့ လွှတ်တော်တွင်းခြံခုန်ပွဲတွေ မြင်ရဖို့အလားအလာ များသထက်များများလာပြီ။ ခုကိုပဲ အပြင်မှာ ကြေးဖွင့်နေကြပြီဆိုပဲ။ ကြိုပွိုင့်ဆိုတာကပါသေး။ ဥပဒေတခုခြင်းအလိုက် မဲခွဲရာမှာ သူ့လူကိုယ့်မဲက တဈေး၊ ပါတီကထွက်ပြီး တသီးပုဂ္ဂလရပ်ပေးရင်က တဈေး၊ အပြီးအပြတ် ပါတီပြောင်းတာက တဈေးတဲ့။ အပြီးအပြတ်ပါတီပြောင်းက ကြေးအမြင့်ဆုံး ဆိုပေမယ့် အဲ့သလောက် မျက်နှာပြောင်တော့ မတိုက်လောက်ဘူးလို့ ခန့်မှန်းသူမှန်းကြသံလည်း ကြားတယ်။
ဒေါ်စုကတော့ ဝန်ကြီးနေရာ လာတောင်းရင်တောင် ပါတီစည်းကမ်းနဲ့ အရေးယူမယ်လို့ အပြတ်ပြောပြီးသား။ ဒါမျိုးတွေ လာလုပ်လို့ကတော့ စံပြအနေနဲ့ နောက်ကောင်တွေ ဂျိုမထောင်ရဲအောင် ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်တဲ့အထိ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးပစ်မှာသေချာတယ်။
ပါတီဝင်ဆိုတာကတော့ ပါတီက ပိုင်တာကိုး။ ပါတီစည်းမျဉ်းစည်းကမ်း လိုက်နာရတာကိုး။ ပါတီဝင်အမတ်ကို ပါတီထဲမှာပါတီဝင်လို မီးသေသေထိန်းလို့ရဦးတောင် လွှတ်တော်ထဲမတော့ ထိန်းဖို့ခက်မှာပါပဲ။ သူလည်း အမတ်ကိုး။ သူလည်း တမဲပိုင်ကိုး။ သူလည်း ဒီမိုကရေစီရှိသကိုး။
နောက်တခုက ဒေါ်စုက ပါတီခေါင်းဆောင်အဖြစ် ပါတီဝင်ဝင်ထုအပေါ် ဘယ်လောက်ပဲ မီးသေသေ ဘယ်လိုအရှိန်အဝါသြဇာနဲ့ပဲထိန်းထိန်း ထိန်းလို့ဖြစ်တယ်။ ထိန်းလည်း ထိန်းတယ်။ ထိန်းလည်း ထိန်းထားနိုင်တာ လက်တွေ့မှာ ဘယ်သူမှငြင်းမရဘူး။ သူ့လောက် ပါတီအပေါ် လူထုအပေါ်သြဇာကြီးတဲ့ နိုင်ငံရေးသမားမျိုးဆိုတာ ကမ္ဘာရှားလို့တောင် ပြောစမှတ်ပြုကြရတယ်။ လက်ဖျားခါကြတယ်။
ဒါပေမယ့် အစိုးရခေါင်းဆောင်(ဖြစ်ခဲ့ရင်)၊ လွှတ်တော်ခေါင်းဆောင်ဖြစ်သွားရင် အစိုးရနဲ့လွှတ်တော်ကို ပါတီကိုင်သလို သွားကိုင်လို့မရမှန်း သူသိသလို ပုံစံလည်းပြောင်းကိုင်ရမှာပဲ။ အမတ်တွေကို “ကလေးတွေ”လို့ခေါ်ရင်ကစ ပြဿနာကရှိပြီ။ အရင်ဆုံး သူ့ကိုယ်သူကစပြီး ပြောင်းသွားမယ့်အထိုင်မှာ သူ့ဘာသာအံကျအောင်တောင် မနည်းကြီး စလုပ်ရမယ့်သဘောလည်းရှိတယ်။
အမတ်ကိစ္စဆက်ရရင် ပါတီဝင်ဆိုတာကို ခနဖယ်ပြီး အမတ်ကို အမတ်လိုကြည့်ဖို့လိုပါတယ်။ ဒီလိုခြံခုန်တဲ့အမတ်တွေလည်း အရင်ကလည်းရှိခဲ့တာပါပဲ။ ရှေ့မှာလည်းရှိတာပါပဲ။ နိုင်ငံတကာမှာလည်း ရှိတာပါပဲ။ ဘာမှ ထူးဆန်းတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး။
ဒီမိုကရေစီရေးအတွက် လူထုအတွက် တိုင်းပြည်အတွက် တကယ်လုပ်မယ့် အမတ်စစ်စစ် ဖြစ်သွားရင်တောင် ပါတီအရေးထက် သူ့မဲဆန္ဒနယ်နဲ့ သူ့မဲဆန္ဒရှင်တွေအရေးကို ဦးစားပေးစဉ်းစားရတာကိုး။ သူ့ကိုယ်ကျိုးစီးပွားလေးလည်း အဓိကနေရာက ပါသပေါ့။ ပါတီအပေါ်သစ္စာစောင့်သိတာ မသိတာကတော့ လူထုအကျိုး တိုင်းပြည်အကျိုးတွေနဲ့မဆိုင်ပဲ ကိုယ်ကျိုးစီးပွားနဲ့သက်သက်နဲ့သာ ဆိုင်တာမဟုတ်လား။
အင်န်အယ်လ်ဒီအစစ်တွေကနေ ကိုယ်ကျိုးစီးပွားမျှော်ပြီး ဖေါက်ပြန်သွားမယ့်သူတွေ ရှိသလို၊ အသလို နသလိုလုပ်ပြီး အမွေးခံရ အစားခံရမယ့်သူတွေလည်းရှိလာမှာပါပဲ။ အဆိုးဆုံးကတော့ “ပွေး”တွေပါ။
နိုင်ငံရေး တော်လှန်ရေးတွေမှာ တွင်းအောင်းပွေးတွေ မွေးကြရှိကြတယ်မဟုတ်လား။ ခုလည်း ခတ်စောစောကတည်းကမွေးထားတဲ့ အပွေးတက် ပွေးလက်ဟောင်းကြီးတွေထဲကရော ရွေးကောက်ပွဲမတိုင်ခင်ကလေးကမှ ကပ်မွေးလိုက်တဲ့ အပွေးနုနု ပွေးပေါက်ကလေးတွေထဲကပါ ပွေးအမတ်တွေဖြစ်တာဖြစ်ကြသတဲ့။
ဒီအတိုင်းဆို ခြံခုန်ပွဲတွေ တဝေဝေဖြစ်မယ်ထင်တယ်။ အမေလည်း မတစ်ရာပွေးတွေတစီစီနဲ့ ထမိန်မနိုင်ပုဝါမနိုင် မဖြစ်ပါစေနဲ့လို့ ဆန္ဒသာ တွင်တွင်ပြုရမှာပါပဲ။
ဇန်နဝါရီ ၁၂၊ ၂ဝ၁၆

0 comments:
Post a Comment