Tuesday, January 12, 2016

မျက်စိလည်နေအောင်(ရဲဘော်ကြင်မောင်)

0 comments

မျက်စိလည်နေအောင်(ရဲဘော်ကြင်မောင်) ၂ဝဝ၇ သြဂုတ်လ၂၁ စာစဉ်။ အမှတ် (၁၁) မှာ ရဲဘော်တင်ဦး ကလောင်နာမည်နဲ့ ရေးခဲ့တာပါ။

၂၁- စာစဉ်၊ ဆောင်းပါး(၁)

၁၊
ကျွန်တော်တို့ နိုင်ငံရေးမျက်စိလည်နေတာ ကြာပြီလို့ယူဆပါတယ်။ မျက်စိလည်တာကြာလာတော့ အုပ်စီးပျက်လာပါတယ်။ “ငါပြောတဲ့ လမ်းကမှ အမှန်၊ အခုအတိုင်းသွားနေရင်တတပ်လုံး ပြုတ်လိမ့်မယ်”လို့ ပြောပြောပြီး ခွဲ-ခွဲထွက်နေကြတယ်။ အခုခေတ်လောက် ‘လမ်းစဉ်မှန်’တွေ့သူတွေ (ဗမာပြည်နိုင်ငံရေးမှာ) မကြုံဖူးပါဘူး။ ပြည်ပရော ပြည်တွင်းပါ ‘လမ်းစဉ်မှန်တွေ့နေသူတွေ’ သိပ်များပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ ၁၉၅၉ တုန်းက တောထဲမှာ မျက်စိလည်လမ်းပျောက်နေတာကို သတိရမိပါတယ်။ မိတ်ဆက်ပေးပါရစေ။

၂။
၁၉၅၉ ဆိုတာ စစ်အစိုးရ (အိမ်စောင့်အစိုးရ) ကို ပထမဆုံး နဖူးတွေ့ဒူးတွေ့ တွေ့ရတဲ့ကာလပါ။ ဗကပ အမြစ်ပြတ်ချေမှုန်းဖို့ ပထမ(၆ လ) ကန်ထရိုက်ရထားတာနဲ့ လုံလောက်လို့ ဒုတိယ(၆ လ) ကန်ထရိုက်ရထားစဉ်ကပါ။ (ဗကပ အမြစ်ဖြတ်ဖို့ ဖဆပလ ၂ ဂိုဏ်းစလုံး (သန့်ရှင်း/တည်မြဲ)က နေဝင်းကို ကန်ထရိုက်ပေးခဲ့တယ်။ ‘၆’လနဲ့ အမြစ်မပြတ်လို့ နောက်ထပ် ‘၆လ’(အခြေခံဥပဒေကိုပြင်ပြီး) ကန်ထရိုက်ပေးထားတာကို ဆိုလိုတယ်)

“တကွင်းလုံး ရိတ်သိမ်းပြီးပြီ။ ကောက်သင်းကောက်ဖို့ပဲ ကျန်တော့တယ်”ဆိုပြီး ခွင်လုံးကျွတ်ထိုးစစ်ကြီးတွေ နေဝင်း-မောင်မောင်-အောင်ကြီး စစ်အုပ်စုက ဆင်နွှဲနေချိန်ကပါ။ ပါတီဗဟိုက မိုးကုတ်အနောက်ခြမ်းကို ပြေးရင်းလွှားရင်း ရောက်လာတယ်။ အဲဒီတုန်းက ကျွန်တော်တို့တပ် ကလည်း တောကြီးထဲမှာ မျက်စိလည်ဖူးပါတယ်။ ခေတ်မီတဲ့ စစ်မြေပုံပါတယ်။ မှန်ပြောင်း၊ အိမ်မြှောင်ပါတယ်။ ဂျပန်၊ အင်္ဂလိပ် စစ်တက္ကသိုလ်ကကျောင်းဆင်းစစ်ဗိုလ်တွေ ပါတယ်၊

ရွာတွေကို ကွင်းပြီး တောကြီးထဲမှာ တောတိုးရင်းမျက်စိလည်တာပါ။ ပါလာတဲ့ရိက္ခာက ကုန်ပြီ။ ရေပါ ပြတ်နေပြီ။ ‘ကိုယ် ဘယ်ရောက်နေ သလဲ’ ဆိုတာ မသိတော့ဘူး။ “အရှေ့ဘက်စူးစူး သွားရမယ်”“အနောက်ဘက်စူးစူး သွားရမယ်”“တောင်ဘက်”“မြောက်ဘက်”စသဖြင့် တတပ်လုံးက ထင်မြင်ချက်တွေအမျိုးမျိုး ပေးကြတယ်။ အဲဒီအချိန်မှာ ဝါရင့်ဆင်ဦးစီးကြီးတဦးက “ကိုယ်ဘယ်ရောက်နေသလဲဆိုတာ သိချင်ရင် တခွင်တပြင်လုံးကိုမြင်ရတဲ့ အမြင့်ဆုံးနေရာတက်ကြည့်ပါ။ ဆင်တောင်(အဲဒီဒေသမှာ အမြင့်ဆုံးတောင်)ရဲ့ပုံပန်းသဏ္ဌာန် ဘယ်လိုရှိသလဲဆိုတာ ကြည့်ပါ။ ဆင်ကြီးဝပ်နေတဲ့ပုံတွေ့ရရင် ကျုပ်တို့ ဆင်တောင်အနောက်ဘက်မှာ ရောက်နေတာပဲ။ ဆင်ကြီးရဲ့ရုပ်လုံးက တောင်ထွတ် ၂ ခု သီးခြားစီဖြစ်နေရင် ဆင်တောင်ရဲ့မြောက်ဘက်ရောက်နေတာပဲ။ ဒါကြောင့် မြင့်မြင့်တက်ပြီး တခွင်တပြင်လုံးကို ကြည့်ပါ။ ထင်ရှားတဲ့ အမှတ်အသားကိုရှာပြီး ကြည့်ပါ”လို့ အကြံပေးလာတယ်။

အဲဒီ‘ဝါရင့် ဆင်ဦးစီးကြီး’ အကြောင်းလည်း ပြောရဦးမယ်။ သူက လော၊ ဒါမှမဟုတ် ထိုင်းတနေရာရာမှာ မွေးဖွားခဲ့တာပဲ။ သူ့ဟာသူလည်း ဘယ်မှာမွေးတယ် အသေအချာမမှတ်မိဘူး။ ဘုံဘေဘားမား သစ်ကုမ္ပဏီက ဆင်ဦးစီးတွေက ကလေးဘဝမှာ ဗမာပြည်ထဲခေါ်လာခဲ့တာပါ။ ဆင်ဝိုင်းထဲမှာပဲ ကြီးပြင်းလာတယ်။ ဗမာပြည် တောတကာနှံ့နေပြီ။ ရွာထဲရပ်ထဲ တခါမှမနေဖူးဘူး။ ကျွန်တော်တို့တပ်က ဘုံဘေဘားမား ဆင်ဝိုင်းကိုသိမ်းပြီး ဆင်တွေရော၊ လူတွေရော သိမ်းသွင်းလာခဲ့တယ်။ ရှမ်းပြည်ဘက်ရောက်တော့ ဆင်တွေပဲချန်ထားပြီး လူတွေကို သွားလိုရာသွားဖို့ စရိတ်ပေးပြီးလွှတ်တော့ သူက ဘယ်မှ မသွားတော့ပဲ ပါတီနဲ့အတူလိုက်လာတာ ဖြစ်တယ်။ နောက်ကျတော့ ပါတီဝင် ဖြစ်လာတယ်။

သူ့အကြံဉာဏ်အတိုင်း မြင့်မြင့်တက်ပြီး တခွင်တပြင်လုံးကိုကြည့်၊ ဆင်တောင်ရဲ့ပုံသဏ္ဌာန်ကိုကြည့်တော့မှ ကိုယ်ဘယ်ရောက်နေသလဲဆိုတာ သိတယ်။ အဲဒီလိုသိတော့ လွယ်သွားပြီ။မြေပုံ၊ အိမ်မြှောင်၊ စစ်ပညာနဲ့ပေါင်းစပ်ပြီး ချီတက်နိုင်ခဲ့တယ်။ အဲဒီလိုနဲ့ တတပ်လုံး လိုရာကို ရောက်ခဲ့ပါတယ်။ ခုလည်း နိုင်ငံရေးလမ်းစဉ်မျက်စိလည်နေတာပျောက်ဖို့ မြင့်မြင့်တက်ရမယ်။ တခွင်တပြင်လုံးကို ကြည့်ရမယ်။ လူထုကြီးရဲ့ ပုံသဏ္ဌာန်ဘယ်လိုရှိသလဲဆိုတာ ကြည့်ရပါမယ်။ ဒါမှ အုပ်စီးပျက်နေတာကို ပြန်လည်စုစည်းနိုင်ပါလိမ့်မယ်။

၃။
မြင့်မြင့်တက်ဆိုတာ ကမ္ဘာ့နိုင်ငံရေးအခြေအနေကို ကြည့်ဖို့ပါ။ တခွင်တပြင်လုံးကြည့်ဆိုတာက ဗမာပြည်အရေးစိတ်ဝင်စားတဲ့ နိုင်ငံကြီး နိုင်ငံငယ်တွေရဲ့ သဘောထားအပြောင်းအလဲ၊ နအဖ အစီအစဉ် စတာတွေကို ကြည့်ဖို့ပါ။ လူထုကြီးရဲ့ပုံသဏ္ဌာန် ဘယ်လိုရှိသလဲ သိဖို့ကတော့ လူထုကြီးရဲ့ အထွေထွေအခြေအနေကို ကြည့်ဖို့ပါ။ အတိုဆုံးချုပ်ပြီး ပြောချင်ပါတယ်။- ကမ္ဘာ့နိုင်ငံရေးအခြေအနေ ပြောင်းနေပါပြီ။ ၂၁’ရာစု ပထမဆယ်စုနှစ်များဟာ ၂ဝ ’ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်များနဲ့ မတူတော့ပါဘူး။ ဗမာပြည်အရေးပြောနေကြတဲ့ နိုင်ငံကြီးငယ်တွေကလည်း နအဖအပေါ် သဘောထားပြောင်းစပြုနေပါပြီ။ အာဆီယံက ဗမာပြည်ကို ချန်မထားရစ်ခဲ့ချင်ဘူး။ “၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး” အလားအလာ မရှိတော့ဘူးလို့မြင်နေပြီ။ (၃ ပွင့်ဆိုင်တော့ပြောမနေနဲ့)- ခေါင်းဆောင်က မျက်စိမလည်မှ လူထုကိုလမ်းမှန်ပြပြီး ရှေ့ဆောင်နိုင်ပါတယ်။


လမ်းစဉ်မှန်ရဖို့က နိုင်ငံရေးမျက်စိမလည်မှ ဖြစ်မယ်။ မျက်စိလည်နေသမျှကာလပတ်လုံး လမ်းမှန်မတွေ့နိုင်ပါဘူး။

- နအဖ ဘာလိုချင်သလဲဆိုတာ အခုဆိုရင် ရှင်းနေပါပြီ။ နအဖကို ချော့မြှူပြီးစေ့စပ်ရေးစားပွဲခေါ်တဲ့နည်းပရိယာယ် အလုပ်မဖြစ်နိုင်ပါဘူး။
- လမ်းပြမြေပုံ RM အဆင့်(၁) ပြီးရင် (၂) နဲ့ (၃) က ရှောရှောရှူရှူဖြစ်သွားမှာပါ။ အခုကစပြီး အဆင့်(၄)အတွက် ပြင်ရပါမယ်။ နအဖ ကတော့ ပြင်နေပါတယ်။ မိမိတို့က ဘာမှ ပြင်ထားတာမရှိပါဘူး။ NLD က “ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး”နဲ့တင် ရပ်နေလို့မဖြစ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာမှ လမ်းစဉ်ထုတ်ပြန်မယ်ဆိုရင် နောက်ကျပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနာရှာပြီး သူ့သဘောထားယူတာ၊ ညှိနှိုင်းတာ လုပ်ကာ RM (လမ်းပြမြေပုံ) အဆင့် (၄)မှာ ဘာလုပ်ကြမလဲဆိုတာကို NLD က ပြည်သူလူထုနဲ့ ကမ္ဘာကိုတင်ပြဖို့ အချိန်တန်ပြီလို့ယူဆပါတယ်။

0 comments:

Post a Comment