Saturday, November 26, 2022

တွေးမြင်မှုကိုသင်ယူခြင်း

0 comments

“တွေးမြင်မှုကိုသင်ယူခြင်း”

ထောင်ထဲတွင် အကြောင်းအရာ များစွာဖြစ်ခဲ့ပါသည်။ လေ့လာစရာ သင်ယူစရာများလည်း များပါသည်။ ထောင်ဝင်စာသတင်းများလည်း စုံပါသည်။ လူလည်းစုံ အတွေးအခေါ်လည်းစုံပါသည်။ ထိုလူစုံ အတွေးအခေါ်စုံတို့သည် ခဲဆန်လေးတချောင်း၊ ဘောလ်ပင်န်လေးတခု၊ စာရွက်ကလေးတရွက် လက်ထဲမိသည်ဆိုလျှင်ပင် မချိမဆန့်နှိပ်စက်ခံရပင်ခံရငြားလည်း နည်းနည်းလေးအခွင့်သာချိန် အနေချောင်ချိန်များတွင် သတင်းစာ၊ စာအုပ်နှင့် ရေဒီယိုများပင် ခိုးသွင်းကာ ဖတ်ရှုနားထောင်ခဲ့ကြပါသည်။ မိသွားလျှင် ထောင်တွင်းပြစ်ဒဏ်သာမက နောက်အမှုတွဲ၍ ထောင်ထပ်ကျနိုင်ပါသည်။ ကျခဲ့သည့် သာဓကများလည်းရှိခဲ့ပါသည်။ ထောင်ထဲနေခဲ့ရသည့်ကာလများသည် ချောင်တလှည့် ကျပ်တလှည့်ဖြစ်သည်ဆိုသော်လည်း ကျပ်သည့်အချိန်က များပါသည်။ ဆိုးသည့်အခါက များပါသည်။ ရုပ်ပိုင်း စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံရသည့်အချိန်က ပိုပါသည်။ 

 

ဗမာပြည်လို စစ်အာဏာကြီးစိုးသည့်နိုင်ငံများတွင်  လူတယောက်ကို ထောင်ထဲထည့်လိုက်သည်ဆိုသည်မှာ ထိုလူအား စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ပါသည်။ မိမိ၏အတွေးအခေါ်ကို၊ ယုံကြည်ချက်ကို၊ ပြုမူလှုပ်ရှားဆောင်ရွက်ချက်ကို စွန့်လွှတ်အညံ့ခံသွားစေရန် ကျွတ်သွားစေရန် အကြမ်းနည်းဖြင့် ချွတ်ခြင်းဖြစ်ပါသည်။ သံကို မီးပြင်းတိုက်သလို တိုက်ခြင်းဖြစ်ပါသည်။ အများစုမှာ သံမဏိဖြစ်သွားကြပါသည်။ 

 

ဤနေရာတွင် လူတယောက်’ ဆိုသည်မှာ မိမိယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းချခံရသူကို ဆိုလိုပါသည်။ မိမိယုံကြည်ချက်ဆိုသည်မှာ နိုင်ငံရေး၊ ဘာသာရေး၊ တွေးခေါ်မြော်မြင်ရေးကြောင့် စသည်ဖြင့် ဖြစ်ပါသည်။ နိုင်ငံရေး ယုံကြည်ချက်အတိုင်း ပြုမူဆောင်ရွက်သဖြင့် အကျဉ်းချခံရသူကို နိုင်ငံရေးအကျဉ်းသားဟု ခေါ်ပါသည်။  နိုင်ငံရေးအကျဉ်းသားများသည် ထောင်၏အချောင်အကျပ် အဆိုးအကောင်းများစွာကို တလှည့်စီကျော်ဖြတ်ရင်း အကျဉ်းစံဘဝများကို ကျော်လွှားလွန်မြောက်ရပါသည်။

 

ထောင်ထဲနေခဲ့သည့် အကျိုးအမြတ်များစွာထဲမှတခုမှာ ကိစ္စတခုခုကို ကိုယ်ဘယ်လိုတွေးသလဲ သိမြင်သလဲဆိုသည်ကို ပြန်ဆန်းစစ်ချိန်ရသလို သူများတွေ ဘယ်လိုတွေးသလဲမြင်သလဲကို လေ့လာစူးစမ်းချိန်ရခြင်းပင်ဖြစ်ပါသည်။ သဘောမှာ ကိုယ်ဘယ်လိုတွေးသလဲဆိုတာထက် သူများတွေဘယ်လိုတွေးသလဲကို လေ့လာစူးစမ်းရခြင်း၊ သိမြင်နားလည်ရခြင်း၊ သင်ယူရခြင်းဖြစ်ပါသည်။ ဤသည်မှာ ထောင်တွင်းနိုင်ငံရေးတခုဖြစ်ပါသည်။

 

ထောင်ကျသက်တခုလုံး လူအများနှင့် ရောနှောနေခွင့်မရသည့် နိုင်ငံရေးအကျဉ်းသား(များ)မှာ ထိုအခွင့်အရေးမရကြပါ။ တယောက်တည်းတွေးချိန် များစွာရသော်လည်း သူတပါးအတွေးကို လေ့လာချိန် သိချိန်မရကြပါ။  တနည်းအားဖြင့် ထောင်တွင်းနိုင်ငံရေး မလုပ်ခဲ့ကြရပါ။ တကိုယ်တည်း ကိုယ့်အတွေးအမြင်နှင့်ကိုယ်နေကြရပါသည်။ သူများဘယ်လို တွေးသည်ကို စူးစမ်းခွင့်မရကြပါ။ ထို့ကြောင့် ထိုနိုင်ငံရေးအကျဉ်းသား(များ)သည် ထောင်ထဲဝင်သွားရသည့်အချိန်က နည်းတူ ထောင်ကလွတ်လာချိန်တွင်လည်း ဘာမှ ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားခြင်းမရှိကြပါ။ မိမိအယူအဆ မိမိတွေးပုံနှင့်မိမိ ဟုတ်သည်ဟုထင်နေတတ်ပါသည်။ 

 

ဤသည်မှာ မိမိကိုယ်ကိုယ် အတွေးအခေါ်အရမြှင့်တင်ရေးတခုဖြစ်သည့် သူတပါးတွေးပုံမြင်ပုံကို လေ့လာသင်ယူခွင့် မရခြင်း၏ အကျိုးဆက်ဖြစ်ပါသည်။ Solitary Confinement ခေါ်  သူတပါးနှင့်ခွဲကာ အကျဉ်းစံရခြင်း၏ အကျိုးဆက် ဖြစ်ပါသည်။ ဖိနှိပ်အုပ်စိုးသူကလည်း ထိုသူ(များ)ကို ထိုအတိုင်းဖြစ်စေချင်သဖြင့် ထိုသို့ထားခြင်းဖြစ်ပါသည်။

 

ထိုသူများမှာ Activists များအနေဖြင့်ထောင်ကျလာသည်ဆိုလျှင် Activists အဖြစ်ဖြင့်ပင် ထောင်က ပြန်လွတ်ခဲ့ကြရပါသည်။ ပြင်ပနိုင်ငံရေးတွင်လည်း နိုင်ငံရေးသမားတယောက်ထက် တက်ကြွလှုပ်ရှားသူအဖြစ်ဖြင့်သာ တွေ့ရပါသည်။ အပြင်နိုင်ငံရေးဆက်လုပ်သည့်အခါတွင်လည်း သူ့ လူထုစည်းရုံးရေးကြွေးကြော်သံတိုင်ပုံမှာ တို့ပြည်သူတွေ ညီရဲ့လားဟေ့၊ ညီတယ်ဟေ့ ညီတယ်ဟေ့” က မတက်ပါ။ “ကျွန်တော် ကျွန်မတို့ အများအတွက် လုပ်နေတာပါ”ထက် ပိုမသွားတော့ပါ။ လူထုစည်းရုံးရေးသည် နိုင်ငံရေးမဆန်တတ်ပါ။ ခေါင်းဆောင်ပြန်ဖြစ်နေဦး ဗုံမကျပတ်မကျ ဖြစ်နေတတ်ပါသည်။

 

ကျွန်တော်တို့ ထိုသို့သော နိုင်ငံရေးအကျဉ်းသားဟောင်း ခေါင်းဆောင်များကို တွေ့ရပါသည်။ အားမလိုအားမရ ဖြစ်ရပါသည်။

 

ကျွန်တော်တို့ အခွင့်ရသည့်အခါတိုင်း သူများတွေးပုံမြင်ပုံမှ လေ့လာသင်ကြားနေရပါလိမ့်မည်။ သို့မှသာ နိုင်ငံရေးဆန်သော နိုင်ငံရေးသမား(များ)ဖြစ်ကြပါလိမ့်မည်။ တိုင်းပြည်သည် လူထုဘက်ကနေသည့် ရပ်တည်ချက်မှန်သောနိုင်ငံရေးသမားများ လိုနေပါသည်။ 

 

ခု ကျွန်တော်ပြောသည်မှာ ကျွန်တော်တို့ခေတ်က အကျဉ်းထောင်နှင့် အကျဉ်းသား(များ)အကြောင်းဖြစ်ပါသည်။

မျိုးမြင့်ချို။ နိုဝင်ဘာ ၂၆။ ၂၀၂၂

Tuesday, November 22, 2022

သပိတ်

0 comments

"သပိတ်"
အမေရိကမှာ မီးရထားသပိတ်ပြန်ပေါ်လာနိုင်ပြန်ပြီ။ ဟိုတလောက တခါဖြစ်လိုက်သေးတယ်။ အလုပ်သမားတွေနဲ့ မီးရထားကုမ္ပဏီတွေကြား သဘောတူညီမှုတချို့ရပြီး အေးအေးချမ်းချမ်းပြီးသွားလို့ ဂျိုးဘိုင်ဒန်အစိုးရ အသက်ရှူချောင်သွားတယ်။ 

ရထားသပိတ် တကယ်ဖြစ်ခဲ့ရင် အမေရိကန်စီးပွားရေးက တနေ့ကို တစ်ဘီလီယံထောက် ထိခိုက်နိုင်တယ်။ ခုတခါလည်း သပိတ်ကို မီးရထားအလုပ်သမားများသမဂ္ဂက ဦးဆောင်တာပါပဲ။ အလုပ်သမားသပိတ်ဆိုပေမယ့် ကော်လာပြာဝန်ထမ်းတွေပါ အကုန်ပါပါတယ်။ ခုတချီတော့ ကွန်ဂရက်စ်ကပါ ဝင်ပြီး ညှိနှိုင်းမယ်လို့ ထင်ရတယ်။ 

အမေရိကန်မှာ အလုပ်သမားသပိတ်နဲ့ အခြားသပိတ်ကြီးတွေပေါ်တိုင်း အရင်းရှင်ကြီးတွေကိုင်ထားတဲ့ မီဒီယာတွေက အလုပ်သမားတွေ သပိတ်သမားတွေဘက်ကို ဖိဖိနှိပ်နှိပ်ပြောလေ့ ရေးလေ့ရှိတယ်။ သပိတ်တွေတော့ ပေါ်ပြန်ပြီ။ လူတွေတော့ အခက်တွေ့တော့မှာပဲ။ ကုန်ဈေးနှုန်းတွေတော့ တက်ကုန်တော့မှာပဲ ဘာညာနဲ့ပြောပြီး သပိတ်သမားတွေနဲ့ အခြားလူတွေကို တဘက်လှည့်နဲ့ရန်တိုက်ပေးသလိုလို သွေးထိုးလေ့ရှိကြတယ်။ 

ခုလည်း အဲ့သလိုပြောနေသံတွေ ကြားရပါတယ်။ အစိုးရဆိုတာ ဘယ်အစိုးရမျိုးဖြစ်ဖြစ် သူ့ကို တိုက်ရိုက်ဆန့်ကျင်တဲ့သပိတ် ဒါမှမဟုတ် သူ့ကို သွယ်ဝိုက်ထိခိုက်လာမယ့်သပိတ် ဘယ်သပိတ်မျိုးကိုမဆို မနှစ်သက်ကြဘူး။ ဒီတော့ အပေးအယူလုပ်ညှိုနှိုင်းတန်ညှိုနှိုင်း ဈေးဆစ်တန်တာဆစ်ပြီး ပြေလည်အောင် အသာတကြည်လုပ်ကြည့်တယ်။ အဲ့သလိုလုပ်နေချိန်မှာ သပိတ်သမားတွေနဲ့ ပြည်သူတွေကို သွေးကွဲအောင် အမြင်လွဲအောင် သွေးထိုးလှုံ့ဆော်တာတွေလုပ်ကြတာပဲ။ သပိတ်သမားတွေကိုလည်း အေးအေးချမ်းဆန္ဒပြတာကနေ ဆူပူလာအောင် ဖျက်လိုဖျက်ဆီးတွေလုပ်လာအောင်၊ တန်ပြန်သပိတ်တွေပေါ်လာအောင် သူ့လူကိုယ့်ဘက်သားတွေ ပဥ္စမံတပ်သားတွေသွင်းပြီး သွေးဆူအောင်လုပ်ပေးတတ်တာပဲ။ 

နောက်ဆုံး ဘယ်လိုမှ စေ့စပ်လို့မရတော့ရင် အကြမ်းနည်းသုံးပြီး မရရအောင်ဖြိုခွဲကြတာပဲ။ ပစ်တာခတ်တာ သတ်တာဖြတ်တာ ဖမ်းတာဆီးတာ ထောင်ချတာ တရားစွဲတာတွေလုပ်တော့တာပဲ။ ဒါ ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့အစိုးရမျိုးဖြစ်ဖြစ် လုပ်လေ့ရှိတဲ့အလုပ်ပဲ။ ဒါ သူတို့ အာဏာတည်မြဲရေးနဲ့ အစိုးရတည်ငြိမ်ရေးအတွက်လုပ်တာပဲ။ 

ဗမာပြည်စစ်အုပ်စုလို အစိုးရမျိုးကြတော့ သူ့ဆန့်ကျင်တဲ့ ဘယ်လိုသပိတ်မျိုးကိုမှ ခွင့်မပြုဘူး။ သပိတ်တလုံး နည်းနည်းလေးပေါ်လိုက်တာနဲ့ ချက်ခြင်း လက်မြန်ခြေမြန်ဖြိုခွဲပစ်တာချည်းပဲ။ လက်နက်ခြေဆုံးခေါင်းဆုံးတပ်ထားတဲ့ စစ်အင်အားကြီးနဲ့ လက်နက်မဲ့ဆန္ဒပြသူတွေကို သွေးထွက်သံယို သတ်သတ်ဖြတ်ဖြတ် ဖြိုခွဲပစ်လိုက်တာချည်းပဲ။ တချိန်တည်းမှာ သူတိ့ကိုထောက်ခံတဲ့ လုပ်ကြံဆန္ဒပြပွဲတွေဖန်တီးတာ။ သူတို့ကိုင်ထားတဲ့ မီဒီယာတွေကနေ တန်ပြန်ဝါဒဖြန့်ချိတာတွေ လုပ်တော့တာပဲ။ ဒါနဲ့မှ မရရင် ပျူစောထီးလို မဘသလိုအဖွဲ့တွေဖွဲ့ လက်နက်တပ်ဆင်ပေးတာ။ လက်ရဲဇက်ရဲ ဥပဒေမဲ့သတ်ဖြတ်ခွင့်တွေပေးတော့တာပဲ။  

ခုလက်ရှိ ဗမြည်အနေအထားဟာ ဘယ်တုန်းကနဲ့မှမတူအောင် ဆိုးရွားနေတာပါ။ စစ်အုပ်စုအဆက်ဆက် စစ်အာဏာသိမ်းပြီး တိုင်းပြည်ကိုကြီးစိုးခဲ့ပေမယ့် ခု မင်းအောင်လှိုင်စစ်အုပ်စုလောက် လက်ရဲဇက်ရဲလူသတ်တဲ့ အကြမ်းဖက်တဲ့ အစိုးရမျိုးမရှိသေးဘူး။

ဒါ့ကြောင့်လည်း လုထုကမခံမရပ်နိုင်ဖြစ်ပြီး နေရာဒေသအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ ခုခံအန်တုနေကြရတာပဲ။ ဒီအထဲမှာ လက်နက်နည်းနဲ့ ဆန့်ကျင်တော်လှန်မှုတွေလည်း တပြည်လုံးဖြစ်နေတာပဲ။ လက်နက်ကိုင် အုံကြွတော်လှန်ကြတယ်ဆိုတာ လက်နက်နဲ့ဖိနှိပ်မှုရှိနေလို့ပဲ။

လူထုက ရွေးကောက်ပွဲနဲ့၊ မဲနဲ့၊ ဆန္ဒပြတဲ့နည်းနဲ့ အာဏာပြဿနာကို အေးအေးချမ်းချမ်းဖြေရှင်းလိုပေမယ့် အုပ်စိုးသူက ခွင့်မပြုတော့ တိုက်ပွဲပုံစံဟာပြောင်းသွားရတာပါပဲ။ စေ့စေ့တွေးကြည့်ရင် တိုက်ပွဲပုံစံဟာ မိမိက စရွေးချယ်ရတာမဟုတ်ပဲ ရန်သူကပြဌာန်းတာသာဖြစ်နေတာပါပဲ။ ဖိနှိပ်မှုရှိသမျှတော့ ဆန့်ကျင်အုံကြွမှုတွေလည်းရှိနေမှာပါပဲ။ ချုပ်ရရင် ဒါဟာ အာဏာပြဿနာပါပဲ။
မျိုးမြင့်ချို။ နိုဝင်ဘာ ၂၂။ ၂၀၂၂

Monday, November 21, 2022

အငြင်းပယ်ခံရခြင်း

0 comments

အငြင်းပယ်ခံရခြင်း

ကျနော် ထောင်ထဲဝင်သွားတုန်းက သုံးခေါက်ချိုးမှတ်ပုံတင်နဲ့ပါ။ ကျွန်တော် ထောင်က နောက်ဆုံးအကြိမ် ထွက်လာတော့ လူတွေမှာနိုင်ငံသားစိစစ်ရေးကဒ်တွေနဲ့ပါ။ ဒါနဲ့ ကျွန်တော်လည်း မှတ်ပုံတင်အသစ်ပြန်လဲရမယ်ဆိုပြီး မြို့နယ်လဝကရုံးကိုသွားပါတယ်။ ရပ်ကွက်အတွင်းနေထိုင်သူဖြစ်ကြောင်း ရပ်ကွက်ထောက်ခံစာလည်း ပါပါတယ်။

ရုံးရောက်တော့ ကျွန်တော့်ကြည့်ပြီး ဘယ်ကဘယ်လိုသိတယ်မသိ စာရေးမက ခနနော်ဆိုပြီး မြို့နယ်မှူးရုံးခန်းထဲ ဝင်သွားပါတယ်။ ခနနေတော့ ပြန်ထွက်လာပြီး မြို့နယ်မှူးက တွေ့ချင်လို့ပါတဲ့ သူ့အခန်းထဲသွားလိုက်ပါဆိုပြီး လမ်းဖယ်ပေးပါတယ်။

ဒါနဲ့ ကျွန်တော်လည်း မြို့နယ်မှူးအခန်းထဲ ဝင်လာပါတယ်။ တွေ့တော့ မြို့နယ်မှူးက ခင်ဗျားကို နိုင်ငံသား စိစစ်ရေးကဒ်တော့ လုပ်ပေးချင်ပါတယ်၊ လုပ်လည်း လုပ်ပေးရမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့မှာ အထက်က ညွှန်ကြားချက်ရှိနေလို့ စောင့်ရပါမယ်လို့ပြောပါတယ်။ ကျွန်တော်က အထက်ညွှန်ကြားချက်ဆိုတာ ဘာလဲဗျ လို့မေးပါတယ်။ သူက အစိုးရဆန့်ကျင်လို့ နိုင်ငံရေးမှုတွေနဲ့ထောင်ကျပြီး ပြန်လွတ်လာသူတွေကို ခွင့်ပြုချက်ရမှ မှတ်ပုံတင်လုပ်ပေးရမယ်လို့ ဆိုထားတာပါ လို့ဖြေပါတယ်။

အထက်ကဆိုတာ ဘယ်သူတွေလဲဗျ၊ နောက်ပြီး ကျွန်တော် နိုင်ငံရေးမှုနဲ့ထောင်ကျပြီး ထောင်ကလွတ်လာတာကိုရော ခင်ဗျားက ဘယ်လိုသိနေတာလဲဗျလို့ မေးကြည့်ပါတယ်။ သူက ဟိုလိုလို ဒီလိုလို မအီမလည်လုပ်နေပြီး အထက်က ပြောထားလို့ပါဗျဆိုပြီး ပြောပြန်ပါတယ်။ ကျွန်တော်လည်း သူ ဖြေရကျပ်နေပုံရတယ်ဆိုပြီး ဆက်မေးမနေတော့ပဲ ထွက်လာပါတယ်။

နောက်တော့ နယ်မြေထောက်လှမ်းရေးတပ်ကြပ်နဲ့ သွားတွေ့ပါတယ်။ ကျွန်တော့်ကို ဘာလို့ မှတ်ပုံတင်လုပ်ပေးဖို့ ငြင်းတာလဲဆိုပြီး မေးပါတယ်။ သူက ကျုပ်တို့က တားမြစ်ထားတာမရှိပါဘူး။ လဝက မှာ အကြောင်းရှိလို့ နေပါလိမ့်မယ်။ ခင်ဗျားက ကုလားဆိုတော့ ဆိုပြီးပြောပါတယ်။ ဘာဆိုင်လဲဗျ ကျုပ်လည်း နိုင်ငံသားပဲ ကျုပ်မိဘ နှစ်းပါးရော ကျုပ်ညီအကိုမောင်နှမတွေရော နိုင်ငံသားတွေပဲလို့ပြောတော့ သူက ကျွန်တော် အထက်ကို မေးကြည့်ပေးပါ့မယ်ဆိုပြီး စကားဖြတ်ပါတယ်။ ကျွန်တော်လည်း စိတ်တိုတိုနဲ့ လှည့်ထွက်လာခဲ့ပါတယ်။ ဒီအကြောင်းကို အိမ်မှာ ဘယ်သူ့ကိုမှ ပြန်မပြောပြဖြစ်ပါ။

ကျွန်တော်ဟာ အစ္စလာမ်ဘာသာဝင်မိဘနှစ်ပါးက ဖွားမြင်ခဲ့သူပါ။ မိဘတွေလည်း ဗမာပြည်ဖွား ဗမာပြည်သားတွေပါ။ ကျွန်တော် စစ်တပ်ထဲလည်း အမှုထမ်းခဲ့သူပါ။ ခု သူတို့ကိုဆန့်ကျင်ပြီး ထောင်ကျ၊ ထောင်ကလွတ်လာတော့ နိုင်ငံသား ပြန်ဖြစ်ခွင့်ကို တားမြစ်နေတဲ့သဘောပါပဲ။ ဒါနဲ့ နောက်တနည်းကြိုးစားကြည့်မယ်ဆိုပြီး လဝကမှာ ဒုဦးစီးမှူးခေါ်မလား လုပ်နေတဲ့ အမတယောက်ကိုချဉ်းကပ်ပြီး တိုင်ပင်ကြည့်ပါတယ်။ သူက တရက်နှစ်ရက်စောင့်ဆိုပြီး ပြောပါတယ်။

နှစ်ရက်ကြတော့ သူ့ကို သူ့အိမ်မှာ နောက်တကြိမ်သွားတွေ့ပါတယ်။ တွေ့တော့ သူက မင်းကို နိုင်ငံသားစိစစ်ရေးကဒ်အတွက် လျှောက်လွှာပုံစံဖြည့်ပေးမယ်လေ။ ရတာ မရတာကတော့ အမလည်း မပြောတတ်ဘူးလို့ဆိုပါတယ်။ ဒါဆိုလည်း လျှောက်လွှာပုံစံဖြည့်ကြည့်ရမှာပေါ့လို့ပြောတော့ ဖောင်ဖြည့်ဖို့အတွက် ၃ ထောင်ပေးရမယ်လို့ပြောပါတယ်။ ကျွန်တော်လည်း စိတ်ထဲ ဆတ်ကနဲဖြစ်သွားပြီး ဘာလို့ ပိုက်ဆံပေးရမှာလဲဗျ၊ အဲ့ဒါ အမတို့အလုပ်မဟုတ်လား လို့ပြောတော့ သူက အမတို့အလုပ်တော့ အမတို့အလုပ်ပေါ့၊ ဒါပေမဲ့ ဒါက ဒီလိုပဲ ပေးရပါတယ်လို့ဖြေပါတယ်။ ဒါဆိုလည်း ပေးမယ်လေ၊ ဒါပေမယ့် အမ ကျွန်တော့်ဆီက ငွေ ၃ ထောင်ယူကြောင်း သက်သေတခုခုတော့ ပေးရမယ်။ အမလည်း လက်မှတ်ထိုး၊ ကျွန်တော်လည်း လက်မှတ်ထိုးမယ်လေလို့ ခတ်ဆတ်ဆတ်ပဲပြောလိုက်ပါတယ်။ ဒီတော့သူက ဒါဆိုလည်း ငါ့မောင်ရယ် ရုံးမှာပဲ သွားလုပ်ပါဆိုပြီး ထွက်သွားပါတယ်။ ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ ပြန်ထွက်လာခဲ့ပါတယ်။ အဲ့အကြောင်းကိုလည်း အိမ်မှာ ပြန်မပြောဖြစ်ပါဘူး။

နောက်တော့ ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်တယ်။ နိုင်ငံသားစိစစ်ရေးကဒ်အတွက် ဘယ်ကောင့်မှ အောက်ကျ မခံတော့ဘူး၊ ငါ့မှာ တပ်ထွက်လက်မှတ်ရှိတယ်၊ အဲ့ဒါနဲ့နေမယ်လို့ဆိုပြီး နေလည်းနေပါတယ်။ အဲ့အချိန်က နိုင်ငံရေးထောင်ကျတွေလွတ်လာရင် နယ်မြေခံထောက်လှမ်းရေးက မျက်စေ့ဒေါက်ထောက်ပြီး ကြည့်ပါတယ်။ အိမ်ကိုလည်း မကြာမကြာ လာပါတယ်။ သန်းကောင်စာရင်းလည်း ခနခနစစ်ပါတယ်။ နေရထိုင်ရ ကျပ်ပါတယ်။ အိမ်သားတွေ စိတ်ညစ်ရပါတယ်။ အဲ့သလိုလုပ်ရင်း အိမ်လာတဲ့အခါ သူတို့ဘက်ကလည်း နိုင်ငံသားစိစစ်ရေးကဒ် အကြောင်း စကားမဟတော့ပါ။ ကျွန်တော်လည်း မပြောတော့ပါ။

ကျွန်တော့်အဖြစ်က နိုင်ငံသားမိဘ နှစ်ပါးကလည်းမွေးလာ။ ကိုယ်တိုင်လည်း နိုင်ငံသားဖြစ်ရုံမက စစ်မှုထမ်းဟောင်းပါ ဖြစ်ရဲ့သားနဲ့ သူတို့ကိုဆန့်ကျင်လို့ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသူပါ။ ကျွန်တော် စိတ်ထိခိုက်ပါတယ်။ ကျွန်တော် ဒုတိယတန်းစားနိုင်ငံသားတယောက်လို ခံစားရပါတယ်။ သူတို့ကို ပိုဆန့်ကျင်လိုစိတ် ပိုမုန်းတီးစိတ်တွေဖြစ်ခဲ့ပါတယ်။ ကျွန်တော် နိုင်ငံရေးလုပ်လို့ သူတို့ကိုဆန့်ကျင်လို့ အစ္စလမ်ဘာသာဝင်မိဘတွေကမွေးခဲ့လို့ ကျွန်တော့်အပေါ် ငြှိုးသူရန်ဘက်သဖွယ် တစိမ်းပြင်ပြင်လိုသဘောထားခဲ့ကြ ရန်သူသဖွယ်သတ်မှတ်ခဲ့ကြသူတွေကို ကျွန်တော် ကြုံရတွေ့ရတာပါ။ စိတ်ထဲတော့ တနုံ့နုံ့ခံစားရပါတယ်။ ကျွန်တော် တတိယနိုင်ငံထွက်ဖြစ်ဖို့ဖန်လာတဲ့အကြောင်းအရာထဲမှာ ဒါလည်း တချက်ပါပါတယ်။

မျိုးမြင့်ချို။ နိုဝင်ဘာ ၂၁။ ၂၀၂၂

Sunday, November 20, 2022

ဒုက္ခသည်

0 comments

ဒုက္ခသည်

ဘယ်သူက Refugee ကို ဒုက္ခသည်ဟု စ ဘာသာပြန်ခဲ့သလဲ မသိပါ။  မလှပသော်လည်း တွင်တော့ တွင်ကျယ်သွားသည့်စကားလုံးဖြစ်ပါသည်။ Refugees များ ခိုလှုံနေထိုင်ရာ Refugees Camps များအား ဒုက္ခသည်စခန်းဟု ခေါ်ပါသည်။ ကျွန်တော်လည်း ထိုင်း-ဗမာနယ်စပ်က ဒုက္ခသည်စခန်းတခုတွင် ကာလတခုကြာ နေခဲ့ဖူးပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဒုက္ခသည်ဖြစ်ခဲ့ပါသည်။ တကယ်တော့ ဒုက္ခသည်စခန်းဆိုသည်မှာ ဒုက္ခများနှင့် အခါခပ်သိမ်း ပြည့်နှက်နေသည်တော့ မဟုတ်ပါ။ အတွေ့အကြုံသစ်များနှင့်အတူ ရံဖန်ရံခါ ကြည်နူးဆွတ်ပျံ့ဖွယ်ကလေးများ အထိုက်အလျှောက်ရှိပါသည်။ အောက်မေ့ချင်စရာများလည်း ရှိပါသည်။ လူတွေနေသည့်အရပ် မဟုတ်လား။ သူငယ်ချင်းကဗျာဆရာကတော့ ဆေးလိပ်လေးဖွာကာ တောင်စဉ်တောင်းတန်းကြီးများကိုငေးရင်း “ဒုက္ခသည်စခန်းဆိုတာလည်း အဝေးကြည့်တော့ လှတာပဲဗျ”ဟု ပြောခဲ့တာကို ယခုတိုင်အမှတ်ရနေပါသေးသည်။ သူ့သဘောအရဆိုလျှင် ဒုက္ခသည်စခန်းသည် အနီးကြည့်တော့ အကျည်းတန်သည်ဟုဆိုရမည်ထင်ပါသည်။

 

ကျွန်တော်တို့သာ ဒုက္ခသည်ဖြစ်ခဲ့သည်မဟုတ် သခင်ယေရှုလည်း ဒုက္ခသည်ဘဝကိုဖြတ်သန်း လွန်မြောက်ခဲ့ရပါသည်။  ခရစ်တော်၏သူငယ်ဘဝသည် တနေရာမှတနေရာ ပြေးဝင်ခိုလှုံရင်းနေခဲ့ရသည်မို့ ယေရှုခရစ်တော်သည် Refugee and Immigrant ဖြစ်ခဲ့သည်ဟု တရားဟောဆရာများက ဟောပါသည်။ သူငယ်တော်ယေရှု၏ ဒုက္ခသည်ဘဝတွင်လည်း အောက်မေ့စရာ အမှတ်ရစရာများရှိခဲ့ပါလိမ့်မည်။ ကိုယ်တော်တိုင်ရော Disciples များကပါ ပြန်မပြောပြသဖြင့် ကျွန်တော်တို့ မသိကြရပါ။

 

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၂ အခန်းငယ် ၁၃-၁၅ တွင် “ထိုသူတို့တို့ သွားကြသည်နောက် ယောသပ်သည် အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ သင် ထလော့ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် အဲဂုတ္တပြည်သို့ပြေး၍ တဖန်ငါပြောသည့်တိုင်အောင် ထိုပြည်၌ နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏၊ ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန်၌ဆောင်ယူပြီးလျှင် အဲဂုတ္တပြည်သို့ထွက်သွား၍ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည့်တိုင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား ငါ့သားကို အဲဂုတ္တပြည်မှငါခေါ်ခဲ့သည်ဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော်ကို ပြည့်စုံမည့်အကြောင်းတည်း။ ဟု ဖော်ပြပါရှိ၏။

 

တခါ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂ အခန်းငယ် ၁၉-၂၃ တွင် “ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက် ယောသပ်သည် အဲဂုတ္တပြည်၌ အိပ်မက်ကို မြင်ပြန်သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍ သင် ထလော့ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့၊ သူငယ်တော်ကို သတ်အံ့သောငှာ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။ ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွား၍ ရောက်သည်ရှိသော် ဟေရုဒ်မင်းကြီး၏အရာ၌ သားတော် အာခေလသည် ယုဒပြည်တွင် မင်းပြုကြောင်းကိုကြားရလျှင် ထိုပြည်သို့မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကို ရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍ ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ နာဇရက်အမည်ရှိသောမြို့သို့ရောက်၍ အမြဲနေလေ၏။ ဟု ဖော်ပြပါရှိ၏။ ဒုက္ခသည်ဖြစ်ခဲ့သော ယေရှုသည် ယုံကြည်သူတို့အဖို့ ခိုကိုးရာဖြစ်ပါသည်။

 

ကျွန်တော်ကား ကျွန်တော့်အား ငြှိုးသူရန်ဖက်ပမာ တစိမ်းပြင်ပြင်ဆက်ဆံခဲ့သည့်ဇာတိကိုစွန့်ကာ အမေရိက၌ ပဝတ္တိသားဖြစ်နေလေပြီ။ ကျွန်တော် အမေရိကရောက်လာတော့ ကျွန်တော့်အား Former Refugee ဟု လူတချို့က ခေါ်ကြပါသည်။ ကျွန်တော် မနာပါ။ ရှက်ရွံ့သိမ်ငယ်စိတ် ခံစားမှုလည်း မဖြစ်ပါ။ အမေရိကကို ဘယ်လို ရောက်လာသလဲဟု မေးတိုင်း Refugee Status နှင့်ဟု မဆိုင်းမတွ ကျွန်တော် ပြန်ဖြေ၏။ ခု အမေရိကသည် ကျွန်တော် အမြဲနေသောအရပ်ဖြစ်သော်လည်း ခေါင်းချရမည့်နေရာ ဟုတ်မဟုတ်တော့ မသေချာသေးပါ။ လူတချို့သည် ချက်မြှုပ်ရာတွင် ခေါင်းချချင်ကြသည် မဟုတ်ပါလား။ 

မျိုးမြင့်ချို။ နိုင်ဝင်ဘာ ၂၀။ ၂၀၂၂

Sunday, November 13, 2022

ပိုက်လုံးကြီး

0 comments

"ပိုက်လုံးကြီး"

ကျွန်တော်တို့အိမ်နောက်ကလမ်းတွင် ဂျိုးဖြူပိုက်လုံးကြီးရှိပါသည်။ မှော်ဘီနှင့်တိုက်ကြီး အကြားရှိ ဂျိုးဖြူကန်ကြီးမှရေကို ရန်ကုန်မြို့သို ပို့ပေးသော ဧရာမပိုက်လုံးကြီးဖြစ်ပါသည်။

ထိုပိုက်လုံးကြီးအား အင်္ဂလိပ်ခေတ်ကဆောက်ခဲ့သည်ဟု ဆိုပါသည်။ ဤအတိုင်းဆိုလျှင် ပိုက်လုံးကြီးမှာ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်သကဲသို့ ကိုလိုနီ့လက်ရာတခုလည်း ဖြစ်ပါသည်။

ပိုက်လုံးကြီး၏ အတိုင်းအတာအတိအကျကို ကျွန်တော်မသိသော်လည်း လူလေးငါးခြောက်ဖက်ခန့်ရှိမည်ဟု မှန်းရပါသည်။ အမြင့်မှာ အရပ်မြင့်မြင့်လူတယောက်၏ လက်တဖောင်ခန့်ရှိမည်ထင်ပါသည်။ ပိုက်လုံးကြီး၏ အတွင်းတွင် ကွန်ကရစ်တထပ်ခံထားပြီး အပြင်တွင် သံအထု တလက်မခွဲခန့်ရှိမည်ထင်ပါသည်။

ပိုက်လုံးကြီးနှင့်ကပ်လျှက်တွင် ထရော်လီလမ်း ဖောက်ထားပါသည်။ တချို့နေရာများတွင် ပိုက်လုံးအဆစ်ပိုင်းများတင်ထားသည့် ထရော်လီပျက်များ မြင်ရပါသည်။ အင်္ဂလိပ်ခေတ်ကတော့ ထိုထရော်လီလမ်းပေါ်တွင် ပိုက်လုံးစစ်ဆေးရေးတာဝန်ရှိသူများ စီးခဲ့ကြပါလိမ့်မည်။ ထရော်လီတွန်းသမားများမှာ ဆင်းရဲသား အိန္ဒိယတိုက်ဖွားများဖြစ်မည်ထင်ပါသည်။ ထိုထရော်လီများနှင့်ပင် ပိုက်လုံးကြီး၏အဆက်များကို သယ်ယူ၍ ပိုက်လုံးကြီးကိုဆောက်ခဲ့ခြင်းဖြစ်ပါသည်။

ပိုက်လုံးကြီးပေါ်တွင် လူတယောက်ကောင်းကောင်းလျှောက်နိုင်ပြီး လူနှစ်ယောက်ရှောင်လို့လည်းရပါသည်။ ကျွန်တော်တို့ ငယ်ငယ်က ပိုက်လုံးကြီးပေါ်တွင် ဂွေလှိမ့်ဖူးသလို ခြေတပေါင်ကျိုးလည်း ခုန်ခဲ့ဖူးပါသည်။ လူစွမ်းကောင်းကာလသားများက စက်ဘီးပင် တက်စီးပြတာတွေ့ဖူးပါသည်။

ပိုက်လုံးကြီးသည် တခါတလေ တရွာနှင့်တရွာ၊ တရပ်ကွက်နှင့်တရပ်ကွက် ဖြတ်လမ်းမှသွယ်ထားသော လမ်းကဲ့သို့ဖြစ်နေပါသည်။ ရပ်ကွက်တွေအတွင်းမှ ပတ်သွားနေရလျှင် ကွေ့ကောက်၍ ခရီးရှည်သည့်နေရာများတွင် ပိုက်လုံးကြီးသည် ဖြတ်လမ်းဖြစ်ပါသည်။

လူတွေ နေ့စဉ် ပိုက်လုံးကြီးပေါ်မှလျှောက်ကြ၍ ပိုက်လုံးကြီးအပေါ်၌ပင် လူသွားလမ်းရာထင်နေပြီး သံရောင်ပြောင်နေပါသည်။ အဲ့လောက်ကြီးသည့်ပိုက်လုံးကြီးပေါ်သို့ လူတွေ ဘယ်လိုတက်သလဲဆိုပါက ပိုက်လုံးကြီးတွင် ပေတရာခန့်ရှိတိုင်း အဆက်တဆက်ရှိပါသည်။ ထိုအဆက်နှစ်ခုကို အတွင်းတွင်ဂဟေဆော်ထားပြီး အပြင်ကထပ်ချုပ်သည့်သဘော သံခါးပတ်ကြီး ပတ်ထားပါသည်။ ထိုသံခါးပတ်ကြီးတိုင်းတွင် တခုခုနှင့်တခု တပေခန့်ခြားပြီး မူလီတွေအရှည်ကြီးတွေ စုပ်ထားပါသည်။ ထိုမူလီကြီးများအား လက်ဖြင့်ကိုင် ခြေဖြင့်နင်းကာ ပိုက်လုံးကြီးပေါ်သို့တက်ရပါသည်။ မူလီများမှာ လှေကားသဖွယ်ဖြစ်နေပါသည်။

တနေ့တနေ့ ရေဂါလန်မည်မျှရန်ကုန်သို့ပို့နေမှန်း ကျွန်တော်တို့ မသိကြပါ။ သို့သော် ထိုပိုက်လုံးကြီးသွယ်တန်းထားရာတလျှောက် နေရာတချို့တွင် သူ့သတ်မှတ်ချက်နှင့်သူ ရေသွယ်ရန်နေရာများ ဆင်ပေးထားပါသည်။ ထိုနေရာများကို ကျွန်တော်တို့က ရေစက်ဟုခေါ်ကြပါသည်။ ထိုရေစက်နေရာများမှဖောက်၍ အိမ်များသို့ရေသွယ်ယူရပါသည်။ ထိုရေသည် အိမ်တအိမ်အတွက် သုံးရေသောက်ရေဖြစ်ပါသည်။ ပိုက်လုံးကြီးနှင့် နီးသည့်ရပ်ကွက်များတွင် ပိုက်လုံးကြီးမှ သွယ်ယူလာဟောရေများကို ရေတိုင်ပြုလုပ်၍ ရပ်ကွက်နေသူများထဲ ရေဖြန့်ပေးပါသည်။ ကျွန်တော်တို့က ထိုရေတိုင်များကို ဘုံပိုင်ဟုခေါ်ပါသည်။ တကယ်လည်း ဘုံပိုင်ဖြစ်ပါသည်။

ပိုက်လုံးကြီး၏အတွင်းပိုင်းကို တနှစ်ဘယ်နှကြိမ် သို့မဟုတ် ဘယ်နှနှစ်တကြိမ်ဆေးသလဲတော့ မသိပါ။ ဆေးတော့ဆေးပါသည်။ ပိုက်ဆေးမည် ဘယ်နှရက်ကြာမည်စသည်တို့ကို လူတွေကိုကြိုပြောသလို လူတွေကလည်း ရေ ကြိုစုကြရပါသည်။ ထိုရက်များတွင်သာ ရေပြတ်ပါသည်။ ဂျိုးဖြူကန်ကိုလည်း သန့်ရှင်းရေးလုပ်ပါသည်။ ရေ အရည်အသွေးကို ပုံမှန်စစ်ဆေးသည်ဟုဆိုပါသည်။

ကျွန်တော်သည် မိမိမွေးရာဇာတိမြေကို သတိရသည့်အခါတိုင်း ထို ဂျိုးဖြူပိုက်လုံးကြီးလည်း အောက်မေ့တတ်ပါသည်။ တခါများ ထိုပိုက်လုံးကြီးအား အိပ်မက်ပင်မက်ပါသည်။ အိပ်မက်ထဲတွင် ကျွန်တော်က ဘောင်းဘီတိုဖြင့် ပိုက်လုံးကြီးပေါ်တွင် ဂွေလှိမ့်နေပါသည်။ ပြောရလျှင် ပိုက်လုံးကြီးသည် ရေအတွက်သက်သက်သာမဟုတ် ကျွန်တော့်တို့ ငယ်ဘဝ၏အစိပ်အပိုင်းတရပ်လည်းဖြစ်သည်ဟုဆိုပါ လွန်အံ့မည်မထင်ပါ။

ဟိုတနေ့က ထောက်ကြန့်မှမိတ်ဆွေတယောက်နှင့် စကားပြောရင်း ပိုက်လုံးကြီးဆီရောက်သွားတော့ သူက "ပိုက်လုံးကြီးကတော့ အရင်အတိုင်းပဲဗျ။ ဒါပေမယ့် ရေကမသန့်တော့ဘူး။ ရေဆိုးသာသာဖြစ်နေပြီ၊ နံလည်းနံတယ်၊ အနည်တွေလည်းပါတယ်၊ ဂျိုးဖြူကန်ကြီးလည်း သန့်ရှင့်ရေး မလုပ်တော့သလို ပိုက်လုံးကြီးကိုလည်း မဆေးကြတော့ဘူးနဲ့တူတယ်၊ လာတဲ့ရေက မသန့်တော့ဘူး၊ သောက်ရေလုပ်ဖို့နေနေသာသာ သုံးရေလုပ်ရတာတောင် စိတ်မသန့်ဘူး၊ ဒီတော့ အိမ်တိုင်းလိုလို ရေတွင်းတူးရင်တူး၊ မတူးရင် အဝီစိတွင်းတွေ တူးကြရတာပဲ"ဟု ပြောပြပါသည်။

ကျွန်တော်က "မြေအောက်ရေတွေ အဲ့သလောက်ထုတ်ယူနေကြရင် ကြာရင် မြေအောက်ရေအရင်းအမြစ်ခမ်းခြောက်သွားမှာ မြေပြိုမှာတွေ ဖြစ်လာမှာပဲ"ဟုပြောတော့ သူက "ဖြစ်ကာမှဖြစ်ရောပဲ သူငယ်ချင်း၊ လောလောဆယ် ရေကလိုနေတာကိုး၊ နောင်ခါလာ နောင်ဈေးပဲ"ဟုပြောပါသည်။

လူ့မျိုးဆက်တို့သည် အနာဂတ်သို့မျှော်မှန်းကာ လက်ငင်းဘဝများကို ပေးကြရသူများဖြစ်ပါသည်။ လောလောဆယ်အဆင်ပြေပြီး နောင်တော့ရောက်လျားပဲဆိုသည်မှာ မတွေးကောင်း မတွေးအပ်ရာဟု ဆိုကြပါသည်။ သို့သော် ရေမသန့်တော့ခြင်း ဂျိုးဖြူကန် ပိုက်လုံးကြီးနှင့် အဝီစိတွင်းတူးခြင်းများအား ထို မတွေးကောင်းမတွေးအပ်ရာစာရင်းသွင်းလျှင် ရေသန့်လိုနေသူများ၏ မျက်နှာကိုကြည့်ရမည် ကျွန်တော်ထင်ပါသည်။

မျိုးမြင့်ချို။ နိုဝင်ဘာ ၁၃။ ၂၀၂၂

Thursday, November 10, 2022

သခင်ဗဟိန်း(၁၉၁၇-၂၀၁၇)အတ္ထုပ္ပတ္တိ

0 comments
သခင်ဗဟိန်း(၁၉၁၇-၂၀၁၇)အတ္ထုပ္ပတ္တိ
ထွန်း၀င်းငြိမ်း ပြုစုသည်။
သခင်ဗဟိန်းကို၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းခရိုင် အင်းဝမြို့့ကိုင်းတန်းရပ်၌ အဘပွဲစားကြီးဦးမှင်၊ အမိဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့သည်။ အင်းဝမြို့ မူလတန်းကျောင်းမှ လေးတန်းအောင်မြင်ခဲ့ပြီး၁၉၃၅ ခုနှစ်တွင် မန္တလေး မြို့ အမျိုးသားအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကိုအင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင် ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
အထက်တန်းကျောင်းသားဘဝမှစ၍ ကျောင်းသားလှုပ်ရှားများတွင် ရှေ့တန်းကပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၅-၃၇ တွင် မန္တလေးဥပစာကောလိပ်၌ ပညာဆက်သင်ခဲ့သည်။ ၁၉၃၆-၃၇ တွင် အိုင်အေအထက်တန်းကို ဗမာတနိုင်ငံလုံးပထမရပြီးပါဠိဘာသာဂုဏ်ထူးဖြင့် အောင်ကာ၊ ၁၉၃၅-၃၆ ခုနှစ်၊ မန္တလေးဥပစာကောလိပ် ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသားသပိတ်ကိုဦးဆောင်ခဲ့သည်။ ၁၉၃၇ ခုနှစ် မေလတွင် ပဏ္ဍစ်ဂျဝါဟာလာနေရူး မန္တလေးသို့ လာရောက်သည့် အခမ်းအနားတွင် ဧည့်ခံကော်မတီ၏ သဘာပတိအဖြစ် တင်မြှောက်ခံရသည်။
၁၉၃၇ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။ ဘီအေတက်နေစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၉၃၈ ခုဧပြီလတွင်ပုသိမ်မြို့၌ကျင်းပသောဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများကွန်ဖရင့်တက်ရောက်ခဲ့သည်။ဗကသမှ ထုတ်ဝေသည့် မျိုးညွန့်မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး တွင် ရေနံမြေ အလုပ်သမားသပိတ်တပ်ကြီးသည် မကွေးမြို့တွင်ပိတ်မိနေစဉ်ရန်ကုန်သို့ ချီတက်အရေးဆိုနိုင်ရေးအတွက် ကိုဗဟိန်းခေါင်းဆောင် သည့် ကျောင်းသားများကဝင်ရောက်ကူညီခဲ့သည်။သပိတ်တပ်သားများကိုတရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”ဟုရဲရဲတောက်စကားပြောကြားခဲ့သည်။ ပြောခဲ့သည့်အတိုင်း ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်လာပြီးသပိတ်မီးသည် တနိုင်ငံလုံးကူးစက်ကာမီးဟုန်းဟုန်းတောက်သွားသည်အထိပျံ့သွားခဲ့သည်။ သို့အတွက် ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကိုမကွေးမြို့တွင် ဖမ်းဆီးကာနယ်ချဲ့အစိုးရကထောင် ၃ လ ချခဲ့သည်။
၁၉၃၉ခုနှစ် နှစ်ဆန်းအင်းစိန်ထောင်၌နေရစဉ် ဓနရှင်လောက၊ကျောင်းသားအရေးတော်ပုံ၊ ကမ္ဘာစစ်နှင့် ဗမာ့နောင်ရေးစသည့် စာအုပ် ၃ အုပ် ရေးသားခဲ့သည်။ နိုင်ငံရေးစာပေသာမကရသစာပေ၊ ဝတ္ထု၊ ဆောင်းပါးများကိုဒဂုန်မဂ္ဂဇင်း၊ နဂါးနီဂျာနယ်နှင့် လက်ရွေးစင်မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ စာရေးကောင်းသူအနုပညာအားကောင်းသူအဖြစ် အသိအမှတ်ပြုကြသည်။ ၁၉၄ဝ ထုတ် ဒဂုန်တာရာ၏ မေဝတ္ထုမှကိုဗဟိန်း၏ အမှာသည် မြန်မာစာပေလောကတွင် ထင်ရှားသည်။
၁၃ဝဝ ပြည့်အရေးတော်ပုံကြီးပြီးဆုံးသောအခါ ၁၉၃၉ မေလ ၄ ရက်နေ့တွင်ကျင်းပခဲ့သည့်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂညီလာခံကြီးကကိုဗဟိန်းကိုတကသနှင့် ဗကသ နှစ်ခုစလုံး၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ထိုနှစ်ထဲတွင် ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိကမ္ဘာ့ကျောင်းသားများအဖွဲ့ချုပ်၏ တောင်းခံချက်အရ “ပညာရေးနှင့်ဗမာနိုင်ငံကျောင်းသားများ” စာတမ်းရှည်တစောင် ရေးသားခဲ့သည်။
၁၉၃၉ ခု သြဂုတ် ၁၅ တွင် မြေနီကုန်း၊ မြေနုလမ်း၊ အမှတ် ၁၄ ရှိကိုဗဟိန်းအိမ်တွင် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်လှဖေ(ဗိုလ်လင်္ကျာ)၊ သခင်စိုး၊ သခင်ဗိုလ်၊ ရဲဘော်ဘတင်(ရဲဘော် ဂိုရှယ်)၊ ဒေါက်တာနတ်(ရဲဘော်ထွန်းမောင်)တို့နှင့်အတူဗမာပြည်ကွန်မြူနစ်ပါတီကိုစတင်ဖွဲ့စည်းထူထောင်ခဲ့သည်။
ထိုအချိန် ဗမာပြည်ရှိ နိုင်ငံရေးသမားများကြားတွင်လမ်းစဉ် ၃ ခုကွဲပြားကြသည်။ ပထမလမ်းစဉ်ကဗမာပြည်လွတ်လပ်ရေး ရဖို့မည်သူနှင့်မဆိုပေါင်းရမည်ဟုဆိုသည်။ ဒုတိယလမ်းစဉ် သမားများကလွတ်လပ်ရေးရဖို့ မည်သူ့မှ မယုံစားရ။ ဂျပန်ရော၊ အင်္ဂလိပ်ပါ စစ်မျက်နှာနှစ်ဘက်ဖွင့်ရမည်ဟုဆိုသည်။ တတိယအုပ်စုကမူ ဆိုဗီယက်ပြည်ထောင်စုကိုဂျာမန်ဖက်ဆစ်များဝင်ရောက်တိုက်ခိုက်သည့်အချိန်မှစ၍ ကမ္ဘာစစ်၏လက္ခဏာပြောင်းသွားပြီး အင်္ဂလိပ်နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ထားနိုင် သည်ဟု ယူဆကြသည်။ ထိုအစုတွင် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီးတို့ ပါ၀င်သည်။ ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမားဖြစ်သော်လည်းနောင်တွင် တတိယလမ်းစဉ် မှန်ကန်သည်ကိုလက်ခံကာတော်လှန်ရေးလုပ်ငန်းများတွင် တက်ကြွစွာလိုက်ပါဆောင်ရွက်ခဲ့သည်။
ပြောင်းလဲလာသည့်ကမ္ဘာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံရေးအခြေအနေတို့ကြောင့် ဘီအေအထက်တန်းစာမေးပွဲကိုမဖြေဆိုတော့ဘဲဒို့ဗမာအစည်းအရုံးသို့ဝင်ရောက်ကာသခင်ဘွဲ့ခံယူခဲ့သည်။၁၉၄၀ ခုမတ်လတွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ သခင်အုန်းမြင့်တို့ ပါ၀င်သောအဖွဲ့သည် အိန္ဒိယနိုင်ငံ ရမ်းဂါးညီလာခံသို့ တက်ရောက်ခဲ့သည်။ ခေါင်းဆောင်ကြီးမဟတ္တမ ဂန္ဒီအပါအ၀င်အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ထိုနှစ်ထဲတွင် ဆရာအတတ်သင် ကျောင်းသူမခင်ကြီးနှင့် လက်ထပ်ခဲ့သည်။
သခင်ဗဟိန်းသည် ၁၉၄၁ မတ်လ ၁ဝ ရက်တွင် ပဲခူးမြို့၌ကျင်းပသော ပဉ္စမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဒို့ဗမာအစည်းအရုံးဒုတိယအစည်းအဝေးမှ ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit)၏ ဝါဒပြန့်ပွားရေးတာဝန်ခံအဖြစ် တာဝန်ပေးခံရသည်။ ထိုတာဝန်အရအရေးတော်ပုံ၊ ဗမာ့တော်လှန်မှု၊ မီးပွားစာစောင်များကိုကွန်မြူနစ်ပါတီအမည်ဖြင့် လျှို့ဝှက်ဖြန့်ဝေခဲ့သည်။ ၁၉၄၁ ခုနှစ် မေလတွင် ဦးချစ်မောင် အယ်ဒီတာချုပ် လုပ်သည့် မြန်မာ့အလင်းသတင်းစာတွင်ဘာသာပြန်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ လျှို့ဝှက်တာဝန်များကိုထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလတွင် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။နယ်ချဲ့အစိုးရ၏ ရန်သူတော် နံပါတ် (၂) အဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်သည်။
၁၉၄၁-၄၂ တွင် မော်လမြိုင်၊ သာယာဝတီ၊ မန္တလေးထောင်များတွင် အကျဉ်းချခံခဲ့ရသည်။ မန္တလေးထောင်ပွင့်သွားသည့်အချိန်မှ လွတ်မြောက်လာခဲ့သည်။ ထောင်မှလွတ်လာပြီးဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကိုဇောက်ချလုပ်ကိုင်ခဲ့သည်။ဂျပန်ခေတ်ဗမာအစိုးရအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးသခင်နုလက်အောက်တွင် ဒုတိယအတွင်းဝန် အဖြစ်ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ်၌ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ဦးဆောင်သည့် တခုတည်းသောတရားဝင်နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရန်ကုန်မြို့ ဂွတ္တလစ်ရပ်ရှိဒို့ဗမာဆင်းရဲသားအစည်းအရုံးဌာနချုပ်သို့ မကြာခဏသွားရောက်လေ့ရှိပြီးဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးဆောင်ရွက်ရန်သခင်ဗဟိန်းသည် ဇနီးသည်မခင်ကြီး၊သခင်ဗသိန်းတင်တို့နှင့်အတူကွမ်းခြံကုန်းမြို့နယ် အင်းဂလုံးရွာတွင် သခင်စိုးပို့ချသော မာ့က်စ်ဝါဒသဘောတရားသင်တန်းရက် ၂ဝ ကျော် တက်ခဲ့ကြသည်။ရန်ကုန်ပြန်ရောက်ပြီး ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းတွင် သခင်ဗဟိန်းတို့ ဇနီးမောင်နှံသည် ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်သို့ ထွက်ခွါခဲ့ကြသည်။
၁၉၄၄ ခုနှစ် သြဂုတ်လပထမပတ်တွင် ပဲခူးမြို့ စံပြတပ်ရင်း၌ဖွဲ့စည်းခဲ့သောဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ)က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်း(၁၀)တိုင်းသတ်မှတ်ခဲ့သည်။တိုင်းအလိုက်ခေါင်းဆောင်များကိုရွေးချယ်ရာတွင် တိုင်း(၁)အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ်သခင်ဗဟိန်းကိုရွေးချယ်ခဲ့သည်။
သခင်ဗဟိန်းသည်တောင်ငူနယ်တွင် ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်၊သဘောတရားသင်တန်းများကိုမရပ်မနားပို့ချခဲ့သည်။ ပို့ချခဲ့သောဘာသာရပ်များမှာလွပ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂၊ တော်လှန်ရန် စိုင်းပြင်းကြစို့၊ ကရင်-ဗမာသွေးစည်းရေး ၊ပြောက်ကျား စစ်၏နည်းသစ်များ၊လျှို့ဝှက်ရေးကိုမည်သို့ကျင့်သုံးမည်နည်းစသည့်စာတမ်းများဖြစ်ကြသည်။
သခင်ဗဟိန်း၏ အောင်မြင်သောစည်းရုံးရေးတခုမှာသူကိုယ်တိုင် ပြုစုရေးသားပြီးသင်ကြားပို့ချခဲ့သည့် “ကရင်-ဗမာသွေးစည်းရေး” စာတမ်းဖြစ်သည်။ ထိုစာတမ်းကြောင့် အရှေ့ရိုးမတွင် ကရင်-ဗမာညီညွတ်ရေး သာမကလူမျိုးစုံသွေးစည်းညီညွတ်ရေးအားကောင်းခဲ့သည်။
သခင်ဗဟိန်းမှာ ရုပ်ရည်သွင်ပြင်အားဖြင့်ခပ်ချောချောခပ်နုနုဖြစ်သည်။ သူသည် ကျောင်းသား၊အလုပ်သမားခေါင်းဆောင်တဦးဖြစ်သော်လည်း ကြမ်းတမ်းသောလက်နက်ကိုင်တိုက်ပွဲကိုနိုင်နင်းစွာဦးဆောင်နိုင်သည့် စစ်ရေးခေါင်းဆောင်ဖြစ်ကြောင်းတောင်ငူခရိုင်ပြောက်ကျားတိုက်ပွဲများဖြင့် သက်သေပြခဲ့သည်။
အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ(သိန်းဖေမြင့်) လေထီးဖြင့် ချပေးသောစာအုပ်များအနက် “ပြင်သစ်ပြည်လွတ်လပ်ရေးတိုက်ပွဲ”၊ လီနင် ရေး “အစိုးရနှင့် တော်လှန်ရေး”၊ “ဂျူးရင်းအားချေပချက်” “လုဒွစ်ဖြူးဝါးဘက်” အစရှိသောကျမ်းများကိုထန်းတပင်မြို့နယ် သရက်တန်း၊ ဂွအိုင် အရှေ့ဘက်တွင်ရှိသောယာတဲများ၌ ဘာသာပြန်ခဲ့သည်။ သူ့ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာအလုပ်လုပ်ခဲ့သည်။ သူ့နံဘေးတွင် သူ့ချစ်ဇနီးမရှိ။ သူ၏အဖော်မှာကာဘိုင်သေနတ် တလက်သာ ဖြစ်ခဲ့သည်။ဖက်ဆစ်တော်လှန်ရေးအတွက် “အား”ဖြစ်စေမည့် တော်လှန်ရေးသဘောတရားများအနက် ဒေသအခြေအနေနှင့် ကိုက်ညီသည့် ပြောက်ကျားစစ်၏ နည်းသစ်များမှာ ပင်ကိုယ်ရေးပြောက်ကျားစစ်သဘောတရားစာတမ်း ဖြစ်သည်။
သခင်ဗဟိန်းသည် တောင်ငူခရိုင် နေရာအနှံ့အပြား၌ဖက်ဆစ်တော်လှန်ရေးသဘောတရားများကိုမနားတမ်းလှည့်လည်ပို့ချခဲ့သည်။ ပြောက်ကျားတပ်များ၏ ဗဟိုဌာနချုပ်ဖြစ်သည့် ဆင်ပချပ်ရွာအနီးတောင်ခြေတွင်ရှိသော စခန်း၌နေထိုင်ကာတော်လှန်ရေးလုပ်ငန်းများကိုညွန်ကြားခဲ့သည်။
၁၉၄၅ ခုနစ် မတ်လ ၆ ရက်နေ့ညတွင် အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်သည့် ဗိုလ်မှူးဗထူးသည် ဖြူးမြို့နယ် ကြူအင်းရွာမှာ သခင်ဗဟိန်းနှင့် လျှို့ဝှက်တွေ့ဆုံကာတော်လှန်ရေးကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ဖတပလအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် သခင်ဗဟိန်း၊ သခင်သန်းဖေတို့ခေါင်းဆောင်သောရဲခေါင်ပြောက်ကျားများသည် ဖက်ဆစ်ဂျပန်များကိုအကြီးအကျယ် ချေမှုန်းနိုင်ခဲ့သည်။ သမိုင်းတွင်ရစ်သည့် ထွန်းပြောင်သောအောင်ပွဲများရရှိခဲ့ကြသည်။
ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖတပလ)ဗဟိုဦးစီးအဖွဲ့ဝင်နှင့်ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့အာဏာဂျာနယ်အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ငှက်ဖျားရောဂါနှင့် ဆင်းရဲပင်ပန်းမှု ဒဏ်များကြောင့် ကျန်းမာရေးချို့တဲ့လာသော်လည်းအနားမယူဘဲ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီပူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးတို့အတွက် မနားမနေဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကကိုဗဟိန်းကိုယုံကြည် အားထားသည်။ သူတပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်၀င်မည်ဟု ပိုင်းဖြတ်သောအခါတပ်ကိုလွှဲအပ်ရန် ကွန်မြူနစ်ပါတီမှ သူယုံကြည်စိတ်ချသောကိုဗဟိန်းကိုတောင်းသည်။ ကိုဗဟိန်းမှာပါတီလုပ်ငန်းအများအပြားရှိနေသဖြင့် ပါတီကမပေးနိုင်ခဲ့ချေ။ကိုဗဟိန်းကိုယ်တိုင်ကလည်းစစ်သေနာပတိရာထူးထက် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်ကိုရွေးချယ်ခဲ့သည်။
၁၉၄၆၊ ဖေဖော်ဝါရီ ၂၂ မှ မတ် ၇ ရက် အထိကျင်းပသောကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ် ကွန်ကရက်အပြီးတွင် သခင်စိုးဦးဆောင်သော ကွန်မြူနစ်ပါတီဗမာပြည်(အလံနီပါတီ)သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။သခင်ဗဟိန်းကသခင်သန်းထွန်း၊ သခင်သိန်းဖေတို့နှင့် အတူဗမာပြည်ကွန်မြူနစ်ပါတီပေါလစ်ဗြူရိုအဖြစ်ကျန်ရစ်သည်။
ပါတီကွဲပြီးနောက် အကျိုးဆက်မှာသခင်ဗဟိန်း၏ရောဂါပို၍ ဆိုးလာခဲ့ခြင်းဖြစ်သည်။ သူ့ကိုပါတီမှ၎င်း၊ သူဥက္ကဋ္ဌ လုပ်နေသော အလုပ်သမားသမဂ္ဂမှ၎င်း၊ အနားယူခွင့်ပေးထားရလေသည်။ သူသည် မန္တလေးရှိမိဘရပ်ထံပြန်ပြီး မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှုခံယူကာအနားယူရင်း ဂိုဏ်းဂဏဝါဒကို တိုက်ဖျက်သောစာတမ်းကိုရေးနေသေးသည်။
ဆေးရုံတက်နေချိန်စိတ်အနှောက်အယှက်ဖြစ်စရာတွေ့မည်စိုးသဖြင့်သူ့ကိုမည်သည့်သတင်းစာမျှ ပေးမဖတ်ချေ။ သို့သော် ပစ္စည်းထုပ်လာသော သတင်းစာစက္ကူထဲက၁၉၄၆၊အောက်တိုဘာ ၁၀ ရက်နေ့၌ ဖဆပအဖွဲ့ချုပ်ထဲမှဗမာပြည်ကွန်မြူနစ်ပါတီကိုထုတ်ပယ်လိုက်သည့် သတင်းကိုတွေ့ရာအလွန်အမင်းစိတ်ထိခိုက်သွားခဲ့သည်။ သူ့ရောဂါမှာပို၍ ဆိုးလာပြီး၁၉၄၆ နိုဝင်ဘာ ၂ဝ ရက် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းတွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။
ထွန်း၀င်းငြိမ်း ပြုစုသည်။
သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)

Tuesday, November 8, 2022

ပါဝါဘောလ်

0 comments

“ပါဝါဘောလ်”

အမေရိကန်ထီကြီးဖြစ်သည့် Power Ball ကို ယခုတခေါက် ယခုချိန်ထိ ဘယ်သူမှမပေါက်သေးသောကြောင့် ထီဆုငွေက ၂ ဘီလီယံနားကပ်နေပြီဟု သတင်းတွင် တွေ့ရပါသည်။ ကျွန်တော်က စာဖတ်နေသည့် ဇနီးကို လှမ်းပြောပြတော့ ထီလက်မှတ်တစောင်ဘယ်လောက်လဲဟု ပြန်မေးပါသည်။ မသိဘူးလေ  ဒေါ်လ ထင်တာပဲဟု မရေမရာပြန်ဖြေမိ၏။ နင် ထိုးချင်လို့လားမေးတော့ ထိုးရကောင်းမလားမသိဘူး။ ပြောမရဘူးနော် Beginner Luck ဆိုတာရှိတယ်ဟုပြောပြီး ရယ်နေပါသည်။ ပေါက်ရင် ဘာလုပ်မလဲမေးတော့ နင်နဲ့ငါ ကမ္ဘာပတ်မှာပေါ့။ ဗမာပြည်လည်း သွားရရင် သွားကြတာပေါ့ဟုပြောပါသည်။ သို့သော် ခုချိန်ထိ ကျွန်တော်တို့ မထိုးဖြစ်သေးပါ။

 

ကျွန်တော်တို့ငယ်ငယ်က အောင်ဘာလေထီကို သိန်းထီဟုခေါ်ကြပါသည်။ ထီတစောင်နှစ်ကျပ်ဖြစ်ပြီး  အကြီးဆုံးဆုမှာ တစ်သိန်းဖြစ်ပါသည်။ သိန်းဆုပေါက်လျှင် တိုက် ကားနှင့် ခြံပါဝယ်လို့ရသဖြင့် ဝမ်းဆက်ရသည်ဟု ပြောကြပါသည်။ ထီထွက်လျှင် နေ့စဉ်ထွက်သည့် ပေါက်မဲဆုကြီးဆုလတ်များကို သတင်းစာတွင်ကြေညာပေးသလို ထီအထွက်ဆုံးသည်နှင့် ထီပေါက်စဉ်များ ပလူပျံအောင်ထွက်လာပါသည်။ ဝယ်ကြ တိုက်ကြနှင့်ပျော်စရာတမျိုး ကောင်းမည်ဟု ထင်ပါသည်။ ထီပေါက်ပြီး လက်မှတ်ပျောက်သူများလည်းရှိမည်ထင်ပါသည်။ ထီပေါက်ကြောင်း ရေဒီယိုတွင်ကြေညာပေးသည့်အခါ “ဖြတ်ပိုင်းပြန်မလာ”ဆိုသည်ကိုလည်း အခါခါ ကြားရဖူးပါသည်။

 

ထီလက်မှတ်တွင် အတိတ်ရေးရမည့်နေရာ ပါပါသည်။ လူတွေက အတိတ်တွေ ရေးကြပါသည်။ သားရှင်ပြုရန် ဆုကြီးပန်’ ‘ဘုရားတည်ရန် သိန်းဆုပန်’ စသည်တို့တွေ့ရတတ်ပါသည်။ မင်္ဂလာဆောင်ရန်’ တို့  မိန်းမယူရန်တို့လည်း တွေ့ရတတ်ပါသည်။ ခတ်နောက်နောက် လူတချို့က မယားကြီး ပြုပြင်ရန်’ ‘ခင်သန်းနုယူရန်’ ‘နောက်မိန်းမယူရန်တို့ ရေးတတ်ကြပါသည်။ ယောက်ျားယူရန်တို့ နောက်ယောက်ျားယူရန်တို့ ဝင်းဦးယူရန်တို့ မတွေ့ရသဖြင့် ခတ်နောက်နောက်မိန်းမတွေ ထီသိတ်မထိုးတာများလားဟု တွေးမိပါသည်။

 

ထီဆိုင်ကြော်ငြာများလည်း ထိုခေတ်ထုတ်မဂ္ဂဇင်းနှင့်စာစောင်တို့တွင်တွေ့ရပါသည်။ အောင်ဆုပန်တို့ ကန်တော်ကြီးတို့ ကန်တော်လေးတို့လို ထီဆိုင်ကြီးများမှာ လူသိများပါသည်။ မောင်းကလေးတွေထုပြီး လက်တွန်းလှည်းဖြင့်ရောင်းသည့် ထီသည်လေးများလည်း ဈေးပေါက်ဝနှင့်လူစည်သည့်နေရာများတွင် တွေ့ရတတ်ပါသည်။ ရပ်ကွက်ထဲအထိ လည်ရောင်းသည့် ထီသည်များလည်းရှိပါသည်။

 

မဂ္ဂဇင်းတစောင်တွင် ကာတွန်းဦးဘဂျမ်းဆွဲသည့် အောင်ဆုပန်ထီဆိုင်ကြော်ငြာကို ကျွန်တော် ယခုတိုင် မှတ်မိ နေပါသေးသည်။ ကာတွန်းထဲတွင် လူ ၄ ယောက်ပါပြီး နှစ်ယောက်မှာ စိန်တွေရွှေတွေဝတ်ထားသည့် အဘိုးကြီး အဖွားကြီးအရွယ် မိဘလင်မယားဖြစ်ပါသည်။ အဘိုးကြီးက ပါးစပ်ကိုလက်ဖြင့်ကွယ်ပြီး အဖွားကြီး နားနားကပ်ကာ တိုးတိုးပြောနေဟန်ဖြစ်ပါသည်။ နောက်တယောက်မှာ မိန်းမပျိုလေးဖြစ်ပြီး မှန်တင်ခုံတွင်အလှပြင်နေပါသည်။  အခြားတယောက်မှာ ယောက်ျားပျိုတယောက်ဖြစ်ကာ တိုက်ပုံအိတ်ထောင်ထဲမှ ထီလက်မှတ်တစောင် တပိုင်းတစ ထွက်နေပါသည်။ အဘိုးကြီး ပြောနေသည့် ကာတွန်းပါစာသားက  “ရှူးတိုးတိုး၊ စကားကိုအပြတ်မပြောနဲ့ကွ၊ သူ့အိတ်ထဲမှာ အောင်ဆုပန်က ထီလက်မှတ်မြင်တယ်”ဟုဖြစ်ပါသည်။ 

 

ကျွန်တော်တို့အိမ်ဘေးနားက အလယ်တန်းပြကျောင်းဆရာသည် ထီအလွန်ထိုးပါသည်။ သူ့လခနှင့် ထီဖိုးတောင် ကာမိသလားမပြောတတ်ပါ။ ထီထွက်လျှင် ပေါက်စဉ်ဝယ်တိုက်ကြည့်ရတာလည်း အမောဖြစ်ပါသည်။ ထို့နောက် ထီလက်မှတ်တွေရော ပေါက်စဉ်ကိုပါ ကျွန်တော်တို့အိမ်ဘေးက ရေစီးမြောင်းတွင် အပုံံလိုက်လာပစ်တတ်ပါသည်။ ကျွန်တော်တို့က ထို ထီလက်မှတ်ဟောင်းများကိုကောက်၍ ပိုက်ဆံလုပ်တမ်း ကစားကြပါသည်။ ထီထိုးရင်းတိုက်ဖို့ မေ့ရင်းမှာ သူ့အတွက်မဟုတ်ပါ။

 

ထိုခေတ်က ထီကို လောင်းကစားသဘောထိုးကြသည်ဟု မထင်ပါ။ သို့သော် တရုတ်တန်းတွင် နှစ်လုံးတိုက် သုံးလုံးတိုက်စသည်ဖြင့် ထီလောင်းကစားရှိကြောင်း လူကြီးတွေပြောသံကြားဖူးပါသည်။ ဗမာပြည်တွင် ထီဘယ်အချိန်ကစပေါ်မှန်း ကျွန်တော်မသိသော်လည်း ရတနာပုံခေတ်က ဘုရင့်ဘဏ္ဏာတိုက်ငွေခမ်းသဖြင့် ထီလက်မှတ်တွေထုတ် ရောင်းပါသည်။ လူတွေက ဆင်းရဲသည့်ကြားမှ ထီအလွန်ထိုးကြပါသည်။ ထို့ကြောင့် လောင်းကစားသဖွယ်ဖြစ်လာပြီး နောက်ဆုံးတွင် ထီရုံတော်များပိတ်ပစ်ရသည်အထိဖြစ်ခဲ့သည်ဟု ဖတ်ရဖူးပါသည်။

 

တကယ်တော့ ထီဆိုသည်မှာ ရောင်းရငွေအားလုံးထဲမှ အစိုးရက အတိုင်းအတာတခုအထိ ဖြတ်တောက်ယူပြီးမှ ကျန်ငွေကို ဆုအဖြစ်ပြန်ပေးသည့် ငါးကြင်းဆီနှင့် ငါးကြင်းကြော်နည်းဖြစ်ပါသည်။ ဘယ်သူတွေ ထီပေါက်ပေါက် မပေါက်ပေါက် အစိုးရကတော့ အမြတ်ထွက်သည်ချည်းပင်။ ထီပေါက်ပြီး လက်မှတ်ပျောက်သူများ၊ ပေါက်လို့ ပေါက်မှန်း မသိသူများ၊ လာမထုတ်သည့် ထီဆုငွေများကိုလည်း နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းပစ်လိုက်ပါသည်။

 

ကျွန်တော့်ဘဝတွင် ထီတခါထိုးဖူးပါသည်။ အိပ်မက်တွင် ထီပေါက်ကြောင်း အမေ့ကိုပြောပြသည့်အခါ “ရော့ သွားထိုးကြည့် ပေါက်လည်း တစောင်တည်းကပေါက်တာ”ဟုပြောပြီး ငွေနှစ်ကျပ်ထုတ်ပေးပါသည်။ မပေါက်ပါ။ နှစ်ကျပ် ပလုံသွားပါသည်။ အတိတ်ကို ဘာရေးမိမှန်းလည်း မမှတ်မိတော့ပါ။

 

ထီကို လူအများစုကြီးက ကံစမ်းထိုးကြတာဖြစ်ပါသည်။ ပေါက်ဖို့ကံပါလာရင် ပေါက်မှာပဲဟုယုံကြပါသည်။ ထီသည် လူချမ်းသာများအဖို့ ပမာပြုစရာမရှိသော်လည်း လူဆင်းရဲများအဖို့ ထွက်ပေါက်လည်း ဖြစ်နိုင်ပါသည်။ ထီကို လူဆင်းရဲများက ပိုထိုးကြသည်လားတော့ ကျွန်တော်မပြောတတ်ပါ။ ထိုးတော့ ထိုးကြပါသည်။

 

ကျွန်တော်အခု ကံစမ်းရန် ပါဝါဘောလ်တစောင်လောက် ဝယ်ထိုးဖို့ တွေးနေမိပါသည်။ ပေါက်ခဲ့လျှင်ဘာလုပ်မည်ဟု မတွေးထားသေးသော်လည်း မပေါက်ခဲ့ရင် နှစ်ဒေါ်လာဆုံးမှာဟုတွေးမိပါသည်။ ဆုံးကာမှဆုံးရော ကျွန်တော့် နှစ်ဒေါ်လာဖိုးတော့ ထိုးပါမည်။ အမေပြောသလို ပေါက်တော့လည်း တစောင်တည်းကပေါက်တာ” မဟုတ်လား။

မျိုးမြင့်ချို။ နိုဝင်ဘာ ၈။ ၂၀၂၂

Monday, November 7, 2022

လက်ဝှေ့

0 comments

“လက်ဝှေ့”

အောင်လအန်ဆန်းတို့ပွဲက ဘယ်နေ့ထိုးမှာလဲဗျဟု ဖေ့စ်ဘွတ်ခ်မိတ်ဆွေတယောက်က မေးပါသည်။ ကျွန်တော် မသိပါ။ အောင်လ နိုင်ပွဲတွေဆက်နေတုန်းက ဝက်ဝက်ကွဲအား‌ပေးကြတာတွေကိုတော့ မှတ်မိနေပါသည်။ ခုတလော အောင်လ ရှုံးပွဲတွေ ဆက်တိုက်ဖြစ်နေသည်ဆိုလား မသိပါ။ အားပေးကြသံတွေလည်း သိတ်မကြားမိ။ ကျွန်တော်က ကိုယ်နှင့် တဇာတိတည်းဖွားဖြစ်သလို အမေရိကား၌ ပဝတ္တိသားလည်းဖြစ်နေလို့လားမသိ အောင်လကြီးကို ပွဲတိုင်းနိုင်စေချင်၏။ သို့သော် မဖြစ်နိုင်ဟုထင်ပါသည်။ သူ့ထက်စွမ်းသူပေါ်လာလျှင် သူ လူစွမ်းမဖြစ်နိုင်တော့။ ထိုကိစ္စသည် “စန်း”နှင့် မဆိုင်ပါ။ အစွမ်းကိစ္စဖြစ်ပါသည်။

ကျွန်တော်က လက်အိပ်စွပ်ထိုးရသည့် အင်္ဂလိပ်ဘောက်ဆင်ကို ရံဖန်ရံခါ ကြည့်တတ်သော်လည်း ဗမာ့လက်ဝှေ့တို့ ထိုင်းကစ်ဘောက်ဆင်တို့ မွေထိုင်းတို့ အောင်လအင်ဆန်းတို့ထိုးသည့် လက်ဝှေ့မျိုးတို့တွေတော့ ကျွန်တော်မကြိုက်ပါ။ အားကစားဟုလည်း မထင်မိပါ။ ကြမ်းလွန်းသည်ဟု ထင်ပါသည်။ တခါတခါ လူ တရားဝင်သတ်ပွဲများလားဟုပင် တွေးမိပါသည်။ ထိုးရင်း သေကြသည်ဟုလည်း ပြောသံကြားဖူးပါသည်။ သို့သော် သူ့ပရိတ်သတ်နှင်သူ သူ့အကြိုက်နှင့်သူ မဟုတ်လား။ ယင်း သတ်နည်းပုတ်နည်းလည်း တခြားအားကစားတွေလို အရှည်တည်တံ့ နေပါဦးမည်။

သိုင်း၊ ဘန်တို ဘန်ရှည်၊ ကရာတေး၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ အိုက်ကီဒို၊ တိုက်ကွမ်ဒို (တခြားလည်းရှိပါဦးမည်)စသည်တို့အား Martial Art ခေါ် ကိုယ်ခံပညာဟု သတ်မှတ်ကြသော်လည်း လက်ဝှေ့ထိုးခြင်း နပမ်းလုံးခြင်းစသည့် လက်နက်မဲ့ သတ်ပုတ်ခြင်းတို့ကိုမူ အားကစားတွင် ထည့်ထားပါသည်။ ကိုယ်ခံပညာများမှာ တသက်လုံးကျင့်သွားလို့ရသော်လည်း နပမ်းတို့ လက်ဝှေ့တို့မှာ ငယ်ရွယ်နုပျိုနေတုန်း လုပ်ရသည့်အလုပ်များဖြစ်ပါသည်။ အသက်ကြီး၍ လက်ရည် ကျသွားသည့်အခါ နားရပါသည်။ လက်ဝှေ့သမားအိုကြီးများကိုကြည့်ရင်း စိုင်းထီးဆိုင်ဆိုသည့် ဥပက္ခာလောကသား’ ထဲက အခန်းထောင့်ကစားပွဲပေါ်တင်ထားတဲ့ ဆုတံဆိပ်တွေဖုန်တက်တော့ အောင်မြင်မှုရယ် မနေ့ကကျန်ခဲ့ပြီ’ ဆိုသည့် စာသားကို သတိရတတ်ပါသည်။ 

ကျွန်တော်က ဝဋ်တို့ ကံတို့ ရှေးဘဝတို့ နောက်ဘဝတို့ လူဝင်စားတို့ဘာတို့တွေကို ယုံသူမဟုတ်။ သို့သော် လက်ဝှေ့ သမားသည် ကြက်သမားသေလို့ ဝင်စားသည်ဆိုသည့်အပြောကိုမူ သဘောကျချင်ချင်ဖြစ်ပါသည်။ လက်ဝှေ့သမား ကြက်သမားသေလို့ဝင်စားသည်ဆိုလျှင် လက်ဝှေ့ပွဲသွင်းသူနှင့်ပွဲကြည့်ပရိတ်သတ်က ဘာသေလို့ဝင်စားတာလဲဟု တွေးမိပါသည်။ ရှေးယဉ်ကျေးမှုတွေမှာရှိခဲ့သည့် လူနှင့်တိရိစ္ဆာန်သတ်ပွဲထဲကလူကရောဟု အရည်မရအဖတ်မရလည်း တွေးတတ်ပါသေးသည်။ ထိုပရိတ်သတ်မှာ လက်ဝှေ့ပွဲပရိတ်သတ်ထက် စိတ် ပို ခက်ထန်သည်ဟုဆိုရမည် ထင်ပါသည်။

လူတချို့သည် လူတယောက်ချင်း သတ်ကြပုတ်ကြသည်များကို ပိုက်ဆံပေးပြီး အရသာခံကာကြည့်ကြပါသည်။ မိမိနိုင်စေ့ချင်သူနိုင်သည့်အခါ ဝမ်းမြောက်ကြပြီး ရှုံးသည့်အခါ ကြိတ်မနိုင်ခဲမရ ဖြစ်ကြပါသည်။ ဤမျှအထိ နားလည်လို့ရသော်လည်း လူများစုက လူနည်းစုကို၊ အားကြီးသူများက အားနည်းသူများကို တဘက်သတ်အနိုင့်ကျင့် ရက်ရက်စက်စက် သတ်ဖြတ်ကြသည့် လူသတ်ပွဲကြီးများအကြောင်းကို နိုင်သူ့ဘက်မှ မြိန်ရည်ရှက်ရည် အရသာခံ ပြောကြ ဆိုကြသည်များကိုမူ နားလည်ရခက်ပါသည်။ နှုတ်မှထုတ်မပြောသော်လည်း ကြိတ်၍ဝမ်းသာနေသူများလည်း ရှိပါသည်။ ထိုသူများတွင် စိတ်ရောဂါတမျိုးရှိနေသောကြောင့်ဟု ပြောရမည်လားမဆိုတတ်ပါ။ ထို သွေးချောင်းစီး လူသတ်ပွဲကြီးများကို ကျူးလွန်နေသူများအားကြည့်ကာ အလကားသက်သက် အရူးထတာပါကွာဟု ဆိုကာ ဖော့ပစ် လိုက်ကြသည့် လူတချို့လည်း ရှိပါသည်။ ဤသည်မှာ စိတ်ရူးပေါက်၍လုပ်ခြင်းမဟုတ်ကြောင်း သိရန်လိုပါသည်။ ဟစ်တလာ အရူးထ၍ ဂျူးတွေကိုသတ်ခြင်းမဟုတ်ပါ။ နယ်ချဲ့သမားများ အရူးထ၍ ကမ္ဘာပတ်လူသတ်နေခြင်း မဟုတ်ပါ။

နောက်ကွယ်က အစိုးရလက်ပါသည့် ဘာသာရေးလူမျိုးရေးအခြေခံ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ဘာဥပဒေသ ဘာစည်းမျဉ်းမှ မရှိပါ။ အာဏာ၏အကာအကွယ်ကိုယူကာ ထင်သလိုကျူးလွန်နေကြခြင်းဖြစ်ပါသည်။ အစိုးရတွေ ကိုယ်တိုင်လုပ်သည့် အကြမ်းဖက်မှုမှာမူ စစ်ပွဲဖြစ်ပါသည်။ စစ်သည် သွေးဆာပါသည်။ လူသတ်ပါသည်။ မယဉ်ကျေးပါ။ လက်ဝှေ့ပွဲ မဟုတ်ပါ။ လက်ဝှေ့ပွဲသည် မည်မျှကြမ်းတမ်းသည်ဆိုစေဦး သူ့ စည်းမျဉ်းစည်းကမ်းများ ဥပဒေသများ ရှိပါသေးသည်။ ယဉ်ကျေးပါသေးသည်။

ကျွန်တော်တို့သည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတွင်နေနေရသည်ဟု ယူဆစရာရှိပါသည်။ သို့တိုင်အောင် တဦးချင်း ထိုးကြိတ်သတ်ပုတ်သည့်လက်ဝှေ့ပွဲများကို မက်မက်စက်စက် အရသာခံနေကြသေးရုံမက အကြမ်းဖက် သွေးချောင်းစီးသတ်ဖြတ်မှုကြီးများနှင့် စစ်ပွဲကြီးများကို ပြုလုပ်ဖန်တီးနေကြပါသည်။ ကျွန်တော်တို့ တကယ် ယဉ်ကျေးလာပြီလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။

မျိုးမြင့်ချို။ နိုဝင်ဘာ ၇။ ၂၀၂၂

Thursday, November 3, 2022

ဆေးထိုးမှားမှာ စိုးတဲ့လူ

0 comments

"ဆေးထိုးမှားမှာ စိုးတဲ့လူ"
မနေ့က ဆေးခန်းသွားခဲ့ပါသည်။ ကိုယ်အလေးချိန်။ သွေးတွင်းအောက်စီဂျင်ပမာဏနှင့် သွေးပေါင်ချိန်တို့ကိုကြည့်ပြီး ဆရာဝန်က ကျေနပ်ဟန်ဖြင့် "မင်းက ကိုယ်အလေးချိန်သာ တိုးလာတာ။ သွေးပေါင်ချိန်ကတော့ အတော်ကောင်းတာပဲ"ဟုဆိုပါသည်။ "ဘယ်လောက်ရှိလဲ"ဟု ကျွန်တော်ကမေးတော့ "၁၁၀/၇၀" ဟုဖြေပါသည်။ "ဝလာတာက ဆေးလိပ်ဖြတ်လိုက်တာလည်းပါသလို အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ကိုယ်အလေးချိန်ကို ထိန်းပါ၊ ဒီ့ထက်ပို မတက်ပါစေနဲ့၊ ဖြစ်နိုင်ရင် လျော့အောင်လုပ်ပါ"ဟုတိုက်တွန်းပါသည်။ 

တင်ပါးခွက်နှင့် ခြေထောက်နောက်ပိုင်းတလျှောက် အနာအကျင်လည်း အထိုက်အလျှောက် သက်သာနေသည်မို့ သည့်အတွက်ပြောစရာမရှိ၊ ခြေချောင်းလေးတွေ ထုံကျဉ်နေတာကတော့ မသက်သာ၊ ဒီတော့ သူက "ဒါ ဗိုက်တာမင်ဘီတွဲလ် Level နိမ့်နေတာကြောင့်လည်း ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ ၆ လ က ဘီတွဲလဲ Level သိရဖို့ သွေးစစ်ကြည့်တဲ့ အဖြေအရ ဘီတွဲလ်လည်း ပုံမှန်ပဲ။ ခု ထပ်မစစ်ကြည့်တော့ဘူး၊ လိုရမယ်ရ ဘီတွဲလ်ထိုးဆေးတော့ ထိုးပါ။ ဆေးစာရေးပေးလိုက်မယ်၊ ဒီကိုပြန်လာပြီး ဒါမှမဟုတ်လည်း နီးစပ်ရာဆေးခန်းတခုခု ကျွမ်းကျင်သူတယောက်ယောက်နဲ့ ထိုးလိုက်ပါ။ တလတကြိမ်ထိုးပါ၊ အငံတို့ အဆီအစိမ့်တို့တို့ လျှော့စားနိုင်ရင်ကောင်းပါတယ်၊ သွေးတိုးလို ဆီးချိုလို နှလုံးလို ရောဂါတွေမရှိတာအတွက် ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်ပါ"" ဟုပြောပါသည်။ Follow up အပွီုင်မင်န်လည်းဖြစ် ဘာမှလည်ပြောစရာ အထွေအထူးလည်းမရှိသဖြင့် ခနနှင့်ပြီးသွားပါသည်။

အပြန်လမ်းတွင် ဇနီးက "နင် ဒီပြန်လာ ထိုးမလား၊ ဒေါက်တာ Coats ဆေးခန်းသွားထိုးမလား၊ ဒေါက်တာကျော်သက်ဦးဆီ ဒါမှမဟုတ် နင်နဲ့သိတဲ့ အရင် ABSDF မှာ ဆေးတပ်သားလုပ်ခဲ့တဲ့လူနဲ့ ပြောကြည့်မလား"ဟု မေးပါသည်။ ကျွန်တော်က "ဆရာဝန်နဲ့မှ မဟုတ်ပါဘူး၊ ဆေးထိုးကျွမ်းတဲ့သူ ဘယ်သူနဲ့မဆို ထိုးလို့ရတယ်ပြောတာပဲ၊ ကိစ္စမရှိပါဘူး၊ ဘယ်သူနဲ့ထိုးထိုးပါ၊ နောက်ပြီး ဆေးက အကြောဆေးလည်း မဟုတ်၊ အသားဆေးဆိုတော့ ပြဿနာသိတ်မရှိပါဘူး"ဟု မရေမရာပြန်ဖြေပါသည်။ ‌

အမေရိကန်လိုနိုင်ငံတွင်နေပြီး ဆေးကို ABSDF က ဆေးတပ်သားဟောင်းနှင့်ထိုးလည်းရပါတယ်ဟု ကျွန်တော့်အတွေးမှာ အချို့လူများအဖို့ အံ့ဩစရာဖြစ်နေနိုင်ပါသည်။ ABSDF မှဆေးတပ်သားဆိုသည်များမှာ တောခိုလာသည့်ဆရာဝန်များဦးစီးကာ တောတွင်းတနေရာတွင်ဖွင့်သည့်ဆေးသင်တန်း အောင်ပြီးသူများဖြစ်သလို လက်တွေ့စစ်မြေပြင်တွင် အစမ်းသပ်ခံပြီးသူများလည်းဖြစ်ပါသည်။ 

ကျွန်တော် တပ်ထဲနေတုန်းကလည်း ရှေ့တန်းထွက်သည့်အခါ ခြေလျှင်တပ်များက ဆေးတပ်သားများဆေးမှူးများနှင့် ကုရသရပါသည်။ နောက်ဆုံး ကျွန်တော် ဒဏ်ရာရတော့လည်း မူဆယ်ဆေးရုံမရောက်မီ ရှေ့တန်းစခန်းကုန်း၌ ထိုဆေးတပ်သား ဆေးမှူးများကပင် ဖြတ်ရတောက်ရ ဆေးသွင်းရ ဆေးထိုးရလုပ်ရပါသည်။ သူတို့မှာ လက်တွေ့လုပ်ရဖန်များသဖြင့် ဆေးထိုး ဆေးသွင်းခြင်းနှင့် အကြမ်းထည်ဖြတ်ရတောက်ရခြင်းများတွင် ကျင်လည်ပါသည်။ 

ဒုက္ခသည်စခန်းမှာ နေတုန်းကလည်း တော်ရုံဖျားနာသည်များကို စခန်းဆေးရုံအထိသွားပြမနေတော့ပဲ စခန်းတွင်းရှိ ဘဝတူ ABSDF ဆေးတပ်သားဟောင်းတယောက်နှင့်ပဲ ကုခဲ့ပါသည်။ ဘာပြဿနာမှမရှိပါ။ အခြားဒုက္ခသည်များလည်း အသေးအဖွဲကိစ္စလေးများကို သူတို့နှင့်ကုပါသည်။ တခါတလေ Drip ချိတ်ဖို့လိုလျှင်လည်း သူတို့ပဲ ချိတ်ပေးပါသည်။ ထို့ကြောင့် ကျွန်တော့်အဖို့ ABSDF ဆေးတပ်သားဟောင်းများ၏ ကျင်လည်မှုအပေါ် ယုံမှားသံသယဖြစ်စရာမရှိပါ။ ထို့ကြောင့် "ဘယ်သူနဲ့ ထိုးထိုးပါ"ဟု ပြန်ဖြေခြင်းဖြစ်ပါသည်။

သို့သော် ကျွန်တော် ယခု အမေရိကတွင်နေပါသည်။ ‌တောထဲနှင့်ရှေ့တန်းလည်းမဟုတ်သလို ဒုက္ခသည်စခန်းလည်း မဟုတ်ပါ။ အမေရိကန်တွင် ဆေးကုသရေး၌ ပြဿနာအလွန်များပါသည်။ ဆတ်ဆတ်ထိမခံသည့် ကိစ္စဖြစ်ပါသည်။ တရားတဘောင်နှင့် ရုံးပြင်ကန္နားကိစ္စလည်း များပါသည်။ ဗမာပြည်ဖွားမိဘများက ဆေးကုမှား၍ သေသွားသည့်ကလေးအတွက် ဆရာဝန်နှင့်ဆေးရုံကို တရားစွဲရာ အမှုနိုင်သဖြင့် လျော်ကြေးရဖူးပါသည်။ ဆရာဝန်လည်း ဆေးကုခွင့်လိုင်စင်ပြုတ်သွားပါသည်။ ယင်းကဲ့သို့အမှုအခင်းများ အလွန်များပါသည်။ ထိုအမှုများလိုက်ပေးသည့်ရှေ့နေများ သတ်သတ်ကိုရှိပါသည်။

ယခု ကျွန်တော် ဘီတွဲလ် အသားဆေးထိုးရပါမည်။ ဆေးထိုးမှားစရာလည်း မရှိသလို အသက်အန္တရာယ်လည်းမရှိပါ။ သို့သော် ကျွန်တော် ABSDF မှဆေးတပ်သားဟောင်းနှင့် ထိုးလိုစိတ်မရှိပါ။ မယုံကြည်၍ မဟုတ်သော်လည်း မတော်တဆ တခုခုဖြစ်ခဲ့ရင်ဆိုသည့် စိုးရိမ်စိတ်ကြောင့်ဖြစ်ပါသည်။ ထိုစိုးရိမ်စိတ်မှာ ပြောရခက်ပါသည်။ မတော်တဆ တခုခုဖြစ်ခဲ့လျှင် ဝေဒနာခံရမည့်သူမှာကျွန်တော်ဖြစ်ပြီး အကျိုးဆက်ဒုက္ခခံရမည့်သူမှာ သူဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော် ဆေးခန်းတခုခုသွား၍ ဆေးထိုးပါမည်။

လူသည် ဘာသာတရားနှင့် အယူဝါဒများတွင်သာ အကြွင်းမဲ့ယုံကြည်တတ်သော်လည်း လူလူချင်းယုံကြည်မှု၌ အကန့်အသတ်ရှိသည်များလားဟု ကျွန်တော်တွေးနေမိပါသည်။

မျိုးမြင့်ချို။ နိုဝင်ဘာ ၃။ ၂၀၂၂