“ပါဝါဘောလ်”
အမေရိကန်ထီကြီးဖြစ်သည့် Power Ball ကို ယခုတခေါက် ယခုချိန်ထိ ဘယ်သူမှမပေါက်သေးသောကြောင့် ထီဆုငွေက ၂ ဘီလီယံနားကပ်နေပြီဟု သတင်းတွင် တွေ့ရပါသည်။ ကျွန်တော်က စာဖတ်နေသည့် ဇနီးကို လှမ်းပြောပြတော့ ထီလက်မှတ်တစောင်ဘယ်လောက်လဲဟု ပြန်မေးပါသည်။ မသိဘူးလေ ၂ ဒေါ်လ ထင်တာပဲဟု မရေမရာပြန်ဖြေမိ၏။ နင် ထိုးချင်လို့လားမေးတော့ ထိုးရကောင်းမလားမသိဘူး။ ပြောမရဘူးနော် Beginner Luck ဆိုတာရှိတယ်ဟုပြောပြီး ရယ်နေပါသည်။ ပေါက်ရင် ဘာလုပ်မလဲမေးတော့ နင်နဲ့ငါ ကမ္ဘာပတ်မှာပေါ့။ ဗမာပြည်လည်း သွားရရင် သွားကြတာပေါ့ဟုပြောပါသည်။ သို့သော် ခုချိန်ထိ ကျွန်တော်တို့ မထိုးဖြစ်သေးပါ။
ကျွန်တော်တို့ငယ်ငယ်က အောင်ဘာလေထီကို သိန်းထီဟုခေါ်ကြပါသည်။ ထီတစောင်နှစ်ကျပ်ဖြစ်ပြီး အကြီးဆုံးဆုမှာ တစ်သိန်းဖြစ်ပါသည်။ သိန်းဆုပေါက်လျှင် တိုက် ကားနှင့် ခြံပါဝယ်လို့ရသဖြင့် ဝမ်းဆက်ရသည်ဟု ပြောကြပါသည်။ ထီထွက်လျှင် နေ့စဉ်ထွက်သည့် ပေါက်မဲဆုကြီးဆုလတ်များကို သတင်းစာတွင်ကြေညာပေးသလို ထီအထွက်ဆုံးသည်နှင့် ထီပေါက်စဉ်များ ပလူပျံအောင်ထွက်လာပါသည်။ ဝယ်ကြ တိုက်ကြနှင့်ပျော်စရာတမျိုး ကောင်းမည်ဟု ထင်ပါသည်။ ထီပေါက်ပြီး လက်မှတ်ပျောက်သူများလည်းရှိမည်ထင်ပါသည်။ ထီပေါက်ကြောင်း ရေဒီယိုတွင်ကြေညာပေးသည့်အခါ “ဖြတ်ပိုင်းပြန်မလာ”ဆိုသည်ကိုလည်း အခါခါ ကြားရဖူးပါသည်။
ထီလက်မှတ်တွင် အတိတ်ရေးရမည့်နေရာ ပါပါသည်။ လူတွေက အတိတ်တွေ ရေးကြပါသည်။ ‘သားရှင်ပြုရန် ဆုကြီးပန်’ ‘ဘုရားတည်ရန် သိန်းဆုပန်’ စသည်တို့တွေ့ရတတ်ပါသည်။ ‘မင်္ဂလာဆောင်ရန်’ တို့ ‘မိန်းမယူရန်’တို့လည်း တွေ့ရတတ်ပါသည်။ ခတ်နောက်နောက် လူတချို့က ‘မယားကြီး ပြုပြင်ရန်’ ‘ခင်သန်းနုယူရန်’ ‘နောက်မိန်းမယူရန်’တို့ ရေးတတ်ကြပါသည်။ ‘ယောက်ျားယူရန်’တို့ ‘နောက်ယောက်ျားယူရန်တို့ ‘ဝင်းဦးယူရန်’တို့ မတွေ့ရသဖြင့် ခတ်နောက်နောက်မိန်းမတွေ ထီသိတ်မထိုးတာများလားဟု တွေးမိပါသည်။
ထီဆိုင်ကြော်ငြာများလည်း ထိုခေတ်ထုတ်မဂ္ဂဇင်းနှင့်စာစောင်တို့တွင်တွေ့ရပါသည်။ အောင်ဆုပန်တို့ ကန်တော်ကြီးတို့ ကန်တော်လေးတို့လို ထီဆိုင်ကြီးများမှာ လူသိများပါသည်။ မောင်းကလေးတွေထုပြီး လက်တွန်းလှည်းဖြင့်ရောင်းသည့် ထီသည်လေးများလည်း ဈေးပေါက်ဝနှင့်လူစည်သည့်နေရာများတွင် တွေ့ရတတ်ပါသည်။ ရပ်ကွက်ထဲအထိ လည်ရောင်းသည့် ထီသည်များလည်းရှိပါသည်။
မဂ္ဂဇင်းတစောင်တွင် ကာတွန်းဦးဘဂျမ်းဆွဲသည့် အောင်ဆုပန်ထီဆိုင်ကြော်ငြာကို ကျွန်တော် ယခုတိုင် မှတ်မိ နေပါသေးသည်။ ကာတွန်းထဲတွင် လူ ၄ ယောက်ပါပြီး နှစ်ယောက်မှာ စိန်တွေရွှေတွေဝတ်ထားသည့် အဘိုးကြီး အဖွားကြီးအရွယ် မိဘလင်မယားဖြစ်ပါသည်။ အဘိုးကြီးက ပါးစပ်ကိုလက်ဖြင့်ကွယ်ပြီး အဖွားကြီး နားနားကပ်ကာ တိုးတိုးပြောနေဟန်ဖြစ်ပါသည်။ နောက်တယောက်မှာ မိန်းမပျိုလေးဖြစ်ပြီး မှန်တင်ခုံတွင်အလှပြင်နေပါသည်။ အခြားတယောက်မှာ ယောက်ျားပျိုတယောက်ဖြစ်ကာ တိုက်ပုံအိတ်ထောင်ထဲမှ ထီလက်မှတ်တစောင် တပိုင်းတစ ထွက်နေပါသည်။ အဘိုးကြီး ပြောနေသည့် ကာတွန်းပါစာသားက “ရှူးတိုးတိုး၊ စကားကိုအပြတ်မပြောနဲ့ကွ၊ သူ့အိတ်ထဲမှာ အောင်ဆုပန်က ထီလက်မှတ်မြင်တယ်”ဟုဖြစ်ပါသည်။
ကျွန်တော်တို့အိမ်ဘေးနားက အလယ်တန်းပြကျောင်းဆရာသည် ထီအလွန်ထိုးပါသည်။ သူ့လခနှင့် ထီဖိုးတောင် ကာမိသလားမပြောတတ်ပါ။ ထီထွက်လျှင် ပေါက်စဉ်ဝယ်တိုက်ကြည့်ရတာလည်း အမောဖြစ်ပါသည်။ ထို့နောက် ထီလက်မှတ်တွေရော ပေါက်စဉ်ကိုပါ ကျွန်တော်တို့အိမ်ဘေးက ရေစီးမြောင်းတွင် အပုံံလိုက်လာပစ်တတ်ပါသည်။ ကျွန်တော်တို့က ထို ထီလက်မှတ်ဟောင်းများကိုကောက်၍ ပိုက်ဆံလုပ်တမ်း ကစားကြပါသည်။ ထီထိုးရင်းတိုက်ဖို့ မေ့ရင်းမှာ သူ့အတွက်မဟုတ်ပါ။
ထိုခေတ်က ထီကို လောင်းကစားသဘောထိုးကြသည်ဟု မထင်ပါ။ သို့သော် တရုတ်တန်းတွင် နှစ်လုံးတိုက် သုံးလုံးတိုက်စသည်ဖြင့် ထီလောင်းကစားရှိကြောင်း လူကြီးတွေပြောသံကြားဖူးပါသည်။ ဗမာပြည်တွင် ထီဘယ်အချိန်ကစပေါ်မှန်း ကျွန်တော်မသိသော်လည်း ရတနာပုံခေတ်က ဘုရင့်ဘဏ္ဏာတိုက်ငွေခမ်းသဖြင့် ထီလက်မှတ်တွေထုတ် ရောင်းပါသည်။ လူတွေက ဆင်းရဲသည့်ကြားမှ ထီအလွန်ထိုးကြပါသည်။ ထို့ကြောင့် လောင်းကစားသဖွယ်ဖြစ်လာပြီး နောက်ဆုံးတွင် ထီရုံတော်များပိတ်ပစ်ရသည်အထိဖြစ်ခဲ့သည်ဟု ဖတ်ရဖူးပါသည်။
တကယ်တော့ ထီဆိုသည်မှာ ရောင်းရငွေအားလုံးထဲမှ အစိုးရက အတိုင်းအတာတခုအထိ ဖြတ်တောက်ယူပြီးမှ ကျန်ငွေကို ဆုအဖြစ်ပြန်ပေးသည့် ငါးကြင်းဆီနှင့် ငါးကြင်းကြော်နည်းဖြစ်ပါသည်။ ဘယ်သူတွေ ထီပေါက်ပေါက် မပေါက်ပေါက် အစိုးရကတော့ အမြတ်ထွက်သည်ချည်းပင်။ ထီပေါက်ပြီး လက်မှတ်ပျောက်သူများ၊ ပေါက်လို့ ပေါက်မှန်း မသိသူများ၊ လာမထုတ်သည့် ထီဆုငွေများကိုလည်း နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းပစ်လိုက်ပါသည်။
ကျွန်တော့်ဘဝတွင် ထီတခါထိုးဖူးပါသည်။ အိပ်မက်တွင် ထီပေါက်ကြောင်း အမေ့ကိုပြောပြသည့်အခါ “ရော့ သွားထိုးကြည့် ပေါက်လည်း တစောင်တည်းကပေါက်တာ”ဟုပြောပြီး ငွေနှစ်ကျပ်ထုတ်ပေးပါသည်။ မပေါက်ပါ။ နှစ်ကျပ် ပလုံသွားပါသည်။ အတိတ်ကို ဘာရေးမိမှန်းလည်း မမှတ်မိတော့ပါ။
ထီကို လူအများစုကြီးက ကံစမ်းထိုးကြတာဖြစ်ပါသည်။ ပေါက်ဖို့ကံပါလာရင် ပေါက်မှာပဲဟုယုံကြပါသည်။ ထီသည် လူချမ်းသာများအဖို့ ပမာပြုစရာမရှိသော်လည်း လူဆင်းရဲများအဖို့ ထွက်ပေါက်လည်း ဖြစ်နိုင်ပါသည်။ ထီကို လူဆင်းရဲများက ပိုထိုးကြသည်လားတော့ ကျွန်တော်မပြောတတ်ပါ။ ထိုးတော့ ထိုးကြပါသည်။
ကျွန်တော်အခု ကံစမ်းရန် ပါဝါဘောလ်တစောင်လောက် ဝယ်ထိုးဖို့ တွေးနေမိပါသည်။ ပေါက်ခဲ့လျှင်ဘာလုပ်မည်ဟု မတွေးထားသေးသော်လည်း မပေါက်ခဲ့ရင် နှစ်ဒေါ်လာဆုံးမှာဟုတွေးမိပါသည်။ ဆုံးကာမှဆုံးရော ကျွန်တော့် နှစ်ဒေါ်လာဖိုးတော့ ထိုးပါမည်။ အမေပြောသလို ‘ပေါက်တော့လည်း တစောင်တည်းကပေါက်တာ” မဟုတ်လား။
မျိုးမြင့်ချို။ နိုဝင်ဘာ ၈။ ၂၀၂၂
0 comments:
Post a Comment