Thursday, February 5, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၈)
(၆)

ဟိုင်နန်ကျွန်းတွင် ကျနော်တို့ စစ်ပညာသင်ကြားရာတွင် ကျနော်တို့အဖွဲ့တွင် ဂျပန်အရပ်သား (၅)ယောက်လောက်လည်း ပါဝင်သည်။ သူတို့က ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲ ဗော်လံတီယာပါဝင်လိုသူတွေ ဖြစ်သည်။ ၎င်းတို့အထဲတွင် ဂျပန်စစ်သားဟောင်း စစ်ပြန်အသက် (၃ဝ)အရွယ် မစ္စတာ“ဟထရိ” ဆိုသူလည်း ပါဝင်သည်။ (ထိုသူတွေကို နောက်ပိုင်းတွင် ကျနော်တို့မတွေ့ရတော့ပေ)

ဟိုင်နန်ကျွန်းတွင် ကျနော်တို့ကို ဂျပန်များသင်ကြားပေးသော စစ်ပညာဘာသာရပ်များမှာ အောက်ပါတို့ ဖြစ်သည်။
(၁) အခြေခံစစ်ရေးပြလှုပ်ရှားမှုများ
    (က) လက်နက်မပါ စစ်ရေးပြလှုပ်ရှားမှု
    (ခ)  လက်နက်ပါ စစ်ရေးပြလှုပ်ရှားမှု
(၂) တိုက်ပွဲ။ ကွင်းပြင်စစ်ရေးတိုက်ပွဲများ။ လေ့ကျင့်မှုများ
    (က) ကိုယ်စီတိုက်ပွဲ
    (ခ)  တပ်စိတ်တိုက်ပွဲ
    (ဂ)  တပ်စုတိုက်ပွဲ (အများဆုံး)
    (ဃ) တပ်ခွဲတိုက်ပွဲတို့ကို လေ့ကျင့်သင်ကြားရသည်။
(၃) ည တိုက်ပွဲများ (အဓိက တခုထှုား သင်ကြားသည်။)
(၄) စစ် မြေပုံတိုက်ပွဲများ
    (က) တပ်ရင်းတိုက်ပွဲ
    (ခ)  တပ်မဟာတိုက်ပွဲ
    (ဂ)  တပ်မတိုက်ပွဲ
    (ဃ) အခြားတိုက်ပွဲများ
(၅) စစ်လက်နက်များ
    (က) လက်နက်ငယ်များ (ခြေလျင်တပ်ခွဲသုံးလက်နက်များ)
    (ခ)  လက်နက်ကြီးများ (စိန်ပြောင်း- အလတ်။ အကြီး။ အမြောက် - တင့်ကားပစ်။ ရိုးရိုးမြေပြင်ပစ်အမြောက်။ တပ်မသုံးအမြောက်)
(၆) အင်ဂျင်နီယာလုပ်ငန်း
    (က) တံတားဆောက်ခြင်း၊ (၎င်းမှာ ချောင်းငယ်များ မော်တော်ကားဖြတ်ရန်။ တောသစ်ပင်တို့ဖြင့် ဖြစ်သလိုယာယီတံတားထိုးခြင်း)
    (ခ)  မိုင်းများခွဲခြင်း
(၇) အထွေထွေ
    (က) ရေကူးခြင်း စသည်များ ဖြစ်သည်။
(၈) စစ်ရေးဆိုင်ရာစိတ်ဓာတ်သွင်းပေးခြင်း
    (က) စစ်သားကောင်းစိတ်ဓာတ်၊
            · အနိုင်မခံ အရှူံးမပေး ရဲရင့်ကြံ့ခိုင်သောသူရသတ္တိစိတ်ဓာတ်၊
            · အမိန့်နှင့်စည်းကမ်းကို လိုက်နာသောစိတ်ဓာတ်၊
    (ခ)  မိမိလက်နက်ကိုမိမိ အသက်လို ရိုသေဂရုစိုက်သောစိတ်ဓာတ်စသည်တို့ဖြစ်သည်။

(၇)
ဟိုင်နန်ကျွန်း ဂျပန်စစ်သင်တန်း စတင်ခြင်းနှင့်ပြင်းထန်ပင်ပန်းဆင်းရဲခြင်း၊

ကျနော်တို့ ပထမအစီအစဉ်မှာ (၃)လမျှ စစ်သင်တန်း အပြင်းအထန်သင်ကြားပြီး မြန်မာပြည်ပြန်၍ အင်္ဂလိပ်တို့နှင့် လွတ်လပ်ရေးအတွက် ပြောက်ကျားစစ်ဆင်နွှဲရန်ဟု နားလည်ထားကြသည်။
ကျနော်တို့သည် သာမန်အားဖြင့် နှစ်နှင့်ချီ၍သင်ကြားရမည့် အထက်ဖော်ပြပါစစ်ပညာများကို အချိန်တိုအချိန် (၃)လနှင့် တက်သုတ်ရိုက်ပြီး အပြင်းသင်ကြားရမည် ဖြစ်သည်။
ကျနော်တို့ ဟိုင်နန်ကျွန်းစစ်သင်တန်းကို ၁၉၄၁ ခုနှစ် မေလအလယ်လောက်က စတင်ကြသည်ထင်ပါသည်။ ထို့ကြောင့် ကျနော်တို့သည် အချိန်ကိုလုပြီး စားချိန်။ အိပ်ချိန်အနည်းငယ်ကလေးမှတပါး နေ့ရောညပါ ဒလစပ် သင်ကြားရ၏၊ နံနက်မိုးလင်းစအချိန်မှ ညနေ နေဝင်ခါနီး အထိ ထမင်းစားချိန်မှအပ သင်ကြားရ၏၊ အချိန်လုပြီး အပြင်းအထန်သင်ကြားရသဖြင့် ကျနော်တို့မှာ များစွာပင်ပန်းကြရ၏၊ သို့သော် ကျနော်တို့မှာ စစ်ပညာကို အားတက်သရော ငန်းငန်းတက်လေ့လာကြ၏၊ ကျနော်တို့သည် ၁၃ဝဝ ပြည့် လွတ်လပ်ရေးတိုက်ပွဲအတွေ့အကြုံ အရ အင်္ဂလိပ်အောက်မှလွတ်လပ်ရေးရဖို့ ကျနော်တို့ အမျိုးသားစစ်တပ်ရှိဖို့လိုအပ်သည်မဟုတ်ပါလား၊ စစ်တပ်ဖွဲ့ဖို့ ဂျပန်သို့စစ်ပညာသင်ရန် ခဲခဲယဉ်းယဉ်းစွန့်စွန့်စားစားလာခဲ့ကြသည် မဟုတ်ပါလား၊ ထို့ကြောင့် ဘယ်လောက်ပင်ပန်းပင်ပန်း ကျနော်တို့အလုအယက် ကြိုးစားပြီးသင်ယူ ကြသည်။

စစ်လေ့ကျင့်ခန်းများတွင် အပင်ပန်းဆုံးလေ့ကျင့်ခန်းမှာ ဆုတ်ခွာထွက်ပြေးနေသောရန်သူကို အမိအရ လိုက်လံပြီးတိုက်ခိုက်ချေမှုန်းရသော လေ့ကျင့်ခန်းမှာ ခရီဝေးပြေးလွှားလိုက်ရသဖြင့် ကျနော်တို့အမောဆုံးအပင်ပန်းဆုံး ဖြစ်သည်။ ဤကဲ့သို့သောစစ်လေ့ကျင့်ခန်းတခုအကြောင်း (၁၄)ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ်ရေးသားခဲ့သော “ဖက်ဆစ်တော်လှန်ရေး” ဟူသောဆောင်းပါးတွင် ကျနော် ရေးသားထားပုံတခုမှာ (၂ဝ/၆/၄၁) နေ့ ကျနော့်ဒိုင်ယာရီတွင် ကျနော်တို့ ၁၅ ကီလို (၁ဝ မိုင်) မျှလမ်းလျှောက်ချီတက်ပြီး(၅ မိုင်)ရှည်လျား သော တိုက်ပွဲလေ့ကျင့်ခန်းတခုနှင့် ပတ်သက်၍နိဂုံးတွင်ရေးသားထားသည်မှာ “ ဤတိုက်ပွဲသည် ကျုပ်တို့အလွန်ကျေနပ်သည်။ ဤမျှ ရှည်လျားစွာ မရပ်မနားဘဲတိုက်ခဲ့ရသည်။ ကမ္ဘာပေါ်တွင်ဘယ်စစ်သားမှ မကြောက်တော့ပေ၊ ဂျပန်အကောင်းဆုံးစစ်သားမစ္စတာ ဟထရီပင် နောက်ဆုံးနေရာကို အားခဲပြီးလာရသည်။ ဗမာပြည်အတွက် ဝမ်းမြောက်သည်။ ကျုပ်တို့ပင်ပန်းသဖြင့်ကျရသော ချွေးပေါက်သည် ဗမာပြည် အတွက် အေးချမ်းဖို့အရိပ်အယောင် မိုးရေမိုးပေါက်ဖြစ်ရချေမည်၊ ကျုပ်တို့ ထိုလေ့ကျင့်ခန်းကို အကျေနပ်ကြီးကျေနပ်သည်။ ဗမာအားလုံး ၅ မိုင် စစ်တလင်းအဆုံးကို အတူတူရောက်ကြသည်။ အထူးသဖြင့် သခင်အောင်ဆန်း၏ ဇွဲသတ္တိကို လူတိုင်းဝမ်းထဲက ကျေနပ်ကြသည်။
စစ်တန်းလျားသို့ရောက်သောအခါ ၇ နာရီ ထိုးနေပြီ၊ ၎င်းလေ့ကျင့်ခန်းမှာ နံနက် (၉) နာရီခွဲတွင် စ၍ ည ၇ နာရီပြီးသည်။” ဟု ရေးထား ပါသည်။

လက်နက်ကိုင်ရပြီ၊

ဟိုင်နန်ကျွန်းစစ်သင်တန်းတွင် ကျနော်တို့ လက်နက်စပြီးကိုင်ရသောနေ့ကို ကျနော်တို့အမှတ်ရနေ၏၊ ထိုကိစ္စ ၁၄ ကြိမ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ ကျနော့်ဆောင်းပါးတွင် ကျနော်ရေးသားထားပုံမှာ “ကျနော်တို့စစ်သင်တန်းစ၍ဆင်းပြီး တပတ်လောက်ကြာသောအခါ(၄ မိုင်) မျှဝေးသော ဂျပန်ရေတပ်မှ ကျနော်တို့ကိုင်စွဲရမည့် လက်နက်သေတ္တာကြီးများကိုထမ်း၍ လက်နက်တိုက်သို့သွင်းရ၏၊ လက်နက် ကိုင်ရတော့မည်ဖြစ်၍ ကျနော်တို့ရဲဘော်များဝမ်းမြောက်နေကြ၏၊ နောက်နေ့တွင် စစ်လေ့ကျင့်ခန်းဆင်းရန် စစ်သားတယောက်အဖြစ် ကိုယ်ပိုင်ကိုင်စွဲရမည့်ရိုင်ဖယ်သေနတ်များကို အခမ်းအနားဖြင့် လက်ခံယူရ၏၊”

“ထိုနေ့စစ်သင်တန်းမှ ခေတ္တရပ်ပြီး ရှိသမျှ ဝတ်ကောင်းစားလှများဝတ်ဆင်၍ လက်ခံရ၏၊ အမဲဆီများပေကျံနေသော ချက်ကိုစလိုဗက်လုပ် ရိုင်ဖယ်နှင့်လှံစွပ်များကို အစီအစဉ်ဖြင့် တဦးစီခေါ်၍ပေး၏၊ နေပူထဲတွင်တန်းစီ၍ အခမ်းအနားဖြင့်လက်ခံကြရ၏၊”

“ကျနော်သည် ပူအိုက်ပြီး ချွေးများစိုရွှဲနေသည်ကိုဂရုမပြုနိုင်။ လက်ထဲသို့ ပထမဆုံးရောက်လာသော ရိုင်ဖယ်သေနတ်နှင့်လှံစွပ်တို့အပြင် ပခုံးကြိုးသိုင်းတို့ကို လက်နှစ်ဘက်နှင့်ကိုင်လျက် မိမိတန်းစီရာသို့ ပြန်ရပ်နေ၏၊ ရဲဘော်အားလုံး မျက်လုံးများဝင်းတောက်နေကြ၏၊ ပျော်ရွှင် နေကြ၏၊ ကျနော့်မှာ ဝမ်းသာခြင်း တုန်လှုပ်ခြင်းဖြင့် ကတုန်ကယင်ဖြစ်ခဲ့၏၊ ယင်းကိုယခုအထိ သတိရနေမိ၏၊”

“ကျနော်တို့ လက်နက်ကိုင်ကြရပြီမဟုတ်လား၊ ဤလက်နက်သည် ဘယ်သူကပေးပေး။ ဘယ်ကရရ အကြောင်းမဟုတ်၊ ဤလက်နက်ဖြင့် နယ်ချဲ့စနစ်ကြီးကိုတိုက်ရဖို့သာလျှင် မဟုတ်လော၊ ဤလက်နက်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး လက်နက်ကိုင်တိုက်ပွဲ အတွက် မျိုးစေ့ပင်မဟုတ်ပါလော၊”

ဂျပန်များက ကျနော်တို့ကိုပြောသည်မှာ မိမိလက်နက်ကို အမြဲရိုသေလေးစားစွာကိုင်တွယ်ရန်နှင့် အမြဲသန့်ရှင်းစင်ကြယ် ပြောင်လက်နေ အောင် တိုက်ချွတ်ထိန်းသိမ်းထားရမည်ဟု ဖြစ်ပါသည်။ ကျနော်တို့ လက်နက်ကိုင်ရပြီးနောက် မကြာခဏ ဂျပန်ဆရာတို့က လက်နက် စစ်ဆေးပွဲများ လုပ်တတ်သည်။ မိမိလက်နက် ပြောင်လက်သန့်ရှင်းနေပြီး သေနတ်ပြောင်းကို ထောင်ကြည့်သောအခါ သေနတ်ပြောင်းဟာ ပြောင်လက်နေရမည်၊ မဲမှောင်နေသော အကွက်မရှိရ၊ နောက်ဆုံး လက်နက်မသန့်ရှင်းလျှင် ကိုင်စွဲသူမှာ စစ်သားကောင်းမပီသဟူသော အယူအဆဖြင့် ထိုသူ၏ဂုဏ်သိက္ခာပင် ထိခိုက်စေတော့သည်။
လက်နက်ရိုသေမှုနှင့် ပတ်သက်၍ ကျနော်တို့ ယခုအထိစွဲမှတ်နေသောအဖြစ်အပျက်တခုကို ကျနော်မှတ်မိနေ၏၊ တနေ့စစ်လေ့ကျင့်ခန်းတွင် ကျနော်တို့ထဲမှ ရဲဘော်တယောက် သူကိုင်သောစက်သေနတ်ကလေးမှ ဝက်အူတခုပြုတ်ကျပြီး လက်နက်မှာ ကိုင်လို့မကောင်းဖြစ်နေ၏၊ ထိုရဲဘော်က ထိုကိစ္စကို ထိတ်လန့်စွာနှင့်သတင်းပို့၏၊ ဤတွင် ဆရာက သင်တန်းတခုလုံးကိုရပ်စဲစေပြီး ထိုဝက်အူကလေးကို ရှာဖွေရန် လုပ်တော့၏၊ ကျနော်တို့စစ်လေ့ကျင့်နေသော ဘောလုံးကွင်းလောက်ကျယ်သည့် မြေကွက်လပ်ပေါ်တွင် ကွက်လပ်အစွန်းတဖက် နှုတ်ခမ်းစပ် တွင် ကျနော်တို့အားလုံး လက်တကမ်းတန်းစီရပ်ပြီး မြေကြီးပေါ်လေးဘက်ထောက်စေကာ မိမိရှေ့တည့်တည့်ကွက်လပ်မြေကြီးပေါ် လက်ဖြင့် ကိုင်တွယ်စမ်းသပ်စေပြီး တဖြည်းဖြည်း လေးဘက်ထောက်သွားကာ ရှာဖွေခိုင်း၏၊ ကွက်လပ်ဆုံး၍မတွေ့သေးရင် ကျန်သေးသော ကွက်လပ် ဘက်သို့ တဆင့်တိုးချဲ့တန်းစီပြီး လေးဘက်ထောက် ချီတက်ရှာဖွေခိုင်း၏၊ ဤနည်းဖြင့် ကွင်းအဆုံးနားရောက်သောအခါ ထိုဝက်အူကို ရဲဘော် တယောက်က ရတော့၏၊ ဤတွင်မှ လက်နက်ရှာဖွေရေးလုပ်ငန်းပြီးတော့၏၊

လက်နက်ကို ရိုသေလေးစားမှုမှာ အရေးကြီး၏၊ စစ်ပွဲတွင်လက်နက်တခုချွတ်ယွင်းသွားလျှင် ထိုလက်နက်ကိုင်သူ ရဲဘော်သာ ကြီးစွာထိခိုက် သွားရုံမက တခါတရံအဆင်မသင့်လျှင် တတပ်လုံးနှင့်စစ်ပွဲကိုပါ ထိခိုက်နိုင်သည်ဖြစ်၍ မိမိလက်နက်ကို မိမိအသက်လို ဂရုစိုက်ထိန်းသိမ်း စေရ၏၊

“၁၄ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့”ကျနော်၏ဆောင်းပါးတွင် အောက်ပါအတိုင်းရေးသားထားသည်ကို ဖော်ပြလိုက်ပါသည်။
“ထိုအတွင်း (ဟိုင်နန်ကျွန်း စစ်သင်တန်းအတွင်း) ဂျာမဏီက ရုရှားကိုစစ်ကြေညာကြောင်း သတင်းကြားရ၏၊ ဂျပန်ဆရာများ မျက်နှာ မကောင်းလှ၊ ၎င်းတို့သည် ၁၉၃၆-၃၉ ခုနှစ်များအကြားတွင် ရုရှားတို့နှင့် မွန်ဂိုးလီးယား-မန်ချူးနယ်စပ်တို့ နယ်ခြားစစ်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ဖူး၏၊ ထိုကတည်းက ရုရှားတို့ကို တုန်လှုပ်ခဲ့ဟန်တူ၏၊ ၎င်းတို့၏ အာရှစစ်ဆင်ရေး မူလအစီအစဉ်များကို ပြန်လည်ချိန်ဆနေရဟန်တူ၏၊ ထို့ကြောင့် ကျနော်တို့ ဗမာပြည်ပြန်ရေးပြဿနာမှာ တမျိုးတဖုံဖြစ်လာ၏၊ ယင်းနှင့်ပတ်သက်၍ ကျနော်၏မှတ်တမ်းတွင်….(၂၂/၆/၄၁) ဂျာမန်နှင့်ရုရှား စစ်ဖြစ်သောသတင်းကြားရ၏၊ ထိုကိစ္စကြောင့် ကျုပ်တို့လုပ်ငန်းကြီး ရှေ့မည်မျှရှည်လျားဦးမည်ကို မခန့်မှန်းနိုင်ချေ၊ ၎င်းတို့ ကိုယ်တိုင် ဝမ်းတွင်းသဘော အတော်စိုးရိမ်ပူပန်လျက်ရှိသည်။ သို့ရာတွင် ၎င်းတို့က ထိုကိစ္စဘာမှပူစရာမရှိ၊ ဂျာမဏီက ရုရှားကို လျင်မြန်စွာ နိုင်လိမ့်မည်၊ ကျုပ်တို့အလုပ်သာလုပ်ဟု ဟန်ပြစကားပြောသည်။

နောက်မကြာမီ မစ္စတာမီနာမီ (ဗိုလ်မိုးကြိုး)ဟိုင်နန်ကျွန်းသို့လာပြီး “ရုရှားဂျာမန်စစ်ကြောင့် ကမ္ဘာကြီးအလွန်အလုပ်ရှုပ်နေကြောင်း။ ကျနော်တို့စစ်သင်တန်းကို ရှေ့သို့တိုးပြီးသင်ကြားရမည်”ဟုပြောသွားသည်။ ဤကိစ္စကိုထိုစဉ်က ကျနော်တို့ပူပင်သောကရောက်ခဲ့ရသည်။ အကယ်၍ တစုံတခုသောအကြောင်းကြောင့် ကျနော်တို့ကို(ဗမာပြည်) ပြန်မလွှတ်ခဲ့သော် လက်စတုံးဖျောက်ဖျက်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့အရိပ်အခြေကို ထိုစဉ်က အမြဲ အကဲခတ်နေခဲ့ရ၏၊”

ပြာတောကလူတွေ (မျိုးမြင့်ချို)

0 comments
(ပြာတောကလူတွေ)
ကျနော်တို့ငယ်ငယ်က ရှားမီးသကြားလုံးရှိပါသည်။ အလုံးကြီးများကြီးသလို ချိုလည်းချို မွှေးလည်းအလွန်မွှေးပြီး အရသာလည်းကောင်းပါသည်။ နယ်မှ အမျိုးများလာလည်လျှင် ရွှေတိဂုံကအစ တိရိစ္ဆာန်ရုံအဆုံးလည်ပတ်ပြီး နောက်ဆုံးဂိတ်ထိုးသည့်နေရာများတွင် ရှားမီးမုန့်တိုက်လည်း ပါပါသည်။ ရှားမီးကိတ်၊ ဖွာလူဒါနှင့်မုန့်မျိုးစုံမှာ ရန်ကုန်ရောက်လျှင်စားကြမည့်အစား စာရင်းတွင်ပါပါသည်။ “ရှားမီးမှာလည်းသွားစားမယ် ရုပ်ရှင်လည်းပြမယ်”ဟု သီချင်းထဲ ထည့်စပ်ရလောက်အောင် နံမည်ကြီးပါသည်။ ပြည်သူပိုင်အသိမ်းရခံလိုက်ရသောအခါ ရှားမီးသည် သကြားခဲကြီးသက်သက်ဖြစ်သွားပါသည်။ ချိုရုံထက် မပိုတော့ပါ။ ထို့နောက် သိတ်မကြာလိုက် ကော်ဖီသကြားလုံး လိမ္မော်သကြားလုံး ဒူးရင်းသကြားလုံးစသည်ဖြင့် ပလပ်စတစ်အခွံလှလှလေးများပတ်ထားပြီး အတွင်းသားအနှစ်နေရာတွင် စေးပျစ်ပျစ်ယိုလေးများပါသည့်သကြားလုံးများ ဝင်လာပါသည်။ ဈေးလည်းပေါပါသည်။ စားလို့လည်းကောင်းပါသည်။ အရသာနှင့်အနံ့လည်း အစုံရှိပါသည်။ ရပ်ကွက်ထဲက စတိုးဆိုင်ပေါက်စလေးတိုင်းတွင် ဖန်ပုလင်းကြီးများနှင့် ထည့်ထည့်ပြီးရောင်းပါသည်။ နောက်တော့ တုတ်ထိုးသကြားလုံးတို့ ဘာတို့တွေပါပေါ်လာပါသည်။ ဤတွင် “ချစ်ချစ် တို့ချစ်ခြင်း ယိုးဒယားသကြားလုံးများထက် စားလို့ချိုတယ်”ဟု သီချင်းလည်း ထွက်လာပါသည်။

ကျနော်တို့ငယ်ငယ်က ဆွဲခြင်းဆိုသည်မှာ ကျောင်းဆရာမသင်္ကေတဖြစ်ပါသည်။ ဖက်ရှင်မဟုတ်ပါ။ ဆွဲခြင်းမှာမှ ကြိမ်ခြင်း မာမာတောင့်တောင့်လေးများဖြစ်ပါသည်။ ဆရာမကိုင် သီးသန့်ယက်တာလည်းဖြစ်ပါလိမ့်မည်။ ထောင့်ကျကျမို့ အထဲတွင် သတ္ထုထမင်းဗူး၊ ကွန်ပါဗူး၊ ပေတံ၊ ဖြေဖြူဖာ စသည်တို့ မကျိုးမကြေမပွန်းမပဲ့ထည့်လို့ ရပါသည်။ ကျနော်တို့ကြောက်သည့်ကြိမ်လုံးလည်း ပါတတ်ပါသည်။ အမေကိုင်သည့် ဈေးဝယ်ကြိမ်ခြင်းကြတော့ လက်ကိုင်မှလွဲ၍ ပျော့စိစိနှင့် လျော့တိလျော့ရဲကြီး ဖြစ်ပါသည်။ ဈေးမှပြန်လာလျှင် ခြောက်ထောင့်ကွက်လိုယက်ထားသည့် အပေါက်လေးများမှ အမေ ဘာတွေဝယ်လာသည်ကို မြင်ရပါသည်။ အသားငါးများမှာ အောက်ဆုံးမှနေပြီး နံနံပင်လို ကန်စွန်းရွက်လိုအရွက်များမှာ အပေါ်ဘက်တွင် ထိုးထိုးထောင်ထောင်နေပါသည်။ ကြိမ်လုပ်ငန်းတွင် လက်ဆွဲခြင်းထုတ်လုပ်မှုပမာဏ သေးမည်မထင်ပါ။ နောက်တော့ ပလပ်စတစ်လက်ဆွဲခြင်းတွေ ပေါ်လာပါသည်။ ဆရာမကိုင်၊ အိမ်ရှင်မကိုင်၊ ရုံးစာရေးမကိုင်၊ စက်ရုံအလုပ်သမကိုင် စသည့်ဖြင့် ဒီဇိုင်းစုံ အရောင်စုံ လှတပတလေးများဖြစ်ပါသည်။ တချို့ခြင်းလေးတွေဆိုလျှင် အဖုံးလေးများပါပြီး အဖွင့်အပိတ်ပင် လုပ်လို့ရပါသည်။ ထိုအခါ ကြိမ်ဆွဲခြင်းယက်ဆရာတို့က ပလပ်စတစ်ခြင်းလက်ကိုင်နှင့်အနားကို ကြိမ်ကွပ်သည့်အလုပ် ပြောင်းလုပ်ကြပါသည်။ ဤတွင် ဆရာမ အများလည်း ပလပ်စတစ်ခြင်းဘက် ရောက်ကုန်ကြပါသည်။ တခါတခါ ခြင်းများထွေးနေသဖြင့် ဘယ်သူကဘာဟု အခွဲရခက်တတ်သော်လည်း အစိမ်းအဖြူဝတ်ထားလျှင်မူ ဆရာမမှန်းသိသာပါသည်။ အဝေးပြေးကားလမ်းများတွင် ခြင်းကိုင်၍ ကိုယ်ရောင်းစားရသည့် ဘဝများလည်းရှိကြပါသည်။

ကျနော်တို့လူပျိုပေါက်လောက်က ဇီးရိုးဇီးရီုးဆဲဗင်န်းဟုခေါ်သည့် အတွင်းခံဘောင်းဘီများ ခေတ်စားခဲ့ဖူးပါသည်။ နိုင်လွန်သား အရောင်စုံ အစင်းကျားလေးများဖြစ်ပြီး အလွန်လှပါသည်။ ရှေ့ဘက်တွင် 007 ဂျိမ်းစ်ဘွန်းသေနတ်ကို ဖေါင်းကြွဖော်ထားသည့်သတ္ထုပြားလေးနှင့် ကွင်းလေးလည်းပါပါသည်။ တထည်ခြင်းစီကို နှိပ်စေ့တပ် ပလပ်စတစ်အိပ်ဖြင့်ထည့်ပြီး အိပ်အပေါ်တွင် “ရနောင်းမြို့မှ တစ်ဦးတည်းကိုယ်စားလှယ် မခင်ရီမှတင်သွင်းသည်”ဟု ရေးထားပါသည်။ ယောက်ျားဝတ်လား မိန်းမဝတ်လားမသိသော်လည်း အမျိုးသားရော အမျိုးသမီးများပါ ဝတ်ကြသည်ဟုထင်ပါသည်။ ချုပ်ရိုးခိုင်ပြီးအသားထူသဖြင့် ဒူပေဒါပေခံပြီး တထည်ဆို ဆိုသလောက် မုန်းအောင်ဝတ်ရပါသည်။ ဈေးလည်း တော်ပါသည်။ သို့သော် အလွန်ပူပါသည်။ ရယ်စရာပြောတတ်သည့် ကျောင်းဆရာက “နွေရာသီမှာ ထက်ထရွန်ပုဆိုးနဲ့ အဲ့ဒီဘောင်းဘီခံဝတ်လို့ကတော့ ကြက်ဥပြုတ်သလိုနေသည်”ဟု အရွှန်းဖေါက်ပါသည်။ ကျနော်တို့က ရေကူးဘောင်းဘီဟုခေါ်ပြီး ကျောင်းပြေး ရေကူးတိုင်း သူနှင့်ကူးကြပါသည်။

ကျနော် ဆေးလိပ်သောက်တတ်စလောက်မှာ ဂက်စ်မီးခြစ်တွေပေါ်လာပါသည်။ ကျနော်တို့အိမ်ဘေးမှ သနပ်ဖက်နှင့် လက်စဉ်းဆေးရိုးနှင့် လက်လုပ်ဖင်စီခံလုံးနှင့် သတင်းစာစက္ကူကြီးပတ်ကာ ကိုယ်ပိုင်ဆေးပေါ့လိပ်အကြီးစားကြီး လိပ်လိပ်သောက်သော ဒေါ်ကြည်ဆိုသည့်အမယ်ကြီးတွင် ၆ နှစ်သားကလေး လက်ထွာဆိုင်ခန့်ဗျက်ကျယ်သည့် ကြေးဝါမီးခြစ်ကြီးရှိပါသည်။ ပတ်လည်တွင် ဗုဒ္ဓဝင်ထဲကပုံတွေဖော်ထားပြီး ကနုတ်တွေ ခြူးပန်းခြူးနွယ်တွေနှင့် အလွန်လှပါသည်။ လေးလည်း အလွန်လေးပါသည်။ ထူးခြားသည်မှာ မီးခြစ်တိုင် (မဏ္ဍိုင်)၃ တိုင်ရှိပြီး အလယ်တွင် မီးဇာတပ်ထားခြင်းဖြစ်ပါသည်။ ဘယ် မီးခြစ်တိုင်ကခြစ်ခြစ် မီးဇာမီးကူးပြီးတောက်ပါသည်။ အပေါ်ပိုင်းအရစ်နေရာမှ ဖွင့်ကြည့်လျှင် အတွင်းထဲမြင်ရပြီး ဓာတ်ဆီဝနေသည့်ဆန်စေ့များ အပြည့်ရှိပါသည်။ “ဆန်တွေက ဘာလို့ ထည့်ရတာလဲ ခါလာ” ဟု ကျနော်မေးတော့ “ဓာတ်ဆီ အကြာကြီးခံအောင်”ဟုပြန်ဖြေတာ မှတ်မိပါသည်။ ဓာတ်ဆီထည့်ရ မီးဇာလဲရ အလုပ်ရှုပ်တာမှန်သော်လည်း မီးခြစ်ကြီးမှာ စတိုင်ကျပြီး ဂန္တဝင်ဆန်ပါသည်။ ကျနော်ဂက်စ်မီးခြစ်မကိုင်ခင်က စက္ကူမီးခြစ်နှင့်သတ္ထုမီးခြစ် သုံးရပါသည်။ တချို့ကလည်း စက္ကူမီးခြစ်ကို သစ်သားမီးခြစ်ဟုခေါ်ပါသည်။ ခင်မောင်ထူးဆိုသည့်သီချင်းသည်က “ဘာကိုနင်ထင်သလဲ ငါဆိုလိုတာက ခြစ် ခြစ် မီးခြစ်ပါ။ သစ်သားမီးခြစ်ကလေးကို”ဟုဆိုတာ ကြားဖူးပါသည်။ ဂက်စ်မီးခြစ်တွေက လှသည်။ ပေါ့သည်။ ဝမ်းခြစ် ဝမ်းတောက်တွေဖြစ်သည်။ မီးတောက်အခြေမှ ပြာလဲ့လဲ့လေးကိုက အနုပညာဆန်သည်။ ဂက်စ်ကုန်လို့ ဖြည့်လျှင်ဖြည့်၊ မဖြည့်ချင်လျှင် လွှင့်ပစ်ပြီးအသစ်ဝယ်ရုံပင်။ စက်ရုံထွက်ကတည်းကထည့်ပေးလိုက်သည့်ဂက်စ် ကုန်ချိန်တွင် ကျောက်လည်းပါးသွားသလို မီးခတ်ဘီးကပန်းတွေလည်း ပျောက်သလောက်ဖြစ်ပြီ။ ဆိုတော့ သဘောက တခါသုံးမီးခြစ်။ ဘောလ်ပင်န်နှင့်
အခြားတခါသုံးပစ္စည်းများလို ရောင်စုံဂက်စ်မီးခြစ်ပျက်တွေလည်း တောင်ပုံရာပုံ။

နောက်တော့ တဖြည်းဖြည်းနှင့် ပလပ်စတစ်ယဉ်ကျေးမှုကြီး ရောက်လာပါသည်။ အချိုမှုန့်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ မိတ်ကပ်တွေ၊ လက်ပွေ့အိတ်တွေ၊ အဝတ်အထည်တွေ၊ ထီးဖိနပ်တွေ၊ လူသုံးကုန်ပစ္စည်းတွေ စသည်ဖြင့်စသည်ဖြင့် တောင်ဥက္ကလာ ၁ဝ ရပ်ဈေး၊ စိန်ဂျွန်းဈေး၊ လေဟာပြင်ဈေးနှင့် မင်္ဂလာဈေးတို့တွင် အယုဒ္ဓယပြည်ကြီး ရွှေ့လာသလားမှတ်ရအောင် မှောင်ခိုခေတ်ကြီး ဟီးဟီးထပါတော့သည်။ မှောင်ခိုလောကသားတို့ ကြီးပွားကြသည့်နည်းတူ စစ်ယဉ်တန်းများ၊ ကလသဖနှင့် အစိုးရယဉ်တန်းမောင်းသူများ၊ “လူကြီး”ကား မောင်းသူများပါမကျန် ရွှေခေတ် ရောက်ကြပါသည်။

ကျနော်တို့ငယ်ငယ်က ထိုင်းကို ယိုးဒယားဟုပဲခေါ်ကြပါသည်။ ဖာနိုင်ငံဟုခေါ်သူများလည်း ရှိပါသည်။ “သမီး မိန်းကလေးက မိဘကို ခန္ဓာကိုယ်ရင်းပြီးရှာကြွေးတာ ကုသိုလ်အရဆုံး အမွန်မြတ်ဆုံး”ဟု ယိုးဒယားမတွေကခံယူကြသည်ဟု ဘယ်သူကစ တည်ထွင်မှန်းမသိသည့် ပါးစပ်စကားလည်း အလွန်ကားပါသည်။ ပြီးတော့ အလောင်းဘုရားဝါးရင်းတုတ်တို့၊ ဘုရင့်နောင်က ဘယ်သို့ဘယ်ချမ်းသာတွေပြောပြီး လက်မောင်းကြွက်သားညှစ်သူ ခါးတောင်းမြှောင်အောင်ကျိုက်သူများလည်း ပေါပါသည်။

ကျနော်ကြီးလာတော့ ဗမာပြည်ကထွက်ပြေးပြီး ယိုးဒယားကိုရောက်လာပါသည်။ မဲဆောက်မှာနေသည့် ဘယ် ဗမာကမှ ထိုင်းကို ယိုးဒယားဟုမခေါ်ကြတော့ပါ။ အလောင်းဘုရားတို့ ဘုရင့်နောင်တို့ထက် ထိုင်းဘုရင်ကြီးကို ပြာနေအောင်ချစ်ကြသူများ ချစ်ကြပါသည်။ ချစ်ပြကြရသည့်ဘဝများလည်း ဖြစ်ပါသည်။ ဖူးခက်တို့၊ ဘန်ကောက်တို့၊ ချင်းမိုင်တို့တွင်တော့မသိ မဲဆောက်ကအနှိပ်ခန်း၊ ကာရာအိုကေဘားနှင့် ပြည့်တန်ဆာတန်း ရဲဝင်ဖမ်းပလားဆို အချုပ်ကားပေါ် မျက်ရည်လည်ရွဲနှင့်ပါသွားကြသည်မှာ မြန်မာပြည်ကမိန်းကလေးများဖြစ်တာ တွေ့ရပါသည်။ အစစချို့တဲ့ပြီး နွမ်းပါးသည့်ထိုင်းမလေးများလည်း ဖာဖြစ်ကြမှာသေချာပါသည်။ သို့သော် ကိုယ်ရင်းပြီး လုပ်ကြွေးရတာအမွန်မြတ်ဆုံးဆိုကာ မိဘကိုဖာခံကြွေးသည့် ထိုင်းသူဌေးသမီးများတော့ ရှိမည်မထင်ပါ။ အကာအကွယ်မဲ့ အထောက်အထားမဲ့ဘဝတွေနှင့် မြန်မာပြည်သား ၂ သန်းကျော်လောက် ယိုးဒယားမှာ သဏ္ဍန်စုံဖြင့် နိုင့်ထက်ကလူ အပြုခံနေရတာ လူတိုင်းသိသည်။ မထင် မထင်သလို ပစ်သတ် ရိုက်သတ် မသေ့တသေကို ကားတာယာစွပ်ပြီးမီးရှို့ထားသည့်အလောင်းကို ကိုယ်တိုင်လည်းတွေ့ခဲ့ဖူးသည်။ ဗမာပြည်တွင်ဒုက္ခမျိုးစုံခံခဲ့ရပြီး ထွက်ပြေးလာသည့် ဗမာပြည်သားဒုက္ခသည်တွေ ထိုင်းဘက်က ဒုက္ခသည်စခန်းတွေမှာပြည့်နေသည်။

ပြောရလျှင် ထိုင်းမှာ မြန်မာပြည်သားတွေ ဒုက္ခမျိုးစုံရောက်သည်။ သို့သော် ကိုယ့်အစိုးရကပေးသည့် ဒုက္ခထက်စာလျှင် ထိုင်းကပေးသည့်ဒုက္ခက ခံသာသည်။ ဒုက္ခချင်းအတူတူ ခံသာသည့်ဒုက္ခမို့ ယိုးဒယားမှာ မြန်မာပြည်သားတွေ ဒုက္ခခံနေရသည်။ ငရဲကလူတွေမို့ ပြာပူမှာ နွေးကြရသည့်ပမာပင်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂ဝ၁၅

Sunday, February 1, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၇)
(၅)

ကျနော်တို့ဒုတိယအသုတ် တိုကျိုမြို့တွင် တပတ်ခန့်လည်ပတ်ပြီးနောက် ထိုမှ ကျနော်တို့စစ်ပညာသင်ရမည့် တရုတ်ပြည်မှ ဂျပန်တို့သိမ်းပြီး တိုက်ယူထားသော ဟိုင်နန်ကျွန်းသို့သွားရန် ပြင်ဆင်ကြပါသည်။

ကျနော်တို့ကို စစ်ပညာသင်ရန် ဗမာပြည်မှခိုးထုတ်ကြသောဂျပန်အဖွဲ့၏ခေါင်းဆောင်မှာ စူဇူကီး(ခေါ်)ဗိုလ်မိုးကြိုး ဖြစ်ပါသည်။ ဂျပန်စစ်တပ်မှ ဗိုလ်မှူးကြီးတဦး ဖြစ်ပါသည်။

ကျနော်တို့ ဒုတိယအသုတ် ၇ ယောက်သည် ဟိုင်နန်ကျွန်းသို့ တိုကျိုမှဂျပန်ရေတပ်၏တိုက်လေယာဉ်ငယ်များဖြင့် သွားကြရသည်ထင် ပါသည်။ လေယာဉ်တွင် ကျနော်တို့အတွက်ထိုင်ခုံမရှိ ကြမ်းပေါ်တွင်လဲလျောင်းပြီးသာ စီးသွားရသည်။

ဟိုင်နန်ကျွန်းသို့ ကျနော်တို့ ၁၉၄၁ ခုနှစ် မေလ ၁ဝ ရက်မှာ ကောင်းစွာရောက်ကြသည်။ နောက်ကျနော်တို့ စစ်ပညာသင်ယူရမည့်စခန်းသို့ ကျနော်တို့ ရောက်ပါတော့သည်။ စခန်းတွင်ဂျပန်စစ်ပညာသင်ရန် စောစွာကတည်းကရောက်နေသော သခင်အောင်ဆန်း။ သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့နှင့် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်သို့ ပြန်ပြီးခေါ်ယူလာသော ၁၉၄၁ ခုနှစ် မတ်လအတွင်း ဂျပန်ပြည်သို့ ရောက်လာ ကြသည့် ကျနော်တို့အရင် ပထမအသုတ်မှလူများ သခင်လှဖေ (ဗိုလ်လက်ျာ)။ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)။ သခင်အေးမောင် (ဗိုလ်မိုး)။ သခင်ဗဂျမ်း(ဗိုလ်လရောင်) တို့ကို ဝမ်းမြောက်စဖွယ်တွေ့ရတော့သည်။ ဗမာပြည်သတင်းများ အပြန်အလှန်ပြောကြတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းပထမသုတ်မှလူများမှာ  ဟိုင်နန်ကျွန်းသို့ ၁၉၄၁ ခု ဧပြီလ အတွင်းကတည်းက ရောက်နေကြသည်။

ကျနော်တို့ စစ်ပညာသင်ယူရမည့်စခန်းမှာ ဟိုင်နန်ကျွန်းရှိ ဂျပန်ရေတပ်စခန်း၏အနောက် အတွင်းဘက် ၄ မိုင်လောက်ကွာသောနေရာ “စန်းယ”ဟူသောရွာအနီးတွင် ရှိပါသည်။ မော်တော်ကားလမ်း အကြမ်းရှိသည်။ ဂျပန်ရေတပ်မှ ရိက္ခာများကားဖြင့်သယ်ယူ စားသောက်ကြ ရပါသည်။

စခန်းတွင် အရှည်ပေ ၂၅ဝ အကျယ် ၃၅ပေလောက်ရှိ လူနေ ဗဟိုတန်းလျားကြီးတခုနှင့် လက်နက်ရုံ။ မီးဖိုချောင်အဆောင်။ ထမင်းစား ဆောင်။ ရေချိုးရန်နေရာ။ မြင်းဇောင်းကလေးတခု ရှိပါသည်။ ဗဟိုလူနေတန်းလျားကြီး၏ခေါင်းရင်းဘက် အစွန်ခန်းများတွင် ဂျပန်စစ်သင်တန်း ဆရာများနေပြီး ကျန်တန်းလျားကြီးအပိုင်းတခုလုံး ကျနော်တို့သင်တန်းသားများ နေထိုင်ကြပါသည်။ တန်းလျားကြီးတွင် တဖက်လျှင် ၁၅ ပေခန့် ကျယ်သော လူ နေနိုင်။ အိပ်နိုင်သော စင်မြင့်ရှည်ကြီး၂ ခု မျက်နှာချင်းဆိုင်ရှိပြီး အလယ်တွင် ၅ ပေလောက်ကျယ်သော လမ်းလျှောက်လမ်း ရှိပါသည်။ အောက်ခြေသမံတလင်း ခင်းထား၍ စင်မြင့်မှာ ၃ ပေ လောက်သာမြင့်ပါသည်။ အခန်းတွင်း စစ်သင်တန်း ပို့ချချက်များကို ထိုလူနေပြီး အိပ်နိုင်သောစင်မြင့်ပေါ်တွင် သင်ကြားပို့ချကြပါသည်။ ၎င်းလူနေစင်မြင့်ရှည်ကြီး၂ ခုပေါ်တွင် ဂျပန်တို့ လုပ်လေ့ လုပ်ထဖြစ်သော ကောက်ရိုးမွေ့ရာခင်းထား၍ နူးညံ့သန့်ရှင်း နေပါသည်။

ကျနော်တို့ စခန်းရောက်ပြီးမကြာမီ ချက်ချင်းလိုပင် (တတိယအသုတ်နှင့် စတုတ္ထအသုတ်များ မရောက်မီ) စစ်သင်တန်းများ စရန် စီစဉ် ပါတော့သည်။

ကျနော်တို့ သင်တန်းသားများကို ၃ ဖွဲ့ခွဲဖွဲ့လိုက်ပါသည်။ “ဒိုင်းအိပန်”ခေါ် ပထမအဖွဲ့။ “ဒိုင်းနိဟန်”ခေါ် ဒုတိယအဖွဲ့။ “ဒိုင်းစန်ပန်”ခေါ် တတိယအဖွဲ့တို့ဖြစ်ပါသည်။ ထို ၃ ဖွဲ့ခွဲထားသော်လည်း စစ်ပညာအခြေခံနှင့် တပ်စုတိုက်ပွဲ။ တပ်ခွဲတိုက်ပွဲစသော ကွင်းဆင်းစစ်လေ့ကျင့်ရေး တိုက်ပွဲများမှာ အတူတူတဖွဲ့တည်းသင်ကြားရပါသည်။

ဒိုင်းအိပန်ခေါ် ပထမတပ်ဖွဲ့သည် ဗဟိုအဓိကတိုက်ခိုက်ရေး ပင်မစစ်တပ်များကို ဖွဲ့စည်းခေါင်းဆောင်ရန်အတွက်ရည်ရွယ်ပြီး သမရိုးကျ ဆန်သောတိုက်ပွဲများကို အလေးထားသင်ယူရသည်။ ဒိုင်းနိဟန်ခေါ် ဒုတတိယတပ်ဖွဲ့သည် အဓိက ရန်သူ့နယ်အတွင်းလှုပ်ရှားရသော ပြည်တွင်းသူပုန်လှုပ်ရှားမှုအတွက်ပါရည်ရွယ်ပြီး မိုင်းခွဲဖျက်ဆီးသောအတတ်ပညာများ စုံစမ်းထောက်လှမ်းရေးနည်းပညာလုပ်ငန်းများပါ အထူးသင်ကြားပေးသည်။ ဒိုင်းစန်ပန်ခေါ် တတိယတပ်ဖွဲ့သည် တော်လှန်ရေးကိုဦးဆောင်နိုင်မှုအတွက် စစ်တပ်ဖွဲ့စည်းပုံများ စစ်ဘက် နယ်ဘက် အထွေထွေအုပ်ချုပ်ရေးဆိုင်ရာတို့ကို အထူးသင်ကြားပေးသည်။

ကျနော်တို့ ဂျပန်စစ်ပညာသင် ပထမအသုတ်နှင့် ဒုတိယအသုတ်တို့ စစ်ပညာသင်တန်းစတင်ပြီး မကြာမီပင် ဂျပန်စစ်ပညာသင် တတိယ အသုတ်ဖြစ်သော ကိုလှမောင် (ဗိုလ်ဇေယျ)။ သခင်စံမြ(ဗိုလ်တောက်ထိန်)။ သခင်ခင်မောင်ဦး(ဗိုလ်တာရာ)တို့၃ ဦး ကျနော်တို့စခန်း ဟိုင်နန်ကျွန်းသို့ ထပ်ပြီးရောက်လာသဖြင့် ကျနော်တို့နှင့်ရောနှောပြီး ကျနော်တို့နှင့် စစ်ပညာများဆက်သင်ရသည်။

ကျနော်တို့စစ်ပညာသင်ကြားမှု ၂ လလောက်ကြာပြီးသောအခါ ဂျပန်စစ်ပညာသင် စတုတ္ထအသုတ်ဖြစ်သော သခင်ထွန်းအုပ်။ သခင်ရှုမောင် (ဗိုလ်နေဝင်း)။ သခင်စံလှိုင်(ဗိုလ်အောင်)။ သခင်ထွန်းခင်(ဗိုလ်မြင့်ဆွေ)။ သခင်ငွေ(ဗိုလ်စောအောင်)။ သခင်သစ်(ဗိုလ်စောနောင်)။ သခင်ထွန်းလွင်(ဗိုလ်ဗလ)။ သခင်ကျော်စိန်(ဗိုလ်မိုးညို)။ ကိုလှ(ဗိုလ်မင်းရောင်)။ ကိုသန်းညွန့်(ဗိုလ်ဇင်ယော်)။ ကိုမောင်မောင်(ဗိုလ်ဉာဏ)။ ပေါင်း (၁၁)ယောက်တို့ နောက်ဆုံး ၁၉၄၁ ခုနှစ် ဇူလိုက်လတွင် ထပ်ပြီး ဂျပန်သို့ရောက်လာရာ ၎င်းတို့ထဲတွင် သခင်ထွန်းအုပ်မှလွဲ၍ ကျန်လူ (၁ဝ)ယောက်စလုံးတို့သည် စစ်ပညာသင်ယူရန် ဟိုင်နန်ကျွန်း ကျနော်တို့စခန်းသို့ ၁၉၄၁ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင်ရောက်လာပြီး ဂျပန်စစ်ပညာသင် ပထမ။ ဒုတိယ။ တတိယ အသုတ်တို့နှင့်ပူးပေါင်းပြီး စစ်ပညာများသင်ယူကြသည်။ ၎င်းစတုတ္ထအသုတ်မှာ ကျနော်တို့ ရှေ့ဦးအသုတ်များနှင့် မပူးပေါင်းမီ သူတို့ (၂)လလောက်နောက်ကျနေ၍ သူတို့ချည်းနောက်ကျနေသော စစ်သင်ခန်းစာများကို သီးသန့် (၂) ပတ်ကျော်လောက် အမြန်သင်ကြားပေးပြီးမှ ကျနော်တို့ရှေ့ဦးအသုတ်များနှင့်ပူးပေါင်းပြီး သင်ကြားရသည်။

နောက်သခင်ဗစိန်။ သခင်ထွန်းအုပ်တို့၏ တို့ဗမာသခင်အစည်းအရုံးမှ သခင်အောင်သန်း(ဗိုလ်စကြာ)သည် တဦးတည်းလိုက်ပို့သော ဂျပန်တဦးနှင့်အတူ ဟိုင်နန်ကျွန်းသို့ တတိယသုတ်မရောက်မီကလေးတွင် ရောက်ရှိလာပြီး ကျနော်တို့နှင့်လာပေါင်းကာ စစ်ပညာသင်သည်။

နောက်ကိုဆောင်း(ဗိုလ်ထိန်ဝင်း)မှာ ရဲဘော်သုံးကျိပ်တွင်(ဖော်မိုဆာတွင်ကွယ်လွန်ခဲ့သော) သခင်သန်းတင်နှင့်သခင်ထွန်းအုပ်တို့ကဲ့သို့ ဟိုင်နန်ကျွန်းသို့ ဂျပန်စစ်ပညာသင်ရန်ရောက်မလာဘဲ စစ်ပညာမသင်ဖြစ်ကြပေ၊

ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ယူရာတွင် အောက်ပါအတိုင်း တပ်ဖွဲ့(၃)ဖွဲ့။ ဖွဲ့စည်းပြီး စစ်ပညာသင်ယူကြသည်။
တပ်ဖွဲ့(၁) တွင် -သခင်အေးမောင်(ဗိုလ်မိုး)၊ သခင်ဗဂျမ်း(ဗိုလ်လရောင်)၊ သခင်စံလှိုင်(ဗိုလ်အောင်)၊ သခင်စံမြ(ဗိုလ်တောက်ထိန်)၊ သခင်လှမြို(ဗိုလ်ရန်အောင်)၊ သခင်ထွန်းလွင်(ဗိုလ်ဗလ)၊ သခင်ရွှေ(ဗိုလ်ကျော်ဇော)၊ သခင်စိုး(ဗိုလ်မြင့်အောင်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ ကိုအောင်သိန်း(ဗိုလ်ရဲထွဋ်)၊ ကိုလှ(ဗိုလ်မင်းရောင်)၊ ကိုမောင်မောင်(ဗိုလ်ဉာဏ)၊ ကိုသန်းညွန့်(ဗိုလ်ဇင်ယော်) တို့ ပါဝင်သည်။

တပ်ဖွဲ့(၂) တွင် - ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ သခင်စောလွင်(ဗိုလ်မင်းခေါင်)၊ သခင်သန်းတင်(ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ သခင်ခင်မောင်ဦး(ဗိုလ်တာရာ)၊ ကိုလှမောင်(ဗိုလ်ဇေယျ)တို့ ပါဝင်သည်။

တပ်ဖွဲ့(၃) တွင် - သခင်အောင်ဆန်း(ဗိုလ်တေဇ)၊ သခင်လှဖေ(ဗိုလ်လကျာ်)၊ သခင်အောင်သန်း(ဗိုလ်စကြာ)၊ သခင်ရှုမောင်(ဗိုလ်နေဝင်း) တို့ ပါဝင်သည်။
မှတ်ချက်(၁) - ဗိုလ်နေဝင်းကို တပ်မတော်သမိုင်းစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့၏ အဖွဲ့(၃)တွင် ထည့်ထားပါသည်။ ကျနော်မှတ်မိသလောက်က ဗိုလ်နေဝင်းဟာ တပ်ဖွဲ့(၂)  ပြည်တွင်းသူပုန်အဖွဲ့တွင်ပါဝင်သည်ဟု မှတ်မိနေပါသည်။
မှတ်ချက်(၂) - သခင်အောင်ဆန်း၏ဗိုလ်နာမည်ကို ဗိုလ်တေဇဟု နာမည်ပေးထားသော်လည်း အများက ဗိုလ်ချုပ်အောင်ဆန်းဟုသာ ခေါ်ကြ ပါသည်။
ဟိုင်နန်ကျွန်း စစ်ပညာသင်တန်းလေ့ကျင့်ရေးမှူး ဂျပန်ဆရာတို့၏ ဖွဲ့စည်းပုံမှာ

(၁) စစ်လေ့ကျင့်ရေးမှူးချုပ်အဖြစ် (ကပ္ပတိန်)ဗိုလ်ကြီးကာဝါရှီးမား ဖြစ်သည်။ သူသည် ဂျပန်ပြည် ဂျပန်တပ်မတော်တွင် စစ်သူရဲကောင်း အမှတ်(၆)ဘွဲ့ရ သူရဲကောင်းဖြစ်သည်။ တရုတ်တို့နှင့်တိုက်ပွဲမှာ မျက်နှာတွင်ဒဏ်ရာရသဖြင့် ပါးတဖက်စောင်းပြီး အရုပ်ဆိုးနေသည်။ ဂျပန်ပြည်သူနှင့် ဂျပန်စစ်တပ်၏ချစ်ခင်လေးစားခြင်း ခံရသူဖြစ်သည်။ စိတ်သဘောထား ကြံ့ခိုင်တည်ငြိမ် ပြေပြစ်သူဖြစ်ပြီး တကယ့် စစ်သားကောင်းတယောက်၏ သွင်ပြင်လက္ခဏာရှိသူဖြစ်သည်။ သူ့ကိုကျနော်တို့ကအရုပ်ဆိုး၍“သူရဲ” ဟု နာမည်ဝှက်ပေးပြီး ခေါ်ဝေါ်ကြ သည်။ လေးလည်းလေးစားကြသည်။

(၂) ကျနော်တို့အမှတ်(၁)တပ်ဖွဲ့ ဂျပန်လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)ဟာတိုရီ ဖြစ်သည်။ သူသည်စကားနည်းပြီး အေးအေး ဆေးဆေးနေတတ်သူ ဖြစ်သည်။ စစ်ပညာသင်ကြားရေးတွင် များစွာအာရုံစိုက်ပြီးလုပ်ကိုင်သူ ဖြစ်သည်။ တိုက်ပွဲ စစ်သင်တန်းများပြီးလျှင် ထိုတိုက်ပွဲနှင့်သင်တန်းအားလုံးအပေါ် ရှည်လျားစွာ ဝေဖန်သုံးသပ်ချက်များပေးတတ်သည်။ ကျနော်တို့ ဂျပန်စကားနားမလည်လို့သာ နားလည်ကြရင် တန်ဖိုးများစွာရှိမည်ဖြစ်သည်။ သူသည် ကာဝါရှီမားလို မခန့်ညားသော်လည်း အေးဆေးသော ဂျပန်စစ်သားကောင်း၏ သွင်ပြင်လက္ခဏာရှိသူဖြစ်သည်။ သူဒေါသထွက်တာကို မတွေ့ဖူးချေ၊ သူ့ကိုကျနော်တို့က “မင်းသားကြီး”ဟု နာမည်ဝှက်ပေးထားပြီး ချစ်ခင် ကြသည်။

(၃) အမှတ်(၁)တပ်ဖွဲ့၏ ဒုတိယလေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)အီဇူးမီးယား ဖြစ်သည်။ သူက ကျနော်တို့နှင့် သင်တန်းချိန်အတွင်းမှာ ရော သင်တန်းချိန်အပမှာရော ရင်းနှီးစွာဆက်ဆံတတ်သောသူ ဖြစ်သည်။ သူသည် စစ်ဗိုလ်ရုပ်လက္ခဏာထက် ကျောင်းဆရာတယောက်၏ သွင်ပြင်လက္ခဏာရှိသူ ဖြစ်သည်။ အပြောအဆို ပြေပြစ်ချောမောသူဖြစ်သည်။

(၄) ကျနော်တို့အမှတ်(၁)တပ်ဖွဲ့တွင် ဂျပန်တပ်ကြပ်ကြီးလေ့ကျင့်ရေးဆရာ “မောရိ”နှင့် “ကိုနိုဆု” ဟူသောဆရာ ၂ ယောက်လည်းရှိသည်။ မောရိမှာ နည်းနည်းခက်ထန်ပြီး ကိုနိုဆုမှာ ဆက်ဆံရေးပြေပြစ်သူဖြစ်သည်။

(၅) အမှတ်(၂)တပ်ဖွဲ့၏ ဂျပန်လေ့ကျင့်ရေးဆရာတွေကိုတော့ ကျနော်ကောင်းစွာ မသိချေ၊ လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)ဟာရာ ဖြစ်သည်။ ထူးခြားသောအသွင်အပြင်မတွေ့ရ။ သာမန်ဂျပန်စစ်ဗိုလ်ပဲဟုသာ အဝေးမှထင်ရသည်။

(၆) အမှတ်(၃)တပ်ဖွဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့တပ်ဖွဲ့၏လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)ဆူဇူကီး ဖြစ်သည်။ လူနည်းနည်းပိန်ပြီး အရပ်ပုသည်။ သူသည် တည်တည်ကြည်ကြည်မနေတတ် သွက်သွက်လက်လက်သွားလာ လှုပ်ရှားတတ်သည်။ ရယ်ရယ်မောမောနှင့် ရောရောနှောနှော ပေါ့ပေါ့ပါးပါးပြောဆိုနေထိုင်တတ်သည်။ ၎င်းသည်ဂျပန်စစ်ဗိုလ်နှင့်မတူ ကုန်သည်နှင့်ပိုပြီးတူသည်။
သူသည် စစ်ကြီးပြီးနောက် ဗမာပြည်သို့ အလုပ်ကိစ္စနှင့်တခေါက်ရောက်လာရာ ကျနော့်မှာတပ်မတော်မှပင်စင်ယူပြီး ရန်ကုန်။ စမ်းချောင်းအိမ် တွင်နေစဉ် ကျနော့်အိမ်သို့လာရောက်လည်ပတ်သဖြင့် ကျနော်က နောက်နေ့ ညစာဖိတ်ကျွေးလိုက်သည်။ ဖော်ဖော်ရွေရွေနှင့် လာရောက်စား သောက်သွားသည်။

(၇) ဂျပန်စစ်ပညာသင်ဆရာများအကြောင်း အမျိုးမျိုးအဖုံဖုံရှိနေကြသော်လည်း ၎င်းတို့တွင် တူညီသောစိတ်ဓာတ်အခြေခံတခု ရှိနေပုံရသည်။ ၎င်းမှာ ကာနယ်ဆူဇူကီး (ဗိုလ်မိုးကြိုး)မှအစ အားလုံးလိုလိုတွင် မိမိတို့ဂျပန်လူမျိုးများသည် အခြားလူမျိုးများထက်မြင့်မြတ်သည်ဟူသော အယူအဆလွဲမှုတခု အနည်းအများရှိနေကြပုံရ၍ အခြေခံမောက်မာကြသည်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၆)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၆)

သင်္ဘောခုတ်မောင်းထွက်ခွာစတွင် ကျနော်သတိတခုရပါသည်။ ၎င်းမှာ မြန်မာဝတ္ထုမဂ္ဂဇင်းများတွင် ရန်ကုန်မြစ်အတွင်းမှ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်မြင်တွေ့ရခြင်းသည် အလွန်ကြည်ညိုဖွယ်ကောင်းကြောင်း သိထားရပါသည်။ ကျနော်သည် ရွှေတိဂုံဘုရားကြီးကို အလွန်ကြည်ညို မြတ်နိုးခဲ့သူဖြစ်ပါသည်။ ကြည့်မြင်တိုင် အဒေါ့်အိမ်မှာနေထိုင်စဉ်က ကျနော်နေ့တိုင်း နံနက်မိုးလင်းခါနီး နှစ်မိုင်ကျော်ဝေးသော ရွှေတိဂုံကုန်း တော်ပေါ်သို့ ခြေလျင်လမ်းလျှောက်ရင်းတက်ပြီး ဖူးမျှော်လေ့ရှိခဲ့ပါသည်။ သို့သော် ကျနော်တို့မှာ ရန်ကုန်မြစ်အတွင်းသင်္ဘောပေါ်မှ ဖြစ်သော်လည်း လိုဏ်ခေါင်းအတွင်းကဖြစ်၍ မဖူးမြင်ရ၍ စိတ်မကောင်းဖြစ်မိပါသည်။ သင်္ဘောပေါ်တွင် အင်္ဂလိပ်အစိုးရ၏ အကောက်ဌာနက လူတွေ မရှိတော့သော်လည်း ကျနော်တို့သင်္ဘောရှေ့က အင်္ဂလိပ်ရေကြောင်းပြသင်္ဘောရှိနေ၍က ကျနော်တို့သင်္ဘောကုန်းပတ်ပေါ် တက်ခွင့် မရသေးပါ၊

အင်္ဂလိပ်ရေကြောင်းပြသင်္ဘောမှ ကင်းလွတ်သောအခါ ကျနော်တို့သင်္ဘောကုန်းပတ်အပေါ်တက်ခွင့်ရပြီး ကုန်းပတ်ပေါ်တွင် ကျနော်တို့ကို ခိုးထုတ်လာသောဂျပန်တာဝန်ခံက စောင့်ကြိုနှုတ်ဆက်သည်။ ၎င်း၏အမည်မှာ “မစ်စုတာနီ”ဖြစ်ကြောင်း တပ်မတော်သမိုင်း စာအုပ်အရ သိရပါသည်။ ကျနော်တို့နေထိုင်ရမည့် သင်္ဘောအခန်းများကိုပြသပြီး သင်္ဘောပေါ် ဂျပန်သင်္ဘောသားများဝတ်ဆင်ကြသည့် ဝတ်စုံများပေးပြီး ရေချိုးအနားယူစေပါသည်။

နောက်တရက်မျှ ကြာသောအခါ ကျနော်တို့ သင်္ဘောအမူး ပြေပြီးနောက် သင်္ဘောကပ္ပတိန်က ဂျပန်မစ်စုတာနီနှင့် ကျနော်တို့ ၇ ဦးကို ညစာကျွေးမွေးပြီးဧည့်ခံနှုတ်ဆက်ပါသည်။ သင်္ဘောကပ္ပတိန်မှာ ဥပဓိရုပ်ကောင်းသောသူတဦးဖြစ်သည်ကို မှတ်မိနေပါသည်။



ကျနော်တို့ပင်လယ်ပြင် သင်္ဘောပေါ်တွင် ရွှင်လန်းစွာရှိကြပါသည်။ သင်္ဘောသားများက သင်္ဘောဝမ်းဗိုက်သံပြားပေါ်က သံချေးတွေကွာကျရန် သင်္ဘောဝမ်းဗိုက်သံပြားပေါ် တူများနှင့်ထုရိုက်နေသည်ကို ကျနော်တို့လည်း ဝင်ပြီး မကြာခဏ ထုရိုက်ကူညီကြပါသည်။ သင်္ဘောသားများလည်း ကျနော်တို့ကို ကောင်းစွာဆက်ဆံကြသည်။

ဒီလိုနှင့် မကြာခင် ကျနော်တို့သင်္ဘော စင်္ကာပူသို့ရောက်ပါတော့သည်။ ကျနော်တို့အားလုံး တဖန် ဆန်အိတ်လိုဏ်ခေါင်းထဲဆင်းပြီး ပုန်းအောင်းနေရပါသည်။ အင်္ဂလိပ်အကောက်ဌာနမှလူများ သင်္ဘောပေါ်တက်ကောင်းတက်ပြီး ကြည့်ရှုစစ်ဆေးနိုင်သဖြင့် လိုဏ်ခေါင်းထဲဆင်း ပုန်းနေရပါသည်။ စင်္ကာပူက သင်္ဘောထွက်မှ ကုန်းပတ်ပေါ်ပြန်တက်ရပါသည်။ ပုန်းရသည်မှာ တရက်လောက်သာရှိသည် ထင်ပါသည်။
စင်္ကာပူမှ ဂျပန်သွားသင်္ဘောခရီးမှာ သာယာဖွယ်ပင်ဖြစ်ပါသည်။ ကျနော်မှတ်မိသောကိစ္စတခုမှာ ကျနော်သည် တနေ့တွင် သင်္ဘောအခန်း တခါးအဝင်အထွက်တွင် အခန်းတခါးပေါင်နှင့် ကျနော့်နဖူးအထက်နား ဦးခေါင်းနှင့်တိုက်မိပြီး ကျနော့်နဖူးအထက်နားကွဲသွားပြီး  ဒဏ်ရာ အနည်းငယ်ရပါတော့သည်။ ဆေးထည့် ပတ်တီးစည်းခြင်းကပ်ခြင်းများ ရက်အချို့ လုပ်လိုက်ရပါသည်။

(၄)
ထိုအချိန်များတွင် ကျနော်နောက်မှသိရသည်မှာ ကျနော်ဂျပန်ထွက်ခါနီး ရေးလိုက်သောစာ ရသောအခါ ကျနော့်မိဘများ များစွာစိတ်ပူပြီး ကျနော့်အဖေ ရန်ကုန်တက်လာကာ ကျနော့်သူငယ်ချင်း ကိုကြည်ညွန့်ကိုရှာဖွေပြီး သူတို့နှစ်ဦးရန်ကုန်တွင် ကျနော် သွားတတ်လာတတ်သော နေရာများကို သွားရောက်စုံစမ်းမေးမြန်းရှာဖွေကြပါသည်။ ကျနော့်သတင်း ဘာမှမကြားရသဖြင့် ကျနော့်အဖေ ဇာတိကိုပြန်သွားပါတော့သည်။

ဇာတိပြန်ရောက်တော့လည်း ကျနော့်အဖေက ကျနော့်သတင်း မေးမြန်းတုန်းဖြစ်ပါသည်။ ထိုသို့ကျနော့်အဖေ ကျနော့်ကို ရှာဖွေစုံစမ်းနေတဲ့ သတင်းကို သခင်မြဘယ်လိုသိသွားသည် မသိပါ၊ ကျနော့်အဖေမှာလည်း ရွာသူကြီးဖြစ်၍ ကြာရင်သတင်းပေါက်ကြားမှုတွေဖြစ်လာမှာ စိုးရိမ် ဟန်ရှိသည်။ တို့ကြောင့် သခင်မြက ကျနော့်အဖေကို သာယာဝတီရှိ သူ့အိမ်သို့လူလွှတ်ခေါ်ယူပြီးတွေ့ဆုံပါသည်။

သခင်မြက အဖေ့ကို “ခင်ဗျားသားကို ရှာနေတယ်ကြားရတယ်၊ မရှာပါနဲ့၊ ခင်ဗျားသားကို ကျနော်တို့က တနေရာကိုလွှတ်ထားပါတယ်၊ မကြာခင် ပြန်လာမှာပါ၊ အဲဒီမှာလည်း ခင်ဗျားသား ကောင်းမွန်စွာရှိပါတယ်၊  ဒီကိစ္စဘယ်သူ့မှလည်း မပြောပါနဲ့”ဟု ပြောပါသည်။ အဖေလည်းများစွာ စိတ်အေးချမ်းပြီးပြန်လာပါတော့သည်။ ဒီတော့မှ ကျနော့်မိဘများ အတော်စိတ်အေးချမ်းသွားပါသည်။

စင်္ကာပူမှ ဂျပန်သို့သွားနေသော ကျနော်တို့စီးလာသည့် ဂျပန်ကုန်သင်္ဘော “ကိုင်ရှိမာရူး”သည် တပ်မတော်သမိုင်းစာအုပ်အရ ၁၉၄၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဂျပန်ပြည် “အိုဆာကာ”သင်္ဘောဆိပ်ကမ်းမြို့သို့ ရောက်ရှိပါသည်။ ကျနော်တို့ အိုဆာကာသို့ သင်္ဘောကမဆင်းမီ ဂျပန်ပြည်ကျောင်းသားလူငယ်များဝတ်ဆင်တတ်သော အစိမ်းရောင်ရင်ဖုံး ရင်စေ့တိုက်ပုံအင်္ကျီအဝတ်မျိုးကို ပြောင်းလဲဝတ်ဆင်ရပြီးမှ ဆင်းရ ပါသည်။ ကျနော်တို့ ဂျပန်ပြည်ကိုရောက်ပါပြီ။ အိုဆာကာမြို့မှာ အတော်ကြီးသောမြို့ဖြစ်ဟန်ရှိပြီး လူဦးရေများသောမြို့လည်း ဖြစ်ပုံရပြီး လူတွေကျပ်ကျပ်တည်းတည်း တိုးဝှေ့သွားလာနေကြကာ အတော်ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားကြပါသည်။

ကျနော်တို့ အိုဆာကာမြို့မှ ဂျပန်၏မြို့တော်တိုကျိုသို့ ရထားစီး၍သွားကြပါသည်။ ရထားမှာ ကျနော်တို့ဗမာပြည်မှရထားတွေထက် များစွာ ခမ်းနားသန့်ရှင်းပါသည်။ တော်တော်ကြာကြာရထားစီးပြီးနောက် ကျနော်တို့တိုကျိုမြို့တော်ကို ရောက်ပါတော့သည်။ တိုကျိုဘူတာရုံကြီးလည်း အတော်ခမ်းနားပါသည်။

တိုကျိုတွင် မစ်ဇုတာနီ၏အဖွဲ့က ဂျပန်တဦးလာကြိုနေပြီး ကျနော်တို့ကို တိုကျိုမြို့ဂျပန်ဟိုတယ်ကြီးတခုသို့ခေါ်သွားပြီး နေရာချထားပါသည်။ တိုကျိုမြို့မှာ ဂျပန်၏မြို့တော်ကြီးဖြစ်သည့်အတိုင်း အထပ်မြင့်အဆောက်အဦကြီးများဖြင့် အလွန်ခမ်းနားသော မြို့တော်ကြီးဖြစ်ပါသည်။ လူဦးရေလည်း ထူထပ်များပြားပုံရပါသည်။
ကျနော်တို့ ဒုတိယအသုတ်ကို တိုကျိုမြို့တော်တွင် တပတ်နီးပါးခန့်လှည့်လည်ပြသပါသည်။ ဘယ်နေရာတွေဆိုတာ မမှတ်မိတော့ပါ၊ ထူးခြားမှု တချို့ကို သတိရပါသည်။ ပထမက ဂျပန်ပြည်သူတွေ သူတို့အချင်းချင်းဆက်ဆံကြရာတွင် အလွန်ယဉ်ကျေးပျူငှာပြီး (အာဓိကတော်)ကျေးဇူး တင်ပါတယ်ဆိုတဲ့ပြောသံတွေဟာ နေရာတကာမှာ ချိုသာစွာကြားနေရပြီး လူအချင်းချင်း ခြေစုံရပ်ပြီးခါးကုန်းနှုတ်ဆက်နေတာတွေလည်း နေရာတကာတွေ့ရသည်။ ဟိုတယ်လုပ်သားများ တာဝန်ခံများလည်း ကျနော်တို့အပေါ်ဆက်ဆံကြတာ အလွန်ပင်ရိုသေကိုင်းရှိုင်းပါသည်။ အချုပ်က သူတို့အချင်းချင်းဆက်ဆံကြတာဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြသည်။
အားကစားပွဲတွေမှာလည်း ဂျပန်လူငယ်များ အတော်စိတ်အားထက်သန်ကြပြီး ညီညီညွတ်ညွတ် တက်တက်ကြွကြွရှိနေကြတာ တွေ့ရသည်။
ဂျပန်ဘုရင်ကိုလည်း ဘုရားလို ကြည်ညိုလေးစားတန်ဖိုးထားကြသည်။

ဂျပန်အမျိုးသမီးများမှာတော့ ပင်ပန်းကြီးစွာကျိုးနွံစွာ အလုပ်လုပ်နေရတာ တွေ့ရပါသည်။ နောက်သိလာရတာက ဂျပန်အမျိုးသမီးတွေမှာ ယောကျာ်းများနှင့်တန်းတူအခွင့်အရေးမရ ယောကျာ်းများ၏နှိမ်ချ ဖိနှိပ်ခြင်းခံနေရသောဘဝဖြစ်သည်တို့ကို တွေ့မြင်လာရပါသည်။

ကျနော်တို့ တိုကျိုမြို့တော်တွင်လှည့်ကြည့်ရှုရာတွင် တခုကိုသတိရမိပါသည်။ ၎င်းမှာ တိုကျိုမြို့တွင်းတနေရာမှ ဂျပန်ဘုရင့်နန်းတော်ကို လှမ်းပြီး ကြည့်ရခြင်းဖြစ်သည်။ ကျနော်တို့စိတ်ထင် ဂျပန်ဘုရင့်နန်းတော်မှာ အချွန်အတက်တွေနဲ့ ကြီးကျယ်ခမ်းနားသော အဆောက်အဦကြီး ဖြစ်မည်ထင်သော်လည်း သာမန်တိုက်တာအဆောက်အအုံတွေသာ တွေ့ရသည်။ သိပ်ထူးခြားမှုမရှိချေ၊ ကျနော်တို့အနားတွင် ဂျပန်အမျိုးသမီး အမျိုးသားတသိုက်လည်း ကျနော်တို့လို ဘုရင့်နန်းတော်ကို လှမ်းပြီး ကြည့်နေကြသည်။ သူတို့သည် အတော်ကြာကြည့်ပြီးနောက် နန်းတော်ဘက်ကိုစုံရပ်ပြီး ခါးကုန်းဦးခေါင်းငုံ့ အလေးပြုကြပြီး ထွက်ခွာသွားကြသည်။ ကျနော်တို့လည်း ဂျပန်လူမျိုးဟုထင်မြင်စေရန် သူတို့နည်းတူ နန်တော်ဘက်လှည့်ပြီး ခါးကုန်းခေါင်းငုံ့ကာ အလေးပြုခဲ့ကြသည်။

ကျနော်တို့ တိုကျိုဟိုတယ်တွင်နေစဉ် ဟိုတယ်မယ်နှစ်ဦးကို ကျနော်တို့ကို စောင့်ရှောက်ပြုစုရန် အထူးတာဝန်ပေးထားပုံရသည်။ ၎င်းတို့ နာမည်ကို ထူးဆန်းစွာကျနော်တို့ မှတ်မိနေသည်။ ၎င်းတို့မှာ “အေးဟိကော့”နှင့် “ဟီရော့ကော့”တို့ဟု ဖြစ်ပုံရသည်။ ၎င်းတို့ နှစ်ယောက် အနက်တယောက်မှာ အတော်ချောမောပြေပြစ်လှပသူ ဖြစ်သည်။ ၎င်းတို့နှစ်ယောက်စလုံး ဗိုလ်ချုပ်အောင်ဆန်းတို့ကိုလည်း ပြုစုလိုက်ရ သည်ဟု  နောင်တွင်သိရပါသည်။

ကျနော်တို့ ညထမင်းစားပွဲများတွင် ၎င်းအမျိုးသမီးနှစ်ယောက်က ကျနော်တို့ကိုပြုစုကျွေးမွေးနေသည်ကို ဂျပန်မိတ်ဆွေနှစ်ဦးက ထိုအမျိုးသမီးနှစ်ယောက်နှင့် ကျနော်တို့ကိုလှောင်ပြောင်ပြောဆိုတတ်ပါသည်။ ထိုသို့လှောင်ပြောင်မှုကို ကျနော်တို့အထဲမှ ဗိုလ်မင်းခေါင် တယောက်သာ ရယ်ကျဲ ရယ်ကျဲနှင့် ပြန်လည်တုံ့ပြန် နောက်ပြောင်ပါသည်။ ကျန်လူများမှာ ရှက်ကိုးရှက်ကန်းနှင့် ခပ်တည်တည်သာ နေကြပါသည်။

၂ဝ၁၅ ဇန်နဝါရီထဲမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ ဇန်နဝါရီထဲမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
(သီတဂူလုပ်ခြင်း)
ကျနော် ခုလေးပဲ စတေးတပ်စ် ၂ ခု ရေးတင်ပါတယ်။ တခုမှာ ဒေါ်စုပြောခဲ့တဲ့ “ကျမကြောင့် တယောက်ယောက် ဒုက္ခရောက်သွားတာ ဘဝပျက်သွားတာမကြားမိဘူး”ဆိုတာကို မကြိုက်ကြောင်းပါပြီး နောက်တခုမှာ ထိုင်းလူသတ်မှုကိစ္စ နိုင်ငံရေးချောက်တွန်းတဲ့အကြံကို တုန့်ပြန်ပုံ ပါးနပ်ကျင်လည်တာကို ကြိုက်တဲ့သဘောပြောထားတာ ပါပါတယ်။ တခုချင်းစီရဲ့ ကျနော့်ဆိုလိုချက်အပေါ်မှာ နားလည်သိမြင်ပုံမတူတာတွေရှိမှာ သဘာဝပါပဲ။
အဲ့ဒါတခုခြင်းအပေါ် သူ့အမြင်နဲ့ နားလည်ချက်ကိုမပြောပဲ ၂ ခုလုံးဖတ်ပြီး ကျနော့်အရေးကို သူ့အတွေးနဲ့ပြောတဲ့ လူငယ်တယောက်ရဲ့မှတ်ချက်ကတော့ ငိုအားထက်ရီအားသန်ပါ။

သူက “ဦးလေးနော် သီတဂူမလုပ်နဲ့”တဲ့။
ကျနော် သူပြောတာချက်ခြင်းသဘောပေါက်ပြီး အားရပါးရပြုံးမိတယ်။
ဘန်းစကားသစ်တခု ထပ်ထွက်လာပါပေါ့လား။
ဘုန်းကြီးတွေလည်း အရင်လိုလုပ်စားဖို့သိပ်မလွယ်တော့ပါလား။
(သူပြောတာက သီတဂူမလုပ်နဲ့လို့ ဆိုလို့ပြန်ပြင်ပေးပါတယ်။)

(ရီစရာကောင်းတဲ့ ဘုန်းကြီးကောင်း)
ကြာနီကန်ဘုန်းတော်ကြီးကို သတိရတယ်။ သူ့တရားတွေက ပျော်စရာကောင်းပြီး သန့်ရှင်းတယ် အပြစ်ကင်းတယ်။ ရပ်ကွက်ထဲက ခရစ်ယာန်နဲ့အစ္စလာမ်တွေအိမ်တွေမှာလည်း ဖွင့်နားထောင်ကြတယ်။ ကက်ဆက်ခေတ်တုန်းက ကျနော်တို့အိမ်မှာလည်း အကိုကြီးက ခွေငှားဆိုင်က ငှားငှားလာပြီးဖွင့်တယ်။ ပျော်စရာကောင်းသလို ဗုဒ္ဓဝင်ကို ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့လူတွေကြား နားမထောင် ထောင်ချင်အောင် စွမ်းဆောင်နိုင်တဲ့ကိုယ်တော်ပဲ။

ပြောဖို့ကျန်ခဲ့တော့မလို့။ ကျနော့်အပေါ်လည်း ကျေးဇူးရှိတယ်။ အိမ်ပြေးဘဝနဲ့ လက်ထဲရှိတာလေး(ဖိနပ်ပါမကျန်)ဗိုလ်အကျခံရပြီး ထမင်း ၂ နပ် ငတ်နေတုန်း။
မိုးလည်းခိုရင်း သူ့တရားပွဲရုံထဲသွားနားထောင်တာ ဆာဆာနဲ့ ပွဲခင်းထဲအိပ်ပျော်သွားတယ်။ အိပ်ယာကနိုးတော့ ဘယ်သူမှမရှိကြတော့ဘူး။ ဖျာသိမ်းအမှိုက်သိမ်းသူတွေလောက်ပဲရှိတော့တာ။ အဲ့ဒီမှာတယောက်က “ရော့ ဒီဖိနပ်စီး။ ပြီးရင်ဒါစား၊ အဲ့ဒီထဲမှာ မုန့်ဖိုး၊ ဆရာတော်ကြီးက ပေးသွားတာ၊ မင့်မြင်ပြီး သနားလို့နဲ့တူတယ်။ ကဲ သွားတော့”တဲ့။
ဒါနဲ့ ဖိနပ်စီးတယ် ဂျပန်ဖိနပ် လက်ဝါးတံဆိပ်အပြာလေး။ အသစ်ပဲ။ စက္ကူပတ်ထားတဲ့အလိပ်လေးဖြည်ကြည့်တော့ ၅ ကျပ်တန် ၂ ရွက်။ အဲ့ဒီတုန်းက စစ်သားတယောက်လစာမှ ၈၂ ကျပ်ခေတ်လားမသိဘူး။ သတင်းစာနဲ့ပတ်ထားတဲ့ အင်ဖက်ထုတ်ကြီးက သင်အူကြိုးလည်းဖြည်လိုက်ရော ခေါက်ဆွဲကြော်တွေ မွှေးနေတာပဲ ကြက်သားနဲ့ကြော်ထားတာ။ ငရုပ်ဆီထုတ်လေးလည်းပါတယ်။ စားတယ်။ နောက်တော့ ကားဂိတ်သွားထိုင်တယ်။
ဘုန်းကြီးစွန့်လိုက်တဲ့ပိုက်ဆံနဲ့ ငါးမျှားတန် ငါးမျှားချိတ် ငါးမျှားကြိုးဝယ်တယ်။ အားလုံးမှ တကျပ်တောင်မပြည့်ဘူး။ ဈေးအမှိုက်ပုံက နို့ဆီခွက်တခွက်ကောက်ပြီး ဈေးနောက်က နောက်ချေးတောထဲမှာ တီကောင်တူးပြီး လှည်းကူးချောင်းထဲမှာ ငါးသွားမျှားတယ်။ တနေကုန်လိုလိုပဲ။ ငါးလည်း အတော်ရတယ်။ ညနေဈေးမကွဲခင် သွားရောင်းတာ ၆ ကျပ်လားမသိဘူးရတယ်။ ဒီလိုနဲ့ အိမ်ဆက်ပြေးနေတာ တလခွဲလောက်ကြာတယ်။
ငါးမျှားရောင်းလို့ရတာလေးနဲ့ ပြည့်စုံနေမှပဲ။ ညအိပ်တော့ ကားဂိတ်က မီးကင်းတဲမှာ။ ဆိုက်ကားဆရာရော၊ ညလုံးပေါက် ကုန်စိမ်းဒိုင်ရော၊ ကုန်စိမ်းသည်တွေရော၊ ကားသမားတွေရော၊ ဝီရသူပြောတဲ့ ဖါသည်မတွေရော ညဆိုအတူတူအိပ်ကြတာပဲ၊ ပျော်စရာကြီး။ တယောက်ကိုတယောက်လည်း ချစ်ကြညှာကြတယ်။ ကျနော့်လည်း အားလုံးကချစ်ကြတယ်။ ရုပ်ကလေး သနားကမားမို့လားမသိဘူး။
ပြောရင်း လမ်းကြောင်းချော်သွားတယ်။ ကြာနီကန်ဘုန်းတော်ကြီးကျေးဇူး ကျနော့်ပေါ်မှာ တလုပ်မကရှိခဲ့ဖူးတယ်။ သူ့တရားတွေနားထောင်ရင်း လူဆိုးလူကောင်းဆိုတာလည်း သိလာရတယ်။ ခုနေများ သူသာ ရှိရင် ဟိုနာဇီဂတုံးဝီရသူကို ဘာပြောမလဲမသိဘူး။

(ပဲပြုတ်ဗိုလ်ချုပ်)
ကြံကြံဖန်ဖန်ဗျာ လှုံ့ဆော်စရာရှားလို့ ဗိုလ်ချုပ်ရာပြည်နေ့မှာ“တပြည်လုံး ပဲပြုတ်နံပြားစားကြစို့” တဲ့။ ရီပဲရီရမှာလိုလို နားရင်းပဲပြေးအုပ်ရမှာလိုလို။ တလွဲဆံပင်ကောင်းတွေ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအတွေးအခေါ်ကိုဆည်းပူးရမယ့်အစား စစ်ဗိုလ်တွေဇိမ်ခံနေတာကို စောက်မြင်ကပ်တာနဲ့ နဂိုကမှစားစရာမရှိတဲ့လူတွေကိုပဲပြုတ်နံပြား ဇွတ်စားခိုင်းနေတာမျိုးလား။ ဒါဆို ဗိုလ်ချုပ်ရဲ့ခြိုးခြံချွေတာနေနည်းကားကို အားအတင်းလိုက်ကြခိုင်းနေတဲ့သဘော သက်ဝင်မတဲ့လား။
လူတွေကို ခြိုးခြံချွေတာခိုင်းရမှာမှာ မဟုတ်ဘူး။ စစ်ဗိုလ်တွေ လူတွေဆီက တိုင်းပြည်ကနေ လုယက်ထားတဲ့ဥစ္စာဓနတွေပြန်ရအောင်လုပ်ရမှာ။ လူတွေကို စားဝတ်နေရေးပြေလည်အောင် အနိမ့်ဆုံးလုပ်ပေးရမယ်။ ဒီ့ထက်ပိုရင် တပြည်လုံး ဆင်းရဲသူမရှိအောင် ခြိုးခြံချွေတာနေစရာမလိုအောင် လုပ်ပေးရမှာလေ။
နောက်တချက် မသိမဖြစ်သိထားဖို့က ပဲပြုတ်နံပြားဆိုတာ ဘယ်ခေတ်မှာမှ ဆင်းရဲသားအစာမဖြစ်ခဲ့ဘူး။ မသကာ ထမင်းကြမ်းထဲ ငါးပိရည်ကျိုဆမ်း အချိုမှုန့်ဖြူး ငရုပ်သီးစိမ်းနဲ့ကိုက်ကြစို့ဆို မတော်ပါ့လား။
အဲ့ဒီရာပြည့်ပွဲကိုတက်လာမယ့် ခရိုဝါနီပြာတွေကတော့ စားမှာသေချာတယ်။ သေသေချာချာ တည်ခင်းဧည့်ခံလိုက်ကြပါ။ ပဲဆီအစစ်မွှေးမွှေးနဲ့ဆမ်းပြီး စားတော်ပဲပြုတ်အိအိလေးနဲ့ ဂျုံအနုနဲ့လုပ်တဲ့နံပြားပျော့ပျော့လေးနဲ့ နိုင်ငံခြားဖြစ်ပန်းကန်လှလှလေးတွေထဲ ထည့်ပြီး။

(ကျွတ်တွယ်တဲ့ခြေ)
ခင်ဗျားတို့ခြေထောက်လေးတွေနာမယ် ဖိနပ်ပေါက်မယ် ခြေဖဝါးတွေကျိန်းမယ် ခြေသလုံးတွေတောင့်မယ် ကြွက်သားတွေနာကျင်မယ် ပေါင်တွေပွန်းမယ် နာတာကျင်တာပွန်းတာပဲ့တာ ကြွက်တက်တာ ဘာတာညာတာ မူးတာမော်တာတွေလည်းရှိမှာပါပဲ။
ခင်ဗျား ဘဝလေးတွေနုနယ်ကြသလို ခန္ဓာလေးတွေလည်းနုနယ်သူတွေပါ။ စိတ်ကို သံလိုဆောင်ပြီး ခရီးခဲကိုနှင်နေကြမှန်း ကျနော်တို့သိတယ် ကျနော်တို့စာနာတယ်။
ဒါပေမယ့် ဖြစ်နိင်ရင် ပွန်းပဲ့ပေါက်ပြဲတာတွေကို ဓာတ်ပုံရိုက်တင်တာမျိုးတော့ ရှောင်ကြစေချင်ပါတယ်။
ပင်ပမ်းတဲ့အခါ ကားပေါ်တက်နားပါ။ ဆေးထည့်ဖို့ သောက်ဖို့ လိမ်းဖို့လိုရင် သောက်ပါ ထည့်ပါ လိမ်းပါ။ နားတဲ့အခါ တတ်နိုင်သမျှ စိတ်ရောလူပါ နားပါ။ တတ်နိုင်သမျှ စိတ်နဲ့ခန္ဓာကို ဖြေလျှော့ပြီး သက်သောင့်သက်အဖြစ်ဆုံးနေကြပါ။
လယ်သမားအရေးလုပ်နေတဲ့ မစုစုနွေးကျွတ်တွယ်တာကို ဓာတ်ပုံရိုက်တင်တော့ လူတွေဘယ်လိုတုန့်ပြန်ကြသလဲသတိရပါ။ စစ်သား စစ်ပွဲမှာဒဏ်ရာရတာကို ဓာတ်ပုံရိုက်တင်တော့ လူတွေဘယ်လို့ပြောခဲ့ကြသလဲ မမေ့ကြစေလိုပါ ကျောင်းသူကျောင်းသား တူ တူမတို့ရေ။

(အပွင့်ဆိုင်တာ မဟုတ်ကြေး)
၎ ပွင့်ဆိုင်လို့ ကျနော် မသုံးချင်ပါ။ လေးဦးလေးဖလှယ်တွေ့ပြီး ကျောင်းသားတွေနဲ့ ပညာရေးနယ်ပယ်ကလက်သင့်ခံနိုင်မယ့် အဖြေတခုခုရသည်အထိ ဆွေးနွေးကြရမယ့်ပွဲပါ။ အားလုံး ကိုယ်ရထိုက်တာ တထိုင်တည်းမရတောင် ဘယ်အချိန်မှာဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတည်ကြည်တဲ့အာမခံချက်တွေထွက်လာဖို့ နိုင်ငံနဲ့ပြည်သူကို ပုဏ္ဏားတိုင်ထားပြီး တည်ရမယ့်ကတိတွေပါ။ ပွဲစားလိုတဲ့အနေအထားမဟုတ်ပါ။ ကျောင်းသားဆိုတာ ဗမာ့သမိုင်းမှာ အစဉ်အလာအရ ကြီးမားဂုဏ်ရောင်ပြောင်ပြီးသားပါ။

(အလံကို နိုင်ငံ တော်ခိုင်းနေတဲ့ကိစ္စ)
“စစ်ကြီးစိုးရေးကို အတင်း “နိုင်ငံ” တော် ခိုင်းနေတဲ့ “အလံ”ကို ဖြုတ်ချဖယ်ရှားတာမှန်တယ်။
အဲ့ဒီ “နိုင်ငံတော်” “အလံ“ဆိုတာက ဘယ် သကောင့်သားတွေထုတ်ခဲ့တာလဲ။ ဘယ် ပြည်သူ့သဘောထား ဘယ်လောက်ပါသလဲ။ အလယ်က “ကြယ်”ကြီးက ဘာကို ကိုယ်စားပြုသလဲ။
ရွှေပြည်ကြီးက ခေတ်အဆက်ဆက် “အလံတော်”ဆိုတာတွေကိုကြည့်ရင် “ကြယ်”ဆိုတာတွေဟာ တိုင်းပြည်ဘယ်လိုဖွဲ့စည်းတယ်ဆိုတာကို ထင်ဟပ်တာချည်းပဲ။ ကြယ်တွေဟာ တိုင်းပြည့်ဖွဲ့စည်းပုံကို ကိုယ်စားပြုတာချည်းပဲ။ အမေရိကန်အလံလည်း ထိုနည်းနှင်နှင်ပဲ။
ဖဆပလက ကြယ်ငါးပွင့်ရံထားတဲ့ အလယ်ကြည်ဖြူကြီးပဲ။ လူမျိုးစုအားလုံး ၅ ခုပေါင်းပြီး လူမျိုးကြီးကို ဝန်းရံပေးတဲ့အနက်ပဲ။ လူမျိုးစုတွေက ဂြိုရံဆိုတဲ့အနက်ပဲ။ ဒီ့ထက် မပိုဘူး။အလယ်ထိုင်ကြယ်ကြီးက ဖဆပလရဲ့ မဟာဗမာလူမျိုးကြီးသင်္ကေတပဲ။

မဆလ အလံကိုကြည့် ကြယ် ၁၄ လုံး သုံးထားတယ်။ အမှတ်တမဲ့ဆို လူမျိုးစုအားလုံးပဲ တန်းတူရည်တူ ရှိနေသယောင်ယောင်။ ပြည်နယ်နဲ့တိုင်းဆိုပြီး သူ့အမေ့လင်ဆီက
ရတဲ့အမွေရလို တိုင်းပြည်ကို စိတ်တိုင်းကြခွဲချလိုက်တဲ့သင်္ကေတ။
ခုလုပ်ထားတဲ့အလံကိုကြည့် အမျိုး ဘာသာ ပညာခေတ် ဝံသာနုလှုပ်ရှားမှုကို ရောင်ပြန်ဟပ်သလိုလို ပဒေသရာဇ်စော် ညှော်သလိုလိုလုပ်ပြီး တပြည်ထောင်စနစ်ကို ကိုယ်စားပြုတဲ့ကြယ်ဖြူကြီးတလုံးတည်း ထီးတည်းလုပ်ချပြလိုက်တာပဲ။ အဲ့ဒီကြယ်ဖြူကြီးဟာ လူမျိုးကြီးဘာသာကြီးအခြေပြု အစွန်းရောက်အမျိုးသားရေးဝါဒလည်းဖြစ်သလို အဲ့ဒါတွေကို ကိုယ်စားပြုတဲ့ စစ်ဝါဒကြီးစိုးရေးလည်းဖြစ်တယ်။
အလံပေါ်ကသင်္ကေတဆိုတာ အကြိုက်နဲ့ အကြောက်ကြောင့်ရှိတာပဲ။ တည်ရတာပဲ။အကြိုက်နဲ့အကြောက်ပြောင်းရင် အလံပေါ်ကသင်္ကေတ “ပြည်”ရတာပဲ။ အကြိုက် အကြောက်ပြောင်းတဲ့အခါ အလံဟာ လက်နှီးစုတ်ထက် ပို အသုံးမတည့်လှဘူး။
ဆိုတော့ ဘယ် ပြည်သူ့သဘောထားမှမပါ။ ဘာ ဖက်ဒရယ်လ်ပြည်ထောင်စုကိုမှ ကိုယ်စားမပြု စစ်ဝါဒီတို့ရဲ့ တပြည်ထောင်ဖွဲ့စည်းမှုကိုယ်စားပြုတဲ့အလံကို ကျောင်းသားတွေက ဖြုတ်ချဖယ်ရှားတာ မှန်တဲ့ကိစ္စ တရားတဲ့ကိစ္စ လုပ်အပ်တဲ့ကိစ္စ ဖြစ်ထိုက်တဲ့ကိစ္စပဲ။

(တောင်ကာလက်ဝါး)
စစ်လွှတ်တော်နဲ့ဗိုလ်သိန်းစိန်အုပ်စိုးသူတွေ လက်ဝါးရိုက်ကြိတ်ကြံလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ထွက်ဆန္ဒပြကြတာကနေ ဒီ့ထက်ပို ကျယ်ပြန့်ကြီးမားလာမှာကိုတွေးပြီး ကျောစိမ့်နေကြသူတွေထဲ “ကိုယ့်လူ”ဆိုသူတွေလည်း ထိပ်ဆုံးက ပါနေပါရောလား။ ဒါဆို အဲ့ဒီ “ကိုယ့်လူ”တွေက “ကိုယ့်ဘက်သား”များ မဟုတ်လေရော့သလား။

ကျောင်းသားတွေက သူ့အကန့်အသတ်နဲ့သူ လုပ်နေသွားနေကြတာမှန်ပေမယ့် လူအများရဲ့ပူးပေါင်းပါဝင် ထောက်ခံမှုတော့လိုမှာပါပဲ။ ကျောင်းသားတွေလုပ်နေတာ
ကျောင်းသားရေး၊ ပညာရေးကိစ္စလောက်ပဲဆိုပေမယ့် ပညာရေးဆိုတာ တိုင်းပြည့်အရေး
နိုင်ငံ့အရေး အနာဂတ်အရေးပဲမဟုတ်လား။ နိုင်ငံ့အရေး တိုင်းပြည့်အရေးမှာ နိုင်ငံသူနိုင်ငံသား တိုင်းသူပြည်သားတွေပါဝင်လာမှ သဘာဝလည်းကျသလို အားလည်းဖြစ်မယ်မဟုတ်လား။
အခြေခံလူတန်းစားတွေနဲ့ နင်းပြားအလွှာတိုင်းမှာ အသီးသီးမကျေနပ်ချက်တွေ လုပ်ပေးစေချင်တာတွေ ဖြစ်ချင်တာတွေတင်ရှိနေတာ မဟုတ်ပါဘူး။ အဖိနှိပ်ခံနေရတာတွေ မြေသိမ်းယာသိမ်း ဘဝသိမ်းခံနေရတာတွေ စက်ရုံအလုပ်ရုံတွေမှာ လယ်ကွင်းထဲမှာ တိုင်းပြည်ရဲ့ချောင်ကြိုချောင်ကြားမကျန် နေရာတိုင်းထောင့်တိုင်းမှာ အများစုပြည်သူတွေဟာ ဆင်းရဲတွင်း နက်သထက်နက်နေကြတာပါ။ လူတွေပိုကျပ်တည်းလာတယ် အခက်အခဲတွေ ပိုကြီးလာနေတာလည်း မြင်နေရတာပါပဲ။

အဲ့သလိုအခြေအနေတွေရှိလို့ ပညာရေးသပိတ်ထဲလူတွေဝင်ပါ ခုထက်ပို
ကြီးမားကျယ်ပြန့်သွားကာ ၈၈ လို လူထုအုံကြွမှုကြီးဖြစ်လာပြီး အရပ်သားယောင်ဆောင်ထားတဲ့ စစ်အစိုးရပြုတ်ကျ အကောင်းဘက်ကိုဦးတည်တဲ့ အခြေအနေတွေရောက်လာမှာကို
ကျနော်လည်း ကြိုဆိုမျှော်လင့်ချင်တာပါပဲ။ ဒါပေမယ့် ဒါဟာ စိတ်အလိုပါ။ တကယ့်လက်တွေ့က မိမိစိတ်အလိုနဲ့ ထပ်တူမှမကျတာ။ တိုင်းပြည်မှာ အထွေထွေအကျပ်အတည်းရှိနေတာလည်း မှန်တယ်။ လူထုဘက်(မိမိဘက်)မှာရော အုပ်စိုးသူ(သူတို့ဘက်)မှာရော အကျပ်အတည်း ရှိနေတာလည်းမှန်တယ်။

အကျပ်အတည်းရှိတိုင်း လူထုတရပ်လုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပါတဲ့ လူထုတော်လှန်ရေးတရပ်ရပ် လူထုအုံကြွမှုတခုခု ဖြစ်တာမှမဟုတ်တာ။ နောက်ပြီး အဲ့သလို တော်လှန်ရေးကြီးတွေ အုံကြွမှုကြီးတွေဆိုတာ ကျောင်းသားမှမဟုတ်ပါဘူး ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ လုပ်လို့မရသလို လုပ်လည်းမဖြစ်ပါဘူး။ လူထုက လုပ်မှဖြစ်တာပါ။
လူထုသာ သမိုင်းဆိုင်ရာအပြောင်းအလဲကြီးတွေကို ဖော်ဆောင်နိုင်တာပါ။ သမိုင်းကို
လူထုကသာ ဖန်တီးပြောင်းလဲပစ်နိုင်စွမ်းတာပါ။ ပြန့်ကြဲနေတဲ့လူထုကြီးနဲ့ နေရာတိုင်းမှာရှိနေတဲ့ မုန်းတီးနာကျည်းမှုတွေ အမျက်ဒေါသတွေကို တော်လှန်ရေးရဲ့မောင်းနှင်အားအဖြစ်
ပြောင်းယူစုစည်း အတွေးအခေါ်နဲ့ နိုင်ငံရေးသဘောတရားရေးတပ်ဆင်ပေးမှ စနစ်တကျ အားကောင်းမောင်းသန် လူမှုတော်လှန်ရေးကြီးတွေဖြစ်ရတာမဟုတ်လား။

ကျောင်းသားဆိုတာ ခေတ်တိုင်းရဲ့ သမိုင်းတပ်ဦးနေရာမှာရှိကြတာမှန်ပေမယ့် သူတို့ချည်းလုပ်လို့ အပြောင်းအလဲကြီးတွေမဖြစ်နိုင်မှန်း သိကြပြီးသားပါ။ သူတို့မှာ သူတို့အတွေ့အကြုံ ဆင်ခြင်တုံနဲ့ ပိုင်းဖြတ်ချက်တွေလည်း ရှိကြပါတယ်။ လူကြီးတွေ ရှေ့မျိုးဆက်တွေဆီကနေဆည်းပူးရင်း သမိုင်းခေတ်တွေကနေ သင်ခန်းစာရောနမူနာပါ ထုတ်ယူနိုင်စွမ်းကြပါတယ်။ သူတို့လည်း “အထွေထွေသပိတ်ကြီး”ဆိုတာအထိ မျှော်လင့် လုပ်ကိုင်နေကြတာလို့ပြောလို့မရပါဘူး။
ပြောရလောက်တဲ့ အချက်အလက်လည်း မတွေ့ရပါဘူး။ သူတို့အကန့်အသတ် သူတို့သိသလို အဲ့ဒီအကန့်အသတ်အတွင်းကနေပဲ သွားနေကြတာပါ။
သိတ်ကြီးတော့လည်း မပူပါနဲ့ အစိုးရိမ်မလွန်ပါနဲ့ “ကိုယ့်လူ” တို့ရေ။ ပူခြင်းပူ စစ်အုပ်စုပူပါစေ စိုးရိမ်ခြင်းရိမ် စစ်အုပ်စုရိမ်ပါစေ။

တခုတော့ရှိတာပေါ့လေ။
တောင်တကယ်ပြိုရင် လက်ဝါးနဲ့ကာမရပါဘူး။
မိုးကြိုးတကယ်ပစ်ရင် ထန်းလက်လည်း အကာအကွယ်မဖြစ်ပါဘူး။
ဆင်ဆိုတာလည်း တကယ်ဝှေ့ရင် ရှောင်မလွတ်တတ်ပါဘူးဗျာ။


(မုံရွေးဆရာရဲ့စာ)
ခု ကျောင်းသားသပိတ်ကိုဖြိုဖို့ သဏ္ဍန်စုံနဲ့လှော်ကြမယ့် ဗိုလ်အောင်မင်း အခေါ်တော်ဆင့်လို့ အနီးအပါး အပြေးအလွှားဝန်းရံခစားလာကြတဲ့ ခါတော်မီပညာရှင်ရော/မရှင်ရော၊ နိုင်ငံရေးသမားရော/မသမားရော၊ အင်န်ဂျီအိုရော/မအိုတွေရောတွေကိုမြင်တော့
မုံရွေးဇေတဝန်ဆရာတော်က သာမဏေမောင်တုတ်ကြီးထံရေးသည့် ဆုံးမစာမှာပါတဲ့ “သည်က ဖွတ်တစ်ကောင်၊ တိမ်းရှောင်ကျင့်စောင်း၊ ပုပ်သင်နှင့်ပေါင်း၍၊ ဖွတ်အပေါင်းပျက်စီးရ” ဆိုတာရယ်
“ဟေမဝါမှာ ကေသရာမင်း၊ ဂုဏ်သတင်းနှင့်၊ သားရင်းကမှာ၊ ပညာတစ်ပါး၊ မြေခွေးသားနှင့်၊ လိုဏ်ဂူဟာဝ၊ မြင်းကိုချ၍၊ မရဏညှိ၊ သေလားထိသည်၊ ပါဠိတော်ပြ၊ မနောဇတည်း” ဆိုတာရယ်၊
“တက္ကသီလ၊ ပြည်မသနင်း၊ စိုးသည့်မင်းလည်း၊ အဆင်းလှလှ၊ ကိုယ်ကိုပြသော်၊ ဘီလူးမအား၊ နန်းတင်မှား၍၊ တနန်းတွင်းလုံး၊ တညဥ့်တည်းမှုန်း၍၊ ပြုန်းတက်ကြေကြေ၊ အရိုးစုတွေ၊ ဖြစ်ရှာလေဖူး”ဆိုတာလေးတွေ ပြန်သတိရတယ်။

(နိုင်ငံရေးနှုတ်ရေးယဉ်ကျေးတယ်ဆိုတာ)
သခင်အုန်းမြင့်တို့ အဘဦးစိုးဝင်းတို့ အဘဗိုလ်စက်ရောင်တို့အပါအဝင် ဆုံခဲ့ဖူးသမျှ နိုင်ငံရေးသမားကြီးတွေဟာ နိုင်ငံရေးနယ်ထဲကရှိတဲ့ ဘယ်သူ့ကိုမဆို ဘယ်အသက်အရွယ်ကိုမဆို ဘယ်တော့မှ “မင်း”နဲ့“ငါ”နဲ့ ပြောခဲ့တာမရှိဘူး။ သူ့မြေးအရွယ်ဖြစ်နေပေ့စေ နံမည်ရှေ့မှာ “ကို”တပ်ပြီး ခင်ဗျား ကျနော်သာပြောခဲ့ကြတာပဲ။
ခု ကျောင်းသားတွေနဲ့ဆွေးနွေးပွဲကို တိုက်ရိုက်မကြည့်ရ မမြင်ရပေမယ့် ဦးအောင်မင်းနဲ့ သူ့နောက်လိုက်တတွေကတော့ဖြင့် ကျောင်းသားခေါင်းဆောင်တွေကို မင်း နဲ့ ငါနဲ့ ပြောတဲ့လေသံချည်းပဲ ဖတ်နေရတယ်။
ကျောင်းသားတွေဘက်ကတော့ အဲ့သလိုခေါ်စရာ ဘာအကြောင်းမှမမြင်ဘူး။ ဦးလေး အန်ကယ်လ် စသည်ဖြင့်သုံးကြမှာပဲ။ အမည်တပ်ခေါ်စရာလိုရင်တောင် ဦးအောင်မင်းတော့ခေါ်မှာပါ။ ဒါဟာ လူတယောက်အနေနဲ့ နှုတ်မှုယဉ်ကျေးခြင်းသက်သက်ရဲ့ ဥဒါဟရုဏ်မျှမဟုတ်ဘူး။ နိုင်ငံရေးအရ အသိအမှတ်ပြုတာလည်း မြည်တယ်။
စစ်မြေပြင်မှာလူသတ်တာကို စစ်တိုက်တယ်ပြောမရဘူး။ စစ်တိုက်တာနဲ့လူသတ်တာမတူဘူး။ အလားတူပဲ “သိန်းစိန်လူသတ်အစိုးရအလိုမရှိ”လို့ကြွေးကြော်နေသူတွေနဲ့ စားပွဲဝိုင်းထိုင်ပြီးဆွေးနွေးကြည့် “ဦးသိန်းစိန်”လို့ခေါ်ကြမှာပဲ။
နိုင်ငံရေးယဉ်ကျေးမှုဆိုတာ အပေးအယူအလျှော့အတင်းလုပ်တတ်(တနည်းပြောရရင်) နိုင်ငံရေးကျင်လည်ရုံတင်မကဘူး ဆွေးနွေးဘက်ကို လေးစားသမှုပေးပြီး ကိုယ့်ကိုယ်ကိုလည်း လေးစားတတ်အောင်နေရတာပါ ပါတယ်။
မူးမူးရူးရူးနဲ့ ခွက်ခြင်းတိုက်ပြီး ဟီးဟီးဟားဟားဆိုတာ သူ့နေရာနဲ့သူလုပ်ရသလို ခု ကျောင်းသားတွေနဲ့ဆွေးနွေးတာကို တည်တည်တန့်တန့် လေးလေးစားစားလုပ်မယ်ဆို သူတပါးကလည်းလေးစား ဆွေးနွေးဘက်ကလည်းလေးစာ မိမိကိုယ်ကိုယ်လည်း လေးစားနိုင်သူဖြစ်မှာပါ။
ကုန်ကုန်ပြောမယ် နောက်ဆုံး ဆွေးနွေးပဲပျက်ဦးတောင် တလေးတစားဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သိက္ခာတော့ကျန်ခဲ့မှာပါ။

Saturday, January 31, 2015

ဆီမီးဆင်ဖိုနီ၊ နီတျာတျာ၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်ဟု ဆိုသောအခါ(ဆူးငှက်)

0 comments
ဆီမီးဆင်ဖိုနီ၊ နီတျာတျာ၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်ဟုဆိုသောအခါ(ဆူးငှက်)
လိုက်ကာ အဖြူစလေးက ရှားရှားပါးပါးလေမှာ ကော့ခနဲ တစ်ချက်လန်သွားသည်။ မှန်ပြတင်းက ခပ်ဝါးဝါးမြင်လိုက်ရသော စိန်ပန်းပင်အိုကြီးက သူ၏ရောင်ဝတ်စုံတွင် အနီရောင်ဘော်ကြယ်များခပ်စိပ်စိပ်ထိုးထား၏။
စိန်ပန်းပွင့်နီနီ။
ကျွန်တော်သည် မြမန္တလာဟိုတယ်၏ အရှေ့ဘက်အစွန်ခပ်ကျကျအခန်းအတွင်းမှ အပြင်ဘက်ရှိ စိန်ပန်းပွင့်များကို ငေးရီကြည့်နေမိ၏။ ဆရာဒဂုန်တာရာက ၁၉၅ဝ ခု ဒီဇင်ဘာလ စာဆိုတော်ရက်ကာလအတွင်း မန္တလေးရောက်သည့်ခရီးစဉ်ကို တူးဆွပြနေသည်။ လူထုဇနီးမောင်နှံ၊ တက္ကသိုလ်မောင်စောလွင်၊ တောင်သမန် ဦးပိန်တံတား၊
“ကျွန်တော် မန္တလေးရောက်တော့ အတွေ့ချင်ဆုံးပုဂ္ဂိုလ်က ဆရာမြို့မငြိမ်းပဲ၊ နတ်သျှင်နောင်၊ သက်ဝေ၊ ပျို့မှာတမ်းသီချင်းတွေ နားထောင်ပြီးကတည်းက တွေ့ချင်နေတာ။ ပျို့မှာတမ်းက ထပ်ဆိုအပိုဒ်မှာ အနောက်ဟန်ပါတာကိုက နှစ်သက်စရာကောင်းနေတာ။ မြန်မာသံနဲ့အနောက်သံကို လှလှပပတွဲဖက်ထားတာ သိပ်သဘောကျတယ်ဗျာ” ဟု ဆရာက ပြောပြသည်။
သည်တစ်ခေါက် မြမန္တလာမှာ ဆရာဒဂုန်တာရာက မြို့မငြိမ်းအကြောင်းအတော်ပြောချင်နေ၏။ ကျွန်တော်က ဘာမှမပြောနိုင်။
“အဲဒီအခေါက် မန္တလေးရောက်တုန်းက မိတ်ဆုံစားပွဲမှာ ဆရာမြမျိုးလွင်ကိုမေးရတယ်။ “ကျွန်တော် ဆရာမြို့မငြိမ်းကိုတွေ့ချင်တယ်။ မိတ်ဆက်ပေးစမ်းပါ” လို့ပေါ့။ ဒါပေမယ့် ဆရာမြမျိုးလွင်က ပြန်ပြောတယ်ဗျ။ အခုအခါမှာတော့ မြို့မငြိမ်းက ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့ တူတယ်တဲ့ဗျာ။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိဘူး၊ ဆရာမြမျိုးလွင်စကားကိုလည်း ဘယ်လိုနားလည်ရမှန်းမသိဘူး”
ဆရာဒဂုန်တာရာ၏ အသံတိုးညှင်းညှင်းတွင် အတိတ်အား လွမ်းဆွတ်မှုရီဝေနေသည်။ ဆရာက ယခုနှစ် ၅ဝ ကျော်တိုင် ထိုကိစ္စ၏အဖြေကို သိလိုစိတ်ပြင်းပြနေသည့် အားတက်သရောအသံလည်း စွက်နေ၏။
ကျွန်တော် သက်ပြင်းမျှင်းမျှင်းချမိသည်။
ဟိုတယ်အပြင်ဘက် ရေကူးကန်နဘေးက စိန်ပန်းပင်ဆီအကြည့်က ခပ်ငေးငေးရောက်သွားပြန်၏။
စိန်ပန်းပွင့်နီနီ။
(၁)
နီတျာတျာ၊ ရှေးစာ ရာမလေးလို၊ သန္တာသွေးနဲ့နှုတ်ခမ်းနဲ့ ဆင်တူအောင်ရယ် တစ်ကမ္ဘာလုံး နှုတ်ခမ်းနီခြယ်သကြလို့ စကြဝဠာမယ်စော်နံတယ်၊
နှင်းဆီရောင် ပါးပြင်နီမြန်းလို့ရယ်၊
မန္တလေးတရုတ်တန်းရှေ့ တော်ပြေးဝင်းမြောက်ပေါက်နှင့် ဓားလွယ်ခုတ်နေရာ ၂၈ လမ်းမြောက်ဘက်ခြမ်းတွင်ရှိသည့် ဦးရိပ်၊ ဒေါ်လေးတို့ အိမ်ဝင်းအတွင်းမှ တူရိယာသံစုံတီးမှုတ်သံများ မနက်လင်းကတည်းက ထွက်ပေါ်နေ၍ဖြစ်သည်။ ယခင်က သည်အိမ်ဝင်းအတွင်းရှိ အဆောက်အဦးမှာ စစ်ကြီးအတွင်း မီးလောင်ပြာကျသွားသဖြင့် ယခုအခါ ဝါးကပ်မိုးထရံကာ မြေစိုက်အိမ်ပဲရှိသည်။ ထိုအိမ်ဝင်းအတွင်း တီးသံမှုတ်သံတွေကတော့ ဟိုရှေးယခင်ကတည်းက အခုထိမပြောင်းမလဲရှိနေဆဲ။ ကနဦးတုန်းကတော့ မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း၊ မြန်မာဂီတာတွေဖြစ်မှာပေါ့။ 
အခုတော့ စန္ဒရား၊ အကော်ဒီယံ၊ ကလယ်ရီနက်၊ ထရန်ပက်၊ ဆိုက်ဆိုဖုန်းစသည့် အနောက်တိုင်းတူရိယာပစ္စည်း အသံများဖြစ်သည်။ ဦးရိပ်၊ ဒေါ်လေးတို့ကလည်း အသက်အရွယ်ကြီးရင့်၍ ရှိသည့်ဥစ္စာထုခွဲစားသောက်နေရငြား၊ မိတဆိုးမြေးကလေး ကိုဘညိန်းကို အလိုလိုက်လွန်း၏။ သူဖြစ်ချင်သည်ကို ဖြစ်အောင်ကြံဆောင်ပေးသည်။ ကိုဘညိန်းကလည်း ကျောင်းစာထက် ဂီတကို ပို၍ခုံမင်သည်။ အိမ်နီးချင်း ရွာစားစိန်ဗေဒါ ကြီးကပင် လက်ဖျားခါရသည့် ပါရမီရှင်ဖြစ်သည်။ ငယ်စဉ်ကတည်းက အနောက်တိုင်းဆင်ဖိုနီဓာတ်ပြားတွေ နားထောင်၊ နန်းတွင်းထဲက ကလပ်မှာ ဝင်တီး၊ ရွှေတိုက်ဝင်းမှာ ဂီတသင်္ကေတတွေသင်၊ ဆိုင်းတန်း ဦးတော်လုံကို ဥက္ကဌတင်ပြီး အပျော်တမ်းတူရိယာအသင်းပင် ထောင်လိုက်သေးသည်။ 
ကိုဘညိန်းဖြစ်ချင်တာက ဆင်ဖိုနီသြခက်စတြာတဲ့။ သူ့မိတ်ဆွေ သူဌေးသား ဓားတန်းကိုသန့်နှင့်ပေါင်းကာ မြဝတီမင်းကြီးဦးစ၏ “ဘုံပျံနေနန်း” ကို ဆင်ဖိုနီသြခက်စတြာဝိုင်းဖွဲ့သံစုံတီးဝိုင်းကြီးဖြင့် တီးခတ်ပြလိုသည်။ ဒါက သူတို့ရည်မှန်းချက်။ ထိုရည်မှန်းချက်ကား စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံရသော်လည်း အညွန့်အညှောက်ထွက်ကာရှင်သန်နေဆဲ။ ထို့ကြောင့် စစ်ကြီးအပြီး မြို့မတူရိယာအသင်းကို ပြန်လည်စုစည်းကြတော့ လုပ်သင့်လုပ်နိုင်သည့် ကိစ္စတွေကို တစ်ထစ်ချင်းဆောင်ရွက်သည်။ ကိုဘညိန်းမှာ စီမံကိန်းရှိနေ၏။ ဘယ်သူ့မှလည်း စကား ဖွယ်ဖွယ်ရာရာပြောမနေ၊ အမြဲတွေးအမြဲငေးကာ သူစီမံကိန်းကိုရေးဆွဲနေသည်။ အသင်းတိုက်မှာ လူငယ်ဂီတဝါသနာရှင်တွေကို စုစည်းသည်။ အနောက်တိုင်းဂီတ သင်္ကေတနည်းပညာတွေကို ပို့ချသည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း သူဖြစ်ချင်တာတွေပူးပေါင်းသည်။
ဂီတနှင့်ပတ်သက်လျှင် နေ့မရှိ၊ ညမရှိ၊ အိမ်မရှိ၊ အိပ်ရာမရှိ၊ ဇနီးမယားသမီးသားမရှိ။ အိမ်မှာ ညပြန်အိပ်ချင်မှလည်း အိပ်သည်။ သို့မဟုတ် အိမ်မှာပဲ အပေါင်းအသင်း တပည့်တပန်းတွေတရုန်းရုန်းနှင့် ဂီတကိုပဲ နေ့စဉ်ရက်ဆက် လုပ်ကိုင်နေတတ်သည်။
ဘယ်ဘက်မျက်လုံးက ငယ်စဉ်မှာပင် တိမ်ထိထား၍ ချိုင့်ခွက်ကာ မျက်သားဖြူဖြူတွေ များနေတတ်သည့် လူပုံစံက ဘယ်လိုမှ “ပန်တျာ” မလာသော စန္ဒရားအေးမောင်ဆိုသည့် တပည့်ကလည်း ထိုအိမ်က မပြန်တော့။ သူက စန္ဒရားခုံရှေ့ထိုင်သည်ကပင် ခပ်စောင်းစောင်း။
ဝတ်ပုံစားပုံ ဘိုဆံဆံ၊ နှစ်ထပ်ကော်လံ ဟာဝေယံရှပ် အဆင်အကွက်များကို ဘောင်းဘီရှည်နှင့်ဝတ်တတ်သူ၊ တစ်ခါတစ်ရံ ဘောင်းဘီတိုနှင့် ဝတ်တတ်သူ၊ ဘောင်းဘီနှင့်မဟုတ်ဘဲ လုံချည်နှင့်ဆိုပါက ထိုဟာဝေယံရှပ်တို လုံချည်အပြင်ဘက် ထုတ်ဝတ်တတ်သူ၊ တစ်ခေါင်းလုံး ငွေရောင်ဆံပင်၊ အသားကဖြူနီစပ်စပ်၊ ရုပ်က ဘိုကပြားရုပ်။ ရုပ်သွင်ဟန်ဟန် အမူအရာစမတ်ကျကျနှင့် ကိုဘသင်ကလည်း ထိုအိမ်က မပြန်တော့ ။ 
ဆံပင်တိုတို၊ မျက်ဆံကြောင်ကြောင် ဂယောင်ဂယင် မအူမလည်ရုပ် စန္ဒရားအေးမောင်နှင့်တွဲဖက်သူက ထိုကဲ့သို့သော စမတ်ကျကျ ဘိုဆံဆံ ကိုဘသင်။ ကိုဘသင်က ဂျပ်ဇ်နှင့် ဒယ်ဘယ်လ်ဘေ့စ်ကို တီးခတ်သည်။ သူတို့နှစ်ယောက်က ခွဲလို့မရ။ စန္ဒရားနှင့်ဂျပ်ဇ်၊ ဒယ်ဘယ်လ်ဘေ့စ်။
စန္ဒရားဆိုရာတွင် ကိုအေးမောင်က လက်ဆယ်ချောင်းဖြင့် အသံအကွာအဝေး၊ အနိမ့်အမြင့်၊ အတိုအရှည်၊ အတိုးအကျယ်လိုသလို အတိအကျ ရိုက်ခတ်မိအောင် ထိနိုင်ဖိနိုင်တီးနိုင်သူတဲ့။ စန္ဒရားကို အနောက်တိုင်းဂီတသင်္ကေတ(notes)ဖြင့် ကျွမ်းကျင်စွာတီးခတ်နိုင်သူ။ စန္ဒရားကို “ကော့ဒ်” နှင့် ကျွမ်းကျင်စွာတီးခတ်နိုင်သဖြင့် “ကော့အေးမောင်”ဟု ဝိသေသပြုခံရသူ။ ဒီလို ဘိုဆံဆံစန္ဒရားလက်သံနှင့် ဘိုရုပ် ကိုဘသင်၏ ဂျပ်ဇ်နှင့် ဒယ်ဘယ်လ်ဘေ့စ်နှင့် ၂ ယောက်သား တီးခတ်နေကြလျှင်များ ငေးကြည့်ကြရသတဲ့။ 
ဤကဲ့သို့ လိုက်ဖက်ညီသောတပည့်များ စိတ်ရည်တူ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကိုဘညိန်း(ဝါ)မြို့မငြိမ်းက “ဆီမီးဆင်ဖိုနီ” သီချင်းတစ်ပုဒ် ရေးထုတ်ခဲ့သည်။ သီချင်း၏ကနဦးအစ သံဖြူတန်းက မိတ်ဆွေကြီးကိုလှဒင်အိမ်မှာဖြစ်၏။ ကိုလှဒင်ဆိုတာ မြို့မငြိမ်းနှင့် မြို့မမှာ ကနဦး ထူထောင်ခဲ့သူတစ်ဦးအပါအဝင်။ သူကလည်း ဂျပ်ဇ်သမား။ ကိုလှဒင်အိမ်မှာ မြို့မငြိမ်းက စန္ဒရားအေးမောင်ကို “ရွေတညာ”လေး လုပ်စမ်းပါ ဆို၏။ “ရွေတညာ” ဆိုတာ ပြင်စည်မင်းသားကြီး၏ အလွမ်းဘွဲ့ ယိုးဒယားသီချင်းဖြစ်သည်။
“ရွေတညာ၊ ဖျော်ဖြေဘွေကြော့၊ မြန်မြေချာဝယ်၊ လွန်သာထွေလို့ ဖန်ရွှေစာငယ် မူရာပိုဖွဲ့ဆိုယောင်မှား” အစချီသီချင်းဖြစ်သည်။ အတီးသမားများ အကြိုက်တွေ့သည့် သီချင်းလည်း ဖြစ်၏။ မြို့မငြိမ်းက စန္ဒရားအေးမောင်ကို “ရွှေတညာ”တီးခိုင်းတော့ တပည့်လုပ်သူ ကလည်း စန္ဒရားခုံမှာတစောင်းလေးထိုင်ပြီး ညက်ညက်ကျေနေသော “ရွေတညာ”ကို ဒေါင်းဒေါင်းပြေး တီးခတ်တော့၏။ “အသော” ဒေါင်လို့ မချမီရပ်ခိုင်းသည်။ ထပ်တီးခိုင်းသည်။ အသော “ဒေါင်”လို့ မချမီ ရပ်ခိုင်းပြန်ပြီး လက်ထဲက နုတ်(စ်)စာရွက်တွေပေးကာ “ဒါကိုဆက်တီး” ဟု ခိုင်းသည်။ စန္ဒရားအေးမောင်က ခပ်ကြောင်ကြောင်မျက်လုံးကို ခပ်စောင်းစောင်း အားစိုက်ကာ နုတ်(စ်)တွေကိုကြည့်သည်။ 
လက်ဆယ်ချောင်းနှင့်စန္ဒရားခလုတ် အဖြူ၊ အနက်တွေကို ခပ်သွက်သွက်တို့ထိသည်။ ဘိုဆံဆံတေးသွားတစ်စ။ ရပြီ။ ခပ်သွက်သွက် တီးခတ် လိုက်သည်။ နုတ်(စ်) နှင့်အတူ ရေးမှတ်ထားသော သူ့ဆရာ၏ လက်ရေးခပ်စောင်းစောင်းတွေကို လိုက်ဖတ်ရင်းစိတ်ထဲက အသံထွက်လိုက် ဆိုမိ၏။
“ဝါရွှေညိုနီ၊ ဟို အနောက်တိုင်းဆီဝယ်
ပလက်တီနံဘလွန်း၊ ရောင်စုံခြယ်
မြန်မာလုံမယ်၊ မင်ညိုပိတုန်းရောင်ခြယ်
သွယ်သွယ်ပျော့ပျောင်း၊ ယဉ်ကေဆံသီနွယ်
အနက်ရောင်တစ်မျိုးနဲ့ ဒို့မယ်၊ ကြက်တောင်ဆံရစ်ဆံပတ်ထုံးတယ်
ဒေါက်ချာမြင်းမိုရ် ကြီးငယ်၊ အိုးစည်ခေတ်မီသုံးတယ်
ဗျာပါဆံကေသွယ်၊ ဘောင်ဘောင်ဗွေထဲဆီဝယ်
စွန်တောင်ကိုဆွဲ၊ မူရာတော်တွေကြွယ်”
(၂)
“လှကြစမ်းပါဗျာတို့” သီချင်း၏အစ“နီတျာတျာ၊ ရှေးစာ ရာမလေးလို သန္တာသွေးနဲ့” မှ “နှင်းဆီရောင်၊ ပါးပြင်နီမြန်းလို့ရယ်” အထိမှာ “ရွေတညာ” ယိုးဒယားအသွား ဖြစ်သည်။ စာလုံးအရေအတွက်၊ အသံအကွာအဝေးကြောင့် စည်းဝါးတော့နည်းနည်းကွာသည်။ “ဝါရွှေညိုနီ” မှသည် “စွန်တောင်ကိုဆွဲ” အထိအပိုဒ်က စန္ဒရားအကော်ဒီယံတွေကို “ဂျပ်ဇ်”၊ “ကော့ဒ်”တွေနှင့် ဘိုသံညက်ညက် တီးခတ်ရသည်။ “ယဉ်တစ်ကိုယ် ပါးကျပ်ကိုလဲ” မှ “လှကြစမ်းဗျာတို့ လွတ်လပ်တယ်”ထိက မြန်မာသံ မြန်မာအသွားပြန်ဝင်လာ၏။ 
ထိုအပိုဒ်တွင်ပို၍ မြန်မာဆံလာအောင် ပန်းချီဦးဘသက်က ဝါးပတ္တလားအသံကျဲကျဲလေးနှင့် ဆော့ကြည့်ချင်သေးတယ်ဟု ဆိုသည်။ ၂၈ လမ်းအိမ်ကလေးမှာ “လှကြစမ်းပါဗျာတို့”ကို အပြန်ပြန်အလှန်လှန် အညက်ကြီးညက်အောင် စိတ်လိုလက်ရ နှစ်နှစ်သက်သက် တီးမှုတ် နေကြတာ နေ့စဉ်ရက်ဆက်။ မြို့မငြိမ်း၏ အဘွားဒေါ်လေးကလည်း သူ့မြေးနှင့် အပေါင်းအသင်းတွေ ပျော်ရွှင်နေကြတာကြည့်ပြီး ကျေနပ် နေသည်။ မြေးဖြစ်သူ ဘာလိုသလဲ၊ လိုသမျှဆောင်ကြဉ်းပေးရတာကိုပဲ အဘွားအိုက ဝမ်းသာနေ၏။ “လှကြစမ်းပါဗျာတို့” ကို မြန်မာ ဝါးပတ္တလားသာမက အခြားအနောက်တိုင်းတူရိယာတွေ ကြိုးတတ်တူရိယာတွေနှင့်ပါ အသံတွေထပ်မံ ဖြည့်စွက်ကြဦးမည်။ တူရိယာပစ္စည်း အသီးသီးနှင့် ပိုင်နိုင်ကျွမ်းကျင်မှုကို နာရီမလပ်မပြတ် လေ့ကျင့်နေကြသည်။ မကြာမီ ဆရာမြို့မငြိမ်းလိုချင်သော ဆီမီးဆင်ဖိုနီကို အကောင်အထည် ဖော်နိုင်ကြတော့မည်။
“ယဉ်တစ်ကိုယ်၊ ပါးကျပ်တိုပဲ
ဆိုးလက်သဲလက်သဲ၊ ရဲနီမြန်းနီမြန်း။ ပန်းနွယ်ကော့သွယ်
စင်အောင်နှုတ်လို့သာပေး၊ ရေးမင်ရေး မင်ရေး
ကွေးကောက်ကွေးမျက်ခုံးသုံးရက်လနှယ်
အစ်မကြီးတို့ရဲ့ ဓနဉ္စရူပံ၊
ကြံဖန်ထင်သလို၊ လှကြစမ်းဗျာတို့ လွတ်လပ်တယ်”
နန်းရှေ့အောင်ပင်လယ်ကန်ပေါင်ရိုးအနီးက ကျွန်တော့အိမ်ကလေးသို့ အန်တီဒေါ်တင်ကြည်က သူ့ခြံကိုလာကြည့်ရင်း ဝင်ဝင်လာတတ်သည်။ အန်တီဒေါ်တင်ကြည်ဆိုတာ ဆရာမြို့မငြိမ်း၏သမီးကြီး၊ ပန်းချီဆရာပေါ်ဦးသက်၏ဇနီးဖြစ်သည်။ သူ့ခြံက ကျွန်တော့အိမ်၏ အရှေ့ဘက်မှာ ကပ်လျှက်။ အန်တီဒေါ်တင်ကြည်က ကျွန်တော့အိမ်မှာ စိမ်ပြေနပြေထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြသည်။ 
အကြောင်းအရာ အစပ်အဟပ်တည့်သွားပြီဆိုမှဖြင့် သူ့သားကိုမိုးကြီးကို ကားနှင့်ပြန်လွှတ်လိုက်ပြီးနောက် ၁ နာရီကျော်မှ ပြန်လာခေါ်လှည့်ဟု ပြောတတ်၏။ အန်တီဒေါ်တင်ကြည်သည် သူ့ဘဘ ဆရာမြို့မငြိမ်းအကြောင်း၊ သူ့ဘဘ၏ သီချင်းတွေအကြောင်းကို မမောနိုင်မပန်းနိုင် ပြောသည်။ တခါတရံ သီချင်းတွေလည်း သံနေသံထားနှင့်ဆိုပြ၏။ သီချင်းသံကြားတော့ အိပ်ရာထဲက အသက် ၉ဝ ကျော်အရွယ် ကျွန်တော့ အမေကလည်းထလာပြီး ကျွန်တော်တို့ဆီထွက်လာ၏။ အန်တီဒေါ်တင်ကြည်က အမေ့ကိုမြင်တော့ “သြော် အမေ ကန်တော့နော် ကန်တော့” ဟု ဆိုသည်။ အမေက “ရတယ် ပြောပြော၊ အမေလည်း နားထောင်ချင်လို့”ဟု ဆိုသည်။ 
“အိမ်မှာက မနက်လင်းတာနဲ့ တရုန်းရုန်းပဲကွယ့်၊ အန်တီတို့ ဘေးမကြီးကလည်း အဘွားကြီးလုံးလုံးဖြစ်နေတာတောင် သူ့မြေး၊ အန်တီတို့ ဘဘကို မျက်နှာအညှိုးမခံရဘူး၊ လိုတာကို မရှိတဲ့ကြားက ထုခွဲပေးနေတာ။ စစ်ကြီးမှာ အိမ်လည်းပြာကျ၊ လုပ်ငန်းလည်းပျက်ဆိုတော့ ဘယ်မှာဝင်ငွေရှိမှာတုန်း၊ မေမေကလည်း ဈေးထွက်တယ်ဆိုပေမယ့် အရောင်းအဝယ်ဖြစ်လှတယ်မှမဟုတ်ဘဲ။ အန်တီက အပျို မဖြစ်တဖြစ်ပေါ့။ လွတ်လပ်ရေးရပြီးတော့လည်း တိုင်းပြည်က ငြိမ်တာမှမဟုတ်တာ။ ကရင်ဝင်လိုက်၊ ဟိုနားဒီနားပစ်လိုက်ခတ်လိုက် ဆိုတာတွေကြားနေရတာ။ အန်တီတို့ ဘဘမှာ ညီအစ်ကိုအရင်းအချာလို အလွန်ချစ်တဲ့ညီတစ်ယောက်ရှိတယ်၊ သူက အဲဒီတုန်းက အလံနီကွယ့်။ တစ်နေ့တော့။
(၃)
၁၉၄၉-၅ဝ ဝန်းကျင်တွင် ဆရာမြို့မငြိမ်းက ညီအရင်းတစ်ယောက်ကဲ့သို့ချစ်ခင်ရင်းနှီးသော ဝမ်းကွဲညီတစ်ယောက်သည် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုထဲပါဝင်နေသဖြင့် အစိုးရစစ်တပ်က ဖမ်းဆီးမိသွားသည်။ မန္တလေးအရှေ့ဘက် ပုသိမ်ကြီးရေထွက်စခန်းတွင် တပ်စွဲထားသော အစိုးရစစ်တပ်ကဖမ်းဆီးမိသဖြင့် လက်နက်ကိုင်တိုက်ပွဲ အရှိန်အဟုန်ပြင်းထန်သောကာလမို့ ရန်ကင်းတောင်ခြေ၌ပင် ကွပ်မျက်သည်ဟုဆို၏။ မြို့ကိုပင် မောင်းထုကြေညာသော ကွပ်မျက်သည့်ပွဲကို ဆရာမြို့မငြိမ်းက သူ့မိတ်ဆွေဦးလေးစိန်တို့နှင့် သွားကြည့် မိသည်ဆို၏။ 
ရန်ကင်းတောင်က ပြန်လာကတည်းက ဆရာမြို့မငြိမ်း ငူငူငေါင်စင်းစင်းဖြစ်နေသည်။ အလွန်နုနယ်သော အနုပညာသမား၏ဦးခေါင်းမှာ ရက်စက်ကြမ်းကြုတ်မှုအမည်းကွက်က ရုတ်ချည်းစွဲထင်သွားခြင်းဖြစ်၏။ ဘယ့်နှယ်ခံနိုင်ပါ့မလဲ။ အစကတော့ သတိမထားမိ။ သူ့နဂိုနေ ပုံစံပဲထင်ကြ။ ဖြည်းဖြည်းချင်းမှ သိသာလာသည်။ သမီးဖြစ်သူ၏ အိမ်မှာလှန်းထားသော အင်္ကျီအနီကိုမြင်တော့ ရုတ်ချည်းဆွဲယူကာ ဆုတ်ဖြဲလွှင့်ပစ်လိုက်သည်။ တဘက်အနီကိုမမြင်ရဲ။ အိမ်ရှေ့က ဖြတ်သွားလေ့ရှိသည့် အိန်္ဒိယအမျိုးနွယ်များ၏ ဘင်ခရာနှင့်လှည့်လာသော မင်္ဂလာဆောင်အခမ်းအနားများတွင် အနီရောင်ရဲရဲဝတ်ဆင်လာသော သတို့သားသတို့သမီးကို တွေ့ရာခဲနှင့် ပစ်ခတ်တတ်သည်။ 
သည်ကြားတွင် အစစအလိုလိုက်သော ဘွားအေကြီးကလည်းဆုံးပါးသွားတော့ တစ်ပူပေါ်နှစ်ပူဆင့်လာ၏။ အိမ်မှာအမြဲ စုစည်းဝိုင်းဖွဲ့ နေကြသည့်အပေါင်းအသင်းများ၊ တပည့်များက လက်သားကျနေသော “လှကြစမ်းပါဗျာတို့” ကိုလည်း မတီးမှုတ်ရဲ။ “နီတျာတျာ” ဆိုသည်နှင့် ဆရာမြို့မငြိမ်းက ပိုသည်းလာသည်။ ပိုဆိုးလာသည်။ အားလုံးလည်း လူစုကွဲသွား၏။ ဓားတန်း အသင်းတိုက်သို့လည်း မသွားနိုင်တော့။
တစ်ခါတစ်ရံ တစ်ယောက်တည်းထွက်သွားပြီး နန်းဦးလွင်က ဦးလေးစိန်ဆီ ရောက်ချင်ရောက်သွားသည်။ တစ်ခါတစ်ရံ ဝါးတန်းမှာ တစ်ယောက်တည်း၊ တစ်ခါတစ်ရံ ဒေါင်းရိုးမှာ၊ ဆရာငြိမ်းကို တစ်ယောက်တည်းတွေ့သည့်သူတိုင်းက အိမ်သို့ပြန်ပို့ပေးသည်။ မန္တလေးဆိုတာကလည်း တောင်ပြင်၊ မြောက်ပြင်၊ အရှေ့ပြင်၊ အနောက်ပြင် ဘယ်နေရာသွားသွားမသိသူမရှိ။ ဆရာငြိမ်းလို ပုဂ္ဂိုလ်မျိုးမို့ လူတိုင်းကသိသည်။ ဝိုင်းဝန်းသည်။ စောင့်ရှောက်သည်။ မြို့မအသင်းကတော့ ဓားတန်းမှာ ဆရာမြို့မငြိမ်းမရှိတော့သော်လည်း သူ့နည်းသူ့ဟန် ဆက်လက်ချီတက်နေဆဲ။
ဆရာမြို့မငြိမ်း၏ စိတ်မကျန်းမာမှုသတင်းက တစ်မြို့လုံးသိထားပြီး တစ်မြို့လုံးက စာနာထောက်ထားနေကြသည်။ ထိုစဉ်ကာလမှာပဲ ဆရာဒဂုန်တာရာ မန္တလေးရောက်လာပြီး စာပေမိတ်ဆုံညစာစားပွဲတွင် ဆရာမြမျိုးလွင်အား “မြို့မငြိမ်းကို တွေ့ချင်တယ်ဆရာ၊ မိတ်ဆက် ပေးစမ်းပါ” ဟု ပြောလိုက်ခြင်းဖြစ်၏။ 
ဆရာဒဂုန်တာရာကတော့ သူအလွန်တွေ့ချင်သော မြို့မငြိမ်းကို မတွေ့ခဲ့ရဟုဆိုသည်။ ဆရာကြီး မြမျိုးလွင်၏စကားရပ်ကိုလည်း ကေင်းစွာ နားမလည်ဟု မြို့မစိန်ရတုမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ဆရာဒဂုန်တာရာ၏ဆောင်းပါးကိုဖတ်ပြီးနောက် ကျွန်တော်တို့လည်း ဆရာကြီး မြမျိုးလွင်၏စကားကို နားမလည်ခဲ့။ ကျွန်တော်တို့အချင်းချင်းပင် အငြင်းပွားမိကြသေးတော့။ အမြင်အမျိုးမျိုး။ 
ကဲ၊ တစ်မြို့လုံးသိနေသော ကိစ္စမှာ နာမည်ကျော်စာရေးဆရာကြီးမြမျိုးလွင်က ဧည့်သည်စာရေးဆရာကို ဘယ်လိုအဖြေပေးရပါ့မလဲ။ ဝတ္ထုတိုင်းတွင် ဖွယ်ရာယဉ်ကျေးလွန်းလှသည့် အပြန်ပြန်အလှန်လှန် စကားပြောများကြောင့် လက်ကမချချင်အောင် စွဲမက်ကြ၊ ချီးမွမ်းခဲ့ကြ ရသည့် မန္တလေးသား ဆရာကြီးမြမျိုးလွင်က အလွန်ဖွယ်ရာယဉ်ကျေးသောအသုံးအနှုန်းဖြင့် ဆရာဒဂုန်တာရာကို အဖြေပေးခဲ့သည်။ 
“ယခုအခါမှာတော့ မြို့မငြိမ်းက ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်” တဲ့။
စာလုံးတစ်လုံးချင်းကို ရေရွတ်ကြည့်လိုက်ပါဘိ။ အလွန်ယဉ်ကျေးဖွယ်ရာသော အဖြေစကားပါပေ။ ဘယ်သူ့ကိုမှလည်း မထိခိုက်။ ဆရာကြီး မြမျိုးလွင်၏စကားရပ်ကို ကျွန်တော်စိတ်ဝင်စားသည်။ ထိုအချိန်က ဆရာမြို့မငြိမ်းက ဘယ်သူနှင့်မှ မတွေ့ချင်သောအနေအထားကို စေ့ငု ကြည့်မိသည်။ သည်လိုနှင့်။ 
(၄)
မြမန္တလာတွင် ဆရာဒဂုန်တာရာလာသည့်အခေါက်က ထိုအကြောင်းကို မပြောမိလိုက်။ ဘာပဲပြောပြော သည်ကိစ္စက ဆရာဒဂုန်တာရာ့ကိုသာ မက အားလုံးကိုပြောပြချင်မိသည်။ ကွယ်လွန်သူ အန်တီဒေါ်တင်ကြည်ကလည်း သူ့ဘဘအကြောင်းသူပြောပြတာ ကျွန်တော်ကတဆင့် မိတ်ဆွေတို့ကို အခုလို ပြန်ဖောက်သည်ချခြင်းကိုလည်း ခွင့်ပြုမှာသေချာသည်။
ဆူးငှက်