Thursday, February 12, 2015

စစ်ဆိုတာ သေနတ်နဲ့လုပ်တဲ့နိုင်ငံရေး (မျိုးမြင့်ချို)

0 comments
စစ်ဆိုတာ သေနတ်နဲ့လုပ်တဲ့နိုင်ငံရေး (မျိုးမြင့်ချို)
လူတန်းစားအသီးသီး အလွှာအသီးသီးက ပြည်တွင်းစစ်ကို ရပ်စေ့ချင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးရချင်တယ်။ စစ်မတိုက်ချင်ပဲတိုက်နေရတဲ့ စစ်ဗိုလ်စစ်သားအများစုကလည်း စစ်ကိုမုန်းတီးခါးသီးနေတယ်။ သူတို့ ဘာ့အတွက်သတ်နေကြ သေနေကြ ဘဝပျက်နေကြကိုလည်း အရင်ကထက် ပိုသိမြင်နားလည်လာတယ်။

စစ်ရပ်စေ့ချင် ပြည်တွင်းငြိမ်းချမ်းရေးလိုချင်ကြသူတိုင်းမှာ မိမိတို့ကိုယ်စီအကျိုးစီးပွား ရှေးရှူတာကြောင့်ဆိုတာအမှန်ပဲ။ အတန်းအစားတခုခြင်းစီ အလွှာတခုခြင်းစီရဲ့ အကျိုးစီးပွားတွေဟာ မတူနိုင်ဘူးဆိုပေမယ့် ငြိမ်းချမ်းရေးမရှိရင် ဘယ်အတန်းအစား ဘယ်အလွှာရဲ့အကျိုးစီးပွားကိုမှ ပီပီပြင်ပြင်မဖော်ဆောင်နိုင်ဘူးဆိုတာလည်း အားလုံးကသိသလို ဘုံအကျိုးစီးပွားသဘောလည်း သွားဖြစ်နေပြန်တယ်။
သဘောကတော့ တစုချင်း တတန်းခြင်းတွေရဲ့အကျိုးစီးပွားဟာ တပြည်လုံး တစုံလုံးရဲ့ အကျိုးစီးပွားဖြစ်နေတယ်။ ဒီမှာဆိုတဲ့ အားလုံးရဲ့အကျိုးစီးပွားဆိုတာက နိုင်ငံကို နိုင်ငံရေးအရ၊ ပညာအရ၊ စီးပွားရေးအရ ဘက်ပေါင်းစုံမှာ ဂုဏ်သိက္ခာရှိရှိ ထည်ထည်ဝါဝါနဲ့ နိုင်ငံတကာက လေးစားသိမှတ်ခံရတဲ့တိုင်းပြည်ဖြစ်ပြီး လူတွေကိုလည်း နိုင်ငံကြီးသားတွေဖြစ်လိုစိတ် အခံကြောင့်ပဲ။ ဒါ့ကြောင့် စစ်ရပ်ဖို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပြောနေကြတိုက်တွန်းနေကြ လှုပ်ရှားနေကြတာပဲ။
စစ်ဆိုတာ သေနတ်နဲ့ရှင်းတဲ့နိုင်ငံရေးပဲ။ တနည်းပြောရရင် လက်နက်နဲ့လုပ်တဲ့နိုင်ငံရေးပဲ။ နိုင်ငံရေးရဲ့အဆက်မဟုတ်သလို နိုင်ငံရေးအရမရှင်းနိုင်လို့ ကောက်ကာငင်ကာ စိတ်လိုက်မန်ပါထချကြတဲ့ကိစ္စလည်း မဟုတ်ဘူး။ သေနတ်နဲ့လုပ်တဲ့နိုင်ငံရေး သက်သက်ပဲ။ 

ဗမာပြည်မှာ စစ်အုပ်စုလုပ်တဲ့နိုင်ငံရေးဆိုတာ အဲ့ဒါပဲ။ စစ်အုပ်စုပြောတဲ့အမျိုးသားရေးဆိုတာ အဲ့ဒါပဲ။ တို့တာဝန်အရေး ၃ ပါးဆိုတာ အဲ့ဒါပဲ။ ချုပ်ပြောရရင် သေနတ်နိုင်ငံရေးနဲ့ စီးပွားရှာတာပဲ။ စစ်ဟာ သူတို့အဖို့တော့ မက်စရာပဲ။ စစ်မက်ရှိမှ အာဏာ ဓနဥစ္စာနဲ့စီးပွားဖြစ်မှာမို့ စစ်ကို မရှူံးအောင်တိုက်နေရတာပဲ။ နိုင်အောင်တိုက်ဖို့ကတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
စစ်ရှူံးတယ်ဆိုတာ နိုင်ငံရေးရှူံးတာပဲ။ ဖက်ဆစ်တွေဘာ့ကြောင့် စစ်ရှူံးလဲ။ ဖက်ဆစ်ဖြစ်လို့ကို ရှူံးတာပဲ။ ဗီယက်နမ်မှာ အမေရိကန်ဘာ့ကြောင့် စစ်ရှူံးသလဲ နယ်ချဲ့ဖြစ်လို့ပဲ။ တာလီဘန်တွေ ဘာ့ကြောင့် စစ်ရှူံးသလဲ။ အကြမ်းဖက်ဝါဒကိုင်စွဲလို့ပဲ။ ဒါ့ကြောင့် စစ်ရှူံးတယ်ဆိုတာ နိုင်ငံရေးရှူံးတာ။ စစ်နိုင်တယ်ဆိုတာ နိုင်ငံရေးနိုင်တာပဲ။ စစ်ကြီးထဲက စစ်ပွဲလေးတွေအရှူံးအနိုင်ကြ စစ်အတတ်၊ လက်နက်လူသူအင်အား၊ စစ်ခေါင်းဆောင်ရဲ့လုပ်ရည်ကြံရည်နဲ့ သတ္တိဗျတ္တိအရာပဲ။ စစ်ပညာမျှသာပဲ။
စစ်မှာ တရားရှိတယ်။ တရားမှန်ဖို့လိုတယ်။ အဲ့ဒီတရားဟာ နိုင်ငံရေးသဘောတရားရေးပဲ။ လူထုအကျိုးစီးပွားအခြေခံနိုင်ငံရေးပဲ။ နိုင်ငံရေးတရားမှန်ရင် စစ်နိုင်ပြီး တရားမှားရင် စစ်ရှူံးတာပဲ။ အမေရိကန်ပြည်တွင်းစစ်အပါအဝင် လူ့သမိုင်းအလှည့်အပြောင်းကြီးတွေကိုဖြစ်စေခဲ့တဲ့ ပြည်တွင်းစစ်ကြီးတွေမှာ တရားမှန်တဲ့ဘက်က နိုင်ခဲ့တာချည်းပဲ။ အေဗရာဟင်မ်လင်ကွန်း ကိုင်စွဲတဲ့နိုင်ငံရေးဟာ မှန်တဲ့တရား လူထုအခြေခံတရားပဲ။ ဒါ့ကြောင့် နိုင်ငံရေးနိုင်တာပဲ။ တနည်းပြောရရင် စစ်နိုင်တာပဲ။

စစ်အုပ်စုက ပြည်တွင်းစစ်ကိုနိုင်အောင်မတိုက်နိုင်ဘူးဆိုတာ တရားအမှားကိုင်ထားလို့ပဲ။ နိုင်ငံတကာကိုကြည့် ကမ္ဘာ့သမိုင်းကိုကြည့် တရားအမှားနိုင်ငံရေးအမှားကိုင်ထားတဲ့ စစ်တပ်မှန်သမျှဟာ ခေါဘဏီကြီးဖြစ်ပေ့စေ နတ်စစ်သည်တွေဖြစ်ပေ့စေ ကမ္ဘာပြာကျနိုင်တဲ့လက်နက်တွေရှိပေ့စေ ဘယ်တော့မှ စစ်ကိုနိုင်အောင်မတိုက်နိုင်ဘူး။ ဘယ်တော့မှ စစ်မနိုင်ဘူး။ ဘယ်တော့မှ နိုင်ငံရေးမနိုင်ဘူး။ စစ်စီးပွားနဲ့ကြီးပွားဖို့ အောက်ခြေထုစစ်ဗိုလ်စစ်သားလေးတွေရဲ့ဘဝကို ချနင်းရင်း တပ်တွင်းပုန်ကန်မှုတွေ၊ ပြည်တွင်းတော်လှန်ရေးတွေ၊ ပြည်ပအတိုက်ခံရတွေနဲ့ မိုက်ဇတ်သိမ်းခဲ့တာချည်းပဲ။
ဗမာ့စစ်အုပ်စုလည်း ခု တဖြည်းဖြည်းနဲ့ မိုက်ဇတ်သိမ်းချိန်နီးနီးလာပြီမှတ်တယ်။ တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ လက်နက်ကိုင်နိုင်ငံရေးဟာ သူတို့ရထိုက်ရအပ်တဲ့ ရပိုင်ခွင့်တွေအတွက်မို့ မှန်တဲ့ဘက် တရားတဲ့ဘက်မှာရှိနေတယ်။ အင်အားသေးတယ် အပြန့်ပြန့်အကျဲကျဲဖြစ်နေတယ် စုစည်းညီညွတ်မှုအားနည်းတယ်ဆိုပေမယ့် နိုင်ငံရေးအရ တရားအရမှန်နေတော့ မရှူံးသွားဘူး။ သူတို့ကို အပြီးအပြတ်ချေမှုန်းလို့မရနိုင်ဘူး။

ပြန်ချုပ်ရရင် တပြည်လုံးက စစ်ရပ်ငြိမ်းချမ်းရေးလိုချင်တယ်။ စစ်အုပ်စုက စစ်မက်နဲ့ကြီးပွားတာမို့ စစ်မရပ်နိုင်ဘူး။ စစ်ဟာလက်နက်ကိုင်လုပ်တဲ့နိုင်ငံရေးဖြစ်တယ်။ သေနတ်နဲ့ရှင်းတဲ့ နိုင်ငံရေးဖြစ်တယ်။ စစ်မှာ တရားရှိတယ်။ နိုင်ငံရေးတရားအမှားအမှန်ဟာ စစ်အရှူံးအနိုင်ဖြစ်တယ်။ တရားအမှားကိုင်စွဲတဲ့ စစ်အုပ်လည်း မိုက်ဇာတ်သိမ်းကိုသိမ်းရမယ်။
ကျနော်တို့လုပ်ရမှာက စစ်မတိုက်ချင်တဲ့ အောက်ခြေထု စစ်ဗိုလ်စစ်သားတွေကို ပြည်သူဘက်ထွက်ရပ်လာအောင် နိုင်ငံရေးအမှား တရားအမှားကိုင်ထားတဲ့စစ်အာဏာရှင် စစ်ခေါင်းဆောင်တွေကို ပြန်ဆန့်ကျင်အာခံပုန်ကန်ဝံ့အောင် အားပေးကြဖို့နဲ့ နွေးနွေးထွေးထွေးကြိုဆိုကြဖို့ပဲ။

မျိုးမြင့်ချို ဖေဖော်ဝါရီ ၂ဝ၁၅


Saturday, February 7, 2015

New Burma စာစောင်လုပ်ကြတဲ့အကြောင်း (မျိုးမြင့်ချို)

0 comments
New Burma စာစောင်လုပ်ကြည့်ကြတဲ့အကြောင်း
၂ဝ၁၄ ဒီဇင်ဘာ တမနက်ခင်း။ ကိုရဲဝင်းလတ်နှင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ စကားလက်ဆုံ၏။ အမှန်က တမြို့တည်းနေသူတွေ။ စကားလက်ဆုံက အပြင်မှာလည်း ကြ ကြဖို့ကောင်း၏။ သို့သော် မကြ။ ကွန်မြူနတီကိစ္စ ဟိုကိစ္စ ဒီကိစ္စတွေဖြင့် သွားတိုင်းလာတိုင်း ရှောင်မလွတ်သူများ၊ တနေရာမဟုတ်တနေရာ ဆုံနေကြသူများ၊ နေကောင်းလား ဘာတွေလုပ်နေလဲစတာတွေနှင့် ခြေပြလက်ပြနှင့် ပြီးပြီးပြေပြေဘဝများ။ အမေရိကန်သည် လူတချို့အဖို့ အလ္လပသလ္လပပြောရန် အချိန်ဆင်းရဲ၏။ ဗမာပြည်မှာ တချိန်တုန်းက ပိုခဲ့သည့်အချိန်များ ခုနေခါ ရင်းစားပြန်လိုချင်နေမိ၏။

သူက Good Morning တလုံးပြောပြီး “တလတကြိမ်ထုတ် ဒေသအခြေခံ သတင်းစာတစောင်လောက်လုပ်မလို့ စီစဉ်ကြည့်နေတာဗျ၊ အဲ့ဒါတိုင်ပင်ချင်လို့၊ ပြီးတော့ ကိုမျိုးမြင့်ကိုလည်း ပါစေ့ချင်တယ်။ အခြေခံကတော့ သတင်းပေါ့ဗျာ၊ ဖေါ့တ်ဝိန်းသတင်း၊ အင်ဒီယားနားသတင်းနဲ့ အမေရိကန်ပြည်ထောင်စုသတင်းတွေပေါ့၊ ဗမာပြည်သားတွေနဲ့ အဆက်အစပ်ရှိပြီး စိတ်ဝင်စားမယ်ထင်တာတွေပေါ့လေ။ စိတ်ကူးကြည့်တာပါ။ လွတ်လပ်ပြီးအမှီခိုကင်းတဲ့ အဖွဲ့အစည်းတခုခုရဲ့ သြဇာအရိပ်နဲ့လွတ်တဲ့ဟာမျိုးပေါ့ဗျာ၊ တနေ့လောက်ဆုံပြီး ပြောကြရအောင်ဗျာ၊ လေလောဆယ်စာစောင်ထုတ်လို့ရအောင် ပရင်န်တာလည်းဝယ်ထားတယ်ဗျ။ ထုတ်ဖြစ်ရင် စာစောင်လေးကို လီးဂယ်လ်ဆိုက်ဇ်နဲ့ ၈ မျက်နှာလောက်က စကြည့်ချင်တယ်။ အဲ့ဒီဆိုက်ဇ်ဆို ဒီပရင်န်တာနဲ့ ရိုက်လို့ဖြစ်တယ်ဗျ။ နောက်တော့လည်း အခြေအနေအရ ကြည့်ကြက်လုပ်ရမှာပေါ့လေ။ စိတ်ဝင်စားမယ့် အခြားသူတွေလည်း လက်လှမ်းမီသလောက်ဖိတ်မယ်လေ။ ခုလောလောဆယ်တော့ ခင်ဗျား၊ ကျနော်၊ ကိုစိုးချိန်၊ ကိုချိုတူး(ဆောင်းယွန်းလ) ချမ်းမှိုင်းအောင်နဲ့ ဓာတ်ပုံအတွက် ကိုခင်မောင်လေးတို့ဖိတ်ပြီး ဆုံကြရအောင်ဗျာ။ အခြား ခင်ဗျားဖိတ်ချင်တဲ့သူတွေ၊ ပါလာနိုင်မယ်ထင်တဲ့သူတွေရှိလည်း ဖိတ်ပါ။ ဆုံပြီး စကားပြောကြ ဆွေးနွေးကြည့်ကြ တာပေါ့”ဟု တရစပ်ပြောချသွား၏။ သူ့ စိတ်အားထက်သန်မှု၊ ပိုင်းဖြတ်ချက်ရှိမှုနှင့် ပြင်ဆင်ထားနှင့်မှုများကြားပြီး ချီးကျူးမိသော်လည်း အံ့တော့ မအံ့သြမိ။

မအံ့သြရတာက အကြောင်းရှိ၏။ ကျနော် အမေရိကန်ရောက်ပြီး ၂ လတွင် လူမှုကူညီရေး လုပ်ငန်းများ စလုပ်၏။ အစုအဖွဲ့တွေနှင့်လုပ်ရမှာမို့ အစုဖွဲ့ဆိုင်ရာအစည်းအဝေးတွေ ဆွေးနွေးပွဲတွေ လှိုင်လှိုင်တက်ရသွားရ၏။ ဤတွင် သူနှင့် စဆုံ၏။ လူငယ်။ နိုင်ငံရေးအမျိုး။ အင်ဒီယားနားပြည်နယ်တက္ကသိုလ်(ဘလူမင်တန်)တွင် ကျောင်းတက်နေဆဲ။ လူမှုရေးလုပ်ငန်းများ အားသွန်ခွန်စိုက်လုပ်နေသူ စသည်ဖြင့်။ နောက်တော့ လူမှုရေးလုပ်ငန်တွေမှာ ကျနော်က စေတနာ့ဝန်ထမ်းအဖြစ် တနေ့ ၈ နာရီနှင့် တပတ် ၅ ရက်လုပ်သလို သူတို့ကလည်း Burmese Advocacy Center (မြန်မာပြည်သားများအကျိုးတော်ဆောင်အသင်း)အမည်နှင့် လူမှုကူညီရေး Non-Profit အေဂျင်စီလုပ်ကြ၏။ ရုံးကလည်း စုပေါင်းရုံးကြီးတရုံးတည်း၏ တမိုးတည်းအောက်မှာ လုပ်ကြတာဖြစ်သလို ကူညီကြသည့် အလုပ်တွေကလည်းမနီးရိုးစွဲမို့ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ယိုင်းယိုင်းပင်းပင်း။ မြို့နှင့်ဆိုင်သည့် မြန်မာကွန်မြူနတီ နှင့်ဆိုင်သည့်အစည်းအဝေးများ ဆွေးနွေးပွဲများ အခမ်းအနားများ အထိမ်းအမှတ်နေ့များ လှုပ်ရှားမှုများ ရန်ပုံငွေရှာပွဲမျာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ  ပျော်ပွဲရွှင်ပွဲများပါမကျန် သူနှင့်အမြဲလိုလိုဆုံ၏။

ကျနော်က လူမှုရေးသာလုပ်နေသော်လည်း စိတ်က နိုင်ငံရေးဘက် အတိမ်းအညွှတ်ပိုများ၏။ မှတ်တမ်းရုပ်ရှင် ကိစ္စကလည်း ရှိနေ၏။ “ဖူးပွင့်ဝေ”မဂ္ဂဇင်းကိစ္စလည်းရှိနေ၏။ ဂိုးလ်ဒင်န်းမွန်း တီဗီတွင်လည်း ထူထောင်သူတွေထဲတဦး ဖြစ်နေသဖြင့် အလုပ်ပိ၏။ ဒီကြားထဲ အသောက်အစား ကလည်းရှိသေး၏။ အဆိုးဆုံးက ဘယ်တုန်းကရခဲ့မှန်း မသိခဲ့သည့် စိတ်ကျဝေဒနာ တချက်ချက်ဝင်လာလျှင် အလုပ်ပျက်အကိုင်ပျက် အတွေးပျက် ပျက်ကာ စိတ်သောင်စဉ်ရေမရ လူကြိုးမဲ့စွန်လို လွင့်ချင်ရာလွင့်ကာ မျောချင်သလောက်မျောနေတတ်၏။ အိမ်ထောင်လည်း မကျသေး။ ပြီးတော့ ခရီးသွားရတာလည်း ဝါသနာထုံ၏။ သွားလည်းသွား၏။ တနေရာရာတွင် ကျောက်မချပဲ အမေရိကန်တဝှမ်းလှည့်ရင်း လူ့အခွင့်အရေးကိစ္စ ပြည်တွင်းနိုင်ငံရေးကိစ္စတွေပြောရင်း လည်နေတာများ၏။ သူက ထိုသို့မဟုတ် ဖင်မြဲ၏။ ငြိမ်နေအောင်လုပ်တတ်သူ။ စိတ်နောက်ကိုယ်ပါ နည်း၏။

သတင်းစာလုပ်ချင်သည်ကို ကျနော် စိတ်ဝင်စားတာအမှန်။ ဆုံပြီးပြောချင်တာလည်းအမှန်။ မြန်မာပြည်သား ၆ ထောင်နီးပါး စုစုခဲခဲနေသည့်အရပ်တွင် ဗမာစာဖြင့် မြို့ခံသတင်းစာလေး တစောင် ဖြစ်စေ့ရှိစေ့ချင်တာလည်း အမှန်။ လုပ်မည်ဆို နိုင်သလောက်လုပ်ရင်း ဖြစ်တန်သလောက်တော့ဖြစ်မည်ထင်တာလည်း အမှန်။ လုပ်ချင်ကိုင်ချင်စိတ် ရှိတာလည်း အမှန်။

သို့သာ် တွေးရမှာတွေများ၏။ မြန်မာလူ ၆ ထောင်တွင် မြန်မာစာ ဘယ်နှယောက်ဖတ်သနည်း။ သတင်းတွေ အလျှံပယ်နေသည့်အရပ်တွင် ဗမာလိုသတင်းဆို့ဇ်တခု ထပ်လိုပါဦးမလား။ လောလောဆယ် အိတ်စိုက်မှန်သော်လည်း ရေရှည်ဖို့ဆိုတာ နောက်က ငွေ၊ လုပ်အားနှင့် ပါဝင်ရေးသားလုပ်ဆောင်သူတွေအတွက် ခံစားခွင့်လေးရှိမှဖြစ်မည်။ ထို ငွေအတွက် ကွန်မြူနတီအပေါ် လူတွေအပေါ်မှီခိုလို့မဖြစ်။ ဖူးပွင့်ဝေတုန်းက အတွေ့အကြုံလည်း ရှိထားနှင့်၏။ တခြားကိစ္စတွေလည်း ရှိသေး၏။ ဖြစ်ပါ့မလားစိတ်က နေရာဝင်ဝင်ယူသော်လည်း ကိုရဲဝင်းလတ်၏ စိတ်ထက်သန်မှုနှင့် စိုက်ထုတ်ကြိုးပမ်းမှုက ကျနော့် သို့လောသို့လောတွေအပေါ် ယတိပြတ်ဆုံးဖြတ်ချက်ချရန် တွန်းအားဖြစ်နေ၏။ ဤတွင် ဆုံကြတာပေါ့ဗျာ။ ဘယ်နေ့ ဘယ်နေရာဆိုကာ စကားဖြတ်လိုက်ကြ၏။

ဤသို့ဖြင့် ကိုစိုးချိန်(သစ္စာမဂ္ဂဇင်း)၊ ကိုရဲဝင်းလတ်၊ မမင်းမြင့်နန်းတင်နှင့် ကျနော်တို့(၄)ဦးသား မျက်နှာချင်းဆိုင်ကြ၏။ ကိုရဲဝင်းလတ်က သူ နမူနာ အစမ်းပရင်န့်ထုတ်လာသည့် ၈ မျက်နှာ လီးဂယ်လ်ဆိုက် New Burma monthly ထုတ်ပြတော့ ကျနော် သူ့စိတ်ထက်သန်မှုနှင့် ပြင်ဆင်ထားမှုအတွက်ကိုအောင်မြင့်ထွန်း(ဘုန်းကြီးလေး)က ခနဝင်ထိုင်ပြီး သူလည်း နိုင်သည့်ဘက်မှဝင်ကူမည်ဟုဆိုပြီး ထက်ထက်သန်သန်တိုက်တွန်းကာ ကိစ္စရှိသဖြင့် ပြန်သွား၏။ အခြား ဖိတ်ကြားထားသူများ ခရီးလွန်နေသူလွန်နေ၏။ မအားမလပ်သူ မအားကြ။ ရှိသည့်လူဖြင့် ဖြစ်အောင် စကြမယ်ဟုတွေးကာ ကျနော်တို့ စကားတွေပြောကြ၏။ အလုပ်တွေခွဲကြ၏။ ဤစာစောင်လေးကို လောလောဆယ် တလတကြိမ်ထုတ်မည်။ အယ်ဒီတာများအဖြစ် ကိုစိုးချိန်၊ ကိုရဲဝင်းလတ်နှင့် ကျနော်တို့တာဝန်ယူ မည်။ မမင်းမြင့်နန်းတင်က ထုတ်ဝေသူအဖြစ်နေမည်။ ကြော်ငြာကိစ္စ မားကတ်တင်န်းကိစ္စတွေ သူတာဝန်ယူလုပ်မည်။ သူက လက်ရှိလည်း မြန်မာအကျိုးတော်အသင်းတွင် အမှုဆောင်ညွှန်မှူး၊ ပြီးတော့ မြို့ နိုင်ငံရေးအဝန်းအဝိုင်းနှင့်ရော အေဂျင်စီပေါင်းစုံ ကွန်မြူနတီပေါင်းစုံနှင့်ပါ မပြတ်ထိတွေ့နေရပြီး အဆက်အသွယ်လည်းများ၏။

ခုတော့ ရှိသမျှ ဤလူဖြင့်စမည်။ နောက်ပိုင်း အခြားသူတွေလည်း ထပ်ဖိတ်ခေါ်မည်။ တိုးချဲပြင်ဆင်မည်ဟု ဆုံးဖြတ်ဖြစ်ကြ၏။ နည်းပညာကိစ္စကျင်လည်သူတွေ အကူအညီလည်း လိုသည်။ ဤသို့ဖြင့် ကျနော်တို့ အိပ်မက်တွေထဲက အိပ်မက်ငယ်တခုအဖြစ် New Burma လစဉ်ထုတ်စာစောင်လေး ထွက်လာ၏။ ပုံနှိပ်အနေဖြင့် စောင်ရေ (၁ဝဝ)။ အီးဗားရှင်န်းအနေနှင့် အီးမေးလ်တွေကနေဖြန့်မည်။ နောက်ပိုင်း ဝဘ်ဆိုက်လေးတခုပါ လုပ်ကြမည်ဟုတွေးကြ၏။

အယ်ဒီတာအဖွဲ့အီးမေးလ်မှာ thenewburmaeditor@gmail.com ဖြစ်ပြီး ဓါတ်ပုံများအတွက် ကိုခင်မောင်လေး၊ ကိုမင်းရေအဦး၊ ကိုအာယုနှင့် ကိုအောင်မြင့်ထွန်း။ ဒီဇိုင်းအတွက် ဂဖါး၊ ငြိမ်းချမ်းကျော်၊ ဝဏ္ဍိုင်း။ ဖြန့်ချိရေးအတွက် ကိုဇော်လင်းဦး၊ ကိုရဲထွဋ်နိုင်၊ ကိုအာယု၊ ကိုအောင်မြင့်ထွန်းတို့ တာဝန်ယူကြပါတယ်။ လောလောဆယ်မှာတော့ တာဝန်ယူ လုပ်နေကြသူတွေရော၊ စာဝင်ရေးပြီး မြေတောင်ကူမြှောက်သူတွေကိုရော စာမူပူဇော်ခများ မချီးမြှင့် နိုင်သေးပါ။ ဝိုင်းဝန်းကြသူအားလုံးကို ကျေးဇူးတင်ပါသည်ဆိုသည့်စကားထက် ပိုလေးမြတ်ပြီး ဂုဏ်ပြုအပ်သည့်ဝေါဟာရှိလျှင် ဖော်ပြချင်သော်ငြားမစွမ်းသာသဖြင့် ကျေးဇူးတင်ပါကြောင်းထပ်ပြောပါရစေဟု ခွင့်တောင်းပါ၏။
မျိုးမြင့်ချို

ဖေဖော်ဝါရီ ၂ဝ၁၅

Friday, February 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၂)
“ဗိုလ်ချုပ်အောင်ဆန်းတို့က ဗိုလ်နေဝင်းကို စစ်တပ်မှထုတ်ပစ်ဖို့ စီစဉ်စိုင်းပြင်းခဲ့ခြင်း”
ဖက်ဆစ်တော်လှန်ရေးပြီးခါနီးနှင့် ပြီးခါစရန်ကုန်မှာ တော်လှန်ရေးခေါင်းဆောင်တွေအတော်စုံသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်နေဝင်းကို အတော်ပင်မကျေမနပ်ဖြစ်နေသည်။ စစ်တပ်က လုံးဝထုတ်ပစ်ဖယ်ရှားပစ်ဖို့ဆုံးဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေနဲ့ တိုင်ပင် စိုင်းပြင်းခဲ့သည်။ တိတိကျကျအကြောင်းရင်းတွေ ကျနော်တို့မသိရသော်လည်း ကျနော်တို့ ထင်သာမြင်သာအကြောင်းတွေက ဗိုလ်နေဝင်း သည် ရာထူးဌာနတည်ငြိမ်လာသည့် ဂျပန်ခေတ်အတွင်းပိုင်းကစပြီး အပျော်အပါးလိုက်စား။ စာရိတ္တပျက်လာမှု။ တပ်တွင်း၌လည်း ဂိုဏ်းခွဲမှုတွေလုပ်လာတာ နောက် ဖက်ဆစ်တော်လှန်ရေးအတွင်းမှာလည်း ထိထိရောက်ရောက်မလုပ်ဘဲ သူအုပ်ချုပ်တဲ့တပ်ဟာ ဒေသခံလူထုတွေနဲ့လည်းကောင်း။ ဒေသခံနိုင်ငံရေးကေဒါတွေနဲ့လည်းကောင်း။ အဆင်မပြေမှုတွေဖြစ်တာတွေ ထိုစဉ်က ကျနော်တို့ ကြားသိခဲ့ရတာတွေ မှတ်မိနေသည်။ နောက် ကျနော်မသိတဲ့ကိစ္စတွေလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ သိနားလည်ထားကြသည်ထင်ရသည်။ ထိုအကြောင်းတွေကြောင့် နောင်အခွင့်အရေးရလျှင် နယ်ချဲ့တို့နှင့်ပေါင်းပြီး အာဏာရှင်စနစ် ဂိုဏ်းခွဲရေးနှင့်ဆိုးဝါးတဲ့ကိစ္စတွေ လုပ်လာ နိုင်တယ်၊ စစ်တပ်ရော တိုင်းပြည်ပါ များစွာထိခိုက်နစ်နာဖွယ်တွေ ဖြစ်လာနိုင်တယ်လို့တွက်ချက်ပုံရပြီး ဒီလိုလူမျိုး စောစောကတည်းက ဖယ်ရှားပစ်မှ ကောင်းမယ်လို့ တွက်ချက်ယူဆပုံရသည်။ ထိုကိစ္စကိုထိုစဉ်က တော်လှန်ရေးခေါင်းဆောင်အများစု သိရှိခဲ့ကြသည်။

ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးနယ်ရောက်ပြီး နှစ်အတော်ကြာပြီးနောက်ပိုင်း ပါတီဥက္ကဌသခင်ဗသိန်းတင်ကလည်း စကားစပ်မိပြီး ကျနော့်ကိုပြောတာက ဖက်ဆစ်တော်လှန်ရေးပြီးကာစ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းအပေါ် အတော်တူးတူးခါးခါး မကျေနပ်မှုတွေဖြစ်ပြီး စစ်တပ်က အပြီးအပိုင် ဖယ်ရှားထုတ်ပယ်ချင်နေတာတွေကို နိုင်ငံရေးခေါင်းဆောင်အချို့နှင့် တိုင်ပင်ကြောင်းကို သခင်သန်းထွန်းက ဗဟိုကော်မတီတချို့ကိုပြောခဲ့ကြောင်း ပြောပြသည်ကိုကျနော်မှတ်မိနေသည်။
ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်း နောက်ပိုင်း မထုတ်ပစ်နိုင်ခဲ့ချေ၊ ယင်းတွင်အကြောင်းရင်း ၂ ခုရှိသည်ဟု ထင်ရသည်။ ပထမအကြောင်း က ဗိုလ်နေဝင်းရဲ့အကင်းပါးပြီး ကောက်ကျစ်လှည့်စားနိုင်မှုဖြစ်သည်။ ဘယ်အချိန် ဘယ်သူတွေနှင့်ပေါင်းပြီး ဘယ်သူတွေကို ခွာရမည်၊ ဘယ်သူတွေကို ကန်ထုတ်နင်းချေရမည်တို့ကို နားလည်ကျင့်သုံးတတ်သူဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်။ ဒီလိုဗိုလ်နေဝင်းကို တော်လှန်ရေး ပြီးခါစက ဗိုလ်ချုပ်အောင်ဆန်းတို့က စစ်တပ်ကထုတ်ပစ်ဖို့ လုပ်ကိုင်စိုင်းပြင်းခဲ့ပုံတို့ကို ကျနော် ၁၉၇၆ ဇူလိုင်လကုန်ခါနီး ကွန်မြူနစ်ပါတီ၏ အခြေခံဒေသ အရှေ့မြောက်သို့ထွက်လာခါစ ၁၁/၈/၇၆ နေ့က ကွန်မြူနစ်ပါတီ ပြည်သူ့အသံမှ တိုင်းပြည်သို့အသံလွှင့်စဉ်ကလည်း ထိုကိစ္စကို ထည့်သွင်းပြောကြားခဲ့ပါသည်။ 

ဗိုလ်နေဝင်းကို မထုတ်ပစ်နိုင်သည့်အကြောင်းနှစ်ခုအနက် အကြောင်းတခုမှာ ကျနော့်အထင် ထိုအချိန် ဗိုလ်ချုပ်အောင်ဆန်းမှာ တော်လှန်ရေး အပြီး ရန်ကုန်ပြန်ရောက်တော့ နေစရာအိုးအိမ်မရှိဘဲ အိမ်ထောင်နှင့် ကလေးတွေနှင့် များစွာအအခက်အခဲဖြစ်နေသည်။ ထိုအချိန် ဗိုလ်နေဝင်းမှာ သူဦးစီးချုပ်ဘဝက တိုက်အိမ်ကြီးနှစ်လုံးကို ဘယ်လိုနည်းနာနှင့်မသိ ပိုင်ဆိုင်ထားသည်။ တလုံးမှာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့၍ ယခုပြတိုက်လုပ်ထားသော တာဝါလိန်းကုန်းပေါ်ကတိုက်အိမ်ကြီးဖြစ်ပြီး တော်လှန်ရေးပြီးခါစက သူတက်နေသည်။ 

နောက်တလုံးမှာ ထိုတာဝါလိန်းကုန်းအိမ်ကြီး၏ ခြေရင်းကားလမ်းဘေးရှိ တိုက်အိမ်ဖြစ်သည်။ ၎င်းအိမ်မှာ အပေါ်အိမ်ကြီးလောက် မကောင်းပေ၊ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကိုဆွဲခေါ်လာပြီး တာဝါလိန်းကုန်းပေါ်ရှိတိုက်အိမ်ကြီးကို အတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်လောက်မကောင်းသော ကုန်းအောက်ခြေကတိုက်အိမ်တွင် ဆင်းနေသည်။

ဤတွင် ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းအဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး မကောင်းသည့်အကျင့်စရိုက်အချို့ကြောင့် တချို့ အားနည်းချက်တွေ ရှိနေတာဖြစ်သည်။ ပြုပြင်သွားရင်ရနိုင်သည်။ အထူးအဖြင့် သူ့အပေါ် ဒီလောက်လေးစားသဖြင့် သူကြိုးကိုင်သွားလို့ ရနိုင်သည်။ စွန့်ပစ်လိုက်ရအောင်အထိမဆိုးဟု တွက်ချက်ပုံရသွားသည်ဟု ထင်ရသည်။ ဒုတိယအကြောင်းမှာ ထိုအချိန် (ဖဆပလ) အဖွဲ့ချုပ်ကြီးထဲ နိုင်ငံရေးသမားဟောင်း လက်ျာသမားများဝင်လာကြရာ ဗြိတိသျှတို့ထံမှလွတ်လပ်ရေးတိုက်ပွဲအတွက် ထပ်တိုက်ပွဲဝင်ရေး ချောချောမောမောဖြစ်ဖို့ အခက်အခဲတွေ ပေါ်ပေါက်နိုင်နေသည်။ ဤအတွင်းမိမိတို့ တော်လှန်ရေးလုပ်ခဲ့ကြသူ လူငယ်တွေထဲက မညီမညွတ် ကွဲကြရင် ပို၍အခက်အခဲတွေ့နိုင်ပြီး ဖဆပလ အတွင်း မညီညွတ်မှုတွေနဲ့ အားနည်းသွားနိုင်သည်။ တို့အချင်းချင်းညီညွတ်ရေးဟာ သော့ချက် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ယူဆလာသည်။ 

ဒီ ဒုတိယအကြောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကျနော့်ကိုခေါ်ပြော၍ ဒီသဘောကိုသိရတာ ဖြစ်သည်။ ဒီလိုပြောပြရသည့် အကြောင်းရင်းက ကျနော့်တိုင်း(၄)တွင် ထိုစဉ်က ဗိုလ်နေဝင်းတို့ အသိုင်းအဝိုင်းမှဖြစ်ပြီး နောင်ဆိုရှယ်လစ်တပ်မှူးတဦးဖြစ်လာသော တပ်ရင်းမှူးတယောက်သည် ထိုစဉ် ကျနော်တာဝန်ပေးထားသောတိုက်ပွဲတပွဲကို မတိုက်ဘဲရှောင်နေပြီး ကျနော့်ကိုပင် တန်ပြန် ပုတ်ခတ် ပြောဆိုနေသည်။ ထိုအကြောင်း သူ့ရဲ့တပ်ခွဲမှူးတဦးက ကျနော့်ကိုလာပြီးသတင်းပေးတော့ ထိုတပ်ရင်းမှူးကို ကျနော်အရေးယူရတော့မည် ဖြစ်ရာ ထိုအကြောင်း ဗိုလ်ချုပ်အောင်ဆန်းထံသတင်းပို့ပြီး ယခင်က ဒါမျိုးတွေကို ကျနော်တို့က တော်လှန်ရေးကြောင့် သည်းခံခဲ့သည်။ ယခု တော်လှန်ရေးပြီးပြီ။ စစ်တပ်ကောင်းရေးအတွက် အထိုက်အလျောက် အရေးယူမှကောင်းမည်ဖြစ်သည်ဟု အစီရင်ခံသည်။ ဗိုလ်ချုပ်က အထက်ပါအယူအဆနှင့် ကျနော့်ကို အထက်ပါအတိုင်း နားချပါသည်။ နောက် ဗိုလ်ချုပ်ကိုယ်တိုင် ထိုကိစ္စကြားဝင်သလားမသိ၊ ထိုတပ်ရင်းမှူးက သူ့အမှားဝန်ချပြီး အပြစ်မှခွင့်လွှတ်ရန် တောင်းပန်ဝန်ချစာတစောင် ကျနော့်ထံပို့လာပါသည်။ ထိုစာကိုလည်း ဗိုလ်နေဝင်း ကိုယ်တိုင် ကျနော့်ထံ ပဲခူးသို့ လာပေးတာဖြစ်သည်။ ကျနော်လည်း ဗိုလ်ချုပ်ကိုယ်တိုင်ပြောထားလေတော့ ထိုကိစ္စကိုကျေအေးလိုက်ပါသည်။

ထိုအထက်ပါအကြောင်း ၂ ခုကြောင့် ဗိုလ်နေဝင်းကို ထိုစဉ်က တပ်ကထုတ်ပစ်ရေးကို မလုပ်ဖြစ်ကြတာဟု ယူဆပါသည်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်းသည် ဗိုလ်နေဝင်းကိုတလျှောက်လုံး သတိထားဆက်ဆံလာခဲ့ပုံရသည်။ ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ်ရာထူးပေးထားစဉ် ဗိုလ်စင်္ကြာ ဂျပန်သွားရသည့်အခါ ဗိုလ်လက်ျာကို ဒုတိယစစ်ဝန်ကြီးခန့်ထားသည်။ နောက်တော်လှန်ရေးပြီးခါနီး တပ်မတော်စစ်ဌာနချုပ်ကို တော်လှန်ရေး နယ်မှ ၁၉၄၅ ဇူလိုင်(၅)ရက်လောက် ရန်ကုန်သို့ရွှေ့ပြောင်းလာပြီး လောင်းဝစ်လမ်းစခန်းတွင် စစ်ဌာနချုပ်အသစ်ကို ဗိုလ်ချုပ်အောင်ဆန်း ပြန်ဖွဲ့စည်းရာတွင် သူကိုယ်တိုင် စစ်သေနာပတိနေရာယူထားပြီး ဒုစစ်သေနာပတိရာထူးကို ဗိုလ်မှူးကြီးလက်ျာကိုပင် ပေးထားသည်။

နောက်ဆုံးတော်လှန်ရေးပြီးနောက် ၁၉၄၅ ခုနှစ်ကုန်ခါနီး ကျနော်တို့တော်လှန်သည့် မျိုးချစ်တပ်မတော်ကို ဗြိတိသျှတို့နှင့်ပေါင်းပြီး ဗမာ့တပ်မတော် Burma Army ကို ဖွဲ့စည်းတော့ ဗမာ့တပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် အင်္ဂလိပ်အမျိုးသားဗိုလ်ချုပ် (မေဂျာဂျင်နရယ်)သောမတ်စ်ကို အင်္ဂလိပ်တို့ကခန့်ထားပြီး ကျနော်တို့ တော်လှန်သည့်မျိုးချစ်တပ်မတော်ဘက်မှ တပ်မတော်ဒုစစ်ဆေးရေး အရာရှိချုပ် ဗိုလ်မှူးကြီးတဦးနှင့် အိန္ဒိယသို့ပါသွားသော မြန်မာတပ်များဘက်မှလည်း တပ်မတော် ဒုစစ်ဆေးရေးအရာရှိချုပ်တဦး ဗိုလ်မှူးကြီးစမစ်ဒွန်းကို ၎င်းတို့က ခန့်ခဲ့သည်။ မျိုးချစ်တပ်မတော်ဘက်မှ ဒုစစ်ဆေးရေးအရာရှိချုပ်ကိုမူ ဗိုလ်ချုပ်အောင်ဆန်းက သူ တပ်ပြင်ထွက်နေမည်ဖြစ်၍ ဗိုလ်မှူးကြီးလက်ျာကို သူ့ကိုယ်စားခန့်အပ်ခဲ့သည်။ ထိုစဉ် ဗိုလ်နေဝင်းမှာ ကျနော်တို့နှင့်အတူ ဒုဗိုလ်မှူးကြီးအဖြစ်နှင့် ခြေလျင်တပ်ရင်းမှူးသာ ဖြစ်စေခဲ့သည်။

နောက်မကြာမီ ဗိုလ်လက်ျာသည် (ဖဆပလ)အစိုးရ ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ဗိုလ်မှူးကြီးစမစ်ဒွန်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသောအခါ ဗိုလ်ချုပ်အဆင့်ဖြင့် ဗမာ့တပ်မတော်စစ်ဦးစီးချုပ်ဖြစ်လာသည်။ ဗိုလ်နေဝင်းကတော့ ဗိုလ်မှူးချုပ်အဆင့်ဖြင့် မြောက်ပိုင်းတိုင်းမှူး ဖြစ်လာသည်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၁)
(၈)

“ဗိုလ်နေဝင်း စစ်ဦးစီးချုပ်မှ ထောက်ပံ့ရေးမှူးကြီးသို့ ရာထူးလျှော့ချခြင်း”

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက် ဂျပန်ထံကလွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့တွင် စစ်ဝန်ကြီး (ကာကွယ်ရေး ဝန်ကြီး) ဖြစ်လာပြီး ဗမာ့တပ်မတော်အုပ်ချုပ်ရေးအတွက် စစ်ဝန်ကြီးရုံးပေါ်လာပြီး ၎င်း၏လက်အောက် စစ်ဦးစီးချုပ်ရုံးလည်း ပေါ်လာသည်။ သခင်ဗစိန် သခင်ထွန်းအုပ်တို့တောင်းဆိုချက်အရ ညီညွတ်ရေးအတွက် ထိုစဉ်က ၎င်းတို့၏ သခင်ဂိုဏ်းမှ ဗိုလ်မှူးကြီးနေဝင်းကို စစ်ဦးစီးချုပ်ရုံး တွင် စစ်ဦးစီးချုပ်နေရာသို့ ဗိုလ်ချုပ်အောင်ဆန်းက ခန့်အပ်ခဲ့သည်။

ဤသို့နေကြရာမှ ၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေး မဖြစ်မီ နှစ်လလောက်တွင်(ထင်သည်) ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ်ရာထူးမှဖြုတ်ချပြီး စစ်ဝန်ကြီးရုံးဌာနတခုဖြစ်သော ရိက္ခာနှင့်ပစ္စည်းထောက်ပံ့ရေးဌာနကြီးမှူးနေရာသို့ အဆင့်ချပြီး ပြောင်းရွေ့လိုက် သည်။ အံ့အားသင့်သွား ကြရသည်။ ဘာအတွင်း  အကြောင်းကြောင့် ဒီလိုလျှော့ချလိုက်သည်ကို ကျနော်တို့အတိအကျမသိရ၊ အပြင်ပန်းက မြင်သာထင်သာ တွေ့ရတာကတော့ ဗိုလ်နေဝင်းမှာ သူ့ဝတ္တရားကို ကောင်းစွာလုပ်သူမဟုတ်၊ အပျော်အပါး လိုက်စားနေတတ်သည်။ အထူးသဖြင့် အချိန်အများဆုံးဖြုန်းတီးတာမှာ ထိုစဉ်က ဦးဟန်ရှိန်ဝပ်ရှော့အလုပ်ရုံ၏ အဝန်းအဝိုင်းရှိအိမ်တအိမ်တွင် ဖဲရိုက်ပြီးအချိန်ဖြုန်း နေတတ်တာများသည်ဟု သိရသည်။ အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်းတွင် တော်တော်ကြီးမကျေနပ်ချက် အတွင်းအကြောင်းတွေရှိဦးမည်ဟု ထင်ရသည်။ ထို့ကြောင့်သာ ဤသို့အရေးယူရခြင်း ဖြစ်သည်ဟု ယူဆရသည်။

ထိုစစ်ဦးစီးချုပ်နေရာကို နောက်ပိုင်းတွင် ဗိုလ်မှူးကြီးဇေယျသို့ တာဝန်လွှဲခဲ့သည်။ ဗိုလ်နေဝင်းမှာ ထောက်ပံ့ရေးဌာနကြီးမှူးရုံးသို့လည်း လာမတက်ဟု သိရသည်။

“ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူအများရှေ့တွင် ဗြောင်ရန်တွေ့စကားများခြင်း”

ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးဆွေးနွေးဆုံးဖြတ်ချက်များလုပ်ရန် ၁၉၄၅ ခုနှစ် မတ်လဆန်း ၁ ရက်မှ ၇ ရက်လောက်တွင် ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းအိမ်တွင် ကျနော်တို့အပါအဝင် တော်လှန်ရေးခေါင်းဆောင်များ သုံးညလောက် ညစဉ်ဆွေးနွေးကြသည်။ ဆွေးနွေးပွဲမှာ စာကြည့်ခန်းတွင်ဖြစ်၏၊ ကုလားထိုင်တွေဘေးဖယ်ထားပြီး သင်ဖြူးဖျာကြီးများခင်းထားကာ အားလုံးဖျာပေါ်ထိုင်၍ ဆွေးနွေး ကြ၏၊ နောက်ဆုံးညတွင် မြေပုံကြမ်းနှင့်စစ်တိုင်းတွေခွဲပြီး စစ်ခေါင်းဆောင်။ နိုင်ငံရေးခေါင်းဆောင်များ တာဝန်တွေခွဲခြားသတ်မှတ်ခြင်းပြီး သွားပြီး အစည်းအဝေးရုပသိမ်းတော့မည်တွင် ကျနော်က ဗိုလ်မှူးကြီးနေဝင်း၏တိုင်း (၂)တွင် ဖျာပုံခရိုင်အပြင် ဟံသာဝတီခရိုင်ပါထည့်သွင်း ထားရာ ဟံသာဝတီကတပ်မှူးတွေ သူတို့တာဝန် ရှေ့လုပ်ငန်းတွေသိလို၍ ပဲခူး ကျနော့်ဌာနချုပ်သို့ရောက်နေကြသည်။ ထိုသူတို့ကို ဗိုလ်မှူးကြီး နေဝင်းနှင့်တွေ့ရန် ဘယ်လိုလွှတ်ရမလဲဟုမေးမိရာ ချက်ချင်းဗိုလ်ချုပ်အောင်ဆန်းက မြေပုံကြမ်းကိုကောက်ကိုင်ပြီး ဟံသာဝတီခရိုင်မှ တွံတေးမြို့နယ်သာ တိုင်း (၂)အောက်ထားပြီး ကျန်မြို့နယ်တွေကို ပဲခူး ကျနော့် တိုင်း (၄)ထဲသို့ ခဲတံဖြင့် ပြင်ဆင်ပေးလိုက်သည်။ နှုတ်ကလည်း ပြောင်းတာကိုပြောလိုက်သည်။

ဤတွင်ဗိုလ်နေဝင်းမှာ ဖျာပေါ်ထိုင်နေရာမှ ရုတ်တရက် ဝုန်းခနဲမတ်တတ်ရပ်လိုက်ပြီး ကျနော့်ကိုယုံကြည်မှ တာဝန်ပေးပါ၊ မယုံကြည်က တာဝန်မပေးပါနဲ့ဟုသဘောပါသည့် ရန်တွေ့စကားကို ဗိုလ်ချုပ်အောင်ဆန်းရော အားလုံးကိုပါကြည့်ပြီး ပြောပါသည်။ အစည်းအဝေး တက်ကြသူအားလုံးအံ့သြပြီး ဗိုလ်နေဝင်းကို စိုက်ကြည့်နေကြသည်။ သူကစောစောကတည်းက ရာထူးပြောင်းရွေ့ချထားခံရတာရော အခြားအကြောင်းတွေပါ မကျေနပ်မှုတွေပါရည်ရွယ်ပြီး ပြောလိုက်ပုံရသည်။ ဗိုလ်ချုပ်အောင်ဆန်းက ခေတ္တစိုက်ကြည့်ပြီး နောက်ဘာမှ ထပ်မပြောတော့ဘဲ အစည်းအဝေးပြီးပြီဟုသာပြောပြီး အားလုံး အခန်းမှထွက်ခွာကြသည်။

ထိုအဖြစ်အပျက်ကို ထိုနေ့အစည်းအဝေးတက်ကြသူအားလုံး မြင်တွေ့သိရှိကြသည်။ ထိုနေ့အစည်းအဝေးတက်သူ ကျနော်မှတ်မိသလောက် ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်မှူးကြီးနေဝင်း။ ဗိုလ်မှူးရဲထွဋ်၊ ဗိုလ်မှူးဖိုးကွန်း။ ဗိုလ်အောင်ကြီး။ ဗိုလ်မောင်မောင်။ သခင်စိုး။ သခင်သန်းထွန်း။ သခင်တင်မြ။ ဦးဗဆွေ။ ဦးကျော်ငြိမ်း။ သခင်ချစ်နှင့် ကျနော်တို့ပါဝင်ကြသည်။

Thursday, February 5, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁ဝ)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁ဝ)
(၈)
ဂျပန်စစ်ပညာသင် ရဲဘော်သုံးကျိပ်အဖွဲ့မှာ အဓိကသခင်အဖွဲ့ကြီးနှစ်ဖွဲ့ ပါဝင်သည်။ ပထမအများစုဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်းအဖွဲ့မှ (၂၁) ဦးပါတယ်၊ အနည်းစုဖြစ်တဲ့ သခင်ဗစိန်-သခင်ထွန်းအုပ်အဖွဲ့မှ (၈)ဦးပါဝင်ပါတယ်၊ နောက် ကိုဆောင်းဆိုသူ ဘယ်ပါတီကမှ မဟုတ်တဲ့ ဂျပန် ပညာတော်သင်တဦး ပါဝင်ပါတယ်၊

ရဲဘော်သုံးကျိပ်နှင့် နောက်ခံပါတီများ၊
(၁) သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံး္ဖ
(၁) သခင်အောင်ဆန်း-ဗိုလ်အောင်ဆန်း(ဗိုလ်တေဇ)
(၂) သခင်လှမြိုင်-ဗိုလ်ရန်အောင်
(၃) သခင်လှဖေ-ဗိုလ်လက်ျာ
(၄) သခင်ဗဂျမ်း-ဗိုလ်လရောင်
(၅) သခင်အေးမောင်-ဗိုလ်မိုး
(၆) သခင်စောလွင်-ဗိုလ်မင်းခေါင်
(၇) သခင်သန်းတင်-သာယာဝတီဗိုလ်မြဒင်
(၈) သခင်ရွှေ-ဗိုလ်ကျော်ဇော

(၉) သခင်အောင်သိန်း-ဗိုလ်ရဲထွဋ်
(၁ဝ) သခင်ထွန်းရွှေ-ဗိုလ်လင်းယုန်
(၁၁) သခင်တင်အေး-ဗိုလ်ဘုန်းမြင့်
(၁၂) သခင်စိုး-ဗိုလ်မြင့်အောင်
(၁၃) သခင်စံမြ-ဗိုလ်တောက်ထိန်
(၁၄) သခင်ခင်မောင်ဦး-ဗိုလ်တာရာ
(၁၅) သခင်စံလှို-ဗိုလ်မှူးအောင်
(၁၆) သခင်သန်းညွန့်-ဗိုလ်ဇင်ယော်
(၁၇) သခင်မောင်မောင်-ဗိုလ်ဉာဏ
(၁ဂ) သခင်ထွန်းလွင်-ဗိုလ်ဗလ

(၂) ကျောင်းသားအဖွဲ့
(၁၉) ကိုထွန်းရှိန်-ဗိုလ်ရန်နိုင်
(၂ဝ) ကိုလှမောင်-ဗိုလ်ဇေယျ
(၂၁) ကိုလှ-ဗိုလ်မင်းရောင်
မှတ်ချက်၊ ၊ ကျောင်းသားအဖွဲ့သည် သခင်ကိုယ်တော်မှိုင်းတို့ဗမာအစည်းအရုံး သြဇာခံဖြစ်သည်။

(၃) သခင်ဗစိန် သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံး
(၂၂) သခင်ထွန်းအုပ်
(၂၃) သခင်အောင်သန်း-ဗိုလ်စကြာ
(၂၄) သခင်ရှုမောင်-ဗိုလ်နေဝင်း
(၂၅) သခင်ထွန်းခင်-ဗိုလ်မြင့်ဆွေ
(၂၆) သခင်ငွေ-ဗိုလ်စောအောင်
(၂၇) သခင်သစ်-ဗိုလ်စောနောင်
(၂၈) သခင်ကျော်စိန်-ဗိုလ်မိုးညို
(၂၉) သခင်သန်းတင်-ဗိုလ်သန်းတင် ပေါင်း (၈) ဦး၊

(၄) တသီးပုဂ္ဂလအဖွဲ့
(၃ဝ) ကိုဆောင်း-ဗိုလ်ထိန်ဝင်း (ဂျပန့် ရက်ကန်းပညာသင်ရန်ရောက်နေသူ)၊

(၅) ရဲဘော်သုံးကျိပ် ခေါင်းဆောင်ပိုင်း (၁ဝ) ဦး၊
(၁) သခင်အောင်ဆန်း-ဗိုလ်အောင်ဆန်း (ဗိုလ်တေဇ) (ကွယ်လွန်)
(၂) သခင်ထွန်းအုပ်- ( ၊ )
(၃) သခင်လှဖေ-ဗိုလ်လက်ျာ ( ၊ )
(၄) သခင်အောင်သန်း-ဗိုလ်စကြာ ( ၊ )
(၅) သခင်လှမောင်-ဗိုလ်ဇေယျ ( ၊ )
(၆) သခင်ရှုမောင်-ဗိုလ်နေဝင်း ( ၊ )
(၇) သခင်ထွန်းရှိန် -ဗိုလ်ရန်နိုင် ( ၊ )
(၈) သခင်ဗဂျမ်း-ဗိုလ်လရောင် ( ၊ )
(၉) သခင်စံလှိုင်-ဗိုလ်မှူးအောင် (ရှိ)
(၁ဝ) သခင်လှမြိုင်-ဗိုလ်ရန်အောင် (ကွယ်လွန် )

(၆) အထက်ပါ (၁ဝ)ဦးတွင် အမှတ်စဉ် (၁) မှ (၆)အထိ (ဗိုလ်နေဝင်း)အထိကို ခေါင်းဆောင်လူကြီးပိုင်းသဘောထားပြီး ကျန် (၄)ဦးကို ခေါင်းဆောင်လတ် သဘောထားကြသည်။
(၇) ဗိုလ်နေဝင်း
ဗမာပြည်တွင် နာမည်ဆိုးနှင့်ကွယ်လွန်သွားသော ဗိုလ်နေဝင်းအကြောင်း အနည်းငယ်ရေးရပါမည်၊
ဗိုလ်နေဝင်းဟာ သခင်ဗစိန် သခင်ထွန်းအုပ်တို့အဖွဲ့က ဖြစ်ပြီး။ ၎င်းတို့အဖွဲ့ဟာ ဂျပန်စစ်ပညာသင်နောက်ဆုံးစတုတ္ထအသုတ်ဖြစ်ပြီး ၁၉၄၁ ခုနှစ် ဇူလိုင်လဆန်းလောက်ကမှ ဗမာပြည်က ထွက်ခွာလာခဲ့ကြတာဖြစ်တယ်၊ သူတို့အဖွဲ့တွင် ပထမခေါင်းဆောင်မှာ သခင်ထွန်းအုပ်။ ဒုတိယခေါင်းဆောင်မှာ ဗိုလ်စင်္ကြာ။ တတိယကျမှ ဗိုလ်နေဝင်းဖြစ်သည်။ သခင်ထွန်းအုပ်က ဟိုင်နန်ကျွန်းစစ်သင်တန်းမတက်ဘဲ ဂျပန်မှာပင် နေခဲ့သည်။
ထိုစဉ် ဟိုင်နန်ကျွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ပြန်ကြားရေးမှူးလိုဖြစ်နေတဲ့ဗိုလ်ရန်နိုင်က သူတို့ရောက်လာမယ်၊ နှစ်ပါတီ ချစ်ကြည်ရေး အတွက် ကောင်းစွာဆက်ဆံကြရန် သတင်းပေးပြောကြားလာပါသည်။ ထိုစဉ်က ဗိုလ်ရန်နိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းကို များစွာလေးစား ကြည်ညိုပြီး ဒုတိယခေါင်းဆောင် ဗိုလ်လက်ျာကိုလည်း များစွာခင်မင်လေးစားပုံရသည်။ ဗိုလ်ချုပ်တို့ပြောချင်တာတချို့ကို ဗိုလ်ရန်နိုင်ကတဆင့် ပြောတတ်သည်။
ဗိုလ်နေဝင်းတို့ ဟိုင်နန်ကျွန်းသို့ စတုတ္ထအသုတ်အဖြစ်ရောက်လာပြီး လေ့ကျင့်ရေးတွေ ကျနော်တို့ကိုမီရန် အပြင်းလုပ်ကြရ၏၊ ဗိုလ်နေဝင်းမှာ ကျန်းမာရေးကောင်းသဖြင့် မှန်မှန်လိုက်နိုင်ပြီး အားလုံးက ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားကြသလို သူကလည်း လေးစားမှုကိုပြလာပါတယ်၊ သူတို့အုပ်စုတွင် ပထမခေါင်းဆောင်သခင်ထွန်းအုပ်ကလည်း စစ်သင်တန်းကိုတက်မလာ။ ဒုတိယခေါင်းဆောင်ဗိုလ်စင်္ကြာက စစ်သင်တန်းတော့တက်သော်လည်း စစ်တိုက်ရေးခိုက်ရေးကိုသိပ်စိတ်ဝင်စားပုံမပြသဖြင့် သူတို့အဖွဲ့တွင် ဗိုလ်နေဝင်းသည် စစ်ရေးဘက်တွင် အကြီးအကဲသဘောဖြစ်လာသည်။
ဗိုလ်ရန်နိုင်က ကျနော်တို့ကိုပြောသည်မှာ သူတို့အဖွဲ့မှဗိုလ်နေဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးလေးစားစားဆက်ဆံလာသဖြင့် ကျနော်တို့ကလည်း သူ့တို့အဖွဲ့ရဲ့လူကြီးတဦးအဖြစ် သူ့ကိုလေးစားစွာဆက်ဆံကြရန် တိုက်တွန်းသတိပေးသည့်အတိုင်း ကျနော်တို့ လိုက်နာ ကြသည်။
နောက်မှ ကျနော်သတိထားမိသည့် ထူးခြားချက်တခုမှာ ဗိုလ်နေဝင်းမှာ အစိုးရအမှုထမ်းတဦးဖြစ်ခဲ့ပြီး လူ့ဘဝဖြတ်သန်းမှုလည်း အတော်ရှိသူ ဖြစ်သဖြင့် မိမိအထက်လူကြီးကို မည်သို့ ချဉ်းကပ်ဆက်ဆံရမည်ကိုလည်းကောင်း။ ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးကိုလည်းကောင်း။ အထိုက် အလျောက်ဆက်ဆံတတ်သည်။ ကျနော်တို့ကျောင်းသားများလို ရိုးရိုးစင်းစင်းကြီးမဟုတ်ပေ၊ ထို့ကြောင့်သူသည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် လေးလေးစားစားရင်းနှီးလာပြီး ကျန်သူများနှင့်လည်း ဆက်ဆံရေးကောင်းလာသည်။ သို့ဖြင့် ကျနော်တို့လည်း သူ့ကိုလူကြီးတဦးလို ပြန်ဆက်ဆံခဲ့ကြပြီး စစ်သင်တန်းကာလ သူနှင့် ပြဿနာကြီးကြီးမားမားမရှိ။ ချောချောမောမောရှိခဲ့ကြသည်။
ဘီအိုင်အေ ပထမကာလတွင် ဗိုလ်နေဝင်းသည် မူလအစီအစဉ်အတိုင်း ဗမာပြည်တွင်း ဦးစွာရုပ်ဖျက်ဝင်သည့် အဖွဲ့ခေါင်းဆောင်အဖြစ် အတွင်းသူပုန်လုပ်ငန်းတွေ အစီအစဉ်အတိုင်းလုပ်ခဲ့သည်။ ဘီအိုင်အေ ဒုတိယကာလအဆင့်တွင် ရန်ကုန်သိမ်းပြီးနောက် အိန္ဒိယသို့ဆုတ်ခွာ နေသော ဗြိတိသျှတို့နောက် အထက်ဗမာပြည်လိုက်တိုက်ရေး။ ဘီအိုင်အေတပ်ကို ပြန်လည်ဖွဲ့စည်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ။ ဗိုလ်မှူးကြီးလက်ျာက ဒုသေနာပတိ။ ဗိုလ်မှူးကြီးဇေယျက တပ်မ (၁)မှူး။ ဗိုလ်မှူးကြီးနေဝင်းက တပ်မ (၂)မှူးအဖွဲ့ ဖွဲ့စည်း တိုက်ခိုက်ရာတွင်လည်း ချောမောစွာဖြစ်ခဲ့သည်။ ထိုကာလ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့ဆက်ဆံရေး ထူးခြားချက်မရှိ၊ သူ့ကိုလည်း အခြားပါတီအဖွဲ့ကဟုမရှုမြင်ကြဘဲ အားလုံးအတူတူတဖွဲ့တည်းလို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးလက်ျာတို့အောက်တွင် လုပ်ကိုင် နေကြသည်။

၂၇/၇/၄၂ တွင် ဘီအိုင်အေဖျက်ပြီး ဗမာ့ကာကွယ်ရေး (ဘီဒီအေ)တပ်ဖွဲ့စည်းသောအခါ ဗိုလ်နေဝင်းဟာ တပ်ရင်း (၁)မှူး (မေဂျာ) ရာထူးကို ခေတ်အခေါ်အရ ဗိုလ်မှူးကလေးအဖြစ်လည်းကောင်း။ ဗိုလ်ရန်နိုင်။ ဗိုလ်ဇေယျတို့လည်း အလားတူရာထူးနှင့် တပ်ရင်း (၂)။ တပ်ရင်း (၃) မှူးတွေ ဖြစ်လာကြသည်။ ထိုစဉ် ပျဉ်းမနား ဘီဒီအေဌာနချုပ်တွင် ဗိုလ်မှူးကြီး(ကာနယ်)အောင်ဆန်းက စစ်သေနာပတိဖြစ်ပြီး ဗိုလ်စင်္ကြာ။ ဗိုလ်လက်ျာတို့က (လက်ဖတင်နင်ကာနယ်) ထိုခေတ်အခေါ် ဗိုလ်မှူးရာထူးတွေဖြစ်ပြီး စစ်ဦးစီးမှူးများဖြစ်လာကြသည်။ နောင် ဗိုလ်လက်ျာ ပြောပြချက်အရ ထိုစဉ်ကတည်းက ဗိုလ်နေဝင်းဟာ စစ်ဦးစီးအဖြစ် ဗိုလ်လက်ျာကပေးတဲ့အမိန့်တွေကို မနာခံမှုတွေလုပ်လာပြီး နောက်လည်း ဤအတိုင်း တလျှောက်လုံးဖြစ်ခဲ့တယ်လို့ ပြောပြပါသည်။ ဤတွင် သူ့(ဗိုလ်နေဝင်း)စိတ်တွင် အနာဂတ် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် သူသာ ဒုတိယဖြစ်လာရမည်ဟု ကိုယ်ရေးကြီးပွားရေးစိတ်သို့ ပြောင်းလာပြီဖြစ်သည်။
ဗိုလ်နေဝင်းအကြောင်းမှာ အထက်ပါကိစ္စမှတပါး ၁၉၄၃ ခုနှစ် နှစ်လယ်လောက်အထိ ဘာမှကြီးကြီးမားမားထူးခြားချက်မတွေ့ရ၊ သူ့တာဝန်ကို ဂျပန်အကြံပေးများ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ၁/၈/၄၃ ခုနှစ် ဂျပန်က လွတ်လပ်ရေးပေးပြီးနောက် သီးခြားစစ်ဦးစီး ဌာနချုပ်ဖွဲ့ရာတွင် သူ့ကိုဗိုလ်မှူးကြီးရာထူးဖြင့် စစ်ဦးစီးချုပ်ရာထူးကို စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းက ခန့်ထားလိုက်သည်။
၎င်းမှာထိုရာထူးအတွက် အရည်အချင်းမရှိလှသော်လည်း သခင်နှစ်ပါတီ ညီညွတ်ရေးအတွက်သဘောတူကြသည်။ အထက်တွင် ဗိုလ်ချုပ် အောင်ဆန်းရှိနေသောကြောင့်လည်း ဖြစ်သည်။
ယင်းကာလနောက်တွင် ထူခြားချက်တွေမြင်တွေ့လာရသည်။ ပထမထူးခြားချက်က သူ(ဗိုလ်နေဝင်း)အပျော်အပါး လိုက်စားလာပြီး စာရိတ္တ ယိမ်းယိုင်ချို့တဲ့မှုတွေ တွေ့သိလာကြရသည်။ နောက်ပိုင်း စစ်ဦးစီးချုပ်ရုံးပင် မှန်မှန်မတက်ဘဲနေတတ်လာသည်။ အပျော်အပါးနှင့် လောင်းကစားဘက် အာရုံစိုက်လာသည်။ နည်းနည်း တည်ငြိမ်အေးချမ်းပြီး ရာထူးဌာနန္တရ ခိုင်မြဲလာသောအခါ သူ၏မူရင်းဇာတိစရိုက်တွေ ပေါ်လာတော့တာဖြစ်သည်။
ဒုတိယ နိုင်ငံရေးအရထူးခြားချက်တခုမှာ ၁၉၄၄ ခုနှစ်။ ပဲခူးမြို့တွင် ကျနော် စံပြတပ်ရင်းမှူးအဖြစ်ဆောင်ရွက်နေစဉ် ဘီအိုင်အေ အနောက်တိုင်း “အာလံ”ဘက်မှ ဗိုလ်ကြီးစိန်မှန် (၎င်းမှာ ကျနော့်ဇာတိရပ်သား။ ဘီအိုင်အေ ဗိုလ်သင်တန်းဆင်းပြီး စံပြတပ်ရင်းသို့ ဧပြီလ ကုန်လောက် ရောက်လာသူ)က ပြောသည်မှာ အနောက်တိုင်းတွင် ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးတို့အဖွဲ့သားတွေက ယခုစစ်တပ်တွင်း ထိပ်ပိုင်းရဲဘော်သုံးကျိပ်ကစပြီး အလကားပဲ။ ဘာမှလုပ်ကြတာမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဘာမှမလုပ် ထိုင်နေတာပဲဟု လျှောက်ပြောနေကြသည်။ အထူးသဖြင့် ပညာတတ်လူငယ်ပိုင်းတွေကို တိတ်တဆိတ်စည်းရုံးပြောဆိုနေသည်ဟု ဆိုပါသည်။
ကျနော်လည်း ထိုကိစ္စ။ ဗိုလ်ချုပ်အောင်ဆန်းပါထိခိုက်လာသဖြင့် နောင် တပ်တွင်းထိခိုက်ပြိုကွဲလာမှာစိုးပြီး ထိုစဉ်စံပြတပ်ရင်းကိုလေ့လာရန် ရောက်ရှိနေသော ဗိုလ်မှူးအောင်ကိုခေါ်တိုင်ပင်ပြီး နှစ်ယောက်စလုံးရန်ကုန်ဆင်းပြီး ဗိုလ်ချုပ်အောင်ဆန်းကို တိုင်ကြားသတိပေးကာ အမြန် ဖြေရှင်းရန်တင်ပြသည်။ ဗိုလ်ချုပ်က အေးအေးပင်။ သူဒီကိစ္စတွေသိထားပုံရတဲ့ သဘောရသည်။ လာပြောတာကောင်းတယ်၊ ဒီကိစ္စ တခြား ဘယ်သူ့မှလျှောက်မပြောဖို့။ သူစီစဉ်လုပ်ဆောင်သွားမယ်၊ ကိုယ့်အလုပ်သာ အေးအေးလုပ်ကြ။ တပ်အတွက်လည်း ဘာမှမစိုးရိမ်ကြနဲ့ဟု နှစ်သိမ့်စကားပြောပါသည်။ ကျနော်တို့လည်း ဗိုလ်ချုပ်ပြောပုံဆိုပုံအရ စိတ်အေးချမ်းသွားပြီး ပဲခူးသို့ပြန်ခဲ့သည်။
နောက် (၂)ရက်လောက်ကြာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက အနောက်တိုင်း “အာလံ”ဘက်ရောက်နေသော ဗိုလ်မှူးကြီးနေဝင်းထံ စာတစောင်ပို့သည်။ ထိုစာကိုပို့သူမှာ ဗိုလ်အောင်ကြီးတို့နှင့်ရင်းနှီးသော ဗိုလ်ဝင်းဖြစ်သည်။ သူက“အာလံ”အသွား ပဲခူးဝင်လာပြီး စာသွားပေး ရမည့်အကြောင်း ကျနော်တို့သိအောင် သတင်းလွှင့်သွားသည်။
နောက်ပိုင်းကျနော်သိရသည်မှာ ကျနော်တို့တွေ ဂျပန်တော်လှန်ရေး ဘာမှမလုပ်ကြဟုလည်း ပြောကြသည်ဆိုသည်။ သူတို့လည်း ဒီကိစ္စ ဘာများ ထိထိရောက်ရောက်လုပ်ကြသလဲ၊ ကျနော်တို့နောက်ဆုံး ၁၉၄၂ ခုနှစ်ကတည်းကစပြီး ဂျပန်တော်လှန်ရေးအတွက် မြေအောက်မှ လှုပ်ရှားစည်းရုံးနေကြသော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ၁၉၄၄ ခုနှစ် သြဂုတ်လတွင်ပူးပေါင်းမိကြမှ တော်လှန်ရေးလမ်းကြောင်းပွင့်သွားပြီး ထိုလမ်းကြောင်းအတိုင်းသာ တော်လှန်ရေးလုပ်သွားနိုင်ကြသည် မဟုတ်ပါလော၊
နောက်ကျနော်တို့စဉ်းစားမိကြသည်မှာ ဗိုလ်အောင်ကြီးတို့ဂိုဏ်းသည် တပ်တွင်းအာဏာကို ကျော်လွှားလှမ်းတက်ယူလိုကြသည်။ သို့ရာတွင် သူတို့အပေါ်က ထင်ရှားတဲ့ခေါင်းဆောင်တယောက်ကို မှီခိုဖို့လိုရာ ဤတွင်ဗိုလ်နေဝင်းကိုရှာဖွေတွေ့ရှိပြီးနောက် ၎င်းတို့သည် တလျှောက်လုံး ဗိုလ်နေဝင်းကို တဖက်က မြေတောင်မြှောက်ပေးပြီး တဖက်ကလည်း သူ့အရိပ်ခိုကာ တပ်တွင်းဗိုလ်ကျလာကြသည် မဟုတ်ပါလား၊ ဤတွင်ဗိုလ်နေဝင်းကလည်း ပထမ ဗိုလ်ချုပ်အောင်ဆန်းအောက် ဒုတိယအဆင့်လူဖြစ်ရန် ဗိုလ်လက်ျာကိုဆန့်ကျင်အာခံပြီး ကျော်တက်နိုင်ရန် အားထုတ်ခဲ့သည်။ နောက်ဗိုလ်နေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းကိုပါဝေဖန်လာသော ဗိုလ်အောင်ကြီးတို့ လူငယ်ဂိုဏ်း တွေနဲ့ ပေါင်းဖက်ဂိုဏ်းဖွဲ့လာသည်။ နောက်သူဟာ သူ့ရဲ့အရည်အချင်းမရှိမှုနှင့် အကျင့်စာရိတ္တ အားနည်းချို့တဲ့မှုတို့ကြောင့် ရဲဘော်သုံးကျိပ်နှင့် တပ်တွင်းအများစုရဲ့လေးစားခြင်းမခံရလို့ မိမိရပ်တည်တိုးတက်ရေးအတွက် ဒီလူတွေကို မှီခိုအားထားဖို့လိုအပ်သည်ဟုလည်း ထင်ရပါသည်။
၁၉၄၄ ခုနှစ် ဧပြီလလောက်က ဗိုလ်အောင်ကြီး။ ဗိုလ်နေဝင်းတို့က တပ်တွင်း ကတောက်ကဆလုပ်မှုများကို ကျနော်နှင့် ဗိုလ်မှူးအောင်တို့က ဗိုလ်ချုပ်အောင်ဆန်းထံသွား၍ တိုင်ကြားသတိပေးမှုသည် အချည်းနှီးမဖြစ်ဟု ထင်ပါသည်။ ယင်းနောက်ပိုင်းကစပြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်နေဝင်းကိုပို၍ သတိထားလာပုံရသည်။ နောက်ဆုံး ၁၉၄၅ ခုနှစ် မတ်လ ဂျပန်တော်လှန်ရေးနီးလာသောအခါ ဗိုလ်ချုပ်အောင်ဆန်း က ဗိုလ်နေဝင်းအပေါ် စတင်ပြီး ပဋိပက္ခပေါက်ကွဲလာတော့သည်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၉)
ဂျပန်များနှင့် ဆက်ဆံရေးမပြေပြစ်ခြင်း
ထိုအတွင်းဂျပန်များနှင့် ကျနော်တို့ဆက်ဆံရေးမှာ စစ်သင်တန်းစောစောပိုင်းကလိုမဟုတ်တော့ဘဲ တဖြည်းဖြည်းဆိုးဝါးလာ၏၊ စောစောပိုင်းက ဧည့်သည်လိုသဘောထားသော်လည်း နောက်ပိုင်းတွင်လက်အောက်ခံ နိုင်ငံခြားသားများကဲ့သို့ဆက်ဆံလာတော့၏၊ ဤကိစ္စမျိုးနှင့်ပတ်သက်၍

ကျနော်၏ ဒိုင်ယာရီတနေရာတွင် ရေးသားထားပုံမှာ
“ဤအပြုအမူမှာ လူယဉ်ကျေးတို့၏ အပြုအမူမဟုတ်ချေ၊ တင့်ထဲရှိ ဂျပန်တိုင်းလိုပင် ထိုအပြုအမူမျိုးကို တိုက်ရိုက်မဟုတ်သော်လည်း တခါတရံမသိမသာပြုမူသည်။ ကျုပ်ဂျပန်ပြန်ရောက်ခါစ တိုကျိုမြို့ထဲလည်ပတ်စဉ်တွေ့ကြုံရသော ဂျပန်လူမျိုးတို့ယဉ်ကျေးခြင်းကို အလွန် အံ့သြမိသည်”ဟု ညည်းတွားထားပါသည်။

ဟိုင်နန်ကျွန်းမရောက်မီ ဂျပန်ပြည်တွင် ခေတ္တဝင်ရောက်လည်ပတ်စဉ်က ဂျပန်လူမျိုးများ များစွာယဉ်ကျေးဖေါ်ရွေခဲ့သည်ကို နှိုင်းယှဉ်၍ အံ့သြမိခြင်းဖြစ်သည်။ ၎င်းတို့၏ ဆက်ဆံရေးမှာ နောက်ပိုင်းကျလေပိုမိုဆိုးလေ ဖြစ်လာ၏၊ ထိုစဉ်က ကျနော်တို့ အမျိုးမျိုးစိတ်ကူးကြသည်။
ဟိုင်နန်ကျွန်း ကမ်းရိုးတလျှောက်တွင် တံငါရွက်လှေကြီးများရှိ၏၊ ယင်းလှေကြီးများကိုတိတ်တဆိတ်စီးနင်းသိမ်းပိုက်ပြီး ဗမာပြည်နှင့်နီးသော အင်ဒိုချိုင်းနားသို့ ထွက်ပြေးနိုင်မလား၊ ဟိုင်နန်ကျွန်းတွင် စခန်းချထားသော ဂျပန်ရေတပ်။ လေတပ်ကြီးအောက်မှ လွတ်မြောက်နိုင်မလား၊
တဖန်ထိုအချိန်တွင် ဟိုင်နန်ကျွန်း တောတောင်များတွင့်း တရုတ်တောပုန်းပြောက်ကျားများရှိကြောင်း တကြိမ်တွင် ထိုတောပုန်းတို့က ဂျပန်စစ်လေယဉ်ပျံတစင်းပျံသန်းသွားစဉ် တောင်ထိပ်တခုမှပစ်ချ၍ ပျက်ကျပြီး ဂျပန်လေတပ်အရာရှိကြီးတဦးကျဆုံးခဲ့ဖူးကြောင်း နားစွန် နားဖျား ပြောသံကြားခဲ့ဖူး၏၊ မတတ်သာလျှင် ၎င်းတို့ထံထွက်ပြေးရမလား စိတ်ကူးကြသည်။
မှတ်ချက်၊ ၊ ထိုတရုတ်တောပုန်းများမှာ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် ဂျပန်ခုခံရေးစစ်ပွဲဆင်နွှဲနေသည့် ပြောက်ကျားတပ်ဖွဲ့များ ဖြစ်ကြောင်းနောင်မှသိရသည်။
ဂျပန်များနှင့် ဆက်ဆံရေးဆိုးဝါးမှုနှင့်ပတ်သက်၍ မှတ်မိသောအဖြစ်အပျက်တခုရှိသေး၏၊ ဟိုင်နန်ကျွန်းတွင် စစ်သင်တန်းဆင်းရာ၌ ရဲဘော်များသည် “ဒိုင်းအိပန်”။ “ဒိုင်းနိဟန်”။ “ဒိုင်းစန်ပန်”ဟူသော တပ်ဖွဲ့ကလေး (၃)ဖွဲ့ ခွဲ၍ သင်ကြားရ၏၊ ထိုသို့မသင့်မတင့်ဖြစ်နေစဉ် တည၌ တပ်လှန့်လေ့ကျင့်ခန်းလုပ်၏၊ ယင်းလေ့ကျင့်ခန်းမျိုးမှာ တပ်ဖွဲ့တခုသည် ဘယ်အချိန်အခါမဆို ရန်သူအငိုက်အစီးမခံရအောင်နှင့် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နိုင်အောင်လေ့ကျင့်ခြင်း ဖြစ်သည်။
ဒိုင်းနိဟန်(ဒုတိယတပ်ဖွဲ့) မှ ဗိုလ်လင်းယုန်။ ဗိုလ်မင်းခေါင်တို့တပ်ဖွဲ့သည် ညသန်းခေါင်ကျော်အလစ်တွင် ၎င်းတို့၏ဆရာများနှင့် ကြိုတင် ညှိနှိုင်းထားသည့်အတိုင်း စစ်တန်းလျားများမှ တိတ်တဆိတ်ထွက်ခွာသွားပြီး ကျန်ကျနော်တို့တပ်ဖွဲ့(၂)ဖွဲ့ကို ပြန်၍တိုက်ခိုက်ကြသည်။ ပေါက်ကွဲသံသေနတ်သံများကြောင့် အိပ်ရာမှနိုး၍ ထလိုက်သောအခါ ဆူဆူညံညံအသံများနှင့် မျက်ရည်ယိုဗုံးအနံ့များ မွှန်လျက်ရှိ၏၊ ရဲဘော် များသည် တံခါးပေါက်များသို့ ပြေးထွက်ကြသည်။ တံခါးပေါက်များတွင်လည်း သံဆူးကြိုးခွေများပိတ်ဆို့ချထား၏၊ မျက်ရည်ယိုဗုံးများကြောင့် မွန်းလျက် သံဆူးကြိုးခွေများကို အတင်းတိုး၍ထွက်ကြရ၏၊
ထိုအတွင်း လက်နက်ရုံကြီးဆီမှ ဗိုလ်ရန်အောင်ကြီးအသံဖြင့် “ဗမာတွေ ဒီကိုစုကြ လာကြ” ဟု အော်ဟစ်နေသံကြားရ၏၊ ဤအခြေအနေ အရပ်ရပ်ကိုထောက်၍ အမှတ်တမဲ့ ဂျပန်များက ကျနော်တို့အားသတ်ဖြတ်ကြပြီဟု ထင်သွား၏၊ မျက်ရည်ယိုဗုံးသင့်နေသဖြင့် မျက်နှာသစ်ရန် မီးဖိုဆောင်အနီးရှိရေစည်များသို့ ဒယိမ်းဒယိုင်သွားကြပြီး ကပျာကယာမျက်နှာသစ်ကြ၏၊ ထို့နောက် ဗိုလ်ရန်အောင်ကြီး အော်ဟစ်သော နေရာသို့ပြေးကြ၏၊
ဗိုလ်ရန်အောင်ကြီးမှာ သူလက်ဆောင်ရထားသော ဂျပန်ဓားရှည်ကြီးကိုကိုင်လျက် လက်နက်ရုံထောင့်တွင်ရပ်နေ၏၊ ဂျပန်များက သတ်ဖြတ် ကြပြီထင်ပြီး လက်နက်ရုံသို့စီးနင်းရအောင် ဦးစွာပြေးလာပုံရသည်။ ထိုနေရာကနေပြီး ကျနော်တို့ကိုအော်ခေါ်နေပုံရ၏၊ လက်နက်ရုံမှာလည်း ဗိုလ်လင်းယုန်တို့လူစု စီးနင်းယူငင်သွားသဖြင့် ဖရိုဖရဲဖြစ်နေ၏၊
နောက်ဂျပန်ဆရာ (၂) ယောက်ခပ်လှမ်းလှမ်းမှ လာနေသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ ဤတွင်ကျနော်တို့သည် အခြေအနေမှန်ကို လျင်မြန်စွာ အကဲခတ်နားလည်မိတော့သည်။ ဒါဟာ လေ့ကျင့်ရေးပဲဆိုတာ သိလိုက်တော့၏၊ ချက်ချင်းပင် ကိုယ်ရှိန်သတ်ပြီး ယခင် သင်ကြား ထားသည့်အတိုင်း စစ်လေ့ကျင့်ခန်းကို ဆက်၍လုပ်ကြတော့၏၊

သို့ရာတွင် ဂျပန်များ ဗိုလ်ရန်အောင်၏အပြုအမူကို ကောင်းစွာနားလည်သွားကြပြီဖြစ်၏၊
နောက်တခု ဂျပန်များနှင့် ကျနော်တို့ ပဋိပက္ခဖြစ်ရပြန်၏၊
ဖြစ်ရပုံမှာ - ဂျပန်၏စစ်သင်တန်းတွင် ရဲဘော်သုံးကျိပ်ဝင်ရဲဘော်တဦး ဂျပန်တယောက်၏ပါးရိုက် ခံရခြင်းဖြစ်သည်။ ပါးရိုက်ခြင်းမှာ ဂျပန်လူမျိုးတို့အတွက် သိပ်အရေးမကြီးဟု ယူဆဖွယ်ဖြစ်သော်လည်း ကျနော်တို့မြန်မာလူမျိုးအတွက် အလွန်အရေးကြီး၏၊ ရိုင်းစိုင်း ယုတ်မာစွာ အလွန်ဆိုးဝါးစွာစော်ကားလိုက်သည့်သဘော ဆောင်ပေသည်။ ထိုရဲဘော်မှာ ဝမ်းနည်းခြင်း။ ရှက်ခြင်းတို့ဖြင့် မျက်ရည်များ စိုရွဲလျက်ရှိသည်။ ကျနော်တို့မှာလည်း မုန်းတီးရွံရှာစိတ်။ ဒေါသစိတ်တို့ဖြင့် မျက်ရည်များဝဲလျက် ဤအတိုင်းဆိုက ကျနော်တို့သည် ဂျပန်များနှင့် တနေ့တွင် စာရင်းရှင်းကြရမည်ဟု စိတ်တွင်ပိုင်းဖြတ်လာကြတော့သည်။ ကျနော်တို့သည် တော်လှန်ရေးအတွက် စစ်ပညာ တတ်ဖို့အတွက် သည်းခံရုံမှတပါး အခြားမရှိတော့ပေ၊ သို့သော်ကျနော်တို့အသည်းတွင် ဂျပန်မုန်းတီးရေးစိတ်ဓာတ်မှာ တဆင့်တိုး၍ စွဲထင်လျက်ရှိပေတော့သည်။

ဂျပန်တို့က ကျနော်တို့အပေါ်ရိုင်းစိုင်းစွာဆက်ဆံလာခြင်းအပေါ် ကျနော်တို့တွေးဆရာတွင် ပထမက ဂျပန်စစ်တပ်အတွင်း ဆက်ဆံရေးမှာ လည်း ခပ်ရိုင်းရိုင်းဆက်ဆံကြသည်။ အထက်လူကြီးက အောက်လူကို စိတ်မထင်လျှင် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သည်ဟုလည်း ကျနော်တို့ တဖက်ကသိရ၏၊ သို့သော် ဧည့်သည်တော်လှန်ရေးသမားများကို ဤမျှအထိရိုင်းစိုင်းဖို့ မသင့်ချေ၊
နောက်တမျိုးစဉ်းစားစရာမှာ ဂျပန်တို့သည် ဗမာပြည်ကို နောင်အုပ်စိုးဖို့ရည်ရွယ်ချက် စီမံကိန်းရှိပြီးဖြစ်ရာ ယခုကတည်းက သူတို့၏ အရင်းခံလူများဖြစ်သော ကျနော်တို့က သူတို့ကိုကြောက်ရွံ့နေအောင်ဦးချိုးထားဖို့ ရည်ရွယ်ချက်နှင့် ရိုင်းစိုင်းစွာဆက်ဆံနေကြသလား ဟုလည်း ထင်စရာရှိသည်။
ဤသို့ကြောက်ရွံ့အောင်ဆက်ဆံလျှင်မူ သူတို့မှားပေလိမ့်မည်၊ အင်္ဂလိပ်၏ကျွန်မဖြစ်လိုသော တော်လှန်ရေးသမားတို့သည် နောက်လူမျိုး တမျိုး၏ကျွန်လည်း အဖြစ်ခံမည်မဟုတ်သည်ကို သူတို့နားမလည်ကြခြင်းဖြစ်သည်။
ကျနော်တို့သည် ကြေးစားတွေမဟုတ် တော်လှန်ရေးသမားမျိုးချစ်တွေဖြစ်သည်ကို နောင် သူတို့ သိကြရမည်ဖြစ်သည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ကျနော်တို့စိတ်ထဲစွဲနေသည့် ပြယုဂ်နောက်တခုမှာ သူတို့ စစ်ပွဲမှဖမ်းမိလာသည့် တရုတ်သုံ့ပန်းတယောက်ကို ခေါ်လာပြီး တိုင်တတိုင်တွင်ကြိုးနှင့်ချည်ကာ ကျနော်တို့ကို အရှင်လတ်လတ် လှံစွပ်ထိုးလေ့ကျင့်ခန်း ပြုလုပ်ခိုင်းခြင်းပင် ဖြစ်သည်။
ကျနော်တို့သည် ဂျပန်များနှင့်ဆက်ဆံရေးမှာ စစ်သင်တန်းတလျှောက်လုံး ကောင်းမွန်သည်မရှိ။ ကျနော်တို့ ဗမာပြည်ပြန်ရောက်မှ ရောက်ပါဦး မလားဟု အမြဲစိုးရိမ်နေကြရ၏၊ နောက်ပိုင်းတွင် ရဲဘော်အချို့သည် စက်ပစ်ကွင်းမှာ သေနတ်ပစ်လေ့ကျင့်စဉ် ကျည်ဆံတတောင့်စ နှစ်တောင့်စ ခဲရာခဲဆစ်ခိုးဝှက်သိမ်းဆည်းကြ၏၊
ဗိုလ်ချုပ်အောင်ဆန်းသည်လည်း များစွာစိတ်မချမ်းမသာ ဖြစ်ပုံရ၏၊ အားပေးစကားပြော၏၊ “ဟေ့..သေလဲဗမာပီပီ ဇာတိမာန်နဲ့သေကြပါ၊ ရန်သူကမိရင် ‘လက်အားရင် လက်နဲ့ထိုး။ ‘ခြေအားရင် ခြေနဲ့ကန်ပါ၊ နောက်ဆုံး ‘ပါးစပ်အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက် တာပေါ့၊”ဟုအားပေးညွှန်ကြား၏၊
ဗိုလ်ချုပ်သည် ဤကိစ္စမျိုးကြုံတိုင်း ဤသို့ပြောတတ်၏၊
ထိုစကားသည်အပေါ်ယံကြည့်တော့ မိုက်ရူးရဲစကားဟု ထင်စရာရှိ၏၊ သို့ရာတွင် တော်လှန်ရေးသူရသတ္တိအပြည့် ပါဝင်၏၊ ကြမ်းတမ်းသော နယ်ချဲ့စနစ်ကိုတိုက်ရာတွင် ဤကဲ့သို့စိတ်ဓာတ်သတ္တိမျိုးပြမှသာ နယ်ချဲ့စနစ်က အရှုံးပေးမည်၊ လက်ရွံ့မည် မဟုတ်ပါလော၊ အကယှု မိမိကျဆုံးရလျှင်လည်း ကျန်ရစ်ခဲ့မည့်မျိုးချစ်များ တော်လှန်ရေးသမားများအတွက် ဆက်လက်တိုက်ပွဲဝင်ရန် စိတ်အားတက်ကြွဖွယ် မဟုတ်ပါလော၊