Thursday, January 29, 2015

ထိုက်တန်စွာဂုဏ်ပြုကြရမယ့် ရဲဘော်ဗဟိန်းကမ္ဗည်းကျောက်တိုင် အခုထိနေရာမရသေး (ဆူးငှက်)

0 comments
ထိုက်တန်စွာဂုဏ်ပြုကြရမယ့် ရဲဘော်ဗဟိန်းကမ္ဗည်းကျောက်တိုင် အခုထိနေရာမရသေး
၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့က မကွေးမြို့ မဲထီးကျောင်းတိုက်သပိတ်စခန်းမှာ ရေနံမြေသပိတ်တပ်ကြီးကိုပြောလိုက်တဲ့ ရဲဘော်ဗဟိန်းရဲ့ “မနက်ဖြန် ထွက်ဖြစ်အောင်ထွက်ကြပါ။ အနှောက်အယှက်တွေ့ရင် အသေခံပါ။ ကျုပ်တို့ကို အခုဖမ်းနေပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်တို့ကိုဖမ်းတဲ့အတွက် နက်ဖြန် ဗမာတစ်ပြည်လုံး ဘာဖြစ်သွားမယ်ဆိုတာသိရပါလိမ့်မယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်…"လို့ ဟစ်ကြွေးလိုက်တဲ့မိန့်ခွန်းဟာ ဘ၀ဂ်တိုင်ညံသွားတာပါပဲ။ 
မန္တလေးသား ရဲဘော်ဗဟိန်း(၀ါ)သခင်ဗဟိန်းဟာ ရာဇ၀င်ပြောင်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးရဲ့ ထီးချက်စောင့် နတ်တစ်ပါးဖြစ်တယ်။ တိုင်းပြည်မှာ အထွေထွေအကျပ်အတည်းတွေနှင့်အတူ အုပ်စိုးသူရဲ့မတရားဖိနှိပ်မှုအပေါ်မှာ မခံနိုင်ကြတဲ့အဆုံး ချောက်ရေနံမြေကအလုပ်သမားထုကြီးက အစိုးရရုံးစိုက်ရာ ရန်ကုန်အထိခြေကျင်ချီတက်ပြီး ဆန္ဒပြကြဖို့စုစည်းညီညွတ်ခဲ့ကြတယ်။ ရေနံမြေမှာရှိတဲ့အလုပ်သမားထုကြီးနဲ့ မိသားစုများအပါအ၀င် လှည်းနေလှေအောင်း မြင်းစောင်းမကျန်လို့ပြောရမှာပေါ့။ ဒီ စုစည်းညီညွတ်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုကို အုပ်စိုးသူရဲ့ထုံးစံအတိုင်း လက်နက်နဲ့ပဲဖြေရှင်းဖို့ ကြိုးစားလာတယ်။ ဒီတင်ပဲ ကျောင်းသားသမဂ္ဂခေါင်းဆောင် ရဲဘော်ဗဟိန်းက အလုပ်သမားသပိတ်တပ်ကြီးရဲ့တပ်ဦးကနေ ရဲရဲတောက်မိန့်ခွန်းနဲ့တပ်လှန့်လိုက်တာပါ။

ဖိနှိပ်သူအစိုးရရဲ့ဖြိုခွင်းမှုတွေ၊ ကွပ်ညှပ်မှုတွေကြောင့် ဗိုလ်အောင်ကျော်အပါအ၀င် အရေးတော်ပုံတပ်သားများကျဆုံးမှု၊ အဖမ်းအဆီး၊ အပစ်အခတ်၊ အရိုက်အနှက်ခံရမှုတွေနောက် အရေးတော်ပုံမီးကြီး မြန်မာတစ်ပြည်လုံး ဟုန်းဟုန်းတောက်ခဲ့တာပါပဲ။ ၁၉၃၉ ခု၊ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ရောက်တော့ မန္တလေး ၂၆ ဘီလမ်းပေါ်မှာ ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူ ၁၇ ဦး သွေးမြေကျခဲ့တာပါပဲ။ အုပ်စိုးသူ ရုပ်သေးအစိုးရလည်းပြုတ်ကျပြီး ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းနှင့်အတူ လွတ်လပ်ရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်တဲ့ အရေးတော်ပုံကြီးအဖြစ် ကမ္ဘာတွင်ခဲ့တာပါပဲ။
ရဲဘော်ဗဟိန်းကို အင်းဝမြို့မှာ ၁၂၇၉ ခု၊ ၀ါဆိုလဆန်း ၉ ရက်(၂၇.၆.၁၇)ဗုဒ္ဓဟူးနေ့မှာ အဖ ပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဒေါ်ဦးတို့က မွေးဖွားခဲ့တာပါ။ မွေးချင်း ၇ ယောက်အနက် ဒုတိယအငယ်ဆုံးဖြစ်ပြီး မူလတန်းပညာကို အင်းဝမြို့မှာပဲ သင်ကြားခဲ့ပါတယ်။ နောက်… မိသားစုက မန္တလေးကိုပြောင်းရွှေ့နေထိုင်ကြပြီးနောက် ဗဟိုအမျိုးသား အထက်တန်းကျောင်း မန္တလေးဥပစာကောလိပ်တို့မှာ ပညာဆက်သင်ခဲ့တယ်။ နောက် ရန်ကုန်တက္ကသိုလ်မှာ ဘီအေတန်းတက်ရောက်စဉ် ၁၉၃၈ ခုနှစ်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂမှာ ဥက္ကဋ္ဌတာဝန်ယူခဲ့တယ်။ ဒီနှစ်မှာပဲ ချောက်ရေနံမြေ အလုပ်သမားထုကြီးရဲ့ ခရီးရှည်ချီတက်ပွဲကို အုပ်စိုးသူက မတရားတားဆီးလို့ မကွေးမြို့ထိ သွားရောက်တရားဟောခဲ့တယ်။ 

ဒီမှာတင် အဖမ်းအဆီးခံခဲ့ရပြီး ထောင်ထဲမှာ "ဓနရှင်လောက"စာအုပ်ကို ပြုစုခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ ကျောင်းထွက်ပြီး သခင်အောင်ဆန်း၊ သခင်စိုး၊ ရဲဘော်ဂိုရှယ်တို့နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်တည်ထောင်တယ်။ နိုင်ငံရေးကိုခြေစုံပစ်ဝင်ပြီး မြေအောက်တော်လှန်ရေးကိုဦးဆောင်ကာ ပြည်သူ့အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ မြန်မာတော်လှန်မှုစာတမ်းတွေကို ရေးသားခဲ့တယ်။ ဒီ့နောက် နိုင်ငံရေးခံယူချက်တူတဲ့မခင်ကြီးနှင့်မေတ္တာသက်ဝင် လက်ထပ်ခဲ့တယ်။ 

၁၉၄၁ ခုနှစ်မှာတော့ ဒို့ဗမာအစည်းအရုံးမှာ အမှုဆောင်လူကြီးတာဝန် ယူခဲ့တယ်။ ဂျပန်တော်လှန်ရေးကာလအတွင်း ပဲခူးရိုးမမှာ သခင်သန်းထွန်း၊ သခင်သန်းဖေတို့နှင့်တွဲပြီး နိုင်ငံရေးမှူးတာဝန်နှင့် ပျောက်ကြားတပ်ကိုဦးဆောင်ကာ ရန်သူကို အများဆုံးချေမှုန်းနိုင်ခဲ့တယ်။ တော်လှန်ရေးကာလအတွင်းမှာပဲ ကရင်ဗမာသွေးစည်းရေးစာတမ်းနှင့် လီနင်ရဲ့ "အစိုးရနှင့်တော်လှန်ရေး" ကျမ်း ဘာသာပြန်တွေကို ပြုစုခဲ့တယ်။
ဂျပန်တော်လှန်ရေးအပြီး ဖ.ဆ.ပ.လ ကို ပြန်လည်ထူထောင်သူတစ်ဦးအဖြစ် ဗဟိုဦးစီးအဖွဲ့ဝင်တာဝန်ယူခဲ့သလို ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း စံနစ်တကျပြန်လည်စည်းရုံးဖွဲ့စည်းရာမှာ ပေါလစ်ဗြူရိုလူကြီးအဖြစ် ဆောင်ရွက်ခဲ့တယ်။ ဒီ့နောက် အလုပ်သမားသမဂ္ဂတည်ထောင်ရေးကိုလည်း ကြိုးပမ်းခဲ့တယ်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်ထုတ်ဝေတဲ့ "ပြည်သူ့အာဏာဂျာနယ်"ရဲ့ ဦးစီးစာတည်းချုပ်တာဝန်လည်း ယူခဲ့တယ်။
နိုင်ငံရေးခရီးကြမ်းတစ်လျှောက်၊ ဂျပန်တော်လှန်ရေးတစ်လျှောက်၊ ပင်ပန်းဆင်းရဲမှုတွေကြောင့် ကျန်းမာရေးချို့ယွင်းလာလို့ ဗမာပြည်ကွန်မြူနစ်ပါတီကခွင့်ယူပြီး မန္တလေးက မိဘများနေအိမ်ကိုပြန်ကာ ဆေးကုသခဲ့တယ်။ အခု အထက ၉ (စိန့်ပီတာကျောင်း)မှာဖွင့်လှစ်ထားတဲ့ ဆေးရုံပေါ် တက်ရောက်ဆေးကုသနေဆဲ ရဲဘော်ရဲဘက်တွေစုစည်းခဲ့ကြတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကနေ ကွန်မြူနစ်ပါတီကိုထုတ်ပယ်ပစ်လိုက်တဲ့အခြေအနေတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ 

ကျောင်းသားဘ၀ကစပြီး သဘောထားရည်ရွယ်ချက်တူစွာ အသက်သွေးချွေးစွန့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးကြမ်းကြီးပေါ် အတူတကွဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက်များအချင်းချင်း သဘောထားကွဲလွဲကြတဲ့ ၀မ်းနည်းစိတ်မကောင်းဖွယ်ဖြစ်ရပ်ကို ဖဆပလကိုရော ဗမာပြည်ကွန်မြူနစ်ပါတီကိုရော သည်းလှိုက်အူလှိုက် သံယောဇဉ်ကြီးလှတဲ့ရဲဘော်ဗဟိန်းကို အသိမပေးဝံ့ခဲ့ကြပါဘူး။ ဒီလို တုန်လှုပ်ဖွယ်သတင်းက မကျန်းမာနေသူရဲ့ စိတ်ဓာတ်ကို ဒုက္ခပေးလိမ့်မယ်ဆိုတာ သိရှိခဲ့ကြလို့ပါပဲ။ ဒါကြောင့် ဒီသတင်းကို သေချာပိတ်ဆို့ထားကြပါတယ်။
ဒါပေမယ့် ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ နေ့စဉ်ထုတ်သတင်းစာများကိုပင် ရဲဘော်ဗဟိန်းထံ မပို့ရလို့ တာဝန်ကျဆရာဝန်က ကန့်သတ်ထားတဲ့ကြားကနေ ဘီတီဘရားသားကုမ္ပဏီက လူမမာဆီအမြဲပို့တဲ့ပေါင်မုန့်နဲ့ ကော်ဖီမှုန့်ကိုထုပ်ပိုးပေးတဲ့ ဂျာနယ်ကျော်သတင်းစာဟောင်းမှာ "ဖဆပလခါးပိုက်ထဲက ကွန်မြူနစ်မြွေပွေး"ဆိုတဲ့သတင်းနဲ့ သရုပ်ဖော်ပုံကိုဖတ်မိသွားတဲ့ ရဲဘော်ဗဟိန်းဟာ စိတ်မကောင်းဖြစ်မှု၊ ဒေါသဖြစ်မှုတွေနဲ့ ရောဂါသည်းသွားပါပြီ။ သူချစ်တဲ့ သူ့ရဲဘော် ဖဆပလဥက္ကဋ္ဌဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အခြေအနေရှင်းပြပြီး လူမမာမေးမယ့်အထိကိုပင် မစောင့်နိုင်တော့ပဲ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၅ နာရီခွဲအချိန်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

မန္တလေး ချမ်းမြသာစည်လေယာဉ်ကွင်းကို ဗိုလ်ချုပ်အောင်ဆန်းစီးလာတဲ့လေယာဉ်ဆိုက်လာချိန် နံနက် ၇ နာရီမှာ နာရေးသတင်းက ဆီးကြိုနေပါပြီ။ ဗိုလ်ချုပ်က နာရေးရှင်အိမ်အထိသွားပြီး ကျန်ရစ်တဲ့ဇနီး ဒေါ်ခင်ကြီးကိုအားပေးတယ်။ ရဲဘော်ဗဟိန်းရဲ့ဖခင် ဦးမှင်ကိုလည်း "နိုင်ငံခြားမှာကုရင်ပျောက်တဲ့ရောဂါမို့ သူနဲ့တွေ့ပြီးစီစဉ်ဖို့လာတာ။ အခုတော့ လွန်သွားကုန်ပြီ"လို့ ၀မ်းနည်းစကားဆိုခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်နှင့်ကွယ်လွန်ခဲ့တဲ့ ရဲဘော်ဗဟိန်း(၀ါ)သခင်ဗဟိန်းကို မန္တလေးရွာဟိုင်းသုဿန်မှာ အုတ်ဂူသွင်း သဂြုင်္ိဟ်ခဲ့ပါတယ်။ မန္တလေးက ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ရဟန်းပျိုအဖွဲ့တွေ၊ ကျောင်းသားတွေဟာ ရွာဟိုင်းသုဿန်ရောက်တိုင်း ရဲဘော်ဗဟိန်းအုတ်ဂူမှာ ဂါရ၀ပြုကြ၊ အလေးပြုကြ၊ အမျှအတန်းဝေနေကျပါ။ ၁၉၉၀ ခုနှစ်ကျော်၊ ရွာဟိုင်းသုဿန်ဖျက်သိမ်းတော့ ကျောင်းသားနှင့်ရဟန်းပြည်သူတို့က မပျက်စီးအောင်ကာကွယ်နိုင်ခဲ့ကြလို့ ဘူဒိုဇာထိုးထားတဲ့ကွက်လပ်ကြီးထဲမှာ ရဲဘော်ဗဟိန်းရဲ့အုတ်ဂူလေး ထီးတည်းကျန်ရစ်နေသေးရဲ့။
ရွာဟိုင်းသုဿန်နေရာမှာ ကျောက်မျက်ဈေး၊ အားကစားကွင်းနဲ့ဈေးဆိုင်တန်းတွေ တည်ဆောက်ပြီးတဲ့နောက် ဒီသမိုင်းဝင်အုတ်ဂူလေးဟာ ဆိုင်ကြိုဆိုင်ကြားရောက်ပြီး အခုတော့ အစအနပင်မကျန်အောင် ပျက်စီးပျောက်ဆုံးသွားပါပကော…။
ဒါကြောင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် "မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်" ဆိုတဲ့မိန့်ခွန်းနဲ့ ရဲရဲတောက် ထိရောက်စွာလှုံ့ဆော်ပြီး လွတ်လပ်ရေးအတွက် ကျန်းမာရေးနဲ့အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ဗဟိန်း(၀ါ)သခင်ဗဟိန်းအမှတ်တရ ကမ္ဗည်းကျောက်တိုင်ကို မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်အတွင်း တင့်တယ်ဂုဏ်ယူစွာစိုက်ထူဖို့ ၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့်စဉ်ကတည်းက ဒေသအာဏာပိုင်တွေကိုခွင့်ပြုချက်တောင်းခံခဲ့တာ ၁နှစ်ပြည့်တဲ့ ဒီကနေ့အထိ ခွင့်မပြုသေးပါဘူး။ ခွင့်မပြုမဲ့သာ မပြုတာပါ။ မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံအာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာ မြေနေရာကအစ ဗိမာန်အဆောက်အဦးများအဆုံး မြို့မိမြို့ဖများနှင့် မြို့လူထုကလှူဒါန်းခဲ့တဲ့“ လူထုပိုင်” ပစ္စည်းပါပဲ ။ အခုတော့ လူထုပိုင်ပစ္စည်းကို လူထုသဘောထားနဲ့ စီမံခန့်ခွဲမှုမရတဲ့အခြေအနေပါပဲ။ ။
ဆူးငှက်
ယူတာက ဒီကပါ https://www.facebook.com/sue.hnget.3?fref=photo

Monday, January 26, 2015

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ လှကျော်ဇော ဆောင်းပါးအမှတ်စဉ် (၃၅)

0 comments
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ လှကျော်ဇော ဆောင်းပါးအမှတ်စဉ် (၃၅) (အပြီးသတ်ဆောင်းပါးပါခင်ဗျား)
အရပ်သားဘဝခံယူခြင်း။

မေမြို့မှာကျန်ခဲ့တဲ့ ကျွန်မတို့မောင်နှမတတွေ မတ်လစာမေးပွဲကြီး ပြီးတဲ့အခါ၊ ဖေဖေရှိရာ မင်္ဂလာဒုံကို လိုက်လာခဲ့ရပါတယ်။ ကျွန်မတို့ကို မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ဖေဖေလာကြိုနေ ပါတယ်။ မိသားစု တစုတစည်းတည်း ပြန်စုစည်းမိလို့၊ အားလုံး စိတ်လက်ပေါ့ပါးသွားကြပြီး ဖေဖေ့ကို အကျယ်ချုပ်နဲ့ထားတယ်ဆိုတဲ့ မင်္ဂလာဒုံကဧည့်ဂေဟာ (Guest House)မှာ နေထိုင်ခဲ့ကြပါတယ်။ ကျွန်မတို့ကို ရန်ကုန်မှာရှိတဲ့ ဆွေမျိုးတွေရော၊ သုံးဆယ်ကဆွေမျိုးတွေရော၊ အားလုံးလာကြိုကြပါတယ်။ သူတို့တတွေလည်း ကျွန်မတို့ မင်္ဂလာဒုံအိမ်မှာ ၃-၄ ရက် နေကြပါသေးတယ်။ ကျွန်မတို့ကို လာအားပေးဟန်ရှိပါတယ်။ အကျယ်ချုပ်သာဆိုတာ၊ ဖေဖေလည်း လွတ်လွတ်လပ်လပ်သွားလို့လာလို့၊ ဧည့်သည်တွေလည်း လာကြ၊ အိမ်မှာအိပ်ကြနဲ့ ဘာအကန့်အသတ်မှ သိပ်မရှိလှပါဘူး။ တခုဘဲထူးခြားလာတာကတော့ ဖေဖေ့ကို အရပ်ဝတ် စဝတ်လာတာ တွေ့ရတာပါပဲ။ ဟာဝေယံရှပ်အဖြူနဲ့ ရခိုင်ပုဆိုးစိမ်း အကွက်စိပ်စိပ်ကလေးနဲ့ဖေဖေ့ကိုတွေ့ရတာ ကျွန်မတို့မျက်စိထဲ တမျိုး ထူးဆန်းနေပါတယ်။ နဂိုတိုင်းမှူးဘဝတုန်းကလည်း အိမ်မှာ ကင်းတွေနဲ့ နေလာရတာဖြစ်တော့၊ အခုကင်းရှိလည်း ကျွန်မတို့အတွက်ကတော့ သိပ်အထူးအဆန်း ဖြစ်မနေပါဘူး။ ဒါပေမယ့် မေမေကတော့ ကျွန်မတို့တတွေအပြင်ထွက်ရင် နောက်က အမ်အိုင် (ထောက်လှမ်းရေး) လိုက်တတ်တယ်လို့ ပြောပြဖူးပါတယ်။ တို့ကတော့ ဘယ်ဘဝရောက်ရောက် သွားလေရာ Escort (ကင်းအစောင့်အရှောက်) နဲ့ဟေ့လို့ ရယ်စရာလုပ် ပြောတတ်ပါတယ်။

အဲဒီနှစ်သင်္ကြန် ကျမတို့ မင်္ဂလာဒုံမှာ ကျပါတယ်။ သင်္ကြန်တွင်း တနေ့ခင်း တက္ကသိုလ်ကျောင်းသားများအဖွဲ့တဖွဲ့ ကျွန်မတို့အိမ်ရှေ့ ရောက်လာပြီး၊ ရန်ကုန်မြို့ကြီး ချောက်ထဲကျဖို့ လက် ၂  လုံးအလိုကယ်တင်ခဲ့တာ ဗိုလ်ကျော်ဇော ဗိုလ်ကျော်ဇောဆိုပြီး သံချပ်ထိုးတာ ကျမ မှတ်မိနေပါတယ်။

နောက် ကျွန်မမှတ်မိနေတဲ့မြင်ကွင်းတခုလည်း ရှိပါသေးတယ်။ ၁၉၅၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ဖေဖေအငြိမ်းစားစယူရတဲ့နေ့က မြင်ကွင်းပါ။ အဲဒီနေ့ညနေကျွန်မတို့ မင်္ဂလာဒုံအိမ်ကနေ စမ်းချောင်းအိမ်လေးကိုပြောင်းဖို့ ပြင်ဆင်နေချိန်ပါ။ ကျွန်မတို့မောင်နှမတတွေက အကြီးဆုံးကျွန်မ တောင် ၁ဝ နှစ်ပဲရှိသေးတော့၊ မိဘတွေရဲ့အပူအပင်ကို သိပ်နားမလည်လှပါဘူး။ လူကြီးတွေ မျက်စိမျက်နှာမကောင်းရင် ကိုယ်ရှိန်သတ်နေ လိုက်ကြ၊ လူကြီးတွေလစ်တာနဲ့ ကစားကောင်းဆဲ၊ ဆော့ကောင်းဆဲပါပဲ။ အဲဒါကြောင့် အဲဒီညနေက ခြံထဲဆင်းကစားနေတဲ့ကျမတို့ကို ရေချိုး အဝတ်အစားလဲဖို့ အဘွားတွေက အိမ်ပေါ်ကနေလှမ်းခေါ်လို့ ကျွန်မတို့ အိမ်ထဲဝင်လာကြပါတယ်။ အိမ်ထဲအဝင် ဧည့်ခန်းအဝမှာ၊ စစ်ဗိုလ် တဦးကို မတ်တပ်တွေ့လိုက်ရပြီး ဖေဖေကတော့ ဧည့်ခန်းထဲမှာထိုင်နေပြီး လက်ထဲမှာလည်း စာရွက်တရွက်ကိုင်ထားတာ တွေ့ရပါတယ်။ ဖေဖေက အသံခပ်မာမာနဲ့ မင်းတို့လူကြီးတွေကိုပြောလိုက်ပါ။ ငါဒီအိမ်မှာ ညနေ (၆)နာရီထိရှိမယ်။ လုပ်ချင်သလိုလုပ်လို့ရတယ်လို့ ပြောလိုက်လို့ ပြောနေတာကြားလိုက်ရပါတယ်။ (နောင်မှသိရတာက စစ်ရုံးချုပ်က ဖေဖေ့ကို ရာထူး ၂  ဆင့်ချပြီး ဒုဗိုလ်မှူးကြီးရာထူးနဲ့ ပင်စင်ပေးလိုက်ကြောင်း အကြောင်းကြားစာလာပို့တာတဲ့) အဲဒီစစ်ဗိုလ်လေးပြန်ထွက်ကာနီး ဖေဖေ့ကိုအလေးပြုနေတဲ့ပုံ ကျွန်မအခုအထိ မျက်စိထဲက မထွက်ဘူး။ အလေးပြုနေတဲ့လက်ဟာ တဆက်ဆက်တုန်နေပြီး မျက်လုံးထဲမှာလည်း မျက်ရည်တွေဝဲနေပါတယ်။

ကျွန်မတို့မိသားစု အဲဒီညနေက စမ်းချောင်းရပ်ကွက်၊ ဆီဆုံလမ်း၊ အိမ်နံပါတ်(၃၆)ကို အပြီးပြောင်းလာခဲ့ကြပါတယ်။ အဲဒီအိမ်လေးဟာ ပေ ၂၅×၅ဝ မြေကွက်လေးပေါ်ကမြေစိုက်တလိုင်း အိမ်လေးပါ။ အရင်ကနေခဲ့ရတဲ့အိမ်ကြီးတွေရဲ့ အိပ်ခန်းတခန်းစာတောင် မရှိပါဘူး။ ကျွန်မတို့လည်း ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ရုတ်တရက်ချက်ချင်း အရှင်လတ်လတ် နိဗ္ဗာန်ဘုံက ရဲပြည်ခုန်ဆင်းလိုက်ရသလိုပါပဲ။ ဒီကြားထဲ ပိုဆိုးတာက၊ အဲဒီတုန်းက မိလ္လာစနစ်က ဇလားအိမ်သာစနစ်ပါ။ ကျွန်မတို့မောင်နှမတတွေ ဘယ်သူမှ အဲဒီအိမ်သာမျိုးမတက်တတ်လို့ ငိုကြ၊ ယိုကြ ဖြစ်ကြရပါသေးတယ်။

သြော် အခုပြန်စဉ်းစားကြည့်တော့၊ မေမေတို့ ဖေဖေတို့ ကျွန်မတို့တတွေကိုကြည့်ပြီး ဘယ်လောက်များ စိတ်ဆင်းရဲကြမယ် မသိပါဘူး။ လူမမယ်သားသမီး ၅ယောက်လူလားမြောက်ဖို့အရေး ပညာတတ်ဖို့အရေး ဘယ်လောက်များ ရင်လေးပူပန်နေကြမယ်မသိပါဘူး။ ဒါတွေ စဉ်းစားမိတော့ ဖေဖေနဲ့မေမေကို သနားလိုက်တာလေ။
အဲဒီအိမ်လေးပေါ် ရောက်တဲ့နေ့မှာတော့၊ ကျွန်မတို့ငယ်သေးပေမယ့် ကျွန်မတို့ဘဝ အပြောင်းလဲကြီးပြောင်းလဲသွားပြီဆိုတာ ရင်ထဲကကို ဒိတ်ခနဲ သတိပြုလိုက်မိပါတော့တယ်။ မွေးကတည်းကစလို့ အလွန်ခန်းနားကြီးကျယ်၊ ကျယ်ဝန်းလှတဲ့အိမ်ကြီးအိမ်ကောင်းများမှာ ခြွေရံ သင်းပင်းများစွာနဲ့ နေနေခဲ့ရတဲ့ဘဝကနေ နေ့ချင်းညချင်း အိမ်မှောင်မှောင်ကျဉ်းကျဉ်း ကုပ်ကုပ်ကလေးပေါ် ပြောင်းရွှေ့ရောက်ရှိခဲ့ရ ပါတော့တယ်။

ဒါပေမယ့် ဒီအိမ်လေးရဲ့ကျေးဇူးကလည်း မသေးပါဘူး။
အိမ်လေးကကျဉ်းတော့၊ ဖေဖေမေမေတို့နဲ့အတူ ကျွန်မတို့မောင်နှမတတွေ အတော်ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ်နေလိုက်ရပြီး၊ ဆင်းဆင်းရဲရဲ၊ ကျပ်ကျပ်တည်းတည်း၊ ချွေချွေတာတာလည်းနေရလို့ တမိသားစုလုံး အပြန်အလှန်ညှာတာ ထောက်ထားငဲ့ညှာနဲ့ အလွန်ကြီးမားတဲ့ သံယောဇဉ်တွေ တွယ်ကပ်ချုပ်နှောင်မိသွားပါတော့တယ်။

ဒါကြောင့်ဘဲ ဖေဖေက သူ့ကိုယ်ရေးအထုတ္တပ္ပတိမှာ ‘ဆီဆုံလမ်းမှအိမ်ကလေး’ဆိုတဲ့ခေါင်းစဉ်နဲ့ အခန်းတခန်းရေးထားပြီး အဲဒီအခန်းအဖွင့်မှာ “ကျနော် တပ်ကထွက်ပြီးနောက်၊ ၁၉၅၇ခုနှစ်၊ ဇူလိုင်လဆန်း (ယခုနောက်ပိုင်းရရှိတဲ့ သတင်းစာဟောင်းဖြတ်ပိုင်းများအရ၊ ဇွန်(၆)ရက်နေ့ ဖြစ်ပါတယ်။ စာရေးသူ)မှစ၍ ၁၉၇၄ ခုနှစ် နှစ်လယ်ပိုင်းအထိ နှစ်ပေါင်း ၁၇ နှစ်နီးပါး နေထိုင်ခဲ့သည့် စမ်းချောင်းရပ်ကွက်တွင်းရှိ ဆီဆုံလမ်း အိမ်နံပတ် (၃၆)နေအိမ်လေးသည် ကျနော်တို့မိသားစု စုံစုံလင်လင်နဲ့ အရှည်ကြာဆုံးနေခဲ့ရသည့်အိမ်ကလေးဖြစ်ကာ ကျနော်တို့ မိသားစု အတွက် မမေ့နိုင်ဖွယ်ရာကလေး ဖြစ်ပါတော့သည်”လို့ ရေးထားပါတယ်။

အဲဒီအိမ်လေးပေါ်ကပဲ၊ ဖေဖေဟာ သူ့ရဲ့နိုင်ငံရေးသမားဘဝကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ အဲဒီအိမ်လေးပေါ်မှာပဲ သတင်းစာရှင်းလင်းပွဲ တွေ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်သွား တဲ့ကာလအထိပေါ့။ အဲဒါတွေထဲက ပထမဆုံးပွဲဦးထွက်ကတော့ ၁၉၅၇ ခုနှစ် ဇွန်လ(၂၇)ရက်နေ့ကကျင်းပခဲ့တဲ့ ဖေဖေရဲ့ ‘ပြည်သူလူထုသို့ ရှင်းတမ်း’ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။ ဖေဖေက သူ့အမှုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကိုတိုင်တည်တဲ့သဘောနဲ့ ပြုလုပ်တာပါ။

အဲဒီ သတင်းစာရှင်းလင်းပွဲဟာ ၄ နာရီနီးပါး ကြာခဲ့ပါတယ်။ ဖေဖေရဲ့ရှင်းလင်းချက်မှာ သူ့ကိုစနစ်တကျ တရားရုံးမှာ ဥပဒေအကြောင်းနဲ့အညီ မစစ်ဆေးပဲ သံသယနဲ့ပင်စင်ပေးလိုက်မှုကို မကျေနပ်ကြောင်း သူ့ကို ငဲ့ညှာတယ်ဆိုတာမဟုတ်တဲ့အကြောင်း၊ အစိုးရက ဖေဖေ့အမှုကိစ္စ အပေါ် ထုတ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စဆိုတဲ့စာအုပ်ကြီးထဲက မတော်မတည့်မဆီမလျှော်တဲ့ အချက်အလက်တွေအကြောင်း၊ အဲဒီထဲက တချို့စွပ်စွဲချက်တွေကို သက်ဆိုင်ရာလူတွေ(ဝန်ကြီးတွေ) ကို ဘယ်လိုရှင်းပြကြောင်းစတဲ့ အကြောင်းအရာအတော်များများ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။ အဓိကကတော့ သူ့မှာ နိုင်ငံသားတဦးအနေနဲ့ရော တပ်မတော်သားတဦးအနေနဲ့ရော အခြေခံဥပဒေအခွင့်အရေးတွေ ဆုံးရှုံးပြီး မတရားသဖြင့် (သံသယမှုနဲ့) ပြန်လည်ဖြေရှင်းခွင့်မပေးပဲ၊ အုပ်ချုပ်မှုအာဏာနဲ့ အငြိမ်းစားပေးလိုက်ခြင်းခံရကြောင်းကို ပြည်သူလူထုကို ရှင်းပြတာပါပဲ။ အစိုးရရဲ့ တဖက်သတ်ရေးသားပြောဆိုနေမှုတွေကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

နောက်နေ့ထုတ်သတင်းစာများမှာတော့ သတင်းစာရှင်းလင်းပွဲဓာတ်ပုံများနဲ့အတူ ဖေဖေရဲ့ရှင်းလင်းချက်အပြည့်အစုံ ပါရှိလာပါတယ်။ ဒီနောက် ဆက်တိုက်ပဲ သတင်းစာဂျာနယ်တွေက(အထူးသဖြင့် လက်ဝဲယိမ်းများက) ခေါင်းကြီးပိုင်းတွေရေးပြီး ‘ဗိုလ်ကျော်ဇောလိုပုဂ္ဂိုလ်ပင်လျှင် ပြည်ထောင်စုသားတိုင်းရရှိခံစားရမည့် အခြေခံဥပဒေအခွင့်အရေးများ ဆုံးရှုံးနေရပြီလော’ရုံးတင်စစ်ဆေးပါ။ စသဖြင့် ဖေဖေ့ကို ထောက်ခံ ရေးသားပေးခဲ့ကြပါတယ်။ ဖေဖေရဲ့တိုင်းပြည်အကျိုးအပေါ် စွမ်းစွမ်းတမံဆောင်ရွက်မှုများအကြောင်း၊ တိုက်ပွဲများအတွင်း အောက်ခြေရဲဘော် များနှင့် အတူနေအတူစား အတူဖြတ်သန်းခဲ့ပုံများအကြောင်း ဆောင်းပါးတွေလည်းတွေ့ရပါတယ်။ တပ်တွင်းကပဲ တပ်မှူး တပ်သားတချို့ ရေးကြတာပါ။ အဲဒီခေတ်ထုတ် လင်းယုန်ဂျာနယ်တို့ ပြည်သူ့ဂျာနယ်တို့ စတာတွေမှာပါတာပါ။

အဲဒီကာလက ဖဆပလအစိုးရတွင်း ခြစားမှုတွေ၊ လာဘ်စားမှုတွေ၊ အချင်းချင်းအပြန်လှန်စွပ်စွဲချက်တွေနဲ့ နာမည်ပျက်စပြုလာချိန်နဲ့လည်း တိုက်ဆိုင်နေလို့ အစိုးရကိုတိုက်ခိုက်ဝေဖန်တဲ့အရှိန်နဲ့လည်း ရောနေဟန်ရှိပါတယ်။

သြော် "အဲဒီတုန်းက တော့၊ ပါလီမန်ဒီမိုကရေစီအခွင့်အရေးတွေ၊ သတင်းစာလွတ်လပ်ခွင့်တွေကလည်း အသင့်အတင့် တစုံတရာရှိနေသေး တာကိုး။
ဒါ့အပြင် သခင်သန်းထွန်းရဲ့ဖိုင်တွဲတွေကိုမိတယ်ဆိုတဲ့ အောင်မာဃစစ်ဆင်ရေးကိုဦးစီးခဲ့သူ ဗိုလ်မှူးကြီးကြည်ဝင်းဟာ တပ်တွင်း ဆိုရှယ်လစ်တပ်မှူးအမာခံတဦးဖြစ်တာ သိကြလို့လည်း ဒီဖိုင်တွဲကိစ္စကို ပိုမယုံကြည်ဖြစ်ကြတာလည်း ပါပါတယ်။
တချို့သတင်းတွေကဆို ဖေဖေရဲ့အဲဒီနေ့ကပုံရိပ်ကို အသေးစိတ် စိတ်ထိခိုက်ဖွယ်ရေးသားထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ၁၉၅၇ ဇူလိုင်လ ၆ ရက်နေ့က ပြည်သူ့ဂျာနယ် အယ်ဒီတာတဦးရေးခဲ့တဲ့ဆောင်းပါးတစောင်မှာ ဒီလိုရေးထားပါတယ်။

“တလုံးချင်း တလုံးချင်းပြောဆိုရှင်းလင်းနေသော  ဗိုလ်မှူးချုပ်ကျော်ဇော၏အသွင်မှာ တည်ငြိမ်အေးဆေးနူးညံ့ ပျော့ပျောင်းသောအသွင်ကို ဆောင်နေပါသည်။ စစ်မြေပြင်တွင် ရဲရင့်ပြတ်သားလှသောစစ်သူကြီးတယောက်အဖြစ် ထင်ရှားကျော်ကြားလှသူတယောက် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အရမှာမူ မာကြောခက်ထန်သောအသွင်သဏ္ဌာန်လုံးဝမရှိဘဲ နူးညံ့ပျော့ပျောင်း ပြေပြစ်သိမ်မွေ့သူတယောက်ဖြစ်ကြောင်းကို ပုဂ္ဂိုလ်အရ မြင်ဖူးသူတိုင်းနှင့်ဆက်ဆံဖူးသူတိုင်းက သိကြပါသည်” တဲ့။

အဲဒီနေ့မှာပဲ ဖေဖေက သတင်းစာဆရာများမှတဆင့် တိုင်းပြည်ကို ကတိတခု ပေးလိုက်ပါတယ်။ အဲဒါကတော့"သူဟာ တိုင်းပြည်ကို ချစ်တဲ့သူတဦးဖြစ်တာကြောင့် သူ့ကိုယ်သူ တိုင်းပြည်အကျိုးအတွက်ပဲအသုံးချပြီး တိုင်းပြည်ကိုအလုပ်အကျွေးပြုမယ် တမျိုးသားလုံး ကာကွယ်ရေးနဲ့ တမျိုးသားလုံးကြုံတွေ့ခံစားနေရတဲ့ပြဿနာများကိုကျောမခိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်။ ‘ယနေ့သည် မြန်မာနိုင်ငံ၏ ရာဇဝင် ဘယ်အခါကနှင့်မျှမတူအောင် အမှောင်ဆုံးအချိန်ဖြစ်နေပါသည်။ မှောင်ကြီးကျနေပါသည်’။ ‘အဲဒီလို အရေးအခင်းတွေကို ကျောခိုင်း မထားပဲ သူအစွမ်းရှိသလောက် ဖြေရှင်းဆောင်ရွက်ပါ့မယ်’ တဲ့။

ဖေဖေအလွန်ကတိတည်ပါတယ်။
အဲဒီနေ့ကစလို့ ဖေဖေဟာ ဒီအိမ်လေးပေါ်ကပဲ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကလည်း ဖေဖေ့ကို ဒီအိမ်လေးပေါ်မှာပဲ လာတွေ့ဆုံကြပြီး နိုင်ငံရေးအခြေအနေတွေဆွေးနွေးကြ မိမိတို့ရဲ့နစ်နာချက်များကို တိုင်တည်ကြ အကြံဉာဏ်တောင်းကြနဲ့ ဒီအိမ်လေးဟာ အစိုးရရဲ့အတိုက်အခံဌာနလေးတခု ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတော့တယ်။

ကျွန်မတို့တတွေအတွက်လည်း  ဒီနိုင်ငံရေးအကြောင်းအရာတွေဟာ မကြားချင့်အဆုံး ကြားနေရပြီး မလွှဲမရှောင်သာရော၊ မသိမသာရော နိုင်ငံရေးသင်တန်းတွေတက်နေရသလို ဖြစ်လာပါတော့တယ်။

ဒါနဲ့ပဲ ဖေဖေနှင့် ကျွန်မတို့ မိသားစုဝင်တွေအားလုံး တပ်မတော်ကြီးနှင့်ကင်းကွာသွားပြီး ပြည်သူလူထုဘဝနဲ့ တထပ်တည်းကျသွား ပါတော့တယ်။ ပြည်သူလူထုရဲ့ဒုက္ခအဝဝကို နားလည်စာနာသူများ ဖြစ်လာပါတော့တယ်။
ဒါကြောင့်ပဲ ကျွန်မက ဒီအိမ်လေးကို ကျေးဇူးကြီးတယ်လို့ ပြောတာပေါ့။
၃ဝ-၅-၂ဝ၁၄။

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ လှကျော်ဇော ဆောင်းပါးအမှတ်(၃၄)

0 comments
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ လှကျော်ဇော ဆောင်းပါးအမှတ် (၃၄)
ဖေဖေ့အမှုကိစ္စ

၁၉၅၆ ခုနှစ် စက်တင်ဘာလမှာကျင်းပတဲ့ တပ်မှူးကြီးများညီလာခံအပြီးမှာ ဖေဖေ့ကို မင်္ဂလာဒုံမှာ အကျယ်ချုပ်ချထားလိုက်ပါတယ်။ တောတွင်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်တယ်ဆိုတဲ့အမှုနဲ့ပါ ကျန်မိသားစုဝင် ကျွန်မတို့ကတော့ မေမြို့မှာပါ။

မေမြို့မှာကျန်နေစဉ်က အဘွားများနဲ့မေမေတို့စကားဝိုင်းက ကျွန်မတခါမှ မကြားဖူးတဲ့စကားလုံးတလုံး ကြားလိုက်ရပါတယ်။ အဘွားဒေါ်တင့် (ဖေဖေ့-မေမေ)က သူ့(ဖေဖေကိုဆိုလို) ဇာတာထဲမှာတော့ ဥပစ္ဆေဒကက ကံထိုက်မယ်လို့ မပါပါဘူးတဲ့။

ကျွန်မက ညအိပ်ရာဝင်တော့ အတူအိပ်တဲ့အဘွားကို အမေ (ကျွန်မတို့က အဘွားကိုဖေဖေခေါ်သလို အမေလို့ပဲခေါ်ပါတယ်။ မေမေ့အမေကိုတော့ အမေကြီးလို့ခေါ်ပါတယ်။)ဥပစ္ဆေဒက ကံဆိုတာ ဘာလဲဟင်လို့မေးကြည့်တော့ အဘွားက သေနေ့မစေ့ခင်၊ သူတပါးက သတ်လို့သေရတာကိုပြောတာမြေးရဲ့၊ ဟို ဗိုလ်ချုပ်အောင်ဆန်းတို့ သေရသလိုမျိုးပေါ့။ ပြန်ရှင်းပြပါတယ်။

ကျွန်မ နောက်မှစဉ်းစားမိတာကတော့၊ ဖေဖေကို အဲသလို မင်္ဂလာဒုံမှာ၊ အကျယ်ချုပ်နဲ့ဖမ်းထားစဉ်မှာ၊ ကောလဟာလသတင်း အမျိုးမျိုး ထွက်နေလို့ (နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ပေးမယ်။ ဖမ်းထားရာက ထွက်ပြေးလို့ပစ်သတ်လိုက်ပြီ တောခိုသွားပြီစသဖြင့်ပေါ့) မေမေကို စိတ်အေးချမ်းသာရာချမ်းသာကြောင်း အဘွားက ပြောဟန်ရှိပါတယ်။

ဖေဖေကလည်း သူကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ“ကျနော်ဗမာ့တပ်မတော်မှ အနားယူ ပင်စင်ပေးခံရပြီးထွက်ခဲ့ရသောကိစ္စ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းတခန်း ရေးထားပါတယ်။ ဖေဖေအဲဒီစာအုပ် ရေးသားပြီးထုတ်ဝေတဲ့ကာလ (၂ဝဝ၃-၂ဝဝ၇)ဟာ နအဖခေတ်ကာလဖြစ်လို့ တချို့ကိစ္စတွေမှာ ဖေဖေက နာမည်တွေကိုရော၊ တချို့အဖြစ်အပျက်တွေကိုရော အပြည့်အစုံမရေးသားခဲ့ပါဘူး။ ကာယကံရှင်များထိခိုက်မှာ စိုးလို့ပါ။ အဲဒီကာလက ပြည်တွင်းမှာ ဖေဖေ့နာမည်တောင် မဖော်ပြရဲကြပါဘူး။ ဖေဖေက အဲဒီကာလက ပြည်တွင်းမှာ အသက်ရှင်နေထိုင် နေကြတဲ့သူတွေကို- “သူတို့တတွေလက်ထဲ၊ ငှက်ကလေး ကြက်ကလေးတွေလို နေနေရတာ၊ ဖေဖေရေးလိုက်လို့ တစုံတရာထိခိုက်သွားရင် မကောင်းဘူး”-လို့ဆိုပြီး အလွန်သတိထားရေးပါတယ်။ ကွယ်လွန်ပြီးသူများကိုသာ နာမည်ဖော်ရေးပါတယ်။

ဒါကြောင့် အခု ကျွန်မက ဒီအကြောင်းတွေကို ပိုပြည့်စုံအောင် နည်းနည်းလောက် ထပ်ရေးပါရစေ။ ဖေဖေက သူ့စာအုပ်ထဲမှာ ထည့်မရေး ပေမယ့် ကျွန်မကိုတော့ ဒါကဘယ်သူ့ကိုပြောတာ၊ ဒါက ဘာကိုဆိုလိုတာစသဖြင့် ပြောပြထားတာတွေရှိပါတယ်။ ဒါ့အပြင် အခုအချိန်မှာ ကာယကံရှင် အတော်များများလည်း ကွယ်လွန်သွားကြပါပြီ။

တကယ်တော့ ၁၉၅ဝ ခုနှစ်များအလွန်မှာ ဗမာ့တပ်မတော်ကို ဆိုရှယ်လစ်များက အုပ်စီးမိသလောက်ဖြစ်သွားပါပြီ။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်မဆောင်းပါးအမှတ် (၂၅)နဲ့ (၂၆)တို့မှာ ဆိုရှယ်လစ်တပ်မှူးများဆိုတဲ့ခေါင်းစဉ်နဲ့ တော်တော်ပြည့်ပြည့်စုံစုံ ရေးပြီးပါပြီ။ ၁၉၅၃-၅၄ ကာလ များမှာ၊ ရန်ကုန်စစ်ရုံးချုပ်က အသစ်ဖွဲ့စည်း တည်ထောင်လိုက်တဲ့ဌာနကြီးအားလုံးလောက်နီးနီးကို သူတို့ကိုင်ထားလိုက်ပါပြီ။ ၁၉၅၄-၅၆ တရုတ်ဖြူတိုက်ပွဲများအပြီးမှာ၊ ဖေဖေဟာ ပြည်တွင်းမှာသာမက၊ နိုင်ငံခြားမှာပါ နာမည်ကြီးသွားပါပြီ။ ဒါကြောင့် ၁၉၅၆ တပ်မှူးကြီးများ ညီလာခံမှာ ဖေဖေ့ကို ‘ဒုကာကွယ်ရေးဦးစီးချုပ်’ပေးရေးအဆိုတင်ဖို့ တပ်မှူးအတော်များများက လှုပ်ရှားလာကြပါတယ်။ တချို့ ဆိုရှယ်လစ် တပ်မှူးများတောင် ပါလာပါတယ်။ စစ်ရုံးချုပ်က ဦးစီးအရာရှိတွေ(ဗိုလ်အောင်ကြီးအမှူးပြု)က မပေးချင်ကြတာကိုသိလို့ သူတို့မပေးချင်ရင် ဗိုလ်ချုပ်ကျော်ဇောလို သူတို့ စစ်တိုက်ပြပါလားလို့တောင် တချို့တပ်မှူးများက ဆိုလာကြပါတယ်။ အဲဒီအုပ်စုကို ဦးစီးသူဟာ ဗိုလ်မှူးကြီး လှမော်ပါ။ သူက ဆိုရှယ်လစ်တဦးပါ။ သို့ပေမယ့် ဖေဖေနဲ့ကရင်းနှီးခင်မင်ပြီး မင်္ဂလာဒုံမှာရေး၊ မေမြို့မှာရော အတူတူနေဖူးပါတယ်။ စစ်ပွဲတွေလည်း အများကြီး တွဲတိုက်ဖူးပါတယ်။ သူက အဲဒီတုန်းက မေမြို့က ဗိုလ်သင်တန်းကျောင်း O.T.S ကျောင်းအုပ်ကြီးပါ။ နောက်ပိုင်း ဆိုရှယ်လစ်တပ်မှူးများ ဗိုလ်နေဝင်းကဖြုတ်ရာမှာပါသွားပြီး သံအမတ်ဖြစ်သွားပါတယ်။ (မှတ်ချက် ထိုကျောင်းကို ၁၉၅၇ မှာ-စစ်တက္ကသိုလ် (D.S.A) လို့နာမည် ပြောင်းပြီး(O.T.S)ကို ဗထူးမြို့သို့ ပြောင်းရွှေ့လိုက်ပါတယ်)
ဒုကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ရာထူး (မေမေကတော့ အဲဒီရာထူးဟာ နတ်ကြီးတယ်လို့ပြောလေ့ရှိပါတယ်)ဟာ ၁၉၄၉ ခုနှစ်က (အဲဒီတုန်းက ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ) ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းကိုဖယ်ရှားပြီး၊ တက်လာပြီးကတည်းက ဘယ်သူမှ မပေးပဲထားတဲ့နေရာပါ။ ဖေဖေ တပ်ကပင်စင်ယူရပြီးနောက် ၁၉၅၉ ခုနှစ်ကျမှ ဗိုလ်အောင်ကြီး အဲဒီရာထူးရပါတယ်။

ဒါ့အပြင် ဖေဖေသံသယဖြစ်နေတဲ့ကိစ္စတခုလည်း ရှိနေပါသေးတယ်။ တကယ်တော့ တရုတ်ဖြူကျူးကျော်မှုဆိုတာ တရုတ်ပြည်မကြီးက ထွက်ပြေးလာတဲ့ ကူမင်တန်စစ်ပြေးတပ်ကိစ္စသက်သက် မဟုတ်ပါဘူး။ အမေရိကန်ဦးစီးတဲ့ ဆီတိုးစစ်အုပ်စုအဖွဲ့ရဲ့ သေနင်္ဂဗျူဟာခြေလှမ်း တရပ်ပါ။ ကူမင်တန်များကို ဗမာပြည်နယ်စပ်တလျှောက်လှုပ်ရှားစေပြီး အခွင့်အရေးရရင် တရုတ်ပြည်မကြီးကို အနောက်ဘက်ကဝင်တိုက်ဖို့ ကြံရွယ်ထားတာပါ။ အရှေ့မြောက်ဖက်မှာ လည်း ကိုရီးယားစစ်ပွဲတိုက်နေပါတယ်။ တရုတ်ပြည်မကြီးထဲကျန်နေရစ်တဲ့(ဝါ)ချန်ထားခဲ့တဲ့ ကူမင်တန်အကြွင်းအကျန်များကို တနေ့နေ့တော့ သူတို့လူတွေပြန်လာမှာပါဆိုတဲ့မျှော်လင့်ချက်ပေးထားဖို့ ဖြစ်ပါတယ်။ ဒါမှသာ အဲဒီ သူလျှိုတွေက တရုတ်ကွန်မြူနစ်တွေရဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွနဲ့ အဖျက်အမှောင့်လုပ်ငန်းSabotage တွေလုပ်မှာ။ ဒါက သူတို့ ရည်ရွယ်ချက်ပါ။

ဒါ့ပြင် တရုတ်ပြည်နယ်စပ်တလျှောက် တိုက်ပွဲတွေဖြစ်နေရင် တရုတ်ပြည်မကြီးမှာ တရုတ်ကွန်မြူနစ်တွေကတည်ငြိမ်အောင် မထိန်းသိမ်းနိုင် ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ပြည်မကြီးကို ကုလသမဂ္ဂထဲ မထည့်ဖို့လည်းရည်ရွယ်ပါတယ်။

အဲသလို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ တရုတ်ဖြူကိစ္စကို ဆီတိုး(အမေရိကန်)က လုပ်ဆောင်ခဲ့တာပါ။ တရုတ်ပြည်မကြီးကိုတောင် ဝင်တိုက်မယ်လို့ရည်ရွယ်ထားတဲ့ ကူမင်တန်တပ်ကို လွတ်လပ်ရေးရကာစ ဗမာတပ်ကလေးက အပြတ်တိုက်ချလိုက်တဲ့အခါ၊ ဆီတိုးရဲ့ စီမံကိန်းတခုလုံး ပျက်ပျယ်သွားရပါတော့တယ်။

ဒါတွေကြောင့် အမေရိကန်တွေက ဖေဖေ့ကိုမဲပြီး ဖဆပလ (လက်ယာ-ဆိုရှယ်လစ်)အစိုးရကို ဖေဖေ့ကို တပ်ကထုတ်ပစ်ရေး ဖိအားပေးဟန် ရှိတယ်လို့ ဖေဖေက သံသယအများကြီးရှိခဲ့ပါတယ်။

ဖေဖေ သံသယရှိတာလည်း အလွန်တော့မဟုတ်ပါဘူး။ ကျမတို့မိသားစု ဖေဖေပင်စင်ယူအပြီး စမ်းချောင်း၊ ဆီဆုံလမ်းမှာပြောင်းနေရတော့၊ ကျမတို့အိမ် ပတ်ပတ်လည်မှာ ထောက်လှမ်းရေးများ အများအပြားရှိတဲ့အထဲ၊ စီ-အိုင်-အေ (အမေရိကန်ထောက်လှမ်းရေး)လို့ ထင်ရသူ တဦးလည်းရှိပါတယ်။ ပိုအံ့အားသင့်စရာကောင်းတာက အဲဒီ စီ-အိုင်-အေလို့ထင်ရသူကို ဗိုလ်နေဝင်းက မဆလခေတ်မှာ (အဲဒီသူနဲ့လည်း သိပ်မထိုက်တန်လှတဲ့) ရာထူးကြီးတနေရာပေးပြီး သူကောင်းပြုလိုက်တာပါပဲ။

ဖေဖေ့အမှုအကြောင်းဆက်ရရင်တော့ တကယ်တော့ ဗမာ့တပ်မတော်ဟာ လွတ်လပ်ရေးရဖို့အတွက် နယ်ချဲ့ဟူသမျှ (အင်္ဂလိပ်ရော၊ ဂျပန်ကို ပါ) တိုက်ခဲ့တဲ့ တော်လှန်ရေးတပ်မတော်တရပ်အနေနဲ့ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီခေတ်က မျိုးချစ်-ပြည်ချစ်လူငယ်တိုင်းလောက်နီးနီး တပ်ထဲ ဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလူတွေ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ရာထူးကြီးတွေရလာ၊ ဘဝတွေတည်ငြိမ်အေးချမ်းလာတဲ့အခါ အများစုကြီးဟာ မိမိတကိုယ်ရည်လွတ်မြောက်ရေးနဲ့တိုးတက်ရေးကိုသာ ရှေးရှုခဲ့ကြပါတယ်။ ပြည်သူတွေဘဝ ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ် ဝင်လာကြပြီး ဒီထက်တဆင့်တက်လာတဲ့အခါမှာတော့ (ရာထူး အဆင့်နေရာများအတွက် အပြိုင်အဆိုင်တွေများလာတဲ့အခါ) ပြည်သူတွေရဲ့ ဘဝကိုနင်းချေပြီး၊ မိမိတက်လမ်းကို ရှာလာကြပါတော့တယ်။

ဒါကြောင့် တပ်တွင်း ဆိုရှယ်လစ်ဂိုဏ်းက ရာထူးကြီးတွေဖန်တီး ရာထူးတွေပြ၊ နိုင်ငံခြားပညာသင်ခရီးတွေလွှတ်၊ မက်လုံးအမျိုးမျိုးနဲ့ ဆွဲဆောင်ပြီး လူစုတဲ့အခါ ဓနရှင်ပေါက်စလူတန်းစားက အများစုလာကြတဲ့၊ ထက်ထက်မြက်မြက်လည်းရှိကြတဲ့၊ လူငယ်စစ်ဗိုလ် တော်တော်များကို ရရှိလိုက်ပါတယ်။ ကွန်မြူနစ်စစ်ဗိုလ်အများစုကိုလည်း တောထဲမောင်းထုတ်ထား ပြီးပြီကိုး။

ဒီတော့ ဖေဖေတယောက်တည်းတပ်မှာ မားမားကြီးကျန်ခဲ့ပါတယ်။ ဆိုရှယ်လစ်အုပ်စုက တပ်ကိုအုပ်စီးနိုင်ဖို့ဆိုရင် ဖေဖေ့ကို ကျော်ဖို့ကိစ္စ ပေါ်လာပါတယ်။ ဒါကလည်း မလွယ်လှပါဘူး။ ရဲဘော် ၃ ကျိပ်ထဲက ဗိုလ်နေဝင်းနဲ့အတူ တပ်ထဲကျန်နေသူဟာ ဖေဖေတဦးတည်းရှိပါတယ်။ ဒီကြားထဲ ဖေဖေက သူ့အစွမ်းအစလည်းပြထားနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှု ကိစ္စမပေါ်ခင်ကတည်းက ဖေဖေ့ကို တပ်ကကင်းကွာရေး အတွက် လှုပ်ရှားနေကြပါပြီ။

‘အောင်မာဃစစ်ဆင်ရေး’ မှာမိတယ်ဆိုတဲ့ ကွန်မြူနစ်တွေရဲ့ဖိုင်တွဲမှာပါတယ်ဆိုတဲ့ အချက်အလက်များဟာ ဖေဖေ့ကိုတရားစွဲဖို့လောက်ထိ မခိုင်မာပါဘူး။ ဒါကြောင့် ဆိုရှယ်လစ်တွေရဲ့ပထမစီမံကိန်းက ဖေဖေ့ကို ဒီထက်ပိုမိုခိုင်မာတဲ့သက်သေအချက်အလက်တွေ ရလာသည်အထိ စောင့်ဖမ်းပြီး ပြစ်ဒဏ်ကြီးကြီးချပြီးမှ အရင်က တိုင်းပြည်ကယ်တင်ခဲ့တဲ့ကောင်းမှုများကို ထောက်ထားလို့ဆိုပြီး နာမည်ကောင်းယူကာ လွတ်ငြိမ်းခွင့်ပေး တပ်ကထုတ်ပစ်ဆိုတာပါပဲ။

ဒါပေမယ့် ဒီ ဒုကာကွယ်ရေးဦးစီးချုပ်ရာထူးကိစ္စ ပေါ်ပေါက်လာတော့ သူတို့မစောင့်နိုင်ကြတော့ပဲ ဖေဖေ့ကို ဒီ ရရာအမှုနဲ့ဖမ်းလိုက်ရတာပါ။ ဒီနေရာမှာ ဗိုလ်နေဝင်းအကြောင်းအချို့ ပြောပြချင်ပါသေးတယ်။ သူက ဖေဖေ့အပေါ် တဖက်ကလည်းသတိထား၊ တဖက်ကလည်း အားကိုး အားထား သဘောထားပုံရပါတယ်။ တိုင်းပြည်မှာ စစ်ရေးစစ်ရာကိစ္စကြီးတွေပေါ်လာတိုင်း ဖေဖေ့ကိုခေါ်တာဝန်ပေးနေကျပါ။ သူ့ဆိုရှယ်လစ် တပ်မှူးများကို သူအားမကိုးရပါဘူး။ ဒါ့အပြင် စိတ်ချပုံလည်းမရပါဘူး။ ဒီဆိုရှယ်လစ်တွေရဲ့ခြေလှမ်းကိုလည်းရိပ်မိလို့ ဖေဖေ့ကို သူက သတိ ပေးဖူးတယ်တဲ့။ ဗိုလ်ကျော်ဇောရေ၊ တောပြန်တွေနဲ့ဆက်ဆံတာ သတိထားနော်၊ တယောက်မှ စိတ်မချရဘူး။ အကုန် တောနဲ့ပြန်ဆက်နေကြ တာလို့ ပြောဖူးသတဲ့။ ဖေဖေက အိမ်မှာ ဦးလေးကိုကြီးမြင့်ကိုခေါ်ထားတာမို့ သတိပေးဟန်တူပါရဲ့။

ဆိုရှယ်လစ်တပ်မှူးများ အုပ်စုထဲမှာလည်း တကိုယ်ရည်ကောင်းစားရေးအတွက် အဓိကထားစဉ်းစားသူများ ပါသလို၊ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များလည်း ရှိသင့်သလောက်ရှိပါတယ်။ အထူးသဖြင့်၊ လွတ်လပ်ရေးတိုက်ပွဲများ ဂျပန်တော်လှန်ရေးများမှာ တစုံတရာပါဝင်ဖူးတဲ့ ရဲဘော်ဟောင်းကြီးများ၊ လူဟောင်းကြီးများအကြား ဒီလိုလူမျိုးတွေ ပိုတွေ့ရတတ်ပါတယ်။ တိုင်းပြည်ကြီးအပေါ် စေတနာရှိသူများဖြစ်လို့ ဖေဖေ့အပေါ်လေးစားမှုရှိကြပါတယ်။

ဒါ့အပြင် တပ်ထဲမှာ နောက်အုပ်စုတစုလည်း ရှိပါသေးတယ်။ ဆိုရှယ်လစ်ပါတီဝင်လည်း မဟုတ်၊ ကွန်မြူနစ်လည်း မကြိုက်၊ စစ်သား သက်သက်မျိုးချစ်ပုဂ္ဂိုလ်များပါ။ ဒီအထဲနာမည်ကြီးဝါကြီးတပ်မှူးကြီးများပါပါတယ်။ ဥပမာ ဗိုလ်မှူးကြီး ကြည်မောင် (NLDဦးကြည်မောင်) ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) စသူတို့ပေါ့။ သူတို့အုပ်က တိုက်ရေးခိုက်ရေးပဲဝါသနာပါ အဓိကထားသူများဖြစ်လို့ ဖေဖေ့ကို အတော် လေးစားအားထားကြပါတယ်။ ဗိုလ်နေဝင်းကိုလည်း သူတို့က အထင်မကြီးကြဘူး၊ အဲဒီအုပ်နဲ့ ဖေဖေနဲ့ ပေါင်းမိသွားမှာကိုလည်း ဆိုရှယ်လစ်များက စိုးရိမ်ကြပုံရပါတယ်။

(စကားချပ်။ ဖေဖေကွယ်လွန်ချိန် ၂ဝ၁၂ ခုနှစ်-အောက်တိုဘာလက ဗွီအိုအေ က ထုတ်လွှင့်ခဲ့တဲ့ ဖေဖေအမှတ်တရ တပ်မှူး တပ်သား ပြောစကားကဏ္ဍမှာပြောကြားခဲ့တဲ့ ဗိုလ်ချုပ်တင်ဦး (NLDဦးတင်ဦး)ရဲ့ ပြောကြားချက်များကို ကြည့်ပါ။ အဲဒီကာလ (၁၉၅၅-၅၆) က ဖေဖေ့ အပေါ် တပ်ထဲရှိတပ်မှူးများရဲ့ယုံကြည်စိတ် အားထားစိတ်တွေ ပေါ်လွင်ပါတယ်)

အဲသလို တပ်တွင်းအခြေအနများကြောင့်၊ ဆိုရှယ်လစ်များဟာ လက်ဦးမှုယူပြီး၊ (ဖဆပလ ဆိုရှယ်လစ်အစိုးရရဲ့ထောက်ခံမှုနဲ့)ဖေဖေ့ကို တပ်က ထုတ်လိုက်တာပါပဲ။ ဘာသက်သေအထောက်အထားမှ ဆုပ်ဆုပ်ကိုင်ကိုင်မရှိပါဘူး။ အုပ်ချုပ်မှုအာဏာနဲ့ မယုံကြည်ရလို့ဆိုပြီး တပ်ကထုတ် ပင်စင်ပေးလိုက်တာပါ။

အခုနောက်ပိုင်းထွက်လာတဲ့ သခင်တင်မြဆောင်းပါးတစောင် ရှိပါတယ်။ ဗိုလ်နေဝင်းအနားယူသွားချိန်မှာ သူတို့တတွေ (သခင်တင်မြ၊ ကိုကိုမောင်ကြီး စသူတို့) ဗိုလ်နေဝင်းဆီ သွားစကားစမြည်ပြောရင်း ဖေ့ဖေ့အကြောင်းပါလာတော့၊ ဗိုလ်နေဝင်းကဒီလိုပြောတယ်တဲ့။ ဗိုလ်ကျော်ဇောက ကျုပ်အပေါ်အထင်လွဲနေတာဗျ။ သူ့ကိုတပ်ကထုတ်တော့ ဗိုလ်အောင်ကြီးတို့က အပြတ်ထုတ်ချင်တာ။ ကျုပ်က ဒီလိုတော့ မလုပ်ကြပါနဲ့ကွာ၊ ပင်စင်လေးဘာလေးတော့ ပေးပါ လို့ပြောပြီး ပင်စင်ပေးခိုင်းတာလို့ ပြောပြဖူးကြောင်း ရေးထားပါတယ်။

ကျွန်မက ဆောင်းပါးဖေဖေ့ကို ဖတ်ပြပါတယ်။ ဖြစ်နိုင်တယ်။ ဗိုလ်နေဝင်းက ဘယ်သူမှ အပြတ်လုပ်မပစ်ဘူး။ မျက်နှာ ၂ ဖက် သိပ်လုပ်တာ။ ဖေဖေ တပ်ကထွက်မယ့်နေ့ သူ့အခန်းဝင်နှုတ်ဆက်တော့ သူက ကျုပ်ကို သူတို့က (ဆိုရှယ်လစ်များကိုဆိုလို) ခင်ဗျား ခေါ်ခေါ်ခိုင်းလို့ နာမည်သိပ်ကြီးသွားလို့ အခုဖြုတ်ချင်တော့၊ ဖြုတ်ဖို့ခက်နေတယ်ဆိုပြီး အပြစ်တင်နေကြတယ်ဗျာ။ အေးဗျာ ကိစ္စဝိစ္စတွေအေးဆေးသွားရင်၊ ကျုပ်ဆီလာခဲ့ပါဦးဗျာ။ ရှေ့ နေရေးထိုင်ရေးလေးစဉ်းစားရအောင်လို့ ပြောဖူးတယ်လို့ ကျွန်မကို ပြောပြပါတယ်။

သဘောကတော့ ဖေဖေ့ကို တပ်ကထုတ်တဲ့အထဲ သူမပါဘူး၊ ဖေဖေ့နောင်ရေးအတွက်လည်း သူကူညီစီစဉ်ပေးနိုင်တယ်ဆိုပြီး၊ ဖေဖေ့ကို မက်လုံးပေး စည်းရုံးတာပါ။
ဗိုလ်နေဝင်း ဘယ်လောက်လည်လည်၊ ဖေဖေ့ကိုတော့ မလှည့်စားနိုင်ခဲ့ဘူး။ ၁၄-၅-၂ဝ၁၄။

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ လှကျော်ဇော ဆောင်းပါးအမှတ် (၃၃)

0 comments
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ လှကျော်ဇော ဆောင်းပါးအမှတ် (၃၃)
သူတည်းတယောက် ကောင်းဖို့ရောက်မူ

အခု ‘လွမ်းခန်း’လာပါပြီ။
“သူတည်းတယောက် ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း” ဆိုတဲ့ အနန္တသူရိယအမတ်ကြီးရဲ့ ‘ရေပွက်ပမာ’ ကဗျာကို ကျွန်မ တတိယတန်းဗမာဖတ်စာမှာ သင်ခဲ့ရဖူးပါတယ်။ ကဗျာကို အလွတ်ကျက်ခဲ့ရပေမယ့်၊ အဓိပ္ပာယ် သေသေချာချာမသိပါဘူး။ ဒါပေမယ့် တနေ့ ဓာတ်ပုံတပုံကို သတင်းစာတစောင်မှာတွေ့လိုက်ရတဲ့အခါမှာတော့၊ ဒီကဗျာ တပုဒ်လုံးကို ကောင်းကောင်း သဘောပေါက် သွားပါတော့တယ်။ အဲဒီပုံကတော့၊ ဗိုလ်မှူးချုပ် အောင်ရွှေ (NLD ဦးအောင်ရွှေ)ပုံဖြစ်ပြီး၊ အောက်ကစာကတော့ -အကျယ်ချုပ်ချထားခြင်း ခံရသည့်  ဗိုလ်မှူးချုပ်ကျော်ဇောနေရာတွင် မြောက်ပိုင်းတိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခြင်းခံရသည့် ဗိုလ်မှူးချုပ်အောင်ရွှေ -လို့ ရေးထားပါတယ်။

အဲဒီကာလက ကျွန်မတို့မိသားစု မုန်တိုင်းထန်နေချိန်ပါ။
တနေ့ ကျွန်မတို့ကျောင်းဆင်းလာချိန်မှာ၊ မေမေဟာ အိမ်အပေါ်ထပ်ဧည့်ခန်းမှာ ကျွန်မတို့ အဘွား ၂ ယောက်လုံးနဲ့ထိုင်နေပါတယ်။ အားလုံး မျက်နှာတွေမကောင်းကြဘဲ၊ ကျွန်မတို့ကိုမြင်တာနဲ့ ပြောလက်စစကားတွေကို ရပ်ပစ်လိုက်ကြပါတယ်။ ကျွန်မတို့နဲ့အတူ အဲဒီတုန်းက အဘွား ၂ ယောက်လုံး(ဖေဖေ့မေမေရော၊ မေမေ့အမေပါ)ရှိနေပါတယ်။ ဖေဖေကလည်း အမြဲလောက်နီးနီး အိမ်မှာမရှိ၊ မေမေကလည်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့၊ တပ်မတော်အမျိုးသမီးများအသင်းတို့လုပ်ငန်းများနဲ့ အလုပ်များနေကြတာကြောင့် ကျွန်မတို့မောင်နှမ တတွေကိုစောင့်ရှောက်ဖို့ အဘွားများကလိုက်နေတာပါ။ အထိန်းတွေရှိပေမယ့် အဘွားများက စိတ်မချပါဘူး။ ဒီကြားထဲ မေမြို့ရာသီဥတု ဒဏ်ကိုလည်း ကျွန်မတို့ကသိပ်မခံနိုင်ပါဘူး။ အထူးသဖြင့် လသားအရွယ်ကလေးနဲ့ပြောင်းလာရတဲ့ အငယ်ဆုံးမောင်လေးက အတော်ချူချာ ပါတယ်။

နောက်တနေ့ ကျောင်းရောက်တဲ့အခါ၊ ကျွန်မသူငယ်ချင်းတယောက်က သတင်းစာတစောင် ယူလာပြပါတယ်။ မျက်နှာဖုံးမှာက ဖေဖေ့ ဓာတ်ပုံနဲ့ မေးမြန်းစစ်ဆေးရန် အကျယ်ချုပ်ချထားလိုက်ခြင်းဆိုတဲ့သတင်းပါ။ အိမ်ပြန်ရောက်တော့၊ ကျွန်မမေမေကို ဖေဖေဘာဖြစ်လို့လဲ။ အခု ဘယ်မှာလဲ။ သတင်းစာထဲမှာပါတာဟုတ်သလား စသဖြင့် ငိုလည်းငို၊ မေးလည်းမေးလုပ်ပါတယ်။ မေမေက ကျွန်မကို လူကြီးသူမတဦးလို သူ့ရှေ့ ကုလားထိုင်မှာထိုင်ခိုင်းပြီး ဖေဖေဘာမှမဖြစ်ကြောင်း ကိစ္စလေးတွေရှိလို့ အခုပြန်မလာသေးပေမယ့်၊ မကြာခင် ပြန်လာမှာဖြစ်ကြောင်း အေးအေးဆေးဆေး ရှင်းပြပါတယ်။ မေမေ့ကြည့်ရတာလည်း ဘာမှမဖြစ်သလိုပဲ။ အဲဒါကြောင့် ကျမလည်းစိတ်အေးသွားပြီး ဘာမှ ဆက်မမေး တော့ပါဘူး။ အဲဒီတုန်းက ကျွန်မကလည်း အသက်(၁ဝ) နှစ်ဝန်းကျင်လောက်ပဲမို့ သိပ်လဲ သိတတ်သေးတာတော့ မဟုတ်ပါဘူး။

တကယ်တော့ အဲဒီတုန်းက ကျွန်မတို့မောင်နှစ်မတတွေက ဖေဖေမေမေတို့နဲ့လည်း သိပ်မရင်းနှီးသေးပါဘူး။ ဖေဖေက အိမ်မရှိတာ များပါတယ်။ အိမ်ရှိလည်း ဖေဖေရုံးတက်ရုံးဆင်း ဖြိုးကနဲဖျတ်ခနဲလောက်သာ တွေ့ရတာပါ။ ဖေဖေကလည်း တခါမှ ကျွန်မတို့ကို ဂရုတစိုက် မေးတာမြန်းတာမရှိပါဘူး။ ဖေဖေက ကျွန်မတို့ဘယ်ကျောင်းတွေနေတယ်၊ ဘယ်နှစ်တန်းတွေ ရောက်နေပြီဆိုတာတွေလည်းမသိဘူးလို့ မေမေက ပြောပြဖူးပါတယ်။ (၁၉၅၅ ခုနှစ်က ဖေဖေတို့ တပ်မှူးကြီးများကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သွားလည်ပါတယ်။ တနေ့ အထည် စက်ရုံတရုံ သွားလှည့်လည်ကြည့်ရှုအပြီး ပြန်ဖို့လုပ်တော့ ဖေဖေတို့ကိုလက်ဆောင်ပေးဖို့ သားသမီးဘယ်နှစ်ယောက်ရှိသလဲမေးတော့၊ ဖေဖေက လေးယောက်လို့ဖြေမိလို့ ကလေးခြေစွပ် ၄ ဒါဇင်ပဲ ရလာပါတယ်။ ကျွန်မတို့က မောင်နှမ ၅ ယောက်ပါ။ မေမေက သူ တော်တော် စိတ်ဆိုးမိတယ်လို့ ပြန်ပြောပြဖူးပါတယ်)

မေမေကလည်း သိပ်တော့မထူးလှပါဘူး။ အဲဒီတုန်းက တရုတ်ဖြူစစ်ဆင်ရေးကြီးတွေ လုပ်နေရတဲ့ကာလဖြစ်လေတော့ ရှေ့တန်း ကူညီရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေရတာပါ။ နောက်တန်းကကျန်ခဲ့တဲ့မေမေတို့ တပ်မှူးကတော်အုပ်ဟာ အစည်းအဝေးတွေထိုင်ကြ၊ အလှူခံထွက်ကြ၊ လက်ဆောင်ပစ္စည်းတွေဝယ်ဖို့ မန္တလေးဆင်းကြနဲ့ တရုန်းရုန်းပါ။ ဒီကြားထဲ ရန်ကုန်ကပို့လာတဲ့ဓာတ်ပြားတွေ၊ ဓာတ်စက်တွေကလည်း အများအပြားပါ။ အဲဒါတွေလည်း ဝေရငှရပါသေးတယ်။ တပ်အလိုက်တပ်တိုင်းကို ဝေရတာပါ။ အဲဒီတုန်းက အကျော်ကြားဆုံးသီချင်းများကတော့၊ အဆိုတော်တင်တင်မြရဲ့ ‘ပေဖူးလွှာ’ နဲ့ မေလှမြိုင်ရဲ့ ‘ဆောင်းအမီ’သီချင်းများပါ။ မေမြို့တမြို့လုံး အဲဒီသ်ီချင်းသံတွေလွှမ်းနေပါတယ်။ တင်တင်မြလည်း အဲဒီသီချင်းနဲ့ နာမည်ကျော်သွားပါတော့တယ်။ မေလှမြိုင်ကတော့ အတော်စောစော ကတည်းက ဖဆပလအစိုးရရဲ့ပေါ်လစီသီချင်းတွေဆိုပြီး၊ နာမည်ကြီးနှင့်ပြီးပါပြီ။ ဒါကြောင့် မေမေနဲ့လည်းသိပ်တွေ့ရတာမဟုတ်ပါဘူး။

ကျွန်မတို့မောင်နှစ်မတတွေက အထိန်းတွေနဲ့အတူ အဘွားတွေနဲ့နေရတာပါ။ ဖေဖေက ၁၉၅၆ နှစ် ကုန်ခါနီးရန်ကုန်မှာကျင်းပတဲ့ တပ်မှူးများညီလာခံသွားတက်ရင်းက ‘ဗမာပြည်ကွန်မြူနစ်ပါတီ’နဲ့ ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကျယ်ချုပ်ချအဖမ်းခံလိုက်ရတာပါ။ အဲဒီကိစ္စအပြည့်အစုံကိုတော့ ဖေဖေက သူ့ရဲ့ ‘ကိုယ်တိုင်ရေးအထုတ္တပ္ပတိ’မှာ ရေးပြီးပါပြီ။

ဖေဖေက မင်္ဂလာဒုံမှာ အကျယ်ချုပ်နဲ့နေစဉ်အတွင်း၊ ကျွန်မတို့တတွေဆီ မရေးစဖူး စာတွေရေးလာပါတယ်။ တယောက်ချင်းဆီရေးတာပါ။ ချစ်သမီးလှသို့လို့ခေါင်းစီးတပ်ထားပြီး၊ ဖေဖေက ကျန်းကျန်းမာမာရှိကြောင်း မကြာခင်ပြန်လာမှာဖြစ်ကြောင်း၊ စာကောင်းကောင်းကြိုးစားဖို့နဲ့ မောင်လေး၊ ညီမလေးများကိုလည်းဂရုစိုက်ဖို့ စတဲ့ဆုံးမစကားတွေရေးထားပြီး အောက်ဆုံးမှာတော့ ‘ဖေဖေ’လို့ လက်မှတ်ထိုးထားပါတယ်။ ကြည့်ရတာတော့ မေမေက ကျွန်မငိုငိုယိုယိုဖြစ်တဲ့အကြောင်း ဖေဖေ့ကို စာရေးပြောပြပုံရပါတယ်။ ဖေဖေက ကျွန်မတို့ကို အားပေးတဲ့ သဘောလည်း ပါပုံရပါတယ်။

တကယ်လည်း ကျွန်မတို့တတွေ အတော် ယောင်ချာချာဖြစ်လိုက်ပါတယ်။ အိမ်ကြီးတအိမ်လုံးတိတ်ဆိတ်သွားပြီးလူအဝင်အထွက်လည်း မရှိသလောက်ဖြစ်သွားပါတယ်။ တကယ့်ကို ခြောက်ကပ်သွားတာပါ။ ချောက်ချားစရာကြီးပါ။

တလောကပဲ စာရေးဆရာမ မြနှောင်းညိုက ပိတောက်ပွင့်သစ်မှာ သူ့ဖခင်အဖမ်းခံသွားရစဉ်(မဆလခေတ်)က သူတို့မိသားစုအဖြစ် အပျက်တွေ ပြန်ရေးသားထားတာတွေ့ရပါတယ်။ သြော်"""အချိန်ကာလ အဖြစ်အပျက်အကြောင်းခြင်းရာတွေသာကွဲပြားတာ စိတ်ခံစားမှုတွေကတော့ အတူတူပါပဲလားလို့ စာနာစိတ်ပွားမိပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ ၂ဝဝ၇ ခုနှစ်က ဖေဖေတွေ့ဆုံမေးမြန်းခန်းတခုမှာပြောခဲ့တာတွေကို ပြန်တင်ပြချင်ပါတယ်။
“တကယ်တော့ ဒီနေ့ကျွန်တော်တို့တိုင်းပြည်ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲအဖုံဖုံဟာ စစ်အာဏာရှင်စနစ်က မြစ်ဖျားခံတာပါ။ တပ်မတော် သားများ သိရှိနားလည်ဖို့ကတော့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုအတွက် ဒုက္ခတွေသယ်လာရုံမက တပ်မတော်သားအများစု အပေါ်လည်း ဒုက္ခတွေကျရောက်စေတယ်ဆိုတာပါပဲ။ တကယ့်လက်တဆုပ်စာလူတစုလေးသာ ချမ်းသာနေတာပါ။ ဒါတောင် တသက်လုံး စံစားသွားရတာ မဟုတ်ပါဘူး။ ရှေ့ကသွားကြပြီဖြစ်တဲ့စစ်အာဏာရှင်ကြီးများရဲ့ ဘဝဇာတ်သိမ်းကိုပဲကြည့်ပါ” တဲ့။

မေမြို့ကဇာတ်လမ်းပြန်ကောက်ရအောင်ပါ။
၁၉၅၇ ခုနှစ်နှစ်ဆန်းပိုင်းမှာ ဖေဖေမေမြို့ကို ခဏပြန်လာပါတယ်။ ကျွန်မတို့အားလုံး  မင်္ဂလာဒုံပြန်ပြောင်းရမယ်။ ဒီအတွက် ပြန်လာစီစဉ်တာ လို့၊ မေမေက ပြောပါတယ်။ ဒီတခေါက် ဖေဖေပြန်လာတာ ထူးခြားပါတယ်။ ဘယ်တုန်းကမှ သားသမီးများနဲ့ရင်းရင်းနှီးနှီးမနေဖူးတဲ့ ဖေဖေဟာ ကျွန်မတို့တတွေကို တယုတယပြောကာဆိုကာ ချီကာပိုးကာ နေခဲ့ပါတယ်။

ကျွန်မတို့မေမြို့အိမ်ကြီးဟာ မင်္ဂလာဒုံအိမ်လောက်မကြီးပေမယ့်၊ အဲ့သလောက်နီးပါးပဲ။ အင်္ဂလိပ်ခေတ်၊ အင်္ဂလိပ်တပ်မှူးကြီးများနေသွားတဲ့ အိမ်တွေပါပဲ။ တခုကွာခြားတာက အိပ်ခန်းတွေမှာရော ဧည့်ခန်းကြီးတွေမှာရော မီးလင်းဖိုတွေရှိတာပါပဲ။ ဆောင်းတွင်းမေမြို့က မီးလှုံ ရပါတယ်။ ကျွန်မတို့ မောင်နှမတတွေနဲ့ အဘွားများအိပ်တဲ့အခန်းမှာ ဆောင်းတွင်းဆို မီးဖိုထားရတာပါ။ အဲဒီမီးလင်းဖိုကြီးဘေးမှာလည်း ကော်ဇောကြီးတချပ် ခင်းထားပါတယ်။ ညနေ နေနည်းနည်းစောင်းတာနဲ့ ကျွန်မတို့ အဲဒီမီးလင်းဖိုကြီးဘေးမှာပဲ နေကြပြီး၊ ဆော့ကြ၊ ကစားကြနဲ့၊ မောလာရင် အဲဒီကော်ဇောကြီးပေါ်မှာ အိပ်ပျော်သွားတတ်ကြပါတယ်။ နောက်မှ ကျွန်မတို့ကို ကုတင်ပေါ် အထိန်းတွေက ရွှေ့ပေး ကြတာပါ။ တခါတလေလည်း အဲဒီမီးဖိုမှာ၊ အာလူးတွေ၊ ပြောင်းဖူးတွေမီးဖုတ်စားကြပါတယ်။ အဘွားတွေအလစ်မှာ၊ ပုရစ်တွေဖမ်းပြီး မီးဖုတ် စားတတ်ကြပါသေးတယ်။ အဲဒီအချိန်ဆို ကျွန်မတို့က သိပ်ပျော်တာပါ။ အပျော်ဆုံးနှစ်ကတော့၊ ဖေဖေအဲဒီအခေါက်ပြန်လာချိန်မှာ၊ ညတိုင်း ဖေဖေရောမေမေပါ ကျွန်မတို့အခန်းကူးလာပြီး၊ ပြောကာဆိုကာ ရယ်ကာမောကာနဲ့ ကျွန်မတို့မိသားစု အဘွားများအပါ ပျော်ပျော်ရွှင်ရွှင်ကြီး နေခဲ့ရတဲ့ကာလပါပဲ။

ကျွန်မတို့ မောင်နှမတတွေဟာ နဂိုကတည်းက အလွန်အဆော့သန်သူတွေပါ။ မောင်နှမတတွေကလည်းများတော့ တခြားအဖော်ရှာစရာ မလိုဘဲ အမျိုးမျိုးကြံကြံဖန်ဖန်ကို ကစားတတ်ကြတာပါ။ မေမေက အင်မတန်စည်းကမ်းကြီးသူဖြစ်တော့ မေမေရှေ့ဆို ဆင်ခြင်ရပါတယ်။ ဖေဖေကလည်း မျက်နှာထားကြီးနဲ့နေတတ်တာပါ။ ဒါပေမယ့် အခုလို ဖေဖေရောမေမေပါ ကျွန်မတို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ အလိုလိုက်ဆက်ဆံ တဲ့အခါ ကျွန်မတို့တတွေ ဘယ်လောက်သောင်းကျန်းမယ်ဆိုတာ စဉ်းစားသာကြည့်ပါတော့။

ကျွန်မ နောင်မှ စဉ်းစားမိတာကတော့၊ ဖေဖေက အဲဒီအချိန် အမှုကတန်းလန်းဖြစ်နေသေးတော့၊ သူ့အနာဂတ်ကိုသူ သိပ်စိတ်ချပုံမပေါ်ပါဘူး။ ဒါကြောင့် မိသားစုနဲ့စုံစုံလင်လင်နေရသခိုက်ကလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့အမှတ်တရနေပုံရပါတယ်။ ဖေဖေက ၁ဝ ရက်လောက်ပဲနေပြီး မင်္ဂလာဒုံ ပြန်သွားပါတယ်။ ကျွန်မတို့ကတော့ အတန်းတင်စာမေးပွဲတွေအပြီး မတ်လကုန်လောက်မှ ဖေဖေနောက်လိုက်ရပါတယ်။

ကျွန်မတို့ မေမြို့ကထွက်ရတဲ့နေ့ကို အခုထိ မှတ်မိနေပါတယ်။
အဲဒီနေ့က ကျွန်မတို့မောင်နှမ ၅ ယောက်၊ မေမေ၊ အဘွား၂ ယောက်နဲ့  အငယ်ဆုံးမောင်လေးကိုထိန်းတဲ့ အထိန်းမျိုးသမီးတယောက်တို့ မေမြို့အနီးစခန်းလေယာဉ်ကွင်းကို မနက်စောစောမှာပဲ သွားခဲ့ရပါတယ်။ ပြီးတော့ တပ်မတော်လေတပ်ရဲ့ လေယာဉ်ငယ်လေးတစီးပေါ် တက်ရပါတယ်။ လေယဉ်ပေါ်ရောက်ပြီး ပြတင်းပေါက်ကအပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ လေယာဉ်တကွင်းလုံးခြောက်ကပ်ပြီး၊ တိတ်ဆိတ်နေပါတယ်။ ကျမတို့နဲ့အတူနေခဲ့တဲ့ ကားမောင်းသူဦးလေးကိုကြည်၊ သူ့ဇနီး ဒေါ်ဒေါ်မရင်မြ၊ သူတို့သမီးလေး ကြည်ကြည်သန်း (ကျွန်မတို့နဲ့ ကစားဖော်) ၃ ယောက်သာ လိုက်ပို့ နှုတ်ဆက်သူရှိပါတယ်။ လေယာဉ်ထွက်တော့ ကြည်ကြည်သန်းလေးက လက်ပြနှုတ်ဆက် နေတာ မြင်လိုက်ရပါတယ်။ လွန်ခဲ့တဲ့တနှစ်ကျော်လေးကပဲ ဒီလေယာဉ်ကွင်းထဲမှာ လူထုပရိတ်သတ်ကြက်ပျံမကျစည်ကားစွာနဲ့ တရုတ်ဖြူများကိုတိုက်ထုတ်ပေးပြီး အောင်ပွဲရသူရဲကောင်းကြီးအဖြစ်ပြန်လာတဲ့ဖေဖေ့ကို မေမြို့တမြို့လုံးထွက်ပြီး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တဲ့အဖြစ်ဟာ၊ တကယ့်ကိုမယုံနိုင်စရာ ပုံပြင်သဖွယ်၊ အိမ်မက်သဖွယ် ပျောက်ကွယ်သွားရသလိုပါပဲလား။
သြော် လောကဓံတရားဟာ အလွန်မြန်ပါလား။
၁၃-၄- ၂ဝ၁၄။

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ်(၃၂)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ်(၃၂)               
မေမြို့ (သို့မဟုတ်)ပြင်ဦးလွင်

မေမြို့ဟာ ကျွန်မတို့မိသားစုအတွက် ‘ခိုက်’တယ်လို့ အဘွားများက ဆိုလေ့ရှိပါတယ်။ ပြောလည်းပြောစရာပါပဲ။ ကျွန်မတို့မိသားစု မေမြို့ကို ဖေဖေစစ်မှုထမ်းကာလတလျှောက် သုံးကြိမ်သုံးခါ ပြောင်းဖူးပါတယ်။

(၁) ၁၉၄၆-၄၇။ ကျွန်မ ၆ လသမီးအရွယ်မှာ အင်္ဂလိပ်တွေဖွင့်တဲ့ ‘အထူးဗိုလ်သင်တန်း’ကို ဖေဖေတက်ဖို့ ကျွန်မတို့မိသားစုသုံးဦး (ဖေဖေ၊ မေမေနှင့် ကျွန်မ)ပြောင်းရွှေ့သွားခဲ့တာဟာ ပထမဆုံးအကြိမ်ပါ။ အဲဒီအခေါက်က တနှစ်တောင် မကြာလိုက်ပါဘူး။ ဘာပြဿနာမှလည်း မတက်ခဲ့ပါဘူး။

(၂) ၁၉၄၉။ ဖေဖေမြောက်ပိုင်းတိုင်းမှူးအဖြစ်တာဝန်ထမ်းနေရာက ရန်ကုန်စစ်ရုံးချုပ်က ပြန်ခေါ်ပြီး၊ တောင်ပိုင်းတိုင်းမှူးအဖြစ်ခန့်အပ်ကာ နာမည်ကျော် ‘အင်းစိန်တိုက်ပွဲ’တိုက်ရပါတယ်။ မေမြို့မှာကျန်ခဲ့တဲ့ မေမေနဲ့ဒုတိယသမီးစန်းတို့ ကေအင်ဒီအိုများရဲ့ဖမ်းဆီးခြင်းကို လအချို့ ခံရပါတယ်။

(၃) ၁၉၅၃။ တရုတ်ဖြူတိုက်ဖို့ ဖေဖေမြောက်ပိုင်းတိုင်းမှူးအဖြစ် မေမြို့ကို တတိယနဲ့နောက်ဆုံးအကြိမ် ပြောင်းခဲ့ရပါတယ်။ ၁၉၅၄-၅၅- နှစ်နှစ်ဆက်တိုက် ဘုရင့်နောင်စစ်ဆင်ရေးကြီးနဲ့ ရန်ကြီးအောင်စစ်ဆင်ရေးကြီးများတိုက်ပြီးနောက် ၁၉၅၆ တပ်မှူးကြီးများ ညီလာခံအပြီး ဖေဖေ မင်္ဂလာဒုံမှာ အကျယ်ချုပ်အချခံလိုက်ရပြီး၁၉၅၇ ခုနှစ်မှာတော့ တပ်မတော်ကအငြိမ်းစားပေးခြင်း ခံလိုက်ရပါတယ်။

အဲသလို ဒုက္ခ၊ သုက္ခများနဲ့ ကြုံရလို့ ‘ခိုက်’တယ်လို့ အဘွားများက ပြောဟန်တူပါတယ်။
ကျွန်မကတော့ မေမြို့ဟာ ကျွန်မတို့မိသားစုကို လောကဓံလှိုင်းအတက်အကျ၊ အရိုက်အပုတ်၊ ခပ်ပြင်းပြင်းတွေကိုခံနိုင်အောင် လေ့ကျင့်ပေးလိုက်တဲ့ဒေသအဖြစ် မှတ်ယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေလျှမ်းလျှမ်းတောက်တဲ့ကာလ တရုတ်ဖြူတိုက်ထုတ်တဲ့ တိုက်ပွဲတွေ အောင်မြင်ပြီးပြန်အလာ မြို့လုံးကျွတ် ထွက်ကြိုဆိုဂုဏ်ပြုတဲ့ပွဲတွေ ချိမ့်ချိမ့်သဲလုပ်ခဲ့ကြတာကို ကျွန်မတို့ မှတ်မှတ်ရရကြုံခဲ့ရသလို ဖေဖေကို မင်္ဂလာဒုံမှာ အကျယ်ချုပ်နဲ့ဖမ်းထားစဉ်၊ ကောလဟလအမျိုးမျိုးနဲ့ နေ့တထိတ်ထိတ် ညတထိတ်ထိတ်နေခဲ့ရတဲ့ဘဝကိုလည်း ဖြတ်သန်းခဲ့ရလို့ပါပဲ။

၁၉၅၅ ခုနှစ်လယ်လောက်မှာ ဖေဖေရန်ကြီးအောင်တိုက်ပွဲအပြီး မေမြို့ကိုပြန်ရောက်လာပါတယ်။ အောင်ပွဲရပြီးပြန်လာတဲ့ သူရဲကောင်းကြီး အဖြစ် ဖေဖေကြိုဆိုခြင်းခံရတာ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၁၉၅၁ ခုနှစ်က ကေအင်ဒီအိုများလက်က တောင်ငူ၊ ဖြူး စတဲ့ မြို့များကိုပြန်သိမ်းပြီး၊ ဘရင်းကယ်ရီယာပေါ်ကရပ်ပြီး မြို့ထဲဝင်လာတဲ့ဖေဖေ့ကို မြို့သူမြို့သားတွေ လမ်းဘေးတဖက်တချက်ကရပ်ပြီးတချို့က လက်ခုပ်တီး၊ တချို့က မျက်ရည်တွေကျပြီး ကြိုဆိုနေတဲ့ပုံတွေ ကျွန်မတို့ ရုပ်ရှင်သတင်းကားတွေထဲမှာတွေ့ဖူးပါတယ်။ အခု မေမြို့က ကြိုဆိုတဲ့ပွဲကတော့ မျက်မြင်ကြုံတွေ့ရတဲ့ပွဲပါ။

အဲဒီနေ့က ဖေဖေက အနီးစခန်းလေယာဉ်ကွင်းကို ရောက်လာပါတယ်။ ရန်ကုန်စစ်ရုံးချုပ်ကို အရင်သွားသတင်းပို့ရဟန်ရှိပါတယ်။ မင်္ဂလာဒုံကမှ တပ်မတော်လေယာဉ်နဲ့ ရောက်လာတာပါ။

မေမြို့ဟာ အလွန်လှတဲ့မြို့ပါ။ အထူးသဖြင့် ချယ်ရီပန်းတွေပွင့်တဲ့ အချိန်ပါ။ ပန်းရင့်ရောင် တပင်လုံးဖုံးသွားအောင်ပွင့်တာပါ။ လေယာဉ်ကွင်း တည်ရှိတဲ့ အနီးစခန်းရွာကလေးဟာ မေမြို့နဲ့ ၁ဝ မိုင်လောက်ဝေးပါတယ်။ မန္တလေး-မေမြို့ကားလမ်းဟာ ၄၂ မိုင်ရှိပြီးတောင်တက်တောင်ဆင်း အကွေ့အကောက်တွေနဲ့ မြွေလိမ်မြွေကောက်သွားရပါတယ်။ ဒါပေမယ့် အနီးစခန်းကစပြီး လမ်းဟာ ဖြောင့်သွားပါတော့တယ်။ လမ်းဘေး တဖက်တချက်မှာ ချယ်ရီပင်တွေတန်းစီစိုက်ထားပါတယ်။ အနီးစခန်းက မေမြို့ကိုတက်လာတဲ့အခါ ချယ်ရီတွေပွင့်တဲ့အချိန်နဲ့တိုးရင် အဲဒီခရီးလမ်းမြင်ကွင်းကို တသက်ပတ်လုံးမေ့နိုင်စရာမရှိတော့ပါဘူး။ အဲသလောက်လှတာပါ။

ဖေဖေ့ကို အနီးစခန်းလေယာဉ်ကွင်းမှာ၊ မြောက်ပိုင်းတိုင်းလက်အောက်ခံတပ်များကရော မေမြို့က မြို့မိမြို့ဖများကရော၊ ဝိုင်းကြိုဆိုကြပြီး မြို့ထဲကို ကားတန်းကြီးနဲ့ခေါ်လာပါတယ်။ အဲဒီကားတန်းကြီးက တမြို့လုံးကို ပတ်ပါတော့တယ်။ ကျောင်းသူကျောင်းသားတွေ၊ ဈေးသ ဈေးသားတွေ၊ ရုံးလုပ်သား စသဖြင့် တမြို့လုံးရှိရှိသမျှလူကုန် ထွက်ကြိုတာပါ။ တပ်စခန်းတွေကလည်း တပ်အိမ်ထောင်သည်တွေ ကလေး ဘုစုခရုနဲ့ အကုန်ထွက်လာကြပါတယ်။ တမြို့လုံး တရုန်းရုန်းနဲ့ပါ။

အဲဒီတုန်းက ကျွန်မတို့ညီအစ်မက မေမြို့မြို့ပတ်လမ်းမှာရှိတဲ့ စိန့်ဂျိုးဇက်ကွန်ဗင့်မှာ ကျောင်းတက်နေတာပါ။ အဲဒီနေ့က ကျွန်မတို့တတွေ မနက်ကတည်းက ကျောင်းရှေ့ကလမ်းမကြီး တဖက်တချက်မှာရပ်ပြီး ဖေဖေတို့ကားတန်းကြီးကို စောင့်နေရပါတယ်။ အကြာကြီးစောင့်ရတာ မှတ်မိနေပါတယ်။ ကျွန်မတို့ရှေ့က ကားတန်းကြီးဖြတ်တော့ ကျွန်မတို့တတွေလက်ခုပ်တွေတီးကြ၊ လက်တွေဝှေ့ယမ်းပြကြ၊ ပါးစပ်ကလည်း ဝူးဝူးဝါးဝါးအော်ကြနဲ့ ကလေးဘာဝ ကျောင်းမတက်ရတာကို ပျော်နေကြပါတယ်။ ဖေဖေနဲ့မေမေကို လည်ပင်းမှာပန်းကုံးကြီးတွေနဲ့ တွေ့လိုက်ရတော့ ကျွန်မက ‘ဟိုမှာမေမေနဲ့ဖေဖေ’လို့ အော်လိုက်မိပါတယ်။ ညီမစန်းက ကွေးနေအောင် ကပါတော့တယ်။ ထို့အတူပဲ အဲဒီ ကျောင်းမှာတက်နေတဲ့ ကျန်စစ်တပ်အရာရှိကြီးများနဲ့ အရပ်ဖက်အရာရှိတွေရဲ့သမီးတွေကလည်း အဲဒီကားတန်းကြီးထဲက သူတို့အဖေတွေ တွေ့ရတဲ့အခါ၊ တယောက်တပေါက် အော်ကြ၊ ကကြနဲ့ ပွက်လောရိုက်နေပါတော့တယ်။ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း။

အဲဒီကားတန်းကြီးနဲ့ တမြို့လုံးပတ်ပြီးနောက် မြို့တော်ခန်းမမှာ ‘ဂုဏ်ပြုပွဲ’ကျင်းပပါတယ်။ ညစာထမင်းစားပွဲကြီးလည်း လုပ်ပါသေးတယ်။ မေမြို့ဘောလုံးကွင်းကြီးထဲမှာလည်းပဲ ပွဲဈေးတန်းကြီးနဲ့ ပွဲတွေ၊ ဘာတွေခံတာလည်း မှတ်မိပါတယ်။ အဲဒီနေ့က မေမြို့ မြို့မိမြို့ဖများက ဖေဖေ့ကိုကျေးဇူးတင်တဲ့အနေနဲ့ မြေတကွက်လက်ဆောင်ပေးတာ၊ ဖေဖေက လက်မခံခဲ့ဘူးလို့ မေမေက ပြန်ပြောပြဖူးပါတယ်။

အဲဒီနေ့က အဖြစ်အပျက်ကတော့ အလွန်စွဲလမ်းဖွယ်၊ ရုပ်ရှင်သတင်းကားကြီး ကြည့်ခဲ့ရသလိုပါပဲ။ မေ့ပျောက်လို့မရနိုင်ပဲ ဘယ်တော့ ပြန်စဉ်းစားစဉ်းစား မနေ့တနေ့ကဖြစ်ပျက်ခဲ့သလို အကုန်ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာတတ်ပါတယ်။

တကြိမ်တခါက ကျွန်မတို့မိသားစုရဲ့ ကြုံတောင့်ကြုံခဲ “ရွှေထီးဆောင်းခဲ့ရတဲ့ ကာလလေး”ပေါ့။
၃-၄-၂ဝ၁၄

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော) ဆောင်းပါးအမှတ်(၃၁)

0 comments
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၃၁)                      
ဖေဖေရဲ့နိုင်ငံခြားခရီးများ

၁၉၄၉-၅ဝ-၅၁ ခုနှစ်များအတွင်း ဗမာပြည်ကြီးအားခြိမ်းခြောက်ခဲ့တဲ့ပြည်တွင်းဆူပူမှုများကို အထူးသဖြင့် ကေအင်ဒီအိုတို့ရဲ့ တော်လှန် ပုန်ကန်မှုများကို ဖေဖေဦးစီးပြီး အတော်ငြိမ်သက်အောင် ဖြေရှင်းလိုက်နိုင်တဲ့အတွက် အဲဒီကာလက ဖေဖေဟာ တိုင်းပြည်မှာ ထင်ရှား ကျော်ကြားလာပါတော့တယ်။

ဒါကြောင့်ပဲ အာဏာရ ဖဆပလအစိုးရထဲက ခေါင်းဆောင်နိုင်ငံရေးသမားများက ဖေဖေကို သူတို့ သြဇာအောက်ရောက်အောင် ကြိုးစားလာ ကြပါတယ်။

ပထမဆုံးကြိုးစားလာသူကတော့ အဲဒီကာလဝန်ကြီးချုပ်ဦးနုပါ။ ဦးနုဟာ ကျောင်းသားခေါင်းဆောင်ဘဝက တိုးတက်သူ တဦးပါ။ လက်ဝဲ စာပေတွေဘာတွေတောင် ဘာသာပြန်ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရှေ့မှာ ဗြိတိသျှနယ်ချဲ့သမားက ဗိုလ်ချုပ်အောင်ဆန်းကို ရက်ရက်စက်စက်သတ်ပြထားလို့ရော၊ သူကိုယ်တိုင်ရဲ့ အခြေခံရပ်တည်မှုမခိုင်မာတာကြောင့်ရော၊ အင်္ဂလိပ်က သူ့ကို ဝန်ကြီးချုပ်ရာထူး ထိုးအပ်တဲ့အခါ၊ လက်ယာအချောင်သမားကြီး ဖြစ်သွားပါတော့တယ်။ နဂါးနီစာအုပ်တိုက်ကထုတ်တဲ့ ‘ဘုံဝါဒ’ကို ဘာသာပြန်ထားသူဖြစ်လို့ ဦးနုခေါ် သခင်နုကို တချို့အင်္ဂလိပ်တွေက ကွန်မြူနစ်လို့ထင်နေကြလို့၊ ဒါကို ရှင်းစေလိုတဲ့ဦးနုအနေနဲ့ ဘာသာတရားဘက် (လောကီ၊ လောကုတ္တရာနှစ်ပိုင်းလုံး)အရမ်းကိုင်းရှိုင်း ပြလာနေရပါတယ်။

ဦးနုက ဖေဖေကို သူမြစ်ဝကျွန်းပေါ်အရပ်များကို သင်္ဘောာနဲ့စည်းရုံးရေးထွက်ရာမှာ ခေါ်သွားပါတော့တယ်။ အဲဒီသင်္ဘောပေါ်မှာ နက္ခတ် ဆရာတွေရော၊ ဗေဒင်ဆရာရောပါပြီး တရုန်းရုန်းနဲ့ သွားလေရာမှာ အချိန်ဇယားကအစ အဲဒီဆရာတွေရဲ့ညွှန်ကြားချက်အတိုင်းလုပ်နေတာ၊ တိုင်းရေးပြည်ရေးကိစ္စများထက် ဘုရားရှိခိုးတဲ့၊ ပုတီးစိပ်တဲ့အချိန်တွေကများနေတာ၊ တချို့အရေးကြီးကိစ္စများကို သူဘုရားရှိခိုးပြီးတဲ့ အချိန်အထိစောင့်နေရတာ စတဲ့ တိုင်းပြည်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်မဆန်တဲ့လုပ်ရပ်တွေကို ဖေဖေကတွေ့မြင်ပြီး စိတ်ပျက် စိတ်ကုန်ဖြစ်လာနေပါတယ်။ ဒါကြောင့်ပဲ ဖေဖေက ဦးနုကို ခပ်တန်းတန်း ခပ်ခွာခွာပဲဆက်ဆံခဲ့ပါတယ်။

ဖေဖေက သူ့အထုတ္တပ္ပတိစာအုပ်မှာ “ဦးနုက ဤခရီးတွင် ကျွန်တော့်ကိုခေါ်သွားခြင်းမှာ သူဘက်သားအဖြစ်သိမ်းသွင်းရန် ရည်ရွယ်ပုံရသည်။ သို့သော် ဤခရီးကပြန်လာပြီးနောက် ကျွန်တော်နှင့်ဦးနု ဆက်ဆံရေးမှာ အတော်ပင် တန်းသွားပါတော့သည်”တဲ့။

အဲဒီအချိန်မှာပဲ ဖဆပလအစိုးရထဲ သြဇာထက်နေတဲ့ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းက ဖေဖေကို သူအနောက်နိုင်ငံတွေခရီးထွက်ရာမှာ ခေါ်သွားပါတော့တယ်။ အဲဒီခရီးစဉ်တွေအကြောင်း ဖေဖေက သူ့စာအုပ်ထဲမှာအကျယ်တဝင့် ရေးပြီးပါပြီ။

ဖေဖေက အဲဒီကာလမှာ အတွေးအခေါ်ရှုပ်ထွေးမှုတွေ ဖြစ်နေပါတယ်။ ဖေဖေက ကရင်အမျိုးသားများရဲ့ပုန်ကန်မှုကို နယ်ချဲ့အင်္ဂလိပ်ရဲ့ ပယောဂအဖြစ်ကြည့်မြင်ပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ အဲဒီပုန်ကန်မှုတွေကို တိုက်ခိုက်နှိမ်နင်းခဲ့တာပါ။ ဖေဖေတို့ အဲသလို တိုက်နေ တုန်းမှာပဲ ဗိုလ်နေဝင်းက အင်္ဂလန်နဲ့အမေရိကန်ကိုလည်းကောင်း၊ ဦးနုက အိန္ဒိယကိုလည်းကောင်း၊ ခရီးထွက်ကြပြီး သူတို့နှစ်ယောက် ပြန်လာတော့ အဲဒီနိုင်ငံတွေက စစ်လက်နက်ပစ္စည်းအကူအညီတွေ တပုံတပင်ကြီးရလာခဲ့ပါတယ်။ အဲဒီလက်နက်တွေကြောင့်ပဲ ပြည်တွင်းစစ် အရှိန်ဟာ များစွာလျော့ကျသွားပြီး ဖဆပလအစိုးရအတွက် အသက်ရှူချောင်သွားပါတော့တယ်။ လက်နက်ပစ္စည်းသာမက ချေးငွေတွေလည်း အမြောက်အမြား ရရှိလာခဲ့ကြပါတယ်။ အဲဒီမှာတင် ဖေဖေက အင်္ဂလိပ်တွေရဲ့ရည်ရွယ်ချက်ကို သဘောပေါက်သွားပါတော့တယ်။ သူက သူ့စာအုပ်ထဲမှာ ဒီလိုရေးထားပါတယ်။

“လက်တွေ့တွင်မူ အင်္ဂလိပ်တို့သည် ဗမာပြည်တွင် ကြီးစိုးလွှမ်းမိုးရန် လက်တွေ့လည်းတကယ်ဖြစ်နိုင်သော မြန်မာလူမျိုးကြီးထဲမှ သူတို့ကို မဆန့်ကျင်သော၊ အင်္ဂလိပ်ဘက်သားဖြစ်နိုင်သော၊ ဗမာပြည်ခေတ်သစ်နိုင်ငံရေးတွင်လည်း အတော်အတန်ပါဝင်ခဲ့ပြီး၊ ပြည်သူအကြားတွင် လည်း သြဇာအသင့်အတင့်ရှိသူ၊ မြန်မာအလိုတော်ရိများကိုသာ ပိုအလိုရှိပြီး၊ ထိုလူမျိုးများကိုသာ အင်္ဂလိပ်တို့က ကူညီလာကြလိမ့်မည်ဟု ကျွန်တော်သိမြင်လာပါသည်။ ကရင်ပုန်ကန်မှုကို အင်္ဂလိပ်တို့ကအားပေးခဲ့သည်မှာလည်း ကရင်များအာဏာရလာရေးအတွက်မဟုတ်ဘဲ လက်ရှိဗမာအစိုးရအကျပ်အတည်းဆိုက်ပြီး၊ အင်္ဂလိပ်များထံ ရိုကျိုးအောက်ကျို့ဆက်ဆံလာရန်သာအဓိကဖြစ်သည်ကို ကျွန်တော် နားလည် လာပါသည်”တဲ့။

ဒါကြောင့်ပဲ ဖေဖေက နယ်ချဲ့အင်္ဂလိပ်တို့ရဲ့အလိုတော်ရိ ဖဆပလအစိုးရလက်အောက်မှာ ဆက်နေလိုစိတ်မရှိတော့ဘဲ သူ့နောင်ရေးကို တိုင်ပင်ဖို့အတွက် ဘီအိုင်အေ၊ ဘီဒီအေခေတ်တလျှောက် သူ့တိုက်ဖော်တိုက်ဖက်ရဲဘော်ကြီးဖြစ်ခဲ့သူ သခင်ကြီးမြင့်ကို ထောင်ကလွတ်အောင် လုပ်ပြီး၊ အဲဒီသခင်ကြီးမြင့်ကတဆင့် ဖေဖေက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြန်အဆက်ရခဲ့ပါတယ်။

အဲဒီအချိန်မှာ ဦးကျော်ငြိမ်းက ဖေဖေ့ကို အနောက်နိုင်ငံများကို ခေါ်သွားတာပါ။ ဦးကျော်ငြိမ်းက ဖေဖေ့ကို ကွန်မြူနစ်မှန်းသိပါတယ်။ ဒါပေမယ့် ၁၉၄၈ ပါတီနောက်လိုက်မသွားဘဲ တပ်ထဲဆက်နေပြီး တပ်ထဲမှာလည်း ရွပ်ရွပ်ချွံချွံ တာဝန်တွေဆက်ထမ်းဆောင်နေလို့ ဖေဖေ့ အခြေခံစိတ်ကို သိပ်အကဲခတ်မရဖြစ်နေဟန်ရှိပါတယ်။ ဒါကြောင့် အဲဒီခရီးစဉ်မှာ အရင်းရှင်ဒီမိုကရေစီအောက်မှာ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောချမ်းသာနေတဲ့ အရင်းရှင်နိုင်ငံကြီး၊ နိုင်ငံငယ်အတော်များများကို လှည့်လည်ကြည့်ရှုခဲ့ရပါတယ်။ ကွန်မြူနစ်စနစ်မှမဟုတ်ဘဲ အရင်းရှင်ဒီမိုကရေစီအောက်မှာလည်း နိုင်ငံတွေ၊ ပြည်သူတွေ၊ ချမ်းသာပျော်ရွှင်နိုင်တယ်ဆိုတာကို ပြသတာပါ။

ဒါပေမယ့် ဖေဖေက ပြတ်သားပြီးဖြစ်နေပုံရပါတယ်။ ဒီခရီးများအတွင်း သူ့အတွက်အကျိုးရှိရာရှိကြောင်းတွေကိုလည်း ရှာကြံလေ့လာပါတယ်။ ဥပမာ- လန်ဒန်ပြတိုက်ကြီးမှာ တပတ်လောက် (တခြားသူများနဲ့ လှည့်လည်ကြည့်ရှုတာတွေ နောက်မလိုက်ဘဲ) မိုးလင်းမှ မိုးချုပ်တနေကုန် ပေါင်မုန့်အသားညှပ်ထည့်ယူသွားပြီး အဲဒါပဲစားပြီး၊ ဗမာပြည်အကြောင်း ရေးသားထားချက်တွေ၊ ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း၊ ကမ္ဘာ့ စစ်သူကြီးများနဲ့ နိုင်ငံရေးသုခမိန်များအကြောင်း စတဲ့ အဖိုးတန်လှတဲ့ဗဟုသုတတွေကို သွားရောက်လေ့လာဆည်းပူးခဲ့ပါတယ်။

ဦးကျော်ငြိမ်းက ဖေဖေကို ယူဂိုစလပ်ကိုလည်းခေါ်သွားပြီး ဖေဖေကိုယ်တိုင် အင်မတန်လေးစားခဲ့တဲ့ ယူဂိုစလပ်ရဲ့သူရဲကောင်းမာရှယ်တီးတိုးနဲ့ တွေ့ပေးခဲ့ပါတယ်။ တီးတိုးဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျာမန်တွေကို ပြောက်ကျားစစ် ဆင်နွှဲပြီး သူ့နိုင်ငံကို လွတ်မြောက်စေနိုင် ခဲ့သူပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆိုဗီယက်ဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမားကြီးအဖြစ် ကျော်ကြားလာခဲ့သူပါ။ ဒါကြောင့် ဖေဖေက ယူဂိုစလပ်ကိုရော၊ မာရှယ်တီးတိုးကိုရော၊ အပြည့်အဝ မထောက်ခံနိုင်ဖြစ်နေပါတယ်။ ဒီတင် ဖေဖေရဲ့အခြေခံစိတ်ဓာတ်ကို ဦးကျော်ငြိမ်းက ရိပ်မိသိရှိသွားပါတော့တယ်။

ဒီအကြောင်းတွေကို ဖေဖေက သူ့ရဲ့စာအုပ်မှာရေးထားတာကို တွေ့ရှိဖတ်ရှုရတဲ့ ယခုခေတ် လူငယ်တချို့က အဲဒီတုန်းက ဘဘက ဦးကျော်ငြိမ်း ပါတီထဲဟန်ဆောင်ဝင်လို့ရတာပဲ။ အဲသလိုဆိုရင် ဗိုလ်နေဝင်း စစ်အာဏာရှင်စနစ်ထောင်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုမှုတွေရှိလာပါတယ်။ ဖေဖေကတော့ သြော် အဲဒီခေတ်ဆိုရှယ်လစ်တွေကို တပ်ထဲမှာရော၊ တပ်ပြင်မှာပါ လူတွေ ဘယ်လောက်မုန်းတယ်ဆိုတာ သိမှမသိကြပဲကိုး လို့ မှတ်ချက်ချပြောဆိုခဲ့ပါတယ်။

ဖေဖေက ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေမယ့်၊ ဖေဖေဟန်မဆောင်နိုင်တဲ့ တခြားအကြောင်းခြင်းရာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အဲဒီခေတ်ကာလက ဖေဖေတို့နဲ့ ပြင်သစ်မှာတွေ့ခဲ့တယ်ဆိုတဲ့ ကိုကိုမောင် (ယခုကိုကိုမောင်ကြီး)ရေးသားပြီး‘မြဝတီမဂ္ဂဇင်း’ မှာ လစဉ်ဆက်တိုက်ဖော်ပြခဲ့ဖူးတဲ့ ‘ပါရီတွင် သောင်တင်ခဲ့စဉ်က’ ဆောင်းပါးများပဲဖတ်ကြည့်ပါ။

ဖေဖေ အဲသလို ခရီးထွက်နေစဉ်မှာပဲ ဦးလေးကိုကြီးမြင့်နဲ့အတူဖမ်းမိတဲ့ဗိုလ်အေးဖေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စစ်ခုံရုံးက သေဒဏ်ပေး ခဲ့ပါတယ်။ ဗိုလ်အေးဖေကိုသေဒဏ်ပေးဖို့ ထောင်ထဲကထုတ်လာပြီး မျက်လုံးကို အဝတ်စနဲ့ပိတ်စည်းဖို့လုပ်တော့၊ ဗိုလ်အေးဖေက “မလို ပါဘူးဗျာ၊ မစည်းပါနဲ့ ခင်ဗျားတို့လုပ်ချင်သလို လုပ်ကြပါ”လို့ပြောတယ်လို့ ကြားရကြောင်း မေမေက ပြန်ပြောပြဖူးပါတယ်။ (မှတ်ချက်။ အဲဒီဗိုလ်အေးဖေအကြောင်းကို ကိုကိုမောင်ကြီးရဲ့ ‘တရံရောအခါများ’စာအုပ်မှာ ရေးသားထားချက်များကို ဖတ်ရပါတယ်။ ဂျပန်တော်လှန်ရေး အတွက် သူတို့တတွေ ဘယ်လောက် စွန့်စွန့်စားစားလုပ်ကိုင်ခဲ့ကြတယ်ဆိုတာကို မှတ်တမ်းတင်ပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။)

ဖေဖေက ဒီကိစ္စကို နိုင်ငံခြားကပြန်လာမှ သိရတာပါ။ ဒါတွေကြောင့်ပဲ ဦးလေးကိုကြီးမြင့်က အပြင်အရပ်ထဲမှာမနေရဲဘဲ၊ ကျွန်မတို့နဲ့အတူ မင်္ဂလာဒုံမှာ လာနေတာပါ။ ဖေဖေကဒါတွေမြင်ရလေ ဒီအစိုးရကို စိတ်ပျက်လေဖြစ်ပြီး ပါတီနဲ့ ပြန်ဆက်ခဲ့ဟန်တူပါတယ်။
ဖေဖေရဲ့ ပြန်လည်ဆက်သွယ်မှုကို ပါတီကလက်ခံခဲ့ပေမယ့် ဥက္ကဋ္ဌသခင်သန်းထွန်းက ဖေဖေ့ကို တပ်ထဲမှာပဲဆက်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ သခင်သန်းထွန်းကိုယ်တိုင်လည်း ဂျပန်ခေတ်ဝန်ကြီးဘဝ တာဝန်ထမ်းဆောင်နေချိန်တုန်းကလည်း ဂျပန်တော်လှန်ရေးလုပ်ငန်းတွေကို မြေအောက်လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံရှိလေတော့ ဖေဖေ့ကိုလည်း မြေအောက်ဘဝအနေနဲ့ ဆက်နေခိုင်းဟန်တူပါတယ်။

ဖေဖေက ဗိုလ်အေးဖေကို မကယ်လိုက်နိုင်တာကို အတော်စိတ်မကောင်းဖြစ်တယ်လို့ မေမေကပြောပြဖူးပါတယ်။ တကယ်တော့ ကွန်မြူနစ် ပါတီကပဲဖြစ်ဖြစ်၊ ပြည်သူ့ရဲဘော်အဖွဲ့ကပဲဖြစ်ဖြစ်၊ တခြားလူမျိုးစု အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ တိုက်ပွဲတွင်းဖမ်းဆီးမိသူများအားလုံးကို တောတွင်းမှာပဲ စစ်တပ်က အပြတ်ရှင်းပစ်တာများပါတယ်။ ဖေဖေက ကိုယ်နဲ့တချိန်တခါက (ဥပမာ- ဂျပန်တော်လှန်ရေးအတွင်း) အတူယှဉ်တွဲပြီး တိုက်ဖော်တိုက်ဖက်၊ သေဖော်သေဖက်ဖြစ်ခဲ့သူများကို အခုလို ရက်ရက်စက်စက် သွေးအေးအေးနဲ့သတ်ပစ်နေတာကို စက်ဆုတ်ဟန်လည်းရှိပါတယ်။

တကယ်တော့ ဗမာ့တပ်မတော်ကို စတင်ထူထောင်စဉ်ကတည်းက ဂိုဏ်းနှစ်ဂိုဏ်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂိုဏ်းနဲ့ သခင်ထွန်းအုပ်၊ သခင်ဗစိန်ဂိုဏ်း)ကလူတွေနဲ့ ဖွဲ့စည်းခဲ့တာပါ။ တပ်မတော်တွင်းမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဂိုဏ်းပေါင်းစုံကလူတွေပါဝင်ပြီး၊ တိုင်းပြည်ကာကွယ်ရေးအတွက်ပဲ တာဝန်ထမ်းဆောင်ခဲ့ကြရင်၊ ပြည်တွင်းစစ်လည်း မပေါ်ပေါက်နိုင်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးအခြေအနေကို ဗြိတိသျှနယ်ချဲ့သမားများက မမြင်လိုပါဘူး။ ဗမာပြည်ကို မလွှဲမရှောင်သာလို့သာ နိုင်ငံရေးအရလွတ်လပ်ခွင့်ပေးလိုက်ရပေမယ့် စီးပွားရေး အရတော့ ဆက်လက်ကြိုးကိုင်နိုင်ဖို့ကြိုးစားကြပါတယ်။ နယ်ချဲ့တွေရဲ့ထောင်ချောက်ကို အတွေ့အကြုံနုနယ်လှတဲ့ဗမာ့နိုင်ငံရေးသမားများက မမြင်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ဗမာပြည်ကြီး ပြည်တွင်းစစ်ထောင်ချောက်ထဲကျပြီး ဒါရဲ့အကျိုးဆက်အဖြစ် စစ်အာဏာရှင်စနစ် ပေါ်ပေါက် လာခဲ့တာပါ။

နောက်ပိုင်းမှာ ဖေဖေ့ကို တပ်ထဲကဖြုတ်ပစ်ရာမှာပါဝင်ခဲ့ကြတဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ (တည်မြဲခေါင်းဆောင်များ)ဟာ ဗိုလ်နေဝင်းရဲ့စစ်အာဏာရှင်စနစ်အောက်မှာ မိမိတို့တင်သာဒုက္ခရောက်ရုံမက တိုင်းပြည်ကြီးတခုလုံး ချွတ်ခြုံကျအမှောင်တိုက်ဖုံးသွားတဲ့အခါ၊ တစုံတရာ သံဝေဂတွေ ရဟန်ရှိပါတယ်။ နောင်တစကားတွလည်း ဆိုခဲ့ဖူးပါတယ်။

၁၉၇၂ ခုနှစ် ကျွန်မတို့ မောင်အငယ်ဆုံးလေး တွတ်တွတ်ကွယ်လွန်ချိန်မှာ ဦးကျော်ငြိမ်းဟာ နာရေးသတင်းလာမေးပါတယ်။ ကျွန်မတို့ရဲ့ စမ်းချောင်းဆီဆုံလမ်းအိမ်ကလေးကို လာခဲ့တာပါ။ ထို့အတူပဲ ဦးဗဆွေကြီး နောက်ဆုံး မကျန်းမမာဖြစ်သွားတော့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က လူမမာသတင်းသွားမေးပါတယ်။ အဲဒီမှာ ဦးဗဆွေကြီးက “ကျုပ်တို့တော့ ဗိုလ်ကျော်ဇောကိုတပ်ထဲကထုတ်လိုက်တာ မှားသွားပြီဗျာ။ သူသာတပ်ထဲရှိရင် ဗိုလ်နေဝင်း ဒီလောက်ရမ်းရဲမှာမဟုတ်ဘူး”လို့ ပြောကြောင်း ဒေါ်ခင်ကြည်က ကျွန်မညီမစန်းကို ပြန်ပြောပြခဲ့ပါတယ်။ (အဲဒီကာလက ကျွန်မတို့တတွေ တောထဲရောက်နေပါပြီ။)

အခုအချိန်မှာလည်း စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းကာကွယ်လိုသူများက နည်းဏ္ဌာန်ပေါင်းစုံ (အနုနည်းရော၊ အကြမ်းနည်းပါ) အသုံးပြုနေကြပါတယ်။ ယခုခေတ် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များအားလုံး(အယူဝါဒမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး)ရဲ့ သမိုင်းပေးတာဝန်ဟာ ဒီစစ်အာဏာရှင်စနစ်ကြီးကို ဖြိုလှဲရေးဖြစ်ပါတယ်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နိုးနိုးကြားကြားရှိဖို့လိုအပ်လှပါတယ်။
၃ဝ-၆-၂ဝ၁၃

Wednesday, January 21, 2015

လူထုဆန္ဒကို လူထုအင်အားဖြင့်သာ ဖော်ဆောင်နိုင်မည် (တူမောင်ညို)

0 comments
လူထုဆန္ဒကို လူထုအင်အားဖြင့်သာ ဖော်ဆောင်နိုင်မည် (တူမောင်ညို)
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်) 
ဇန်နဝါရီလ ၂၀ ရက်နေ့ ကြေးမုံသတင်းစာ၊ ရှေ့ဖုံးတွင်ဖော်ပြထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏၊ သတင်းထုတ်ပြန်ချက် (၁/၂၀၁၅) ကိုဖတ်ပြီးနောက် ဤဆောင်ပါးကို ရေးသားဖြစ်ပါသည်။ 
သမ္မတ(ဗိုလ်) ဦးသိန်းစိန်၏ အချိန်ဆွဲလှည့်စားနေသည့်နည်းဗျူဟာကို လွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်)ဦးရွှေမန်း ပေးထားသည့် “အထိုက်အလျောက် နိုင်ငံရေး space” ကလေးထဲမှ ဝေဖန်၊ ပြောဆိုကန့်ကွက်နေရုံမျှဖြင့် ဒီမိုကရေစီရှေ့ခရီး ဆက်နိုင်လိမ့်မည်မဟုတ်သည်ကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီခေါင်းဆောင်များသိရှိနားလည် သဘောပေါက်ပြီးဖြစ်လိမ့်မည်ဟု ယူဆပါသည်။
အချိန်ဆွဲလှည့်စားနေသည့်နည်းဗျူဟာသည် (ဗိုလ်)ဦးသိန်းစိန် တစ်ဦးတည်းတစ်ယောက်တည်း၊ တစ်ဖက်သတ်ကစား၍မဖြစ်သည့် နည်းဗျူဟာဖြစ်ပါသည်။ “ဖဲသုံးချပ်သမားများ”ကဲ့သို့၊ “လေးကောင်ဂျင်ဝိုင်းများ”မှာကဲ့သို့ အလံရှူးများ၊ အတွဲအဖက်ကောင်းများလိုပါသည်။ သို့ပါ၍ သမ္မတ(ဗိုလ်)ဦးသိန်းစိန်သည်လည်း ဖြစ်ပေါ်လာသည့် အခြေအနေ၊ အခင်းအကျင်းအပေါ်မူတည်၍ လိုအပ်လျှင်လိုအပ်သလို လွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်)ဦးရွှေမန်းနှင့်လည်းကောင်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်နှင့်လည်းကောင်း အပေးအယူ၊ အချိတ်အဆက်မိမိ ကစားနေကြခြင်းသာဖြစ်သည်။ လိုအပ်လာလျှင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးကိုလည်း တွဲဖက်ခေါ်ယူကစားလေ့ရှိပါသည်။ 
ဤသို့ကစားခြင်းဖြင့် “ ၆ ပွင့်၊ ၁၂ ပွင့်၊ ၄၈ ပွင့်” စသည့် ဖြစ်ရပ်များပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ နောက်ထပ်လည်း ဖြစ်ပေါ်လာသည့် အနေအထားအပေါ်မူတည်၍ ကစားကွက်မျိုးစုံခင်းကျင်း ကစားနေကြပါလိမ့်ဦးမည်။ 
သူတို့ စိတ်ကောင်းစေတနာရှိလာအောင် တရားပြ၊ နားချလျက် ကောင်းလာမည့်နေ့ရက်ကို မျှော်လင့်စောင့်စားနေမည်ဆိုလျှင် အရိမေတ္တယျဘုရားသာ ပွင့်လာမည်၊ သူတို့ကား စိတ်ကောင်းစေတနာ ရှိလာလိမ့်မည်မဟုတ်ချေ။ သူတို့ကို အကြပ်ကိုင်၍ဖိအားပေးရမည်။ ပြည်တွင်းပြည်ပဖိအားပေး၍ အကြပ်ကိုင်ရမည်၊ ပြည်သူလူထုအင်အားဖြင့် ဖိအားပေးအကြပ်ကိုင်ရလိမ့်မည်။ အခြားနည်းလမ်းမရှိ၊ ထိုနည်းလမ်းပဲရှိသည်။ “သပိတ်စုံ - အကုန်ရ” ဟူ၍ မှာတမ်းစကားချွေခဲ့သော ဆရာဦးဝင်းတင်၏စကားကိုနားထောင်၍ ဖြစ်မြောက်လာအောင် အကောင်အထည်ဖော်ကြရလိမ့်မည်။ သို့ပါ၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ အလုပ်သမား၊ လယ်သမား၊ကျောင်းသား၊ လုပ်ငန်းရှင်ကလေးများ အစရှိသော လူထုလူတန်းစားအလွှာအသီးသီးသည် တစုတစည်းတည်း ညီညွတ်ကြလျက် သမ္မတ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအား ဝိုင်းဝန်းအကြပ်ကိုင်ကြရမည်။ 
ထိုသို့ ပြည်သူလူထုက ညီညွတ်စွာဖိအားပေးအကြပ်ကိုင်နိုင်လျှင် “ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ” ဆိုသကဲ့သို့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ကျိုးနွံ၊ ယဉ်ကျေး၊ လိမ္မာလာလိမ့်မည်။ စစ်မှန်သောဒီမိုကရေစီနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုလိုလားသည့် နိုင်ငံရေးအင်အားစုများ ယခုကဲ့သို့အဆက်အစပ်မရှိ တကွဲတပြားဆောင်ရွက်နေကြလျှင် ဆင်ဆိုးဆင်မိုက်၏ ပိုင်းခြားနင်းချေခြင်းကို ခံမြဲတိုင်းခံနေကြရပေလိမ့်ဦးမည်။ “နောက်ထပ် ကိုပါကြီးတွေ၊ နောက်ထပ်ဒေါ်ခင်ဝင်းတွေ” ပေါ်ပြီးရင်းပေါ်နေရသည့် ကြမ္မာဆိုးထဲက လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ဆိုလျှင် ကိုယ့်ပြည်သူလူထု၏အင်အားကို ကိုးစားယုံကြည်၊ စည်းရုံးဖော်ထုတ်ပြီး (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကို ရင်ဆိုင်ကြရလိမ့်မည်။ အရေးဆိုကြရလိမ့်မည်။ တိုက်ပွဲဝင်ကြရလိမ့်မည်။ 
ပြည်သူလူထုအင်အား ကြီးမားအားကောင်းလာလျှင် “၂၀၀၈အခြေခံဥပဒေ” ကို ပြုပြင်ရုံမျှမက၊ ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီစံနှုန်းများနှင့်ပြည့်ဝကိုက်ညီပြီး တိုင်းရင်းသားပြည်သူများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို ပြတ်ပြတ်သားသားတည်ဆောက်နိုင်မည့် “အခြေခံဥပဒေသစ်” ပင် ရေးဆွဲချမှတ်နိုင်မည်ဖြစ်သည်။ 
၂၀၁၅ ခုနှစ်ကို အရေးကြီးသည့်နှစ်၊ အဆုံးအဖြတ်ပေးမည့်နှစ်ဟူ၍ နိုင်ငံရေးခေါင်းဆောင်များက အကဲဖြတ်ပြောဆိုနေကြသည်။ ဒီချုပ်ပါတီနှင့် UNA ညှိနှိုင်းကြသည့်ဆွေးနွေးပွဲကထွက်ပေါ်လာသည့် နိုင်ငံရေးလုပ်ငန်းစဉ် ၃ ခု ကို သတိပြုမိပါသည်။ ထို လုပ်ငန်းစဉ် ၃ ခု ဖြစ်မြောက်လာစေရန် မည်သည့်နည်းလမ်းဖြင့်ဖော်ဆောင်ကြမလဲ။ ဖော်ဆောင်မည့်နည်းလမ်းသည် အင်အားရှိသည့်နည်းလမ်းဖြစ်မှသာ နိုင်ငံရေးရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖြစ်မြောက်လာမည်ဖြစ်ပါသည်။ သို့ပါ၍ အဓိကကျပြီးအဆုံးအဖြတ်ပေးမည့်အရာမှာ မည်သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်မည်လဲဆိုသည့်ကိစ္စဖြစ်ပါသည်။ 
(နဝတ-နအဖ)စစ်အစိုးရကာလတလျှောက်လုံးမှသည် ယနေ့အချိန်ထိ “တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး”တို့ကို ဂင်းနစ်စာအုပ်၌စံချိန်တင်လောက်အောင် တောင်းဆိုဖူးခဲ့ပြီ။ မည်သို့မျှ အရာထင်မလာခဲ့။ လူထုမပါ၍ အရာမထင်ခြင်းဖြစ်သည်။
သို့ပါ၍ ပြည်သူလူထုအင်အားဖြင့် အရေးဆိုကြည့်စေချင်ပါသည်။ တိုက်ပွဲဝင်စေချင်ပါသည်။ ပြည်သူလူထုက ချစ်ခင်လေးစားအားကိုးသောခေါင်းဆောင်ရှိနေသော ယနေ့အချိန်အခါတွင် လူထုခေါင်းဆောင်မှ လူထုအားခေါင်းဆောင်လျက် လက်ရှိအုပ်စိုးသူအစိုးရအား ဖိအားပေးအကြပ်ကိုင်သည့်နည်းလမ်းကို သုံးစွဲကြည့်စေလိုပါသည်။ လူထုကချစ်ခင်လေးစားအားကိုးသော လူထုခေါင်းဆောင်ညွန်ပြသည့်လမ်းကို ပြည်သူလူထုက တညီတညွတ်တည်း ရဲရဲရင့်ရင့်လိုက်ပါလျှောက်လှမ်းကြလိမ့်မည်ဟုလည်း ယူဆပါသည်။
လူထုခေါင်းဆောင်သည် လူထုကို ခေါင်းဆောင်ရမည့်တာဝန်ရှိပါသည်။ အောင်ပွဲခံနိုင်မည့်နည်းလမ်း၊ အောင်ပွဲရမည့်လမ်းကို ရွေးချယ်၊ ညွန့်ပြ၊ ရှေ့ဆောင်၊ စည်းရုံး၊ လျှောက်လှမ်းသွားရမည့်တာဝန်လည်းရှိပါသည်။ 
အာဏာနှင့်ငွေကြေးချမ်းသာကြွယ်ဝမှုမရှိသောလူထုခေါင်းဆောင်သည် လက်နက်၊အာဏာ၊ ငွေကြေးပြည့်စုံသောအုပ်စိုးသူများကိုရင်ဆိုင်ရာတွင် မိမိအား လေးစား၊အားကိုး၊ချစ်ခင်၊ ယုံကြည်သော ပြည်သူလူထုအင်အားဖြင့်သာ အဓိကတိုက်ပွဲဝင်ရလိမ့်မည်။ ယင်းသို့ တိုက်ပွဲဝင်ခြင်း၊ အရေးဆိုခြင်းသည်တရားမျှတပြီးထာဝစဉ်မှန်ကန်နေမည့် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ယူဆပါသည်။ 
ဤသို့ဆိုလျှင် “သမ္မတကြီးကိုယုံသည်၊ နာယကကြီးကဖြောင့်မတ်သည်” ဆိုသည့် စကားများကို ၂၀၁၄ ခုနှစ်အတွင်း အပြီးအပိုင်ထားရစ်ခဲ့ကြရလိမ့်မည်။

Tuesday, January 20, 2015

ကာနယ်လ်ချစ်ကောင်းရဲ့ “အနှစ် နှစ်ဆယ်” စာအုပ်မှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့အမှာစာ

0 comments
ကာနယ်လ်ချစ်ကောင်းရဲ့ “အနှစ် နှစ်ဆယ်” စာအုပ်မှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့အမှာစာ
ဗိုလ်မှူးချစ်ကောင်းစာအုပ်ပြန်လည်ထုတ်ဝေရာမှာ အမှာစာရေးပေးဖို့တောင်းခံတော့ ချက်ချင်းပဲ လိုလိုချင်ချင် ရေးပေးမယ်လို့ပြောခဲ့ပါတယ်။ သူတို့အပေါ်မှာ အကြွေးဆပ်စရာရှိနေလို့ပါ။
ပထမဦးဆုံးရေးတာလည်းဖြစ်၊ နောက်ဆုံးရေးတာလည်း ဖြစ်ချင်ဖြစ်ပေမယ့် အမှာကို ရှည်ရှည်ရေးခွင့်ပြုပါ။ စာရေးသူအကြောင်း၊ စာအုပ်အကြောင်းက အားလုံးသိနေပြီးကြပြီဖြစ်လို့ မှာစရာသိတ်မရှိလှပါ။ ဆပ်စရာကြွေးမရေးခင် ပုဂ္ဂိုလ်အကြောင်း သိသလောက်တော့ ရေးပါမယ်။
ကိုချစ်ကောင်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလှုပ်ရှားမှုအတွင်းမှာ တွေ့ကြတာနည်းပါတယ်။ တနေရာစီမှာ တာဝန်ယူနေရလို့ပါ။ တခါတလေ တွေ့ကြတော့လည်း ပါတီရဲ့လမ်းစဉ်အကြပ်အတည်းကိစ္စကိုပဲ တိုးတိုးတိတ်တိတ် ဆွေးနွေးကြတာများပါတယ်။ သူဟာ ရိုးသားသူ၊ ပွင့်လင်းသူ၊ အကောက်မကြံသူ၊ ပြည်သူ့အကျိုးကိုဦးထိပ်ထားသူလို့ တထစ်ချပြောနိုင်ပါတယ်။ အဲဒီဂုဏ်အုဒ်တွေအပြင် လူထု၊ တပ်ထု၊ အောက်ခြေထုနဲ့ အလွန်နီးစပ်သူ၊ ဟာသရှိသူလည်းဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးပြီးစက ပါတီဌာနချုပ်မှာ လူစည်ကားပါတယ်။ ကွန်မြူနစ်တွေချည်း စည်ကားနေတာမဟုတ်ပါ။ လေထီဆင်းတွေ၊ ဖက်ဆစ်တော်လှန်ရေးသမားတွေ အတော်လေးစုံပါတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီဆိုတာ မရှိသေးပါ။ ဖဆပလနဲ့ ကွန်မြူနစ်ပဲရှိပါတယ်။ ဒါ့ကြောင့် စစ်အပြီး နိုင်ငံရေးသမားလူငယ်တွေရဲ့မိတ်ဆုံပွဲကြီးလို ဖြစ်နေပါတယ်။ နောင်အခါမှာ ဖဆပလအစိုးရ အဖွဲ့အတွင်းနဲ့ တခြားအစိုးရဌာနတွေမှာ ထိပ်တန်းတာဝန်ယူသူတွေပါ ရှိနေကြပါတယ်။ လူစုံတာကို ပြောချင်တာပါ။
အဲ့ဒီကာလကို ဗမာပြည်နိုင်ငံရေးလောကမှာ နောင် လူသုံးများလာမယ့် နိုင်ငံရေးဝေါဟာရတွေတီထွင်ကြတဲ့ကာလပိုင်းလို့ ဆိုနိုင်ပါတယ်။ အတွေ့အကြုံလည်းစုံ၊ လူမျိုလည်းစုံ၊ ခေတ်ပညာလည်းတတ်ကြတော့ တီထွင်ကြပါတယ်။ အငြင်းအခုန်တွေလည်း များပါတယ်။
တနေ့မှာ လူထုဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ပါတယ်။ People ကို ပြည်သူ၊ Mass ကို လူထုလို့ အများသဘောကြိုက်ညီ ကြပါတယ်။ စောစောက ဒီနှစ်ခု ရောနေပါတယ်။ မန္တလေးမှာတုန်းက People ကို လူထုလို့လည်းပြန်ခဲ့ကြပါတယ်။ အခုထက်ထိတော့ လူထုတိုက်ရဲ့အထိမ်းအမှတ် (Logo)ကိုကြည့်ပါ။ အဲ့ဒီအတိုင်း ပြန်ထားပါတယ်။ သူက သမိုင်းပစ္စည်းမို့ ပြင်ဖို့မလိုပါ။
ရန်ကုန်ရောက်ကြတော့မှ ပါတီက ပြည်သူနဲ့လူထု ဝေါဟာရဘာသာပြန် ပြောင်းသွားတာဖြစ်ပါတယ်။ မန္တလေးမှာတုန်းကတော့ အားလုံး တသဘောထဲပါ။ ကြီးပွားရေးဦးလှက အဲ့ဒီ လူထုကို သိပ်စွဲလမ်းနှစ်သက်ပြီး လူထုဦးလှဖြစ်သွားပါတယ်။
ရန်ကုန်ရောက်ာကတော့ ဝေါဟာရပြောင်းတာ အများညီကြပေမယ့် လူထုကို ဘယ်လိုစာလုံးပေါင်းမလဲဆိုတာမှာ ကွဲပါတယ်။ ကိုချစ်ကောင်းနဲ့ တချို့က ဒု လို့ပေါင်းချင်တယ်။ အများက ထု ကိုပဲကြိုက်ကြတယ်။ အငြင်းအခုန်ပြင်းထန်တဲ့တညမှာ သူဟာ တိုက်နံရံမှာ ဒု ဆိုတာတွေ မြေဖြူနဲ့ လျှောက်ရေးပါတယ်။ ဒါပေမယ့် ကိုဗဟိန်းတို့ပါတီခေါင်းဆောင်တွေက ထု ကိုပဲအတည်ပြုပေးလို့ သူဟာ ထု ပဲ တသက်လုံးရေးသွား ပါတယ်။ ပြောချင်တာက ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို သူရဲ့ ပါတီသက် တသက်လုံးလေးစားလိုက်နာတာပါပဲ။ ဘယ်လောက်အထိ လိုက်နာသလဲဆိုရင် သူ့ အနှစ် ၂ဝ စာအုပ်အပေါ် အမြင်မကြည်လင်သူတွေက သူ့ကို နေရာချထားမှုမှားနေတာတောင် အသက်သေသည် အထိ သူလိုက်နာသွားပါတယ်။
သူ့အကြောင်း ဒီလောက်နဲ့နားပါမယ်။ ဆပ်စရာကြွေးကိစ္စဆက်ပါမယ်။ ပါတီရဲ့ တတိယကွန်ဂရက်စ်မတိုင်မီ ၁၉၇၅ ကတည်းက လက်ဝဲစွန်း အမှားနဲ့ပတ်သက်တဲ့ဆပ်စရာကြွေးတွေကို ဆပ်ပြီပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းက သဗ္ဗေသတ္တာဆပ်ထားတာဖြစ်လို့ အခု အတိအကျ အပြေအလည်ဆပ်ချင်တာပါပဲ။
လက်ဝဲစွန်းအမှားဆိုတာကို ဖြုတ်ထုတ်သတ်လမ်းစဉ်အမှားကို ပြောတာပါ။ ဒီ ဖြုတ်ထုတ်သတ်ဆိုတာ ပါတီတွင်းကသီးသန့်သုံးတဲ့ Jargon (အသုံးအနှုံး)ပါ။ တရားဝင်အမည်က ပါတီတွင်းတော်လှန်ရေးလမ်းစဉ်ပါ။ ဘရောက်ဒါဝါဒလမ်းစဉ်၊ ၅၅ လမ်းစဉ်၊ ၆၄ လမ်းစဉ် စသည်ဖြင့် သုံးသလိုမျိုးပါ။
ဒါပေမယ့် ပါတီတွင်း သီးသန့်ဝေါဟာရက သစ္စာဖါက်နဲ့စစ်အစိုးရပေါင်းပြီး တပြည်လုံးကိုဖြန့်လိုက်တော့ ပြန့်သွားပါတယ်။ ဒါ့ကြောင့် တိုတိုပဲ ဖြုတ်ထုတ်သတ်လို့ သုံးလိုက်တာပါ။ ကွန်မြူနစ်တွေက ဝေါဟာရကို မကြောက်ပါဘူး။ ပါတီကို အလံဖြူလို့ သခင်စိုးက သမုတ်ခဲ့တယ်။ ဘယ်သူက အလံဖြူရုံနဲ့အားမရပဲ ရန်သူနဲ့ပေါင်းသွားသလဲဆိုတာ သမိုင်းက ပြပြီးပြီပဲ။
ပါတီက ဆပ်စရာအကြွေးတွေအားလုံးလောက် ဆပ်ပြီးပါပြီ။ နိုင်ငံခြားတင်တဲ့ကြွေးတောင် ပါပါတယ်။ ဒါလည်း ဆပ်ပြီးပါပြီ။ ဥပမာ ရဲဘော်ဂိုရှယ်ကိစ္စဆိုရင် အိန္ဒိယပြည်ကွန်မြူနစ်ပါတီအပေါ်တင်တဲ့အကြွေးပါ။ ကြွေးအားလုံး ကြေခဲ့ပါပြီ။
အခုဆပ်မယ့်အကြွေးက ရဲဘော်ချစ်ကောင်းနဲ့ ကိုသက်၊ ကိုဗဆွေလေး၊ ကိုစိုးဝင်း၊ ကိုကျော်ခင်၊ ကိုအောင်သိန်းနိုင်၊ ကိုခင်ဝင်း စသူတွေအပေါ် တင်ခဲ့တဲ့ကြွေးပါ။
ရှေ့ကရဲဘော် ၃ ယောက်ဟာ လက်ဝဲစွန်းလမ်းစဉ်မှားရဲ့ ပါတီတည်ဆောက်ရေးနဲ့စစ်ရေးလမ်းစဉ်မှားမှုကြောင့် ကျဆုံးတာပါ။ ကာယကံမြောက် လက်ဝဲစွန်းအမှားရဲ့သတ်ဖြတ်ခြင်းခံရတာ မဟုတ်ပါဘူး။ နောက် ရဲဘော်တချို့သာ ကာယကံမြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရန်သူကသတ်၊ အချင်းချင်းကသတ်နဲ့ ပါတီရဲ့ ပြည်တွင်းမြေအောက်အဖွဲ့အားလုံးနဲ့ အခြေခံဒေသအားလုံးဆုံးရှူံးခဲ့ပါတယ်။ တကယ့်ကို အားလုံးပါ။ တော်လှန်ရေးအဆက်ဆက် အခြေခံခဲ့ရာတွေ ဆုံးရှူံးသွားပါတယ်။ နယ်စပ်မှာပဲ အခြေခံကျန်ပါတယ်။ တပါတည်း ကိုယ့်အား ကိုယ်ကိုးအခြေခံလည်း ဆုံးရှူံးသွားပါတယ်။
ဒါတွေဟဟာ ၈၉ ထိခိုက်နစ်နာမှုရဲ့ ခပ်ဝေးဝေးက အကြောင်းတရားတွေပါ။ အနီးဆုံးအကြောင်းတရားကတော့ စစ်အေးခေတ်ပြီးဆုံးခြင်းပါ။ နဝတ စစ်အစိုးရတို့၊ ဗိုလ်ခင်ညွန့်တို့ရဲ့ ကျွမ်းကျင်လိမ္မာမှုကြောင့် ငြိမ်းအဖွဲ့တွေပေါ်လာတာမဟုတ်ပါဘူး။
ဗကပ ၈၉ မှာ ထိခိုက်နစ်နာတာရဲ့ အဓိကတရားခံက လက်ဝဲစွန်းလမ်းစဉ်နဲို့ယ့်အားကိုယ်ကိုးအခြေခံ ပျက်ပြားမှုပါပဲ။
တရုတ်ပြည်တော်လှန်ရေးကာလက လီလီစန်း၊ ဝမ်မင် လက်ဝဲစွန်းအမှားကြောင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိခိုက်တာမျိုးဖြစ်ပါတယ်။ တရုတ်ပြည်မှာဆိုရင် ဒေသဖြူက မြေအောက်အဖွဲ့အားလုံး အခြေခံဒေသ တော်တော်များများဆုံးရှူံးပြီး ခရီးရှည်ချီတက်ရတာမျိုးပါပဲ။
ကျနော်တို့ရဲံ လက်ဝဲလမ်းစဉ်အမှားက တရုတ်ပြည်ထက်ပိုကြာပါတယ်။ ဘာ့ကြောင့်လဲ။
အမှားကိုမြင်ခွင့်နဲ့ ပြင်ခွင့်မရတာ နောက်ကျလို့ပါ။ ခါတိုင်းမှားရင် ဥက္ကဌသခင်သန်းထွန်းပဲမှားပြီး သူပဲစပြီး ပြင်ခွင့်ရခဲ့တာချည်းပါပဲ။ ၆၈ မှာတော့ သူကျဆုံးသွားလို့ အမှားမြင်ခွင့်၊ ပြင်ခွင့် သူ မရလိုက်ပါ။ ဥက္ကဌသခင်ဇင်လည်း အဲ့ဒီလိုပါပဲ။ ပြင်ခွင့်ရမသွားပါ။ သူက မှားနေတာကို မမြင်လို့မဟုတ်ပါ။ မြင်ပါတယ်။ ပြင်ဖို့အချိန်မရတာပါ။
တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးလုပ်တာကြတော့ ဘာ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီလောက် မနာသလဲ။ ရှင်းပါတယ်။ အခြေအနေခြင်း မတူကြလို့ပါ။
တရုတ်ပြည်က ယဉ်ကျေးမှုတော်လှန်ရေးကို ကြိုက်သလောက်လုပ်၊ ပါတီကို ရန်သူက မချေမှုန်းနိုင်ပါ။ ကေအမ်ဒီက ထိုင်ဝမ်ပြေးနေရပြီ။ အမေရိကန်ရဲ့နယ်ချဲ့အောက် ခိုလှုံနေရတာကြာပါပြီ။ အမေရိကန်ကလည်း ၁၉၅၀-၅၃ မှာ ကိုးရီးယားစစ်ပွဲနဲ့ အားစမ်းထားပြီးသား။ အကြောင်းသိဖြစ်နေတယ်။ လောလောဆယ်လည်း ဗီယက်နမ်မှာ မရုနိုင်မကယ်နိုင်ဖြစ်နေတယ်။ ပြီးတော့ တခြားစုပါပါဝါကလည်း ရှိနေသေးတယ်။ သူ လုပ်ချင်ဦး မလုပ်နိုင်ပါ။
တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးကို သူတို့ဆက်လုပ်နေလည်း တတိတိ တဖြည်းဖြည်းထိခိုက်တာပဲရှိမယ်။ ဗမာပြည်လို မဖြစ်နိုင်ဘူး။
ဗမာပြည်မှာက ရန်သူအင်အား အများကြီးရှိနေတယ်။ လုပ်နေတာကလည်း ရန်သူအားကြီးရာ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည် ဝိုင်းပတ်နေတဲ့ပဲခူးရိုးမမှာ…။
ရန်သူကို တဖက်ကတိုက်ရင်း ဆန်သယ်စားပြီး တောထဲမှာလုပ်နေရတဲ့ဘဝပဲ။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်ကို တရုတ်ပြည်ပါတီက လုပ်ခိုင်းနေတာလို့ရေးထားတဲ့စာအုပ် ဖတ်ရပါတယ်။ သူရေးတာနဲ့ ပြောင်းပြန်ပါပဲ။ အခြေအနေမသိပဲ အဝေးကနေ အကြံပေးမှားတာကိုခံရဖူးတဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဘယ်တော့မှ အဲ့ဒီ အကြံပေးတာမျိုးမလုပ်ပါ။ တကယ့်ဖြစ်ရပ်မှန် မသိလို့သော်လည်းကောင်း၊ တရုတ်ပြည်နဲ့ တရုတ်ပါတီဆန့်ကျင်ရေး ရေးမှ စားသာမှာမို့ သော်လည်းကောင်း၊၊ နှစ်ခုစလုံးသော်လည်းကောင်း အဲ့ဒီလူက လူတတ်လုပ်ပြီးရေးတာ ဖြစ်ပါလိမ့်မယ်။
တဖန် ပဲခူးရိုးမမှာ မှားနတာကို နယ်စပ်က ထိုင်ကြည့်နေသလားလို့မေးရင် ထိုင်မကြည့်ဘူး၊ လုပ်စရာအားလုံးလုပ်တယ်လို့ပဲ ဖြေရပါမယ်။ ၁၉၆၈ တုန်းက ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းဆီ ထောင်ထဲကနေစာပို့တယ်။ စာရဲ့အချုပ်သဘောကတော့ နယ်စပ်ကနေ ပဲခူးရိုးမကို ဟိုချိမင်းလမ်း ဖွင့်ခွင့် ဗမာပြည်ကွန်မြူနစ်ပါတီကိုမပေးပါနဲ့၊ ပေးမိရင်သွားပြီ၊ သူတို့စစ်အုပ်စုရှူံးပြီလို့ရေးတာပါပဲ။
ဒါ့ကြောင့် အဲ့ဒီလမ်းမပွင့်အောင် နည်းမျိုးစုံနဲ့လုပ်တယ်။ ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ အင်းလေး၊ ပျဉ်းမနား၊ ရွှေကျင်နယ်၊ ညောင်လေးပင် ရှေ့မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ၊ အဲ့ဒါကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။
တဖက်ကလည်း ပါတီထဲမှာ လမ်းစဉ် ၂ ခု၊ ဗဟို ၂ ခုမဖြစ်အောင်လည်း ထိန်းရပါတယ်။
လက်ဝဲလမ်းစဉ်များကိစ္စ ဒီလောက်ပဲရေးပါ့မယ်။
ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုမှာ ဖွဲ့တော့ဘယ်သူတွေပါကြသလဲ။ ဗကသ ဟောင်းတွေချည်းလို့ ဆိုရမလောက်ပါပဲ။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ဂိုရှယ် စသူများအပြင် နယ်က ဗကသဟောင်းတွေချည်းပါပဲ။
ရဲဘော်ချစ်ကောင်းလည်း အဲ့ဒီမျိုးဆက်က ဗကသဟောင်းပါပဲ။ ကျောင်းသားမျိုးဆက်ဆိုတာ မျိုးဆက်ပြောင်းတာမြန်ပါတယ်။ ကျောင်းဆွေးဆွေး နေတဲ့သူကလွဲရင် တက္ကသိုလ်ပဲဖြစ်ဖြစ်၊ အထက်တန်းကျောင်းပဲဖြစ်ဖြစ်၎-၅ နှစ်တကြိမ် မျိုးဆက်ပြောင်းနေတာပါပဲ။
ဖက်ဆစ်တော်လှန်ရေးအထိ အဲ့ဒီလိုပဲ ပါတီအတွက်အားသစ်တွေ ဗကသ ကနေ လာနေတာပါ။ ဗကသဟောင်းဟာ နိုင်ငံရေးသာ ဆက်လုပ်ဖြစ်ရင် ဗကပပဲအဖြစ်များပါတယ်။ ဗကသ သမိုင်းကိုပဲ လေ့လာကြည့်ပါ။
တရားဝင်ဗကသဟာ ၁၉၆၂ မှာ တကသအဆောက်အဦးနဲ့အတူ အဆုံးသတ်သွားပါတယ်။ အဲ့ဒီ ၁၉၆၂ ဗကသ နောက်ဆုံးမျိုးဆက် တောခိုကြတော့ ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်နဲ့ တိုးမိပါတယ်။ ထိခိုက် ကျဆုံးပါတယ်။ အဲ့ဒါကိုပဲ ပါတီအပေါ်တင်တဲ့အကြွေးလို့ ကျနော် ယူဆပါတယ်။ ဒါ့ကြောင့် ကြွေးဆပ်တယ်လို့ သုံးလိုက်တာပါပဲ။
ဒါဟာလည်း ယာယီပြတ်တောက်သွားတဲ့မျိုးဆက်ပါ။ ကျောင်းသားလှုပ်ရှားမှုရှိရင် ဗကသရှိပါတယ်။ တရားဝင်ပုံစံနဲ့မဟုတ်ရင်လည်း မြေအောက်ပုံစံရှိပါတယ်။ မဆလ စစ်အစိုးရခေတ်၊ နဝတ နအဖ စစ်အစိုးရခေတ်လှုပ်ရှားမှုသမိုင်းမှာ လက်နက်ကိုင်ဗကပနဲ့ မြေအောက် ဗကသ လက်တွဲခဲ့တာချည်းဖြစ်ပါတယ်။ လက်ဝဲစွန်းလမ်းစဉ်မှာ ပါတီတည်ဆောက်ရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်၊ မြေယာလမ်းစဉ် စသည်ဖြင့်ရှိပါတယ်။ အားလုံး လက်ဝဲစွန်းချည်းပါ။ အဲ့ဒီကြွေးတွေတင်နေတာကိုဆပ်ဖို့ ပါတီမှာ တာဝန်ရှိပါတယ်။ လူသိရှင်ကြားမှားခဲ့တဲ့အမှားကို လူသိရှင်ကြားပြင်ချင်လို့ အမှာရေးလိုက်တာပါ။
ဗိုလ်(ဒေါက်တာ)မောင်မောင် ၁၉၈၈ တုန်းက တကသအဆောက်အဦးကို ပျော်တပါးတည်ဆောက်ကြပါစို့လို့ ပြောခဲ့ပါတယ်။ သူတို့ဆောက်ပေးမှ မဟုတ်ပါ။ ကျောင်းသားများရဲ့ တရားဝင်ဖြစ်လာတဲ့ ဗကသကပဲ တည်ဆောက်ကြရပါ့မယ်။ ဒီမိုကရေစီရှိမရှိ ပြဒါးတိုင် တိုင်းချင်ရင် သမဂ္ဂကြီး(၄)ခု ရှိမရှိနဲ့တိုင်းရမယ်လို့ ယူဆပါတယ်။ ဗကသ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ လုပ်ငန်းအလိုက် သမဂ္ဂများ ဒီလေးခုကို ဆိုလိုပါတယ်။
ရဲဘော်ချစ်ကောင်းဟာ ဗကပ ပထမဦးဆုံးထုတ်တဲ့ပြည်သူ့အာဏာမှာ စာတည်းအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ကျောင်းသားဘဝကလည်း စာရေးဖူးတဲ့ လက်စလက်နရှိလို့ အရေးအသားကျွမ်းကျင်ပါတယ်။ သူရေးခဲ့တဲ့ အနှစ် နှစ်ဆယ် ပြန်ထုတ်တဲ့ရဲဘော်များကို ကျေးဇူးတင်ပါတယ်။
ရဲဘော်ချစ်ကောင်းဟာ ဗဟိုချုပ်ကိုင်မှုကိုနာခံရင်း ကျဆုံးပါတယ်။ ဂုဏ်ရောင်ပြောင်တဲ့ကျဆုံးမှုပါ။
ဗဟိုချုပ်ကိုင်မှုကို ရဲဘော်ချစ်ကောင်း နာခံတာဟာ မျက်ကန်းနာခံမှုမဟုတ်ပါ။ ပါတီရဲ့အများဟာ ရပ်တည်ချက်အမှားမဟုတ်တာကို သူ သိပါတယ်။ ပါတီရဲ့အမှားက မူကိုပစ်ပယ်ပြီး ရန်သူနဲ့ပေါင်းတဲ့အမှား မဟုတ်ပါဘူး။ ကေပဟာ ပါတီသက် (၆ဝ)ကျော်အတွင်း ရပ်တည်ချက် အမှား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါ။ မှားခဲ့တဲ့အမှားတွေက အမြင်ဆိုင်ရာအမှား၊ နည်းနာအမှားများဖြစ်ပါတယ်။ ရပ်တည်ချက်၊ အမြင်နဲ့ နည်းနာ ဒီ ၃ ခုရှိရာမှာ ရပ်တည်ချက်ဟာ အခရာအကျဆုံးပါ။ ဒါ့ကြောင့်လည်း ရဲဘော်ချစ်ကောင်းဟာ ရန်သူကိုအမုန်းလွန်သွားပြီး အစွန်းရောက်တဲ့အမှားကို သည်းညည်းခံပြီး ဗဟိုချုပ်ကိုင်မှုကို နာခံခဲ့တာပါပဲ။

ရဲဘော်ချစ်ကောင်းဟာ ရပ်တည်ချက်မှားသွားရင် ဘယ်သူမှားမှား သည်းညည်းခံငြိမ်နေမှာမဟုတ်တဲ့လူစားမျိုး၊ မူအပေါ်မှာ အလွန်ကြံ့ခိုင်တဲ့ကွန်မြူနစ်ကောင်းရဲဘော်ကြီးဖြစ်ပါကြောင်း။
ရဲဘော်ကျင်မောင်
၃ လပိုင်း ၂ ရက် ၂ဝဝ၁ ခု
(ကျနော်က စာပြန်ရိုက်ရုံလောက်ပါ ခင်ဗျား)