Wednesday, November 13, 2019

(တကိုယ်လုံးဝင်လျှိုလိုက်တော့)

0 comments
(တကိုယ်လုံးဝင်လျှိုလိုက်တော့)
ဟိုက တလျှောက်လုံး ဖယ်တိုက်နေတာပါ၊ ဝင်မပါပါနဲ့ ဝင်မကာပါနဲ့ လက်ရှောင်နေပါ နေသာသလိုနေပါဆိုတဲ့စကား အဖန်ဖန်ပြောတဲ့ကြားက ကိုယ်က နိုင်ငံရေးဟစ္စတြီးယားထပြီး သွေးရူးသွေးတမ်း ထွက်ထွက်ကာတာပါ။ အဲ့သလိုကာလို့ဖာလို့ စစ်အုပ်စုက စိတ်လည်ပြီး ရင်ကြားစေ့သွားတယ်ဆိုလည်း ခံသာသေးတယ်။ ခုက နိုင်ငံရေးအရ အဆင့်နေရာပေးပြီးပါ မဆက်ဆံတာပါ။ နောက်ဆုံးကျ ကမ္ဘာ့မိသားစုကလည်း ဆေးဖော်ကြောဖက်မလုပ်ချင် စစ်အုပ်စုကလည်း ပယောပယီအလုပ်မခံနဲ့ နိုင်ငံရေးအညွန့်ကျိုးတဲ့ဘဝ ရောက်သွားတာပါ။ ဘယ်နေရာသွားသွား လက်ညှိုးငေါက်ငေါက်အထိုးမခံရရုံတမယ် မတန်ပြောမတန်ဆို ခံရတော့တာပါ။ မတရားမှူကိုမြင်နေပါရက်နဲ့ ဘာမှမပြောပဲ တုံဏှိဘောလုပ်နေတယ်ဆိုတောင် ဒါဟာ မကောင်းမှူကို သွယ်ဝိုက်အားပေးရာရောက်တာပါ။ ခုက ဝင်ကာရုံတင်မက အလိုတူအလိုပါအထိဖြစ်နေလေတော့ တချိန်ကငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗမာ့ဒီမိုကရေစီရေးအိုင်ကွန်းဆိုတာတွေနဲ့ နိုင်ငံတကာ့အလယ်မှာ ခေါင်းမော့ရင်ကော့နိုင်ခဲ့တာ၊ ပွဲသွားမော့မော့ ပွဲပြန်ကြော့ကြော့တင့်တယ်ခဲ့တာတွေအစား ကမ္ဘာပုံအလယ်မျက်နှာမဖော်ဝံ့တဲ့ဘဝ ဆိုက်ရတော့တာပါ။ နိုင်ငံရေးအညွန့်ကျိုးတာပါ။ နိုင်ငံတကာတရားရုံးတွေ ICC တွေ ဘာတွေက လျှောမွေးတွေလို့ပဲ ခနထားပါ၊ ဆောက်ဖြစ်မှ ကောင်းဒကာပဲ ထားပါ။ လောလောဆယ် ခုလောက်ဖြစ်တာနဲ့တင် နိုင်ငံရေးအရ အရှူံးကြီး ရှူံးပါတယ်။ ဒါဟာ သံခင်းတမန်ခင်းမကျင်လည်လို့ လော်ဘီကောင်းကောင်းမငှားနိုင်လို့ ဖြစ်သွားတာမဟုတ်ပါ။ ရိုဟင်ဂျာတွေဘက်က ပိုထိုးဖေါက်နိုင်လို့ ခံလိုက်ရတာလည်း မဟုတ်ပါ။ ဟိုလူတွေမှာ "အား"မရှိပါ။ "တရား"ရှိသွားတာပါ။ တရားရှိလို့ ကူသူများတာပါ။ "စု"အုပ်စုအစိုးရက ရပ်တည်ချက်အမှားပါ။ လမ်းစဉ်(ရှိတယ်လို့ပဲထားပါတယ်)အမှားပါ။ တရားအရကို မှားတာပါ။ ဒါ့ကြောင့် ဒါဟာ သံတမန်ရေးရှူံးနိမ့်မှူ မမည်ပါ။ မတရားမှူဘက်ကရပ်တည်ခဲ့လို့ နိုင်ငံရေးအရကျဆုံးမှူပါ။ ရပ်တည်ချက်ပြဿနာပါ။ အဖတ်ဆယ်ဖို့ ခက်ပါတယ်။ တိုင်းပြည်ဂုဏ်မငယ်ပါ။ လူမျိုးသိက္ခာမကျပါ။ မတရားမှူကျူးလွန်သူ၊ သူခိုးဓားရိုးကမ်းသူ၊ အလိုတူအလိုပါသူနဲ့ သူ့နောက်လိုက်နောက်ပါတွေအတွက်သာ အရှက်ရစရာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုပြောတာပါ။

မျိုးမြင့်ချို
နိုဝင်ဘာ ၁၃၊ ၂ဝ၁၉

(မိတ်ဆွေဖြစ်တယ် မဖြစ်ဘူး)

0 comments
(မိတ်ဆွေဖြစ်တယ် မဖြစ်ဘူး)
နီပေါတွေအကြောင်းကတော့ ထားလိုက်ပါတော့။ စစ်အလိုတော်ရိတွေအကြောင်းကလည်း ထူးမခြားနားပဲ။ ရယ်လည်းရယ်ရတယ်။ ကျနော်က အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို၊ ဒေါ်စုအစိုးရကို ထောက်ပြဝေဘန်ပြီး Alternative point of view ကနေပြောလိုင် ရေးလိုက်ရင် ဖရင်န်းဒ်ရီကွပ်စ်တွေ ပို့လိုက်ကြတာမှ အောလဘုံ ထတော့တာပါပဲ။
ကျနော်နဲ့ အမြင်တူလို့ သဘောထားတပ်တူကျလို့ ရိုးရိုး လာ Add တဲ့သူတွေကတော့ သိသာပါတယ်။ သူတို့အကောင့်ထဲဝင်ကြည့် သူတို့မိတ်ဆွေစာရင်း ဝင်ကြည့်ရင် သိတာပါ။ အဲ့သလိုမိတ်ဆွေတွေကိုတော့ လက်ခံလိုက်တာပါ။ တခါတလေကျ ကျနော့်စာအောက်မှာ ကွန်မန့်လာရေးပေမယ့် ဖရင်န်းဒ်လစ်ထဲ မပါသေး မဝင်သေးသူတွေလည်းရှိပါတယ်။ အဲ့သလိုအခါကျ ကျနော်နဲ့ အမြင် သဘောထား ရပ်တည်ချက် မနီးရိုးစွဲလို့ယူဆရင် ကျနော်ကလည်း ဖရင်န်းဒ်ရီကွပ်စ်ပို့ပါတယ်။
စစ်အလိုတော်ရိတွေစိတ်ထဲ ဒါလေးတပုဒ်ကောက်ဖတ် သူတို့လိုရာဆွဲတွေးပြီး ကျနော်ကတော့ ဒေါ်စုဆန့်ကျင်ရေးသမား အင်န်အယ်လ်ဒီဆန့်ကျင်ရေးသမားလို့ မှတ်ပုံရပါတယ်။ ကျနော် အင်န်အယ်လ်ဒီကနေ ခုထိ မထွက်ခဲ့တာ အထုတ်ခံရတာမရှိတာ၊ ကျနော်နဲ့ဒေါ်စု ဘယ်အချိန်မှာ ဘယ်လို နိုင်ငံရေးအဆက်အစပ်ရှိခဲ့တာတွေလည်း သူတို့သိပုံမရပါ။ နီပေါတချို့လည်းမသိပါ။ ဒီနေရာ အလေ့အလာမရှိတာမှာတော့ သူတို့ တူပါတယ်။ အင်န်အယ်လ်ဒီနဲ့ ကာလအကြာကြီး ကင်းကွာနေတာ၊ ပါတီလစဉ်ကြေးမသွင်းတာ၊ ပါတီတာဝန်တွေမယူတော့တာကြောင့် အင်န်အယ်လ်ဒီမဟုတ်တော့ဘူးဆိုလည်း အင်န်အယ်လ်ဒီမဟုတ်တော့ဘူးဗျာ။ ကျနော့်အတွက်ကတော့ အင်န်အယ်လ်ဒီ ဟုတ်နေခြင်း မဟုတ်တော့ခြင်းက အရေးပါတဲ့ကိစ္စတော့လည်း မဟုတ်တော့ပါဘူး။
စစ်အလိုတော်ရိတွေအကြောင်း ပြန်ဆက်ရရင် ကျနော်ရေးလိုက်တာလေးတပုဒ်လောက်ဖတ်၊ တို့လူတယောက်တော့ တိုးပြီဟဆိုပြီး အားရဝမ်းသာ ဖရင်န်းရီကွပ်စ်ပို့တာပါ။ ကျနော် သူတို့အကောင့်ထ်တွေထဲ ဝင်ကြည့်ပြီး ဒီအတိုင်း ပေယျလကံထားလိုက်တာပါ။ ကျနော်က Public ဖွင့်ထားတာဆိုတော့ ဘယ်သူမဆို ဝင်ဖတ်တာ ဝင်ကွန်မန့်ရေးတာလုပ်လို့ရပါတယ်။ ဒီတော့ ကျနော် ပစ်ထားလိုက်တဲ့စစ်အလိုတော်ရိတချို့က ကျနော့်စာတွေအောက်မှာ ဒေါ်စုဆန့်ကျင်ရေးတွေ အင်န်အယ်ဒီဆန့်ကျင်ရေးတွေ လာရေးပြီး ကျနော့်ကို မျှားကြတာလည်းရှိပါတယ်။
နောက် သိတ်မကြာဘူး ကျနော့်ရပ်တည်ချက်(စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ဆန့်ကျင်ရေး)တွေလည်း တွေ့သွားရော ခုနပြောတဲ့ စစ်အလိုတော်ရိတွေ ဝိုင်းဆဲကြတော့ပဲ။ တချို့ကျ ဆဲရုံနဲ့အားမရပဲ မင်းကိုဘလော့က်လိုက်ပြီ ဟေ့ကောင်ဘာညာတွေပါ လုပ်တာ။ ကျနော် သူတို့နဲ့ ဖရင်န်းဒ်မှဖြစ်မထားတာ Block တော့ရော ဘာဖြစ်မလဲဆိုတာ သူတို့မတွေးဘူး။ နောက်တချက်က ကျနော့်ကို Block သွားတဲ့လူတွေထဲမှာ တချိန်က ကျနော့် အပြင်မှာ တကယ့်ကိုမိတ်ဆွေ တကယ့်ကိုလုပ်ဖော်ကိုင်ဘက် တကယ့်ကို နိုင်ငံရေးသွေးရင်းသားရင်းတွေလည်း ရှိတာ သူတို့မသိပါ။ ကျနော်က Block ခဲ့တဲ့ထဲမှာလည်း အဲ့လိုလူတွေပါပါတယ်။
နိုင်ငံရေးဆိုတာ ယုံကြည်ချက်နဲ့လုပ်ရတာမဟုတ်လား။ မိတ်ဆွေ၊ ရန်သူ၊ ရဲဘော်ရဲဘက်၊ ကြားထားရမယ့်လူ၊ စည်းရုံးရမယ့်သူတွေရှိတာပါ။ သေတပန်သက်တဆုံး ရဲဘော်ဖြစ်ရတဲ့လူ မိတ်ဆွေဖြစ်ရတဲ့လူတွေရှိသလို မစေ့စပ်စတမ်း တိုက်ရတဲ့လူတွေလည်းရှိပါတယ်။ တချိန်က ရဲဘော်ဖြစ်ခဲ့ပြီး ခု မိတ်ဆွေအဆင့် ထားရသူလည်းရှိပါတယ်။ လုံးဝ အပြတ်ဖြတ်ရတဲ့သူလည်းရှိပါတယ်။ အဲ့ဒါတွေက ပြောရရင်များတာမို့ထားလိုက်ပါ့မယ်။
စစ်အလိုတော်ရိတွေဟာ လူကဲခတ်တော့ အတော့်ကိုညံ့ကြတယ်ပြောရမယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း ကျီးလားကြောင်လား တောင်လားမြောက်လားမသိပဲ ငါ့လူရပြီ“၊ အင်န်အယ်လ်ဒီနဲ့ ဒေါ်စုဆန့်ကျင်ရပြီးရောဟဆိုပြီး အရမ်းကာရော အလောတကြီးနိုင်လွန်းတာလား မပြောတတ်ပါ။
သူတို့ မသိတာက နိုင်ငံရေးမှာ “ရန်သူပြော ပြောတာ“ နဲ့ ထောက်ပြဝေဘန်တာမတူဘူးဆိုတာပါ။ ကျနော် အင်န်အယ်လ်ဒီနဲ့ဒေါ်စုကို ခုထိရန်သူပြော မပြောပါ။ မပြောရတာက ဒေါ်စုဟာ ခုချိန်ထိတော့ စစ်အုပ်စုနဲ့ “ပြန်လမ်းမရှိပူးပေါင်း“သွားပြီလို့ ကျနော် မမြင်ပါ။ လက်တွေ့အရ အခိုင်အမာအချက်အလက်အရ မြင်ရင်တော့ ရန်သူပြောတင် မကပါ။ တိုက်ပါ တိုက်မှာပါ။ အဲ့ဒီအခါကျ ခု ကျနော့်အပေါ် အကဲဖြတ်မှားနေတဲ့ စစ်အလိုတော်ရိတွေ ကျနော်နဲ့အတူတော့ လိုက်တော့မှာမဟုတ်တာတော့ သေချာပါတယ်။ ကျနော့်ပါ ဆန့်ကျင်ကြတော့မှာ ကျိန်းသေပါ။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၃၊ ၂ဝ၁၉

စစ်ပွဲမှာ အရပ်သားဖမ်းဆီးတာ အကြမ်းဖက်လုပ်ရပ်လား

0 comments
စစ်ပွဲမှာ အရပ်သားဖမ်းဆီးတာ အကြမ်းဖက်လုပ်ရပ်လား
ခုရက်ပိုင်းမှာ ပလက်ဝမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး အငြင်းပွါးနေကြတာ တွေ့ရတယ်။
စစ်ပွဲမှာ အရပ်သားကို ဖမ်းဆီးခေါ်ဆောင်တာ မလုပ်သင့်တဲ့လုပ်ရပ် လူ့အခွင့်အရေး ချိုးဖေါက်တဲ့လုပ်ရပ် လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ပြောတဲ့သူတွေလဲရှိတယ်။
ဂျီနီဗာကွန်ဗင်းရှင်းအရ ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးရမယ်လို့ တောင်းဆိုသူတွေလဲရှိတယ်။
ဘယ်သူလုပ်တာပဲဖြစ်ဖြစ် အရပ်သားကိုဖမ်းဆီးတာ ခွင့်မလွှတ်သင့်တဲ့အပြုအမူပဲလို့ ဆိုသူတွေလဲရှိတယ်။
အဲဒီတော့ စစ်ပွဲကာလမှာ အရပ်သားတွေကို မဖမ်းဆီးရတော့ဘူးလား? ဖမ်းဆီးရပါတယ်။ ဖမ်းဆီးဖို့လိုအပ်တဲ့အကြောင်းအချက်အောက်မှာ ဖမ်းဆီးရပါမယ်။ ဖမ်းဆီးခွင့်ရှိပါတယ်။ ဒီလိုဖမ်းဆီးခွင့်ဟာ နှစ်ဘက်စလုံးနဲ့ အကြုံးဝင်ပါတယ်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ရော အစိုးရလက်နက်ကိုင်တပ်ပါ ဖမ်းဆီးခွင့်ရှိပါတယ်။
ဒါပေမဲ့ သူ့ဘာသာနေတဲ့ အပြစ်မဲ့အရပ်သားကို ဖမ်းစရာမလိုပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့သတင်းကို ထောက်လှမ်းပြီး တဖက်အဖွဲ့ကို သတင်းပေး သူလျှိုလုပ်တဲ့အရပ်သား၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်ပြားအောင် တဖက် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပေါင်းပြီး ကြံစည်အားထုတ်ဆောင်ရွက်တဲ့အရပ်သား၊ ဒေသအတွင်းလူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်အောင် ပြည်သူတွင်းအမုန်းပွါးပြီး စည်းလုံးညီညွတ်မှုပျက်ပြားအောင် ကြံစည်အားထုတ်လှုံ့ဆော်တဲ့အရပ်သား၊ တဖက် လက်နက်ကိုင်တပ်ဖွဲ့ကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုတဲ့အရပ်သား အဲဒီလူတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးစစ်ဆေးအရေးယူရတာတွေ လုပ်ရပါတယ်။
အစိုးရလက်နက်ကိုင်အဖွဲ့(စစ်တပ်) ကဖမ်းဆီးရတဲ့အရပ်သားကို သက်ဆိုင်ရာဌာနကိုလွှဲအပ်ပြီး ဥပဒေအရ တရားစွဲဆိုရမှာပဲဖြစ်တယ်။ မတရားသင်းနဲ့ဆက်သွယ်မှုပုဒ်မ ၁၇(၁) (၂) စသည်ဖြင့်ပေါ့။ အစိုးရစစ်တပ်က အရပ်သားကို တည်ဆဲဥပဒေအရ ဖမ်းဆီးတာ ကျနော်တို့ဆန့်ကျင်ကန့်ကွက်နေတာ မဟုတ်ပါဘူး။
ကျနော်တို့ကန့်ကွက်နေတာက မတရားတဲ့ဥပဒေတွေကို ကန့်ကွက်နေတာဖြစ်တယ်။ အစိုးရစစ်တပ်က ဘာအချက်အလက် ဘာအထောက်အထားမှမရှိဘဲ အရပ်သားတွေကို ထင်သလိုဖမ်းဆီးနေတာ ညှင်းပမ်းနှိပ်စက်တာ သက်ဆိုင်ရာကိုလွှဲအပ်ပြီး ဥပဒေအရ မှန်မှန်ကန်ကန် အရေးမယူတာ သတ်ဖြတ်နေတာတွေကို ဆန့်ကျင်ကန့်ကွက်နေတာပါ။ အစိုးရတပ်က အဲဒီလိုလုပ်ရပ်တွေကို တလျှောက်လုံးကျင့်သုံးနေတာဖြစ်တယ်။
ဒါကြောင့် များသောအားဖြင့် အပြစ်ကျူးလွန်တဲ့ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးပြီးရင် စည်းရုံး ဆွေးနွေး သတိပေး ျပန်လွှတ်ပေးလေ့ရှိပါတယ်။ မတတ်သာမှသာ သေဒါဏ်ချမှတ်အရေးယူတာ လုပ်ပါတယ်။ တော်လှန်ရေးနဲ့ပြည်သူကို ဆိုးဆိုးဝါးဝါးနစ်နာအောင်ပြုလုပ်သူ၊ ခေါင်းမာပြီးပြုပြင်ပြောင်းလဲဖို့အလားအလာမရှိသူတွေကိုသာ သေဒါဏ်ပေးပါတယ်။
ရန်သူနဲ့ ကိုယ်ပေါင်းစိတ်ခွါပေါင်း တော်လှန်ရေးနဲ့စိတ်ရောကိုယ်ပါ ပေါင်းဖို့ပါ။ အစိုးရစစ်တပ်ကတော့ ရွာသားတွေရဲ့အခြေအနေ အခက်အခဲကို ထည့်မတွက်ပါဘူး။ နားမလည်ဘူး ဖမ်းမယ်၊ ဖမ်းတယ် ရိုက်မယ်နှက်မယ် သတ်မယ်ဖြတ်မယ်ဆိုတာချည့်ပါ။
နိုင်ငံရေးအားကောင်းတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ အရပ်သားကို အတတ်နိုင်ဆုံးမသတ်ရေး စည်းရုံးပြုပြင်ရေးဆိုတဲ့မူကို ကိုင်စွဲကြပါတယ်။
အစိုးရစစ်တပ်ကို ပြည်သူတွေမထောက်ခံကြတာ ဒါကြောင့်ပါ။
အဲဒီတော့ လိုအပ်တဲ့အကြောင်းအချက်အောက်မှာ အရပ်သားကို ဖမ်းဆီးစစ်ဆေးတာ လုပ်ရပါတယ်။ လုပ်ရပါမယ်။
တိုကျပှဲမှာဖမျးဆီးတာမဟုတျတဲ့အတှကျ သုံ့ပန်းမဟုတျပါဘူး။ သုံ့ပန်းနဲ့ သဘောသဘာဝ မတူပါဘူး။ သုံ့ပန်းပေါျလစီနဲ့ အကွုံးမဝငျပါဘူး။ သုံ့ပန်းပေါျလစီကငြ့ျသုံးဖို့ မလိုပါဘူး။
စစ်ဆေးပြီးရင် ထိုက်သင့်တဲ့ပြစ်ဒါဏ် ပေးရပါတယ်။ ဆွေးနွေးသတိပေးပြီး ပြန်လွှတ်ပေးတာ ဖြစ်ချင်ဖြစ်မယ်။ သေဒါဏ်ချမှတ် အပြစ်ပေးတာဖြစ်ချင်ဖြစ်မယ်။ ပြစ်မှုအတိုင်းအတာအရပေါ့။
မူရင်းက ဒီနေရာကပါ။ ရေးသူက Km Lin ပါ။ https://www.facebook.com/km.lin.39/posts/2336469933145822

Monday, November 11, 2019

(သူ့ဟာနဲ့သူ)

0 comments
(သူ့ဟာနဲ့သူ)
အမေရိကန်ဇာတ်သွင်းထဲ့ မက္ကဆီကန်စာတွေစားရင်း မက္ကဆီကန်စာအစစ်စားချင်လာတယ်။ ဟိုးလွန်ခဲ့တဲ့ ၄ နှစ်လောက်ကတခါ မက္ကဆီကန်စာအစစ်စားပြီးနောက်ပိုင်း မစားဖြစ်တော့တာ ကြာပြီ။ အမေရိကန်ရောက် ဗမာပြည်ဖွားတွေထဲကတချို့က မက္ကဆီကန်တွေကို ပဲတွေဆိုပြီး နင်းနင်းဖဲ့ဖဲ့သဘောပြောတာရှိတယ်။ မက္ကဆီကန်စာတွေမှာ ပဲက ပါလေရာငါးပိချက်သဘောဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် မက္ကဆီကန်ကို ပဲတွေလို့ခေါ်တဲ့လူတွေကြည့်တော့လည်း ဗမာပြည်နေတုန်းက ငါးပိရည်တောင် နပ်မှန်တဲ့ရုပ်တွေမဟုတ်ပြန်ဘူး။ ကြမ်းကြမ်းတမ်းတမ်း ဟောင်ဖွာဟောင်ဖွာတွေ။
ဒါနဲ့မနေ့က ဇနီးနဲ့အတူ မက္ကဆီကန်ကုန်စုံဆိုင်နဲ့တွဲထားတဲ့ စားသောက်ဆိုင်သွားပြီး မက္ကဆီကန်စာအစစ်သွားစားကြတယ်။ ကျနော်တို့လင်မယားက နိုင်ငံတကာက လူမျိုးစုံအစာ အကုန်စားတယ်။ မကြိုက်ဘူးရယ် ကြိုက်တယ်ရယ်သဘောတော့ ရှိတဲ့အခါရှိပေမယ့် များသောအားဖြင့်တော့ စားဖူးတယ်ရှိအောင် စားကြတာမျိုးပါ။ ကြိုက်သွားပြီဆိုရင်တော့ အဲ့ဒီအစာကို နောက် အကြိမ်ကြိမ်စားတတ်ပါတယ်။ မကြိုက်တာဆိုရင်တော့ တခါစားပြီးပြီးသွားပါတယ်။
အမေရိကန်မှာက Indigenous or Ethnic Foods လို့ဆိုတဲ့ လူမျိုးအလိုက်ရိုးရာအစားအစာတွေ မြိ့ုတိုင်းလိုလိုမှာရတယ်။ ဈေးတော့ နည်းနည်းများတယ်။ ဒါပေမယ့် အမေရိကန်စာ၊ ဥရောပစာတွေနဲ့ယဉ်ရင် အပုံကြီးသက်သာတယ်။ အဲ့ဒီဆိုင်တွေက ခမ်းနားသလောက် အဆာကျယ်ပြီး အကုန်အကျလည်းများတယ်။ အမေရိကန်စာလို့ပြောလိုရင် ဟမ်ဘာဂါလောက်၊ ပီဇာလောက်၊ ကင်တပ်ကီကြက်ကြော်လောက်ကိုပြောတာ မဟုတ်ပါ။ အဲ့ဒါတွေက နှိမ်ပြီးပြောရရင် ထိုင်းက Street Foods ခေါ်တဲ့ လမ်းဘေးစာလောက် ဟာတွေပါ။ သူသူငါငါ စားဦးတောင် အမွန်အမြတ်လုပ်မစားပါ။ ခုက မက္ကဆီကန်တွေကို ပဲ ခေါ်တဲ့ ငါးပိရည်နပ်မမှန်ဘဝကလာခဲ့တဲ့သူတွေကတော့ အမေရိကန်စာလို့ပြောလိုက်ရင် အဲ့ဒါလောက်ပဲသိကြတာပါ။ ဒါတွေကိုပဲ အကောင်းလုပ်စားနေကြတာပါ။ ဒါ တမင့်ကို နှိမ်ချင်စိတ်နဲ့ပြောတာပါ။
အဲ့လိုနဲ့ မနေ့ညနေက မက္ကဆီကန်စာအစစ်ရောင်းတဲ့ဆိုင် ရောက်တယ်။ ကျနော်က စားဖူးနေကြ Americanized မက္ကဆီကန်စာတွေလောက်ပဲသိတာမို့ ဇနီးကို မီနူးထိုးပေးပြီး နင်ပဲမှာလို့ အမူအယာပြတယ်။ သူ မီနူးကြည့်နေတုန်း ချီးစ်ပါတာတွေ ပဲပါတာတွေတော့ မမှာနဲ့နော်လို့ဆိုတော့ အင်းတဲ့။ မက္ကဆီကန်တွေက အသားအတော်စားတယ်။ အမဲသား၊ ဝက်သား၊ ကြက်သား အကုန်စားတာ။ စားတာမှ အားရပါးရကိုစားတာ။ မက္ကဆီကန်ကုန်စုံဆိုင်တွေထဲဝင်ကြည့် ဗမာပြည်ကကြက်ဈေး ဝက်ဈေး အသားဈေးငါးဈေးထဲရောက်နေတဲ့အတိုင်းပဲ။ အစုံရတယ်။ အနံ့လည်းတူတယ်။ ကလီစာရော ခေါင်းရော ခြေထောက်ရော တောင်ပံရော အခေါက်ရော အရိုးရော အရွတ်ရော လျှာရော ဦးနှောက်ရောပဲ။ ကျနော်တို့ စားတဲ့ဆိုင်က ကုန်စုံဆိုင်နဲ့ တွဲထားပေမယ့် အကန့်ခွဲပြီး နံရံသတ်သတ်ကာထားတော့ ဟိုဘက်ကအနံ့အသက်တွေတော့ ဒီဘက်မလာဘူးပေါ့။ ဆိုင်ကလည်း သန့်ပါတယ်။ စားပွဲကုလားထိုင်တွေကလည်း သက်သောင့်သက်သာရှိပါတယ်။ စားပွဲထိုး မက္ကဆီကန်မလေးတွေကလည်း ချောပါတယ်။ ကျနော်က မက္ကဆီကန် မက္ကဆီကန်နဲ့သာ ပြောပြောနေတာ။ တကယ်က မက်ဟီကန်လို့အသံထွက်မှမှန်တာ။ မက္ကဆီကန်တွေက သူတို့ကိုယ်သူတို့ပြောရင် မက်ဟီကန်လို့ပဲပြောတယ်။ ကျနော်တို့ ဘားမီးစ်နဲ့ မြန်မာလိုဖြစ်နေတာတော့လည်း မဟုတ်ပါဘူး။
ခနနေတော့ စားပွဲထိုးမလေးက အစားအသောက်တွေလာချတယ်။ မက္ကဆီကန်ရိုးရာသဘောဆန်တဲ့ သလဲသီးဖျော်ရည်လည်းပါတယ်။ အစားတွေကြည့်လိုက်တော့ နံပြားလို အပြား ပါးပါးပြော့ပြော့ကို ခေါက်မုန့်ခေါက်သလို ခတ်ဖွဖွခေါက်ထားပြီး အထဲမှာ အမဲသားစင်းကောရယ်၊ ကြက်သွန်နီရယ်၊ နံနံပင်လိုအရွက်ရယ် ညှပ်ထားတယာကတခု၊ ကြက်သားကို ဟင်းခပ်အမွှေးအကြိုင်တွေထည့်ပြီး စက်နဲ့ညက်နေအောင်ကြိတ်၊ ဖန်ဂေါ်လီလောက်အလုံးလေးတွေလုံး ပြီးမှ ပဲပင်ပေါက်လိုလိုဟာတွေကပ်ပြီး ဆီပူထိုး၊ ခုနပြောတဲ့ နံပြားလို ပြော့ပြော့ပါးပါးအချပ်ထဲထည့်ပြီး Salsa ခေါ်တဲ့ ခရမ်းချဉ်သီးမှည့် အစိမ်း Sauce နဲ့အုပ်ထားတာကတခု၊ အမဲသား အရွတ်အကြောလွတ် အဆီလွတ် အသားပြားကို စိစိကြေသွားအောင် ပြင်ညီပျဉ်ပြားပေါ် သစ်သားတူနဲ့ ခတ်ဖိဖိ အထပ်ထပ်ထုပြီး ပြားထားတဲ့အသားပြား၊ အဲ့အသားပြားက စိစိညက်ညက်သာကြေနေပေမယ့် အသားပြားပုံမပျက်ဘူး။ ကျနော့်စိတ်ထဲ မန္တလေးက ရွှေဆိုင်းခတ်သမားတွေတောင် သွားသတိရတယ်။ သမင် သရေချပ်ထဲမှာ ရွှေစလေးညှပ်ပြီး အချက်ပေါင်း သိန်းသောင်းချီ မှန်မှန်နဲ့ ညီညီထုပြီး ဟိုဘက်ဒီဘက်ပေါက်မတတ် ရွှေဆိုင်းဖြစ်အောင်လုပ်တာကို မျက်စေ့ထဲပြန်မြင်တယ်။ ဒီက အသားပြားက အဲ့သလောက် မပါးပေမယ့် ပါးတော့အတော်ပါးတာ။ အဲဒါကို ကြက်ဥအနှစ်တွေချည်း ဖျော်ထားတဲ့အထဲကိုစိမ်၊ ဂျုံမှုန့်လေး ပါးပါးဖြူး၊ ဆားနဲ့ ငရုပ်ကောင်းလေး ပါလေဟန် ဖြန်းပြီး ဆီအိုးထဲ အမြုပ်ကြော် Deep Fry ကြော်၊ ပြီးတော့မှ ခုနပြောတဲ့နံပြားလိုမျိုး အချပ်အကြီးစားထဲမှာ ဖြန့်ခင်း ချီးစ်နည်းနည်း ဖြူး၊ ခရမ်းချဉ်သီး ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးအကွင်း၊ ဆလတ်ရွက်၊ ဟလပီညိုခေါ်တဲ့ မက္ကဆီကန်ငရုပ်သီးချဉ်ရေစိမ်လေးတွေထည့်၊ နံနံပင်လိုအပင်အုပ်ပြီး ပြန်လိပ်။ ပြီးတော့မှ အလိပ်လိုက်ပတ်လည်ကို ဆေးသုတ်တဲ့ဘရပ်ရှ်မျိုးနဲ့ ထောပတ်တွေသုတ်၊ ပြီးတော့ အပေါ်အောက်အပူပေးတဲ့ လျှပ်စစ်ကင်စက်ထဲ ခတ်ဖိဖိလေးထည့်ပြီးကင်တာ။ အထဲက ချီးက အရည်ပျော်ပြီး အပြင်ကို ပေါက်စီးလေးနည်းနည်းကျလာမှ ထုပ်ပြီး စားရတာကတခု။
အဲ့ ၂ ခုကို အလယ်ကနေ တဝက်စီတဈက်စီတွေ ပိုင်းပိုင်းပြီး တ ယောက် သုံးပိုင်းနှုန်း၊ ဖျော်ရည် တယောက်တကျိုက် ကျိုက်ရင်း ညစာစားကြတာပါ။ စားသောက်ပြီးတော့ ပန်းကန်တွေခွက်တွေ ထားခဲ့ရုံပါပဲ။ ကိုယ့်အရင်စားပြီး ထွက်သွားသူတွေကြည့်တော့လည်း ဘယ်သူမှ Tips တွေဘာတွေပေးတာ မတွေ့ပါ။ တချို့ ကျသလောက်ပိုက်ဆံ ကောင်တာသွားပြီးချေ၊ တချို့က ပန်းကန်လာသိမ်းတဲ့ ကောင်မလေးတွေကို ပိုက်ဆံပေးရင်ပေး မပေးရင် ကဒ်ခြစ်ခိုင်းလိုက်တာပါ။ ဇနီးကတော့ ကောင်တာသွာသွားငွေချေပေမယ့် စားပွဲပြန်လာပြီး ထုံးစံအတိုင်းပေးလေ့တဲ့ Tips ကို အချဉ်ရည်ပုလင်းလေးနဲ့ဖိခဲ့ပါတယ်။
အပြန်လမ်းမှာ ကျနော်က စားလို့ကောင်းသားပဲဆိုတော့ ဇနီးက ဈေးလည်းတော်တယ်လေတဲ့။ ကျနော်က ချီးစ်ပါတာတွေမမှာနဲ့ပြောပေမယ့် ဒီအသားပြားကြော်ကတော့ ချီးစ်ပါမှစားကောင်းမှာနော်ဆိုတော့ သူက အေးလေ သူ့အစာက သူ့အစာအတိုင်းစားမှကောင်းမှာပေါ့၊ ယိုးဒယားသင်္ဘေသီးထောင်းကို ငရုပ်သီးမစပ်ပဲစားကြည့်ပေါ့ ဘာအရသာရှိမလဲသိရအောင်လို့ပြောပြီး ရယ်နေတယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၂၊ ၂ဝ၁၉

(စစ်ဖိနပ်အောက်ကအတွေးအခေါ်)

0 comments
(စစ်ဖိနပ်အောက်ကအတွေးအခေါ်)
တိုင်းပြည်နဲ့ လူထုဟာ ဘယ်တုန်းကမှ စစ်ဖိနပ်အောက်မရောက်ခဲ့ဘူး။ စစ်အုပ်စု အာဏာထဲဝင်လာပြီး စစ်အာဏာရှင်စနစ် စထူထောင်ချိန်ကနေ ကနေ့အထိ စစ်အာဏာကို ရတဲ့နည်းနဲ့တွန်းလှန်ခဲ့တာချည်းပဲ။ အဲ့သလိုတွန်းလှန်တဲ့နေရာမှာ ရုပ်ပိုင်းအကောင်အထည်အရ တပ်ဦးနေရာမှာ ဘယ်အလွှာကပဲ ဦးဆောင်ဦးဆောင် အတွေးအခေါ်အရတော့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်အစိုးရတွေကို မဆုတ်မနစ်ဆန့်ကျင်တိုက်ဖျက်ရေးပဲဖြစ်တယ်။ အလွှာအသီးသီး အတန်းအစားအသီးသီးရဲ့ အတွေးအခေါ်ရေး ရပ်တည်ချက်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးပဲဖြစ်တယ်။ နောက်ဆုံး အားမတန်လို့ မန်လျှော့နေရတဲ့ အခိုက်အတန့်လေးတွေမှာတောင် စစ်အာဏာကိုမလိုလားကြောင်း နည်းမျိုးစုံနဲ့ပြခဲ့တယ်။
တိုင်းပြည်နဲ့လူထုကို စစ်ကျွန်ပြန်ဖြစ်ချင်လားတို့၊ စစ်ဖိနပ်အောက် ပြန်ရောက်သွားချင်လားတို့ဆိုတဲ့ စကားလုံးတွေနဲ့ခြိမ်းခြောက်နေသူတွေဟာ ကိုယ်တိုင်က အတွေးအခေါ်အရ စစ်ကျွန်ဘဝ စစ်ဖိနပ်အောက်ဘဝရောက်နေသူတွေ ဖြစ်တယ်။ မိမိဖြစ်နေရောက်နေတဲ့ လက်နက်ချအညံ့ခံရေးအတွေးအခေါ်ကို တဘက်လှည့်နဲ့ခြိမ်းခြောက်ပြီး လူထုကိုသွင်းနေတာဖြစ်တယ်။ လူထုကို အတွေးအခေါ်အရ စစ်ဖိနပ်အောက်ရောက်နေပါလားလို့ သိမ်ငယ်စိတ် အားငယ်စိတ် အညံ့ခံဒူးထောက်လိုစိတ်တွေနဲ့ နစ်မွန်းနေအောင် လူလုံးမလှအောင် အငုံ့စိတ်ဝင်နေအောင် ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ လုပ်နေတာဖြစ်တယ်။ နောင်လည်း လုပ်နေဦးမျာပဲ။ တောက်လျှောက်လည်း လုပ်နေဦးမှာပဲ။ ဒါက သူတို့အလုပ်ကိုး။ ဒါလေးနဲ့ အနေအစားချောင်နေတာကိုး။ ဒီလိုခြိမ်းခြောက်ပြီး မစို့မပို့အာဏာလေးနဲ့ သာသာယာယာလေး ယစ်မူးနေနိုင်မှာကိုး။
အဲ့သလိုပြောတဲ့လူတွေကိုကြည့်လိုက်တော့ ရင်ကြားစေ့ရေးပြောပြီး မူမဲ့တဲ့ တဘက်သတ် စေ့စပ်အလျှော့ပေးရေးတွေ မစားရဝခန်း ဟိတ်လုံးဟန်လုံးတွေနဲ့ အချိန်ကုန်နေသူတွေဖြစ်တယ်။ တိုင်းပြည်အတွက်အချိန်ကုန် လူထုအတွက် နစ်မွန်းသထက်သာမွန်းနေပေမယ့် သူတို့အတွက်ကျတော့ ဖိုးသူတော်မျက်စေ့လည်လေ ဆန်ရလေဖြစ်နေကြတာပါ။
မဝေးသေးတဲ့အတိတ်ကိုပဲ ပြန်ကြည့်ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ အကြားရအများဆုံးစကားလုံးက “နောက်ကြောင်းပြန်မှာစိုးတယ်“ဆိုတာပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ အထိုင်ကျသွားတဲ့စစ်အုပ်စုဟာ ကုပ်နဲ့ကော်ပြီး ပြန်ခိုင်းတောင် နောက်ကြောင်းမပြန်ဘူး။ နောက်ကြောင်းပြန်လိုက်ရမလားလို့လည်း ဗြောင်ခြိမ်းခြောက်တာ မရှိဘူး။ အဲ့ဒီစကားလုံးကိုင်ပြီး လူထုကိုဗြောင်ခြိမ်းခြောက်တာက စစ်အလိုတော်ရိတွေနဲ့ စစ်အုပ်စုလက်ဝေခံနိုင်ငံရေးသမားဆိုသူတွေဖြစ်နေတယ်။ စစ်အုပ်စုက သူမပြောပေမယ့် အဲ့သလိုပြောပေးနေတာကို အလွန်ကြိုက်နေတာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအောက် ခေါင်းလျှိုဝင်၊ စစ်အုပ်စုသဒ္ဒါသမျှ ပေးစာကမ်းစာဒီမိုကရေစီလေးနဲ့ မသဓာရေစာနိုင်ငံရေးတနေရာစာခြေချခွင့်ကလေးနဲ့ မစို့မပို့အာဏာလေးနဲ့ တိုက်ပွဲရဲ့လမ်းတဝက်ကဖြတ်ထွက်ပြီး မူမဲ့ ရပ်တည်ချက်မဲ့ စေ့စပ်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့သူတွေသာ စစ်အာဏာပြန်သိမ်းမှာ သေမလောက်ကြောက်နေတာပါ။ ရလိုက်တဲ့ စည်းစိမ်လေး အာဏာလေး ရာထူးလေး နေရာလေးတွေမှာ သာယာပြီး ကိုယ်ကျိုးစီးပွားလေးလည်း ကျွဲကူးရေပါရှာနေကြသူတွေပါ။
ပြန်ချုပ်ရရင် လူထုနဲ့တိုင်းပြည်ဟာ ဘယ်တုန်းကမှ စစ်ဖိနပ်အောက်က အတွေးအခေါ်မျိုး ကိုင်စွဲထားတာမရှိဘူး။ ခြေလက်ပါးစပ်လှူပ်မရအောင် လုပ်ထားရင်တောင် မျက်လုံးအကြည့်နဲ့ စစ်အာဏာကိုတွန်းလှန်တယ်။ အတွေးအခေါ်အရရော ရုပ်ဘဝအရရော စစ်ဖိနပ်အောက်ရောက်နေတယ်လို့ ခံစားနေကြသူတွေ သိမ်ငယ်နေကြသူတွေ အငုံ့စိတ်ရှိနေကြသူတွေကသာလျှင် “စစ်ဖိနပ်အောက်ပြန်ရောက်သွားချင်လား“လို့ တိုင်းပြည်နဲ့လူထုကိုခြိမ်းခြောက်ပြီး စိတ်အညွန့် အတွေးအခေါ်အညွန့်ချိုးနေကြတာဖြစ်ပါတယ်။ သူတို့တွေဟာ “စစ်ဖိနပ်အောက်ကအတွေးအခေါ်“ကိုင်စွဲထားသူတွေဖြစ်တယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၁၊ ၂ဝ၁၉

(တောင်ပြိုတာလား တော်လဲတာလား)

0 comments
(တောင်ပြိုတာလား တော်လဲတာလား)
၂ဝ၁၅ ရွေးကောက်ပွဲကတိကဝတ်တွေထဲမှာ ဖွဲ့စည်းပုံပြင်ရေးပါတယ်။ မဖြစ်နိုင်တဲ့ကတိမှန်း သိပေမယ့် လူတွေက အကောက်ထဲက အကွေးကိုရွေးခဲ့ကြတယ်။ မဖြစ်နိုင်မှန်းဆိုတာက အင်န်အယ်လ်ဒီပြောတဲ့ လွှတ်တော်နည်းနဲ့ပြင်မယ်ဆိုတာပါ။ မဲအပြတ်အသတ်အနိုင်ရပြီး လွှတ်တော်ထဲရောက်သွားတယ်။ အာဏာမစို့မပို့ရလာတယ်။ ဟိုဟာပဲလုပ်တော့မှာလိုလို ဒါပဲလုပ်တော့မှာလိုလိုနဲ့ မူမဲ့တဲ့တဘက်သတ်ရင်ကြားစေ့ရေးနဲ့ အချိန်ကုန်နေတယ်။ မူမဲ့နေမှန်း လူထုအားကိုမယူမှန်း စစ်အုပ်စုကသိတော့ ရင်ကြားစေ့ဖို့မပြောနဲ့ နိုင်ငံရေးအရ “အဆင့်နေရာ“ ပေးပြီးပါ မဆက်ဆံဘူး။ မဆက်ဆံတဲ့အပြင် အေအေကိုချေမှူန်းခိုင်းတဲ့ကိစ္စပါ ဖေါက်ချပေးပြီး နောက်နေ ထမိန်စဆောင့်နင်းချလိုက်တယ်။ တချက်တည်းနဲ့ ပက်လက်လန်သွားတယ်။ ဒီတော့ ငယ်ထိပ်မြွေပေါက်မိသလိုလို အပမိသလိုလိုတွေဖြစ်ပြီး ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ၄၅ ဦးကော်မတီ ထ ဖော်တယ်။ ဒါလည်း လေထဲတိုက်အိမ်ဆောက်မှန်း အင်န်အယ်လ်ဒီရဲ့ နွေလည်အိပ်မက်မှန်း လူထုကသိပေမယ့် အားရှိပါစေတော့ဆိုပြီး ထောက်ခံပွဲတွေလုပ်ပြီး နောက်ကနေ ထောက်ကန်ပေးတယ်။ ဇောက်မှန်း ကမ်းမှန်းမသိ စွတ်ရွတ်တင်တဲ့လူတချို့တော့ ထောင်စာမိကုန်တယ်။ အဲ့ဒီမတိုင်မီမှာ စစ်အုပ်စုက အပစ်ရပ်ရေးစင်ပြိုင်ကော်မတီဖွဲ့တယ်၊ ရခိုင်ကိစ္စစင်ပြိုင်ကော်မတီဖွဲ့တယ်။ ဘာလေးလုပ်လုပ် လုပ်မရအောင် လက်ပေါက်စိပ်စိပ် အကွက်ကျကျ လိုက်ပိတ်ဆို့ထားတယ်။ နောက်ဆုံး ခြိမ်းခြောက်သတိပေးနေတာက ရွေးကောက်ပွဲမဲမြှူရင် စစ်အုပ်စုအကြောင်း မကောင်းမပြောနဲ့၊ စစ်တပ်ကို တစက်မှမထိပါးနဲ့၊ သေးသေးတောင် လာမတင်နဲ့ဆိုတာပဲဖြစ်တယ်။ ဒီတော့မှ ဂျပန်ထွက်ပြီး “၂ဝ၂ဝ မတိုင်ခင် ဖွဲ့စည်းပုံပြင်ရေးမဖြစ်နိုင်ပါ“လို့ စစ်အုပ်စုကို သတင်းကောင်းပါးရတယ်။ ဒါက အင်န်ယ်လ်ဒီနဲ့ဒေါ်စုဘက်က မတည်မယ့်ကတိတွေပေးပြီး ကိုယ့်တံတွေးကိုယ်ပြန်မျိုခဲ့တာရဲ့ တစိတ်တပိုင်းပါ။ တစိတ်တပိုင်းဆိုပေမယ့် တကယ့်ကို အရေးကြီးပြီး ဗမာ့နိုင်ငံရေးရဲ့ ဆုံချက်ကျတဲ့နေရာပါ။
စစ်အုပ်စုဘက်ကတော့ ရှင်းတယ်။ ကြိုးစင်တက်ရတဲ့အထိ လက်မလွှတ်နိုင်တဲ့ ကိုယ်ကျိုးစီးပွားတွေနဲ့ ရာထူးစည်းစိမ်တွေရှိတယ်။ ပြည်တွင်းစစ်ကို အရင်းတည်ပြီး ကြီးထွားသထက်ကြီးထွားနေတာဖြစ်တယ်။ အဲ့ဒါတွေကို တပ်နဲ့ သေနတ်နဲ့ကာကွယ်ထားတယ်။ အစိုးရက သေနတ်ကိုအမိန့်ပေးလို့မရအောင် ဖွဲ့စည်းပုံနဲ့အကာအကွယ်ယူပြီး အထိုင်ကျနေတယ်။ အင်န်အယ်လ်ဒီပြင်ချင်တဲ့ဖွဲ့စည်းပုံဆိုဆာ သူ့အတွက်သူပြင်ချင်တာတွေအများစုဖြစ်နေမှန်း သိတာတောင် နှမ်းတစေ့စာလျှော့မပေးဘူး။ မပြင်နဲ့မပြောဘူး ပြင်။ ဒါပေမယ့် ဖွဲ့စည်းပုံကပေးထားတဲ့အတိုင်း ပြင်။ ကျော်မလုပ်နဲ့လို့ ဗြောင်ခြိမ်းခြောက်တယ်။ အပစ်ရပ်ရေးမှာ အစိုးရနဲ့စင်ပြိုင် အပစ်ရပ်ကော်မတီကိုဖွဲ့ပြီး ခိုင်သွားပြီဆိုတော့မှ ၂ဝ၁၈ ဇူလိုင်မှာလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံအစည်းအဝေးကျတော့ မင်းအောင်လှိူင်က ၂ဝ၂ဝ မှာ ပြည်သူတွေလက်ထဲ ထာဝရငြိမ်းချမ်းရေးအပ်ပါမယ်လို့ အင်န်အယ်လ်ဒီကို လေလည်ပြတယ်။ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဝမ်းသာပြီး ကျန်တာတွေအကုန် နောက်မှာလုပ်မယ်။ ဖက်ဒရယ်လ်တွေ၊ ဖွဲ့စည်းပုံပြင်တွေ၊ ဒီမိုကရေစီတွေထားလိုက်။ ကုန်ကုန်ပြောမယ် ပါတီတည်ဆောက်ရေး ပါတီစည်းကမ်းထိန်းသိမ်းရေး ပြင်ဆင်ရေးတွေတောင် ထာဝရငြိမ်းချမ်းရေးရပြီးမှလုပ်တော့မယ်ဆိုပြီး တိုင်းသိပြည်သိ ကမ္ဘာသိထွက်ပြောတယ်။ အင်န်အယ်လ်ဒီမှာ ဒေါ်စုသဘောထားမှတ်ချက်မပါဘဲ ဘယ်တယောက်မှ အမြီးမမြှောက် အီးမပေါက်ရဲဘူး။ ဒေါက်တာမျိုးညွန်ဒီ့လိုပြောတာ “ပြောခွင့်“ရလို့ပြောတာ။ ထားပါတော့ ဒါက ဒီနေရာမှာပဲ။
အပစ်ရပ်စင်ပြိုင်ကော်မတီလည်းရှိပြီ၊ ဒေါ်စုရဲ့ပင်လုံဆိုတာကိုလည်း ဗိုလ်သိန်းစိန့်အမွေ တပြည်လုံးအပစ်ရပ်ရေး (NCA) နဲ့ ဇက်ခွံ့လိုက်နိုင်ပြီ၊ အပစ်ရပ်ပါ့မယ်ဆိုတဲ့ ၂ ဖွဲ့လည်း ထပ်ရလိုက်ပြီ။ တရုတ်ဘက်ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဝင်ဖျောင့်ဖြနေပြီ၊ ကရင်ကလည်း သိတ်မှူလောက်တဲ့အနေအထားမဟုတ်ဘူး၊ အေအေကလည်း အဲ့အချိန်က ခုလောက် မလုပ်နိုင်သေးဘူး။ ဆိုတော့ ကာချုပ်က ခတ်တည်တည်ပဲ ၂ဝ၂ဝ ထာဝရငြိမ်းချမ်းရေး ပြည်သူတွေလက်ထဲအပ်မယ်ဆိုပြီး ကြိုက်လုံးပစ်တော့တာ။ လူထုက ဘယ်တုန်းကမှ ကတိမတည်တဲ့စစ်အုပ်စုရဲ့ ဒီစကားကို မယုံစားပေမယ့် နိုင်ငံရေးသမားဆိုတွေထဲမှာတော့ တရေးတယူတခမ်းတနားလုပ်စရာကြီးလုပ်ပြီးကို မရှက်မကြောက်ပြောကြတာ။ နိုင်ငံရေးအရ မထိန်းနိုင်မသိမ်းနိုင်တွေဖြစ်ကြ၊ ဒါမှ တို့ကာချုပ်ကြီးကွတွေအထိပါဖြစ်ကုန်ကြတာပါ။ NCA လေးနှစ်ပြည့်ပွဲမှာ မင်းအောင်လှိူင်က ဒီစကားကို ယောင်လို့တောင်မပြောတော့ဘူး။ ဒါလည်း သတိထားမိကြပုံမပေါ်ဘူး။ ပေါ်တဲ့လူရှိရင် တခုခုတော့ ထွက်ပြောမှာ သေချာတယ်။
ခု ၁ဝ ရက်နေ့က (တနေ့က) စစ်အုပ်စုပြန်ကြားရေးက ဗိုလ်ဇော်မင်းထွန်းက မြနာမာတိုင်းသတင်းစာကို ၂ဝ၂ဝ မှာ ပြည်သူတွေလက်ထဲ ထာဝရငြိမ်းချမ်းရေးအပ်ဖို့ ခက်အခဲသွားပြီ မဖြစ်နိုင်တော့ဘူးလို့ အတိအလင်းထွက်ပြောလိုက်ပြီ။ သူလည်း ဒေါက်တာမျိုးညွန့်လိုပဲ “ပြောခွင့်“ရမှ ပြောရတဲ့လူဖြစ်တယ်။ ကာချုပ်ကိုယ်စား အငှားပါးစပ်ဖြစ်တယ်။ ဘာလို့ ခက်သွားရ ဘာလို့မဖြစ်နိုင်ရဆိုတဲ့အကြောင်းပြချက်တွေကတော့ ထုံးစံအတိုင်းပါပဲ။ တပ်မတော်ကြီးကကောင်းတယ် ကျန်တဲ့လူတွေမကောင်းလို့ပါ ဖြစ်တယ်။
ဒီတော့ ပြန်သတ္တုချကြည့်ရအောင် ဒေါ်အောင်ဆန်းစုကြည်(အင်န်အယ်လ်ဒီ)ကလည်း ကိုယ့်တံတွေးကိုယ်ပြန်မျို၊ မင်းအောင်လှိူင်(စစ်အုပ်စု)ကလည်း ကိုယ်စွန့်တဲ့မစင် ကိုယ်ပြန်လျှက်။ ဒီ ၂ ဘက်လုံးကပြောနေတဲ့ ဒီ ၂ ခုလုံးဟာ လူထုအတွက်ကတော့ နဂိုကတည်းက မဖြစ်နိုင်တာတွေပြောနေမှန်းသိတာမို့ သိတ်တော့ထူးမယ်မထင်ပေမယ့် လစ်ဘရယ်နိုင်ငံရေးသမားတွေအတွက်တော့ တောင်ပြိုတာလိုလို တော်လဲတာလိုလိုတွေနဲ့ ကယောင်ခြောက်ခြားဖြစ်သူ ဖြစ်ကြမယ်ထင်ပါတယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၂၊ ၂ဝ၁၉

Saturday, November 9, 2019

(ေဝဒနာနုႆတိ)

0 comments
(ေဝဒနာနုႆတိ)
မနေ့က အမေ့ကိုသွားတွေ့ပြီးအပြန်မှာ ညီမကလိုက်ပို့တယ်။ ကားနောက်ခန်းပဲလေဆိုပြီး ထိုင်ခုံပတ် မပတ်ဖြစ်ဘူး။ ကျောမှီကိုလည်း မှီထိုင်မနေမိဘူး။ အဲ့လိုအနေအထားနဲ့ ကွန်ပြူတာအိပ်ထဲက လိုချင်တခုရှိလို့ ကိုယ်ကိုစောင်းပြီးအနှိုက်မှာ ကားကွေ့ချိန်နဲ့ဆုံသွားတယ်။ လူက ဟန်ချက်ပျက်သွားတယ်။ ခါးထဲက ဂျွပ်ကနဲတချက်မြည်တယ်။ ဘာမှတော့မဖြစ်ဘူး။ နာလည်း မနာလိုက်ဘူး။ ဒီလိုနဲ့ အိမ်ပြန်ရောက်တယ်။
မနက် ၁၁ နာရီလောက်ဆိုပေမယ့် ဆောင်းဝင်စအအေးက အတော်လေးအေးတယ်။ အသီးအရွက် ပူပူနွေးနွေးတခွက်လောက် စားချင်စိတ်ဖြစ်တာနဲ့ အဝတ်မစားလဲ ဦးထုပ်ဆောင်းပြီး မုန်ညင်းခင်းဘက်သွား အသစ်ထွက်နေတဲ့ သားတက်နုနုနုလေးတွေချည်း ရွေးပြီး ၂ ယောက်စာ တခါကြော် ဖြတ်တယ်။ သစ်သားပေါင်ပေါ် ထိုင်ရင်းကနေပဲ လုပ်တာ။ မုန်ညင်းတွေအိတ်ထဲထည့်ပြီး ဂျိုင်းထောက်အားပြုရင်း ပြန်လည်းထရော မထနိုင်တော့ဘူး။ ခါးက နာလိုက်တာမှ စုပ်ပါသပ်ယူရတယ်။
ဒါနဲ့ အသာလေး ခနပြန်ထိုင် ဒူးနှစ်ဘက်လုံးမြေပေါ်ထောက် မုန်ညင်းအိတ်ကို ရင်ဘတ်ပေါ်တင် မေးစေ့နဲ့ညှပ် ဂျိုင်းထောက်တဘက်အားပြုပြီး တဖြည်းဖြည်းချင်း ပြန်မတ်ယူ၊ ခတ်သာသာလေး ပြန်ထယူတော့ ရတယ်။ နာတာတော့ အတော့ကိုနာတာ။ အိမ်ထဲပြန်ဝင်တော့ လှေကားထစ်လေး သုံးထစ်ကို ဘယ်လိုမှ မတ်တပ် မတက်နိုင်တော့ဘူး။ ဒါနဲ့ မုန်ညင်းထုတ် အိမ်ထဲပစ်သွင်း၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက် လေးဘက်ထောက်ပြီး တထစ်ချင်း မနည်းတက်ယူရတယ်။ ခါးက လှုပ်လိုက်တိုင်းနာတာ။
အိမ်ထဲရောက်တော့ ခွေးလေးတွေက လေးဘက်ထောက် ဝင်လာတဲ့ကျနော့်ကို နားမလည်တဲ့မျက်လုံးတွေနဲ့ အံ့သြတကြီးကြည့်ကြတယ်။ ရော့ကီက အနားပြေးလာပြီး မျက်နှာကိုအနီးကပ်ကြည့်တယ်။ ရှူံ့မဲ့နေတဲ့မျက်နှာကိုမြင်ပြီး တခုခုကို သဘောပေါက်လိုက်သလိုမျိုး နောက်ကိုတချက်ပြန်ခုန်ပြီး မလှမ်းမကမ်းမှာကျနေတဲ့ မုန်ညင်းအိတ်ကို သွားချီပြီး မီးဖိုချောင်မှာ ချတယ်။ ပြီးတော့ ကျနော့်ဆီတခေါက်ပြန်လာပြီး မျက်နှာကို မမီမကမ်းနဲ့ တချက်နှစ်ချက်လျှက်တယ်။ အဲ့အချိန်အထိ အဇ္ဇီက ကြောင်တောင်တောင် ရပ်ကြည့်နေတုန်း။
ကျနော်လည်း လေးဘက်ကနေ ဖင်ချထိုင်ပြီး ခါးကွေးကွေးကြီး ဖြစ်နေတယ်။ နောက်မှာကျန်ခဲ့တဲ့ ဂျိုင်းထောက်ကလည်း လက်နဲ့မမီဘူး။ ဒါနဲ့ ကြမ်းပေါ် အားလျားမှောက်ချပြီး ဂျိုင်းထောက်ကို ခြေထောက်နဲ့မှန်းပြီး လှမ်းချိတ်တယ်။ တချက်တည်းနဲ့ မိတယ်။ ဒါပေမယ့် ဆွဲယူဖို့ လုပ်တော့ လှုပ်တာနဲ့ ခါးရော ခါးနောက်ပိုင်းတလျှောက်လုံးရော ဖြတ်ထားတဲ့ တံကောက်ခွက်နေရာအထိပါ ကျဉ်တက်လာတယ်။ အပြင်တံခါးကလည်း ပွင့်ရက်တန်းလန်းကြီး။ လေကလည်း တဝှီးဝှီးတိုးနေတာ။ အေးကလည်းအေး လူကလည်း အနာနာအကျင်ကျင်နဲ့ဆိုတော့ စိတ်ကတိုလာတယ်။ အော်ဟစ်ပစ်လိုက်ချင်တယ်။
အဲ့ဒီတော့မှ ကြောင်ကြည့်နေတဲ့အဇ္ဇီက ဂျိုင်းထောက်ကို သူ့နှုတ်သီးနဲ့ တွန်းတွန်းပြီး ကျနော့် ခါးနေရာလောက်ရောက်တဲ့အထိရွှေ့ယူလာတယ်။ စိတ်ထဲ ကျေးဇူးတင်လိုက်တာလေ။ အခုန တိုနေတဲ့စိတ် ဘယ်ပျောက်သွားလည်းမသိအောင်ပဲ။ ခါးနားရောက်လာတဲ့ ဂျိုင်းထောက်ကို လက်နဲ့ဆွဲယူပြီး ကိုယ်ကိုနည်းနည်းပြန်တည့်ယူ ပြီးတော့ တဖြည်းဖြည်းချင်း ဒူးနှစ်ဘက်ထောက်မိအောင် ပြန်ကုန်းထ၊ ဒူးနှစ်ဘက်ပေါ် တကိုယ်လုံးတည်မိတော့မှ ခါးက နည်းနည်းဆန့်လို့တယ်။ မတ်တပ်ထဖို့လုပ်တော့ ခါးထဲက လျှပ်စစ်နဲ့တို့လိုက်သလို ဒင်းကနဲတချက်ကျဉ်ပြီး လူက ကြမ်းပေါ် ပြန်ထိုင်ကျသွားတယ်။ သေချာပြီ ကျနော် မတ်တပ်ရပ်လို့မရတော့ဘူးဆိုတာ။ ခွေးလေး နှစ်ကောင်လည်း ဘာလုပ်ရမှန်းမသိပဲ ခတ်တွေတွေလေးတွေရပ်ကြည့်နေကြတယ်။
ဒါနဲ့ ဂျိုင်းထောက်ကို ကြမ်းပေါ်ပြန်ချပြီး ဖင်ရွှေ့ဖင်ရွှေ့နဲ့ မီးဖိုခန်းအထိ ရောက်လာတယ်။ အပြင်တံခါးတော့ ပွင့်လျက်တန်းလန်းထားခဲ့ရတယ်။ မီးဖိုခန်းတံခါးကို လက်နောက်ပြန်နဲ့ ပိတ်လိုက်ရတယ်။ လူက လှည့်လို့မှမရတာကိုး။ တကိုယ်လုံးလည်း အေးစက်နေတာမှ ရေခဲတုံးလိုပဲ။ မီးဖိုခန်းထဲရောက် တံခါးလည်းပိတ်ပြီးတာဆိုတော့ ခွေးလေးတွေ စိတ်အေးသွားပုံပဲ။ အမူအယာပြောင်းသွားတယ်။ ရွှင်ရွှင်ပြပြဖြစ်လာတယ်။ ကျနော်လည်း နည်းနည်းပြန်နွေးလာပြီး နေသာထိုင်သာရှိလာတယ်။
ဒီအတိုင်း မလှုပ်မယှက်ပဲ ကြမ်းပြင်ပေါ် မိနစ် ၂ ဆယ်လောက်ထိုင်လိုက်တော့ ခါးက နည်းနည်းပြန်လှုပ်လို့ရလာတယ်။ စားပွဲနဲ့ Counter Top အစွန်းတွေကို အားပြုပြီးထတော့ ထလို့ရလာတယ်။ ရပ်မိတော့ ဂျိုင်းထောက်ကို ပြန်ကုန်းကောက်တာ ကုန်းမရဘူး နာလိုက်တာမှ ပြုတ်တူနဲ့ ဆွဲဖိညှပ်ထားတဲ့အတိုင်းပဲ။ ဒါနဲ့ စားပွဲစွန်းပေါ် လက်ထောက်အားပြုပြီး ခွေးလေးတွေစားလေ့ရှိတဲ့ ခွေးသွားရည်စာဗူးကိုယူပြီး တကောင်ကို ၂ ခုစီလည်း ပေးလိုက်ရော ချီပြီး ဧည့်ခန်းထဲပြေးကြတော့တာပဲ။
ကျနော်လည်း စားပွဲဆုံးတဲ့အထိ ခြေထောက်ကို ဖဝါးဖနောင့် ကြိတ်ကြိတ်လှည့် ရှေ့တလက်မချင်းတိုးပြီး လာလိုက်တာ ဧည့်ခန်းပေါက်ရောက်တယ်။ ဧည့်ခန်းပေါက်နေ အထဲကိုတော့ ပြန်ထိုင်ချ ဖင်ရွှေ့ဖင်ရွှေ့နြ့ဝင်ရတယ်။ အိပ်ခန်းပေါက်ဝနားက Closet အထိ ဖင်ရွှေ့ဖင်ရွှေ့သွားပြီး အထဲက Heat Pad ကိုလည်းယူ၊ အကိုက်အခဲ အနာအကျင်ပျောက်ဆေးတွေလည်းယူပြီး ဧည့်ခန်းကကြမ်းပြင်ပေါ်ပြန်လှဲ၊ Heat Pad ကို ဝမ်းလျားမှောက်နဲ့ ပလပ်ထိုးပြီး ခါးမှာပတ်တယ်။ ဆေးသောက်မယ်ဆိုမှ ရေကအနားမှာ မရှိဘူး။ မီးဖိုခန်းသွားပြီး ရေယူရအောင်လည်း လူကတတ်နိုင်မယ်မထင်ဘူး။ ဒါနဲ့ မထူးဘူးကွာဆိုပြီး အိုင်ဗျူပရိုဖင်န်ဆေး၂တောင့်ကို ဒီအတိုင်းပဲ ပါးစပ်ထဲပစ်ထည့် ညက်နေအောင် ကြိတ်ဝါးပြီး တံတွေးနဲ့လုံးလုံးပြီး မျိုမျိုရချတယ်။
ခါးမှာပတ်ထားတဲ့ Heat Pad ကလည်း ပူလာတော့ ခါးကိုရနိုင်သမျှဆန့် ပက်လက်အနေအထားနဲ့ တနာရီလောက် ငြိမ်ငြိမ်လေးနေရင်း နာတဲ့နေရာကိုစိတ်စူးစိုက်ပြီး အနာအကျင်ကိုလိုက်မှတ်ပြီး တနာရီလောက်နေလိုက်တော့ အတော်လေးဟုတ်သွားတယ်။ ပူနွေးတာရော ဆေးအရှိန်ရော လူကသတိနဲ့မှတ်နေတာကြောင့်ရော အနာအကျင်လည်း သက်သာသွားတယ်။ လှုပ်လို့ရှားလို့လည်းရလာတယ်။ ဒီတော့မှ မီးဖိုခန်းဖက် ခြေတဘက် ခုန်ဆွခုန်ဆွနဲ့သွားပြီး ဂျိုင်းထောက်တွေယူ အပြင်တံခါးပြန်ပိတ်တယ်။
ဧည့်ခန်းထဲအထိပြန်လာပြီး ခုံပေါ်ထိုင် တီဗီသတင်းတွေဖွင့် မက္ကဆီကိုနယ်စပ်မှာ အမေရိကန်နိုင်ငံသား မော်မွန်ဘာသာ ကိုးကွယ်တဲ့မိသားစု အသတ်ခံရတဲ့သတင်း တက်နေတယ်။ မိသားစု ၉ ယောက် ရက်ရက်စက်စက် အသတ်ခံရတာပါ။ ရှစ်လသမီးလေးကိုပါ သတ်ပစ်တာ။ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစားတွေ လက်ချက်တဲ့။ သတင်းကလည်း အနိဌာရုံ လူကလည်း ဒုက္ထိတခါးနာနဲ့ဆိုတော့ ဟန်မကျတာနဲ့တီဗီပိတ်ပြီး အိပ်မယ်လုပ်တော့ ခွေးလေး ၂ ကောင်က ဘယ်တကောင် ညာတကောင် အတင်းဝင်နေရာယူပြီး ဂျိုင်းအောက်ကို တိုးတော့တာပဲ။
မျိုးမြင့်ချို
နိုဝင္ဘာ ၆၊ ၂ဝ၁၉

(ဖိနပ္ထဲကလူ)

0 comments
(ဖိနပ္ထဲကလူ)
စစ်ဖိနပ်အောက်မရောက်ချင်ရင် NLD ကိုမဲပေးကြဘာညာနဲ့ လှန့်လှက်ပြီး မဲကိုခြိမ်းခြောက်တောင်းတာတော့ မကောင်းဘူး။ လူတွေကို နှိမ်တာလိုလို လူတွေကပဲ ဘုမသိဘမသိတွေ လဒူတွေငစနူတွေလိုလို အထင်သေးအမြင်သေးတဲ့သဘောတွေပါနေတယ်။ လူတွေကတော့ အဲ့လိုပြောပြီး မဲတောင်းနေတဲ့သူတွေလို မ အ ကြဘူး။ လူတွေ မ အ လို့မှ အဲ့ အမျိုးကောင်းသားသမီးတွေ တလဆယ်သိန်းအပြင် ဘာညာဘာညာလေးတွေနဲ့ အူစိုနေကြတာမဟုတ်လား။ ဆယ်သိန်းထဲက ၂ သိန်းခွဲက ပါတီ့ရန်ပုံငွေပြန်ထည့်ရတော့ စားမလောက်ဖြစ်နေမှာပါလေ စားပွဲအောက်ကလာတာပဲဖြစ်ဖြစ် ပွဲစားခရလို့ဖြစ်ဖြစ် ယူကြပါစေဆိုပြီး လူတွေက အထာထားပေးထားတာလည်း မမေ့ကြနဲ့ဦး။ လူတွေလည်း စစ်ဖိနပ်အောက်ရော ဒေါက်ဖိနပ်အောက်ပါ မရောက်ချင်ကြဘူး။ ကိုယ့်ထမင်းကိုယ်ရှာစား လွတ်လွတ်လပ်လပ် အေးအေးလူလူ အပူအပင်ကင်းကင်း နေချင်ကြတာချည်းပဲ။ နောက်ပြီး စစ်ဖိနပ်အောက် ရောက်မသွားချင်ရင်ဆိုပြီး ခြိမ်းခြောက်မဲတောင်းနေတဲ့လူတွေကြည့်လိုက်တော့ စစ်ဖိနပ်ထဲကနေ ပြောနေတာဖြစ်နေတယ်။ လူတွေ စစ်ဖိနပ်အောက် ရောက်တာမရောက်တာထက် ကိုယ့်ဘာသာ စစ်ဖိနပ်ထဲကထွက်လို့ရအောင် လုပ်ကြစေချင်တာက လူတွေစေတနာပါ။ လူတွေက မဲပေးကြတာက စစ်အာဏာရှင်ကို အမြစ်ဖြတ်ချင်တဲ့စိတ်နဲ့ပေးခဲ့ပေမယ့် အာဏာလေးလည်း မစို့မပို့ရသွားရော စစ်အာဏာရှင်က ဘာမှမဖြစ်ပဲ အမြစ်ဖြတ်မယ်ပြောတဲ့ကောင်တွေက အမြီးပြတ်တွေ ဖြစ်ကုန်ကြတယ်။ မြေခွေးအမြီးပြတ်တွေပေါ့။ ကိုယ့်အမြီးကိုယ်ဖြတ်ပြီး မြေခွေးဇာတ်ခင်းကုန်ကြတာ။ ဒီတော့ လူတွေကို စစ်ဖိနပ်အောက်နဲ့ခြောက်မယ့်အစား ကိုယ်တိုင် စစ်ဖိနပ်ထဲကရုန်းထွက်ပါ။ အမြီးပြတ်ဘဝထဲမှာ သာယာမနေပဲ စစ်အာဏာရှင်ကိုအမြစ်ဖြတ်မယ့်လူထုနဲ့ လက်တွဲပါ။
မျိုးမြင့်ချို
နိုဝင္ဘာ ၁ဝ၊ ၂ဝ၁၉

(တပ်ဖျောက်တယ်ဆိုတာ)

0 comments
(တပ်ဖျောက်တယ်ဆိုတာ)
တပ်ဖျောက်တာနဲ့ တပ်ပျက်တာမတူပါ။ အင်္ဂလိပ်ကတပြည်လုံးကို မသိမ်းခင်အထိ ဗမာပြည်မှာ အမြဲတမ်းစစ်တပ်မရှိပါ။ အဲ့ဒါကလည်း ဗမာတပြည်တည်းက ပဒေသရာဇ်မို့ ကွက်ဖြစ်နေတာမဟုတ်ပါ။ တကမ္ဘာလုံးက ပေးသရာဇ်တွေမှာ အတူတူပါ။ အမြဲတမ်းတပ်သဘောက ရွှေနန်းတော်ကြီးတဝိုက်မှာ လက်နက်တပ်ဆင်ထားတဲ့ တပ်ဖွဲ့တချို့တလေပဲရှိတာပါ။ အဲ့ဒီတပ်ဖွဲ့တွေကို ကွပ်ကဲဖို့ ဝန်ကြီး၊ ဝန်ကလေး၊ တပ်မင်း၊ တပ်မှူး၊ အစုမှူး စတာတွေခန့်ထားတာပါ။ နယ်ချဲ့သမားက တကယ်လည်း နေပြည်တော်တက်သိမ်းရော အဲ့ဒီဝန်တွေ တပ်မင်း တပ်မှူးတွေက ရွှေမြိ့ုတော်ြကီးမှာရှိတဲ့ သေူတို့အကျိုးစီးပွားတွေအပျက်ခံ တောခိုပြီး နယ်ချဲ့ကိုပြန်မတိုက်ကြပါ။ အင်္ဂလိပ်အောက် ခိုဝင်သွားကြတာပါ။ အဲ့ဒါကို တပ်ပျက်တယ်ခေါ်တာ။ တပ်ပျက်တော့ အရေးအကြောင်းရှိလို့(စစ်တိုက်ဖို့ လိုလို့) ဘုရင့်အမိန့်နဲ့စုစည်းဆင့်ခေါ်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်သားတွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာပြန်ကြတာပါ။ အဲ့လိုပြန်တာဟာလည်း တပ်ဖျောက်တာမဟုတ်ပါ။ အရင်လုပ်ခဲ့တဲ့ လယ်ယာကိုင်းကျွန်းပြန်လုပ်ဖို့ပါ။ ရွှေနန်းတော်တဝိုက်မှာ သူတို့အကျိုးစီးပွားမရှိတော့ တပ်ပျက်တဲ့အခါ ရွာပြန်ကြတာမို့မဆန်းပါ။ ကိုယ့်အရပ်ပြန်ရောက်တော့လည်း ကိုယ့်ကို အာဏာနဲ့ဆင့်ခေါ်ပြီး စစ်မှူထမ်းခိုင်းခဲ့တဲ့ မြိ့ုဝန်၊ မြိ့ုသူကြီး၊ မြိ့ုစား၊ ရွာစားတွေအောက် ပြန်ရောက်ကုန်တာပါ။ အဲ့ဒီလူတွေက နယ်ချဲ့အင်္ဂလိပ်ကို ပုန်ကန်နေသူတွေဆို သူတို့လည်း ပုန်ကန်တဲ့အထဲပါသွားပြီး သူပုန်ဖြစ်ကြတာပါ။ အဲ့သလိုမဟုတ်ရင်တော့ မူလလုပ်ခဲ့တဲ့အလုပ်တွေပြန်လုပ်ရင်း ပြီးသွားတာပါ။
တပ်ဖျောက်တယ်ဆိုတာက ဖက်ဆစ်တော်လှန်ရေးကာလမှာ အတော်ခေတ်စားတယ်လို့ဆိုတယ်။ တပ်ပျက်လို့ တပ်သားတွေ ကိုယ့်ရွာကိုယ်ပြန်တာမဟုတ်ပါ။ အချိန်ပိုင်းကလေးအတွင်းမျာ တပ်ကခြေရာဖျောက်ပြိး တနေရာရာမျာ ပုန်းအောင်းနေတာလည်း မဟုတ်ပါ။ တပ်ဖွဲ့စည်းပုံမပျက် ကိုယ့်ဇာတိမဟုတ်တဲ့ဒေသတခုအတွင်းကကျေးရွာတွေမှာ လက်နက်တွေ လက်လှမ်းမိရာမှာဝှက်ထားပြီး ဣန္ဒြေမပျက် ရွာသားတွေလိုဟန်ဆောင်ကာ ကာလအတန်ာကာ တပ်ဖျောက်ပြီးနေထိုင်ခြင်းကိုခေါ်တာပါ။ တလကိုးသီတင်း တပ်ဖျောက်ပြီးနေရတာပါ။ ဒီလိုလုပ်နိုင်ဖို့ဆိုရင် ဒေသခံကျေးရွာတွေမှာ လူထုစည်းရုံးရေးကောင်းရပါမယ်။ တပ်ဖျောက်တဲ့တပ်က စည်းကမ်းသေဝပ်ပြီး နိုင်ငံရေးအသိ နိုးကြားတက်ကြွပါမယ်။ ဂျပန့်ဒလျှိုဒလန်တွေကို ရှင်းလင်းပြီးဒေသလည်း ဖြစ်ရပါမယ်။ အနည်းဆုံး ဒီအခြေခံသုံးချက်ပြည့်စုံမှ တပ်ဖျောက်လို့ရပါတယ်။ ဂျပန်စစ်အခြေစိုက်စခန်းကြီးတွေရဲ့အနီးအပါးမှာ တပ်ဖျောက်ရတာလည်းဖြစ် ကာလကြာကြာတပ်ဖျောက်ရတာလည်းဖြစ်လို့ မလွယ်ပါဘူး။
ဒီလို တပ်ဖျောက်ဖို့စည်းရုံးပြင်ဆင်တာကို ကွန်မြူနစ်ပါတီကသာလုပ်ရဲတာပါ။
(ပြည်သူ့အာဏာဂျာနယ် အမှတ် ၁၃၊ ၁၉၉၅ ခုနှစ်ထုတ် ဖက်ဆစ်တော်လျန်ရေးရွှေရတုအထိမ်းအမှတ်)။ တော်လှန်ရေးနှင့်ဦးဆောင်မှူပြဿနာဆောင်းပါးမှ (တပ်ဖျောက်ခြင်းနဲ့ဆိုင်တဲ့အရေးအသား အချက်အလက်များကို အမှတ်ရလွယ်အောင် စုစည်းပြီး ပြန်စာရိုက်တင်တာပါ)
မျိုးမြင့်ချို
နိုဝင္ဘာ ၁ဝ၊ ၂ဝ၁၉

(အရူးခင်အောင့် ရှစ်ဆယ့်ရှစ်)

0 comments
(အရူးခင်အောင့် ရှစ်ဆယ့်ရှစ်)
၈၈ မှာပါခဲ့တိုင်း ၈၈ မျိုးဆက်ဖြစ်ကြေးဆို တို့ထောက်ကြန့်သဂျင်္ိုင်းက အရူးခင်အောင်လည်း ၈၈ မျိုးဆက်ပဲ။ သူက ၈၈ မဖြစ်ခင်ကတည်းက ထောက်ကြန့်စစ်ဂိတ်ရှေ့သွားပြီး ဦးနေဝင်း ကံကုန်ပြီ၊ ဦးနေဝင်း ကံကုန်ပြီလို့ လက်သီးလက်မောင်းတန်းပြီး အော်ခဲ့တာ။ ၈၈ ဖြစ်တော့လည်း သူပါတာပဲ။
ထောက်ကြန့်နဲ့ ဝိုင်ယာလက်စ်ကြားမှာ လှော်ကားရေဝေကန်ရှိတယ်။ အဲ့ဒီကန်ကို လူတွေက လှော်ကားကန်လို့ ခေါ်တယ်။ အဲ့ထဲသွား ထင်းခုတ် မှိူတိုး မျှစ်ချိုး ငါးမျှားတာကို ကန်တွင်းထဲသွားတယ်လို့ပြောတယ်။ အဲ့ဒီကန်တွင်းထဲမှာ လူတွေ ထင်းခုတ်ကြလွန်းလို့ မဆလအစိုးရက ပုဒ် ၁၄၄ ထုတ် ရဲကင်းတွေချပြီး တားယူရတယ်။ တောမခုတ်ရ ငှက်မပစ်ရ ငါးမမျှားရ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး။ အဲ့ဒီတော့ လူတွေက ပြောတယ် ဒီကန်ဟာ ဦးနေဝင်းအစိုးရပိုင်တဲ့ကန်လို့။
ဘုန်းမော်ကိစ္စပြီးစ ၈၈ မဖြစ်ခင်မှာ တိုင်းပြည် မငြိမ်မသက်ဖြစ်လာတော့ အစောင့်ကင်းဘုတ်တွေက ရဲတွေလည်း ဘယ်ရောက်ကုန်တယ်မသိဘူး။ လူတွေက ကန်တွင်းထဲသွားပြီး လက်မလက်ညှိုးလောက် ထင်းပါမချန်ခုတ်တော့တာပဲ။ ကွန်တွေ ပိုက်တွေပါ မချသွားပြီး ငါး အသားကုန်ဖမ်းတော့တာဘဲ။ ၂ လလောက် ထင်းခုတ်လိုက်ကြတာ တောကပြောင်သလောက်ဖြစ်ရော။
ဒီတင် အရူးကိုခင်အောင်က တော်ရုံတန်ရုံလူ လမ်းတောင်ဖြတ်မလျှောက်ဝံ့တဲ့ ထောက်ကြန့်ပုပ်ပါးကျောင်းရှေ့က စစ်တပ်ဂိတ်ရှေ့သွားပြီး ဦးနေဝင်း ကံကုန်ပြီ၊ ဦးနေဝင်း ကံကုန်ပြီဆိုပြီးအော်တာ။
ဒီတော့ စစ်သားတွေက ကိုခင်အောင့်ဖမ်းပြီးရိုက်မယ်လုပ်တယ်။ ကိုခင်အောင်က မူးလည်းမူးနေတော့(မူးတာက အမြဲတမ်းမူးနေတာ၊ လူက ပညာတတ်၊ သွားစိုက်ဆရာ ကောင်းကောင်းမွန်မွန်ကနေ အရက်သမားဖြစ်ပြီး အရက်ကြောင် ကြောင်သွားတာ) မင်းတို့ငါ့ကို ဘာလုပ်မလို့လဲ။ ဦးနေဝင်း ကံကုန်ပြီ မင်းတို့ ဒီအတိုင်း လက်ပိုက်ကြည့်နေမလားလို့ ရုန်းရင်းကန်ရင်း တွန်းရင်းထိုးရင်းကြားက အော်တယ်။ စစ်သားတွေက ခင်ဗျား ဥက္ကဌကြီးကို မဟုတ်တမ်းတရားတွေပြောတာလေဗျာဆိုပြီး ရိုက်တယ်။
ဒီတော့သူက မင်းတို့ လှော်ကားကန်သိလားမေးတယ်။ ဟိုမောင်တွေက သိတယ် အဲ့ဒါဘာဖြစ်လဲဆိုတော့ အေးအဲ့ဒါ ကန်တွင်းပဲ၊ ကန်ပဲ။ အဲ့ဒီကန်က ဥက္ကဌကြီးဦးနေဝင်းအစိုးရပိုင်တယ်။ ခု လူတွေက ရဲတွေမရှိတော့ ထင်းတွေနင်းကန်ခုတ်နေတာ ကုန်ပြီ။ ဒါ့ကြောင့် ငါက ဦးနေဝင်း ကန်ကုန်ပြီလို့ပြောတာ။ အဲ့ဒါဘာဖြစ်တုန်း။ မင်းတို့ ငါ့ကို ဘာရိုက်စရာရှိလို့တုန်း။ လာပြီး သတိပေး သတင်းပေးတဲ့ ငါ့ကို ကျေးဇူးတောင်တင်ရမှာလေဆိုတော့ ဟိုမောင်တွေလည်း ဘာလုပ်ရမှန်းမသိဘဲ ခင်ဗျား မူးရူးပြီး ပေါက်တတ်ကရတွေလိုက်အော်မနေနဲ့ တိတ်တော့။ ထပ်အော်လို့ကတော့ သေမယ်ပြောပြီး ပြန်လွှတ်လိုက်ရတယ်။
ဒါ့ကြောင့်ပြောတာ တချို့ ၈၈ မှာ ပါချီပါချက်ပါခဲ့ပြီး ၈၈ မျိုးဆက်လုပ်နေတော့ ခက်တယ်။ အရူးခင်အောင်လောက်တောင် ထဲထဲဝင်ဝင် ကျားကုပ်ကျားခဲပါခဲ့တာမဟုတ်ပဲ ၈၈ မျိုးဆက်လုပ်နေတော့ မခက်ဘူးလား။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၁၊ ၂ဝ၁၉

Wednesday, November 6, 2019

(ရခိုင်မှာဖြစ်နေတာ စစ်)

0 comments
(ရခိုင်မှာဖြစ်နေတာ စစ်)
ဒေါက်တာအေးမောင်ကို ကျနော်ဆန့်ကျင်တာက လူမျိုးစိတ်ကြီးတဲ့ ရခိုင်အစွန်းရောက်ဖြစ်နေလို့မဟုတ်ဘူး။ စစ်အာဏာရှင်နဲ့ပေါင်းပြီး ရခိုင်မဟုတ်တဲ့အခြားလူမျိုးတွေ ဘာသာတွေအပေါ် နှိပ်ကွပ်စော်ကားလိုစိတ်ရှိသူဖြစ်နေလို့။ မိမိအာဏာရမက်အတွက် ရခိုင်ပြည်နယ်ထဲ စစ်တပ်လာပါလာပါပင့် စစ်အာဏာရှင်နဲ့ပေါင်း ရခိုင်ကိုပါပြန်ပြီး ဖိနှိပ်အုပ်ချုပ်ချင်သူဖြစ်နေလို့။ သူ့ဟာသူ တွက်ကိန်းမှားပြီး အစိုးရနဲ့စစ်တပ်က ပြန်ကိုင်တာခံရတာမြင်တော့လည်း နည်းနည်းလေးမှ စာနာစိတ်မဖြစ်ဘူး။ နည်းတောင်နည်းသေးတယ်လို့ စိတ်ထဲမဖြစ်မိတာအတွက်တောင် ကိုယ့်ဘာသာအံ့သြမိတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတယောက်အဖြစ် ထောင်ထဲနေရမယ့် သူ့ဒုက္ခအတွက်တော့ စိတ်မကောင်းဘူး။ ဒီလောက်ပဲ။
ခု ချင်းအမျိုးသား အင်န်အယ်လ်ဒီအမတ်ကို အေအေကဖမ်းထားတယ်။ စစ်ကြောရေးလုပ်နေတယ်လို့ဆိုတယ်။ ဖမ်းဆီးစစ်မေးရတာဘာ့ကြောင့်လဲလို့ အေအေတာဝန်ရှိသူကပြောထားတယ်။ သူပြောတာတွေထဲမှာ အေအေသတင်းစုဆောင်းတာတွေလုပ်တယ်၊ ရခိုင်နဲ့ချင်းပြဿနာပေါ်အောင် တို့မီးရှိူ့မီးလုပ်တယ်၊ လူငယ်တွေစုဖွဲ့တယ်၊ ရုံးဖွင့်တယ်ဘာညာဆိုတာတွေပါတယ်။ ဟုတ်မယ်မဟုတ်ဘူးကတော့ တပ်အပ်မပြောတတ်ဘူး။ ဒါပေမယ့် အမတ်ဆိုတာက အစိုးရဘက်သားပဲ။ သူ့အလုပ် သူလုပ်ဦးတောင် အေအေအတွက်တော့ ဒါဟာ ရန်သူ့အလုပ် လုပ်တာပဲဖြစ်တယ်။ ဒီတော့ဖမ်းတယ်။
ဖမ်းတော့ အသံမျိုးစုံထွက်လာတယ်။ ဘက်သဘောရပ်ခံချက်တွေနဲ့ပြောနေကြတာမို့ ဘက်အရပဲမှန်တယ်။ အမှန်တရားဆိုတာကလည်း အာဏာသဘောမှာ ဘက်အရပဲရှိတယ်။
အားလုံးစဉ်းစားရမှာက ရခိုင်မှာ ခုဖြစ်နေတာက စစ်။ စစ်သဘောမှာ နှစ်ဘက်စစ်သားအပြင် အရပ်သူအရပ်သားလည်း သေကြထိခိုက်ပျက်စီးကြရတာပဲ။ စစ်တကယ်ဖြစ်လာရင် အရပ်သားမသေအောင် တိုက်လို့ကိုမရဘူး။ ကမ္ဘာစစ်ကြီးတွေမှာ စစ်သားနဲ့အရပ်သား သေကြတာမှနည်းလား။ ဘယ်ဘက်မှမပါတဲ့ အရပ်သူအရပ်သားကို အသားလွတ်တိုက်ခိုက်တာ သတ်တာဖြတ်တာ အနိုင်ကျင့်တာဆိုရင်တော့ ဒါဟာ ပြစ်တင်ရှူတ်ချထိုက်တယ်။ ဘယ်ကျင့်ဝတ်နဲ့ကြည့်ကြည့် မသင့်တော်ဘူး။ မလုပ်ကောင်းဘူး။ မလုပ်အပ်ဘူး။ ဒါပေမယ့် ကမ္ဘာတဝှမ်းမှာ လူ့သမိုင်းတလျှောက်လုံးမှာ လုပ်နေကြတယ်။ စစ်ဖြစ်လို့လုပ်နေကြတာ။ စစ်ဖြစ်နေလို့ လုပ်လို့ရနေကြတာ။ စစ်ဟာ မတရားမှုမှန်သမျှ ဆိုးသွမ်းယုတ်ကမ်းမှုမှန်သမျှကို တရားဝင်ဖြစ်အောင်လုပ်လို့ရတဲ့ တခုတည်းသောနေရာပဲ။ ဒါက ရိုးရိုးအရပ်သားလက်နက်မဲ့ကို လုပ်တာကိုပြောတာ။
ဘက်တဘက်ဘက်အတွက် အလုပ် လုပ်နေတဲ့အရပ်သားကိုကြတော့ သူ့ဘက်ကိုယ့်ဘက် ဘယ်ဘက်ကမှ ချမ်းသာမပေးဘူး။ မညှာဘူး။ ဒီအရပ်သားတွေလည်း လက်နက်ကိုင်မထားဘူး။ လက်နက်မဲ့ပဲ။ ဒီတော့ လက်နက်မဲ့တိုင်း အပြစ်မဲ့လားမမဲ့ဘူးလားဆိုတာက ပြောစရာဖြစ်လာပြီ။ စစ်ဖြစ်နေတဲ့နေရာမှာ တဘက်ဘက်အတွက် အလုပ်လုပ်နေတဲ့ လက်နက်မဲ့အရပ်သားဆိုတာ အခြားတဘက်အတွက်တော့ ရန်သူ့လူပဲ။ မိမိ အကျိုးစီးပွားကိုဖျက်ဆီးနေသူပဲ။ ဒီတော့ ဒီလူဟာ လက်နက်မဲ့ပေမယ့် သူတို့အတွက်တော့ အပြစ်မမဲ့ဘူး။ သူဟာ အရပ်သားပေမယ့် ဘယ်ဘက်မှမပါတဲ့ရိုးရိုးအရပ်သားမဟုတ်ဘူး။ အဲ့ဒါကို တရားတယ်မတရားဘူး ပြောနေကြတာပဲဖြစ်တယ်။ ဘက်အရပြောနေကြတာပဲ။
အခု ဒီချင်းမျိုးသားဟာ လွှတ်တော်အမတ်ဖြစ်လို့ ပြည်သူကရွေးကောက်ထားတဲ့ကိုယ်စားလှယ်ဖြစ်လို့ မလုပ်အပ်ဘူး မှားတယ်ဆိုရင် ဒေါက်တာအေးမောင်ကိုလုပ်ထားတာလည်း မမှန်ဘူး မလုပ်ရဘူး။ မတရားဘူး။
တွေးရမှာက ရခိုင်မှာဖြစ်နေတာက "စစ်" ဖြစ်တယ်ဆိုတာရယ်၊ စစ်ကြောင့် သေကြေပျက်စီးရတဲ့ လက်နက်မဲ့အရပ်သားတိုင်း အပြစ်မဲ့မမဲ့ဆိုတာရယ်ဘဲဖြစ်တယ်။ ဘက်သဘောနဲ့ပဲတွေးပါ။ ဘက်သဘောနဲ့ပဲ မှန်ပါတယ်။ အချက်အလက်ဆိုတာက ရှိရင်ရှိသလောက် ချပြလို့ရပါတယ်။ ဒါပေမယ့် တရားကတော့ အချက်အလက်အနည်းအများနဲ့မဆိုင်ပါ။
မျိုးမြင့်ချို
နိုဝင်ဘာ ၄၊ ၂ဝ၁၉

(ပင်လယ်စာမှာ လူ့အခွင့်အရေးပါတယ်)

0 comments
(ပင်လယ်စာမှာ လူ့အခွင့်အရေးပါတယ်)
ထိုင်းဟာ အမေရိကန်ရဲ့ အထူးကုန်သွယ်ခွင့်ရတိုင်းပြည်ဖြစ်ခဲ့ပြီး ထိုင်းသွင်းကုန်တချို့အပေါ် အမေရိကန်ဘက်က သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပြုထားတာလည်းဖြစ်တယ်။ အဲ့သလိုကုန်သွယ်ရင်းနဲ့ ကူးသန်းရောင်းဝယ်ရင်း အမေရိကန်ဘက်က တဖြည်းဖြည်းလိုငွေပြလာတာပါ။ ကုန်သွယ်ရေးလိုငွေပြတဲ့နိုင်ငံတွေစာရင်းစဉ်လိုက်ရင် ထိုင်းက နံပတ် ၁၁ နေရာမှာရှိနေတယ်။ ဒီတော့ အမေရိကန်က ထိုင်းကို တနည်းနည်းနဲ့ကုန်သွယ်ရေးညီမျှမှူရဖို့ ဒီ့ထက်ပိုရင် အသာစီးရဖို့ လုပ်ချင်နေတာကြာပြီ။
အင်ဒိုချိုင်းနားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတွေမှာ သူ့ဘက်ကရပ်တည်ပေးခဲ့မှူတွေကြောင့် ထိုင်းကို အမေရိကန်က ချခဲ့တဲ့ဆုတွေထဲမှာ အဝေးပြေးလမ်းမကြီးတွေအပါအဝင် စစ်ရေးအကူအညီ၊ နည်းပညာအထောက်အပံ့၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှူနဲ့ အထူးကုန်သွယ်ဖက်နိုင်ငံ အဆင့်အတန်း စတာတွေပါတယ်။ ထိုင်းကလည်း အဲ့ဒါတွေကို မိမိရရအသုံးချပြီး သူ့တိုင်းပြည် စီးပွားတိုးဖို့လုပ်ယူနိုင်ခဲ့တယ်။ (ဒီနေရာမှာ ဆိုဗီယက်ကိုချဖို့ တရုတ်ကို အထူးကုန်သွယ်ဖက်နိုင်ငံ အဆင့်အတန်းပေးခဲ့တာကို ပြန်သတိမူသင့်)။ ထိုင်းကို အဲ့လိုပေးထားတဲ့ အထူးကုန်သွယ်ဘက်နိုင်ငံအခွင့်အရေးကို ပြန်ရုပ်သိမ်းတော့မယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်နေ့က အမေရိကန်ဘက် ကြေညာပါတယ်။ ဒါရုပ်ပြီးရင် သာမန်စည်းကြပ်ခွန်တွေ ကောက်မယ်။ ဒီကမှတဆင့် အထူးစည်းကြပ်ခွန်ဆိုပြီး သွင်းကုန်တချို့ပေါ် အခွန်တွေ အဆမတန်တိုးကောက်ဖို့ ခြေလှမ်းပြင်ပါတယ်။
ခုအမေရိကန်က တရုတ်၊ ကနေဒါ၊ မက္ကဆီကိုနဲ့ဥရောပနိုင်ငံတွေကို Trade War ခေါ်တဲ့ ကုန်သွယ်စစ် ခင်းနေတာ။ အဓိက ကတော့ သူ့ကုန်သွယ်ရေးလိုငွေပြနေတာတွေကို ထေမိဖို့ ဟိုနိုင်ငံတွေက သွင်းကုန်တွေအပေါ်မှာ သွင်းကုန်ခွန်တွေ အဆမတန်တိုးမြှင့်ကောက်ခံတာဖြစ်တယ်။ ဟိုနိုင်ငံတွေကလည်း ခေသူတွေမဟုတ်တော့ တန်ပြန်စည်းကြပ်ခွန်တွေချတယ်။ အပြန်အလှန်ပဲ။ ခုလောလောဆယ်တော့ ဘယ်သူနိုင်မယ်ရှူံးမယ်ပြောဖို့စောသေးပေမယ့် ချနေကြတဲ့ ဘက်အသီးသီးမှာတော့ အနည်းနဲ့အများတော့ အထိနာနေကြတာပဲ။ ပါးကိုက်လို့နားကိုက်ကြတာဆိုတော့ သူရောကိုယ်ပါ အကိုက်ခံထိကြတာပါပဲ။ မဆီမဆိုင် ကြားက ကမ္ဘာ့နိုင်ငံတွေလည်း တောင်လဲရာ မြက်ပြတ်ဖြစ်ကြပါတယ်။
ထရမ့်တက်လာစက ထိုင်းကို သိတ်ရန်ထောင်တာ မလုပ်ပေမယ့် စကားနာထိုးတာတွေ မသိမသာ မျက်စောင်းခဲတာလေးတွေရှိတော့ ထိုင်းဘက်က ပြေရာပြေကြောင်း လာဘ်ထိုးတဲ့အနေနဲ့ ဘိုးရင်းဂျက်လေယဉ်တွေ ဝယ်ပြ၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ပြ၊ သူ့ဘဏ္ဏာရေးပေါ်လစီနဲ့ ငွေကြေးပေါ်လစီတွေ နည်းနည်းပါးပါးပြင်ပေးတာတွေ လုပ်ပေးတယ်။ ဒါပေမယ့် အမေရိကန်ဘက်က ဒီလောက်နဲ့ မတင်းတိမ်ဘူး။ ဒီ့ထက်ပို လိုချင်တယ်။ ဒီတော့ ထိုင်းကို အညှာကိုင်နိုင်မယ့် သော့ချက်ကိုရှာတယ်။ ထိုင်းကနေ အမေရိကန်ကိုသွင်းနေတဲ့သွင်းကုန်တွေထဲမှာ အခရာကျတဲ့သွင်းကုန်တခုဟာ ရေထွက်ပစ္စည်းတွေနဲ့ ပင်လယ်စာတွေဖြစ်နေတယ်။ သွင်းကုန်တန်ဖိုးအနေနဲ့ အမေရိကန်အတွက် သိတ်မများလှပေမယ့် ထိုင်းအတွက်ကျတော့ ပမာဏကအတော်ကြီးတယ်။ ဒီတော့ တခြားသွင်းကုန်တွေနောက်မှ ဒီ ပင်လယ်စာနဲ့ ရေထွက်ကုန်တွေကို အညှာကိုင်ပြီး ထိုင်းကို တရစ်ချင်းကျပ်ဖို့ စိတ်ကူးရတယ်။
ဒီတော့ ထိုင်းရေလုပ်ငန်းတွေကို ရမယ်ရှာတယ်။ အမှန်က ရမယ်ကရှာနေစရာတောင်မလိုပါဘူး။ ထိုင်းရေလုပ်ငန်း နံမည်ပျက်နေတာက တကမ္ဘာလုံးလည်းသိ သူလည်းအသိပါ။ ထိုင်းရေလုပ်ငန်းတွေမှာ ဗမာပြည်သားတွေအပါအဝင် လာအိုတို့ ကမ်ပူးချားတို့က ရေလုပ်သားတွေကို မတရားခိုင်းစေတာ၊ အနိုင်ကျင့် သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပမ်းတာတွေက ဟိုးလေးတကျော်ကျော်ပါ။ လူ့အခွင့်အရေးအစီရင်ခံစာတွေမှာဆိုလည်း ထိုင်းစက်လှေတွေပေါ်မှာ၊၊ ပင်လယ်ထဲမှာ၊ ငါးခုတ်စက်ရုံတွေမှာ၊ စည်သွပ်ဗူးလုပ်ငန်းတွေမှာ တရားဝင်/တရားမဝင် အလုပ်သမားတွေအပေါ် လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးချိုးဖေါက်မှူတွေမှ မကြားချင့်တဆုံး နားမဆန့်အောင်ကြားနေရတာပါ။
ကိုယ်နဲ့တည့်နေတုန်းက မသိချင်ယောင်ဆောင်ပြီး အမြတ်ထုတ်နေရာက ကိုယ့်အိပ်ကပ်ထဲကငွေ ပါသွားတော့မှ ရှူးရှူးရှားရှားဖြစ်ပြီး လူ့အခွင့်အရေးတွေ၊ အလုပ်သမားအခွင့်အရေးတွေ ကောက်ကိုင်ပြီး ထိုးတော့တာပါ။ ထိုင်းမှကလည်း ငြင်းမရအောင် ချည်မိတုတ်မိနေတာပါ။ တကယ်လည်း လူမဆန်အောင် ကျူးလွန်ထားတာကိုး။ တကယ်တော့ ဒါတွေဖြစ်နေတာ ခုမှဖြစ်တာမဟုတ်သလို အမေရိကန်ကလည်း ခုမှသိတာမဟုတ်ပါ။ ခုတော့ ပင်လယ်စာတွေနဲ့ပင်လယ်ထွက်ကုန်တွေ တင်သွင်းနေတာကို နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပြီးရင် ရော်ဘာစေးနဲ့ အခြားကုန်စည်တွေဘက် လှည့်လာနိုင်ပါတယ်။
ထိုင်းကလည်း တန်ပြန်တဲ့အနေနဲ့ အမေရိကန်ထုတ် လယ်ယာသုံးပိုးသတ်ဆေးတွေနဲ့ အမေရိကန်လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲပိစပ်၊ ပဲတီစိမ်း စတာတွေတင်သွင်းတာကို ကျပ်လိုက်ပါတယ်။ အမေရိကန့်ကျေးဇူးနဲ့ လူတလုံးသူတလုံးဖြစ်လာတဲ့ထိုင်းဟာ ရေရှည်သာကုန်သွယ်စစ်ခင်းရမယ်ဆိုရင် အမေရိကန့်အောက် ပြားပြားမှောက်သွားနိုင်တယ်လို့ ပြောသူတွေရှိသလို တရုတ်၊ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေးတွေတိုးလုပ်ဖို့ တွန်းအားဖြစ်သွားတာမို့ ယာယီမှာအထိနာပေမယ့် ရေရှည်မှာအခွင့်သာသွားလိမ့်မယ်လို့ အကဲဖြတ်သူဖြတ်ကြပါတယ်။
တကယ်က ကုန်သွယ်ရေးလိုငွေပြနေတာကို ပြန်ထေမိအောင်လုပ်ဖို့ လူ့အခွင့်အရေးတို့ အလုပ်သမားအခွင့်အရေးတို့ကို ကောက်ကိုင်လိုက်တာပါ။ ဒီလိုကိုင်လိုက်တော့ နံမည်ကောင်းလည်းရ လုပ်လိုရာလည်း ရောက်လွယ်သွားတယ်မဟုတ်လား။
(ဒါ ခုရက်ပိုင်းအတွင်း နားထောင်ဖြစ် ကြည့်ဖြစ် ဖတ်ဖြစ်တဲ့ ထိုင်း-အမေရိကန် ကုန်သွယ်ရေးသတင်းတွေကရတဲ့အချက်အလက်တွေကို ပြန် စာစီပြတာပါခင်ဗျား)
မျိုးမြင့်ချို
နိုဝင္ဘာ ၄၊ ၂ဝ၁၉

(ထိုင်းကိုပါ ကုန်သွယ်စစ်ထဲ ဆွဲသွင်းမလား)

0 comments
(ထိုင်းကိုပါ ကုန်သွယ်စစ်ထဲ ဆွဲသွင်းမလား)
ဒေါ်လာနဲ့လဲလှယ်ရာမှာ ထိုင်း ဘတ်ငွေတန်ဖိုး သိသိသာကိုတက်လာပါတယ်။ အရင်တုန်းကဆို ကိုယ့်ငွေတန်ဖိုးမြင့်တာဟာ ကောင်းတယ် ဂုဏ်ယူစဖွယ်လို့ မှတ်ယူခဲ့ရတာပါ။ ခုတော့ ကိုယ့်ငွေတန်ဖိုးမတက်အောင် မနည်းကျားကန်နေရတာပါ။ ကိုယ့်ငွေတန်ဖိုးတက်တော့ ကိုယ့်ပို့ကုန်တွေက နိုင်ငံခြားမျာ ဈေးကြီးကုန်ပါတယ်။ ဈေးကြီးတော့ အရောင်းထိုင်းပါတယ်။ အရောင်းထိုင်းတော့ အထုတ်ရနည်းပါတယ်။ အထုတ်ရနည်းတော့ စက်ရုံအလုပ်ရုံတွေ လူလျှော့တာ ဖြုတ်တာတွေလုပ်ရပါတယ်။ ဒီ့ထက်ဆိုးရင် လုပ်ငန်းတွေ ပိတ်ပါပိတ်ရပါတယ်။ စက်ရုံအလုပ်ရုံတွေပိတ်တော့ အလုပ်လက်မဲ့တွေများလာပါတယ်။ ကျွဲကူးရေပါ ရာဇဝတ်မှုတွေ တိုးလာပါတယ်။ တိုင်းပြည်ဝင်ငွေ ကျလာပါတယ်။ ပြည်တွင်းအခွန် အရနည်းလာပါတယ်။ အစိုးရအသုံးစားရိတ်တွေ လျှော့ရပါတယ်။ မလျှော့ရင် ဘတ်ဂျတ်လိုငွေပြပါတယ်။ အစိုးရလိုငွေပြတယ်ဆိုတာက ကောက်လို့ရတဲ့အခွန်အခနဲ့ အသုံးစားရိတ် မထေမိတာကိုပြောတာပါ။ ရတာကနည်းပြီး အသုံးကမလျှော့တော့ အကြွေးတင်ပါတယ်။ အကြွေးတင်တော့ အစိုးရက ဗဟိုဘဏ်ကနေ ငွေချေးရပါတယ်။ အစိုးရ ငွေချေးတယ်ဆိုတာ ငွေစက္ကူအသစ်တွေ ထပ်ရိုက်ရတာဖြစ်ပါတယ်။ ငွေစက္ကူသစ်တွေ နင်းကန်ရိုက်ပြန်တော့ ငွေဖောင်းပွပြန်ပါတယ်။ ငွေမချေးချင်လို့ အသုံးစားရိတ်လျှော့တော့ အစိုးရလုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်နိုင်ပါ။ ဆီမလိုက်တဲ့ အင်ဂျင်လိုဖြစ်လာပါတယ်။ ပြောရရင် ရှည်ပါတယ်။ ဂျာအေး သူ့အမေရိုက်ပါ။
ခု ထိုင်းဘတ်ငွေတန်ဖိုး တက်လာတော့ အစိုးရမျက်လုံးပြူးပါတယ်။ ငွေတန်ဖိုးချဖို့ ဒါမှမဟုတ် ကျသွားဖို့ ကြံရစည်ရပါတယ်။ ဒီတော့ ဗဟိုဘဏ်ကို နားပူနားဆာလုပ်ရပါတယ်။ အာဏာခွဲဝေမှု အထိုင်ကျနေတဲ့နိုင်ငံတွေမှာ ဗဟိုဘဏ်ဥက္ကဌကိုအစိုးရခန့်တယ်ဆိုပေမယ့် ၊ အစိုးရက ဘဏ္စာရေးပေါ်လစီကိုကိုင်ပေမယ့် ငွေကြေးပေါ်လစီကိုတော့ ဗဟိုဘဏ်ဥက္ကဌပါတဲ့ Board of Directors က ချမှတ်ပါတယ်။ ဗဟိုဘဏ်ကို ငွေကြေးပေါ်လစီနဲ့ပတ်သက်လို့ အစိုးရကအမိန့်မပေးနိုင်ပါ။ သဘောက ဘဏ်တိုးနှုန်း အတင်အချလုပ်မယ် မလုပ်ဘူးကို ဗဟိုဘဏ်အုပ်ရေးဒါရိုက်တာတွေက မဲခွဲဆုံးဖြတ်ပါတယ်။
ခု ထိုင်း ဗဟိုဘဏ်ကက ဘဏ်တိုးနှုန်းတွေချလိုက်ပါတယ်။ ၂ ကြိမ်ဆက်တိုက်ချလိုက်တာမို့ လက်ရှိဘဏ်တိုးနှုန်းက ၁ ဒဿမ ၂၅ ပဲရှိပါတော့တယ်။ အခြေအနေပေးရင် ထပ်ချမယ့်သဘောရှိပါတယ်။ ဘဏ်တိုးနှုန်းချတာက ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လည်ပတ်နေတဲ့ငွေတွေ စီးဆင်းလည်ပတ်တာကို ထိန်းဖို့ပါ(ဟိုးရှေ့ပိုင်းတွေမှာ ဒီအကြောင်း သူများရေးတာရော ကျနော်သိသလောက်ရေးတာရော ရေးပြီးသားမို့ ထပ်မပြောတော့ပါ)။ ထိုင်းက သူ့ငွေတန်ဖိုးကျအောင်လုပ်တာပါ။ ဒါမျ သူ့ပို့ကုန်တွေ နိုင်ငံခြားမှာ ဈေးချိုမျာပါ။ ဈေးချိုမှအဝယ်လိုက်မှာပါ။ အဝယ်လိုက်မှ....(ဒီသံသရာလည်ပုံကို ဟိုးအပေါ်မှာပြောခဲ့တာနဲ့ ပြောင်းပြန် ပြန်စဉ်းစားကြည့်ပါ)
အမေရိကန်ဗဟိုဘဏ်လည်း အတိုးနှုန်းတွေချပါတယ်။ ကမ္ဘာ့တခြားစီးပွားရေး အင်အားကြီးနိုင်ငံတွေလည်း ကိုယ်စီကိုယ်စီ ချကြပါတယ်။ တချို့နိုင်ငံတွေဆို အနှုတ်ပြတဲ့အထိကိုချပါတယ်။ အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဂျရုမ်းပါဝဲလ်က ဘဏ်တိုးနှုန်းချရေးမချရေး ချိန်ဆနေချိန်က သမ္မတထရမ့်က ငါနဲ့ကိုင်မတုတ်ရုံတမယ် မောင်းလားမဲလားလုပ်ပါတယ်။ နောက်ဆုံး အခြေအနေပေါ်ကြည့်ပြီး ဗဟိုဘဏ်က အတိုးနှုန်းတွေ ၂ ကြိမ်ဆက်တိုက်ချလိုက်တော့မှ ထရမ့်အသံတိတ်သွားပါတယ်။ ဒါတောင် မကောင်းတတ်လို့ ထပ်မပြောပေမယ့် ကျေတော့မကျေနပ်သေးပါ။ တချက်တချက် တွစ်တာမှာ တက်တက်ပြီး ထေ့သလိုငေါ့သလိုလုပ်နေတာပါ။
အမေရိကန်ဗဟိုဘဏ်ကိုတုန်းကတော့ နင်ပဲငဆလုပ်ခဲ့တဲ့ထရမ့်ဟာ ခု ထိုင်းအစိုးရကို ဘဏ်ကိစ္စ ငွေကြေးကိစ္စတွေမှာ ဝင်စွက်ရကောင်းလားဆိုပြီး ငေါက်လားငန်းလားလုပ်ပါတယ်။ ထိုင်းကလည်း ငယ်ကြောက်လည်းဖြစ် ကျေးဇူးရှင်လည်းဖြစ်တော့ ဘာမှပြန်မပြောဝံ့ပါ။ စင်းခံနေရပါတယ်။ ထိုင်းဆီကပင်လယ်စာတွေ မသွင်းတော့တဲ့ကိစ္စ၊ ကုန်သွယ်ရေးလိုငွေပြမှု အင်္ဂါစဉ်မှာ ၁၁ နိုင်ငံမြောက်ဖြစ်နေတဲ့ကိစ္စ၊ အထူးကုန်သွင်ခွင့်အဆင့်အတန်းပြန်ရုပ်တဲ့ကိစ္စတွေ ကျနော်ပြောပြီးပြိမို့ ထပ်မပြောတော့ပါ။
ခုပြောချင်တာက အမေရိကန်က ထိုင်းကို Tread War လုပ်လာမလားက သို့လောသို့လောဖြစ်နေကြတယ်ဆိုတာပါ။ ထစ်ကနဲရှိ စီးပွားရေးဒဏ်ခတ်၊ ကုန်သွယ်ရေးပိတ်ဆို့၊ သွင်းကုန်ခွန်တွေ မတန်တဆစည်းကြပ် စတဲ့လက်နက်တွေ ဒေါ်လာလက်နက်တွေနဲ့ နိုင်ငံတကာပေါ်ဗိုလ်ကျခွင့်သာနေတဲ့ အမေရိကန်မှာ သမ္မတဟာ ထရမ့်ပါ။ တိုင်းပြည်ကစွာရတဲ့အထဲ သမ္မတက တဇောက်ကန်းပါ။ စိတ်မထင် မထင်သလို စိတ်ထင် ထင်သလိုလုပ်တတ်တဲ့ဉာဉ်နဲ့လူပါ။ ထိုင်းကို စည်းကြပ်ခွန်လက်နက်နဲ့ ဘယ်အချိန်ပစ်မယ်သာမသိသေးတာ တရွယ်ရွယ်တော့လုပ်နေပါပြီ။
ထိုင်းကို ပစ်ရင် ဗမာပြည်လည်း စက်ကွင်းလွတ်ပါ့မလားကတွေးစရာပါ။ ဗမာပြည်နဲ့ထိုင်းနဲ့က စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ နယ်စက်ကုန်သွယ်ရေးတင်မက ထိုင်းမျာ သွားအလုပ်လုပ်နေကြတဲ့ တရားဝင်ရော တရားမဝင်ပါ ဗမာပြည်သားက ၂ သန်းလောက်ရှိနေတာမဟုတ်လား။ ခေတ်က ဟိုလူကြီးပြောသလို ဘရာဇေးလ်ကလိပ်ပြာတောင်ပံခတ်တာ ဘယ်နိုင်မှာဆိုလား မုန်တိုင်းကြီးဖြစ်သွားသတဲ့။ ခုလည်း အမေရိကားက ဒေါ်နယ်လ်ထရမ့်ရဲ့ America First တို့ Make America Grate Again တို့ ဒေါသအမျက်ဟာ ထိုင်းပေါ်လာသင့်ရင် ဗမာပြည်မှာ ဘာတွေဗြောင်းဆန်သွားလိမ့်မလဲက စဉ်းစားစရာပါ။
(ခုမနက် နားထောင်မိ ဖတ်မိ ကြည့်မိတဲ့သတင်းတွေထဲက အချက်အလက်တချို့ကို စာစီပြီးပြန်ပြောပြတာပါဗျား)
မျိုးမြင့်ချို
နိုဝင္ဘာ ၆၊ ၂ဝ၁

Sunday, November 3, 2019

(အမောပြေ)

0 comments
(အမောပြေ)
ဒီက ခွေးတွေမှာ ဆောင်းဝင်တော့မယ်ဆို အမွှေးနုတထပ် ထပ်ထိုးလာတတ်ပါတယ်။ အဲ့ဒီ ထိုးလာတဲ့အမွှေးနုကို Winter Coat လို့ခေါ်ပြီး သူက အပေါ်အမွှေးထက်တိုပြီး နုညံ့ပါတယ်။ စိပ်လည်းစိပ်တာမို့ ထူထူထဲထဲလေးလည်းနဲ့ လက်နဲ့စမ်းပွတ်ကြည့်ရင် ခတ်အိအိလေးနေပါတယ်။ သဘာဝတရားက ဖန်တီးပေးလိုက်တဲ့ အနွေးထည်လို့ဆိုရမှာပါ။
အပေါ်မွှေးရော Winter Coat ရောဆိုတော့ အပြင်ထွက်တဲ့အခါ အလောတော်ပေမယ့် အိမ်ထဲမှာ တနေကုန်လိုလိုနေရတဲ့အခါမျိုးကျ သူတို့ နည်းနည်း လှောင်တယ်ထင်ပါရဲ့ ချွေးနည်းနည်းစို့တတ်ပါတယ်။ ဆောင်းတွင်းဆို ဒီက အိမ်တွေက အခန်းတွင်းအပူချိန် Room Temperature ကို လူတွေအတွက် လုံလောက်မယ့်အနွေးဓာတ်ရဖို့လောက်အထိ တင်ထားရတာပါ။ လူတွေအတွက် အဆင်ပြေပေမယ့် ခွေးလေးတွေအတွက်တော့ နည်းနည်းကသိကအောက်ဖြစ်ရမှာ သေချာပါတယ်။
လူတွေက အပြင်ကပြန်လာတာနဲ့ အနွေးထည်တွေအကုန်ချွတ်ပြီး Heater ကပေးတဲ့အပူရှိန်နဲ့နွေးပေမယ့် ခွေးလေးတွေကျတော့ သူတို့ရဲ့သဘာဝ Winter Coat ကို ချွတ်လို့မှ မရတာကိုး။ သဘာဝက နွေးထားပြီးသားကို လူလုပ်အနွေးနဲ့ထပ်လိုက်တော့ နှစ်ပြန်နွေးပြီး ချွေးကလေးတစိုစိုဖြစ်တာမျိုးပါ။ အဲ့ဒီအခါဆို သူတို့ကိုယ်က ချွေးနံ့ရော ခွေးနံ့ပါထွက်လာတတ်ပါတယ်။ သူတို့လည်း အိုက်စပ်စပ်နဲ့ဆိုတော့ နည်းနည်းယားတာမို့ ကုတ်တာခြစ်တာ လျှာနဲ့ယက်တာတွေ မကြာမကြာလုပ်တတ်ပါတယ်။ သူတို့ကိုယ်လေးတွေကိုကိုင်ပြီး အမွှေးအခြေ အရေပြားထိအောင် လက်နဲ့စမ်းကြည့်ရင် ခတ်ထန်းထန်းလေးဖြစ်နေတတ်ပါတယ်။
တယ်ရီယာသွေးနှောလေးတွေဖြစ်တဲ့ ကျနော့်ခွေးလေး ၂ ကောင်လုံးက အမွှေးရှည်လေးတွေပါ။ ချွေးလည်းစို့ လှောင်လည်းလှောင် အိုက်လည်း အိုက်စပ်စပ်ဖြစ်လို့ထင်ပါရဲ့ တခါတလေ အခင်းကော်ဇောလွတ်တဲ့ သစ်သားကြမ်းခင်းပေါ် အားလျားမှောက်လေးတွေ လုပ်လုပ်နေတတ်ပါတယ်။
မနေ့ညက ကျနော် ဝေါ်ရှင်တန်ဒီစီကပြန်ရောက်တော့ ၅ ၈ နာရီထိုးလုဆဲဆဲပါ။ ကျနော့်ကားသံကြားတော့ ၂ ကောင်လုံး အပေါက်ဝကနေ ငုတ်တုတ်လေးတွေ ထိုင်စောင့်နေပါတယ်။ အိမ်ထဲလှမ်းဝင်ဝင်ချင်း ဇနီးက ချိုင်းထောက်ကိုလှမ်းယူပြီး ခရီးဆောင်အိပ်ကိုတောင် နေရာမချရသေးဘူး ၂ ကောင်လုံး ကျနော့်ကိုယ်ပေါ်ထိုင်ချင်လွန်းလို့ အလုအယက်ဖက်တက်ကြတာပါ။ ကျနော် ဖိနပ်ချွတ်ပြီး ခုံပေါ်ထိုင်ချလိုက်တယ်ဆိုရင်ပဲ ဘယ်ညာတဘက်တချက်စီကနေ ၂ ကောင်သား ပေါင်ပေါ်မေးတင်ပြီး ထိုင်ကြပါတယ်။ ကျနော့်ရင်ခွင်ထဲ ခေါင်းလေးတွေ သူ့ထက်ငါအလုအယက်ထိုရင်း ပွတ်ခိုင်းပါတော့တယ်။ ကျနော်က လက်တဘက်တည်းရှိတာဆိုတော့ ၂ ကောင်လုံးကို တပြိုင်နက်တည်းပွတ်မရပါ။ ဒီတော့ တကောင်ကို လက်နဲ့ပွတ် နောက်တကောင်ကို ပြတ်နေတဲ့လက် တံတောင်ဆစ်နဲ့ ဖိဖိပေးရတာပါ။
ခနနေတော့မှ ကိုယ့်လက်ကိုယ်ပြန်နမ်းကြည့်တော့ သူတို့ချွေးနံ့ နံနေတာသတိထားမိပါတယ်။ ဇနီးနှာခေါင်းတချက်ရှူံ့ပြီး Stinky လို့ပြောပြီး ခွေးချွေးနံ့ပြယ်ဆေး Spray နဲ့ ၂ ကောင်လုံးကိုဖျန်းရပါတယ်။ ပြီးတော့ သဘက်ဟောင်းတထည်နဲ့ တကိုယ်လုံးသုတ်ပေးလိုက်တော့မှ အနံ့လည်းပြယ် အယားလည်းပြေသွားပြီး ငြိမ်သွားပါတယ်။ တကောင်က ပေါင်ပေါ်ပြန်တက်ထိုင် တကောင်က ဆိုဖာခုံရှည်ပေါ်ထိုင်ပြီး အီပါတော့တယ်။
ဒီတော့မှ ကျနော်လည်း ဘာသွားရည်စာမှ ပါမလာတာသတိထားမိပါတယ်။ ခါတိုင်းဆို ကျနော်အပြင်ကပြန်လာရင် သူတို့အတွက် သွားရည်စာ Treats တခုမဟုတ်တခုတော့ ပါလာလာတတ်ပါတယ်။ လမ်းက မဝယ်ဖြစ်တော့ အိမ်ထဲဝင်လို့တောင်းတာနဲ့ ပေးရအောင်ဆိုပြီး အိမ်အဝင်ဖိနပ်ချွတ်ခန်းက စင်လေးပေါ် တခုခု အရန်တင်ထားတတ်ပါတယ်။ ခုက အပြင်ကလည်းပါမလာ အိမ်ထဲဝင်တော့လည်း ရှေ့ပေါက်ဆိုတော့ ဟိုစင်ပေါ်မုန့်လည်း ယူမလာမိပါ။ ဒါနဲ့ ချက်ခြင်းထပြီး အမဲရိုးပုံလေးတွေလုပ်ထားတဲ့ ခွေးသွားရည်စာအချောင်းလေးတွေ တကောင်တခုစီပေးလိုက်တော့မှ ကိုယ်စီကိုက်ချီသွားပြီး ခုံပေါ်တက် ဝါးနေပါတော့တယ်။
ဇနီးက ခနနေမှ အမွှေးလေးတွေ ဖီးပေးသင်ပေး Brushing လုပ်ပေးမှ၊ နို့မို့ဆို အမွှေးတွေပွပြီး လိမ်ကျစ်နေရောလို့ပြောရင်း ဝေါ်ရှင်တန်ဒီစီခရီးအကြောင်းမေးပါတယ်။ ကျနော်လည်း ကားပေါ်မှာ ၉ နာရီလောက်ညောင်းလာတာဆိုတော့ မနက်ကျမှရေချိုးတာပေါ့ပြောရင်း ခုံရှည်ပေါ်လှဲချ၊ ခြေဆန့်လက်ဆန့်လုပ်ရင်း ခရီးစဉ်အကြောင်းပြောပြရပါတယ်။
ကျနော် အပြင်ကပြန်လာလို့ ကျနော့်ခွေးလေးတွေနဲ့ အဲ့သလို ခနလောက်နေလိုက်ရတယ်ဆို စိတ်ထဲ ကြည်နူးမိတာအမှန်ပါ။ ခုလည်း အမောပြေပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၃၁၊ ၂ဝ၁၉

(သဗထုန် သူပုန်ထတဲ့ဗျား)

0 comments
(သဗထုန် သူပုန်ထတဲ့ဗျား)
သဗထုန် သူပုန်ထအကြောင်းပြောမယ်ဆိုတော့ နောက်ကြောင်းလေး နည်းနည်းပြန်ကောက်ချင်ပါတယ်။ စစ်တပ်ကအာဏာသိမ်းအပြီး ပါတီတွေထောင်ကြဆိုတော့ NLD လည်း မှတ်ပုံတင်ပြီး ပေါ်လာတယ်။ ကျနော်တို့မင်္ဂလာဒုံမြိ့ုနယ်လည်း မြိ့ုနယ်ဆော်သြသူများ စဖွဲ့ကြတယ်။ အဲ့ဒီကနေမှ မြိ့ုနယ်အလုပ်အမှူဆောင်အဖွဲ့ ဖွဲ့ကြတယ်။ နောက်တော့ လူငယ်အလုပ်အဖွဲ့လည်း ဖွဲ့ဖြစ်လာတယ်။ မင်္ဂလာဒုံဟာ အပြန့်လည်းကျယ်သလို အလျားလည်းရှည်တာမို့ ထောက်ကြန့်နဲ့ မင်္ဂလာဒုံမြိ့ုနယ်ရုံးတွေရှိတဲ့နေရာက တကူးတကသွားရတယ်။ ထောက်ကြန့်လူဦးရေနဲ့နယ်မြေအကျယ်အဝန်းကလည်း မသေးလှတာကြောင့် မင်္ဂလာဒုံထဲမှာပဲ မြိ့ုနယ်ခွဲသဘောဆောင်တဲ့ လူကြီးအလုပ်အဖွဲ့ လူငယ်အလုပ်အဖွဲ့ ဖွဲ့ဖို့သဘောထားရှိကြတယ်။ ကျနော်က မြိ့ုနယ်လူကြီးအလုပ်အဖွဲ့မှာလည်းပါသလို မြိ့ုနယ်လူငယ်အလုပ်အဖွဲ့ထဲလည်း ပါနေတယ်။ ထောက်ကြန့်ကို မြိ့ုနယ်ခွဲသဘော လူကြီးအလုပ်အဖွဲ့ သတ်သတ်ထားဖို့ဆွေးနွေးတာက တော်တော်နဲ့မပြတ်နိုင်ဘူးဖြစ်နေတယ်။ မြိ့ုနယ်ကလည်း အအုပ်အစည်းပြည်မှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ချင်တယ်။ ထောက်ကြန့်က လူကြီးတချို့ကလည်း မြိ့ုနယ်သတ်သတ်သဘော မင်္ဂလာဒုံကနေခွဲထွက်မယ့်သဘော ပြောတာတွေလည်းရှိနေတယ်။
ကျနော်တို့ လူငယ်တွေသဘောကတော့ မင်္ဂလာဒုံဟာ စစ်တပ်နယ်မြေဖြစ်တယ်။ မင်္ဂလာဒုံ ဝိုင်ယာလက်စ်တဝိုက်ကတပ်တွေကို အဲ့ဒီဘက်ကလူတွေက စည်းရုံးတာကောင်းပြီး၊ ကျနော်တို့ထောက်ကြန့်ဘက်က တပ်မိသားစုတွေကို ကျနော်တို့စည်းရုံးတာကောင်းတယ်ဆိုတဲ့အထိုင်ပေါ်ကနေ မြိ့ုနယ်သတ်သတ်လည်းမဟုတ်ဘူး၊ မင်္ဂလာဒုံမြိ့ုနယ်အလုပ်အဖွဲ့ရဲ့လက်အောက်ခံလည်း မဟုတ်ဘူး၊ ကြားသဘောဆောင်ပြီး အလုပ် လုပ်လို့ဖြစ်မယ့်အနေအထားတခုခုကို ဖန်တီးချင်တယ်။ အဲ့ဒါ ထောက်ကြန့်ကလူငယ်တွေသဘောထား။
ဒါနဲ့ ကျနော်က ဒီသဘောထားကိုင်ပြီး ရန်ကုန်တိုင်းလူငယ်မှာဆွေးနွေးကြည့်တယ်။ အဲ့ဒီတုန်းက တိုင်းလူငယ်တာဝန်ခံက ကိုမောင်မောင်ဦး(အခု အင်းစိန်အမတ်)။ နောက် ကိုရန်အောင်(အခု တိုင်းဒေသကြီးလွှတ်တော်အမတ်)တို့နဲ့လည်း ပြောဖြစ်တယ်။ အဲ့သလိုပြောဆိုနေတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကျနော်နဲ့တွေ့ချင်တယ်ဆိုပြီး ကိုဝင်းလှိူင်ကတဆင့် သိရတယ်။ နောက်တော့ ကျနော် ဒေါ်စုနဲ့ သီးသန့် ၃ ကြိမ်တွေ့ဖြစ်တယ်။ တခြားကိစ္စတွေပြောရင်းကပဲ မြိ့ုနယ်လူငယ်အလုပ်အဖွဲ့အခြေအနေတင်ပြပြီး ထောက်ကြန့် လူငယ်အလုပ်အဖွဲ့ ဖွဲ့စည်းဖို့လိုအပ်ကြောင်းတင်ပြတော့ ကိုမောင်မောင်ဦးတို့ ကိုရန်အောင်တို့နဲ့တိုင်ပင်ပြီးလုပ်ပါ၊ မြိ့ုနယ်နဲ့ သတ်သတ်ကြီးဖြစ်သွားတာမျိုးမဖြစ်အောင်တော့ ဂရုစိုက်ပါလို့ပြောတယ်။
ချုပ်ရရင် ဒါနဲ့ ထောက်ကြန့်မှာ လူငယ်အလုပ်အဖွဲ့လေးပေါ်လာတယ်။ ကျနော် တာဝန်ခံဖြစ်လာတယ်။ လုပ်ရကိုင်ရလည်း လွတ်လပ်လာတယ်။ ထစ်ကနဲရှိ မြိ့ုနယ်ပြေးသတင်းပို့နေရ ခွင့်ပြုချက်တောင်းနေရတာလည်းမရှိတော့ လုပ်နိုင်တာတွေလည်း များတယ်။ လုပ်ရတာလည်း သွက်လာတယ်။ ဒါပေမယ့် ငွေရေးကြေးရေးမှာ ပြဿနာကရှိတယ်။ လူကြီးအလုပ်အဖွဲ့မရှိပဲ၊ လူကြီးတွေဆီကနေ ငွေကြေးအထောက်အပံ့မရပဲ ကျနော်တို့ ဘယ်လောက်ကြာကြာထိ အိပ်စိုက်လုပ်နေနိုင်မလဲပေါ့။ ဒါနဲ့ လူကြီးအလုပ်အဖွဲ့ခွဲပေါ်လာရေးအတွက် လူကြီးတွေနဲ့တိုင်ပင်ရတယ်။ အဲ့ဒီမှာ သဗထုန်သူပုန်ထနဲ့ တည့်တည့်တိုးတော့တာပါပဲ။
ထောက်ကြန့် လူကြီးအလုပ်အဖွဲ့ခွဲလေးပေါ်လာတော့ ထုံးစံအတိုင်း ပိုက်ဆံလေးလည်းရှိ ရန်ပုံငွေလေးလည်းထည့်နိုင် အချိန်လေးလည်းပေးနိုင် လူရည်လေးလည်းလည် အတွေ့အကြုံလေးလည်းရှိ ပညာလေးလည်းတတ် စသဖြင့်အရည်အချင်းတွေနဲ့ပုဂ္ဂိုလ်တွေလည်း မဖြစ်မနေပါရတာပေါ့လေ။ လူကြီးအလုပ်အဖွဲ့ဥက္ကဌ ဗိုလ်ကြီးဟောင်းကျော်မြင့်ကတော့ သမာသမတ်လည်းကျ တည်လည်းတည်တည်ကြည်ကြည် လူရိုသေရှင်ရိုသေလည်းဖြစ် ဘယ်ကိစ္စနဲ့မှ ဘာနံမည်ပျက်မှလည်းမရှိတဲ့အပြင် ဦးဝင်းတင်တို့ဇီးကုန်းတမြိ့ုတည်းသား ငယ်သူငယ်ချင်းတွေလည်းဖြစ်ဆိုတော့ လူငယ်တွေနဲ့ အတော်လေးအစေးကပ် အဆင်ပြေပါတယ်။ သူ ထိန်းထားလို့ တခြား လူကြီးတွေလည်း သိတ်တက်ထောင်မောင်းနင်း မလုပ်ဝံ့တာပါ။ ထားပါတော့လေ အဲ့ဒါတွေက နောင် အလျဉ်းသင့်ရင် သတ်သတ်ရေးပါ့မယ်။
ဆိုတော့ လူကြီး/လူငယ်အလုပ်အဖွဲ့လေးလည်း ရှိလာပြီဆိုတော့ တွဲလုပ်ကြ တွဲအစည်းအဝေးထိုင်ကြတွေလည်း ရှိပါတယ်။ တရက်တော့ လူကြီးအလုပ်အဖွဲ့နဲ့လူငယ်အလုပ်အဖွဲ့ အစည်းအဝေးလေးတခုဖြစ်ပါတယ်။ ကိစ္စကတော့ သေချာမမှတ်မိတော့ပါ။ ဖြစ်နိုင်တာကတော့ လစဉ်ပုံမှန်အစည်းအဝေး ဖြစ်ဖို့များပါတယ်။ လူကြီးအလုပ်အဖွဲ့ထဲမှာ ဒုရဲအုပ်လား စခန်းမှူးကလားမသိ ထွက်လာတဲ့အငြိမ်းစားတယောက် ပါပါတယ်။ နံမည်ကတော့(မပြောလည်းဖြစ်ပေမယ့် ပြောပါရစေ) ဦးအောင်ခြိမ့်ပါ။ သူက အစည်းအဝေးတခုခုပြီးတိုင်း လူငယ်တွေနဲ့ စကားဆက်တတ်ပါတယ်။ သူ့အတွေ့အကြုံတွေ သူဖတ်ထားမှတ်ထားတာတွေကို ပြန်ပြောပြတဲ့သဘောမို့ ကျနော်လည်း သူ့စကားဆုံးတဲ့အထိ နားထောင်တတ်ပါတယ်။ တချို့ဟာတွေကတော့ ကျနော် ဖတ်မိမှတ်မိတာတွေနဲ့ မတူကွဲပြားတတွေပါ။ ဒါပေမယ့် ဘာမှ ငြင်းခုန်ပြောမနေပဲ အသာနားထောင်နေလိုက်တာ များပါတယ်။ ဒါပေမယ့် “သူပြောတာက ဒီလို၊ ဒီစာအုပ်ထဲမှာက ဒီလိုရေးထားပြောထားတာကွ“ဆိုပြီး တခြားလူငယ်တွေကို သူ့ကွယ်ရာမှာ ပြောလည်းပြ စာအုပ်တွေလည်း ပေးဖတ်တာမျိုးတော့ ကျနော် လုပ်ပါတယ်။
တနေ့တော့ အစည်းအဝေးလုပ်နေတုန်းမှာ ပြည်တွင်းစစ်အစအကြောင်းရောက်သွားတော့ ဦးအောင်ခြိမ့်က ကွန်မြူနစ်တွေ ဘယ်လောက်ဆိုးကြောင်း၊ ပြည်တွင်းစစ်မီးကို ဘယ်လိုမွှေးကြောင်းတွေ အာပေါင်အာရင်းသန်သန်နဲ့ ပြောပါတယ်။ ပြောနေရင်းက ဘာပါလာလဲဆိုတော့ “ကွန်မြူနစ်ခေါင်းဆောင် ဟိန္ဒူကုလား ဂိုရှယ်ခေါ် ဘတင်က သဗထုန် သူပုန်ထဆိုပြီး တပြည်လုံးကို ကြေညာတော့တာ......“ဆိုတာက ပါလာတယ်။ ကျနော်က ရီလည်းရီချင်၊ အားလည်း နာ၊ တခုခု ပြန်ပြောဖို့ကျတော့လည်း အစည်းအဝေးကြီးထဲမို့ မသင့်။ အီလည်လည်ကြီး ဖြစ်နေတုန်း ဥက္ကဌဦးကျော်မြင့်က ကျနော့် လှမ်းပြီး မျက်ရိပ်ပြတယ်။ ဘာမှမပြောနဲ့ နေပေ့စေဆိုတဲ့သဘောပေါ့။
ဒီလိုနဲ့အစည်းအဝေးပြီးသွားတယ်။ ထုံးစံအတိုင်း လူငယ်တချို့နဲ့အစည်းအဝေးအပြင်မှာပြောကြတော့မှ ကျနော်က သူ့ကို “ဦးလေး သဗထုန် သူပုန်ထ မဟုတ်ပါဘူး။ သပိတ်စုံ သူပုန်ထပါ။ ဒါတောင် အမှန် မဟုတ်သေးပါဘူး။ အပြည့်အစုံ မဟုတ်သေးပါဘူး။ တကယ်က သပိတ်စုံမှ သူပုန်ထဖြစ်ပါတယ်။ မှတလုံး ပါပါသေးတယ်“ဆိုပြီး ၄၈ ခုနှစ် ဖဆပလ လူဖမ်းပွဲကြီးလုပ်တော့ ကွန်မြူနစ်တွေ ခြေလွတ်လက်လွတ် ထွက်ပြေးရတဲ့အကြောင်း၊ ရသမျှ ပါတီလူကြီးတွေစုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်မလုပ်ဘူး စည်းဝေးကြတော့ ရဲဘော်ဘတင်ခေါ် ဂိုရှယ်က လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ စောသေးတယ် အချိန်မကျသေးဘူး၊ မြိ့ုတွေရွာတွေမှာ အလုပ်သမားလယ်သမားတွေ အစိုးရဝန်ထမ်းတွေအပါအဝင် တပြည်လုံးမှာ သပိတ်တိုက်ပွဲတွေ အရင်ဆင်နွှဲ၊ သပိတ်တွေစုံပြီး လူတွေမှာ လက်နက်ကိုင်တော်လှန်ရေးအသိတွေနိုးကြားလာမှ တောင်းဆိုလာမှ လက်နက်ကိုင်တော်လှန်ရေးကို သွားသင့်တယ်၊ သပိတ်စုံမှ သူပုန်ထသင့်တယ်လို့ပြောတာပါ“လို့ ချုပ်ပြီးပြောတော့ သူ ကြက်သေ သေသလိုဖြစ်ပြီး ခန ဆွံ့သွားပါတယ်။
ဒါနဲ့ ကျနော်က စကားတည်ကို ဖျော့တဲ့သဘော အရှိန်လျှော့တဲ့သဘောနဲ့ ရယ်ကျဲကျဲလုပ်ပြီး “ဦးရယ် ကွန်မြူနစ်တွေက သဗထုန်သူပုန်ထလို့တော့ မနောက်လောက်ပါဘူး။ သူတို့ကပြောရင် အတည်ပြောတာ။ အတည်ပြောလွန်းလို့ ခက်ဗားနေတာပါ။ ကြည့်ပါလား အရင်းရှင်တွေအရင်ရှင်းရမယ်ပြောပြီး သူတို့အချင်းချင်း အရင်ရှင်းကုန်ကြတာ၊ ဗားကရာချောက်ကြီး ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်ဘာညာပြောပြီး ဆိုရှယ်လစ်တွေလိုက်ဖမ်းတော့ ကိုယ့်အရိုးတောင် ကိုယ်မကောက်နိုင်ပဲ ခွေးပြေးဝက်ပြေးပြေးရတာ“ ဆိုပြီး ရယ်မောစရာလုပ်ပစ်ခဲ့ပါတယ်။ စကားဝိုင်းကတော့ အဲ့ဒီမှာ ပြီးသွားပါတယ်။ ကျနော်ကတော့ ဒီကိစ္စကို ပြယ်ပြယ်ပြေးပြေး ပြီးပြီးပျောက်ပျောက်ထားလိုက်ပါတယ်။ ဒါပေမယ့် သူ့ဘက်ကတော့မပြီးပါ။ ကျနော့်ကို ဗကပ စကားတွေပြောတယ်လို့ တခြားလူတွေကိုပြောသံပြန်ကြားပါတယ်။
ကျနော့်ကို ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ ဒေသကော်မတီ မြေအောက်တော်လှန်ရေး (UG)ကိစ္စနဲ့ဖမ်းတော့ သူက “အစက ငါမပြောလား“လို့ ပြောတာလည်း ပြန်ကြားရပါတယ်ဗျား။
မျိုးမြင့်ချို
အောက်တိုဘာ ၃၁၊ ၂ဝ၁၉