Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
က်ေနာ္စာသင္ေနတာပါ
Blog Archive
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Sunday, March 12, 2023
ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်
at
12:48 AM
Posted by
myo
0
comments
Friday, March 10, 2023
ဇော်ဝင်းတင့်ခေါ် ဇ,ဝ,တ
at
2:05 PM
Posted by
myo
0
comments
ဒီလုံး
at
2:04 PM
Posted by
myo
0
comments
Tuesday, March 7, 2023
ကညွှတ်ကွင်းအိမ်ပြေး ၅၉
at
1:39 AM
Posted by
myo
0
comments
(ကညွှတ်ကွင်းအိမ်ပြေး ၅၉)
အမေ။ ကျွန်တော် အံအားလည်းသင့် လန့်လည်းလန့်သွားပါသည်။ ပါးစပ်မှလည်း “အမေ”ဟုထွက်သွားပါသည်။ လန့်သွားသည်ဆိုမှာ အမေ့ကိုကြောက်ခြင်း မဟုတ်ဘဲ မထင်မှတ်သည့်အချိန် မထင်မှတ်သည့်နေရာတွင် အမေ့ကို တွေ့လိုက်ရသောကြောင့် အထိတ်တလန့် ဖြစ်သွားခြင်းဖြစ်ပါသည်။ ကျွန်တော့်လက်မောင်းကိုင်ထားသည့် အမေ့လက်မှာ တင်းတင်းကျပ်ကျပ်။ ဘယ်တော့မှ ပြန်မလွှတ်တော့မည့် တင်းကျပ်မှုမျိုး။ ကျွန်တော် နည်းနည်းရုန်းကြည့်သည်။ မရ။ သို့ဖြင့်ကျွန်တော်မတ်တပ်ရပ်လိုက်ရသည်။
ထိုအချိန်တွင် လူလည်း အထိုက်အလျှောက် စုမိနေပြီ။ လူတွေက ကျွန်တော်နှင့် အမေ့ကိုကြည့်နေကြသည်။ ငတင့်ကလည်း အူကြောင်ကြောင်ဖြင့် ကျွန်တော်တို့ကိုကြည့်နေသည်။ အမေက ဘယ်မှာလဲ ဝဏ္ဏဆိုတာဟုမေးတော့ ကျွန်တော် အယောင်ယောင်အမှားဖြင့် ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသေးသည်။ စိတ်ပူနေသော်လည်း အမေ့လေသံမှာ ပုံမှန်ပင်။ ကားဂိတ်တဲထဲက ဆရာဝဏ္ဏအား လက်ညှိုးထိုးပြရင်း ဟိုမှာအမေဟုပြောလိုက်ချိန်တွင် သူကလည်း ကျွန်တော်တို့ကို ကြည့်နေချိန်ဖြစ်သည်။ အမေက ကျွန်တော့်လက်ကိုဆွဲယူကာ ကားဂိတ်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။
ကားဂိတ်ထဲတွင် ကားသမားများနှင့် ခရီးသည်တချို့ရှိနေသည်။ အမေက ကျွန်တော့်လက်မောင်းကိုဆွဲကာ ဆရာဝဏ္ဏဆီသို့တည့်တည့်သွားပြီး ဒါငါ့သားပဲ၊ ပျောက်လို့လိုက်ရှာနေတာ၊ ရဲစခန်းမှာလည်း လူပျောက်အမှု ဖွင့်ထားတယ်၊ ငါ အခု ခေါ်သွားမယ်၊ ယီးတီးယားတာလုပ်ရင်တော့ ငါ ရဲခေါ်မယ်ဟု တဆက်တည်းပြောတော့ ဂိတ်တဲထဲက လူတွေက အမေ ကျွန်တော်နှင့် ဆရာဝဏ္ဏတို့ကို တလှည့်စီကြည့်နေကြသည်။ မင်းနှယ်ကွာ ဘယ်ကမှန်းမသိတဲ့ ဘယ်သူ့သားသမီးမှန်းမသိတဲ့ကလေးတယောက်ကို ခေါ်ခိုင်းရတယ်လို့ဟုပြောသည် အမေ့လေသံတွင် ပြစ်တင်သံ ပါနေသည်။ ကျွန်တော်ခေါ်လာတာမဟုတ်ပါဘူး အန်တီ သူ့ဘာသာကျွန်တော့်နောက် လိုက်လာတာပါ ဟု ဆရာဝဏ္ဏက ရို့ရို့ကျိုးကျိုးပြန်ဖြေပါသည်။
အေးလေ သူက လိုက်လာဦးတောင် မင်းက မိဘတွေအကြောင်းမေးမြန်းပြီး အိမ်လိုက်ပို့ဖို့ကောင်းတာပေါ့၊ ခုတော့ ဘယ့်နှယ်ကွယ် မျက်လှည့်ဝိုင်းမှာ ခိုင်းစားရတယ်လို့ဟု ထပ်ပြောပါသည်။ ထိုအခါ ဆရာဝဏ္ဏလေသံပြောင်းသွားပြီး ကျွန်တော် ခိုင်းစားတာမဟုတ်ပါဘူး သူ နေစရာမရှိ စားစရာမရှိဖြစ်နေလို့ ကြည့်ရှုထားတာပါ၊ သူ့လည်းမေးကြည့်ပါဟု ခတ်ဆတ်ဆတ်လေးပြန်ပြောပါသည်။ ဂိတ်တဲထဲက လူတွေကလည်း ကျွန်တော်တို့ကို တလှည့်စီလိုက်ကြည့်ရင်း တိုးတိုး တိုးတိုးပြောနေကြသည်။
ကဲကဲထားပါတော့ ငါ့သားက ဒုက္ခရောက်နေလို့ မင်းကကြည့်ရှုထားတာဆိုလည်း ကျေးဇူးတင်ပါတယ်၊ ကဲ အန်တီ သူ့ကို တခါတည်းခေါ်သွားမယ် ဟုတ်လားဟုပြောတော့ ဆရာဝဏ္ဏက ဟုတ်ကဲ့ဟုတခွန်းသာပြောပြီး ကျွန်တော့်ကို နှုတ်ဆက်သလိုကြည့်နေပါသည်။ ငတင့်လည်း လူတွေတန်းလန်းထားခဲ့ပြီး ကျွန်တော်တို့ဆီရောက်ချလာပါသည်။ ကျွန်တော်က ငတင့် ငါ အမေနဲ့ပြန်လိုက်သွားတော့မယ်ဟုပြောတော့ ငတင့်က အေးဟုတခွန်းပြောပါသည်။ ကျွန်တော်ကသာ စိတ်မကောင်းသလိုလို ဝမ်းနည်းသလိုလိုဖြစ်နေသော်လည်း ငတင့်မျက်နှာတွင် ဘာခံစားမှုမှ ရှိမနေပါ။ ကျွန်တော်နှင့် ခဏဆုံရသည် ခုပြန်ခွဲရသည်။ သူ့အဖို့မဆန်းသလိုဖြစ်နေသည်။ တကယ်က ကျွန်တော် ငတင့်ကို ခင်သည်။ ခင်သည်ဆိုတာထက် သနားသလိုဖြစ်တာက ပိုသည်။ ခုတော့ ကျွန်တော်ခင်သည့် သနားသည့် ငတင့်နှင့်ခွဲရတော့မည်။ ဘယ်တော့ ပြန်တွေ့ရမယ်မှန်း မသိတော့။
ဆရာဝဏ္ဏ ကျွန်တော့် လက်မောင်းကိုကိုင်ကာ ကဲ...မောင်မျိုး မင်းအမေနဲ့လိုက်သွားတော့၊ ငါ နောက် ထောက်ကြန့်ကို လာပြတဲ့အခါ မင်းလာခဲ့ပေါ့ကွာ၊ အဲ့ဒီတော့ တွေ့ကြတာပေါ့ဟု ပြောပါသည်။ ကျွန်တော် ငိုချင်သလိုလို ဝမ်းနည်းသလိုလိုခံစားရသည်။ သို့သော် မငိုမိ။ အမေက ကျွန်တော့်လက်ကိုဆွဲကာ ကားပေါ်တက်လာချိန်တွင် ကျွန်တော် အသာတကြည်လိုက်ခဲ့သည်။
ကားပေါ်ရောက်မှ နောက်ပြန်လှည့်ကြည့်တော့ ငတင့်နှင့်ဆရာဝဏ္ဏကို ဝေဝေဝါးဝါးမြင်ရသည်။ ကျွန်တော့် မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှံနေသည်။ ကားနားအထိလိုက်လာသော ငတင့်က ကားအောက်မှနေ၍ လက်ထောင်ကာ တာ့တာဆိုသည့်သဘောဖြင့် ယမ်းပြသည်။ သူတကယ်တော့ ဝမ်းနည်းနေပါလိမ့်မည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို လှမ်းပြုံးပြနေသည်ဟုထင်ပါသည်.။
ကားပေါ်ထိုင်မိတေ့မှ အမေက ဟင်းချကာ အမေစိတ်ပူလိုက်ရတာ သားရယ်။ မင်းနှယ် တော်တော် လုပ်ရက်တာပဲဟု ပြောကာ ကျွန်တော့်ကို တင်းကျပ်နေအောင် ဖက်လိုက်ပါသည်။ ကားကြီးလည်း ဘီးစလှိမ့်ပါပြီ။ လက်ပြနေသော ငတင့်လည်း ကားဘေးတွင်မရှိတော့။ ဆရာဝဏ္ဏလည်း ဂိတ်တဲထဲမှ ထွက်သွားသည်။ ထိုအချိန်တွင် ကျွန်တော် ဝမ်းနည်းသလိုလို ဝမ်းသာနေသလိုလိုဖြစ်နေပါသည်။ စိတ်က အဖေဦးဖိုးထောင်ဆီရောက်လိုက်၊ အမေခဆီရောက်လိုက်၊ ငတင့်ဆီရောက်လိုက်၊ ဆရာဝဏ္ဏဆီရောက်လိုက်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၈။ ၂၀၂၃
ကညွှတ်ကွင်းအိမ်ပြေး ၅၈
at
1:37 AM
Posted by
myo
0
comments
(ကညွှတ်ကွင်းအိမ်ပြေး ၅၈)
ကျွန်တော့စိတ်တွေ နည်းနည်းရှုပ်ထွေးလာသလို ဆရာဝဏ္ဏကိုလည်း ဟိုလိုလိုဒီလိုလိုထင်မိပါသည်။ အိမ်ပြန်ရောက်တော့ ငတင့်က ဓားမကြီးတလက်နှင့် ထင်းခွဲနေတာတွေ့ရပါသည်။ ဆရာဝဏ္ဏက ငတင့်ရေ ပြီးရင်လာကွာ လုပ်စရာရှိတယ်ဟုပြောသည်။ ငတင့်လာတော့ ဇလုံယူခဲ့ဟုပြောပါသည်။ ငတင့်က ရေဖြည့်ထားသည့် ဇလုံခတ်လတ်လတ်တလုံးယူလာပြီး ဆရာဝဏ္ဏလှမ်းပေးသည့် ပင်နီဆလင်ပုလင်းလေးကိုယူကာ ဇလုံထဲဖောက်ထည့်ကာ တုတ်တလေးဖြင့်မွှေ၏။ တခန်းလုံး မွေးကြိုင်သွား၏။
နောက်မှ ဖောင်တိန်မင်ထည့်သည် ပလပ်စတစ်စုပ်ပြွန်လေးနှင့်စုပ်ယူကာ ကျွန်တော်သယ်လာသည့် မိုးရေပုလင်းလေးတွေထဲကို စိတ်ရှည်လက်ရှည် ဖြည့်ပါသည်။ ပထမဆုံးပုလင်းပြည့်တော့ ကျွန်တော့်အား မင်းက ဟိုဖော့စို့လေးတွေနဲ့ ပုလင်းကိုပိတ်ဟုပြောသဖြင့် ပိတ်ကြည့်ရာ အဆင်မပြေပဲ ပုလင်းထဲက နံ့သာဖြူရည်တွေပါ ထွက်ကျကုန်ပါသည်။ ဆရာဝဏ္ဏက ငါပြမယ်ဟုပြောပြီး ပြပေးပါသည်။ နောက်ပုလင်းတွေကျ အားလုံး အဆင်ပြေသွား၏။ ဤသို့ဖြင့် ငတင့်ကအရည်ဖြည့်လိုက် ကျွန်တော်က ဖော့စို့လေးဆို့လိုက်နှင့် ပုလင်းတထောင်ခန့် ရှိသွားပါသည်။
ဆရာဝဏ္ဏ ပုလင်းငါးဆယ်ခန့်ကို အတက်ချီကေ့စ်ထဲက ဘူးလေးတဘူးထဲထည့်သည်။ ကျန်တာတွေကို ပလပ်စတစ်အိတ်ဖြင့်ထုတ်သည်။ ထို့နောက် အတက်ချီကေ့စ်ထဲက ပလပ်စတစ်အထုတ်ကလေး တထုတ် ထုတ်ကာ နည်းနည်းသွန်ချလိုက်တော့ ရှင်သီဝလိရုပ်ပွားတော်တွေ ထွက်ကျလာသည်။ အဆူ ငါးဆယ်ခန့်ရေပြီး ဖန်ကြုတ်ကလေးထဲထည့်ကာ ကျန်တာကို ပြန်သိမ်းထားလိုက်တာတွေ့ရပါသည်။ ကျွန်တော့်အထင် ပလပ်စတစ်အိတ်ထဲတွင် ရုပ်ပွားတော်အဆူရာနှင့်ချီ၍ရှိမည်ထင်ပါသည်။ ဆရာဝဏ္ဏပြောတော့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးတပါးက ဆင်စွယ်အစစ်ဖြင့်ထုထားသည့် ရှင်သီဝလိရုပ်ပွားတော်အဆူ ငါးဆယ်ခန့် သူ့ကို စွန့်ကြဲ သွားခဲ့သည်ဟုဆိုသည်မဟုတ်လား။ ခုတော့ ရုပ်ပွားတော်တွေက တပုံကြီး။ ဒါ့အပြင် မျက်လှည့်ဝိုင်းထဲမှာတုန်းကလို ရုပ်ပွားတော်တွေကိုလည်း လက်အုပ်ချီတာဘာတာမတွေ့ရ။ သာမန်ပစ္စည်းတွေလို ကိုင်တွယ်နေတာဖြစ်သည်။ ကျွန်တော်စိတ်တွေ ပိုရှုပ်ထွေးကုန်သည်။ မေးမိတော့မလို့ဖြစ်ပြီးမှ ညကျမှ ငတင့်ကို မေးတော့မယ်ဟု တေးထား လိုက်ပါသည်။ ဤသို့ဖြင့် ညနေစာ စားကြပါသည်။ ဆရာက မနက်ဖြန်တရက်နားဦးမယ်၊ နောက့်နေ့ကျမ မှော်ဘီမှာ တပွဲပြပြီး တိုက်ကြီးဘက်တက်ကြတာပေါ့ဟုပြောပါသည်။
ညအိပ်ယာဝင်တော့ ကျွန်တော်က ငတင့်ကို တိုးတိုးမေးပါသည်။ ငတင့်က မင်းကလည်းကွာ ဒီလိုပဲပေါ့ဟုပြောပါသည်။ မဟုတ်ဘူးလေကွာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ ပုပ္ပါးကအထက်ပုဂ္ဂိုလ်တွေဆိုတာ မဟုတ်ဘူးပေါ့၊ ဒါတွေအားလုံးက လိမ်တာချည်းပဲပေါ့ဟု ထပ်မေးတော့ မင်းကလည်းကွာ ဒီလိုပဲပေါ့ဟု ထပ်ပြောပါသည်။ ပြီးတော့မှ လေသံ ခတ်ဆတ်ဆတ်ဖြင့် မင်းသိထားရင် မင်းစိတ်ထဲမှာပဲထား၊ ဟေ့ကောင်၊ အပြင်မှာလျှောက်မပြောနဲ့၊ ဆရာသိရင် မင်းကိုမောင်းထုတ်လိမ့်မယ်၊ အဲ့ဒီကျ မင်းဘယ်သွားနေမလဲဟု ပြောပါသည်။ ဘယ်သွားနေမလဲဟူသည့်စကားကြောင့် ကျွန်တော် အတော်လန့်သွားပါသည်။ ငတင့်ပြောတာ ဟုတ်သည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို မောင်းထုတ်လိုက်လျှင် ကျွန်တော် ဘယ်သွားနေမလဲ။ အမေခတို့ဆီပြန်လို့လည်း မဖြစ်။ အိမ်ပြန်လို့လည်းမရနှင့် ကျွန်တော်ဒုက္ခတွေ့တော့မည်။
ဒီအရာတွေအားလုံး ငတင့်သိထားပြီးဖြစ်သည်။ သို့သော် ဘာမှမမေး။ မပြော၊။ မသိသလိုနေသည်။ လုပ်စရာရှိ လုပ်သည်။ စားစရာရှိစားသည်။ ခိုင်းတာမှန်သမျှ အကုန်လုပ်သည်။ အလုပ်ရှိသည့်နေ့ တနေ့ ၅ ကျပ်ပေးတာကို ယူသည်။ ကျွန်တော့်မှာ လောလောဆယ် သွားနေစရာ ဘာမှမရှိ။ ဆရာဝဏ္ဏဆီပဲ နေရမည်။ ထိုသို့နေလျှင် ဆရာဝဏ္ဏအကြိုက်ပဲနေရမည်။ ငတင့်လိုနေရမည်။ ဆရာဝဏ္ဏပြောသည့် ငတင့်လိုနေဆိုသည်မှာ ဒါပဲဖြစ်မည်။
တော်တော်နှင့် အိပ်မပျော်တော့။ အမေခတို့ကိုလည်း လွမ်းသလိုလိုဖြစ်မိသည်။ အမေ့အိမ်ကလို မွေ့ယာနှင့် ခြင်ထောင်နှင်အိပ်ရသလိုမဟုတ်သော်လည်း အမေခတို့တဲကြီးက ကောက်ရိုးခင်းအိပ်ယာကို အောက်မေ့မိသည်။ ညဘက်ဆိုလျှင် အဖေဦးဖိုးထောင်နှင့် အမေခအကြားအိပ်ရတာ စိတ်လုံခြုံသည်။ အဖေ့အရက်စော်နံနံလေးကို ပြန်အမှတ်ရသည်။ အမေ့ ကြွက်ကြပ်တိုက် ခြောက်စပ်ကြော်လေးကို ပြန်စားချင်သည်။ အဖေနှင့် ကြွက်ထောင် ပြန်လိုက်ချင်သည်။ ကျွန်တော်အမေခတို့ဆီနေတုန်းက ငတင့်လို မနေခဲ့ရ။ ငတင့်လုပ်တာတွေလည်း မလုပ်ရ။ ခုတော့ လုပ်ရတော့မည်။ ကျွန်တော်က နေရာသစ်တွေရောက်ဖူးချင်သည်။ အတွေ့အကြုံသစ်တွေရချင်သည်၊ ခရီးတွေ သွားချင်သည်။ အမေခတို့ဆီတွင် ဒါတွေမရ။ ဒါတွေရနိုင်တာက ဆရာဝဏ္ဏဆီမှပဲဖြစ်သည်။ ဒီတော့ ဆရာဝဏ္ဏဆီ နေမှဖြစ်မည်။ ထိုသို့နေမည်ဆိုလျှင် ငတင့်လိုနေမှရမည်။ ဟုတ်သည် ကျွန်တော် ငတင့်လိုနေရမည်။
ဤသို့ဖြင့် ခရီးစထွက်မည့်နေ့ရောက်လာသည်။ ဘာ့စ်ကားဖြင့် မှော်ဘီသို့သွားကြသည်။ ကျွန်တော်တို့ ဈေးရှေ့ မှော်ဘီကားဂိတ်နားတွင် မျက်လှည့်ပြမည်။ ဝိုင်းခင်းနေတုန်း ကျွန်တော်က ဘင်ထု၍ လူစုရသည်။ လူတွေ များများလာတာကြည့်ရင်း ကျွန်တော်ပျော်လာပါသည်။ ခေါင်းတွေကိုယ်တွေပါ လှုပ်လာသည်။ လူမမြင်အောင် မျက်နှာငုံ့ထားရန်တွေဘာတွေ မရှိတော့။ မျက်နှာမော့ကာ ဘင်ထုရင်းအားလုံးကို မေ့သွားသည်။ ဘင်ထုနေတာထဲပဲ စိတ်ကစူးနေသည်။ ဆရာဝဏ္ဏကတော့ ဂိတ်တဲထဲတွင်ထိုင်ပြီး ကားသမားတွေနှင့် စကားပြောလိုက် တဝါးဝါး ပွဲကျလိုက်နှင့်။ ငတင့်ကလည်း စားပွဲတွေခင်းလိုက် စည်းတွေသားလိုက်နှင့်။
ထိုအချိန်တွင် တစုံတယောက်က ကျွန်တော့်လက်မောင်းကို ညှစ်ကာဆွဲထူရင်း သား...လာ..ထ အိမ်ပြန်မယ်ဟု ပြောသံကိုကြားရလိုက်သည်။ မော့ကြည့်လိုက်တော့..............။
(ဆက်ပါဦးမည်)
ကညွှတ်ကွင်းအိမ်ပြေး ၅၇
at
1:36 AM
Posted by
myo
0
comments
(ကညွှတ်ကွင်းအိမ်ပြေး ၅၇)
တော်လေးကြာတော့ ဝက်သားတတွဲနှင့် အထုတ်တွေနှင့် အမပြန်ရောက်လာသည်။ ဆရာဝဏ္ဏကမြင်တော့ မင်း ဝက်သားမစားဘူးမို့လားဟုမေးပါသည်။ ကျွန်တော် ခေါင်းညိတ်ပြတော့ မိန်းမရေ နင်တခြား ဘာပါလာသေးလဲဟ၊ မောင်မျိုးက ဝက်သားမစားဘူးဟုပြောတော့၊ ထင်တော့ထင်သား၊ ငါးဖမ်းမဆားနယ်ပါလာတယ် အဲ့ဒါ ကြော်ပေးမယ်ဟုပြောပါသည်။ ကျွန်တော် သူ့နံမည်မသိပါ။ သိစရာလည်း မလိုဟုထင်သည်။ ငတင့်လည်း သိသည်ဟုမထင်ပါ။ အမဟုခေါ်လိုက်လျှင် ပြီးပြီမဟုတ်လား။
နောက် အမက နောက်ဖေးကြမ်းပြင်တွင်ထိုင်ကာ ထုတာထောင်းတာ လှီးတာချွတ်တာတွေလုပ်သည်။ ထိုအချိန်တွင် မီးဖိုးပေါ်မှထမင်းအိုးက ပွက်လာသည်။ အကိုရေ တချက်လောက်မွှေပေးပါဦးဟုဆိုတော့ ဆရာကထပြီးမွှေသည်။ ပြီးတော့ အဲ့အနားတွင်ပဲ ဆောင့်ကြောင်ထိုင်နေပါသည်။ ခဏနေတော့ ဆရာက ထမင်းအိုးငှဲ့ပါသည်။ ကျွန်တော်က ဆရာ့ကိုအံ့ဩနေပါသည်။ ဆရာသည် ကွင်းထဲတွင် ဆရာမဟုတ်လား။ အိမ်တွင် ထမင်းအိုးငှဲ့စရာမလိုဟုလည်း ထင်မိပါသည်။
တအောင့်လောက်ကြာတော့ ကျွန်တော်တို့ ထမင်းစားကြသည်။ ကြမ်းပြင်ပေါ်ထိုင်ပြီး စားရတာဖြစ်သည်။ ဝိုင်းအလယ်တွင် ဝက်သားဟင်းတခွက်၊ ငပိရည်တို့စရာနှင့် ကျွန်တော့်ရှေ့နားတွင် ဆနွင်းဝါဝါနှင့်ငါးဖမ်းမဆားနယ်။ အမေခတို့လိုပဲ သူတို့လည်းဇွန်းကို ညာလက်နှင့်ကိုင်သည်။ ကျွန်တော် မသတီတော့။ မွေးကတည်းက ဝက်သား စားမလာသူလည်းဖြစ်၊ ဝက်သားကို မစားထိုက်သည့်အစာလည်းဖြစ်သည်ဟု သွန်သင်ခံထားရသူလည်းဖြစ်တော့ စိတ်ထဲတမျိုးကြီးဖြစ်နေသည်။ ဆိုးတာက ငပိရည်ဇွန်း။ ဝက်သားဟင်းနှင့် အားရပါးရနယ်ဖတ်စားနေသည့် သူတို့လက်များနှင့် ငပိရည်ဇွန်းကိုကိုင်တော့ ဇွန်းတွင် ဟင်းများပေနေသည်။ ဒါကို ကျွန်တော်ကပါ ညာလက်ဖြင့်ကိုင်ပြီး ခပ်လျှင် ကျွန်တော်ဝက်သားစားတာနှင့် ဘာထူးမည်နည်း။ ကျွန်တော် ဇဝေဇဝါဖြစ်နေသည်။ သူတို့ကတော့ ရိပ်ပင်မရိပ်မိ။ ကျွန်တော်က ဘယ်လက်ဖြင့်ကိုင်ချင်သည်။ သူတို့မကြိုက်မှာလည်း စိုးရသည်။ နောက်တော့ မထူးတော့ပါဘူးကွာဟုသဘောပိုက်ကာ ညာလက်ဖြင့်ပဲ ငပိရည်ဇွန်းကိုကိုင်လိုက်သည်။
ထမင်းစားပြီးကြတော့ ၄ ယောက်လုံး အိမ်ရှေ့ခန်းတွင်ထိုင်ကြသည်။ ညနေလည်း စောင်းနေပြီ။ ဆရာက အမကို ပိုက်ဆံတွေအပ်သည်။ တရက်နှစ်ရက်လောက်နေပြီး တိုက်ကြီးဘက်တက်မယ်၊ ပြည်လောက်အထိပေါ့၊ ဆယ်ရက်လောက်တော့ ကြာမှာပဲဟုပြောသည်။ အမက ဘာမှမထူးဆန်းသလိုပင် အကို အဝတ်တစုံလောက် ထပ်ချုပ်ပေါ့။ ခု ရလာနဲ့ဆို ဟိုဘက်ဆယ်ရက်လောက် လောက်တာအပြင် ပိုပါသေးတယ်ဟုပြောပါသည်။ ထား..ထား အဝတ်မချုပ်သေးဘူး၊ ငါ ဝယ်ရမှာလေးတွေရှိသေးတယ်ဟုပြောပါသည်။
ညကျတော့ ကျွန်တော်နှင့် ငတင့်က အပြင်ခန်းကဖျာပေါ်တွင် အိပ်ရသည်။ စောင်က နောက်တထည်ရသော်လည်း ခေါင်းအုံးကတလုံးတည်း။ ခြင်ထောင်လည်းတလုံးတည်း။ ကျွန်တော်က ခေါင်းအုံးကိုမအုံးချင်တာနှင့် မအုံး။ ခြင်ထောင်တလုံးတည်းနှစ်ယောက်အိပ်ရတာအပြင် စောင်ကသေးစော်လည်းနံသေးသည်။ တော်တော်နှင့်အိပ်မပျော်။ တအောင့်လောက်ကြာတော့ ကြမ်းက ကျွိကျွိ ကျွိကျွိနှင်မြည်ကာ လှုပ်လည်းလှုပ်လာပါသည်။ တကျွိကျွိအသံမှာ ပိုကျယ်လာသည်။ ကြမ်းလည်း ပိုလှုပ်လှုပ်လာသည်။ ထိုအချိန်တွင် ငတင့်လည်းနိုးလာပြီး ကျွန်တော့်ကို လက်ကုပ်ကာ အထဲဘက်လို့ လက်မနောက်ပြန်ပြပါသည်။ ကျွန်တော် ချက်ခြင်းသဘောမပေါက်။ ငတင့်က အမတို့ အလုပ်ဖြစ်နေကြပြီဟု လေသံတိုးတိုးဖြင့်ပြောမှ ကျွန်တော်လည်း သဘောပေါက်သွားပါသည်။ ခဏနေတော့ ကျွိကျွိမည်သံတွေတိတ်ကျသွားသည်။ အထဲက လှုပ်လှုပ် လှုပ်လှုပ် လုပ်နေသံတွေတော့ ကြားရပါသည်။ ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။
မနက်ကြတော့ ထမင်းကြမ်းနှင့်ပဲပြုတ်သုတ်စားကြပါသည်။ ဆရာဝဏ္ဏက ငါဒီနေ့ မြို့ထဲသွားရမယ်၊ ပစ္စည်းလေးနည်းနည်းဝယ်ဖို့ ကိုအောင်ကျော်မိုးတို့ဆီသွားရမယ်၊ ငတင့်မင်းနေခဲ့ ငါ မောင်မျိုးကို ခေါ်သွားမယ်ဟု ဆိုပါသည်။ ကျွန်တော်နှင့် ဆရာဝဏ္ဏမှော်ဘီရန်ကုန်ကားနှင့် ရန်ကုန်ဘက်ထွက်လာကြပါသည်။ ထောက်ကြန့်တွင် ကားရပ်သော်လည်း အသိတယောက်နှင့်မှ မတိုးပါ။ ကားပေါ်တွင်လည်း အသိတယောက်မှမပါပါ။ စိတ်အတော်သက်သာရာရပါသည်။
လှိုင်ရောက်တော့ တနေရာတွင်ဆင်းကြပါသည်။ ရပ်ကွက်တွေထဲဖြတ်ပြီး လျှောက်လာရင်း ပျဉ်ထောင်အိမ်ကြီးကြီး တလုံးရှေ့ရောက်တေ့ ဒါ ဆရာ အောင်ကျော်မိုးအိမ်ပဲ။ နောက်အပတ်လောက်ဆို ငတင့်ဒီမှာနေရတော့မှာ၊ မင်းကတော့ ငါနဲ့အတူနေပေါ့ဟုပြောပါသည်။ ငတင့်ပြောပြောနေသည့် ဆရာကြီးအောင်ကျော်မိုးဆိုပါလား။ ကျွန်တော် တွေ့ဖူးချင်နေသည်။ ဆရာကြီးမှာ ပြကွက်တွေအများကြီးကွ၊ သံစည်ပိုင်းထဲလူထည့်ပြီး မီးရှို့ပြတာတွေ၊ ထန်းခေါက်ဖာထဲလူထည့်ပြီး သံချွန်တွေနဲ့ ထိုးပြတာမျိုးတွေရောပဲကွဟု ငတင့်ပြောဖူးသည်။
ကျွန်တော်တို့ အိမ်ထဲဝင်သွားတော့ အောက်ထပ်ကဧည့်ခန်းထဲမှာ ဆရာအောင်ကျော်မိုးနှင့်တွေ့ရသည်။ ဝဏ္ဏလာကွ ဘယ့်နှယ်လဲ မင်းတောင်ငူပွဲဆက်တွေဟုမေးပါသည်။ ဆရာဝဏ္ဏပြန်ပြောတာတွေကြားတော့မှ တောင်ငူကနေ ကျွန်းကလေးအထိ တောက်လျှောက်ပြလာခဲ့မှန်းသိရသည်။ မဆိုးပါဘူးဆရာ အလုပ်ဖြစ်ပါတယ်ဟုပြောပြီး စကားအဆုံးသတ်သည်။ ဆရာအောင်ကျော်မိုးကို ပိုက်ဆံတွေပေးတာမြင်သည်။ ကျွန်တော်ဆယ်ရက်လောက် ဆက်ယူထားဦးမယ်ပြောတော့ မြွေကြီးကိစ္စများလားဟု တွေးမိပါသည်။ ပစ္စည်းယူဦးမယ်ဆရာဟု ပြောပြီး နှစ်ယောက်သား အပေါ်ထပ်တက်သွားကြပါသည်။ ဆရာအောင်ကျော်မိုးကအိမ်မှာက ဘဘကြီးတို့အိမ်မှာလိုပဲ ပစ္စည်းတွေစုံသည်၊။ ဆောင်းဘောက်ကြီးတွေ သေတ္တာကြီးတွေလည်း မြင်သည်။ နောက်တော့ ဆရာဝဏ္ဏက သူ့ အတက်ချီကေ့စ်လေးဆွဲကာ ပြန်ဆင်းလာသည်။ လက်ထဲမှာတော့ အထုတ်တဘက်နှင့်။
ပြန်ကြစို့ကွာ သမိုင်းလမ်းဆုံရောက်ရင် ထမင်းစားမယ်ဟုပြောပြီး သူ့လက်ထဲကအထုတ်ကို ကျွန်တော့်အားပေးသည်။ အထုတ်က တော်တော်မွှေးသည်။ ဆရာပြောသည့် သိဒ္ဓိတင်ပြီးသားနံ့သာဖြူဆီအနံ့။ အထဲမှာ ဖန်ပုလင်းတွေက တလုံးနှင့်တလုံးပွတ်တိုက်သံကြောင့် တကျီကျီမြည်နေသည်။ ဟာ...ဒါ ဆရာပြောတဲ့ ဓာတ်ခန်းဝင်ထားတဲ့ ကြုတ်ကလေးတွေပါလား။ ကျွန်တော် တော်တော်အံ့အားသင့်သွားပါသည်။ ဆရာပြောတော့ ပုပ္ပါးနယ်ဘက်က တရားကျင့်ကာ သာသနာပြုရင်း ဘုရားတည်နေသည်ဆိုသည့် အထက်လမ်းပုဂ္ဂိုလ်ဆီကမဟုတ်ဘဲ ဆရာအောင်ကျော်မိုးဆီကဖြစ်နေသည် မဟုတ်ပါလား။
(ဆက်ပါဦးမည်)
စပ်မိစပ်ရာအတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ
at
1:34 AM
Posted by
myo
0
comments
