Sunday, March 12, 2023

ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်

0 comments
ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်
-သခင်သန်းထွန်း-
(၁)
ဗမာပြည်၌ ဆိုရှယ်လစ်ဝါဒဟု ပြောဆိုလာကြသည်မှာ မကြာသေးပေ။ ရှေးအခါကပင် လူငယ်များ ပြောဆိုလာခဲ့ကြသော်လည်း ၁၉၃၆ ခု၊ ဧပြီလတွင် အိန္ဒိယပြည် လက်ကနောင်မြို့ ကွန်ဂရက် အစည်းအဝေးကြီး၌ ဥက္ကဋ္ဌ ပန်ဒစ်ဂျဝါဟာလာနေရူးက ဆိုရှယ်လစ်ဝါဒသာလျှင် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ပြောဆိုသည့်အခါမှစ၍ သာ၍ အပြောအဆိုများလာတော့၏။
ဆင်းရဲသားအတွက် အကျိုးဆောင်ခြင်းကိုလည်း ဆိုရှယ်လစ်၊ ဆင်းရဲသားအကြောင်းရေး ခြင်း၊ ပြောခြင်းကိုလည်း ဆိုရှယ်လစ် စသည်ဖြင့် ယူဆကြ၏။
အချို့ကလည်း ဆိုရှယ်လစ်ဆိုတာ မဖြစ်နိုင်ဘူးဟူ၍ တထစ်ချပြောကြ၏။ ဆိုရှယ်လစ်ဆို တာဘာလဲဟု တဆင့်တက်၍ မေးပါက ကျကျနန မဖြေတော့ချေ။ ဖြေပါကလည်း လူတိုင်းပြောနေ ကျစကားမျိုးသာကြားရ၏။
အချို့ကလည်း ဆိုရှယ်လစ်ဝါဒသည် ဘာသာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုကြ၏။ ထိုသို့ ဆိုသူများပင် ဘာသာတရား၏ သဘောကို ကျကျနန သိသူမတွေ့ရ၊ ဆိုရှယ်လစ်ဝါဒ၏ အဓိက ရည်ရွယ်ချက်သည်။ ဘာလဲဟုပင် မစူးစမ်းတော့၊ ဝါးလုံးရှည်နှင့် သိမ်းလိုက်ခြင်းမျှသာ ဖြစ်ပေ၏။
ဆိုရှယ်လစ်ဝါဒမှာ စင်စစ်အားဖြင့်တိုင်းရေး၊ ပြည်ရေး၊ စီးပွားရေးတို့နှင့်သာ သက်ဆိုင်သော ဝါဒလည်း မဟုတ်ပေ။ လူတို့၏ တွေးခေါ်ပုံ၊ စိတ်နေစိတ်ထား သဘာဝဓမ္မ ပြောင်းလဲပုံ၊ ရာဇဝင်၏ သဘောတရား၊ အတိတ်ပစ္စုပ္ပန်၊ အနာဂတ်၊ အားလုံးနှင့် သက်ဆိုင်သော ဝါဒဖြစ်၏။
(၂)
ဆိုရှယ်လစ်ဝါဒ၏ ပဋ္ဌမ အခြေခံကား ရာဇဝင်၏ သဘောတရားကို လေ့လာခြင်းပင်ဖြစ်၏။ ရာဇဝင်ဆိုသောစကားသည် ရာဇဝံသ ဟူသောစကားမှ ဆင်းသက်လာသဖြင့် မင်းဆွေမင်းမျိုးတို့ နှင့်သာ သက်ဆိုင်သကဲသို့ ဖြစ်နေပေ၏။ ယခုအခါ ရာဇဝင်ဟုဆိုလျှင် ရှေးကအဖြစ်အပျက် လောက်ဟုသာ တွေးကြ၏။
ဆိုရှယ်လစ်ဝါဒအရဆိုလျှင် ရာဇဝင်ဆိုသည်ကား ရှေးကဖြစ်ပြီး ယခုဖြစ်ဆဲ အကြောင်းသာ မက၊ နောင်ဖြစ်လတံ့သော အကြောင်းတို့ကိုပါ သက်ဆိုင်နေပေ၏။
ဗမာရာဇဝင်ကို သာမန်မျက်စိနှင့် ပြန်လည်သုံးသပ်ပါက ကပ္ပိလဝတ်ပြည်မှ အဘိရာဇာတို့ ပြေးလာခဲ့ပုံ၊ တကောင်းပြည်ကြီး တည်ထောင်ပုံ၊ မြတ်စွာဘုရားလက်ထက် ဝိဋဋူပဘေးရန်ကြောင့် ဓဇရာဇာတို့ ပြေးလာပုံ၊ ဒုတိယဘကောင်းပြည် တည်ထောင်ကြပုံ၊ စူဠသမ ္ဘဝမဟာသမ ္ဘဝ၊ ဘေဒါ ရီနှင့်ရသေ့ပြည် တည်ထောင်ကြပုံ၊ ပြူ-ကမ်းယံ၊ သက်တို့ တွဲပြီးနောက် သမုဒ္ဒရာဇ်မင်း ရွာ (၁၉) ရွာကို ပေါင်းစုကာမှာ ပုဂံပြည် တည်ထောင်ပုံ၊ ပြူစောထီး ငှက်ကြီးခွင်းပုံ၊ အလောင်းစည်သူ တိုင်း ခန်းလှည့်လည်ပုံ၊ နရသီဟပတေ့မင်း ဟင်းခွက်သုံးရာစားပုံ၊ တရုပ်တို့ချီတက်လာသဖြင့် အောက် ပြည်သို့ ပြေးပုံ၊ စစ်ကိုင်း၊ အင်းဝ၊ ပင်းယတွင် တိုင်းသစ်ပြည်သစ်တည်ထောင်ကြပုံ၊ တပင်ရွှေထီး ပဲခူးကိုသိမ်းပြီး ယောက်ဖတော်ကျော်ထင်နော်ရထားနှင့် တိုင်းသစ်ထူထောင်ပုံ၊ ဟံသာဝတီပါ မင်းလက်ထက် တလိုင်းသို့့ ချီတတ်တိုက်ခိုက်ပုံ၊ မုဆိုးဖိုမှ အလောင်းဘုရားထပုံ၊ ရှင်ဖြူရှင်လက် ထက် တရုတ်တို့နှင့် လေးကြိမ်းတိုက်ပုံ၊ ဘကြီးတော်ဘုရားလက်ယက် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပြီး ရခိုင်တနင်္သာရီတို့ ပါသွားပုံ၊ ပုဂံမင်းလက်ထက် သရက်မြို့ တောင်ငူမြို့အထိ အောက်မြန်မာပြည် ပါသွားပုံ၊ မင်းတုန်းမင်းတရားကြီး မိဖုရားများပုံ၊ အလယ်နန်းမတော်မိဖုရား သမက်တော် သီပေါမင်း သားကို နန်းတင်လိုသဖြင့် အခြားမင်းသားများကို လည်ဆယ်ပြီးသတ်ပစ်ပုံ၊ သီပေါမင်းကို စလေဒင် ခေါ်သွားပြီး ရတနာဂီရိမြို့တွင် နတ်ရွာစံပုံ စသည်တိုပကို တွေ့ရပေမည်။
ဆိုရှယ်လစ်ဝါဒအရဆိုလျှင် ဗမာရာဇဝင်ကို မင်းဆွေမင်းမျိုးများအကြောင်းချည်းဟု သဘောမထားချေ။ အမျိုးလေးပါးဟု ဆိုအပ်သော ရဟန်း၊ မင်း၊ မှူးမတ်၊ သူဌေးသူကြွယ်၊ တောင်သူလယ်လုပ် ဆင်းရဲသားတို့ တမျိုးနှင့်တမျိုး အာဏာလုရာ စစ်တလင်းပေတည်းဟု ယူဆ ကြပေ၏။
(၃)
ရှေးဦးပထမ ဗမာပြည်တွင် တောတောင်နှင့် မြွမ်းလျက်နေခဲ့၏။ နေရာတကာတွင် စိမ့်ကြီး မြှိုင်ကြီးများ ဖုံးလွှမ်းလျက်ရှိပေ၏။ ဗမာပြည်၌ ပထမဦးဆုံး ရောက်လာသူတို့မှာ ခက်ခက်ခဲခဲနေခဲ့ ကြရ၏။ တောရိုင်းတိရစ္ဆာန်တို့၏ ဘေးရန်ကလည်း ကြီးမာလှသဖြင့် လက်နက်များကို ဖန်တည်း လာကြ၍ အပြင်အပ၏ရန်ကြောင့် စုရုံး၍နေကြသူတို့မှာ တသွေးတည်း တစိတ်တည်း ရှိခဲ့ကြ၏။
မြေပေါ်တွင် အလိုအလျောက် ပေါက်သော အနှံံများ၊ သစ်သီးသစ်ဖုများကိုသာ သုံးခဲ့ကြရ ၏။ သားရဲတို့၏ ဘေးရန်ကို အဆင်သင့်ကာကွယ်နိုင်ရန် သစ်ပင်၊ နွယ်၊ ချုံ ပိတ်ပေါင်းတို့ကို ရှင်းလင်းလာကြရ၏။
အနီးအနားပတ်လည်တွင် အလိုအလျောက် ပေါက်သော အသီးအနှံတို့ ကုန်ခမ်းလာသဖြင့် မိမိတို့၏လက်စွမ်းဖြင့် လယ်ယာစိုက်ပျိုးလာကြ၏။
ရှေးအခါက အလေ့ကျပေါက်သော အသီးအနှံကို အားလုံးဝိုင်းဝန်း စားသောက်ကြရာ၌ ဘုံပစ္စည်းသဘောထားကြသဖြင့် မည်သို့မျှမဖြစ်သော်လည်း ယခုအခါ၌ ငါ့လုပ်စား သူ့လုပ်စာ စသည်ဖြင့် ခွဲခြမ်းလာကြ၏။
ငါလုပ်သည့်လယ်နှင့် သူလုပ်သည့်လယ် ခွဲခြားမှဘဲဟု သဘောထားကာ မိမိတို့လယ်ကို ကန်သင်းတို့ဖြင့်လည်းကောင်း၊ ခြံကာခြင်းဖြင့်လည်းကောင်း၊ ခွဲခြားလာတော့၏။
ဤနည်းဖြင် ငါ့ဟာသူ့ဟာ ခွဲခြားသော ပုဂ္ဂလိကပစ္စည်း အစွဲအလမ်းကြောင့် ရှေးကတညီ တညွတ်တည်း နေလာခဲ့ကြရသော လူတစုမှာ စိတ်ဝမ်းကွဲပြား လာကြတော့၏။
ရှေးအခါက ဗြဟ္မာကြီးများကဲ့သို့ အကျင့်ဖြူစင်သူများ အကြားဝယ် ခိုးမှုဝှက်မှုတို့သည် ပေါ်ပေါက်လာကြတော့၏။
အချင်းချင်း ပဋိပက္ခဖြစ်မှုတို့ကို ပပျောက်စေရန် ရည်သန်းပြီးသကာလ တရားနှင့်အညီဖြစ် စေရန် ဆုံးဖြတ်စေရန်ဟု အကြီးအကဲတယောက်ကို တင်မြှောက်လာခဲ့ကြ၏။ ထိုသူအားမူ မိမိ၏ ဝမ်းစာအတွက် ကိုယ်ထိလက်ရောက် မဆောင်ရွက်စေတော့ဘဲ အများအကျိုးကို သည်ပိုးရွက် ဆောင်သည်ဟု ယူဆကာ မိမိတို့လုပ်စားမှ ဆယ်ဖို့တဖို့ကို ထိုသူအား ဝိုင်းဝန်းပေးလာကြ၏။ ထိုအကြီးအကဲတယောက်ကို ရွေးချယ်ရာ၌ အစွမ်းရှိသူ အရည်အချင်းရှိသူကို ထပ်မံ၍မရွေးချယ် တော့။ ပဌမအကြီးအကဲဖြစ်သူ၏ သားတို့ကိုသာ ရွေးချယ်လာကြတော့၏။ ဤနည်းဖြင့် အစိုးရ မင်းဆွေမင်းမျိုးစသည်တို့ ပေါ်ပေါက်လာခဲ့၏။
(၄)
မင်းအစိုးရတို့သည် လူတို့အပေါ်၌ သြဇာလွှမ်းမိုးနိုင်သော်လည်း လူတို့၏စိတ်ကို မလွှမ်းမိုး နိုင်ချေ။ တောတောင်ချုံပိတ်ပေါင်းတို့၊ သားရဲတို့ဖြင့် ဝန်းရံခြင်းခံနေရသော လူတို့၊ တောတောင်ချုံ ပိတ်ပေါင်း တည်းဟူသော သဘာဝတရားကြီးတို့ကြောက်ရွံ့လျက် နေကြပေတော့၏။ လူတို့သည် ပညာဉာဏ်မျက်စိ နည်းပါးရကာ သစ်ပင်ကိုးကွယ်၊ အသီးအနှံကိုးကွယ်ခြင်း စသည့်အမှုတို့ကို ပြုလာကြကုန်၏။
အနည်းငယ်ပါးနပ်သော လူတို့လည်း သူတို့၏ အသိဉာဏ်နည်းခြင်းကို အမှီပြုခါ စားပေါက် ရှာလာကြကုန်၏။ ဒါတွေမကြောက်ကြနဲ့၊ ဒါတွေပျောက်အောင် လုပ်ပေးမယ်။ ဒါတွေ မကြောက် ကြနဲ့၊ ဒါတွေပျောက်အောင် လုပ်ပေးမယ်၊ ငါ့ကိုကန်တော့ကြစသည့်ဖြင့် ဆိုလာကြ၏။ ဤနည်းဖြင့် လူတို့အသိဉာဏ်ပေးသော တနည်းအားဖြင့် လူတို့၏ အသိဉာဏ်မဲ့ခြင်းကို အမှီပြုပြီး စားလမ်းရှာ သော လူတမျိုးသက်သက် ပေါ်ပေါက်ခဲ့၏။
မိမိတို့အချင်းချင်း မသင့်မြတ်သည်တို့ကို မင်းအစိုးရက ကာကွယ်နိုင်၏။ သို့ရာတွင် မိမိတို့ ၏ ဧရာမတန်ခိုးကြီးလာသော သဘာဝဓမ္မတို့၏ ဘေးရန်ကိုမူ ရဟန်းပုဏ္ဏားဆိုသူတို့ကသာ ကာကွယ်နိုင်၏။ ဤသိုအားဖြင့် လူတို့အပေါ်တွင် မင်းဆရာဖြစ်သော ရဟန်းပုဏ္ဏားတို့က မင်းအစိုး ရထက် သြဇာလွှမ်းမိုးလျက် နေပေတော့၏။
ရဟန်းဆိုသူတို့သည် တုံးခုန်- ရေချိုး- မီးလှုံ စသည့်ထူးဖြတ်သော အကျင့်ကြီးများကျင့်ကာ လူတို့အား တရားဒေသနာ ဖြန့်ဖြူးလာကြ၏။ လက်ထပ်ခါနီးဆဲဆဲ အမျိုးသမီးတို့အားလည်း လက်မထပ်မီတညတွင် ပန်းဦးပန်ရန် မိမိတို့ထံ လွှတ်စေခဲ့၏။
(၅)
အသိဉာဏ်ရှိသော မင်းတို့သည် ရဟန်းဆိုသူတို့က မိမိတို့၏ သြဇာကိုအလွှဲသုံးစား ပြုနေ ကြောင်း ရိပ်မိလာကြကုန်၏။ သို့ရာတွင် မိမိတို့ သြဇာထက် ရဟန်းတို့သြဇာကို ကြီးမားလာသဖြင့် မည်သို့မှ မလုပ်ရဲကြ။
အနေရထာမင်းစောသည် ငယ်ရွယ်စဉ်ကပင် ၎င်းရဟန်းဆိုးတို့၏ သြဇာအာဏာကို ဖြိုဖျက် အံ့ဟု စိတ်ပိုင်းဖြတ်ခဲ့၏။ အထွဋ်သို့ရောက်သည့်အခါ၌ သြဇာကို ဖြိုဖျက်သည့် နည်းလမ်းများရှာ တွေ့ခဲ့၏။ ရှင်အရဟံနှင့် တွေ့သည့်အခါမှစ၍ အရည်းကြီးရဟန်းတို့ သြဇာကို အဆုံးသတ် ဖြိုဖျက် ခဲ့လေတော့သတည်း။ ထိုအခါမှစ၍ လူသူတို့အပေါ်တွင် မင်းဆွေမင်းမျိုးတို့၏ သြဇာသည် လွှမ်းမိုး လာပေတော့သတည်း။
ရဟန်းတို့လည်း ခိုကိုးရာမဲ့ သြဖာမဲ့ ဖြစ်ကြရာ အကျင့်ကောင်း ကျင့်လာကြကုန်၏။ သို့ရာတွင် မင်းဆွေမင်းမျိုးတို့ကို သင်ကြားပြသသူ မင်းဆရာဘွဲ့ခံကာ လူတို့၏ အပေါ်တွင် သြဇာ လွှမ်းမိုးမြဲ လွှမ်းမိုးနေသေးတော့၏။ သို့ရာတွင် မင်းအစိုးရတို့လောက် အာဏာ မရှိတော့ပေ။
ရှေးအခါက တိုင်းသူပြည်သားတို့၏ ဆန္ဒနှင့် အာဏာရှင်အဖြစ်ရောက်သူ မင်းတို့လည်း ယခုအခါ မြေပိုင်-ရေပိုင် ဖြစ်လာကြကုန်၏။ ရှင်ဘုရင်တို့အား ရေမြေရှင်ဟူ၍ ခေါ်ဝေါ်သမုတ် ကြကုန်၏။
မင်းလုပ်သူလည်း အပြောကျယ်လှစွာသော တိုင်းပြည်အား မိမိတဦးတည်း မအုပ်ချုပ်နိုင်။ မြေယာကို စိပ်ခွဲကာ လုပ်ကြံဘက်ဖြစ်သူတို့အား အသီးသီး ခွဲဝေ၍ အုပ်ချုပ်စေ၏။ နယ်စား၊ မြို့စား ရွာစားတို့၏ တာဝန်ကား အရေးအကြောင်း ပေါ်ခဲ့သော် ရှင်ဘုရင့်အား စစ်သားမည်၍မည်မျှပေးရန် အခွန်အတုတ်ကိုလည်း သင့်လျော်သလို ဆက်သရန် တခါတရံ ညီလာခံဝင်ရန် သမီးကညာဆက် သရန်လောက်သာ ဖြစ်၏။ ရှင်ဘုရင်သည် ရေမြေ့ရှင်ဟု ဆိုစေကာမူ စင်စစ်အားဖြင့် ပဒေသရာဇ် ကလေးများဖြစ်သော မြို့စားနယ်စားတို့သည် တကယ့်ရေမြေ့ရှင်များဖြစ်၏။ မိမိတို့ပင်လျှင် သက်ဦးဆံပိုင် အာဏာရှင်ကလေးများဖြစ်ကြ၏။ မိမိတို့ဘာသာ လယ်ယာလုပ်ကိုင်စားသောက် သော သူတို့သည်လည်းကောင်း၊ ပညာနှင့် အသက်မွေးသော သူတို့သည်လည်းကောင်း၊ အားလုံး ရေမြေ့ရှင်များ၏ ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်ကြ၏။ ရှင်ဘုရင်လုပ်သူ မင်းဆွေ မင်းမျိုး မြို့စား နယ်စားတို့က ငါဟူသော အသုံးနှုန်း သုံးကြစေကာမူ မိမိတို့ အစွမ်းဖြင့် နဖူးမှချွေး- မြေမကျ အောင် လုပ်ကိုင်စားသောက်ရသူများက ဘုရား ကျွန်တော်မျိုးစသည့်ဖြင့် သံတော်ဦးတင်ကြ ရကုန်၏။
မင်း၊ မှူးမတ်၊ မြို့စား၊ နယ်စားတို့လည်း မဟာကုသိုလ်တော်ကြီးများ ရလိုသဖြင့် ဘုရား၊ ကျောင်းကန်၊ တန်ဆောင်းတို့ တည်ဆောက်ကြ၏။ သို့ရာတွင် ကိုယ်တိုင် ဘာမျှမလုပ်ကြ။ တိုင်းသူ ပြည်သားတို့မှာ မိမိတို့ဝမ်းစားအတွက် လုပ်သည့်အလုပ်အကိုင်များကိုဖျက်ကာ ဘုရင်မင်းမြတ်များ ဘုရားတကားဘွဲ့ခံယူစေရန် လာရောက် တည်ပေးကြကုန်၏။
သေသည့်အခါများ၌ ဘုရင်းမင်းမြတ်သည် နတ်ရွှာလားကြကုန်၏။ တိုင်းသူ ပြည်သားတို့မှာ ဘယ်ရောက်သည်ဟူ၍ ရာဇဝင်များတွင် မတွေ့ရ။
ထိုခေတ် ထိုအခါက ထွန်းကားသော စာပေတို့မှာလည်း ရှေးဘုရင်အကြောင်း၊ မိဖုရား အကြောင်း၊ မင်းသမီး အကြောင်း၊ နန်းတော်အတွင်း မည်ကဲ့သို့ နေကြပုံ၊ ဘုရင်ဧကရာဇ်ကြီး ယိုးဒ ယားသို့ ချီတတ်စသည်တို့ကို ဖွဲ့နွဲ့ကာ သီဆိုထားကြကုန်၏။
ပဒေသရာဇာရေး ထန်းတက်သမားအကြောင်း စလေဦးပုညရေး ကာလဝလ္လိယတို့ အကြောင်း ဆိုသည်မှာလည်း အနှစ်တစ်ရာမှ တခါပေါ်သည့် စာမျိုးသာဖြစ်၏။ သို့ရာတွင် ထိုစာတို့ မှာ အာဏာရှင်များက သနားတတ်ပုံတို့လောက်သာ တွေ့ရ၏။ ဆင်းရဲသည် ဆိုသည်မှာလည်း ဘဝကအကုသိုလ်ကြောင့် ဆင်းရဲတာ ဟူသောသဘော သက်ရောက်စေသည့် စာမျိုးပင်ဖြစ်၏။ အာဏာရှင်များက အခမဲ့ခိုင်းပုံ၊ ဆင်းရဲသားတို့အား အသိဉာဏ်ပိတ်ပင်ထားပုံတို့ကို မတွေ့။
ဤနည်းအားဖြင့် မင်းဆွေမင်းမျိုးတို့ လွှမ်းမိုးလာလိုက်သည်မှာ သီပေါမင်းတရား လက်ထက်တိုင်တိုင် ဖြစ်၏။
ရှမ်းပြည်၊ ရှမ်းရွာတို့၌မူ ဤကဲ့သို့ စံနစ်မျိုး ယခုထက်တိုင် လွှမ်းမိုးလျက်ပင် ရှိသေး၏။ စော်ဘွားအမျိုးအနွယ်တို့ကို သခင်သခင်မဟူ၍လည်းကောင်း၊ သံတော်ဦးတင်ကြရ၏။ စော်ဘွား များက မိမိတို့နယ်တွင်းရှိ တောင်သူလယ်လုပ်တို့အား ခေါ်လျှင် ဘုရားထူးကြရ၏။
ဗမာပြည်၌ အစိုးရအရာရှိများ ဘုရားထူးခံနေကြခြင်းကား ကုန်လွန်ခဲ့ပြီးသော မင်းဆွေ မင်းမျိုးခေတ်၏ ထုံးစံတို့ကို အမွေခံခြင်းမျှဖြစ်၏။ ဗမာရှင်ဘုရင်တို့၏ အသားယူမှုကြောင့် ကျိုးနွံ လျက်ရှိနေသော ဗမာလူမျိုးတို့၏ စိတ်ဓာတ်ကို မိမိတို့ အကျိုးရှိစေရန် အသုံးချကြခြင်းမျှသာ ဖြစ်၏။
(၆)
သီပေါမင်း အင်္ဂလိပ်လက်ပါသွားပြီးနောက် ဗမာပြည်သို့ ဓနရှင်စံနစ် ဆိုက်ရောက်လာခဲ့၏။ ဓနရှင်စံနစ်ဆိုက်ရောက်သည်ဆိုစေကာမူ ရောက်စသာဖြစ်သေး၏။ အဆုံးတိုင်ရောက်သေးသည် မဟုတ်။
အင်္ဂလိပ်မင်းအစိုးရသည့်အခါမှစ၍ မင်းဆွေ မင်းမျိုးတို့လိုလားသည့် စိတ်ဓာတ်မှာ တဖြည်း ဖြည်း နည်းပါးလာခဲ့၏။ ဗမာပြည်၌ သြဇာလွှမ်းမိုးလာသူတို့မှာ ကုန်သည်မျိုး သူဌေးသူကြွယ်မျိုးတို့ သာလျှင် ဖြစ်၏။
သို့ရာတွင် ဗမာပြည်၌ သြဇာလွှမ်းမိုးနေသူတို့ အစစ်မှာ နိုင်ငံချားသား ဓနရှင်းသာဖြစ်၏။
နိုင်ငံခြာ်းသား ဓနရှင်တို့၏ နိုင်ငံချဲ့အစိုးရကို ကြိုးကိုင်ကာ မိမိတို့ အမြတ်အစွန်းရမှုအတွက် ရေနံ၊ သစ်တော၊ ဆန်စပါး၊ သတ္တုတွင်း စသည်တို့မှ အဆီအနှစ်ကို ထုတ်ယူကြကုန်၏။ တိုင်းသူ ပြည်သားတို့မှာ ရှေးစိတ်ရှေးမူ ရှိသေးသည်တို့ကို ပြုပြင်ရန်စိတ်မကူးကြ။ တိုင်းသူပြည်သားတို့ စိတ်ပြောင်းလာပါက မိမိတို့အမြတ်အစွန်းရဖို့ လမ်းမရှိတော့သည်ကို သိကြ၏။
မျက်စိပွင့်လင်းလာသော ဗမာကုန်သည် ဗမာပညာတတ်တို့လည်း မိမိတို့စားကျက်ကို နိုင်ငံ ခြားဓနရှင်များ သိမ်းယူထားသည်ကိုသိသဖြင့် မိမိတို့ အခွင့်အရေးကို တောင်းဆိုလာကြ၏။
ဤကား ဗမာပြည်တွင် နိုင်ငံရေးလုပ်ငန်းပေါ်ပေါက်လာခြင်းပေတည်း။
အုပ်ချုပ်ရေးကို ဘယ်နေရာပြင်ပေးပါဟု တောင်းဆိုလာကြခြင်းကား မိမိတို့ စားလမ်းဖေါက် ရန် တောင်းဆိုကြခြင်းဖြစ်၏။
ဗမာဆင်းရဲသားတို့အဘို့ရာမှာကား အထူးပြောဖွယ် မလိုပေ။ စားသောက်ရသည်မှာလည်း အဟာရဖြစ်စေသည့် အစာတို့ကို မစားရ။ နပ်ကျော်စားရသူတွေမှာလည်း အနုတက္ကမထန်းလက် ကာ ကျူရိုးတိုင်ထူပြီး နေကြရသူတွေမှာလည်း ဒုနဲ့ဒေး။ အရှက်ကို ဖုံးလွှမ်းစေရန် အပူအအေးမှ ကာကွယ်ရန်မျှတသည့် အဝတ်အစားများကို မဝတ်ကြရ။
တွေးပုံ၊ ခေါ်ပုံ ပြောင်းလဲစေသည့် ပညာမျိုးကိုလည်း မသင်ကြားရ။ လက်ရှိအခြေအနေနှင့် တင်းတိမ်စေမည့်ဓနရှင်များကို ကျေးဇူးတင်စေသည့် ပညာမျိုးသာ သင်ကြရကုန်၏။
ခေတ်မီသည့် သူနာပြုစုမှု မထွန်းကားသဖြင့် ကလေးသူငယ်တို့မှာလည်း မသေတန်ဘဲ သေကြရကုန်၏။
ပညာတတ် အလုပ်လက်မဲ့၊ အလုပ်ကြမ်းသမား အလုပ်လက်မဲ့တို့မှာလည်း တနေ့တခြား ပေါများလာချေတော့၏။
လယ်ယာစိုက်ပျိုးလုပ်ကိုင်သူတို့မှာလည်း တနှစ်လျှင် (၆) လခန့်သာ အလုပ်လုပ်ရပြီး ကျန် (၆) လမှာ ခိုးခြင်းတိုက်ခြင်းဖြင့် အသက်မွေးလာကြ၏။
ငရဲတမျှကြီးလှသော ဤဒုက္ခမှ လွတ်မြောက်ရန်နည်းကား ဗမာတမျိုးလုံးအား ဆင်းရဲဒုက္ခ ရောက်စေသော နိုင်ငံခြားသား ဓနရှင်ကြီးများနှင့် ၎င်းတို့အား အားပေနေသော နိုင်ငံချဲ့စံနစ် လက်အောက်မှ ထွက်ခွာရန်သာ ဖြစ်တော့၏။
ဤသို့အားဖြင့် ဆင်းရဲသားအပေါင်းတို့လည်း နိုင်ငံရေးလုပ်သူတို့၏ နောက်သို့လိုက်ကြကုန် ၏။ သို့ကြောင့်လည်း ရှေးအခါက ဂျီ-စီ-ဘီ-အေ ထွန်းကားကြီးကျယ်ခဲ့ခြင်းဖြစ်၏။
နိုင်ငံချဲ့သမားတို့လည်း ဆင်းရဲသားတို့၏ ဘေးရန်မှရှောင်ခွာရန် ပညာတတ်များကို အလုပ် ပေးကြ၏။ ရာထူးပေးကြ၏။ ကုန်သည်ကလေးများကို ရှယ်ယာအစုအများပေးကာ ဓနရှင်ပေါက်စ ကလေးတွေဖြစ်အောင် ဖန်တီးပေးလာကြကုန်၏။
ဤနည်းဖြင့် အမျိုးသား လွတ်လပ်ရေးလုပ်ငန်းမှာ ဖရိုဖရဲဖြစ်လာခဲ့၏။ သို့ရာတွင် မကျေနပ် သေးသော သူများလည်း ဆက်လက်ဆူပူဆဲဖြစ်တော့၏။ အစဉ်သဖြင့်နာနေသော ဆင်းရဲသား ပစ္စည်းမဲ့ အိုးမဲ၊ အိမ်မဲ တို့လည်း လူဆူလူပူတို့နောက် အမြဲလိုက်နာနေတော့၏။
(၇)
ဤအတိုင်သာသွားခဲ့သော် တဖြည်းဖြည်း အင်အားကြီးလာသဖြင့် ဗမာပြည်သည် နိုင်ငံချဲ့ စံနစ်၏စက်ကွင်းမှ လွတ်မြောက်တော့အံ့။ နိုင်ငံခြားသားဓနရှင်တို့လက်အောက်မှ လွတ်မြောက်အံ့။
သို့ရာတွင် ဆင်းရဲသားတို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်လာခဲ့သော ဗမာဓနရှင်တို့သည် ဓနရှင် ကြီးများဖြစ်လာတော့အံ့။
ထိုအခါ၌ ဗမာနိုင်ငံသည် ဓနရှင်တို့ လွှမ်းမိုးသော နိုင်ငံဖြစ်လာအံ့။ သို့ရာတွင် တိုင်းပြည် တွင်း၌ ဆင်းရဲသားတို့မှာ ဆင်းရဲမြဲဆင်းရဲ၊ ငတ်မြဲငတ်နေသဖြင့် ဆင်းရဲသား ခေါင်းဆောင်အစစ် တို့သည် မိမိတို့ဆင်းရဲသားများအား အာဏာရမှုအတွက် လုံးပမ်းကြတော့မည်။
တနေ့တခြား လူဦးရေးများလာသော အလုပ်သမားများ လယ်သမားများနှင့် ဓနရှင်များ (ဗမာအချင်းချင်း) ပဋိပက္ခဖြစ်တော့မည်။ စစ်ပွဲများလည်း တိုက်ရပေမည်။
သို့ရာတွင် ဆင်းရဲသားတို့၏ အင်အားကြီးမားလာသဖြင့် နောက်ဆုံး၌ ဓနရှင်တို့ကိုဖြုတ်ချ ကာ ဗမာပြည်၌ ဆင်းရဲသားချင်း အစိုးရပေါ်ပေါက်လာလိမ့်မည်။
ထိုအစိုးရလည်း မိမိ၏ရန်သူဖြစ်သော ဓနရှင်များ ဓနရှင်ပေါက်စများကို အပြင်းအထန် နှိမ်နင်းရပေလိမ့်မည်။
ဓနရှင် အမျိုးပြုတ်သွားသည်နှင့် အလုပ်လုပ်သူချည်း နေသော တိုင်းပြည်ဖြစ်လာတော့အံ့။ လူတို့သည်လည်း အခြေအနေ ပြောင်းလဲလာသဖြင့် စိတ်နေစိတ်ထား ပြောင်းလလာကြတော့အံ့။
လူတို့တရားပြည့်ဝလာသည်နှင့် အစိုးရကိုလည်း လူတို့မလိုတော့။ အစိုးရလည်း အလို အလျောက် ကွယ်ပျောက်သွားတော့အံ့။
ဤကား ဆိုရှယ်လစ်ဝါဒအရ ဗမာရာဇဝင်ကို ကြည့်ပုံတည်း။ ရှေးကဖြစ်လာခဲ့ပုံ၊ နောက်ဖြစ် မည့် အခြေအနေကို စူးစမ်းခြင်းပေတည်း။
(၈)
ရာဇဝင်၏ သဘောတရားကို နားလည်ပါတယ်။ အခု ဘာလုပ်ရမလဲဟု ဆိုကြပေမည်။
ယခုအခါ၌ ဗမာတို့သည် ဗြိတိသျှ နိုင်ငံချဲ့စံနစ်၏ စက်ကွင်းတွင် ရောက်နေပေ၏။
ဆိုရှယ်လစ်နိုင်ငံ (ဝါ) ဆင်းရဲသားမင်း၊ ဆင်းရဲသားချင်း နိုင်ငံတည်ထောင်ရန်မှာ ဖြစ်နိုင် သည်။ မဖြစ်နိုင်သည် အပထား၍ ချက်ခြင်းပြုလုပ်ရမည့် လုပ်ငန်းမဟုတ်။
ဆိုရှယ်လစ်ဝါဒသမားတို့သည် ရာဇဝင်၏ သဘောတရားကို သိကြသူများဖြစ်သဖြင့် လက် ငင်းအလုပ်ကို လက်ငင်းလုပ်ကြ၏။ သို့ရာတွင် မိမိတို့၏ ရည်ရွယ်ချက်ကို အဓိကထားကြ၏။
ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗမာပြည်တွင် လက်ငင်းအလုပ်ကား ဗြိတိသျှနယ်ချဲ့စံနစ်မှ လုံးဝလွတ်လပ်ရန်ဟု သိကြ၏။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒစသည့်ဖြင့် ကြွေးကြော်နေခြင်းကား ဝါဒပြန့်ပွားရေးသာ ဖြစ်၏။ ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗြိတိသျှနိုင်ငံချဲ့ စံနစ်ကြီးတည်တန်နေ သမျှ ကာလပတ်လုံး ဆိုရှယ်လစ်နိုင်ငံ မတည်ထောင်နိုင်ဟု သိကြ၏။
ဗြိတိသျှနိုင်ငံချဲ့စံနစ်မှ လွတ်လပ်လိုသူတို့ဖြစ်သည့်အတိုင်း လုံးဝလွတ်လပ်ရေး လိုလားသူ တိုင်းနှင့် ပူးပေါင်းမည်ဖြစ်၏။
သို့ရာတွင် ဆိုရှယ်လစ်ဝါဒသမားတို့သည် အလုပ်သမား ဆင်းရဲသားတို့ကိုသာ အားကိုး၏။ နောင်အခါ၌ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ရာ၌လည်း အလုပ်သမား လယ်သမားများသာ တည်ထောင်မည်ဖြစ်၏။
ဗမာဓနရှင်တို့သည် ဗြိတိသျှနိုင်ငံချဲ့တည်တန့်ရာ တည်တန့်ကြောင်း အလုပ်သမား လယ်သမားတို့၏ အင်အားပျက်စီးရာ ပျက်စီးကြောင်းလုပ်ပါက ဆိုရှယ်လစ်တို့သည် ဗမာလူမျိုးဘဲ ဟူ၍ကား ညှာတာပေမည်မဟုတ်၊ အပြင်းအထန် တိုက်ကြပေမည်။
သို့သော် လုံးဝ လွတ်လပ်ရေး လိုလားသော ဗမာဓနရှင်တို့နှင့် ပူးပေါင်းမည်ဖြစ်၏။
ရာဇဝင်သဘောတရားအရဆိုလျှင် လုံးဝလွတ်လပ်ပြီးသည့် အခါ၌ ဗမာဓနရှင်များနှင့် ဗမာ ဆင်းရဲသားတို့ အိုးစားကွဲရချေမည်။
ဗမာပြည် လွတ်လပ်ရေးပြီးသည့်အခါ၌ ဓနရှင်နိုင်ငံအဖြစ် ကျန်ရစ်မည်လော။ သို့တည်း မဟုတ် ဆင်းရဲသားမင်း၊ ဆင်းရဲသားချင်း နိုင်ငံဖြစ်လာမည်လော။
ဤပြဿနာတို့ကား ယခုအခါ လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်နေကြသော ဗမာဓနရှင်ပေါက်စတို့၏အင်အား ဗမာအလုပ်သမား လယ်သမားတို့၏ အင်အားတို့အပေါ်တွင် တည်ရှိနေပေတော့သတည်း။ ။
-သခင်သန်းထွန်း-
(“ဘုံဝါဒနှင့် တို့ဗမာ” စာအုပ်မှ)

Friday, March 10, 2023

ဇော်ဝင်းတင့်ခေါ် ဇ,ဝ,တ

0 comments
(ဇော်ဝင်းတင့်ခေါ် ဇ,ဝ,တ)
သူဟာ အချိန်ရှိသရွေ့ အခန်းနှစ်ခန်းကြားက အုတ်ရိုးကို တဂျိဂျိနဲ့ ဖောက်နေတော့တာပဲ။ အုတ်ရိုးဖောက်တယ်ဆိုလို့ လွန်တို့ဘာတို့လို အပေါက်ဖောက်တဲ့ကိရိယာတွေနဲ့တော့ မဟုတ်ပါဘူး။ ရေချိုးချတုန်း ရေချိုးကန်နားက သံဆူးကြိုး တတောင်လောက်ကို မရမကလိမ်ဖြတ်ပြီး ယူလာတဲ့ဟာပါ။ အဲ့ဒီ ဆူးလိမ်ကြိုးမှာ လိမ်ထားထဲ့အဆူးတွေကို အလိမ်အရင်ဖြည် သံနန်းကြိုးနှစ်ချောင်းကို ကျစ်နေအောင်ပြန်ပူးပြီး လိမ်ထားပါတယ်။ အဲ့ဒီအလိမ်ရဲ့ထိပ်တဘက်ကို အုတ်ခဲနဲ့ ခဲခဲယဉ်းယဉ်းထုပြီး ပြားထားရထားရယ်။ အဲ့သလို ပြားသွားပြီဆိုမှ အသွားတွေထက်လာအောင် သံမံတလင်းမှာ သွေးထားရတာပါ။ နှစ်ပင်လိမ်အသွားလေးတွေက သေးပေပျော့ပေမယ့် လွန်သွားအတိုင်း ထက်မြိ နေတာပါ။ တခြားတဘက်ထိပ်ကိုတော့ ပုံစံစောင်ကဆုတ်ယူလာတဲ့အဝတ်စကိုအုပ်ပြီး လက်ကိုင်လို လုပ်ထားပါတယ်။
ဒီ့နောက် သရိုးကိုင်ထားတဲ့ဘိလပ်မြေကို အရင်ခွာ၊ အောက်က အုတ်စီထားတာပေါ်တော့မှ အုတ်နှစ်လုံးကြားက လက်မဝက်လောက် အစာသွပ်ပြီး တေ့ဆက်ဆက်ထားတဲ့နေရာကို နှစ်ပင်လိမ်နန်းကြီးနဲ့ထိုးပြီး ဖြည်းဖြည်းချင်း လှည့်လှည့်ပေးရပါတယ်။ အဲ့ဒီ မဆလာသွပ်ထားတဲ့ တေ့ဆက်နေရာကိုမှ ရွေးဖောက်လို့ရတာကိုး။ အုတ်သားတွေကို ဖောက်ဆို ဘယ်ကလာဖောက်လို့ရမှာလဲ။ အုတ်ကလည်း သုံးလွှာတောင် စီထားတာကိုး။ အုတ်တွေကြားက မဆလာတွေက နှစ်တွေကြာလာတော့ ခတ်ဖွယ်ဖွယ် ဖြစ်နေပါပြီ။ ဖြစ်ဆို ဒီအဆောက်အဦးကြီးက ကိုလိုနီခေတ် ကတည်းက ဆောက်ထားတာကြီးကိုး။
ဘာလုပ်ဖို့ အပေါက်ဖောက်နေမှန်း သူ့ဘာသာသူ မသိတာ၊ ဖောက်တော့ဖောက်ကြည့်နေတာပါပဲ။ အပေါက်ကလေးကလည်း ဘာရှိတာမှတ်လို့ လက်သန်းတလုံးဝင်စာလောက်ပဲ ကျယ်မှာပေါ့။ တကယ်လို့ ဟိုဘက်ဒီဘက် ဒိုးလျှိုပေါက်သွားရင် ဟိုဘက်ဒီဘက်မမြင်ရတောင် အနည်းဆုံး အပေါက်နားပါးစပ်တေ့ပြီး စကားပြောလို့တော့ရမယ်လို့ သူထင်နေတယ်။
တခါတလေ ဒီနေရာမှာက တခန်းနဲ့တခန်စကားမပြောရအမိန့်က ရှိတတ်တာကိုး။ တခါတလေများ တခန်းတည်း အတူနေသူတွေတောင် စကားမပြောရအထိ လုပ်တတ်ပါတယ်။ အတော်အလုပ်မဖြစ်တဲ့ ဖိနှိပ်မှုပါဘဲ။
အုတ်တလွှားစာပေါက်သွားတော့ သူ အခက်ကြုံရတယ်။ ပြဿနာက အုတ်တွေက ရိုးစိစီထားတာဆိုတော့ စုံ,မ ဖြစ်နေပြီး အလွှားက မထပ်ပါ။ အလျားတခဲ အနံတခဲစီထားတာပါ။ အလျားလိုက်အခဲကိုဖေါက်သွားတော့ အနံလိုက်အခဲက ထိပ်ကပိတ်ခံနေတာပေါ့။ ဒီတော့ သူက နှစ်ပင်လိမ်နန်းကို နည်းနည်းကွေးယူပြီး ကွေ့ပြီး ဖောက်ရတာပါ။ တော်တော့်ကို ကပ်သီးကပ်သပ်နိုင်သလို လက်လည်းဝင်ပါတယ်။ လက်ချောင်းဖျားတွေ လက်ကောက်ဝတ်တွေ မခံနိုင်အောင်ကိုနာတဲ့အထိပါပဲ။ အခန်းထဲက လူတွေကလည်း သူလုပ်နေတာကို ကြည့်သာ ကြည့်နေကြတာ ဘာမှမှတ်ချက်ပေးတာမလုပ်သလို သူ့ကို ကူလည်း မကူကြပါဘူး။ ဒါပေမယ့် သူကတော့ ဇွဲခတ်ပြီးဖောက်နေတာပါပဲ။
သူ့ဘက်က အုတ်နှစ်လွှားကိုပေါက်ပြီးတော့မှ ဟိုဘက်အခန်းက မိလ္လာချချိန်မှာ သူ အပေါက်ဖောက်နေတဲ့ အကြောင်းပြောပြီး ဘယ်နေရာလောက်မှာ လာပေါက်လိမ့်မယ်လို့ပြောပြလိုက်တယ်။ ဟိုလူတွေလည်း အံ့အားသင့်နေကြတယ်။ တယောက်ကတော့ မဖြစ်နိုင်ဘူးနဲ့တူတယ်လို့ပြောတော့ သူက အုတ် နှစ်လွှားပေါက်သွားပြီဗျ၊ ခင်ဗျားတို့ဘက် ပေါက်လာရင်သာ အဲ့အပေါက်လေးကို ထုံးအရည်ဖျော်ပြီး ပြန်မံထားဗျလို့ပြောတယ်။
နောက်တော့ သူပြောတဲ့အတိုင်း ဟိုဘက်ဒီဘက် ထုတ်ချင်းခတ်ပေါက်သွားတယ်။ တဘက်နဲ့တဘက်တော့ ဘယ်မြင်ရမလဲ။ အလယ်အလွှားကအုတ် ခံနေတာကိုး။ ဒီတော့မှ သူက အောင်မြင်မှုရတဲ့ဟန်နဲ့ ကဲ...ကျုပ်တော့ ဖောက်ပြီးသွားပြီ ဘာလုပ်ကြမလဲလို့ အခန်းထဲကလူတွေကိုမေးတယ်။ အခန်းထဲကလူတွေကလည်း ချက်ခြင်းတော့ ဘယ်သူမှ ဘာမှပြန်မပြောကြဘူး။ သူကတော့ တခန်းခန်းနဲ့တခန်း လှမ်းပြောလို့ရတဲ့စကားတွေကိုရော ပြောလို့မရတဲ့စကားတွေကိုရော အပေါက်ကလေးနားပါးစပ်တေ့ပြောလိုက် နားရွက်ကပ်နားထောင်လိုက်နဲ့ သူ့ဟာသူ ‌ကျေနပ်နေတာပဲ။ ဒီနေရာမှာ “တခန်းနဲ့တခန်း လှမ်းပြောလို့ရတဲ့စကားတွေ”ဆိုတာက နေကောင်းလား။ ဘာလုပ်နေလဲ။ အိမ်ကို လွမ်းတယ်ဗျာ။ ဧည့်တွေ့ ဘယ်နေ့လဲ။ သီချင်းဆိုဗျာ။ စတာမျိုးတွေလောက်ပါပဲ။ ဒါတောင် အစောင့်တွေလစ်မှ ပြောလို့ရတာပါ။
တနေ့တော့ သူ ဘယ်ကနေဘယ်လိုဖန်လာတာမှန်းမသိတဲ့ ဝါယာကြိုးနှစ်ချောင်းပါလာတယ်။ နှစ်လန်လောက်ရှိမယ်။ နောက်တော့ နို့ဆီခွက်တခွက်လည်းပါလာတယ်။ နို့ဆီခွက်ကို အုတ်ခဲနဲ့ထုပြားပြီး ခေါက်တယ်။ ခေါက်ရာအတိုင်း ဖြန့်ချည် ခေါက်ချည်လုပ်တော့ သံပြား နှစ်ပြားပြတ်ထွက်လာတယ်။ အဲ့သံပြားတွေကိုခွေပြီး အလယ်က ဝါးခြမ်းပြားလေးခံပြီး တွဲတယ်။ ကျန်လူတွေက ရေနွေးကျိုတဲ့ဂေါက်လုပ်မှန်း အဲ့တော့မှသိကြတာ။ နောက်တော့ အခန်းထဲမီးပေးတဲ့ လျှပ်စစ်ဝါယာကြိုးရှိတဲ့အထိ လူပေါ်လူဆင့်တက်ပြီး သူ့ဝါယာကြိုးနှစ်ချောင်းနဲ့ အပေါက်ဖောက်ပြီး ချိတ်တယ်။ အားလုံးပြီးသွားပြီဆိုမှ ပလပ်စတစ်သောက်ရေခွက်ထဲ ရေထည့်ပြီးကျိုတယ်။ ဂေါက်နဲ့ဝါယာကြိုးက အရှင် ချိတ်ရုံလေးချိတ်ထားတာဆိုတော့ ရေနွေးပွက်ရင် ချိတ်ကလေးဖြုတ်ထားလိုက်ရုံပဲ။ အဲ့သလိုနဲ့ ရေနွေး တခွက်ပြီးတခွက်ကျိုတယ်။ အခန်းထဲမှာ ရေနွေးကြမ်းမပြတ်သလို ကော်ဖီမစ်က်လည်း သောက်ချင်တဲ့အချိန် ဖျော်သောက်ရုံပဲ။ သောက်ချင်တဲ့အချိန်ဆိုပေမယ့် နေ့ဘက်ပဲရတာ။ အဲ့ဒီရေနွေးကျိုတဲ့ဂေါက်နဲ့ဝါယာကို ပလပ်စတစ်အိတ်နဲ့ထုတ်ပြီး ညနေ မိလ္လာချချိန်ဆို အပြင်ထုတ်မြေကြီးထဲမြှုပ်ထားရတာ။ မနက်မနက်တွေဆို တလာစီတယ်ခေါ်တဲ့ရှာဖွေရေးက အချိန်မရွေးဖြစ်တတ်တာကိုး။ တလာစီလို့ အဲ့ဒါတွေသာ လက်ထဲမိလို့ကတော့ သေပြီဆရာပဲ။ မနက် တန်းဖွင့်ပြီးမိလ္လာချချိန်ကျမှ အဲ့ဒါတွေပြန်ဖော် အခန်းထဲယူလာ တနေကုန်ထားရတာ။
တနေ့တော့ သူက ဘယ်ကနေဘယ်လိုဖန်လာမှန်းမသိတဲ့ လူကို သွေးတို့ ဂလူးကို့စ်တို့သွင်းတဲ့ ပိုက်အကြည်အပျော့ အဟောင်းတချောင်းပါလာတယ်။ ပိုက်က ရှိလှမှ သုံးတောင်ပဲ။ ဘာလုပ်ဖို့လဲဆိုတော့ ဟိုဘက်အခန်းကလူတွေ ရေနွေးလိုချင်ရင်ပေးဖို့တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ပိုက်ယူလာတဲ့နေ့မှာပဲ ဟိုဘက်အခန်းကလူတယောက်ဖျားတယ်။ အစောင့်ကိုပြောပြီး ရေနွေးတောင်းတာ မရဘူး။ ဒီတော့ သူက မပူနဲ့ ကျွန်တော်ပေးမယ်ဆိုပြီး ပြောလိုက်တယ်။ နောက်တော့ သွေးသွင်းပိုက်ကို အုတ်ရိုးအပေါက်ကြားနေ ခက်ခက်ခဲခဲထိုးထိုးသွင်းတယ်။ ဟိုဘက်ကို ပိုက်အစတဘက် ရောက်သွားတော့ ဂေါက်နဲ့ရေနွေးကျိုတယ်။ ရေနွေးပွက်တော့ ဒီဘက်ကနေခွက်ကို ခတ်မြင့်မြင့်ထားပြီး ပိုက်အစကိုနှစ်ထားတယ်။ အပေါက်ကနေပဲ ဟိုဘက်ကလူကို ပါးစပ်နဲ့နည်းနည်းစုပ်လိုက်၊ ပြီးရင် ခွက်ခံထားလို့ ပြောတယ်။ ဟိုဘက်က အိုကေဆိုတော့ သူ့ခွက်ကိုပိုမြှင့်ပေးလိုက်တယ်။ သူ့ခွက်ထဲကရေအကုန် ဟိုဘက်ကို ပိုက်ကတဆင့် စီးသွားတယ်။ ဟိုဘက်လူက ကျေးဇူးကျေးဇူးတဲ့။ သူက ရပါတယ်ဗျ၊ နောက်လိုလည်းပြောပါလို့ ပြောလိုက်သေးတယ်။ အဲ့သလိုနဲ့ ဟိုဘက်အခန်းကလူတွေလည်း နေ့ဘက်ရေနွေးလိုချင်တဲ့အချိန်တိုင်း ရေနွေးပေးနိုင်တယ်။ သူလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ပီတိတွေဝေလို့။
မျိုးမြင့်ချို။ မတ် ၁၀။ ၂၀၂၃

ဒီလုံး

0 comments
(ဒီလုံး)
ကျွန်တော်တို့က ကိုဒီလုံးကို ကိုဒီဟုခေါ်ကြပါသည်။ သူ့အမည်ရင်း သာညိမ်းမှန်းရော သူ ကျွန်တော့်ထက် ၆ နှစ် ကြီးမှန်းရော သူသေမှသိပါသည်။ သူ့တွင် အကိုတယောက်ရှိ၍ ထိုအကို၏အမည်မှာ ကျောက်ခဲဖြစ်ပါသည်။ ကျောက်ခဲကို ကျောက်ခဲမှန်းသိသော်လည်း ဒီလုံးဆိုသည်ကိုမူ မသိပါ။ ကျန်းမာ/မာကျောစေရန်ရည်ရွယ်၍ သူ့အကို ကို ကျောက်ခဲဟုမှည့်သော်လည်း သူ့ကိုဘာကြောင့် ဒီလုံးဟုမှည့်ရသလဲကို မသိပါ။ ဒီရေကိုသိပါသည်။ လုံးသည်ဆိုသည်ကို သိပါသည်။ ထို့ကြောင့် ဒီလှိုင်းတို့ဘာတို့လို ဒီလုံးလည်းရှိမည်ဟု ထင်မိပါသည်။ သို့သော် ရေရေရာရာမရှိပါ။ ဒီဘက်ခေတ်တွင် အဆိုတော် ဒိုးလုံးလည်း ပေါ်ဖူးပါသည်။ ဒိုးလုံးကိုမူ သေသာသွားရော လူမမြင်ဖူးလိုက်ပါ။
ကျွန်တော် ငယ်ငယ်က တနေ့ ငယ်သူငယ်ချင်း သိန်းစည်၏အမေ ဦးတာတီး၏ဇနီးဒေါ်မြတင်နှင့် ပေတရာဘေးက ချောင်းရိုးချောင်းစပ်တွင် ကန်စွန်းရိုးနီလေးတွေခူးခိုက် ရေအောက်တွင် ကျောက်တုံး လုံးလုံးကြီးတလုံးကိုနင်းမိသဖြင့် လူလည်း ရေထဲ လဲကျသွားပါသည်။ စိတ်တိုတိုနှင့် ထိုအလုံးကြီးကိုဆယ်တင်လိုက်ရာ အခွံခွာပြီးသားအုန်းသီး ကြီးကြီးတလုံးစာအရွယ်ရှိပြီး သူ့တွင်ထူးခြားချက်မှာ ငါးမူးဝိုင်းခန့်အပေါက်ငယ်တခုပါပါသည်။ ထိုအပေါက်မှာ သုံးလေးလက်မခန့် နက်ပါသည်။ ဟိုဘက်ဒီဘက် တိုးလျှိုပေါက်နေတာမဟုတ်ပါ။ ကျွန်တော်က အံ့ဩပြီး ထိုအလုံးကြီးကို လက်ထဲလှည့်ပတ်ကြည့်နေသည်ကို ဒေါ်မြတင်ကမြင်တော့ သား အဲ့ဒါ ဒီလုံးခေါ်တယ်ဟု ပြောပါသည်။ လူလုပ်တာလားဒေါ်လေးဆိုတော့ အေးပေါ့ လူလုပ်တာပေါ့ဟုပြောပြီး ပေတရာပေါင်စောင်း ရေစပ်နားအထိ ဆင်းလာပြီး လက်နှင့် ရေထဲသို့ဟိုစမ်းဒီစမ်းလုပ်ပါသည်။ ကျွန်တော့်ကိုလည်း လူလေး ခုနနေရာ ပြန်ဆင်းပြီး စမ်းကြည့်စမ်းဟုပြောပါသည်။ ကျွန်တော် ပြန်စမ်းကြည့်ရာ နောက်ထပ် ဒီလုံးတွေ ထွက်လာပါသည်။ အလုံးတိုင်းတွင် အပေါက်များပါပါသည်။ ဒေါ်လေး အဲ့ဒီ ဒီလုံးတွေက ဘာလုပ်တာလဲ၊ ဘာလုပ်ဖို့လဲဟု မေးကြည့်ပါသည်။
ဒေါ်လေးတို့ ငယ်ငယ်က ဒီလမ်းကြီးဖောက်တာ။ အဲ့ဒီတုန်းက လမ်းက လယ်တွေနဲ့ တပြင်တည်းလေ၊ မိုးတွင်းမို့ မိုးရွာပလားဆို လမ်းပေါ် ရေကအမြဲကျော်နေတာပေါ့၊ ဒီတော့ ဒီလမ်းက မိုးတွင်းဆိုသွားရလာရခက်တယ်။ အဲ့ဒါကို အင်္ဂလိပ်အစိုးရက လမ်းပေါင်မြှင့်ဖို့ မြေဖို့ ဖို့လုပ်တယ်၊ မြေဖို့လည်း ခဏပဲ၊ မိုးကြီးရင် လမ်းကပျော်ကျသွားတာပဲ၊ ဒီတော့ လမ်းဗိုလ်တွေနဲ့ ဝန်ထောက်တွေက အုတ်ဖုတ်ပြီး လမ်းကိုအုတ်ခင်းဖို့ အကြံပေးတယ်၊ ကျောက်က ဒီနားနီးနီးမှာ တူးလို့မှမရတာကိုး၊ အုတ်ကျတော့ လွယ်တယ်လေ၊ ဒီမှာ ရွှံ့စေးမြေက ပေါမှပေါ့ဆိုတော့၊ လက်လုပ်အုတ် ဖုတ်ဖို့ အုတ်ဖိုတွေတည်လိုက်ရုံပဲ၊ ဒါပေမယ့် အုတ်က ရွှံ့စေးကိုပြန်နယ်ရတာ အုတ်ရိုက်ပုံသွင်းရတာ၊ ညီညီညာညာစီပြီး တင်ရတာတွေနဲ့ အချိန်ကြာတယ်၊ ဒီတော့ မိုးပြတ်တာနဲ့ အုတ်ဖိုတည်၊ အုတ်ဖုတ် လမ်းခင်းဖို့က တရာသီတည်းနဲ့ မပြီးနိုင်ဘူး၊ ဒီတော့ အုတ်လိုလည်းမာကျောရအောင် တရာသီတည်းနဲ့လည်းပြတ်အောင် ကြံကြရင်း “ဒီလုံး”လုပ်ဖို့ အကြံရသွားတာ၊ ဒီလုံးက လွယ်တယ်၊ အုပ်လိုလည်း ဘာမှရွှံ့စေးနယ်စရာမလိုဘူး၊ နေထဲလည်း သွေ့အောင် ထားစရာမလိုဘူး၊ ကျောက်ခဲသေးသေးလေးတွေ ရောပါသွားလည်း ကိစ္စမရှိဘူး၊ ပုံလည်းရိုက်စရာမလိုဘူး၊ လက်ထဲလုံးလိုက်ရုံပဲ၊ အုတ်လိုလည်း စီထည့်နေစရာမလိုဘူး၊ ဒီအတိုင်းပစ်ထည့်ပြီး ကြုံသလိုစီလိုက်ရုံပဲ၊ မီးပေးတာကတော့ အုပ်ဖိုလိုပဲ၊ အုတ်ဖုတ်တာနဲ့အတူတူပဲ၊ ဒီလုံးတွေ မီးကျက်သွားတော့ ဖိုဖျက်ပြီး လမ်းခင်းရတာပေါ့၊ သူက အုတ်လိုလည်းမာတယ်၊ ကယိကထလည်းနည်းတယ်၊ အချိန်လည်းသက်သာတယ်လေဟု တနံတလျား ရှင်းပြပါသည်။ ကျွန်တော်က စာတလုံးမှမတတ်သည့် ဒေါ်မြတင်က ဤမျှသိနေပါလားဆိုကာ ထပ်အံ့ဩရပြန်ပါသည်။
ဒေါ်လေးက အဲ့ဒါတွေ ဘယ်လိုလုပ်သိတာလဲဟုမေးတော့ ဟဲ့...ငါ ငယ်ငယ်လေးကတည်းက အလုပ်လုပ်ရတာ၊ အဲ့ဒီလမ်းခင်းတော့ ဒီလုံးလုံးမယ့်အလုပ်သမတွေ လမ်းခင်းဖို့လူတွေလိုတယ်ဆိုတော့ ငါလည်း လာအလုပ်လုပ် ရတာပေါ့၊ အလုပ်ကြမ်းပေါ့၊ တအားပင်ပန်းတယ်၊ တနေ့ တမတ်ရတယ်၊ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်လာရတာဟု ပြောပါသည်။ ဒေါ်လေး အဲ့ဒီအလုံးကို ဘာကြောင့် ဒီလုံးလို့ခေါ်တာလဲဟုမေးတော့ ငါလည်းမသိဘူး။ ဘယ်သူစခေါ်မှန်းလည်း မသိဘူး၊ ဒါပေမယ့် ဒီအလုံးတွေကို ဒီလုံးမခေါ်လို့ ဘယ့်နှယ်ခေါ်မတုန်းဟု ဖြေပါသည်။ အပေါက်ပါတာကျတော့ရော ဒေါ်လေးဟုမေးတော့ ဟဲ့...အဲ့ဒီ ရွှံ့စေးအလုံးကြီးကို လက်နှစ်ဘက်နဲ့သယ်နေရရင် ခရီးမတွင်ဘူး၊ တခါသည် တလုံးပဲရမှာပေါ့၊ အဲ့ဒီတော့ လက် ၂ ဘက်မှာ ၂ လုံးသယ်လို့ရအောင် ရွှံ့စေးလုံးကြီးထဲ လက်မနှိုက်ပြီး လက်ချောင်းလေးလေးချောင်းနဲ့ ဆုပ်သယ်တာပေါပေါ့၊ တဘက် တလုံးလေ၊ နောက်ပြီး ဖိုဆရာတွေကပြောတယ် ဒီလုံးမှာအပေါက်ပါမှ အကျက်မြန် အကျက်ညီတယ်တဲ့၊ ကျက်သွားလို့ သယ်တော့လည်း အဲ့ဒီအပေါက်တွေပါတော့ တဘက်တလုံးသယ်လို့ရတာပေါ့ဟု ပြောပြပါသည်။ ကျွန်တော်သဘောပေါက်သွားပါသည်။ ကျောက်ခဲပြီးလျှင် နောက်မွေးလာသည့်သားကို အုတ်ခဲဟု မှည့်ရန်မဖြစ်။ ဒီတော့ ဒီလုံးဟုမှည့်လိုက်ခြင်းဖြစ်မည်။ သူလည်း ကျောက်ခဲလိုမာကျော၍ ခံနိုင်ရည်ရှိသည်မဟုတ်လား။
ကိုဒီသည် အလွန်မာကျော ကြံ့ခိုင်တောင့်တင်းသူဖြစ်ပါသည်။ လမ်းလျှောက်လျှင် ခေါင်းမော့ရင်ကော့ လက်ကားကား ကားကားဖြင့်လျှောက်တတ်သဖြင့် ကြည့်ရအဆင်မပြေပါ။ ဘယ်သူ့ကိုမှရန်မလိုသလို ရန်လည်း မစောင်တတ်ပါ။ ထောက်ကြန့် ခလရ(၈၂)နှင့် ခမရ(၁၀၆)မှ စစ်သားများကိုမူ အလွန်မုန်း၏။ သူတို့နှင့် မကြာခဏလည်း ရန်ဖြစ်တတ်၏။ ကရာတေးဂျုဒို မြန်မာ့သိုင်းများကိုလည်း ဆရာဖြစ်အထိ တတ်မြောက်ထားသူဖြစ်ပါသည်။ နံချပ်ကူတွေဘာတွေလည်း ကစားတတ်ပါသည်။ ကျွန်တော်၊ သိန်းစည်နှင့် ဇော်ဝင်း(ဇော်ဝင်းလွင် ယခုနော်‌ဝေ)တို့အား ယောင်ကြီးကိုငွေထွန်းနှင့် အတူ ကရာတေးသင်ပေးခဲ့သူဖြစ်ပါသည်။ သူအမြဲပြောနေကြစကားမှာ “ဒါတွေသင်တယ်ဆိုတာ ကျန်းမာရေးအတွက်က ပထမ၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့က ဒုတိယ၊ သူများကိုပြန်ချဖို့ဆိုတာက တတိယကွ”ဟု ဖြစ်ပါသည်။ သူ စစ်သားတွေနှင့်ရန်ဖြစ်တာမှာ “ပြန်ချ”တာပဲဖြစ်ပါလိမ့်မည်။ ခုနေ ကိုဒီရှိသေးလျှင် စစ်သားတွေကို “ပြန်ချ”နေမှာပဲဟုထင်ပါသည်။
ခု ကိုဒီလုံး အသက် ၆၆ နှစ်တွင်ဆုံးပါသည်။
မျိုးမြင့်ချို။ မတ် ၆။ ၂၀၂၃

Tuesday, March 7, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၉

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၉)

အမေ။ ကျွန်တော် အံအားလည်းသင့် လန့်လည်းလန့်သွားပါသည်။ ပါးစပ်မှလည်း “အမေ”ဟုထွက်သွားပါသည်။  လန့်သွားသည်ဆိုမှာ အမေ့ကိုကြောက်ခြင်း မဟုတ်ဘဲ မထင်မှတ်သည့်အချိန် မထင်မှတ်သည့်နေရာတွင် အမေ့ကို တွေ့လိုက်ရသောကြောင့် အထိတ်တလန့် ဖြစ်သွားခြင်းဖြစ်ပါသည်။ ကျွန်တော့်လက်မောင်းကိုင်ထားသည့် အမေ့လက်မှာ တင်းတင်းကျပ်ကျပ်။ ဘယ်တော့မှ ပြန်မလွှတ်တော့မည့် တင်းကျပ်မှုမျိုး။ ကျွန်တော် နည်းနည်းရုန်းကြည့်သည်။ မရ။ သို့ဖြင့်ကျွန်တော်မတ်တပ်ရပ်လိုက်ရသည်။

 

ထိုအချိန်တွင် လူလည်း အထိုက်အလျှောက် စုမိနေပြီ။ လူတွေက ကျွန်တော်နှင့် အမေ့ကိုကြည့်နေကြသည်။ ငတင့်ကလည်း အူကြောင်ကြောင်ဖြင့် ကျွန်တော်တို့ကိုကြည့်နေသည်။ အမေက ဘယ်မှာလဲ ဝဏ္ဏဆိုတာဟုမေးတော့ ကျွန်တော် အယောင်ယောင်အမှားဖြင့် ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသေးသည်။ စိတ်ပူနေသော်လည်း အမေ့လေသံမှာ ပုံမှန်ပင်။ ကားဂိတ်တဲထဲက ဆရာဝဏ္ဏအား လက်ညှိုးထိုးပြရင်း ဟိုမှာအမေဟုပြောလိုက်ချိန်တွင် သူကလည်း ကျွန်တော်တို့ကို ကြည့်နေချိန်ဖြစ်သည်။ အမေက ကျွန်တော့်လက်ကိုဆွဲယူကာ ကားဂိတ်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။

 

ကားဂိတ်ထဲတွင် ကားသမားများနှင့် ခရီးသည်တချို့ရှိနေသည်။ အမေက ကျွန်တော့်လက်မောင်းကိုဆွဲကာ  ဆရာဝဏ္ဏဆီသို့တည့်တည့်သွားပြီး ဒါငါ့သားပဲ၊ ပျောက်လို့လိုက်ရှာနေတာ၊ ရဲစခန်းမှာလည်း လူပျောက်အမှု ဖွင့်ထားတယ်၊ ငါ အခု ခေါ်သွားမယ်၊ ယီးတီးယားတာလုပ်ရင်တော့ ငါ ရဲခေါ်မယ်ဟု တဆက်တည်းပြောတော့ ဂိတ်တဲထဲက လူတွေက အမေ ကျွန်တော်နှင့် ဆရာဝဏ္ဏတို့ကို တလှည့်စီကြည့်နေကြသည်။ မင်းနှယ်ကွာ ဘယ်ကမှန်းမသိတဲ့ ဘယ်သူ့သားသမီးမှန်းမသိတဲ့ကလေးတယောက်ကို ခေါ်ခိုင်းရတယ်လို့ဟုပြောသည် အမေ့လေသံတွင် ပြစ်တင်သံ ပါနေသည်။ ကျွန်တော်ခေါ်လာတာမဟုတ်ပါဘူး အန်တီ သူ့ဘာသာကျွန်တော့်နောက် လိုက်လာတာပါ ဟု ဆရာဝဏ္ဏက ရို့ရို့ကျိုးကျိုးပြန်ဖြေပါသည်။ 

 

အေးလေ သူက လိုက်လာဦးတောင် မင်းက မိဘတွေအကြောင်းမေးမြန်းပြီး အိမ်လိုက်ပို့ဖို့ကောင်းတာပေါ့၊ ခုတော့ ဘယ့်နှယ်ကွယ် မျက်လှည့်ဝိုင်းမှာ ခိုင်းစားရတယ်လို့ဟု ထပ်ပြောပါသည်။ ထိုအခါ ဆရာဝဏ္ဏလေသံပြောင်းသွားပြီး ကျွန်တော် ခိုင်းစားတာမဟုတ်ပါဘူး သူ နေစရာမရှိ စားစရာမရှိဖြစ်နေလို့ ကြည့်ရှုထားတာပါ၊ သူ့လည်းမေးကြည့်ပါဟု ခတ်ဆတ်ဆတ်လေးပြန်ပြောပါသည်။ ဂိတ်တဲထဲက လူတွေကလည်း ကျွန်တော်တို့ကို တလှည့်စီလိုက်ကြည့်ရင်း တိုးတိုး တိုးတိုးပြောနေကြသည်။

 

ကဲကဲထားပါတော့ ငါ့သားက ဒုက္ခရောက်နေလို့ မင်းကကြည့်ရှုထားတာဆိုလည်း ကျေးဇူးတင်ပါတယ်၊ ကဲ အန်တီ သူ့ကို တခါတည်းခေါ်သွားမယ် ဟုတ်လားဟုပြောတော့ ဆရာဝဏ္ဏက ဟုတ်ကဲ့ဟုတခွန်းသာပြောပြီး ကျွန်တော့်ကို နှုတ်ဆက်သလိုကြည့်နေပါသည်။ ငတင့်လည်း လူတွေတန်းလန်းထားခဲ့ပြီး ကျွန်တော်တို့ဆီရောက်ချလာပါသည်။ ကျွန်တော်က ငတင့် ငါ အမေနဲ့ပြန်လိုက်သွားတော့မယ်ဟုပြောတော့ ငတင့်က အေးဟုတခွန်းပြောပါသည်။ ကျွန်တော်ကသာ စိတ်မကောင်းသလိုလို ဝမ်းနည်းသလိုလိုဖြစ်နေသော်လည်း  ငတင့်မျက်နှာတွင် ဘာခံစားမှုမှ ရှိမနေပါ။ ကျွန်တော်နှင့် ခဏဆုံရသည် ခုပြန်ခွဲရသည်။ သူ့အဖို့မဆန်းသလိုဖြစ်နေသည်။ တကယ်က ကျွန်တော် ငတင့်ကို ခင်သည်။ ခင်သည်ဆိုတာထက် သနားသလိုဖြစ်တာက ပိုသည်။ ခုတော့ ကျွန်တော်ခင်သည့် သနားသည့် ငတင့်နှင့်ခွဲရတော့မည်။ ဘယ်တော့ ပြန်‌တွေ့ရမယ်မှန်း မသိတော့။ 

 

ဆရာဝဏ္ဏ ကျွန်တော့် လက်မောင်းကိုကိုင်ကာ ကဲ...မောင်မျိုး မင်းအမေနဲ့လိုက်သွားတော့၊ ငါ နောက် ထောက်ကြန့်ကို လာပြတဲ့အခါ မင်းလာခဲ့ပေါ့ကွာ၊ အဲ့ဒီတော့ တွေ့ကြတာပေါ့ဟု ပြောပါသည်။ ကျွန်တော် ငိုချင်သလိုလို ဝမ်းနည်းသလိုလိုခံစားရသည်။ သို့သော် မငိုမိ။ အမေက ကျွန်တော့်လက်ကိုဆွဲကာ ကားပေါ်တက်လာချိန်တွင် ကျွန်တော် အသာတကြည်လိုက်ခဲ့သည်။

 

ကားပေါ်ရောက်မှ နောက်ပြန်လှည့်ကြည့်တော့ ငတင့်နှင့်ဆရာဝဏ္ဏကို ဝေဝေဝါးဝါးမြင်ရသည်။ ကျွန်တော့် မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှံနေသည်။ ကားနားအထိလိုက်လာသော ငတင့်က ကားအောက်မှနေ၍ လက်ထောင်ကာ တာ့တာဆိုသည့်သဘောဖြင့် ယမ်းပြသည်။ သူတကယ်တော့ ဝမ်းနည်းနေပါလိမ့်မည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို လှမ်းပြုံးပြနေသည်ဟုထင်ပါသည်.။

 

ကားပေါ်ထိုင်မိတေ့မှ အမေက ဟင်းချကာ အမေစိတ်ပူလိုက်ရတာ သားရယ်။ မင်းနှယ် တော်တော် လုပ်ရက်တာပဲဟု ပြောကာ ကျွန်တော့်ကို တင်းကျပ်နေအောင် ဖက်လိုက်ပါသည်။ ကားကြီးလည်း ဘီးစလှိမ့်ပါပြီ။ လက်ပြနေသော ငတင့်လည်း ကားဘေးတွင်မရှိတော့။ ဆရာဝဏ္ဏလည်း ဂိတ်တဲထဲမှ ထွက်သွားသည်။ ထိုအချိန်တွင် ကျွန်တော် ဝမ်းနည်းသလိုလို ဝမ်းသာနေသလိုလိုဖြစ်နေပါသည်။ စိတ်က အဖေဦးဖိုးထောင်ဆီရောက်လိုက်၊ အမေခဆီရောက်လိုက်၊ ငတင့်ဆီရောက်လိုက်၊ ဆရာဝဏ္ဏဆီရောက်လိုက်။

မျိုးမြင့်ချို

ဖေဖော်ဝါရီ ၈။ ၂၀၂၃

ကညွှတ်ကွင်းအိမ်ပြေး ၅၈

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၈)

ကျွန်တော့စိတ်တွေ နည်းနည်းရှုပ်ထွေးလာသလို ဆရာဝဏ္ဏကိုလည်း ဟိုလိုလိုဒီလိုလိုထင်မိပါသည်။ အိမ်ပြန်ရောက်တော့ ငတင့်က ဓားမကြီးတလက်နှင့် ထင်းခွဲနေတာတွေ့ရပါသည်။ ဆရာဝဏ္ဏက ငတင့်ရေ ပြီးရင်လာကွာ လုပ်စရာရှိတယ်ဟုပြောသည်။ ငတင့်လာတော့ ဇလုံယူခဲ့ဟုပြောပါသည်။ ငတင့်က ရေဖြည့်ထားသည့် ဇလုံခတ်လတ်လတ်တလုံးယူလာပြီး ဆရာဝဏ္ဏလှမ်းပေးသည့် ပင်နီဆလင်ပုလင်းလေးကိုယူကာ ဇလုံထဲဖောက်ထည့်ကာ တုတ်တလေးဖြင့်မွှေ၏။ တခန်းလုံး မွေးကြိုင်သွား၏။ 

 

နောက်မှ ဖောင်တိန်မင်ထည့်သည် ပလပ်စတစ်စုပ်ပြွန်လေးနှင့်စုပ်ယူကာ ကျွန်တော်သယ်လာသည့် မိုးရေပုလင်းလေးတွေထဲကို စိတ်ရှည်လက်ရှည် ဖြည့်ပါသည်။ ပထမဆုံးပုလင်းပြည့်တော့ ကျွန်တော့်အား မင်းက ဟိုဖော့စို့လေးတွေနဲ့ ပုလင်းကိုပိတ်ဟုပြောသဖြင့် ပိတ်ကြည့်ရာ အဆင်မပြေပဲ ပုလင်းထဲက နံ့သာဖြူရည်တွေပါ ထွက်ကျကုန်ပါသည်။ ဆရာဝဏ္ဏက ငါပြမယ်ဟုပြောပြီး ပြပေးပါသည်။ နောက်ပုလင်းတွေကျ အားလုံး အဆင်ပြေသွား၏။ ဤသို့ဖြင့် ငတင့်ကအရည်ဖြည့်လိုက် ကျွန်တော်က ဖော့စို့လေးဆို့လိုက်နှင့် ပုလင်းတထောင်ခန့် ရှိသွားပါသည်။ 

 

ဆရာဝဏ္ဏ ပုလင်းငါးဆယ်ခန့်ကို အတက်ချီကေ့စ်ထဲက ဘူးလေးတဘူးထဲထည့်သည်။ ကျန်တာတွေကို ပလပ်စတစ်အိတ်ဖြင့်ထုတ်သည်။ ထို့နောက် အတက်ချီကေ့စ်ထဲက ပလပ်စတစ်အထုတ်ကလေး တထုတ် ထုတ်ကာ နည်းနည်းသွန်ချလိုက်တော့ ရှင်သီဝလိရုပ်ပွားတော်တွေ ထွက်ကျလာသည်။ အဆူ ငါးဆယ်ခန့်ရေပြီး ဖန်ကြုတ်ကလေးထဲထည့်ကာ ကျန်တာကို ပြန်သိမ်းထားလိုက်တာတွေ့ရပါသည်။ ကျွန်တော့်အထင် ပလပ်စတစ်အိတ်ထဲတွင် ရုပ်ပွားတော်အဆူရာနှင့်ချီ၍ရှိမည်ထင်ပါသည်။ ဆရာဝဏ္ဏပြောတော့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးတပါးက ဆင်စွယ်အစစ်ဖြင့်ထုထားသည့် ရှင်သီဝလိရုပ်ပွားတော်အဆူ ငါးဆယ်ခန့် သူ့ကို စွန့်ကြဲ သွားခဲ့သည်ဟုဆိုသည်မဟုတ်လား။ ခုတော့ ရုပ်ပွားတော်တွေက တပုံကြီး။ ဒါ့အပြင် မျက်လှည့်ဝိုင်းထဲမှာတုန်းကလို ရုပ်ပွားတော်တွေကိုလည်း  လက်အုပ်ချီတာဘာတာမတွေ့ရ။ သာမန်ပစ္စည်းတွေလို ကိုင်တွယ်နေတာဖြစ်သည်။ ကျွန်တော်စိတ်တွေ ပိုရှုပ်ထွေးကုန်သည်။ မေးမိတော့မလို့ဖြစ်ပြီးမှ ညကျမှ ငတင့်ကို မေးတော့မယ်ဟု တေးထား လိုက်ပါသည်။ ဤသို့ဖြင့် ညနေစာ စားကြပါသည်။ ဆရာက မနက်ဖြန်တရက်နားဦးမယ်၊ နောက့်နေ့ကျမ မှော်ဘီမှာ တပွဲပြပြီး တိုက်ကြီးဘက်တက်ကြတာပေါ့ဟုပြောပါသည်။

 

ညအိပ်ယာဝင်တော့ ကျွန်တော်က ငတင့်ကို တိုးတိုးမေးပါသည်။ ငတင့်က မင်းကလည်းကွာ ဒီလိုပဲပေါ့ဟုပြောပါသည်။ မဟုတ်ဘူးလေကွာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ ပုပ္ပါးကအထက်ပုဂ္ဂိုလ်တွေဆိုတာ မဟုတ်ဘူးပေါ့၊ ဒါတွေအားလုံးက လိမ်တာချည်းပဲပေါ့ဟု ထပ်မေးတော့ မင်းကလည်းကွာ ဒီလိုပဲပေါ့ဟု ထပ်ပြောပါသည်။ ပြီးတော့မှ လေသံ ခတ်ဆတ်ဆတ်ဖြင့် မင်းသိထားရင် မင်းစိတ်ထဲမှာပဲထား၊ ဟေ့ကောင်၊ အပြင်မှာလျှောက်မပြောနဲ့၊ ဆရာသိရင် မင်းကိုမောင်းထုတ်လိမ့်မယ်၊ အဲ့ဒီကျ မင်းဘယ်သွားနေမလဲဟု ပြောပါသည်။ ဘယ်သွားနေမလဲဟူသည့်စကားကြောင့် ကျွန်တော် အတော်လန့်သွားပါသည်။ ငတင့်ပြောတာ ဟုတ်သည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို မောင်းထုတ်လိုက်လျှင် ကျွန်တော် ဘယ်သွားနေမလဲ။ အမေခတို့ဆီပြန်လို့လည်း မဖြစ်။ အိမ်ပြန်လို့လည်းမရနှင့် ကျွန်တော်ဒုက္ခတွေ့တော့မည်။

 

ဒီအရာတွေအားလုံး ငတင့်သိထားပြီးဖြစ်သည်။ သို့သော် ဘာမှမမေး။ မပြော၊။ မသိသလိုနေသည်။ လုပ်စရာရှိ လုပ်သည်။ စားစရာရှိစားသည်။ ခိုင်းတာမှန်သမျှ အကုန်လုပ်သည်။ အလုပ်ရှိသည့်နေ့ တနေ့ ၅ ကျပ်ပေးတာကို ယူသည်။ ကျွန်တော့်မှာ လောလောဆယ် သွားနေစရာ ဘာမှမရှိ။ ဆရာဝဏ္ဏဆီပဲ နေရမည်။ ထိုသို့နေလျှင် ဆရာဝဏ္ဏအကြိုက်ပဲနေရမည်။ ငတင့်လိုနေရမည်။ ဆရာဝဏ္ဏပြောသည့် ငတင့်လိုနေဆိုသည်မှာ ဒါပဲဖြစ်မည်။

 

တော်တော်နှင့် အိပ်မပျော်တော့။ အမေခတို့ကိုလည်း လွမ်းသလိုလိုဖြစ်မိသည်။ အမေ့အိမ်ကလို မွေ့ယာနှင့် ခြင်ထောင်နှင်အိပ်ရသလိုမဟုတ်သော်လည်း အမေခတို့တဲကြီးက ကောက်ရိုးခင်းအိပ်ယာကို အောက်မေ့မိသည်။ ညဘက်ဆိုလျှင် အဖေဦးဖိုးထောင်နှင့် အမေခအကြားအိပ်ရတာ စိတ်လုံခြုံသည်။ အဖေ့အရက်စော်နံနံလေးကို ပြန်အမှတ်ရသည်။ အမေ့ ကြွက်ကြပ်တိုက် ခြောက်စပ်ကြော်လေးကို ပြန်စားချင်သည်။ အဖေနှင့် ကြွက်ထောင် ပြန်လိုက်ချင်သည်။ ကျွန်တော်အမေခတို့ဆီနေတုန်းက ငတင့်လို မနေခဲ့ရ။ ငတင့်လုပ်တာတွေလည်း မလုပ်ရ။ ခုတော့ လုပ်ရတော့မည်။ ကျွန်တော်က နေရာသစ်တွေရောက်ဖူးချင်သည်။ အတွေ့အကြုံသစ်တွေရချင်သည်၊ ခရီးတွေ သွားချင်သည်။ အမေခတို့ဆီတွင် ဒါတွေမရ။ ဒါတွေရနိုင်တာက ဆရာဝဏ္ဏဆီမှပဲဖြစ်သည်။ ဒီတော့ ဆရာဝဏ္ဏဆီ နေမှဖြစ်မည်။ ထိုသို့နေမည်ဆိုလျှင် ငတင့်လိုနေမှရမည်။ ဟုတ်သည် ကျွန်တော် ငတင့်လိုနေရမည်။

 

ဤသို့ဖြင့် ခရီးစထွက်မည့်နေ့ရောက်လာသည်။ ဘာ့စ်ကားဖြင့် မှော်ဘီသို့သွားကြသည်။ ကျွန်တော်တို့ ဈေးရှေ့ မှော်ဘီကားဂိတ်နားတွင် မျက်လှည့်ပြမည်။ ဝိုင်းခင်းနေတုန်း ကျွန်တော်က ဘင်ထု၍ လူစုရသည်။ လူတွေ များများလာတာကြည့်ရင်း ကျွန်တော်ပျော်လာပါသည်။ ခေါင်းတွေကိုယ်တွေပါ လှုပ်လာသည်။ လူမမြင်အောင် မျက်နှာငုံ့ထားရန်တွေဘာတွေ မရှိတော့။ မျက်နှာမော့ကာ ဘင်ထုရင်းအားလုံးကို မေ့သွားသည်။ ဘင်ထုနေတာထဲပဲ စိတ်ကစူးနေသည်။ ဆရာဝဏ္ဏကတော့ ဂိတ်တဲထဲတွင်ထိုင်ပြီး ကားသမားတွေနှင့် စကားပြောလိုက် တဝါးဝါး ပွဲကျလိုက်နှင့်။ ငတင့်ကလည်း စားပွဲတွေခင်းလိုက် စည်းတွေသားလိုက်နှင့်။

 

ထိုအချိန်တွင် တစုံတယောက်က ကျွန်တော့်လက်မောင်းကို ညှစ်ကာဆွဲထူရင်း သား...လာ..ထ အိမ်ပြန်မယ်ဟု ပြောသံကိုကြားရလိုက်သည်။ မော့ကြည့်လိုက်တော့..............။

(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး ၅၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၇)

တော်လေးကြာတော့ ဝက်သားတတွဲနှင့် အထုတ်တွေနှင့် အမပြန်ရောက်လာသည်။ ဆရာဝဏ္ဏကမြင်တော့ မင်း ဝက်သားမစားဘူးမို့လားဟုမေးပါသည်။ ကျွန်တော် ခေါင်းညိတ်ပြတော့ မိန်းမရေ နင်တခြား ဘာပါလာသေးလဲဟ၊ မောင်မျိုးက ဝက်သားမစားဘူးဟုပြောတော့၊ ထင်တော့ထင်သား၊ ငါးဖမ်းမဆားနယ်ပါလာတယ် အဲ့ဒါ ကြော်ပေးမယ်ဟုပြောပါသည်။ ကျွန်တော် သူ့နံမည်မသိပါ။ သိစရာလည်း မလိုဟုထင်သည်။ ငတင့်လည်း သိသည်ဟုမထင်ပါ။ အမဟုခေါ်လိုက်လျှင် ပြီးပြီမဟုတ်လား။

 

နောက် အမက နောက်ဖေးကြမ်းပြင်တွင်ထိုင်ကာ ထုတာထောင်းတာ လှီးတာချွတ်တာတွေလုပ်သည်။ ထိုအချိန်တွင် မီးဖိုးပေါ်မှထမင်းအိုးက ပွက်လာသည်။ အကိုရေ တချက်လောက်မွှေပေးပါဦးဟုဆိုတော့ ဆရာကထပြီးမွှေသည်။ ပြီးတော့ အဲ့အနားတွင်ပဲ ဆောင့်ကြောင်ထိုင်နေပါသည်။ ခဏနေတော့ ဆရာက ထမင်းအိုးငှဲ့ပါသည်။ ကျွန်တော်က ဆရာ့ကိုအံ့ဩနေပါသည်။ ဆရာသည် ကွင်းထဲတွင် ဆရာမဟုတ်လား။ အိမ်တွင် ထမင်းအိုးငှဲ့စရာမလိုဟုလည်း ထင်မိပါသည်။

 

တအောင့်လောက်ကြာတော့ ကျွန်တော်တို့ ထမင်းစားကြသည်။ ကြမ်းပြင်ပေါ်ထိုင်ပြီး စားရတာဖြစ်သည်။ ဝိုင်းအလယ်တွင် ဝက်သားဟင်းတခွက်၊ ငပိရည်တို့စရာနှင့် ကျွန်တော့်ရှေ့နားတွင် ဆနွင်းဝါဝါနှင့်ငါးဖမ်းမဆားနယ်။ အမေခတို့လိုပဲ သူတို့လည်းဇွန်းကို ညာလက်နှင့်ကိုင်သည်။ ကျွန်တော် မသတီတော့။ မွေးကတည်းက ဝက်သား စားမလာသူလည်းဖြစ်၊ ဝက်သားကို မစားထိုက်သည့်အစာလည်းဖြစ်သည်ဟု သွန်သင်ခံထားရသူလည်းဖြစ်တော့ စိတ်ထဲတမျိုးကြီးဖြစ်နေသည်။ ဆိုးတာက ငပိရည်ဇွန်း။ ဝက်သားဟင်းနှင့် အားရပါးရနယ်ဖတ်စားနေသည့် သူတို့လက်များနှင့် ငပိရည်ဇွန်းကိုကိုင်တော့ ဇွန်းတွင် ဟင်းများပေနေသည်။ ဒါကို ကျွန်တော်ကပါ ညာလက်ဖြင့်ကိုင်ပြီး ခပ်လျှင် ကျွန်တော်ဝက်သားစားတာနှင့် ဘာထူးမည်နည်း။ ကျွန်တော် ဇဝေဇဝါဖြစ်နေသည်။ သူတို့ကတော့ ရိပ်ပင်မရိပ်မိ။ ကျွန်တော်က ဘယ်လက်ဖြင့်ကိုင်ချင်သည်။ သူတို့မကြိုက်မှာလည်း စိုးရသည်။ နောက်တော့ မထူးတော့ပါဘူးကွာဟုသဘောပိုက်ကာ ညာလက်ဖြင့်ပဲ ငပိရည်ဇွန်းကိုကိုင်လိုက်သည်။ 

 

ထမင်းစားပြီးကြတော့ ၄ ယောက်လုံး အိမ်ရှေ့ခန်းတွင်ထိုင်ကြသည်။ ညနေလည်း စောင်းနေပြီ။ ဆရာက အမကို ပိုက်ဆံတွေအပ်သည်။ တရက်နှစ်ရက်လောက်နေပြီး တိုက်ကြီးဘက်တက်မယ်၊ ပြည်လောက်အထိပေါ့၊ ဆယ်ရက်လောက်တော့ ကြာမှာပဲဟုပြောသည်။ အမက ဘာမှမထူးဆန်းသလိုပင် အကို အဝတ်တစုံလောက် ထပ်ချုပ်ပေါ့။ ခု ရလာနဲ့ဆို ဟိုဘက်ဆယ်ရက်လောက် လောက်တာအပြင် ပိုပါသေးတယ်ဟုပြောပါသည်။ ထား..ထား အဝတ်မချုပ်သေးဘူး၊ ငါ ဝယ်ရမှာလေးတွေရှိသေးတယ်ဟုပြောပါသည်။

 

ညကျတော့ ကျွန်တော်နှင့် ငတင့်က အပြင်ခန်းကဖျာပေါ်တွင် အိပ်ရသည်။ စောင်က နောက်တထည်ရသော်လည်း ခေါင်းအုံးကတလုံးတည်း။ ခြင်ထောင်လည်းတလုံးတည်း။ ကျွန်တော်က ခေါင်းအုံးကိုမအုံးချင်တာနှင့် မအုံး။ ခြင်ထောင်တလုံးတည်းနှစ်ယောက်အိပ်ရတာအပြင် စောင်ကသေးစော်လည်းနံသေးသည်။ တော်တော်နှင့်အိပ်မပျော်။ တအောင့်လောက်ကြာတော့ ကြမ်းက ကျွိကျွိ ကျွိကျွိနှင်မြည်ကာ လှုပ်လည်းလှုပ်လာပါသည်။ တကျွိကျွိအသံမှာ ပိုကျယ်လာသည်။ ကြမ်းလည်း ပိုလှုပ်လှုပ်လာသည်။ ထိုအချိန်တွင် ငတင့်လည်းနိုးလာပြီး ကျွန်တော့်ကို လက်ကုပ်ကာ အထဲဘက်လို့ လက်မနောက်ပြန်ပြပါသည်။ ကျွန်တော် ချက်ခြင်းသဘောမပေါက်။ ငတင့်က အမတို့ အလုပ်ဖြစ်နေကြပြီဟု လေသံတိုးတိုးဖြင့်ပြောမှ ကျွန်တော်လည်း သဘောပေါက်သွားပါသည်။ ခဏနေတော့ ကျွိကျွိမည်သံတွေတိတ်ကျသွားသည်။ အထဲက လှုပ်လှုပ် လှုပ်လှုပ် လုပ်နေသံတွေတော့ ကြားရပါသည်။ ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။

 

မနက်ကြတော့ ထမင်းကြမ်းနှင့်ပဲပြုတ်သုတ်စားကြပါသည်။ ဆရာဝဏ္ဏက ငါဒီနေ့ မြို့ထဲသွားရမယ်၊ ပစ္စည်းလေးနည်းနည်းဝယ်ဖို့ ကိုအောင်ကျော်မိုးတို့ဆီသွားရမယ်၊ ငတင့်မင်းနေခဲ့ ငါ မောင်မျိုးကို ခေါ်သွားမယ်ဟု ဆိုပါသည်။ ကျွန်တော်နှင့် ဆရာဝဏ္ဏမှော်ဘီရန်ကုန်ကားနှင့် ရန်ကုန်ဘက်ထွက်လာကြပါသည်။ ထောက်ကြန့်တွင် ကားရပ်သော်လည်း အသိတယောက်နှင့်မှ မတိုးပါ။ ကားပေါ်တွင်လည်း အသိတယောက်မှမပါပါ။ စိတ်အတော်သက်သာရာရပါသည်။ 

 

လှိုင်ရောက်တော့ တနေရာတွင်ဆင်းကြပါသည်။ ရပ်ကွက်တွေထဲဖြတ်ပြီး လျှောက်လာရင်း ပျဉ်ထောင်အိမ်ကြီးကြီး တလုံးရှေ့ရောက်တေ့ ဒါ ဆရာ အောင်ကျော်မိုးအိမ်ပဲ။ နောက်အပတ်လောက်ဆို ငတင့်ဒီမှာနေရတော့မှာ၊ မင်းကတော့ ငါနဲ့အတူနေပေါ့ဟုပြောပါသည်။ ငတင့်ပြောပြောနေသည့် ဆရာကြီးအောင်ကျော်မိုးဆိုပါလား။ ကျွန်တော် တွေ့ဖူးချင်နေသည်။ ဆရာကြီးမှာ ပြကွက်တွေအများကြီးကွ၊ သံစည်ပိုင်းထဲလူထည့်ပြီး မီးရှို့ပြတာတွေ၊ ထန်းခေါက်ဖာထဲလူထည့်ပြီး သံချွန်တွေနဲ့ ထိုးပြတာမျိုးတွေရောပဲကွဟု ငတင့်ပြောဖူးသည်။

 

ကျွန်တော်တို့ အိမ်ထဲဝင်သွားတော့ အောက်ထပ်ကဧည့်ခန်းထဲမှာ ဆရာအောင်ကျော်မိုးနှင့်တွေ့ရသည်။ ဝဏ္ဏလာကွ ဘယ့်နှယ်လဲ မင်းတောင်ငူပွဲဆက်တွေဟုမေးပါသည်။ ဆရာဝဏ္ဏပြန်ပြောတာတွေကြားတော့မှ တောင်ငူကနေ ကျွန်းကလေးအထိ တောက်လျှောက်ပြလာခဲ့မှန်းသိရသည်။ မဆိုးပါဘူးဆရာ အလုပ်ဖြစ်ပါတယ်ဟုပြောပြီး စကားအဆုံးသတ်သည်။ ဆရာအောင်ကျော်မိုးကို ပိုက်ဆံတွေပေးတာမြင်သည်။ ကျွန်တော်ဆယ်ရက်လောက် ဆက်ယူထားဦးမယ်ပြောတော့ မြွေကြီးကိစ္စများလားဟု တွေးမိပါသည်။ ပစ္စည်းယူဦးမယ်ဆရာဟု ပြောပြီး နှစ်ယောက်သား အပေါ်ထပ်တက်သွားကြပါသည်။ ဆရာအောင်ကျော်မိုးကအိမ်မှာက ဘဘကြီးတို့အိမ်မှာလိုပဲ ပစ္စည်းတွေစုံသည်၊။ ဆောင်းဘောက်ကြီးတွေ သေတ္တာကြီးတွေလည်း မြင်သည်။ နောက်တော့ ဆရာဝဏ္ဏက သူ့ အတက်ချီကေ့စ်လေးဆွဲကာ ပြန်ဆင်းလာသည်။ လက်ထဲမှာတော့ အထုတ်တဘက်နှင့်။ 

 

ပြန်ကြစို့ကွာ သမိုင်းလမ်းဆုံရောက်ရင် ထမင်းစားမယ်ဟုပြောပြီး သူ့လက်ထဲကအထုတ်ကို ကျွန်တော့်အားပေးသည်။ အထုတ်က တော်တော်မွှေးသည်။ ဆရာပြောသည့် သိဒ္ဓိတင်ပြီးသားနံ့သာဖြူဆီအနံ့။ အထဲမှာ ဖန်ပုလင်းတွေက တလုံးနှင့်တလုံးပွတ်တိုက်သံကြောင့် တကျီကျီမြည်နေသည်။ ဟာ...ဒါ ဆရာပြောတဲ့ ဓာတ်ခန်းဝင်ထားတဲ့ ကြုတ်ကလေးတွေပါလား။ ကျွန်တော် တော်တော်အံ့အားသင့်သွားပါသည်။ ဆရာပြောတော့ ပုပ္ပါးနယ်ဘက်က  တရားကျင့်ကာ သာသနာပြုရင်း ဘုရားတည်နေသည်ဆိုသည့် အထက်လမ်းပုဂ္ဂိုလ်ဆီကမဟုတ်ဘဲ ဆရာအောင်ကျော်မိုးဆီကဖြစ်နေသည် မဟုတ်ပါလား။ 

(ဆက်ပါဦးမည်)

စပ်မိစပ်ရာအတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ

0 comments
(စပ်မိစပ်ရာ) အတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ။
ဟိုတုန်းက အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဆိုပြီးရှိခဲ့တယ်။ NLD(LA)ဆိုပြီး ရှိခဲ့တယ်။ ပြည်တွင်းမှာ ဒေါ်စု နေအိမ်အချုပ် ကျကျ/မကျကျ ပင်မ NLD ကြီးရှိနေတယ်။ အဲ့ ၂ ခုကြားမှာ နိုင်ငံရေးပွတ်တိုက်မှု (အတွေးအခေါ်တိုက်ပွဲ) မရှိပေမယ့် ပြည်တွင်း NLD က NLD(LA) တို့ NCGUB တို့နဲ့ ကင်းအောင်နေတယ်။ ပြည်ပရောက်နေတဲ့သူတွေကလည်း သူတို့လုပ်နိုင်တာ လုပ်တတ်တာတွေလုပ်ပြီး ပြည်တွင်း NLDကို ကျားကန်ပေးကြတယ်။ တချိန်မှာ ဦးအောင်ရွှေတို့က စစ်အုပ်စုအလိုကျ ဒေါ်စုကို NLD ကနေထုတ်ပေးခဲ့ရတယ်။ ပါတီတည်ရှိရေးအတွက် အကြောင်းပြတယ်။ ဒါကို ပြည်ပရောက်တွေက စိတ်အလိုမကျပေမယ့် ဦးအောင်ရွှေတို့ကို နိုင်ငံရေးအရနားလည်ပေးခဲ့တယ်။ ပါတီတည်ရှိရေးအတွက် ဇောင်းပေးခဲ့တယ်။ ဘာမှသာ မယ်မယ်ရရ မလုပ်ပေမဲ့ မီဒီယာနဲ့တွေ့လို့မေးလိုက်တိုင်း ဦးလွင်တို့ ဦးအောင်ရွှေတို့က "ကျွန်တော်တို့လုပ်စရာရှိတာတွေ လုပ်နေပါတယ်"ချည်းဖြေတာပါပဲ။ ဒေါ်စုပြန်လွတ်လာတော့ သူမရှိတုန်း ပါတီအအုပ်အစည်းမပျက်အောင် ထိန်းထားပေးတဲ့အတွက် "ကျေးဇူးရှင်ကြီးတွေပါ"လို့ပြောပြီး ဦးအောင်ရွှေတို့ ဦးလွင်တို့ကိုသွားကန်တော့တယ်။ ပြည်ပရောက်တွေကလည်း ဒေါ်စုမလွတ်သေးရင် လွှတ်ပေးဖို့တောင်းဆိုကြပြီး၊ လွတ်လာရင်လည်း "အမျိုးသားပြန်လည်သင့်မြတ်ရေး" ခေါ်ခေါ် "စစ်အုပ်စုနဲ့ရင်ကြားစေ့ရေး"ပြောပြော အဲ့ဒါလုပ်ဖို့ တွေ့ဆုံဆွေးနွေးရေးကိုသာ တစိုက်မတ်မတ်တောင်းဆိုတယ်။ စစ်အုပ်စုကတော့ အဖက်မလုပ်ပါ။ စစ်အုပ်စုက NLD ကို ဦးတည်ရန်သူအဖြစ်ထားသလို ဖျက်လည်း ဖျက်ပစ်ချင်ပေမယ့် မဖျက်ဝံ့ပါ။ လူထုနောက်ခံရှိနေလို့ပါ။ လူထုအားရှိနေလို့ပါ။
ခုလည်း အာဏာသိမ်းပြီးနောက် ပြည်ပရောက်သူတွေစုဖွဲ့ထားတဲ့ NUG တို့ NUCC တို့ CRPH တို့ရှိနေတယ်။ ပြည်တွင်းမှာလည်း NLD (ပင်မ)ကရှိနေတယ်။ ဒေါ်စုအပါအဝင် NLD ခေါင်းဆောင်တွေအကုန်လုံးလိုလို အဖမ်းခံထားရတယ်။ ဒီအချိန်မှာ ပါတီက ဘာအလုပ်မှမယ်မယ်ရရမလုပ်နိုင်တော့ဘူး။ ထောင်ထဲလည်းမရောက် ပြည်ပလည်းမထွက်တဲ့ ပါတီဒုတိယတန်းခေါင်းဆောင်တွေလို့ပြောရမယ့်သူတွေက ပါတီ(ရုံးခန်း၊ ဆိုင်းဘုတ်၊ အဆောက်အဦး)တည်ရှိရေးကို တတ်နိုင်သလောက်ထိန်းထားကြတယ်။ ပါတီခေါင်းဆောင်တချို့ ပြန်လွတ်လာတော့ သူတို့လက်ထဲအဲ့ဒါတွေအပ်တယ်။ ‌လွတ်လာတဲ့ခေါင်းဆောင်တွေကလည်း ဒေါ်စုမပါဘဲ ဒါမှမဟုတ် ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီ ဒါမှမဟုတ် ဗဟိုကော်မတီစုံညီအစည်းအဝေးမခေါ်နိုင်ဘဲ ဘာဆုံးဖြတ်ချက်မှ ချလို့မရတဲ့အချိန်ကြီးဖြစ်နေတယ်။ အဲ့အချိန်မှာပဲ (ဖြိုးမင်းသိမ်းကတော့ထားပါတော့) ပြည်ပရောက် NLD(CWC)က ပြည်တွင်းက ပါတီဒုတိယတန်းခေါင်းဆောင်တချို့ကို ပါတီကနေထုတ်လိုက်တယ်။ ပြည်ပရောက်နေသူတွေနဲ့ ပြည်တွင်းမှာနေရစ်ခဲ့သူတွေရဲ့ ပါတီတွင်း နိုင်ငံရေးတိုက်ပွဲ တနည်းပြောရရင် အတွေးအခေါ်ရေးတိုက်ပွဲပါ။ ပြည်ပရောက်တွေက စစ်အုပ်စုလုပ်ပေးမယ့်ရွေးကောက်ပွဲကို မဝင်ဘူးလို့ ကြေညာရုံမက စစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်သူတွေကိုပါ "နိုင်ငံတော်ပုန်ကန်မှု ကူညီအားပေးသူတွေ"လို့ အတိအလင်း ပြောလိုက်ပါတယ်။ ရန်သူများသွားပါတယ်။ ဦးကိုကိုကြီးက ဒါကို ထွက်ပြီး ချဲလင့်စ်လုပ်ပါတယ်။ ဒေါ်စန္ဒာမင်းက BBC နဲ့အင်တာဗျူးမှာ အတော်မခံချိမခံသာ ပွင့်ပွင့်လင်းလင်ပြောသွားပါတယ်။ သူကတော့ ပါတီတည်ရှိရေး (ဒေါ်စုမူ) ကိုကိုင်ထားတာတွေ့ရပါတယ်။ အချက်အလက်တွေကများ အခြေအနေတွေကရှုပ်ထွေးပြီး နိုင်ငံရေးနှင်းလည်း မကွဲသေးပါ။ သေချာတာ တခုကတော့ စစ်အုပ်စုဟာ NLD ပါတီကို ဖျက်ချင်ပေမယ့် မဖျက်ဝံ့ပါ။ နိုင်ငံကြီးတချို့နောက်ခံရှိနေလို့ပါ။ လူထုနောက်ခံကတော့ မှုန်ဝါးဝါးပါ။ ဒါ့ကြောင့် ပြည်တွင်း NLD (ပင်မ)ကို ရွေးကော်ဥပဒေထုတ်ပြီး သူ့ဘာသူပျက်သွားအောင်လုပ်တာပါ။
ကျွန်တော်ကတော့ ဒီမိုကရေစီပါတီတွေကို စစ်အုပ်စုအလိုကျလုပ်မယ့် "အာဏာသုံးရပ်လုံးမရနိုင်မယ့် ဘယ်ရွေးကောက်ပွဲကိုမှ" မဝင်စေချင်သူပါ။ အဲ့ဒီရွေးကောက်ပွဲမျိုးဝင်ဖို့ မတိုက်တွန်းမတောင်းဆိုပါ။ ပြည်တွင်း မှတ်ပုံတင်နိုင်ငံရေးပါတီတွေဆိုတာကလည်း လူထုတိုက်ပွဲလုပ်ဖို့ဝေးစွ စစ်အုပ်စုမငြိုငြင်အောင်တောင် မနည်းနေနေရတာ မဟုတ်လား။ စစ်အုပ်စုအလိုကျ "ပေါ်စေ ပျောက်စေ"ပါတီတွေဆိုပေမယ့် သူပေးထားတဲ့ကွင်းထဲ ဝင်ကစားဖို့ ကိုယ့်မှာလည်း လူလိုတယ်မဟုတ်လား။ ဒီတော့ ပြည်ထောင်စုအဆင့်ပါတီအဖြစ် ကြံ့ဖွံ့တပါတီတည်း ကျန်အောင် စစ်အုပ်စုက ဘယ်လောက် ညစ်ပတ်ညစ်ပတ် ကျွန်တော်တို့ဘက်ကလည်း စစ်အုပ်စုနဲ့နိုင်ငံရေးစကားပြောဖို့၊ လူထုနဲ့နိုင်ငံရေးလုပ်ဖို့ "တရားဝင်" ပါတီတော့ ရှိရမယ်လို့မြင်ပါတယ်။ ဒီနေရာမှာ တရားဝင်ဆိုတာက စကားပြောတာမှန်းသိပါတယ်။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုပေမယ့်၊ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုပေမယ်၊ မြေပေါ်မှာပါတီတည်ရှိရေးအတွက် စစ်အုပ်စုလုပ်သမျှခံမယ်ဆိုရင်တော့လည်း မစွံပါဘူး။ လူထုတိုက်ပွဲ မသွားနိုင်တဲ့ပါတီတွေမို့(နိုင်ငံရေးသမားတွေမို့) ပါးစပ်ပဲတတ်နိုင်တာပါ။ ပြောစရာရှိ ပြောရမယ်ဆိုရမယ်၊ ဆန့်ကျင်စရာရှိဆန့်ကျင် ကန့်ကွက်စရာရှိ ကန့်ကွက်ရမှာပါပဲ။ ဒါလောက်ပဲ သူတို့တတ်နိုင်တာပါ။ ဒါမှ ဖမ်းချင်သပ ထောင်ချချင်သပဆိုလည်း လိုက်သွားလိုက်ရုံပါပဲ။ တကယ်တမ်းသတ္တုချကြည့်တော့ စစ်အာဏာရှင်စနစ်အောက်မှာ လက်နက်မကိုင်ထားတဲ့နိုင်ငံရေးပါတီဆိုတာ စစ်အာဏာရှင်တို့စိတ်တိုင်းကျသာ ရှင်သန်ခွင့်ရှိတာပါ။ ဒီလိုပြောလို့ နိုင်ငံရေးပါတီတိုင်း လက်နက်ကိုင်ရမယ် မဆိုလိုပါ။ လက်နက်ရှိရင်တော့ ရန်သူကစကားပြောပါတယ်။ “ဝ”UWSA ကိုကြည့်ပါ။ အပစ်ရပ်ထားပေမယ့် သေနတ်သုံးသောင်းကထွက်တဲ့အသံဟာ စကားပြောပါတယ်။ “လက်နက်နဲ့ဖိနှိပ်လို့ လက်နက်ကိုင်တော်လှန်ရတယ်” ဘယ်လိုပဲပြောပြော နဂိုကတည်းက “လက်နက်နဲ့ဖိနှိပ်ရင် လက်နက်နဲ့ပြန်ချမယ်” ဆိုတဲ့ သဘောထားမရှိရင် လက်နက်ကိုင်လို့မရပါဘူး။ ဒေါ်စုမှာ စစ်အုပ်စုက ဘယ်လောက်ပဲ လက်နက်နဲ့ဖိနှိပ်ဖိနှိပ် လက်နက်နဲ့ပြန်ချဖို့သဘောထား ဘယ်တုန်းကမှမရှိခဲ့ပါ။
ချုပ်ရရင် ခု ပြည်တွင်း/ပြည်ပ(အတွင်းအပြင်)အတွေးအခေါ်ရေးတိုက်ပွဲ ရှိနေတယ်။ ဒါဟာ လူထုကို စိတ်ဓာတ် ပျက်ပြားစေတယ်၊ ဝေဝါးစေတယ်။ အတွင်းအပြင်ချိတ်ဆက်ပြီးလုပ်မရတောင် အပွတ်အတိုက်မရှိအောင်နေဖို့ ကောင်းတယ်။ စစ်အာဏာရှင်စနစ်အောက်မှာဆိုပေမယ့် ဒီမိုကရေစီပါတီတွေရှိစေ့ချင်တယ်။ ပြောလို့ရသလောက် လုပ်လို့ရသလောက်လုပ်စေ့ချင်တယ်။ ပါတီတိုင်း လက်နက်မကိုင်ပါ။ ကိုင်ဖို့လည်း မတောင်းဆိုပါ။ သူတို့လုပ်တဲ့ရွေးကောက်ပွဲမဝင်လို့ ဖျက်ပစ်မယ်ဆိုလည်း ဖျက်ချင်တိုင်းဖျက်မရအောင် လူထုနောက်ခံအား ရှိထားဖို့လိုပါတယ်။ ပြည်ပနိုင်ငံကြီးတွေရဲ့ထောက်ခံမှုကိုတော့ စစ်အုပ်စုကမမှုပါ။ လူထုသာ အခရာကျပါတယ်။ လူထုကသာ သမိုင်းကိုဖန်တီးပါတယ်။
မျိုးမြင့်ချို။ မတ် ၆ ။ ၂၀၂၃

s