Monday, November 11, 2013

ကမ္ဘာ့အရှည်လျားဆုံးလက်နက်ချ အညံ့ခံရေးစာချုပ်(တူမောင်ညို)

0 comments
ကမ္ဘာ့အရှည်လျားဆုံးလက်နက်ချ အညံ့ခံရေးစာချုပ် (တူမောင်ညို)(၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
“မြစ်ကြီးနားစကားပြောပွဲ”၌ အစိုးရဘက်မှ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ ထံပေးအပ်ခဲ့သည့် “အခန်း ၁၄ ခန်း၊အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်”ဆိုသည်ကို မိတ်ဆွေတစ်ဦးက အင်တာနက်မှတစ်ဆင့်ပို့လာ သဖြင့်ဖတ်ရပါသည်။
“စာချုပ်”၏အမည်အပြည့်အစုံမှာ“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့အစည်းများအကြားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး သဘောတူညီချက်စာချုပ်”ဟူ၍ဖြစ်ပါသည်။
“စာချုပ်”၌ နိဒါန်း၊ အခန်း (၁) မှ (၁၄) ထိ ပါဝင်ပြီး၊ အချက်ပေါင်း ၂၅ ချက်ပါရှိပါသည်။ သက်ဆိုင်ရာအချက်များအောက်တွင်အချက်အလက်ခွဲငယ်များကို မြန်မာအက္ခရာစဉ်လျက်
ဖော်ပြထားပါသေးသည်။
ဤ“စာချုပ်”ဆိုသည်ကို တစ်ခွန်းထဲနှင့်ခြုံ၍ပြောရလျှင် “လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်/ချွင်းချက်မရှိ လက်နက်ဖျက်သိမ်းရေး”ပင် ဖြစ်သည်။
“စာချုပ်”တွင်လုံးဝဖေါ်ပြထားခြင်းမရှိသည့် စကားလုံး ၂ လုံးမှာ “ပြည်တွင်းစစ်”နှင့် “စစ်ဘေးဒုက္ခသည်” ဆိုသည့်စကားလုံး ၂ လုံး ပင်ဖြစ်သည်။ ပြည်တွင်းစစ်သည် နယ်စပ်ဒေသတိုင်းရင်းသားများကိုသာ အများဆုံးထိခိုက်နစ်နာခဲ့သည်မဟုတ်ပါ။ တပြည်လုံးရှိ လူမျိုးပေါင်းစုံပြည်သူများဘဝသည် ချွတ်ခြုံကျ မွဲတေစေခဲ့ပြီး၊ တိုင်းပြည်သည်အဆင်းရဲဆုံးနိုင်ငံ(LDC)ဘဝသို့ ကျရောက်ခဲ့ရပါသည်။ ဤအချက်နှင့် ဗြောင်းပြန်လိုဖြစ်နေသည့်အချက်မှာ အုပ်စိုးသူအစိုးရအဆက်ဆက်ထိပ်သီးများမှာ သန်းကြွယ်သူဌေးကြီးကဲ့သို့ ချမ်းသာကြွယ်ဝသူများဖြစ်လာကြသည့်အချက်ပင်ဖြစ်ပါသည်။ “ပြည်တွင်းစစ်”သည် အုပ်စိုးသူများများအတွက် ဒီရေအလားချမ်းသာကြွယ်ဝစေခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးစုံပြည်သူများကို ကုန်းကောက်စရာမရှိအောင်မွဲပြာကျစေခဲ့ပါသည်။ “ပြည်တွင်းစစ်”ဆိုသည့် စကားလုံးကို “လက်နက်ကိုင်ပဋိပက္ခ”ဆိုသည့်စကားလုံးနှင့် တမင်ရောထွေးပြီးဖုံးကွယ်ထားသည်။
အရိပ်အမြွက်မျှပင မပါရှိသည့် အခြားစကားလုံးတစ်လုံးမှာ“ဖက်ဒရယ်” ဟူသည့်စကားလုံးဖြစ်သည်။ အပစ်အခတ်ရပ်စဲခြင်းကိုပင်“တည်ဆဲဥပဒေများနှင့်မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်း”ဟူ၍ ကြိုတင်ချည်တုတ်ထားပါသည်။ ထို့အပြင် “ယခင်ကချုပ်ဆိုခဲ့သော တည်ဆဲဥပဒေနှင့်မဆန့်ကျင်သည့် သဘောတူညီချက်များအားအသိအမှတ်ပြုခြင်း”ဟုဖော် ပြထားသည်။
အဓိပ္ပါယ်မှာ  “ယခင်က ချုပ်ဆိုခဲ့သောသဘောတူညီချက်များ”တွင် တည်ဆဲဥပဒေများနှင့်
ဆန့်ကျင်နေသည့်အချက်များ ပါရှိနေသည်ကိုဝန်ခံလိုက်ခြင်းဖြစ်ပြီး၊ ထိုအချက်များကို ယခုလက်ရှိ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက လက်မခံ၊ အသိအမှတ်မပြုဟုဆိုခြင်းဖြစ်သည်။
ဤအချက်က(နဝတ-နအဖ) စစ်အစိုးရလက်ထက် ထောက်လှမ်းရေးဗိုလ်ခင်ညွန့်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ အပေးအယူလုပ်ပြီးသဘောတူထားခဲ့ကြသည့် (ပါတီအဖွဲ့အစည်း၊ လွတ်မြောက်နယ်မြေ၊ တပ်၊ လက်နက်အစရှိသော)အချက်များကို အသိအမှတ်မပြုဟု ဆိုလိုခြင်းဖြစ်သည်။ ထိုစဉ်က KIO အဖွဲ့တစ်ခုတည်းနှင့်သာ စာချုပ်ချုပ်သည်ဟုကြားခဲ့ရဖူးသည်။ နှစ်ဦးနှစ်ဖက် ဘာတွေ အပေးအယူလုပ်ပြီး သဘောတူညီခဲ့ကြသည်ကို သက်ဆိုင်သူများကထုတ်ပြောလျှင် တိုင်းပြည်နှင့်လူထုကသိရှိပြီး အကြောင်းနှင့်အကျိုးကိုအကဲဖြတ်နိုင်ကြပေလိမ့်မည်။
“လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့်အကြမ်းဖက်မှုများ” ဟူ၍ ရေးသာဖော်ပြထား သည်မှာ လက်တွေ့အားဖြင့် “ပြည်တွင်းစစ်”ဆိုသည့်စကားလုံးကိုရှောင်ရှားပြီး လက်နက်ကိုင်တိုင်းရင်း သားအဖွဲ့အစည်းများအား “အကြမ်းဖက်အဖွဲ့အစည်းများ”အဖြစ် တမင်တကာ သွယ်ဝိုက်ဖော်ပြလိုက်သလို လည်းဖြစ်နေသည်။ ရခိုင်ပြည်နယ်၊ မိတ္တီလာ၊ လားရှိုး၊ ကန့်ဘလူထန်းကုန်း တို့၌ပေါ်ပေါက်ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးအရေခြုံ၊ လူသတ်၊ မီးရှိုသည့်အကြမ်းဖက်မှုများသည်ပင် လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့များ၏ တာဝန်မကင်းသယောင်ဖော်ပြထားသည်မှာ မိုက်မဲလှသည့်ကြံစည်မှုပင်ဖြစ်သည်။
ထို့အပြင်“ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကိုထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်းများနှင့် စိုးရိမ်ထိပ်လန့်ခြင်းများဖြစ်ပေါ်ခံစားစေခဲ့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်” ဆိုသည့်ဖော်ပြချက်မှာ အပြင်းထန်ဆုံး ဗြောင်အကျဆုံးထိုးနှက်စော်ကားသည့် အချက်ပင်ဖြစ်သည်။ "အတိတ်ဖြစ်ရပ်များအပေါ် တစ်ဦးနှင့်တစ်ဦးအပြစ်မတင်ဘဲ” ဆိုသည့်အချက်ကလည်း  ပြည်တွင်းစစ်အတွင်း တိုင်းပြည်အနှံ့စစ်တပ်၏အကြမ်းဖက်မှုများဖြစ်သော လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ကျေးရွာများနှင့်ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းစသည့် ရာဇဝတ်ပြစ်မှုများကို တမင်တကာဖုံးကွယ်လိုက်ခြင်းလည်းဖြစ်သည်။
ပြည်တွင်းစစ်၌ပါတီအဖွဲ့အစည်းများ လက်နက်ကိုင်ခဲ့ကြရသည်မှာ အကြောင်းမဲ့သက်သက်သွေးဆာ၍ မဟုတ်၊ ရန်လိုမုန်းတီး၍မဟုတ်၊ မိမိတို့မွေးရာပါအခွင့်အရေးများကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်။
သို့သော်လည်း အုပ်စိုးသူအစိုးရအဆက်ဆက်သည် လက်နက်ဖြင့်အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ချေမှုန်း ခဲ့ကြသည်။သို့ဖြင့် မိမိတို့ ဘဝရှင်သန်ရပ်တည်နိုင်ရေးနှင့် မိမိတို့လိုလားချက်များ ဆက်လက်တောင်း ဆိုနိုင်ရေးအတွက် မလွှဲသာမရှောင်သာ ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ကြရခြင်း သာဖြစ်သည်။
ထို့အပြင်အကြမ်းဖက်ရန်လိုဖိနှိပ်မှုတွေတည်ရှိနေသမျှ “ လက်နက်ဖြင့်အကြမ်းဖက်ဖိနှိပ်စစ်ပြုလာသည်ကို လက်နက်စွဲကိုင်ခုခံတော်လှန်ခြင်းသည် တရားမျှတပြီး အစဉ်မှန်ကန်နေမည့်တရားသည့်လုပ်ရပ်”ဖြစ် မြဲဖြစ်နေပေလိမ့်ဦးမည်။
ယနေ့ကာလတွင်လတ်တလော စေ့စပ်ဆွေးနွေးကြရမည့်ကိစ္စမှာ နှစ်ဦးနှစ်ဖက်အတိုက်အခိုက်ရပ်စဲကြရေး သာဖြစ်သည်။ ယုံကြည်ချက်ခံယူချက်နှင့် နိုင်ငံရေးလမ်းစဉ်ကို စွန့်လွှတ်ရန်မဟုတ်ချေ။ စွန့်လွှတ်ရန်တောင်းဆိုခြင်းသည် ရိုင်းစိုင်းသော၊ရန်လိုသော အပြုအမူတစ်ရပ်ပင်ဖြစ်သည်။
မည်သည့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၌မဆို၊ သွေးဆာရန်လိုနေသည့် လက်နက်ကိုင်လမ်းစဉ်ဟူ၍မရှိနိုင်။ မိမိတို့၏နိုင်ငံရေးတောင်းဆိုချက်ကို ဆက်လက်ရပ်တည် ကိုင်စွဲ၊ တောင်းဆိုနိုင်ရန်အတွက် လက်နက်ကိုင်စွဲထားရခြင်းသာဖြစ်သည်။ နိုင်ငံရေးပြဿနာကိုသာ တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျဖြေရှင်းနိုင်ခဲ့မည်ဆိုလျှင် မည်သူသည် လက်နက်ကိုဖက်တွယ်နေ မည်နည်း။
လက်နက်ဖြင့်အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှုရှိနေသမျှ၊နိုင်ငံရေးရည်မှန်းချက်များ ပြည့်ပြည့်ဝဝ မရရှိသေးသမျှ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်အပြီးသတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးသမျှ၊ လက်နက်ကိုင်ထားကြရလိမ့်ဦးမည်။ (ဖဆပလ)အစိုးရမှသည်ယနေ့ ကြံ့ဖွံ့အစိုးရအထိ အုပ်စိုးသူအစိုးရ အဆက်ဆက်ထံ လက်နက်နှင့်ဒီမိုကရေစီ၊ လက်နက်နှင့်ငြိမ်းချမ်းရေး၊လက်နက်နှင့်ကားပါမစ် စသဖြင့် လဲလှယ်ခဲ့ကြသည့်ဖြစ်ရပ်မျိုးစုံ ဖြစ်ပွားပေါ်ပေါက်ခဲ့ဖူးပါသည်။ ထိုသို့လဲလှယ်ခဲ့ကြသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို ခေတ်ပြိုင်သမိုင်းကမည်သို့အကဲဖြတ်၊မှတ်တမ်းတင်သည်ကို ဦးနှောက်ပုံမှန်ရှိသည့်လူတိုင်း သိပါသည်။
စာချုပ်၏အခန်း ၃ နှင့် ၄ တွင်  ဖော်ပြထားချက်များသည်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအား ချွင်းချက်မရှိ အလုံးစုံချုပ်ကိုင်မှုပင်ဖြစ်သည်။ ယင်းသို့ချုပ်ကိုင်နိုင်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို အခန်း (၈) တွင်ဖေါ်ပြထားသည့် “အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ”က လက်တွေ့ အကောင်အထည်ဖော်လိမ့်မည်ဖြစ်သည်။
ယင်းသို့အဖက်ဖက်ကအပိုင်ချည်ပြီး၊ တုတ်ပြီးဖြစ်ချိန်တွင်(လက်မှတ်ရေးထိုးပြီးနောက်(၂လ) အတွင်း) ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက် ရန်”ဟူ၍ ဖော်ပြထားသည်။ ချွင်းချက်မရှိလက်နက်ချပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက် ရန်နှင့် “မတရားအသင်းအက်ဥပဒေအရ အရေးယူခံထားရသူများအပေါ်ဖြေလျှော့ပေးရေးဆောင်ရွက်မည်” ဟုဆိုသည်။
အခန်း(၁၄) သည် ဤစာချုပ်၏ နောက်ဆုံးအခန်းဖြစ်ပြီး “သဘောတူညီချက်စာချုပ်လက်မှတ်ရေး ထိုးခြင်း”ဖြစ်သည်။
“ဤ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ကို၂၀၁၃ ခုနှစ်၊  ----- လ၊ ------ ရက်နေ့တွင်နှစ်ဦးနှစ်ဖက်မှ အောက်ပါအတိုင်း လက်မှတ်ရေးထိုးကြပါသည်” ဟူ၍ဖေါ်ပြထားရာအဆိုပါစာပိုဒ်တွင်ပါရှိသော“၂၀၁၃”ဆိုသည်ကိုဖြုတ်ပယ်၍  ----- ခုနှစ်၊ ------ လ နှင့် ------- ရက်စသဖြင့် ကွက်လပ်ကလေးများထားရှိပါပေးရန် “နိုင်ငံတော်အစိုးရ”ထံ စေတနာဖြင့် အကြံပြုလိုက်ပါသည်။
(ကာလုံ)တွင် ပြုစုရေးဆွဲခဲ့သော ဤ “စာချုပ်”သည် “ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချအညံ့ခံရေးစာချုပ်” အဖြစ်ဂင်းနစ် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းဝင်နိုင်လိမ့်မည်မျှော်လင့်ပါသည်။


0 comments:

Post a Comment