Saturday, November 2, 2013

ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (နိဂုံးပိုင်း)

0 comments
ကိုလိုနီခေတ်မတိုင်မီ ဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(နိဂုံးပိုင်း)
(၇)လွတ်လပ်ရေးရပြီးနောက် အလုပ်သမားလူတန်းစားများအခြေအနေ
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရလျှင်ရချင်းပင် အလုပ်သမားလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်ရေးရပြီး အစောဆုံး မှတ်တမ်းတင်ထားတာတွေ့ရသည့်သပိတ်မှာ (၁၉၄၈)ခုနှစ် မတ်လဆန်းပိုင်းကဖြစ်ပေါ်ခဲ့သော ဖူးကား၊ အဖောင်သစ်စက်များ၊ ဒလဧရာဝတီ သင်္ဘောကျင်း၊ ဓနိတောဘီအိုစီ စသည့် အလုပ်ဌာန ၇ ခုမှ အလုပ်သမား(၃၅ဝဝ)ကျော်ပါဝင်သော သပိတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ သပိတ်ကို ဗဟိုအလုပ်သမားသမဂ္ဂ (အေဘီတီယူစီ)ဦးဆောင်ဆင်နွှဲခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးရက်ပေါင်း(၈ဝ)ကျော်ကြာသည့်အခါ ပြည်တွင်းစစ်မီး တောက်လောင်တော့သည်။ ပြည်တွင်းနိုင်ငံရေးအခြေအနေကလည်း အာဏာရ ဖဆပလအစိုးရလက်ထက်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းမှုများ တစတစတိုးပွားလာခဲ့သည်။ တိုင်းရင်သားလူမျိုးစုများအပေါ် တန်းတူရေးမရှိသဖြင့် လူမျိုးစုများစွာက မိမိတို့လူမျိုးစုများ အခွင့်အရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲခဲ့ကြသည်အထိ နိုင်ငံရေးပဋိပက္ခများ ပြင်းထန်သည်းသန်လာခဲ့သည်။  ထိုနိုင်ငံရေးအခြေအနေအောက်တွင်  အလုပ်သမားတိုက်ပွဲများနှင့်လူတန်းစားပဋိပက္ခများကလည်း အဆက်မပြတ် ဖြစ်ပေါ်တိုးပွားလျက် ရှိသည်။
လွတ်လပ်ရေးရပြီး (၁ဝ)စုနှစ်တခုအတွင်း အုပ်စိုးသူလူတန်းစားများ၏အတွင်းပိုင်းပဋိပက္ခမှာ ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးမှာတော့ စစ်အုပ်စုက ၁၉၅၈ ခုနှစ်တွင် အာဏာကိုအတင်းအဓမ္မတောင်းယူပြီး တိုင်းပြည်၏ နိုင်ငံရေးအာဏာအဝဝကို ချုပ်ကိုင်လိုက်တော့သည်။ ၁၉၆ဝ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး အရပ်သားအစိုးရသို့အာဏာပြန်ခဲ့သည်။ သို့သော် (၁၉၆၂)ခုနှစ်မှာတော့ စစ်တပ်က အပြီးအပိုင် နိုင်ငံရေးအာဏာများကို သိမ်းယူလိုက်တော့သည်။ ဗိုလ်နေဝင်းဦးစီးပြီး စစ်အာဏာသိမ်းပိုက်ပြီးနောက် နှစ်နှစ်အကြာ ၁၉၆၄ ခုနှစ်၊ မတ်လတွင် အမျိုး သားစည်းလုံးညီညွတ်ရေးကိုကာကွယ်သည့်ဥပဒေတရပ် ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ အခြားနိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့များနည်းတူ အလုပ်သမားအဖွဲ့အစည်းအားလုံးကိုလည်း ဖျက်ဆီးပစ်လိုက်တော့သည်။
၁၉၆၄ ခုနှစ် မေဒေးနေ့တွင် ၆၂ အာဏာသိမ်းစစ်အစိုးရ၏ တော်လှန်ရေးကောင်စီက အလုပ်သမားကောင်စီ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေနှင့် အလုပ်သမားများ၏အခြေခံရပိုင်ခွင့်နှင့် တာဝန်များကိုပြဌာန်းသည့်ဥပဒေကို ထုတ်ပြန်လိုက်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် မတ်လအထိ အလုပ်သမားလူတန်းစားများ၏လှုပ်ရှားမှုများ မှတ်တမ်းများတွင် မရှိသလောက်ဖြစ်သည်။ အလုပ်သမားလှုပ်ရှားမှုမပေါ်ခဲ့ရခြင်းမှာ စစ်အစိုးရ၏ အလုပ်သမားများအပေါ်တင်းတင်းကြပ်စွာဖိနှိပ်ထားမှုကြောင့်လည်းကောင်း၊ အလုပ်သမားများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ အတွက် စည်းရုံးလှုံ့ဆော်ပေးပြီးတိုက်ပွဲဝင်ပေးမည့်အဖွဲ့အစည်းများ မတည်ဆောက်နိုင်မှုကြောင့်သော်လည်းကောင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ သို့သော် (၁၉ရ၄) ခုနှစ်ဂျန္နဝါရီ ၃ ရက်နေ့တွင် စစ်ကောင်စီသည် အတုအယောင်ဆိုရှယ်လစ်စနစ်သို့ချီတက်မည်ဟု လမ်းစဉ်ချမှတ်ပြီး ရေးဆွဲထားသည့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းလိုက်သည်။ ထို ဖွဲ့စည်းပုံအတည်ပြုပြီး ၅ လခန့်အကြာတွင် မြန်မာတနိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများက ဆန္ဒပြသပိတ်မှောက်လိုက်ကြသည်။ စစ်အစိုးရ လက်အောက်က အလုပ်သမားတို့၏နေထိုင်မှုဘဝကို မခံမရပ်နိုင်ခြင်းကြောင့်လည်းကောင်း၊ စစ်အစိုးရ၏ဖိနှိပ်မှုကို ရွံရှာမုန်းတီးမှုကြောင့် လည်းကောင်း ပေါ်ထွက်လာသည့် အလုပ်သမားများ၏ တောင်းဆိုတိုက်ပွဲဝင်မှုပင်ဖြစ်သည်။
ရ၄ မေ -ဇွန် အလုပ်သမားအရေးအခင်းဟုကြော်ကြားခဲ့သော အလုပ်သမားတိုက်ပွဲအစသည် (ရ၄ ခု မတ်လ၂၅ရက်နေ့) တွင် စဥ့်ကိုင် ပုလိပ်ချည်မျှင်၊ အထည်နှင့်အချောကိုင်စက်ရုံမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့်တပြည်လုံးရှိ အလုပ်ရုံ၊ စက်ရုံများသို့ ကူးစက်ပြန့်နှံခဲ့သည်။ အလုပ်သမားများ၏တောင်းဆိုတိုက်ပွဲဝင်မှုကို လေ့လာကြည့်မည်ဆိုလျှင် အပိုင်း ၃ ပိုင်းတွေ့နိုင်သည်။
(က) စားဝတ်နေရေးအတွက်တောင်းဆိုမှုများ၊
(ခ) လုပ်ငန်းခွင်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှုစနစ်များအပေါ်မကြေနပ်ချက်များ
(ဂ) နိုင်ငံရေးအရ တောင်းဆိုတိုက်ပွဲဝင်ခြင်း စသည်တို့ ဖြစ်သည်။
အလုပ်သမားများ၏တောင်းဆိုချက်များနှင့်ပတ်သက်၍ အစိုးရမှ အနည်းငယ်သာ လိုက်လျောခွင့်ပေးခဲ့သည်။ နောက်ဆုံးတွင် အလုပ်သမားလှုပ်ရှားမှုအား စစ်အစိုးရက စစ်တပ်အင်အားကိုအသုံြးုပပြီး လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွဲလိုက်တော့သည်။ အလုပ်သမားများစွာ သေဆုံးခဲ့သည်။ အမြောက်အများဒဏ်ရာရခဲ့သည်။ အချို့ နှစ်ရှည်ထောင်ဒဏ်များ အပေးခံရသည်။ အလုပ်သမားအများအပြား အလုပ်မှထုတ်ပယ်ခြင်းခံရသည်။ စစ်အစိုးရ၏အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် အလုပ်သမားလှုပ်ရှားမှုသည် အရှုံးဖြင့်နောက်ဆုတ်လိုက်ရတော့သည်၊
ရ၄ မေ - ဇွန် အလုပ်သမားလှုပ်ရှားမှုအရေးနိမ့်ပြီးနောက် အလုပ်သမားလူတန်းစား၏ လှုပ်ရှားမှုတိုက်ပွဲသည် ၁၄ နှစ်တိတိရပ်တန့်နေ ခဲ့သည်။ ၁၉၈၈ ခုနှစ် ပြည်သူတရပ်လုံးပါဝင်ဆင်နွှဲခဲ့သည့် ဒီမိုကရေစီရေးတိုက်ပွဲ သို့မဟုတ် အထွေထွေသပိတ်ကြီးဖြစ်ပေါ်လာသည့်အခါမှ ထိုလှုပ်ရှားမှုကြီးထဲသို့ ပူးပေါင်းပါဝင်လာနိုင်တော့သည်။ အလုပ်သမားလူတန်းစားက ထိုအထွေထွေသပိတ်ကြီးအတွင်း ပူးပေါင်းလိုက် ခြင်းသည် ပြည်သူများတောင်းဆိုတိုက်ပွဲဝင်နေသော ဒီမိုကရေစီအရေးတော်ပုံအတွက် အရေးကြီးသောတွန်းအားတရပ်ကို ဖြစ်ပေါ်စေ ခဲ့သည်။ မဆလ စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများကို ပျက်စီးစေသည့်အထိ သြဇာသက်ရောက်မှုရှိခဲ့သည်။
(၁၉၈၈) ခုနှစ်တွင် ပြည်သူများ၏ ဒီမိုကရေစီရေးတောင်းဆိုတိုက်ပွဲဝင်မှုကြောင့် မဆလပါတီနှင့် မဆလအစိုးရပြုတ်ကျခဲ့သည်။ မဆလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း စက္ကူစုတ်များအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။  သို့သော် လူထုလက်ထဲတွင် အုပ်ချုပ်ရေးအာဏာ မရလိုက်ပါ။ တိုင်းပြည်၏အုပ်ချုပ်ရေးအာဏာကို စစ်တပ်ကလွဲပြောင်းယူလိုက်သည်။ ယနေ့အထိ  စစ်အုပ်စု၊ စစ်အစိုးရက စစ်အာဏာရှင်စနစ်ကျင့်သုံးပြီး တိုင်းပြည်၏ကိစ္စအဝဝကို စီမံအုပ်ချုပ်နေသည်မှာ ဆယ်စုနှစ် ၂ စုကျော်လွန်ခဲ့ပြီ။ ထိုစစ်အာဏာရှင်စနစ်အောက်တွင် အခြားပြည်သူလူထု များနည်းတူ အလုပ်သမားလူတန်းစားသည်လည်း နိုင်ငံရေးအရဖိနှိပ်ခံရမှုဒဏ်နှင့် စီးပွားရေးအရသွေးစုတ်မှုဒဏ်တို့ ပြင်းပြင်းထန်ထန် ခံစားနေကြရသည်။

နိဂုံးဗမာပြည်လူ့အဖွဲ့အစည်းတွင် အလုပ်သမားလူတန်းစားဖြစ်တည်လာကတည်းက အလုပ်သမားလှုပ်ရှားမှုများ၊ သပိတ်တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်လာခဲ့သည်။ ဤဖော်ပြမှုသည် သမိုင်းဖြစ်ပေါ်တိုးပွားမှုတရားအရကြည့်မည်ဆိုပါက သွေးစုပ်သူနှင့် သွေးစုပ်ခံရသူ တို့၏တိုက်ပွဲ၊ အုပ်စိုးသူနှင့်အုပ်စိုးခံတို့၏တိုက်ပွဲသမိုင်းများပင်ဖြစ်သည်။ တိုက်ပွဲသမိုင်းများမှ သင်ခန်းစာကိုထုတ်ယူကြည့်မည်ဆိုပါက အလုပ်သမားလူတန်းစားသည် လူအဖွဲ့အစည်းအတွင်းရှိဖိနှိပ်မှုနှင့်သွေးစုပ်မှုကို လူတန်းစားတိုက်ပွဲနည်းဖြင့်လွတ်မြောက်အောင် မလုပ်နိုင်လျှင် မိမိကိုယ်မိမိလွတ်မြောက်အောင်လုပ်နိုင်မည် မဟုတ်တော့ပေ။ ထိုကြောင့် အလုပ်သမားများ၏လွတ်မြောက်ရေးသည် အလုပ်သမားများကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်ဖြစ်ရမည်။
အုပ်စိုးသူလူတန်းစား၏ စုစည်းထားသည့်အာဏာကိုဆန့်ကျင်တိုက်ပွဲဝင်ရာတွင် စည်းရုံးစုစည်းထားသည့်အလုပ်သမားလူတန်းစား၏ ကိုယ်ပိုင်ပါတီ၊ အဖွဲ့အစည်းတခုရှိဖို့လိုအပ်သည်။ ထိုပါတီအဖွဲ့အစည်းကသာလျှင် ဟောင်းနွမ်းဖောက်ပြန်သည့်နိုင်ငံရေးပါတီများကို ဆန့်ကျင်တိုက်ခိုက်ရေးတွင် အသက်ဝင်တက်ကြွစေမှာဖြစ်သည်။ သို့သာ် လူထုလက္ခဏာဆောင်သည့်ပါတီတရပ်ကိုတော့ နေ့ချင်းညချင်း တည်ဆောက်လို့မရနိုင်ပါ။ ပါလီမန် သို့မဟုတ် လွှတ်တော်ဥပဒေနည်းနာများဖြင့်လည်း ပုံစံခွက်ချပြီးတည်ဆောက်၍မရနိုင်ပါ။ ပါတီ၊ အဖွဲ့အစည်းတခုတည်ဆောက်ရေးအတွက် အလုပ်သမားလူတန်းစားများ၏ ရှေးဦးလိုအပ်ချက်မှာ -
(က) သွေးစည်းညီညွတ်မှသာလျှင် ကိုယ့်ဘဝအခြေအနေပြောင်းလဲဖို့နည်းနာတွေရလာမည်ဆိုတာကို အလုပ်သမားများအား
သဘောပေါက်အောင်လုပ်ပေးရပါမည်။
(ခ) ကိုယ့်အင်အားကို ကိုယ်တိုင်မြင်လာစေရပါမည်။
(ဂ) မိမိတို့အခြေအနေ ဘာကြောင့် ဆိုးဝါးနေရတယ်ဆိုတာကို မြင်လာစေရပါမည်။
(ဃ) အလုပ်သမားများ၏ပြဿနာများကို အရင်းရှင်စနစ်က ဘယ်တော့ဖြေရှင်းပေးမှာမဟုတ်ဘူးဆိုတာကို မြင်လာစေရပါမည်။
(င) ဆိုရှယ်လစ်စနစ်ကသာလျှင် အလုပ်သမားတွေအတွက် ဘာတွေကောင်းတယ်ဆိုတာ သိမြင်လာစေရပါမည်။
ထိုအချက်များကို တခွန်းတည်းနှင့်ပြောရလျှင် အလုပ်သမားများအား နိုင်ငံရေးအသိနိုးကြားလာစေရပါမည်။
နိုင်ငံရေးအသိနိုးကြားနေသည့်အလုပ်သမားလူတန်းစားများကသာလျှင် နောက်အဆင့်ကိုတက်လှမ်းနိုင်ပါလိမ့်မည်။ ထိုအဆင့်သည် မိမိ၏ အခွင့်ရေးများကိုကာကွယ်ရန် စည်းရုံးမှုရှိရှိ တောင်းဆိုတိုက်ပွဲဝင်ခြင်းအဆင့်ဖြစ်ပါသည်။ မျက်မှောက်ဗမာ့နိုင်ငံရေးအခြေအနေသည် အလုပ်သမားလူတန်းစာများအတွက်သာမက အခြားလူထု၊ လူတန်းစားများ၊ လူ့အလွှာများအတွက် ကောင်းမွန်သည့်နိုင်ငံရေးအခြေအနေ မဟုတ်ပါ။ စစ်အာဏာရှင်စနစ် ကြီးစိုးလွမ်းမိုးနေပြီး၊ ဒီမိုကရေစီဆိတ်သုဉ်းနေသည့်ကာလဖြစ်သည်။ ထိုအခြေအနေအောက်တွင် မိမိတို့၏ နိုင်ငံရေးလုပ်ငန်းများကို ပြောင်တရားဝင်လုပ်ဆောင်လုပ်ဆောင်ခွင့် မရနိုင်ပေ။ အလုပ်သမားလူတန်းစားသည် မိမိတို့ဘဝလွတ်မြောက်ရေး အတွက် နိုင်ငံရေးလုပ်ငန်းများပြုမူလုပ်ဆောင်ချက် (ဝါဒဖြန့်ခြင်း၊ စည်းရုံးဖွဲစည်းခြင်း၊ တိုက်ပွဲဆင်ခြင်း) များလုပ်ဆောင်ရာတွင် တည်ရှိနေသောနိုင်ငံရေးအခြေအနေကို မုချထည့်သွင်းစဉ်းစားပြီးမှလုပ်ဆောင်ကြရပေလိမ့်မည်။ ပြောင်တရားဝင် နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်မရနိုင်သောအခါ လျှို့ဝှက်ပြီးလုပ်ဆောင်နိုင်ရန် ရွေးလမ်းတခုအဖြစ်ထားရှိပြီး လုပ်ဆောင်ရပေလိမ့်မည်။ အထက်ပါနိုင်ငံရေး အခြေအနေများကြောင့် အလုပ်သမားလူတန်းစားသည် မိမိတို့၏နိုင်ငံရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အလုပ်အဖွဲ့များ တည်ဆောက်ကြရန်လိုအပ်သည်။ အလုပ်အဖွဲ့များတည်ဆောက်ရေးကို  မြေပေါ်မြေအောက်ကွန်ရက်တည်ဆောက်ရေးစနစ်ကို အခြေခံလုပ်ငန်းများအဖြစ် အသုံးပြုသင့်သည်။ အဖိနှိပ်ခံအလုပ်သမားများ သွေးစည်းညီညွတ်စွာဖြင့် မိမိတို့ဘဝလွတ်မြောက်ရေး လမ်းကြောင်းအတိုင်း ချီတက်နိုင်ကြပါစေ။
-အချက်အလက်ကိုးကားစာရင်း- သခင်လွင်၏ အလုပ်သမားလှုပ်ရှားမှုသမိုင်း
- ဦးလေးမောင်၏ မြန်မာ့နိုင်ငံရေးသမိုင်း
- ဗမာပြည်ကွန်မြူနစ်ပါတီမှထုတ်ဝေသည့် ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ
- ရဲဘော်ထွန်းဦး (၇) ရက် ဂျူလိုင်၊ ၂ဝဝ၉


0 comments:

Post a Comment