Wednesday, November 27, 2013

ဘာပြင်မှာလဲမောင်ရေခဲ၊ ဘာမြင်သွားလဲမရွှေဖဲ(၁-၂) (မျိုးမြင့်ချို)

0 comments
ဘာပြင်မှာလဲမောင်ရေခဲ၊ ဘာမြင်သွားလဲမရွှေဖဲ(၁-၂)(မျိုးမြင့်ချို)
၂ဝဝ၈ ဖွဲ့စည်းပုံဘာလဲကို ဝိတ္တာချဲ့စရာမလိုတော့ဟုထင်၏။ ဗိုလ်သန်းရွေစစ်နန်းဆက်နှင့် စစ်အုပ်စုကြီးတစ်စုံလုံး၏ အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ် အသက်ဗူးမှန်း၊ ခါးပိုက်ဆောင်စစ်ဂိုဏ်းဖွဲ့ စီးပွားရှာဝိဉာဉ်သေတ္တာမှန်း လူတိုင်းသိနှင့်ပြီးသား။

ထိုဖွဲ့စည်းပုံနှင့်ဟန်ကျနေသရွေ့ ပြင်ဖို့/ဖျက်ဖို့စကား သွားပြောလျှင် နောက်ကြောင်းပြန်မည့်သူဆိုကာ စစ်တပ်ကရော ဒီမိုကရေစီဆိုသူ (အချို့)ကပါ လက်ညှိုးငေါက်ငေါက်ထိုး နင်ပဲငဆ လုပ်နေကြတာမြင်နေရ၏။ သန္ဓေတည်စကပင် အဆင့်တိုင်းမှာတိုက်ဖျက်ရမည်ဆိုသူတချို့ပင် ထိုဖွဲ့စည်းပုံအောက် လက်ပြန်ကြိုးနှင့်ဒူးထောက်ရက်သားဖြစ်နေတာလည်းမြင်၏။ စီးပွားဘက်တွေမို့ ဒူးထောက်ရက်သားဟုအဆိုခံရလျှင် မချိအောင်နာတတ်ကြတာလည်း အထင်အရှား။

စစ်အုပ်စုကတော့ အခုအတိုင်းအထိုင်ကျနေသမျှ နောက်ကြောင်းပြန်တွေ ရှေ့ကြောင်းချီတွေ စိုးစဉ်းမျှပင်ကြားချင်မည်မဟုတ်။ သို့သော် သန္ဓေပါချို့ယွင်းချက်တွေနှင့် ထိုဖွဲ့စည်းပုံကိုကိုင်ကာ ရေရှည်သွားမရမှန်းတော့ကောင်းကောင်းသိ၏။
လွှတ်တော်နှင့်အစိုးရ ခနခနငြိငြိနေကြရတာလည်း ထို ချို့ယွင်းချက်တွေကြောင့်ဆိုတာ သိထားကြ၏။ အလိုက်သင့်မထိန်းညှိနိုင်လျှင် အခန့်မသင့်ဖြစ်ကာဖွဲ့စည်းပုံပျက်ကိန်း ဆိုက်သွားနိုင်ကြောင်း ရေလည်ပြီးသားတွေလည်းဖြစ်၏။ စစ်သားစကားနှင့်ပြောရလျှင် တိုက်ပွဲတွင် အထိအခိုက်အကျအဆုံးများပြီးတပ်ပျက်ပါက ဖွဲ့စည်းပုံပျက်သွားပြီဟုဆိုကာ (တပ်သစ်ပြန်တည်)ဖွဲ့စည်းပုံပြန်လုပ်ရ၏။ ဖွဲ့စည်းပုံပျက်ခြင်း (တပ်ပျက်ခြင်းအခြေအနေ)သည် မည်မျှသွေးပျက်ချင်စရာ၊ မည်မျှကဖြဲကရုန်းဖြစ်ရာ၊ မည်မျှစိုးရိမ်စရာ၊ မည်မျှ အုပ်ရစီးရခက်ရာကောင်းမှန်း အရပ်သားထက် စစ်သားကပိုနားလည်သည်ဟုထင်၏။ ထို့ကြောင့် ဒီတစ်ကြိမ်တော့ စစ်တပ်သည် ဖွဲ့စည်းပုံအပျက်မခံနိုင်တော့မှန်း ပေါ်လွင်၏။

နောက်တချက်က ဖွဲ့စည်းပုံဖျက်ခြင်း။ ဗမာပြည်တွင် ဖွဲ့စည်းပုံ ၂ ကြိမ်အဖျက်ခံရဖူးသည့် အတွေ့အကြုံရှိ၏။ တစ်ကြိမ်က တပ်ကဖျက်တာ ဖြစ်ပြီး နောက်တစ်ကြိမ်က လူထုကဖျက်တာဖြစ်၏။ ဆိုတော့ ဤအတွေ့အကြုံ လူထုဆီမှာလည်းရှိကြောင်း စစ်အုပ်စုကနောကြေထား၏။ ၄၇ နှင့် ၇၄ တို့လိုကြမ္မာမျိုး ၂ဝဝ၈ ကို အတိုးမခံနိုင်၊ ခံလည်းခံဝံ့တော့မည်မဟုတ်ဟု ယူဆ၏။ ဆိုတော့ ဖျက်ရေးပြောလာ/လုပ်လာလျှင် ပြင်ရေးဘက်ဇောင်းသွင်းပေးရမည်။ လမ်းကြောင်းပေးရမည်။ ပြင်ရေးမှာပင်လျှင် အပြင်လူဝင်ပြင်တာ၊ အပြင်လူဝင်ပါလာမှာကို (လွှတ်တော် ပြင်ပအင်အားစုများပါလာမှာ)လက်ခံလို့မဖြစ်။ စစ်တပ်စီးထားသည့်လွှတ်တော်ထဲကတဆင့်သွားရေးနည်းမှတပါး လက်ခံလို့မရ။
ပြင်ချင်ရင် အင်န်အယ်လ်ဒီလို ဒေါ်စုလို ဝင်ခဲ့ပါဟု တစာစာခေါ်ကာ အကြိုတော်ထောက်နေ၏။

၂ဝဝ၈ နှင့်ပတ်သက်လျှင် စစ်တပ်နှင့်စစ်အလိုတော်ရိမဟုတ်သည့် အင်အားစုများထဲတွင် ယေဘုယျအားဖြင့် ၂ စုရှိနေသည်ဟုဆိုရမည်ဖြစ်၏။ တစုက ဖွဲ့စည်းပုံကို ဝိဉာဉ်နှုတ်ဖို့လိုသည်ဟုယူဆပြီး အခြားတစုက အစွယ်တုံးပေး ခြေသည်းတိပေးချင်သူ အစုဟူကာ ၂ စုဖြစ်နေ၏။ ပထမအစုက တစ်စုံလုံးဖျက်အသစ်ပြန်ဆွဲရေး။ ဒုတိယအစုက ထိမရတာချန်ကာပြင်တန်တာပြင်ရေး။ ချုပ်ရလျှင် သစ်ရေးနှင့်ပြင်ရေး။ ခုပြောချင်သည်က တစ်စုံလုံးဖျက်ကာအသစ်ပြန်ရေးဆွဲရေး (သစ်ရေး)မဟုတ်။ သစ်ရေးက လူထုလုပ်မှရသည့်အလုပ်။ လူထုတိုက်ပွဲပါမှ လုပ်၍ရသည့် အလုပ်။ ခေတ်စကားနှင့်ပြောရလျှင် လမ်းပေါ်နိုင်ငံရေး။ ထိုလမ်းပေါ်နိုင်ငံရေးကို အာဏာလက်ရှိတို့တင်မက လွှတ်တော်ထဲရောက်နေသူတို့လည်း နှာခေါင်းရှုံ့ကြ၏။ လမ်းပေါ်နိုင်ငံရေး တနည်းဆိုရလျှင် လူထုတိုက်ပွဲဆိုသည်က အာဏာလက်ရှိ (အစိုးရ)တွေကိုရော လွှတ်တော်တွေကိုပါတိုက်ဖျက်နိုင်သည့် အစွမ်းအစနှင့်ခွန်အား ရှိသည်မဟုတ်လား။ ပြီးတော့ ထို လမ်းပေါ်နိုင်ငံရေးသည် ဘယ်အချိန်မှာထုအကြီးဆုံးဖြစ်ကာ ဘယ်အချိန်မှာ အာဏာတွေလွှတ်တော်တွေကို တိုက်ဖြိုမယ်ဖြစ်ဆိုကာ မိုးလေဝသလိုဟောရ၍သည့်ကိစ္စလည်းမဟုတ်။ ဆိုတော့ ပြင်ရေးကိစ္စပဲပြောမည်တွေးမိ၏။

ပြင်ရေးကိစ္စပြောမည်ဆိုလျှင်ပဲ အပေါ်တွင်ဆိုခဲ့သည့် နင်ပဲငဆများက မကြိုက်။ အထူးသဖြင့် ဖျက်မည်ဆိုလျှင် ပိုတောင်မကြိုက်။ ဖျက်ရေးတို့အားရက်ဒီကယ်လ်တွေ၊ ဉာဏ်နံ့သူတွေ၊ နိုင်ငံရေးအတုံးတာတွေဆိုကာ လှောင်ပြောင်ပျက်ရယ်ပြု၏။ ပြတ်ပြတ်သားသား ဆန့်ကျင်၏။ ပြင်မယ်ဆိုသူတွေကျတော့ ဘာပြင်မှာလဲဆိုသလဲအပေါ်တည်ကာ ချီးမွမ်းပေးလိုက် ခြေနှင့်ကျောက်လိုက်၊ ထိပ်ပုတ်လိုက်၊ နားရွက်တံတွေးဆွတ်လိုက်လုပ်၏။ မထေမဲ့မြင်ပြုသည့်အခါပြု၏။

အင်န်အယ်လ်ဒီနှင့် ဒေါ်စု ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ကြွေးကြော်သံတွေ ထွက်လာ၏။ တစ်ခုက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေး။ ဘယ်ပုံ ဘယ်နည်းပြင်မယ်သာ မသိရသော်လည်း အင်န်အယ်လ်ဒီပါတီတည်ဆောက်ရေးအတွေးအခေါ်နှင့် ပါတီဖွဲ့စည်းပုံကိုအရင်ပြင်ပြီး စစ်လွှတ်တော်ထဲ ခြေစုံပစ်ဝင်သွား၏။ ဘာတွေ ပြင်ခဲ့ပြီနည်း။ (ဆက်လက်တင်ပြပါမည်)
မျိုးမြင့်ချို
နိုဝင်ဘာ ၂၂ ရက်၊ ၂ဝ၁၃


ဘာပြင်မှာလဲမောင်ရေခဲ၊ ဘာမြင်သွားလဲမရွှေဖဲ(၂)(မျိုးမြင့်ချို)
သူ့ခွင်(ဂွင်)ထဲဝင်ကာ သူ့ဖွဲ့စည်းပုံပြင်ရတန်ကောင်းရဲ့စဉ်းစားချက်မှာ အခြေခံကစ မမှန်ဟုမြင်၏။ မိမိဘက်စဉ်းစားချက်က စကြည့်မည်။ ပြင်ရေးအဆိုအတွက်ထောက်ခံအမတ်ဦးရေရဖို့က သိတ်မခဲယဉ်း။ “လွှတ်တော်အမတ် ၇၆ ရာခိုင်နှုန်းရမှပြင်”ကိစ္စသည်ပြဿနာ၏ဗဟိုချက်။ ဒေါ်စုမီးသေလို့ ဘယ် အင်န်အယ်လ်ဒီအမတ်မှ ကလန်ကဆန်မလုပ်ဘူးထားဦး ကျန်ပါတီကြီး/ငယ်တို့ရှိသေး၏။ ဆန့်ကျင်ဘက်အရပ်မှ အမတ်ဖြစ်လာသူတွေမဆိုနှင့် တချိန်က အရိပ်ခိုရွှေဘုန်းတော်ဖွဲ့ခဲ့ကြသူတို့ပင် ဥက္ကဌဥက္ကဌခြင်း၊ အမတ်အမတ်ခြင်းဆိုကာ(မလှန်နိုင်မှန်း သိသော်လည်း) ကြေးတန်းတိုက်နေတာလည်း ရှိသေး၏။ တလွှတ်တော်လုံး ၇၅ ရာခိုင်နှုန်းအပြည့် ခေါင်းညိမ့်သည်ဆိုဦး(ဒေါ်စုပြောသည့်) ရဲရင့်သော စစ်လွှတ်တော်အမတ်တစ်ယောက်က အကျိုးစီးပွားအတွက်အမိန့်နာခံဖို့ ရွေးချယ်ထားသည့်စစ်သားဖြစ်၏။ အမိန့်လွန်ဆန်မည့်သူ မဟုတ်။ လွန်ဆန်ဝံ့လို့ ဘက်ပြောင်းသည်ထားဦး လူထုဆန္ဒခံယူပွဲကရှိသေး၏။ ဒါက လူတိုင်းသိပြီးသား မိမိဘက်ကပြင်ရေးအကျပ်အတည်း။ ဆိုတော့ အင်န်အယ်လ်ဒီဘက်က ဝင်/ပြင်စိတ်ကူးယဉ်လမ်းကြောင်းမှန်း ခုမှစသိသလို ငန်းထဖမ်းလို့လည်းမဖြစ်။ လေးစားလိုက်နာ ကာကွယ် စောင့်ရှောက်ပါမည်ဟု လူသိရှင်ကြားကျမ်းကျိန်ထားတာလည်းရှိ၏။ မလိုက်နာလျှင် ကျမ်းစူး/မစူးတော့မသိ အာဏာစူးမှာတော့သေချာ၏။ လူထုဘက်ကလည်း မပြင်နိုင်ရကောင်းလားဆိုကာငြိငြင်သည်ထက် မလိမ်မိုးမလိမ်မာ အလိမ်ခံ အပြစားခံ အနိုင်ကျင့်ခံရရှာလေသည့် အမတ်မင်းလေးတွေအဖြစ် အသနားပိုနေရသည့်ဘဝ။ ပြီးတော့ တည်မိတဲ့ဘုရား ကျီးနားနား လင်းတနားနားစိတ်ကိုလည်း ထည့်တွက်နေရသေး၏။

သူ့ဘက်ကိုပြန် စဉ်းစားကြည့်ရမှာလည်းရှိသေး၏။ ယခု သူတို့က ဒီမိုကရေစီကဇော်ဖေါက်ပေးနေ၏။ အမြှုတ်ထသူတို့လည်း တစီစီ။ အရင်လို စေတစ်လုံးစစ်အာဏာမဟုတ်ကြောင်း ပြယုဂ်တွေအဖြစ် လွှတ်တော်၊ ရောင်ပြအတိုက်အခံ၊ အရပ်ဝတ်စစ်အစိုးရနှင့် ဖွဲ့စည်းပုံတို့ရှိထားပေး ရ၏။ ပြင်ကွာ/ဖျက်ကွာကို ဥပဒေကဲ့သို့အာဏာတည်သောအမိန့်နှင့် အရင်လိုလုပ်ဖို့မဖြစ်။ သူတို့ဘာသာပြင်ချင်ဦးတော့ လွှတ်တော်မှာ ၇၆ ရာခိုင်နှုန်းသောထောက်ခံမဲရအောင် မည်သို့လုပ်ယူမည်နည်း။ ကြံ့ဖွံ့အမတ်ချည်း ခုံစေ့ထိုင်ထားလျှင်တမျိုး၊ ခုက သည်လိုမဟုတ်။ စစ်အမတ်တွေက ကာချုပ်အမိန့်မို့ ၂၅ ရာခိုင်နှုန်းမဲအသေဖြစ်ဦး ရောင်ပြအတိုက်အခံတွေဘက်က ၅၁ ရာခိုင်နှုန်းရအောင် မဲမည်သို့စု၍ ရမည်နည်း။ မယ့်တစ်မျက်နှာပါတီက အပေါက်အစနည်းလို့ “သူတို့တင်သည့်ပြင်ရေး”ဘက် အပြည့်ရပ်ပေးတယ်ထားဦး ကြံ့ဖွံ့မှာက ထီးပြိုင်နန်းပြိုင်တွေများ၏။ ရုံးတစ်မင်း ဓါးတစ်စင်းတွေဆန်ဆန်။ ဒါဆိုလည်း “အမတ်အားလုံး မထောက်ခံမနေရ”ဆိုကာ လွှတ်တော်ဥက္ကဌ တွေက ပွဲထွက်ကြမ်းလို့လည်းမဖြစ်။ သို့ဆိုလျှင် အယောင်ဆောင်ဒီမိုကရေစီမျက်နှာဖုံးကွာကျကာ ရုပ်ပျက်ဆင်းပျက်ဖြစ်မည်။ တစ်သက်လုံးပင် မဖုံးရသေး ကုန်းကွကွနှင့်အကုန်ပေါ်မည့်အရေး သူတို့လည်း မတွေးပဲမနေ။ ဤအထိုင်ပေါ်မှာဆက်တွေးလျှင် ဖွဲ့စည်းပုံပြင်ရေးသည် ကိုယ့်ဘက်မှာသာ ကျပ်တည်းသည်မဟုတ် သူတို့ဘက်လည်းမချောင်မှန်းထင်ရှား၏။ ဤအကျပ်အတည်းကို ပြင်ရေးအကျပ်အတည်းဆိုသည်ထက် ဖွဲ့စည်းပုံကိုယ်၌၏သန္ဓေပါအကျပ်အတည်း သို့မဟုတ် ဖွဲ့စည်းပုံအကျပ်အတည်းဟုသဘောပိုရ၏။
ထိုအကျပ်အတည်းတို့နှင့် “ထောင်”ထားသောဖွဲ့စည်းပုံသည် သူ့ဘက်ကိုယ့်ဘက်၊ မျက်နှာကြီးငယ်မရွေးပြင်ရန်ခက်၏။ ပြဌာန်းသူတို့လက်နှင့်ထုသည့်နတ်ရုပ်အား သူရောကိုယ်ပါ လိုက်တုပ်ကွနေရသည့်အဖြစ်။ ပူဇော်နေရသည့်ဘဝ။ ရေးတုန်းက သူတစ်ပါးပြင်မရအောင်ရေးခဲ့သည့်ဖွဲ့စည်းပုံသည် ယခု သူတို့ပါပြင်၍မရတော့။

ဤတွင် ပြင်ရေးအလုပ်မဖြစ်နိုင်။ ဖျက်ပြီးအသစ်ပြန်ရေးလိုင်း ရှေ့ထွက်လာ၏။ လူထုကလည်း သောင်းသောင်းဖျဖျရှိ၏။ နှစ်လိုကြ၏။ အသစ်ပြန်ရေးအသံ”သည် လွှတ်တော်တွင်းရွေးကောက်ခံ/မခံအမတ်မင်းတို့အထံမှ ထွက်လာသည်မဟုတ်။ သူတို့ပြောသည့် စာမတတ်ပေမတတ်တွေထံမှ။ ထို စာပေမကျဝမ်းမဝသည့်လူထုသည် ဖွဲ့စည်းပုံကိုဖတ်ဖူးဖို့ဝေးစွခြောက်ပါး မြင်ပင်မမြင်ဖူးကြသူများ၏။  ရှေ့နေတွေ ဥပဒေသမားတွေ နိုင်ငံရေးသမားတွေလိုဖတ်ဖို့လည်း လိုကြသည်မဟုတ်။ မတရားမှုဆိုသည်မှာ စာတတ်မှသိရသည့်ကိစ္စမဟုတ်။ ဘဝအရ လက်တွေ့အရသိသည့်ကိစ္စ။ (ဆက်လက်တင်ပြပါမည်) မျိုးမြင့်ချို

0 comments:

Post a Comment