Sunday, November 3, 2013

၂ဝ၁၃ နိုဝင်ဘာဆန်းဆန်းခြင်းရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၃ နိုဝင်ဘာဆန်းဆန်းခြင်းရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
ဟိုနေ့ညနေက အေးသိန်းထွေးတို့ အကောင်းစားဆိုင်မှာစားဖို့ ဆိုင်ထဲအဝင် အထဲကပြန်ထွက်လာတဲ့အမေရိကန်မိတ်ဆွေ (ဗမာစကားထိုက်လေက်တတ်)နဲ့ အပေါက်ဝမှာ သွားတိုးတယ်။ သူက လက်အုပ်လေးခပ်ဖွဖွချီပြီး ”မင်္ဂလာပါ”လို့ နှုတ်ဆက်တယ်။ ကျနော်က ”နေကောင်းလား”လို့ပြန်မေးတော့ သူ တချက်ကြောင်သွားတယ်။ ဒါပေမယ့် ချက်ခြင်းပဲ လက်အုပ်လေးပြန်ဖြည်ပြီး”ကောင်းတာပေါ့..ခင်ဗျားရော” တဲ့။ ”ကောင်းပါတယ်။ ထမင်းလာစားတာလား” ဆိုတော့ ”ဟုတ်တယ် ဒီညနေစာ အပြင်မှာထွက်စား တာလေ” လို့ပြောပြီး ရယ်နေတယ်။ ဒါနဲ့ ”ဝင်လိုက်ဦးမယ်နော်၊ ကျနော်တို့ တနေ့လုံးလိုလို ဘာမှ မစားရသေးဘူး၊ ဗိုက်နည်းနည်းဆာနေပြီ၊ နောက်မှ အေးဆေးတွေ့ကြတာပေါ့”ဆိုတော့ သူက ”အေးကွာ မင်းနဲ့ပြောရတာ တမျိုးပဲ”လို့ပြောရင်း ရယ်ပြီး လမ်းဖယ်ပေးတယ်။ ဗမာတွေတစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဘယ်လိုစ နှုတ်ဆက်ကြသလဲမေးတဲ့ အမေရိကန်တွေကို ”ငါတို့မှာ မင်းတို့လို တယောက်ကိုတယောက် သိသိ/မသိသိ How are you doing တို့ How have you been တို့ How are you today တို့ စသည်ဖြင့်ပြောလေ့ မရှိသလောက်ပဲ”လို့ပြောပြတတ်တယ်။ လူချင်းလည်းသိ၊ ရင်းလည်းရင်းဆိုရင်တမျိုး၊ ကြီးသူ/ငယ်သူဆိုတမျိုး၊ ရာထူးဂုန်သိန်မြင့်သူ/နိမ့်သူဆိုတမျိုး၊ ဘုန်းကြီး/မယ်သီလဆိုတမျိုး စသည်ဖြင့်လည်း နည်းနည်းပြောပြတတ်ပါတယ်။ အပြင်မှာ၊ အရပ်ထဲမှာ လူတယောက်နဲ့တယောက်တွေ့ရင် သိသိ/မသိသိ လက်အုပ်လေးတွေချီပြီး ”မင်္ဂလာပါ”လို့ နှုတ်ဆက်တဲ့ အလေ့မရှိတဲ့အကြောင်း၊ အိမ်နီးခြင်းထိုင်း၊ အိန္ဒိယနဲ့သီရိလင်္ကာတို့မှာတော့ အဲ့သလိုနှုတ်ဆက်လေ့ ရှိကြောင်း၊ ဗမာပြည်က တီဗီတို့ရေဒီယိုတို့ ဇာတ်တို့အငြိမ်တို့ စတာမျိုးတွေမှာတော့ပြောလေ့ရှိကြောင်း၊ လက်ရှိစစ်အာဏာရှင်တွေခေတ်ဦးကစပြီး ကျောင်းတွေမှာနဲ့ သူတို့ရောက်ရာနေရာတွေမှာ လူတွေကို လက်အုပ်ချီနှုတ်ဆက်ခိုင်းပြီး အဲ့ဒါကိုသာယာတတ်ကြကြောင်းတွေလည်းပြောဖြစ်ပါတယ်။ ထိုင်းမှာနေတုန်း ကတော့ ထိုင်းအလေ့မို့ ထိုင်းနေဗမာတွေလည်း လက်အုပ်လေးတွေချီပြီး ဆဝါရီခပ်ဘာညာလုပ်တာ မြင်စကတော့ အမြင်ဆန်းပေမယ့် နောက်တော့ အပြန်အလှန် ကြီးသူငယ်သူ၊ လူမျိုးဘာသာမခွဲပဲနှုတ်ဆက်ကြတာဆိုတော့ ကြည့်ရမြင်ရတာ လှတောင်လှပနေသလိုပါပဲ။ ဒီ အမေရိကန်မှာ နိုင်ငံခြားသားတွေကို ဘယ်ဗမာပြည်သားကများစပြီး ဗမာတွေနှုတ်ဆက်ရင် လက်အုပ်လေးချီပြီး ”မင်္ဂလာပါ”လို့နှုတ်ဆက်ကြောင်းသင်ပေးခဲ့မှန်း သင်ပေးနေမှန်း ကျနော်မသိတာတော့ အမှန်ပါ။ အဲ့သလိုနှုတ်ဆက်တာကောင်း/မကောင်းပြောခြင်း မဟုတ်ပေမယ့် အဲ့သလိုနှုတ်အဆက်ခံရတိုင်း မနေတတ်မထိုင်တတ်နဲ့ ရှက်တက်တက်ကြီးတော့ဖြစ်ရတယ်။ လုပ်ချင်လို့ ကိုယ့်ဘာသာကိုယ် လုပ်ချင်လည်းလုပ်ပေါ့လေ။ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် အဲ့ဒါ ဗမာ့ယဉ်ကျေးမှုလို့ပြောနေတာတော့ သိတ်ပုံမကျဘူးမှတ်တာပဲ။ (မင်္ဂလာပါနဲ့စပ်လို့)

ဘယ်လူမျိုးစု(တိုင်းရင်းသားပဲထားပါ)ကမှ ”ငါတို့က လူနည်းစုဖြစ်လို့ မင်းတို့ထက်အခွင့်အရေး
ပိုရသင့်တယ်တို့၊ ပိုပေးရမယ်တို့ဆိုပြီးတောင်းဆိုနေတာပြောနေတာ ဘယ်တုန်းကမှမရှိဘူး။ သူတို့ပြောနေတာက တို့လည်း မင်းတို့လို လူမျိုးစုတစုပဲ၊ တို့လည်း မင်းတို့နဲ့တန်းတူအခွင့်အရေးရှိရမယ်..ပေးလို့ပြောနေတာ” လူနည်းစုမို့အခွင့်အရေး ပိုပေးစရာမလိုသလို လူများစုမို့အခွင့်အရေးပိုယူစရာလည်းမလိုဘူး။ တန်းတူညီမျှဆိုတာ အရည်အချင်းတူညီမှုမှာအခြေခံရတယ်။ အရေအတွက်နဲ့မဆိုင်ဘူး။ ဗမာဟာလည်း လူမျိုးစု (၈)စုထဲက (၁)စုပဲဖြစ်တယ်။ အရည်အချင်းမှာတူတယ်။ (တန်းတူရေးနဲ့စပ်လို့)

ဒေါ်စုက ဟိုလိုပြော ပြောပြန်လို့၊ ဒီလိုပြော ပြောပြန်လို့ သူ့အပြောတွေလိုက်ခံစားရင်း ဝေဒနာမျိုးစုံဖြစ်နေ ကြသူတွေကိုနားလည်ဖို့ ပိုပိုခက်လာတယ်။ သိတ်ကြီးလည်း ဆွေ့ဆွေ့မခုန်စေချင်ပါ။ အရင်အနေအထား (လူထုခေါင်းဆောင်တို့ ဒီမိုကရေစီခေါင်းဆောင်တို့) တုန်းကပြောတာဆိုရင် ထိရောက်သလောက် ခံလည်း ခံစားသင့်တယ်ထင်တယ်။ သူ့ဆီကထွက်တဲ့အသံဆို နိုင်ငံတကာနဲ့ပြည်တွင်းကလည်း အလွန့်ကို အလေးထားခဲ့ကြတယ်။ ခုက လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဆန့်ကျင်နေတဲ့(တချို့ပြောတဲ့ စာမတတ်ပေမတတ်) တောသူမတွေတောင် နင်တစ်ခွန်းငါတစ်ခွန်း ရန်ဖက်ဖြစ်လို့ရနေပြီပဲဟာ။ နောက်ပြီး စကားလည်း ပြန်အပြင်တတ်နေပါပြီ။ ပရော်ဖက်ရှင်နယ်လ်နိုင်ငံရေးသမား မဟုတ်လား။
ခင်ဗျားတို့လိုက်ခံစားနေ မောရင်းသာသေဖွယ်ရှိတယ်။ ခု ဒီချုပ်ပါတီဥက္ကဌ၊ စစ်တပိုင်းလွှတ်တော်ရဲ့အမတ်နဲ့ တရားဥပဒေစိုးမိုးရေးဥက္ကဌဆိုတာလည်းမမေ့စေချင်။ (အပြောင်းအလဲ ဗလောင်းဗလဲနဲ့စပ်လို့)

ငယ်ငယ်က စာလေးဘာလေးဖတ်ရင်း "ပြစားခြင်း"ဆိုတဲ့အသုံးတွေ့တော့ ဘာပြောမှန်းမသိဘူး။ ဘာကို ပြစားတာလဲပေါ့။ ပြီးတော့ပြောသေးတယ် "ပြစားခြင်းမပြုရ"ဆိုပြီး။ ပြောတာကလည်း ဘာသာရေးစာတွေထဲမှာ။ ဘာသာရေးဆိုတာကိုလည်းကောင်းတယ်မှတ်တော့ ဘာသာရေးကမလုပ်ရ ဆိုတာလည်း မကောင်းလို့မလုပ်ခိုင်းတာပဲလောက်တော့ ရိပ်မိတယ်။ ဘာမှန်းတော့ အသေအချာ မသိခဲ့ဘူး။
နောက်တော့ အဲ့ဒီ "ပြစား"နဲ့မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တာ အတော်ကြာသွားတယ်။ ကြာဆို ၂ဝ၁၁ ခုရောက်မှပြန်သတိရတယ်။ ဒါလည်း ခနပဲခံတာပါ။ တခါပြန် မေ့မေ့ပျောက်ပျောက်။ ခုအပစ်အခတ် ရပ်မယ်တို့ ဘာတို့တွေဖြစ်လာတော့မှ ရေရေလည်လည် သဘောပေါက်တော့တယ်။ "ပြစား"တယ် ဆိုတာကို။
လက်စသတ်တော့ "အခယူရုံသွင်းပြတာကိုး" ငယ်ငယ်က ဘုရားပွဲမှာ မျောက်လိမ္မာလေး ဘာလုပ်တတ်တယ်ညာလုပ်တတ်တယ်နော် တစ်ခါကြည့် ၅ ပြားဆိုပြီး မောင်းကလေးထုပြီး ရုံပြင်ကနေဖေါက်သည်ဆွယ်တဲ့အသံရယ်၊ ကျုဖျာလေးကာထားတဲ့ ယာယီပြပွဲတဲကလေးတောင် သတိရချင်စရာ။ (ပြစားခြင်းနဲ့စပ်လို့)

ခုတလော "အဖွဲ့အစည်းကျေးဇူးမသိတတ်ဘူး..တို့၊ အဖွဲ့အစည်းကိုကျေးဇူးကန်းတယ်..တို့" ဆိုတဲ့အသံများ တစ်ချက်တစ်ချက်ထွက်ထွက်လာတယ်။ အဲ့ဒါကြားတော့ ဘာသွားသတိရသလဲဆိုတော့ "နိုင်ငံတော်၏စေတနာ...တို့၊ တပ်မတော်၏ကျေးဇူးတရား..တို့" ဆိုတာတွေကိုပဲ။ အဖွဲ့အစည်းကျေးဇူး မသိတတ်ဘူး ကျေးဇူးကန်းတယ်ဆိုတာရယ်၊ နိုင်ငံတော်၏စေတနာနဲ့ တပ်မတော်၏ကျေးဇူးဆိုတာရယ်မှာ ဘာများခြားနားသလဲဆိုတော့(ပြောသူ့ရေချိန် စိတ်အနေနဲ့စိတ်အထား တထပ်တည်းဖြစ်တာတွေ့တယ်) ဘာမှမခြားနားဘူး။ အတူတူပဲ။ အဖွဲ့အစည်းရဲ့သစ္စာအဖေါက်ခံရတဲ့၊ အဖွဲ့အစည်းဝင်တွေအပေါ်သစ္စာ ပျက်ကြတဲ့ ကိုယ်ကျိုးကြည့်ခေါင်းဆောင်တွေက ကျေးဇူးရှင်နေရာခတ်တည်တည်ဝင်ထိုင်ပြီး "နတ်စကား" ထွက်ပြတာမျိုးပဲမှတ်ရဲ့။

အဖွဲ့အစည်းတစ်ခုခုမှာအဖွဲ့ဝင်ဖြစ်ကြတယ်ဆိုတာ ခေါင်းဆောင်ဖြစ်ဖြစ် နောက်လိုက်ဖြစ်ဖြစ် ယုံကြည်ရာတူလို့စုကြတဲ့အနှစ်သာရပဲ။ ကျေးဇူးခံကျေးဇူးစားမဟုတ်ဘူး။ မရှိတဲ့ကျေးဇူးမို့ ကန်းစရာလည်း ဘာမှမရှိဘူး။ ထမင်းတစ်လုပ်လောက် အိပ်စိုက်ကျွေးဖူးလို့ ငခင်ညိုကို ငေါတ်တယ်ငန်းတယ်ဆိုလည်း လူကြားကောင်းသေး။ ခုများတော့ ကိုယ်ကျိုးဖက်သစ္စာပျက်တွေရဲ့ နှုတ်ထွက်စကားလို့သာ မှတ်ထားမိတော့တယ်။ ကိုယ်ကျိုးဖက်သစ္စာပျက်တွေရဲ့ နှုတ်ထွက်စကားလို့သာ မှတ်ထားမိတော့တယ်။ (ကျေးဇူးခံကျေးဇူးစားနဲ့စပ်လို့)

Halloween ကို ”သရဲည”ပဲထားပါတော့။ ဒီကသရဲတွေက ဖရုံသီးအဝါရောင်ရင့်ကြီးတွေကို မျက်ပြူးဆန်ထောင်သွားကျိုးကျဲပုံ အပေါက်ဖေါက်လှီးထွင်းပြီး အထဲကအူတိုင်အစေ့တွေထုတ် ဖယောင်းတိုင်မီးလေးထည့်ထွန်း အမှောင်ထဲချထား။ လူကြောက်မယ်ထင်တဲ့ဝတ်စုံကြောင်ကြား ဆန်းဆန်းလေးတွေဝတ် ပုံးလှလှခွက်လှလှလေးတွေ ကိုယ်စီကိုင် Trick or Treat ”ပေးရင်ပေးနော် မပေးရင်ခြောက်မှာ”လို့ ချစ်စရာ့အသံလေးတွေတစာစာနဲ့ ချိုချဉ်သကြားလုံးလိုက်တောင်းကြနဲ့ နှင်းဖွဲဖွဲ ချမ်းချမ်းစီးစီးထဲ ပျော်စရာကလေးပွဲတော်ပါ။ သရဲတွေက ကြောက်ဖို့ထက် ချစ်ဖို့သာတိုးလို့ကောင်းသေး။ စီးပွားရေးသမားကတော့ အကွက်မြင်သလားမမေးနဲ့ သရဲတောင်မှ ဖက်နမ်းချင်စရာကောင်းအောင် လုပ်တတ်ပလေ။ သရဲအတုလေးတွေပဲဆိုပါတော့။ ကလေးတို့ခမျာလည်း သရဲအစစ်နဲ့မတွေ့ဖူးတော့ သရဲဆိုတာချစ်စရာလို့မှတ်ကြပုံပေါ်တယ်။ ကြောက်ရကောင်းမှန်းကိုမသိတာ။
ဗမာပြည်က ဒုက္ခသည်အဆင့်အတန်းနဲ့ဒီကိုရောက်လာရှာကြတဲ့ ကလေးတွေမှာတော့ ပုလိပ်ဖမ်းလိမ့်မယ် လို့ပြောလည်းကြောက်ရ၊ စစ်သားတွေပေါ်တာဆွဲလိမ့်မယ်လို့ပြောလည်းကြောက်ရ၊ ဆက်ကြေး လာကောက်တာပြောလည်းကြောက်ရ၊ ဘုန်းကြီးရိုက်လိမ့်မယ်လို့ပြောလည်းကြောက်ရ၊ ကုလားကြီး ပဲလှော်နဲ့လဲစားမယ်ပြောလည်းကြောက်ရ..ကြောက်ရ ကြောက်ရ ကြောက်ရတွေ များလှချည်ရဲ့။ အကြောက်နဲ့မွေး၊ အကြောက်နဲ့နေ၊ အကြောက်နဲ့သေတွေအဖို့တော့ ချစ်စရာသရဲတွေတွေ့တော့ တခွိခွိနဲ့သာရီမောနေလေရဲ့။
အင်းလေ သူတို့က သရဲအစစ်တွေနဲ့ တစ်ဘဝလုံးနေခဲ့ရတာကိုး။ ခု ပြောတဲ့ဟောလိုးဝင်းသရဲလောက်တော့ ပျင်းတောင်ပျင်းသေး။
(သရဲညနဲ့စပ်လို့)

ရေးသူတွေရေးတော့ ရေးတယ်ပြောကြတယ်။ သူတို့က ရေးရုံပဲရေးတာ။ ”အရေးမခံချင်ရင် အရေးမခံရအောင်နေပေါ့” လို့ ဘယ်ရေးသူကမှပြောသံ မကြားမိဖူးဘူး။ ကျနော့်လည်း ရေးချင်ရင် ရေးစရာတွေ့ရင်ရေးပါ ပြောပါ။ နောက်ဆုံး ဆဲချင်သပဆိုလည်း ဆဲပေါ့ဗျာ။ ဘာဖြစ်လဲဗျ။ တယောက်ကိုတယောက် မတရားသဖြင့်နိုင့်ထက်စီးနင်းလုပ်တာ ထိုးတာကြိတ်တာ ထပြီးသတ်တာပုတ်တာ အာဏာရှင်ဆန်ဆန်လုပ်တာထက် ပိုမကောင်းဘူးလား။
ဒီမိုကရေစီလို့ပြောတဲ့နိုင်ငံတွေမှာရနေတဲ့လွတ်လပ်ခွင့်ဆိုတာ အခြေခံအားဖြင့်ပြောရရင် အဲ့ဒါပဲဗျ။ ခင်ဗျားရော မလိုချင်ဘူးလား။ လွှတ်တော်အမတ်တွေ နိုင်ငံရေးသမားတွေ ပါတီတွေ အဖွဲ့အစည်းတွေ လူတွေ သမ္မတဝန်ကြီးချုပ်တွေ တယောက်နဲ့တယောက် အပြန်အလှန်ပြောဆို ရေးသားဝေဘန် တိုက်ခိုက်နေကြတာ ခင်ဗျား အားမကျဘူးလား။ အဲ့လို ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ဆိုတာ မကောင်းဘူး ထင်လို့လား။ ဒါဆို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ပြောမနေနဲ့ဗျာ။ မရေးနဲ့၊ မပြောနဲ့၊ မဝေဘန်နဲ့ပြောမယ့်အစား ပြန်ရေးပါ ပြန်ပြောပါဗျား။ ကျနော်တော့ ဒီမိုကရေစီလိုချင်တယ် လွတ်လပ်ခွင့်လိုချင်တယ်။ (အပြောမခံရအောယင်နေနဲ့စပ်လို့)

ဒေါ်စု ဇော်ဇော်နဲ့ဘောပွဲကြည့်တုန်းက ဒစ်ပလိုမေစီတို့ ခရိုနီစည်းရုံးရေးတို့ စစ်အာဏာကိုဖေါက်ဝင်ဖို့ တံတားခင်းတယ်တို့ဆိုခဲ့သူတွေထဲကတချို့က ဘိုကြည်တို့ ဂျင်မီတို့ မြအေးတို့ (နိုင်/ကျဉ်းဟောင်းတွေ) ဘောကန်တာကျ အသံထွက်လာကြပါလား။ ဘာလဲ ဘောပွဲကြည့်တာနဲ့ ဘောကန်တာမှာ လူမတူလို့”မတူဘူး”လို့ပြောချင်တာလား။ ကျနော်ကတော့ ဘောပဲကြည့်ကြည့် ဘောပဲကန်ကန် ဘောပဲမမ အဲ့ဒါတွေဟာ ဘောကြည့် ဘောကန် ဘောမကိစ္စတွေထက် ပိုမပြောပါဘူး။ (ဘောကြည့် ဘောကန် ဘောမတွေနဲ့စပ်လို့)

ကိုယ့်ယုံကြည်မှု ကိုယ့်ရပ်ခံချက်နဲ့ ကိုယ့်ရွေးချယ်လုပ်ဆောင်ခဲ့မှုတွေအတွက် ပေးဆပ်တယ် စွန့်လွှတ်တယ်လို့ မပြောသလို၊ မတရားသဖြင့်ခံခဲ့ရသမျှအတွက်လည်း နောင်တမရဘူး။ ရစရာအကြောင်းလည်း မရှိဘူး။ လုပ်ခဲ့သူတွေကို(ဘာမှ မလုပ်နိုင်သေးရင်တောင်)ခွင့်တော့မလွှတ်ဘူး။ ခွင့်မလွှတ်ဘူးပြောလို့ မေတ္တာတရားအားနည်းသူပြောပြော အာဃာတအားကြီးသူဆိုဆို ဆိုနိုင်ပြောနိုင် ပါတယ်။ ကျနော် သူတော်ကောင်းတရားကျင့်ခဲ့တာ မဟုတ်ဘူး။ ကျနော် သူတော်စင်အခေါ်ခံဖို့လုပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် ခန္တီပါရမီဖြည့်ခဲ့တာ မဟုတ်ဘူး။
တရားဥပဒေအရ မျှတတဲ့စီရင်ချက်မျိုး ချနိုင်ပေးနိုင်မယ့်တနေ့ကို မသေမချင်းစောင့်မယ်။ ထိုင်စောင့်ရုံ သက်သက်တော့ မစောင့်ဘူး။ လုပ်နိုင်တဲ့အလုပ်ကို ရောက်တဲ့နေရာက ရသလောက်လုပ်မယ်။ ကျနော် မတရားအလုပ်ခံခဲ့ရတာတွေအတွက် ဘယ်သူကမှ ကြေအေးပေးဖို့၊ ခွင့်လွှတ်ပေးဖို့၊ သင်ပုန်းချေပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒဏ်ရာအနာတရနဲ့ သေကွဲရှင်ကွဲတွေအတွက် လူသူတော်အသံကောင်းဟစ်ဖို့၊ ကိုယ်ကျိုးရှာဖို့၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ရာ ခင်ဗျားတို့နှုတ်ဖျားမှာ ကျနော့်နံမည် မကြားပါရစေနဲ့။ (ပါမစ်ရခွင့်လွှတ်သူတွေနဲ့စပ်လို့)

(၁၉၀၈)မတရားသင်းဥပဒေကိုဖျက်ပေးဖို့ကိစ္စက ပိုအဓိကကျပြီး တစ်စုံလုံးအရေး တစ်ပြည်လုံးကိစ္စနဲ့ အဖွဲ့အစည်းအားလုံးနဲ့ဆိုင်တဲ့အကြောင်းလို့ မှတ်ပါတယ်။ ပါတီစုံခြင်းမစုံခြင်းထက် ရှိနေတဲ့ပါတီတွေ ကိုတောင် ပါတီလုပ်ငန်းစုံအောင်လုပ်ခွင့်ရဖို့ ပိုအလေးထားရမယ်ထင်ပါတယ်။ ၂၀၀၈ ကို လက်ခံခြင်း/မခံခြင်းက တစ်ဖွဲ့ချင်းစီရဲ့အရေးမျှသာဖြစ်တယ်လို့ထင်ပါတယ်။ ကိုယ့်ဘာသာကိုယ်လူစုရလိမ့်မယ်ဆိုတဲ့ စကားမှာ တရားမပါတဲ့အပြင် အားမပါတဲ့ဟိန်းသံတွေသာ ညံနေတယ်ထင်ပါတယ်။ ဒေါက်တာဇော်မင်း စကားနဲ့စပ်လို့တွေးမိတာ။ (ဒေါက်တာဝူးဝါးစကားနဲ့စပ်လို့)

ပါတီပြန်မှတ်ပုံမတင်ခင်ကလေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲမဝင်ခင်လေးမှာ မှတ်ပုံတင်သင့်မတင်သင့်နဲ့ ကြားဖြတ်ဝင်သင့်မဝင်သင့်ကိုများ ခု ၂ဝဝ၈ ပြင်သင့်မပြင်သင့် လိုက်မေးသလိုမေးကြည့်ခဲ့ရင် ဘယ့်လောက်ကောင်းမလဲဆိုပြီး မဖြစ်နိုင်တာတွေးမိတဲ့စိတ်ကို ဘရိတ်အုပ်မရတာနဲ့ မနေနိုင်မထိုင်နိုင်ချရေးဖြစ်သွားပါတယ်။
ခုလည်း မေးတာတော့မေးနေပြီ လူထုကလည်းပြောနေပြီ ဘာလုပ်စေ့ချင်ကြောင်း။ ဒါပေမယ့် ဆီသည်မလက်သုတ်ကြီးဆွဲထုတ်လာပြီး "တိုင်းပြည်အတွက်အကောင်းဆုံးလုပ်သွားမယ်" ဆိုပြီး စစ်ကိုင်းဘက် ပဲခူးဘက်ရောက်မသွားဘူးလို့ ခင်ဗျားအာမခံနိုင်မလား ကျနော်အာမခံနိုင်မလား ဘယ်သူအာမခံနိုင်မလဲ။ ဒါလည်း မဖြစ်နိုင်တာတွေးမိပြီး မနေနိုင်မထိုင်ရေးတာလို့ ကိုယ့်ဘာသာကိုယ် မထင်မိသေးပါ။ (တင်/ဝင်/ပြင်တွေနဲ့စပ်လို့)


0 comments:

Post a Comment