Thursday, November 7, 2013

လှိုက်လှိုက်လှဲလှဲဆန္ဒရှိပါ၏ တကယ့်ငြိမ်းချမ်းရေးသည် ဝေးကွာလွန်းလှပေစွ (တူမောင်ညို)

0 comments
လှိုက်လှိုက်လှဲလှဲဆန္ဒရှိပါ၏တကယ့်ငြိမ်းချမ်းရေး သည် ဝေးကွာလွန်းလှပေစွ (တူမောင်ညို)
(၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)
“မြစ်ကြီးနားစကားပြောပွဲ”နဲ့သက်ဆိုင် တဲ့ဖြစ်စဉ်တွေ၊ နှစ်ဖက်ပြောစကားတွေ၊ ပူးတွဲကြေညာချက်ဆိုတာတွေ၊ သတင်းထုတ်ပြန်ချက်တွေဖတ်ရတော့ “မြေခွေးနဲ့ငှက်ကျား အပြန်အလှန်ဖိတ်ကြားပြီး ကျွေးမွေးဧည့်ခံတဲ့ပုံပြင်”ကို သွား၍သတိရမိပါသည်။

“ကျွန်တော်တို့နိုင်ငံသမိုင်းမှာတစ်ခါမှမရခဲ့ဘူးတဲ့ ငြိမ်းချမ်းရေးနေမင်းကြီးထွန်းလင်းလာမယ်လို့ ယုံကြည်ပါတယ်” လို့ဘယ်လိုပဲ၊ ဟိတ်တွေ၊ဟန်တွေထုတ်ပြီး လေလုံးထွားခဲ့ကြသော်လည်း နှစ်ဖက်မည်မည်ရရ သဘောတူညီချက်မရရှိဘဲ၊ “မြစ်ကြီးနားစကားပြောပွဲ”သည် တစ်ခန်းရပ်သွားခဲ့ပြန်ပြီ။
တကယ်တော့“မြစ်ကြီးနားစကားပြောပွဲ”ဆိုသည်မှာ အစိုးရလုပ်ငန်းကော်မတီ၏ “တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်(မူကြမ်း)” နှင့်  လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ “လိုင်ဇာဘုံသဘောတူညီချက်”အပြန်အလှန်ဖလှယ်ကြခြင်းမျှသာဖြစ်သည်။
သို့ဖြင့်“တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး”သည်“အောက်တိုဘာ”မှ“ဒီဇင်ဘာ”သို့လည်းကောင်း၊ “မြစ်ကြီးနား”မှ “ဘားအံ” သို့လည်းကောင်း ပြောင်းသွားပြန်သည်။ ကချင်ပြည်နယ်တွင်စစ်ပွဲများပြန်ဖြစ်လာနိုင်ခြေရှိသဖြင့် မြစ်ကြီးနားမှဘားအံသို့ ကြိုတင်ပြောင်းရွှေ့ထားခြင်းမျိုးတော့မဖြစ်စေသင့်။
နှစ်ပေါင်း၆၀ ကျော်ကာလအတွင်း “ဘုံရန်သူ”သည် တစ်ဦးတည်းသာရှိနေခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အချင်းချင်းအကြားတွင် တစ်သံတည်းညီညွတ်ခဲ့ကြသည် မဟုတ်ချေ။
လိုင်ဇာကွန်ဖရင့်သို့ “ဝ”သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိခဲ့။ကွန်ဖရင့်သို့တက်ရောက်လာသော်လည်း ဘုံသဘောတူညီချက်၌ လက်မှတ်မထိုးသည့်အဖွဲကလည်း ရှိနေပြန်သေးသည်။
ယခင်ကလည်း(NDF)၊ (DAB) ၊ (NUCB)၊(UNFC) စသဖြင့် ဖွဲ့စည်းခဲ့ကြသည့် မဟာမိတ်တပ်ပေါင်းစုများအတွင်းမှတစ်ကိုယ်တော်/တစ်ဖွဲ့တစ်စည်းခွဲထွက်ပြီး အစိုးရနှင့်အပေးအယူဈေးတည့်သွားခဲ့ကြသည့်အတွေ့အကြုံသာဓကတွေရှိခဲ့ဖူးသည်။ သို့သော်လည်း မည်သည့်တိုင်းရင်းသားအဖွဲ့အစည်းမျှ“ဒီမိုကရေစီနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရသွားခဲ့သည်”ဟူသောအတွေ့အကြုံတော့မရှိခဲ့ဘူးပါ။

“မြစ်ကြီးနားစကားပြောပွဲ” ၌ ကာ/ချုပ်ကိုယ်စားလှယ် ဗိုလ်မြင့်စိုးပြောသည့်စကားများမှာ သမ္မတကိုယ်စားလှယ် (ဗိုလ်) ဦးအောင်မင်းတို့၏အသံကို လွှမ်းမိုးနေသည်။ ကာ/ချုပ်ကိုယ်စားလှယ်၏ ပြောဆိုသံသည် ဒန်အိုးသံပေါက်နေသည်။
ကာ/ချုပ်ကိုယ်စားလှယ် ဗိုလ်မြင့်စိုးသည် မှာလိုက်သည့်အတိုင်းပင် တိတိကျကျပြောသည်။
သူပြောသည်မှာ “စစ်တပ်နဲ့၂၀၀၈ အခြေခံဥပဒေကိုမထိနဲ့မီးပွင့်သွားမယ်”ဆိုသည့် သဘောဖြစ်သည်။ (ဗိုလ်)ဦးအောင်မင်းတို့ အသံတိတ်နေခြင်းမှာ ပုလင်းတူဗူးဆို့ တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်းဖြစ်၍ဖြစ်သည်။
ဤသည်မှာကြံ့ဖွံ့အစိုးရနှင့်စစ်တပ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအဆိုပြုနေကြသည့်“ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး”
ဆိုသည့်ကိစ္စကို လုံးဝလက်မခံဟု တိတိလင်းလင်းအကြောင်းပြန်လိုက်ခြင်းဖြစ်သည်။
စစ်တပ်သည်တစ်တပ်တည်းသာရှိရမည်။အခြားမည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ ဖွဲ့စည်းတည်ရှိခွင့်မပြုချေ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်ဖျက်သိမ်းရမည် သို့တည်းမဟုတ် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များအဖြစ်အသွင်ပြောင်းပြီး လက်ရှိစစ်တပ်၏အမိန့်ပေးမှုအောက်တွင်ရှိရမည်။
တိုင်းရင်းသားအဖွဲ့အစည်းများသည် နိုင်ငံရေးပါတီတည်ထောင်လိုလျှင် “၂၀၀၈ အခြေခံဥပဒေ”ကို လက်ခံရမည်။ ထို့နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီတည်ထောင်ခွင့်/
မှတ်ပုံတင်ခွင့်လျှောက်ထားကြရမည်။
ဒေါက်တာတူးဂျာဆိုလျှင် ယခုအခါ နိုင်ငံရေးပါတီ“တည်ထောင်ခွင့်”ရရှိထားပြီဖြစ်သည်။ မကြာခင် “ပါတီမှတ်ပုံတင်ခွင့်” ရရှိဖွယ်ရှိပါသည်။ဤသည်မှာ“ဥပဒေစကားဝိုင်း”တွင် တက်ကြွစွာပါဝင်မှုအတွက် “နိုင်ငံတော်မှချီးမြှင့်သည့်သဘော”လည်းဖြစ်နိုင်သည်။
(ဗိုလ်)ဦးသိန်းစိန်အစိုးရပြောနေသည့် “နိုင်ငံရေးဆွေးနွေးပွဲ”ဆိုသည်မှာတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏စစ်တပ်များ မည်သို့မည်ပုံဖျက်သိမ်း/အသွင်ပြောင်းကြမည်၊နိုင်ငံရေးပါတီအဖြစ် မည်သို့ဖွဲ့စည်းကြမည်ဆိုသည့်ကိစ္စကို ညှိနှိုင်းကြရေးသာ ဖြစ်ပါသည်။တိုင်းရင်းသားလက်နက်ကိုင်အင်အားစုခေါင်းဆောင်များလက်ရှိပိုင်ဆိုင်ထားသည့်ဥစ္စာဓနများကိုမည်သို့တရားဝင်အောင် ပြုလုပ်ပေးမည်ဆိုသည့်အပေးအယူမျိုးသာဖြစ်ပါလိမ့်မည်။ (နဝတ-နအဖ)စစ်အစိုးရကိုအမွေခံခဲ့သောလက်ရှိ (ဗိုလ်) ဦးသိန်းစိန်အစိုးရ၌ ဘိန်းဘုရင်များကို “တိုင်းရင်းသားလုပ်ငန်းရှင်”အဖြစ်သို့ ရုပ်ပြောင်းရုပ်လွှဲပြုလုပ်ပေးနိုင်သည့်ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ များမြောင်ကြွယ်ဝလှပါသည်။

“ဖက်ဒရယ်ပြည်ထောင်စု”ဆိုသည့်ကိစ္စမှာလည်း ဒေါက်တာတူးဂျာတို့၊ ဒေါက်တာငွန်ကျုံးလျန်တို့ပြောနေသည့် “ဖြည်းဖြည်းခြင်းပြင်သွားရမည့်ဖက်ဒရယ်ပြည်ထောင်စု”၊ “၂၀၀၈ အခြေခံဥပဒေပါ ဇယား (၁) (၂) (၅) တို့ကိုပြုပြင်ဖာထေးယူမည့်ဖက်ဒရယ်ပြည်ထောင်စု”မျိုးကိုသာ လက်ခံစဉ်းစားမည့်သဘောဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေ”အရ သယံဇာတခွဲဝေရေး ဆိုသည်မှာလည်း ပြည်နယ်နှင့်တိုင်းဒေသကြီးများသည် ကျောက်တူး၍လည်းမရ၊ငါးဖမ်းဖို့လည်းခက်ပြီး “ဝါးခုတ်ရောင်းချခွင့်” သာရှိသည်။ ကျောက်တူးခွင့်၊ ငါးဖမ်းခွင့်၊သစ်ခုတ်ခွင့်ပေးလိုက်လျှင် ဒေါက်တာတူးဂျာတို့၊ ဒေါက်တာငွန်ကျုံးလျန်တို့ပြောနေသည့်ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေတော့မည်။
“ဆန္ဒရှိလျှင်ငြိမ်းချမ်းရေးသည်ရနိုင်သည်” ဟုပြောသံကြားရပါသည်။
မည်သူသည်၊ မည်သည့်အဖွဲ့အစည်းသည် ”ငြိမ်းချမ်းရေးမလိုလားသည့်ဆန္ဒ”ရှိနေပါသနည်း။
လူမျိုးပေါင်းစုံပြည်သူများသည်ငြိမ်းချမ်းရေးကို ပြင်းပြင်းပြပြလိုလားနေခဲ့သည်မှာ လွတ်လပ်ရေးသက်တမ်းနှင့်အမျှပါဟုဆိုလျှင် ပိုလွန်းသည်ဟုမဆိုနိုင်ပါ။(ပိုလွန်းသည်ဟုယူဆလျှင် လူမျိုးပေါင်းစုံပြည်သူများငြိမ်းချမ်းရေးလိုလား/မလိုလားဆန္ဒခံယူကြည့်နိုင်ပါ သည်)
လူမျိုးပေါင်းစုံပြည်သူများသည်ငြိမ်းချမ်းရေးကိုလှိုက်လှိုက်လှဲလှဲလိုလားပါ၏။
သို့သော်လည်းတကယ့်ငြိမ်းချမ်းရေးသည်ဝေးကွာလွန်းလှပေစွ။
လူမျိုးပေါင်းစုံပြည်သူများအတွက်တကယ့်ငြိမ်းချမ်းရေးပန်းပွင့် မည်သူ ဆွတ်ခူးပေးမည်နည်း။
ညွန်း
- သတင်းထုတ်ပြန်ချက် (၁၇/၂၀၁၃)မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ

0 comments:

Post a Comment