Sunday, December 1, 2013

နိုဝင်ဘာနှောင်းပိုင်းမှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
နိုဝင်ဘာနှောင်းပိုင်းမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
မျိုးစောင့်ဥပဒေဆိုပြီး ဗုဒ္ဓဝါဒီအမျိုးသမီးတွေကိုပစ်မှတ်ထားနှိပ်ကွပ်ဖို့၊ အမျိုး ဘာသာ သာသနာဆိုကာ ဘာသာအယူ မတူသူကို အညှိုးအတေးထားကွပ်ညပ်ဖို့ ဝီရသူနဲ့ ၉၆၉ အကြမ်းဖက်ဝါဒီလူမသမာနဲ့ သင်္ကန်းဝတ် တချို့ရဲ့ လှုံ့ဆော်မှုနဲ့လက်တွေ့ကျူးလွန်မှုတွေကို လက်ခုတ်တဖြောင်းဖြောင်းနဲ့ နှစ်ထောင်းအားရဖြစ်နေကြသူတွေထဲမယ် တချိန်က လူ့အခွင့်အရေးတို့ ဒီမိုကရေစီရေးတို့ကို အာဘောင်အာရင်း သန်သန်ပြောခဲ့ကြဖူးသူ လူတချို့နဲ့ဘုန်းကြီးတချို့လည်းပါတာတွေ့စက အံ့သြမင်သက်ဖြစ်လိုက်သေးတယ်။ ၁၉၈ဝ သာသနာတည်တန့် ပြန့်ပွားရေးနဲ့ မိမိအယူဝါဒအတွင်းမှာပင် အချင်းချင်းပြန်နှိပ်ကွပ်ကာ၊ မိမိအယူဝါဒအတွင်းမှာပင် လွတ်လပ်ခွင့်ဆိတ်သုဉ်းသွားရတာကို မသိရလောက်အောင် ညံ့ဖျင်းနုံချာပြီလားဆို၊ အသိပညာတွေးခေါ်မြော်မြင်မှုနဲ့ဆင်ခြင်တုံတရားအရာမှာ သုညအောက်ရောက်နေပြီလားဆို လူဝတ်နဲ့ဖြစ်ဖြစ် သင်္ကန်းဝတ်ဖြစ်ဖြစ် အကြမ်းဖက်သမားဖြစ်သွားဖို့၊ အကြမ်းဖက်မှုမှာမွေ့ရော်နှစ်ခြိုက်ဖို့ရာမခက်လှဘူး။ ဝီရသူနဲ့ သူ့အန္တေဝါသိကသင်္ကန်းခြုံတွေ ဒီလိုလုပ်တော့ တချို့ကဆိုတယ် ဒါဘုန်းကြီးအလုပ် မဟုတ်ဘူး..တဲ့။ ဟုတ်တယ် ဒါဘုန်းကြီးအလုပ် မဟုတ်ဘူး။ ဘုန်းကြီးဟာ ဒီအလုပ်မလုပ်ဘူး။ ဒါဆို ဒီအလုပ် လုပ်နေသူဟာ ဘုန်းကြီး ဟုတ်ကိုမဟုတ်ဘူး။ ကျနော်မြင်တာကျတော့ ဒါဟာ ဘုန်းကြီးအလုပ်မဟုတ်သလို လူ့နှလုံးသားနဲ့ဆင်ခြင်တုံတရားရှိသူ ဘယ်သူ့အလုပ်မှ မဟုတ်ဘူး။ ဒါဆိုဘာလို့ ဒီဘုန်းကြီးလည်းမဟုတ် လူ့နှလုံးသားနဲ့ဆင်ခြင်တုံတရား
ည်းမရှိ ဒီအရိုင်းအစိုင်းအကြမ်းဖက်သမားကို မီယီယာတွေကပွဲထုတ်နေကြသတုန်း။ ဒေါ်စုဆန့်ကျင်ရေး လုပ်ဖို့အတွက် ဝီရသူအာဘော်ကို မီဒီယာက ကူလှော်ပေးတာလား။ စစ်အာဏာရှင်တွေအလိုကျ ဒေါ်စုနဲ့လူထုကြားရန်တိုက်ပေးဖို့ရည်ရွယ်သလား။ ကျနော်လည်း တစ်ယောက်ခြင်းသဘောအရဆို ဒေါ်စုရဲ့နောက်ပိုင်းနိုင်ငံရေးကို မနှစ်မြို့လှဘူး။ အပြည့်အဝလက်ခံလို့ မရတော့ဘူး။ တစိတ်တပိုင်းတောင် မနည်းချင့်ချင့်ချိန်ချိန်ရယ်။ ဒါပေမယ့် စစ်အာဏာအလိုကျ မီဒီယာသမားတွေ ဝီရသူပွဲထုတ်၊ ဝီရသူအသံကို လူထုအသံလိုလို၊ ဗမာပြည်ကသံဃာထုအသံလိုလို အာဘော်ဖန်တီးပေးနေကြတာကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ (အကြမ်းဖက်ဘုန်းကြီးနဲ့မီဒီယာ)
စစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ် စစ်မြေပြင်မှာရော စစ်မြေပြင်မဟုတ်တဲ့နေရာမှာရော အရပ်သူအရပ်သားတွေအပေါ်၏ ရာဇဝတ်မှုမြောက်တဲ့အမှုစုံကျူးလွန်ခဲ့သူကို စစ်ကြီးပြီးတော့ စစ်နိုင် နိုင်ငံတွေကဖွဲ့တဲ့ခုံရုံးမှာတင်ပြီး တရားစွဲရော။ “ဘာလို့ ဒီလိုအမှုတွေကျူးလွန်ခဲ့ရသလဲ”ဆိုတော့ “စစ်သားမို့ အထက်အမိန့်နာခံရတာပါ”လို့ဖြေတယ်။ “အမိန့်ကို မနာခံလို့ရောရလား မနာခံရင်ရောဘာဖြစ်မလဲ” ဆိုတော့၊ “မနာခံလို့လည်း ရတယ်၊ မနာခံရင်စစ်ဥပဒေအရ အမိန့်မနာခံမှုနဲ့အရေးယူခံရမယ်”လို့ဆိုတယ်။ “ဒါဆို ဒီအမှုတွေကျူးလွန်ခဲ့ရတာဟာ အထက်အမိန့်ကိုလွန်ဆန်ရင် မိမိအရေးယူခံရမှာစိုးလို့ နာခံဖို့ရွေးချယ်ခဲ့တာမှန်လား”ဆိုတော့ “မှန်ပါတယ်”..တဲ့။ “စစ်သားတစ်ယောက် အနေနဲ့ အမိန့်ကို နာခံခွင့်ရော မနာခံခွင့်ရောရှိသလား”ဆိုတော့ “ရှိပါတယ်”..တဲ့။ “နာခံခြင်းမနာခံခြင်းဟာ မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရတာရော ဟုတ်ရဲ့လား”ဆိုတော့ “ဟုတ်ပါတယ်”..တဲ့။ “ဒါဆို စစ်သားပေမယ့်လည်း စစ်မိန့်ကိုနာခံမယ် မနာခံဘူးဆိုတာဟာ မိမိရဲ့ရွေးချယ်မှုလို့ဆိုနိုင်မလား”ဆိုတော့ “ဆိုနိုင်ပါတယ်”..တဲ့။ “မနာခံတဲ့သူတွေရောစစ်တပ်ထဲမှာရှိသလား မြင်ဖူး/ကြားဖူးလား”ဆိုတော့ ရှိပါတယ်၊ “မြင်ဖူးကြားဖူးပါတယ်”..တဲ့။ “သူတို့ဘာ့ကြောင့် မနာခံဖို့ရွေးချယ်ကြတယ်ထင်သလဲ”ဆိုတော့ “ပေးလာတဲ့ အမိန့်ကို အကောင်အထည်မဖော်နိုင်လို့ ဒါမှမဟုတ်လည်း အမိန့်ဟာ မနာခံသင့်ဘူးထင်လို့ ဖြစ်နိုင် ပါတယ်”..တဲ့။ “ဒါဆို သင့်အနေနဲ့ ဒီအမိန့်ကိုနာခံပြီး အကောင်အထည် ဖော်ခဲ့တာဟာ အမိန့်ဟာ အကောင်အထည်လည်းဖော်နိုင်တယ် နာခံဖို့လည်းသင့်တယ်လို့ယူဆပြီး လုပ်ခဲ့ကိုင်ခဲ့တာလား” ဆိုတော့ “ဟုတ်ပါတယ်”..တဲ့။ “ဒီအပြုအမူတွေဟာ ရာဇဝတ်မှုမြောက်တယ်ဆိုတာရောသိသလား”ဆိုတော့ “အထက်အမိန့်ကို အကောင်အထည်ဖော်ရတာဖြစ်လို့ ရာဇဝတ်မှုမြောက်ခြင်း/မမြောက်ခြင်းဟာ စဉ်းစားရမယ့်ကိစ္စမဟုတ်သလို ရာဇဝတ်မှုမြောက်တယ်ဆိုလည်း မိမိကိုတာဝန်ခံထားတဲ့ အထက်က အမိန့်ပေးသူရဲ့တာဝန်သာဖြစ်တယ်” လို့ပြန်ဖြေတယ်။ “စစ်ဥပဒေနဲ့အရေးယူခံရမယ်မှန်းသိသိနဲ့ မနာခံဖို့ဆုံးဖြတ်တာရော၊ အကောင်အထည်ဖော်သင့်/နာခံသင့်တဲ့အမိန့်လို့ယူဆပြီး နာခံဖို့ဆုံးဖြတ်တာပါဟာ စစ်သားတစ်ယောက်အတွက် မိမိရဲ့ကိုယ်တိုင်ဆုံးဖြတ်ချက် ဟုတ်ပါသလား”ဆိုတော့ “ဟုတ်ပါတယ်”..တဲ့။ “ဒါဆို သင်ဟာ ဒီကိစ္စတွေကျူးလွန်ခဲ့တာ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ လုပ်ကိုင်ဆောင်ရွက်ခဲ့တာလို့ဆိုရင်ရော ဘာပြောလိုပါသလဲ” ဆိုတော့ ခေါင်းငိုက်စိုက်ကျသွားတယ်။ သိတ်မကြာဘူး စစ်နိုင်သူတွေရဲ့ထောင်မှာ တစ်သက်တစ်ကျွန်း ကျသွားတယ်။ တချို့လည်း ကြိုးစင်တက်ရ၊ လျှပ်စစ်ကုလားထိုင်တင်ခံရတော့တာပါပဲ။
ပြောချင်တာက စစ်သားမို့အမိန့်နာခံရပါတယ်ဆိုသူတွေစဉ်းစားဖို့နဲ့ စစ်သားဟာလည်း လူမို့ လူသားဟာ ဘဝနဲ့ဆိုင်တဲ့အရာရာကို မိမိသိစိတ်ရှိရှိနဲ့ရွေးချယ်ခွင့်ရှိတဲ့အခါမျိုး၊ ရွေးချယ်နိုင်ပါရဲ့နဲ့ ကိုယ်တိုင်ရွေးချယ်မှု အတွက် ဘယ်သူ့ကိုမှအပြစ်ဖို့၊ ထမင်းရည်ပူလျှာလွဲလုပ်ဖို့၊ သူတစ်ပါးလက်ညှိုးထိုးအပြစ်ဖို့ဖို့၊ ကိုယ်လွတ်ရုန်းဖို့ဆိုတာ လက်တွေမှာဖြစ်နိုင်ခြေ နည်းပါးလွန်းလှတယ်။ နောက်တခုက စစ်။ စစ်မှာ နိုင်သူတရားလို၊ ရှူံးသူတရားခံပါပဲ။ နိုင်တိုင်းလည်း မှန်တယ်ပြောမရသလို ရှူံးသွားလို့မှားတယ်လည်း အခါခပ်သိမ်းမှာယတိပြတ်မဆိုသာဘူး။ စစ်မှာ မှန်တယ်မှားတယ်ရှိသလို တရားတယ်မတရားဘူးလည်း ရှိတာပါပဲ။ အားဘယ်လောက်ကြီးကြီး မှားရင် တရားမဲ့ရင် ဘယ်စစ်မှ အနိုင်တိုက်လို့မရပါ။ အားကြီးလို့ ယာယီသဘောအသာစီးရနေတာမျိုးတော့ ဟစ်တလာလို့ မူဆိုလိုနီတို့ ဂျပန်ဖက်ဆစ်တို့လည်း ရခဲ့ကြဖူး ပါတယ်။ အဆုံးသတ်ကျတော့မှ အဆုံးအဖြတ်ဘာမှန်းသိသွားကြတာပါ။ ငြိမ်းချမ်းရေးသမားဆိုပြီး စစ်မှန်သမျှဆန့်ကျင်နေကြတာဟာ ဖိနှိပ်သူနဲ့အဖိနှိပ်ခံကို တတန်းတည်းထားပြီး နှစ်ဖက်လုံးမှားတယ် ဆိုကာ နင်တန်နင်တန်ပန်းကန်ကွဲနဲ့ ကြောင်သူတော်ဆန်တဲ့၊ ကိုယ်ကျိုးနဲ့ယှဉ်အမြတ်ထုတ်ချင်တဲ့ အပြုအမူနဲ့စိတ်အရင်းခံကလာတဲ့လုပ်ရပ်လို့ပဲမှတ်ပါတယ်။ စစ်ကိုတကယ်မုန်းတယ်ဆို စစ်မက်သူတွေ၊ စစ်နဲ့ကြီးပွားသူတွေ၊ စစ်ကိုဖန်တီးသူတွေ၊ စစ်ဝါဒီတွေကိုသာ ဆန့်ကျင်ရမှာမဟုတ်သေး၊ စစ်လက်နက်ပစ္စည်းတွေထုတ်ပြီး ချမ်းသာကြွယ်ဝနေကြသူတွေ၊ စစ်ကုန်သည်လက်နက်ကုန်သည်တွေကိုပါ ဆန့်ကျင်ရမှာပါ။ မိစ္ဆာအာဇီဝလို့ဆိုတဲ့အထဲမှာ လူသတ်လက်နက်ထုတ်လုပ် ရောင်းဝယ်ဖြန့်ချိတာလည်း ပါတယ်မဟုတ်လား။ (စစ်သား၊ စစ်နဲ့ငြိမ်းချမ်းရေး)

သွေးဆာနေတဲ့ဘုန်းကြီးရူးရယ်
သွေးလန့်နေတဲ့ဘုရင်ရူးရယ်
သွေးစမ်းနေတဲ့သမ္မတအရူးရယ်
သွေးဆူတဲ့လူအုပ်ကြီးရယ်
သွေးဆိုးမျိုးဆက်ယုတ်တွေရယ်
သွေးသဖုံးစွဲအပစ်ရပ်ရယ်
သွေးဆုံးနိုင်ငံရေးရယ်
သွေးကြောင်ငါးခုံးမပုတ်ပြည့်လှေလူးရယ်
သွေးမအေးပြည်သူတွေရယ်
သွေးဆောင်မီဒီယာ(တချို့)ရယ် ယက်လိုက်တော့
သွေးကြီးမွေးကြီးခဲ့ဖူးတဲ့ရွှေပြည်ကြီးမှာ
သွေးနဲ့မျက်ရည်ဟာ
တိတ်ရတယ်လို့ကိုမရှိ။ (သွေးရူးသွေးတမ်းတွေ)

၂ဝ၁၄ ဆိုရင် ပထမကမ္ဘာစစ်လို့ဆိုတဲ့ အရင်းရှင်နယ်ချဲ့တွေ စားကျက်လုနယ်မြေသိမ်းအဝေမတည့်လို့ စားခွက်လုရင်းစစ်ထတိုက်ပြီး နိုင်သူအကုန်ယူစတမ်းလုပ် ဝေစုခွဲခဲ့ကြတာ နှစ် (၁ဝဝ)ပြည့်ပြီ။ အဲ့ဒီ နယ်ချဲ့သမားတို့ရဲ့ခွက်စောင်းခုတ်ပွဲကြီးမှာ အပြစ်မဲ့လက်နက်မဲ့ အကာအကွယ်မဲ့လူတွေမှ သေလိုက်ကြတာသောက်သောက်လဲ။ ဆုံးရှူံးလိုက်တဲ့ အိုးအိမ်စည်းစိမ်တွေမှ ဝက်ဝက်ကွဲ။ မိတကွဲဖတကွဲ သေကွဲရှင်ကွဲတွေမှ ရေလို့မနိုင်။ ဘက်အသီးကဝင်တိုက်ကြတဲ့ စစ်သားတွေလည်းအတုံးအရုံး၊ ခြေပြတ်လက်ပြတ် ဘဝပြတ်။ စစ်ကြီးပြီးတော့ ဘာဖြစ်လဲ။ စစ်မြေပြင်မှာ အပုတ်ကောင်စားတဲ့လင်းတငှက်တွေနဲ့ မြေပုံမို့တွေ၊ မေးသိုင်းကြိုးပြတ်သံခမောက်တွေ၊ မီးကျိုးမောင်းပျက်သေနတ်အကျိုးအပျက်တွေ၊ ကျည်ဆံခွံတွေ၊ ကျည်သင့်ယမ်းသင့်မြေစာ ဗလဝဖွရရာကြဲတွေ၊ ခံကတုတ်ဟောင်းတွေထဲက ပုတ်ပွနေတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ စစ်ရေဗူး ဟန်းကောနဲ့ ချစ်သူဆီ မိခင်ဆီမိတ်ဆွေတွေဆီရေးပြီး မပို့လိုက်ရတဲ့စာတွေ၊ သွေးစွန်းနေတဲ့ရေးလက်စ ဒိုင်ယာရီစာအုပ်တွေကျန်ခဲ့တယ်။ မြို့ကြီးတွေမှာကျတော့ စစ်သားမယားမုဆိုးမတွေ၊ သားပျောက်ရှာနေတဲ့ မိခင်အိုတွေ၊ ဖခင်မဲ့သွားတဲ့သားသမီးတွေ၊ (တခါတခါ လမ်းကြိုလမ်းကြားနဲ့ အရက်ဘားပြည့်တန်ဆာ ခန်းတွေမှာ တခါတခါလမ်းမတွေပေါ်မှာ တောင်းရမ်းစားနေရတဲ့) ဂျိုင်းထောက်တကားကားနဲ့ ဒုက္ခိတ စစ်သားပျို/အိုတွေအပြည့်။ စစ်နိုင်အရင်းရှင်ကြီးတွေ၊ လက်နက်ကုမ္ပဏီပိုင်ရှင်တွေ၊ လက်နက်ပွဲစားတွေ၊ စားကောင်းသောက်ဖွယ်အာဟာရတွေမှီဝဲရင်း မီးရောင်ပြိုးပြက်အောက်မှာ ရွှေကြယ်ငွေကြယ် ပခုန်းထက်တင်တဲ့စစ်ဗိုလ်ကြီးတွေ အတူတကွအောင်သေအောင်သားစားရင်း ခန္ဓာလှုပ်ရုံမျှအကတွေ ကရင်း တေးဂီတငြိမ်ငြိမ့်မူးမူးယစ်ရွှေရည်ရီဝေရင်း မြို့ပျက်ပြည်ပျက်ကြီးတွေအပေါ် လူ့အသွေးအသား စုပ်ယူဝါးမြိုဖို့ လုယက်ရရှိလာတဲ့စားကျက်အသစ်ကို မြေပုံအသစ်ပြန်ဆွဲရင်း ယဉ်ယဉ်ကျေးကျေးချီးယားစ် လိုက် ခွက်ချင်းတိုက်လိုက်လက်ဆွဲနှုတ်ဆက်လိုက်နဲ့ စည်ကားလှလေတယ်။ တကယ်တော့ စစ်ကြီးတစ်ပွဲ ပြီးသွားတယ်ဆိုတာ စားခွက်လုပွဲတစ်ပွဲအဆုံးသတ်ပြီး စားကျက်နယ်မြေဝေစုခွဲဖို့ ကမ္ဘာ့မြေပုံအသစ်ပြန်ဆွဲ တာလို့ပြောလည်း မမှားဘူး။ ကဲ..ကမ္ဘာပေါ်မှာသက်တမ်းအရှည်ဆုံးပြည်တွင်းစစ်လို့ဆိုရမယ့် ကျုပ်တို့ရွှေပြည်ကြီးကရော ဘာများထူးသလဲ အပေါ်မှာဆိုခဲ့တာနဲ့။ ဆိုတော့ တတိယအကြိမ်မြောက် (စားခွက်လုပွဲကြီး၊ စားကျက်လုပွဲကြီး၊ မြေပုံအသစ်ပြန်ဆွဲပွဲကြီး)ဖြစ်မလာအောင်တားဖို့လိုသလို ရွှေပြည်ကြီး က သက်ဇိုးရှည်ပြည်တွင်းစစ်မီးငြိမ်းဖို့လည်းဝိုင်းဝန်းကြရမှာပါပဲ။ (ပထမကမ္ဘာစစ်နဲ့စပ်လို့)

၂ဝဝ၈ ဖွဲ့စည်းပုံအလိုမရှိဆိုတာမျိုး၊ မိမိတို့ရပိုင်ခွင့်နဲ့နစ်နာချက်တွေအတွက် ဆန္ဒဖော်ထုတ်ကြဆိုတာမျိုး၊ အမြီးစားဘက်ခေါင်းစားဘက်ခရိုနီ အနိုင်ကျင့်မှုတွေကိုအံတုအာခံကြဆိုတာမျိုး စသည်ဖြင့် နယ်ပယ် အလိုက်၊ အလွှာအလိုက်၊ အတန်းအစားအလိုက် လှုပ်ရှားမှုလေးတွေ ကွက်ကွက်ဖြစ်ရုံရှိသေး မျက်သလဲ ဆန်ပြာနဲ့ စစ်အုပ်စုရှေ့ကမားမားရပ်ကာ “နိုင်ငံရေးမယဉ်ကျေး”ရကောင်းလား၊ “စေ့စပ်ဆွေးနွေးညှိနှိုင်းတဲ့ အလေ့ နုံ့နဲ့” ရကောင်းလားဆိုတဲ့ဝေါဟာရတွေနဲ့ သွန်သင်တာလိုလို ညွှန်ပြတာလိုလို ချေချွတ်တာလိုလိုနဲ့ လူထုကိုသဟောက်သဟမ်းပြုတဲ့ခေါင်းဆောင်ဆိုသူတွေရဲ့ နိုင်ငံရေးလားရာဟာ ဘာဖြစ်လေမလဲ။ သူတို့မျှော်လေတဲ့ “ယဉ်ကျေးမှုနဲ့ စေ့စပ်ညှိနှိုင်းရေး” လမ်းကြောင်းဟာ ဘာဖြစ်နေလဲ။ စစ်အာဏာသဏ္ဍန်ပြောင်းနဲ့တရားဝင်ဖြစ်မှုအတွက်၊ လူထုနဲ့တိုင်းပြည်အပေါ်ကျူးလွန်လေခဲ့သမျှ ခဝါကူချပေးဖို့အတွက်၊ “နိုင်ငံရေးပေးစာကမ်းစာ”လက်ဖြန့်ဖို့၊ “ဒီမိုကရေစီ မသထာရေစာ”အစားတစ်လုပ် တုတ်တစ်ချက်ဝါးမြိုဖို့နဲ့ “စီးပွားရေးအရိုးအရင်း”ကိုက်ရဖို့အတွက် ဒူးအကြိမ်ကြိမ်ထောက် အောက်အခါခါ မျက်နှာချ မျက်နှာချိုအလီလီသွေးပြီး မိမိနိုင်ငံရေးဘဝဂုဏ်သိက္ခာကို စစ်အာဏာဖဝါးအောက် ချခင်းပေးရဲမှတော့ မပြောဝံ့တဲ့စကား မလုပ်ဝံ့တဲ့အလုပ် မပြုဝံ့မယ့်အပြုအမူရှိပါဦးမလား။ ပေးစာကမ်းစာ မသထာရေစာနဲ့အရိုးအရင်းကိုက် ရုံမျှဆိုတော့ နိုင်ငံရေးလည်း ဘယ့်နှယ်လို့ မာမာချာချာရှိနိုင်ပါ့မလဲ။ စကားလည်း ဘယ့်နှယ်လို့တည်တည်ကြည်ကြည်ပြောနိုင်ပါတော့မလဲ။ ပြီတီတီမျက်နှာပေးနဲ့ အမြီးတစ်ခွန်းခေါင်းတစ်ခွန်းသာဖြစ်ရမှာပဲ။ ဝဋ်ဆိုတာအခါခပ်သိမ်းမမှန်လေတော့ နိုင်ငံရေးအတုံ့အလှဲ့သဘောနဲ့ လူထုမေတ္တာစူးတာဟာ ပိုလို့တောင်ခံရခက်မယ်ထင်တာပဲ။ (နိုင်ငံရေးယဉ်ကျေးသူများ)

မနက်ဖြန်ဆို ကြက်ဆင်တွေသန်းချီသေပွဲဝင်(အမှန်ကဝင်ပြီးသားကအများစု) မယ့်နေ့ပဲ။ ကျေးဇူးတော်ကို ကြက်ဆင်ကောင်လုံးကင်တို့ ကောင်လုံးပေါင်းတို့နဲ့ ဝိုင်ဖြူဝိုင်နီလေးများနဲ့ ချီးမွမ်းကြတာမျိုးပေပ။ စားကြသောက်ကြ၊ မိသားစုတွေဆုံကြ၊ ပျော်ကြရွှင်ကြ၊ ရှေးဟောင်း နှောင်းဖြစ်တွေပြောကြနဲ့ဆိုတော့ အငတ်ဘေးကျနေတဲ့ပြည်တွေကလူတွေကို အားနာစရာပဲ။ သို့ပေသိ သူ့ဓလေ့သူမွေ့ကြတဲ့အခါသမယမယ် လူငတ်တွေကိုစာနာဦးတောင် နှုတ်ကဖွင့်ဟမသင့်အပ်တာမျိုးရှိသလို၊ (သူ့အသားကိုမောင်းထောင်း သွင်းသလို ဝါးမြိုပြီးသကာလ) သူ့အသက် သတ်တာမကောင်းဘူးလို့ တွင်တွင်ပြောတတ်တဲ့ကြောင်သူတော် တရား မပြောတာလည်း ကိုယ်၊ နှုတ်၊ နှလုံးယဉ်ကျေးရာရောက်တယ်လို့ မှတ်ရမှာပဲ။ (ကျေးဇူးတော်နေ့နဲ့စပ်လို့)

သေနတ် ကျည်ထွက်ဖို့ဆို
လူလိုတယ်
တော်လှန်ရေးသမားဖြစ်ဖြစ်
စစ်သားဖြစ်ဖြစ်
ရန်သူ့လက်နက်ဖြစ်ဖြစ်
ကိုယ့်လက်နက်ဖြစ်ဖြစ်

ကျည်ဆန် ပစ်မှတ်မထိဖူးဆို
သမြောဖို့ကောင်းတယ်
တစ်တောင့်ချင်းဖြစ်ဖြစ်
အတွဲလိုက်ဖြစ်ဖြစ်
မိုးပေါ်ထောင်ပစ်ပစ်
ရင်ဝချိန်ပစ်ပစ်

စစ်
မနိုင်သေးလို့ပဲတိုက်တိုက်
မရှူံးချင်လို့ပဲတိုက်တိုက်
တိုက်ပြီဆိုရပ်မရတော့ဘူး
မနိုင်မချင်း မရှူံးမချင်း

စစ် ၂ ပွဲ ကြားချိန်ဟာ
ချိုးကူသံနားမြိန်တယ်ဆို
ရှည်သမျှ ဆန့်ကြရုံ (ကျည်မထွက်တော့တဲ့လူတွေအကြောင်း)

အခွန်ထမ်းပြည့်တန်ဆာများနဲ့ လိုင်စင်ရဆောင်ကြာမြိုင်ကိစ္စလည်း ပြောပါ။ စစ်အာဏာအကိုင်ခံနေရတဲ့ ပချုပ်ဆိုင်နိုင်ငံရေးလည်းပြောပါ။ လိင်တူချစ်သူများအရေးနဲ့ အိပ်ခ်ျအိုင်ဗီအေအိုင်ဒီအက်စ်ကိစ္စလည်းပြော ပါ။ ဘာသာလူမျိုးမတူလို့ အကြမ်းဖက်ခံနေရသူများကိစ္စလည်း ပြောပါ။ (ပြည့်တန်ဆာစကား အေအိုင်ဒီအက်စ်စကား)

အမျိုးသားနေ့ပြောပြော အမျိုးသားအောင်ပွဲနေ့ဆိုဆို အဲ့ဒီနေ့ဟာ ကိုလိုနီပညာရေးစနစ် ကျွန်ပညာရေးစနစ်တစ်ခုတည်းကို ကွက်ကွက်လေးဆန့်ကျင်တိုက်လှန်ခဲ့တာမဟုတ်ပါ။ ပညာရေးကို အမျိုးသားပညာရေးပုံစံနဲ့သွားဖို့၊ စီးပွားရေးကို အမျိုးသားဓနရှင်များ (တနည်းပြည်ချစ် ဓနရှင်များ)က တိုင်းပြည်စီးပွားဓနနဲ့ သယံဇာတကိုဖန်တီးဖို့၊ နိုင်ငံရေးကို အသစ်သဘောခေါင်းပြူဖြစ်ထွန်းလာတဲ့ အမျိုးသားဓနရှင်ပေါက်စများနဲ့ ဓနရှင်မကြီးတကြီးများကပါ (ကိုလိုနီတဆင့်ခံပဲဆိုဆို) နိုင်ငံရေးအာဏာ ထဲမှာတစ်စိတ်တစ်ပိုင်းပါဝင်ဖို့ စတဲ့လက္ခဏာတွေပါတာ တွေ့ရမှာပါ။ အမျိုး ဘာသာ သာသနာဆိုတာကြီး ကွယ်လုံးကြီးနေတော့ကာ ခုနပြောတဲ့ စီးပွားရေးနဲ့နိုင်ငံရေးသဘောက မှိန်သယောင်ဖြစ်ရပြီး
ကောလိပ်ကျောင်းသားပညာတတ်လူလတ်တန်းစားဦးဆောင်တဲ့ ပညာရေးသက်သက်တိုက်ပွဲမျှ အရောင်ဖျော့ခံရတာလို့မြင်တယ်။ ခုတော့ သန္ဓေစွဲကာလပေါ်ဘာသာလူမျိုးအစွန်းရောက် အကြမ်းဖက်ဝါဒီတွေက အဲ့ဒီ အမျိုးသားလက္ခဏာ/ပြည်ချစ်လက္ခဏာဆောင်တဲ့ လှုပ်ရှားမှုကြီးနဲ့ အဲ့ဒီနေ့ထူးကို အခြားအဓိပ္ပါယ်နဲ့ဖွင့်ကြပြန်ပြီ။ သွေးချောင်းစီးပွဲလူသတ်ပွဲတွေဖြစ်ဖို့ အမုန်းတရားဖြန့်ချိဟောပြောနေသူ လှုံ့ဆော်နေသူတွေထဲကထိပ်ဆုံးမှာ ပါဏာတိပါတာဝေရာမဏိသိက္ခာပဒံသမာဓိယမ္ပိ (သူ့အသက်ဆို ဘာသက်ရှိမှမသတ်ပါလို့ ကိုယ်တိုင်လည်းရွတ် သူများလည်းနှုတ်တိုက်ချပေးနေတဲ့၊ သတ္တဝါတွေအပေါ်မေတ္တာထားတယ်လို့ ကိုယ်တိုင်လည်းပြော/ထားရမယ်လို့ သူတပါးလည်းဟောနေတဲ့) သင်္ကန်းခြုံ(တချို့)ဗြောင်ကျကျ ပါဝင်နေတာလည်း အထင်အရှားမြင်နေတယ်။ အမျိုးသားနေ့ဟာ တတိုင်းပြည်ထဲမှာနေပြီး ပြည်ချစ်စိတ်ရှိသူအားလုံးနဲ့ဆိုင်တဲ့နေ့ အားလုံးပိုင်တဲ့နေ့ အားလုံးပါဝင်ခဲ့တဲ့နေ့ပဲ။ အဲ့ဒီနေ့ကို အမျိုး ဘာသာ သာသနာခေါင်းစဉ်နဲ့ အကြမ်းဖက်လူသတ်သမားတွေလက်ထဲကနေ ဆွဲထုတ်ဖို့သာပဲ။ (အမျိုးသားနေ့နဲ့စပ်လို့)



နေဝင်းမြေးတွေလွတ်လာတာကို သန်းရွှေမြေးဖိုးလပြည့်နဲ့ ပွဲကြီးပွဲကောင်းတွေ့ကြပြီလို့လောက်သာမှတ်ရင် နိုင်ငံရေးအရပြောတာလို့ သတ်မှတ်ဖို့ မလွယ်ဘူးထင်တယ်။ သန်းရွှေမြေးက ယဉ်ထိန်းရဲလောက် ပါးရိုက်တာ၊ သူဌေးသမီးကောင်မချောချောလေးတွေလောက် ခြေတော်တင်တာ၊ ငွေကို လေလိုဖြုန်း တာ။ နေဝင်းမြေးတွေက ကိုယ့်ကိုယ်ကို ”စစ်ခွေး”လို့အတိအလင်းကြေညာပြီး ”နိုင်ငံရေးမှမဟုတ်ဘူး စစ်တပ်ခိုင်းရင်ဘာမဆိုလုပ်မယ်” ဆိုကာ အမျိုး ဘာသာ သာသနာလို့ကြုံးဝါးပြီး ဘီလူးဆိုင်းနဲ့ဘီလူးကြိမ်း ကြိမ်းပြီးထွက်ချလာတာ အလကားမဟုတ်ဘူးမှတ်တယ်။ ပြောဝံ့လို့ ပြောရဲလို့ ပြောရလို့ပြောတာ။ လေထဲပျောက်သွားရုံလောက်ပြောတာ မဟုတ်ဘူး။ ဒီစကားမျိုးပြောတာ အခန့်မသင့်ရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာမသိလို့ မျက်ကန်းတစ္ဆေမကြောက် လျှောက်ပြောနေတာမဟုတ်ဘူးလို့ ယူဆတယ်။ စစ်တပ်ကို ဖာဆွယ်ဖေါက်သည်ဆွယ်သလို အပြိုင်ဆွယ်နေကြတဲ့အထဲမှာ ခုဆို နေဝင်းမျိုးဆက်လည်းပါလာပြီဆိုတဲ့အကြောင်း လူသိရှင်ကြားပြောတာလို့မြင်တယ်။

0 comments:

Post a Comment