Monday, December 9, 2013

၂ဝ၁၃ ဒီဇင်ဘာအစမှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၂) မျိုးမြင့်ချို

0 comments
၂ဝ၁၃ဒီဇင်ဘာအစမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (၂) မျိုးမြင့်ချို ဒမိုကရေစီကို ကျင့်သုံးပုံနဲ့နေရာလိုက်ကာ ရှေ့ဆက်စကား လုံးဖြစ်ဖြစ် နာမဝိသေသနဖြစ်ဖြစ်ထည့်ကြ တာပါပဲ။ နေရာဌာနနဲ့သုံးပုံသုံးနည်းလိုက်ပြီး အနှစ်သာရလည်းကွဲပါတယ်။ ပြောင်းပါတယ်။ ထည့်ကောင်းကောင်းနဲ့ထည့်လာ ဆက်လာ လိုက်ကြတာ မြန်မာ့နည်းမြန်မာ့ဟန်ကနေ စည်းကမ်းပြည့်ဝသော၊ ခုတော့ မျိုးချစ်ဒမိုကရေစီ ..တဲ့။ အမျိုး ဘာသာ သာသနာဒမိုကရေစီ..တဲ့။ ဘယ်လိုများ ကျင့်သုံးကြမလဲ။ ဘယ်လိုပုံများ ဆောင်ကြမလဲ။ သေချာတာကတော့ ဒမိုကရေစီမှာ အဝါရောင်စွန်းသွားပြီ။ ဒမိုကရေစီမှာ သွေးနံ့ညှီသွားပြီ။ ရွှေပြည်ကြီးက ဒမိုကရေစီဟာ ဖိနပ်တိုက်ဆေးနံ့ တထောင်းထောင်း၊ ဆလုရိုက်သံတဖြောင်းဖြောင်း၊ ခေါင်းပေါင်းစတွေတလူလူ၊ အောင်လံထူစစ်သူကြီးပွဲ။
အထဲကနေလှမ်းပြောတယ်
ရန်ကုန်မှာ
သူပုန်တွေ"စုံပြီ"
သူပုန်တွေ"ဆုံပြီ"

အထဲကပဲပြန်မေးတယ်
ဘာလုပ်ဖို့လဲ
သပိတ်စုံရင်
သူပုန်ထဖို့လား
"ဆုံ"တစ်လုံးပိုလာပါလား

အရင် စုံဖူးတာက
အတွေးအခေါ်အရ
အလံအရ
ဘဝအရ

ခု"စုံ"တာက
????????

ခု"ဆုံ"တာက
ရွှေတိဂုံဖူး
လိပ်ဥတူး

ပါဖောမင်န့်ဆရာကြီးတစ်ဦးက သူဘာလုပ်လုပ် ပါဖောမင်န့်အနုပညာဆိုတဲ့သဘောမျိုး ဆုံးမတာလည်းနာယူဖူးပါတယ်။ သူ လုပ်လည်း လုပ်နေပါတယ်။ လုပ်သမျှလည်း ပါဖောမင်န့်လို့ဆိုပါတယ်။ ကလေးအနှီးလဲတာ(ဒီမှာတော့ Diaper Changing လုပ်တယ်ပေါ့ဗျာ)ကအစ အနုပညာပါရင်ပါဖောမင်န့်မြောက်တယ်လို့ သံခိပ်ပြုပြတာတောင် မှတ်သားဖူးပါတယ်။ သူလုပ်တဲ့ပါဖောမင်န့်တွေအကုန်လုံးတော့ နားမလည်ပါ။ တခါတလေ ကြည့်ကောင်းတယ်။ နားလည်သလိုလိုရှိတယ်။ ရိုးတိုးရိပ်တိတ် ရိပ်မိတယ်။ တခါတလေ ဘာမှန်းမသိဘူး။ တခါတလေ ဟုတ်သလိုလိုနဲ့ ဘာမှမဟုတ်သလိုလို ဖြစ်ဖြစ်နေတယ်ထင်တယ်။ အနုပညာတစ်ခုအဖြစ်နဲ့တော့ လှပပါတယ်။ သို့ပေသိ နေရာကတာ ပါဖေါမင်န့်ဆိုရင်တော့ မစ္စတာဘီးန်းရဲ့ဟာသတွေလိုလို၊ အသံမကြားရတဲ့အပေါစားပျက်လုံးတွေလိုလိုနဲ့ လူရီ(ရယ်)စရာ ဖြစ်ကုန်မလားလည်းတွေးပူမိပါတယ်။ ပလပ်စတစ်ဇလုံထဲထမင်းထည့်စားပြတာ၊ သံတိုင်အပြင်လက်ထုတ်ပြီး အိုးထဲကရေခပ်သောက်ပြတာ၊ အပြင်ကနေ အထဲကို ဆေးလိမ်မီးညှိပြတာ အဲဒါတွေလည်း ပါဖောမင်န့်လိုလိုသရုပ်ပြလိုလိုနဲ့ ကြာတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်းနေထိုင်မှုဘဝရဲ့ တကယ့်အစစ်အမှန်သရုပ်သကန်တွေ ပျက်ပြီးပေါ့တန်သွားအောင် ကူဖေါ့ပေး ကူဖျက်ပေးနေသလိုဖြစ် မှာလည်းစိုးပါတယ်။ ဒီ့ထက်ပို အနှစ်အသားပါတဲ့ဖော်ပြချက်တွေဆို ပိုကောင်းမယ်တွေးမိပါတယ်။ နောက်တခုက ပါဖောမင်န့်အနုပညာ ပြောင်မြောက်ဖို့လိုအပ်မယ်ဆိုရင် ဘာသဏ္ဍန် ဘာသရုပ် ဘာပစ္စည်း ဘာလူအမျိုးအစားကိုပဲသုံးသုံး ဘာမှပြောစရာသိတ်မရှိလှပါဘူး။ အနုပညာဆိုတာ အခြားနယ်ပယ်တွေက ကန့်သတ်ချက်တွေ၊ ဘောင်တွေအတွင်းကနေလုပ်မှရတဲ့/ရမယ့်အရာမဟုတ်ဘူးလို့လည်း နားလည်မိပါတယ်။
တကယ်တော့
အချစ်ရာ
ပါမစ်ဆိုတာ
ကားတခုတည်းမှ မဟုတ်တာလေ

မင့်မှာ
လဲစရာ
ယုံကြည်ရပ်ခံချက်

ဒါမှမဟုတ်
လက်နက်

ဒါမှမဟုတ်
ဆိုင်းဘုတ်တခုခု

ဒါမှမဟုတ်
အလံတလက်လက်ရှိရင်ပေါ့

ဖေါ့ဦးထုတ်လည်း
အထူးအရာရှိလည်း
ထုတ်ဝေခွင့်လည်း
ပဒုမ္မာဆိုင်တွေမှာ ဝယ်ယူခွင့်လည်း
ငြိမ်းချမ်းရေးစင်န်တာက အရက်ခွဲတမ်းလည်း

နောက်ဆုံး
ကုန်ကုန်ပြောမယ်

လဲဝံ့တယ်ဆို
မင့်ကိုယ်တိုင်လည်း
ပါမစ်လေ အချစ်။
ကျနော် ခု တနင်္ဂနွေ( ဒီဇင်ဘာ(၉)ရက်၊ ၂ဝ၁၃)ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ဝေါ်ရှင်တန်ဒီစီမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(အမေရိကား)ရဲ့ ၂ဝ၁၃ ခုအတွက်ကျင်းပမယ့် ဒုက္ခသည်များကွန်ဂရက်စ်ကို အင်ဒီယားနားပြည်နယ်ကိုယ်စားလှယ်အနေနဲ့ရော (အင်ဒီယားနား၊ အီလီနွိုင်း၊ ကင်န်တပ်ကီ၊ မစ်ရှီဂန်၊ မစ်ဇူရီနဲ့ ဝစ္စကွန်ဆင်န်င်)ပြည်နယ်(၆)ခုအတွက်အရွေးချယ်ခံ ကွန်ဂရက်စ်ကျင်းပရေးအကြံပေးဘုတ်အဖွဲ့ဝင်အနေနဲ့ပါ သွားတက်ရပါမယ်။ တပြည်လုံးမှာ ဘုတ်အဖွဲ့ဝင်က (၈)ဦးရှိပါတယ်။ အရံသဘောက(၁)ဦးဆိုတော့ စုစုပေါင်း(၉)ဦးပါ။ ၂ဝ၁၁ တုန်းက တစ်ကြိမ်တက်ခဲ့ပြီးဖြစ်ပါတယ်။ ခုတစ်ကြိမ်မှာတော့ နိုင်ငံစုံကနေ အမေရိကားကို ဒုက္ခသည်အဆင့်အတန်းနဲ့ရောက်လာကြသူ တစ်ပြည်နယ်တစ်ယောက်နှုန်းနဲ့ ကွန်ဂရက်စ်ကိုတက်လာမယ့် ကိုယ်စားလှယ် (၅ဝ)ထဲမှာ အခြားပြည်နယ်(၂)ခုက ဗမာပြည်သား (၂)ဦးလည်းပါပါတယ်။ ခုတစ်ခေါက်ကွန်ဂရက်စ်မှာ အဓိကဖိုးကပ်စ်လုပ်ဆွေးနွေးဆုံးဖြတ်ကြမှာက နိုင်ငံတကာကနေ ဒီကိုရောက်ရှိအခြေချပြီးသူတွေအရေးဖြစ်ပါတယ်။ ပညာရေး၊ အိုးအိမ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အလုပ်အကိုင်အခွင့်အလမ်း၊ မြို့/ပြည်နယ်/ဗဟိုအစိုးရတွေဘက်ကဖြည့်ဆည်းပေးနိုင်မယ့် ခံစားရပိုင်ခွင့်နဲ့အထောက်အပံ့များ စတာတွေဖြစ်ပါတယ်
ခုတလော
ကျနော် ဘာဖြစ်တယ်မသိဘူး
ည ည တွေ
သိတ်အိပ်မပျော်ဘူး

မူးလာရင်
မအေးနက်ရေ
သွဲ့သွဲ့ဝင်းရေ
လက်ပန်းတောင်းရေဆိုပြီး
ရင်ဘတ်စည်မတီးရုံတမည်
မျက်ရည်တွေတွေကျတတ်တဲ့
တော်လှန်ရေးလုပ်နေတာ
ဟိုအပင်ကြီးအောက်ပျောက်သွားမယ်ပြောတတ်တဲ့
ဟိုအကိုကြီးကိုလည်း သတိတွေရရနေတယ်

ဘုန်းကြီးဆိုးဝီရသူကလည်း
အိပ်မက်တွေမကောင်းဘူး..တဲ့
ပထမ
ဒုတိယနဲ့
တတိယနိုင်ငံက
မိကျောင်းတချို့ငိုကောင်းတုန်း

မိကျောင်းကန်
မြေသိမ်းခံလူတွေဆီ
အနက်ရောင်ဝတ်စုံတွေနဲ့
လူရိုက်လိုင်စင်ရလက်သစ်ပြူစောထီးတွေ
ရှပ်နက်တပ်သားတွေ
အဝါရောင်စွမ်းအားရှင်တွေ

ရောင်စုံတီရှပ်
လွှတ်တော်ထဲကနေပြောပါ
မိဘပြည်သူများခင်ဗျာ
သမ္မတကြီးကိုယုံတယ်
နောင် ပြောစရာမကျန်မှာစိုးလို့
ငွေရတု
ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း
ဓါးအိမ်ထဲမှာ ဓါးရှိတယ်
အမျိုး ဘာသာ သာသနာ
ပုဒ်မ (၉၅/စ)
ကားပါမစ်အရက်ခွဲတမ်းဈေးကွက်ဝေစု
ပါတီမှတ်ပုံတင်ဖို့
တချိန်ချိန်ကျပြင်ကိုပြင်ရမယ်
၂ဝ၁၅ အလံဖြူစိုက်မယ့်
တောင်သိမ်းတိုက်ပွဲ
လက်ပန်းတောင်းမီးတောက်
သမ္မတဖြစ်ချင်တယ်နဲ့
နောက်ဆုံး
စိုးမြတ်သူဇာတောင်ပါသေး
ဆေးစွဲနေကြ
သူ
သေပြီ
မဆုံးဘူး
မရှူံးဘူး

သူ့
ဘယ်သူမှ
ဆုံးရှူံးမသွားဘူး

မသေခင်က
ရန်သူကိုလက်ဆွဲနှုတ်ဆက်ခဲ့တယ်
ရန်သူနဲ့စကားပြောခဲ့တယ်
ယုံတယ်ပြောသံတော့ မကြားမိဘူး

ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ဖို့
လူထုအားနဲ့ စကားပြောပွဲကိုဆွဲခေါ်ခဲ့တယ်
မေတ္တာမရပ်ခံခဲ့ဘူး

တစ်ပြည်စာအနာကို
တစ်ဘဝစာဝေဒနာနဲ့ကုစားခဲ့တယ်
ဘာနဲ့မှလဲမစားခဲ့ဘူး
မဟူရာမတ္တမြားမည်း


0 comments:

Post a Comment