စိန်ခေါ်သံများသည် ပြည်သူ့စွမ်းအားဖြစ် လာနိုင်ပါစေ (တူမောင်ညို)
(၂ဝ၁၃
ခုနှစ်၊ ဒီဇင်ဘာ ၂ဝ )
အဖျောက်နှင့်သာယာဝတီမှ
စိန်ခေါ်သံများကိုကြားရသည့်အခါ ကြက်သီးများထမိသည်။ “နှစ်ဟောင်း ၂ဝ၁၃” ကို စိန်ခေါ်သံနှင့်နှုတ်ဆက်ပြီး
“နှစ်သစ်၂ဝ၁၄”ကို စိန်ခေါ်သံဖြင့်ဖွင့်လှစ်ပေတော့မည်ဟုလည်း အတွေးပွားမိပြီး၊ လက်သီးများပင်
ကျစ်ကျစ်ပါအောင်ဆုပ်မိသွားပါသည်။
သမ္မတ၊ လွှတ်တော်၊
တပ်မတော်တို့နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြရေးမေတ္တာရပ်ခံချက်ကို တစ်ဖက်ကငြင်းပယ်လိုက်ပြီးနောက်
ယခုကဲ့သို့စိန်ခေါ်သံများ ပီပီပြင်ပြင်ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ အဖျောက်နှင့်သာယာဝတီမှ ရဲရင့်သောစိန်ခေါ်သံများကို ကြားပြီးနောက် နာကျင်မှု၊ စိုးရိမ်မှုတို့နှင့်ယှဉ်လျက်
ကျနော်စိတ်သန္တာန်ဝယ် “၁၉၉ဝ ပြည့် ရွေးကောက်ပွဲ၊ ဂန္ဒီခန်းမ၊ စီအာပီပီ၊ ရွှေဂုံတိုင်ကြေညာချက်၊
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ကာကွယ်စောင့်ရှောက်နှင့်လေးစားလိုက်နာကျမ်းကျိန်သည့်ကိစ္စများ”
အစီအရီ ပေါ်ထွက်လာပါသည်။
အဖျောက်နှင့်သာယာဝတီမှ
ရဲရင့်သောစိန်ခေါ်သံများသည် ထိုကိစ္စများကဲ့သို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမည်လား။ မဆိုစကောင်းဆိုစကောင်း
အဖျားရှူးသွားလေမလားဆိုသည့် စိုးရိမ်စိတ်ဒီရေသည် တရိပ်ရိပ်မြင့်တက်လာခဲ့ပါသည်။
လက်ပံတောင်းတွင်
“ခေါင်းနှင့်ရင်းခဲ့ရသည်”သည်ဟု ဆရာဝင်းထွဋ်ဇော်က မချိတင်ကဲရေးပါသည်။
ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်ကိစ္စများတွင်“ရက်စက်သောတိတ်ဆိတ်မှု”ကိုဆောင်မြဲတိုင်းဆောင်နေခဲ့သဖြင့်“နှလုံးသားကိုပါ
စတေးခဲ့သည်”ဟုရေးလျှင် ရမည်ထင်ပါသည်။ သို့ဖြင့် ပြည်ပမီဒီယာများက “သူတော်စင်မဟုတ်” ဟူ၍
ဝေဖန်လာကြပါတော့သည်။
ထို့အပြင်(နအဖ)စစ်အစိုးရ၏
အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြစ်သည့် “ဒီပဲယင်းအကြမ်းဖက်မှု” ကိုမုံရွာအောင်ရှင်တစ်ယောက်သာ
“ဒီလှိုင်းစာစောင်”တွင်မမေ့ကောင်း၊ မပျောက်ကောင်း ရေးသားမှတ်တမ်းတင်နေဆဲဖြစ်သော်ငြားလည်း
ဒေါ်အောင်ဆန်းစုကြည်ကမူ အတိတ်ကိုအတိတ်မှာပဲ အမြော်အမြင်ကြီးစွာထားရစ်ခဲ့ပါသည်။
ဤသို့ဒေါ်အောင်ဆန်းစုကြည်ဘက်မှ
ခေါင်းတွေ၊ နှလုံးသားတွေ၊ ရင်းနှီးခဲ့၊ ပေးဆပ်ခဲ့၊ အတိတ်၏နာကျင်ခါးသည်းမှုတွေကို အတိတ်မှာထားရစ်နိုင်ခဲ့သော်လည်း တစ်ဖက်မှယောက်ျားရင့်မကြီး၊ သေနာချုပ်ကြီးများသည် “၂ဝဝ၈အခြေခံဥပဒေပြင်ဆင်ရေး”နှင့်စပ်လျဉ်း၍
အပြုသဘောဆောင်သည့်အရိပ်အယောင်စကားကို စတိမျှပင် ထုတ်ဖော်မပြောခဲ့ကြပါချေ။ ရက်စက်စိမ်းကားလှပါဘိတော့သည်။
သူရသတ္တိရှင်သေနာချုပ်ကြီးများသည်
ယင်းသို့အပြုသဘောဆောင်သည့်စကားကို တစ်ခွန်းတစ်ပါဒမျှ မပြောမဆိုသော်လည်း ယခုကဲ့သို့
ခနိုးခနဲ့အာဘော်ဖန်တီးလျက်ရှိနေပါသည်။
“ကြီးလေးကြီးတွေ့ဆုံဆွေးနွေးရေးအတွက် အလွတ်သဘောညှိနှိုင်းရန် နိုင်ငံတော်သမ္မတရုံးက
စီစဉ်လိုသော်လည်း တစ်ဖက်တွင် အကဲဆတ်သည့်ပြောဆိုမှု (Emotional Speech) များ မြင်တွေ့နေရသဖြင့်
လုပ်ဆောင်ရန်ခက်ခဲနေကြောင်း အစိုးရအဖွဲ့နင့်နီးစပ်သူတစ်ဦး က ပြောကြားသည်။”
“၂ဝဝ၈
အခြေခံဥပဒေ”ကို မည်သည့်အတိုင်းအတာအထိ ပြင်ဆင်မည်လဲ။ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်ပေးမှသာ
“ပေမီဒေါက်မီပြင်ဆင်ရေး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်မှတ်ထားပါသလဲ။ ပြည်သူများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊
ဒီချုပ်ပါတီဝင်များအနေဖြင့် ဤအချက်မှာ ယနေ့အချိန်ထိမသိရှိကြရသေးပါ။
ပြည်သူကိုအားကိုးသည်၊
ပြည်သူ့အားဖြင့် “၂ဝဝ၈အခြေခံဥပဒေ”ကို ပြင်ဆင်မည်ဟုဆိုလျှင် မည်သည်က “အတုအယောင် ပြင်ဆင်ရေး”
ဖြစ်ပြီး၊မည်သည်က“ပေမီဒေါက်မီပြင်ဆင်ရေး”ဖြစ်သည်ကို ကွဲကွဲပြားပြားဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ရှင်းရှင်းလင်းလင်း၊ တိတိကျကျထုတ်ပြန်ပေးရန်လို အပ်ပါသည်။
ပြည်သူ့အား၊
ပြည်သူ့စွမ်းအားဆိုသည်မှာ မိမိလိုအပ်လာသည့်အချိန်အခါမှ ခလုတ်ဖွင့်၍အသုံးပြုရသည့် မိုက္ကရိုဝေ့ဗ်မီးဖိုမျိုး
မဟုတ်ပါ။ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်မပေးခဲ့လျှင် ပြည်သူများအနေဖြင့် မည်သို့ဆက်လက်လုပ်ကိုင်သွားကြရမည်ဆိုသည်ကို
တိကျသောလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင် ချမှတ်ပေးထားရမည်ဖြစ်ပါသည်။
သမ္မတနှင့်အဆင်ပြေနေသည့်အခါ
တစ်မျိုး၊ မပြေလည်တော့သည့်အခါ တစ်မျိုး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လေပေးလေယူ ဖြောင့်တန်း
နေသည့်အခါ တစ်မျိုး၊ မဖြောင့်တန်းတော့သည့်အခါ တစ်မျိုး စသဖြင့် ပြဒါးကဲ့သို့ပြောင်းလဲနေသည့်လုပ်ဟန်မျိုးမှာ
ပါတီအဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းစဉ်တစ်ရပ်မဖြစ်နိုင်ပါ။ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီတစ်ရပ်၏ခေါင်းဆောင်မှု၊
သဘောထား၊ လုပ်ငန်းစဉ်များသည် တည်ကြည်ပြတ်သားဖို့ အရေးကြီးပါသည်။
ဒေါ်အောင်ဆန်းစုကြည်က
“ကိုယ့်သိက္ခာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်များဟာ
၂ဝ၁၅ ကျလို့ရှိရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဘဲနဲ့ ရွေးကောက်ပွဲမဝင်သင့်ဘူးလို့
ကျွန်မတို့မြင်တယ်”ဟုပြောပါသည်။
ထို့အပြင်
“ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီးဝင်မယ်ဆိုရင်
ကျွန်မတို့က စွန့်စားပြီးဝင်ရမှာ၊ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ၊ ကျွန်မတို့က
သိက္ခာကျစရာ ဘာမှမရှိဘူး။ အထက်စီးယူပြီးဝင်တဲ့သူတွေအတွက်တော့ သိက္ခာမရှိဘူးလို့ ကျွန်မပြောချင်တယ်”
ဟု ဆက်၍လည်း ဤသို့ပြောပြန်ပါသေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏
ရှေ့နောက်ပြောစကားများကိုဆက်စပ်၍ ကျနော်နားလည်သလိုပြန်ပြောရလျှင် “၂ဝဝ၈ အခြေခံဥပဒေကို
ပြင်ကြည့်မယ်။ ပြင်မပေးလျှင်လည်း ၂ဝ၁၅ ရွေးကောက်ပွဲဝင်မည်” ဟူ၍ဖြစ်ပါသည်။ အချို့လူများအဓိပ္ပါယ်ကောက်နေသလို
“၂ဝ၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်မည်”ဆိုသည့်သဘော မတွေ့ရပါ။
မည်သည့်အတိုင်းအတာအထိပြင်ပေးရမည်၊
မပြင်ပေးလျှင် ဘာဆက်လုပ်ကြမည်ဟူသည့် တိကျသောလုပ်ငန်းစဉ်မရှိတာတွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်
“တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရမည်”ဟု နယ်ချဲ့ဗြိတိသျှတို့ထံ တစ်ဖက်ကအရေးဆိုပြီး၊ “ရလျှင်ရ
မရလျှင်ချ” ဖို့လည်း အခြားတစ်ဖက်က ပြင်ဆင်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ
“ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီးဝင်မယ်ဆိုရင်
ကျွန်မတို့ကစွန့်စားပြီးဝင်ရမှာ“ ဟု ဆိုထားပါသည်။ စစ်မရောက်ခင် မြားကကုန်နှင့်ပြီဟု
ဆိုရပေတော့မည်။
သမ္မတ၊
လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ် စသော သေနာချုပ်ကြီးများအတွက် သိက္ခာသည် အာဏာလောက်အရေးမကြီး၊ သိက္ခာရှိခြင်း/မရှိခြင်း၊
သိက္ခာကျခြင်း/မကျခြင်းသည် အာဏာရှိခြင်း/မရှိခြင်းလောက်မရေးမကြီးချေ။
သူတို့အတွက် အာဏာသည်အဓိက၊ အာဏာသည်သာ အရာရာဖြစ်သည်။ ယနေ့အာဏာသည် “၂ဝဝ၈အခြေခံဥပဒေ”နှင့်
“စစ်တပ်”ပင်ဖြစ်သည်။ ယင်း ၂ ခုကိုထိပါးသောသူမှန်သမျှသည် ရန်သူပင်ဖြစ်သည်။
“၂ဝဝ၈
အခြေခံဥပဒေ” ပြင်ဆင်မပေးလျှင် ဘာဆက်လုပ်ကြမည်နည်း။
“၂ဝ၁၅
ရွေးကောက်ပွဲ”မဝင်လျှင် ဘာဆက်လုပ်ကြမည်နည်း။
အနည်းဆုံးမဲဆန္ဒနယ် ၃ နယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုလျှင် ပါတီဖျက်သိမ်းခံရမည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေ၊
ပုဒ်မ ၁၂ (က) ၊ ပုဒ်မခွဲငယ်(၁)အရ ပါတီဖျက်သိမ်းခံရဖွယ်ရှိပါသည်။
အဖျောက်နှင့်
သာယာဝတီမှရဲရင့်သောစိန်ခေါ်သံများသည် ပြည်သူ့စွမ်းအားဖော်ထုတ်နိုင်ရေးအတွက် တိကျခိုင်မာသောလုပ်ငန်းစဉ်များ
ဖြစ်လာပါစေဟု ဆုတောင်းပါသည်။ သို့မှသာ ပြည်သူ့အား၊ ပြည်သူ့စွမ်းအားဖြင့် “၂ဝဝ၈ အခြေခံဥပဒေ”ကို
ပြင်ဆင်နိုင်မည် သို့တည်းမဟုတ် အသစ်ရေးဆွဲနိုင်ပါလိမ့်မည်။
ညွန်း
- ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် အဖျောက်ကျေးရွာ နှင့် သာယာဝတီတို့တွင်ပြောကြားခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်များ
0 comments:
Post a Comment