Saturday, December 7, 2013

“နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိစေရတော့ပါဘူးတဲ့” အောင်သာ(ပီသုံးလုံး)

0 comments
၂ဝ၁၃ခုနှစ်ကုန်ရင် ထောင်ထဲမှာ နိုင်ငံရေးသမားတစ်ယောက် မှ မရှိစေရဘူးလို့သမ္မတကြီးက ပြောကြားခဲ့ပါတယ်။ ကုန်ခဲ့တဲ့ တနင်္ဂနွေပတ်ထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ထောင်ထဲက လွှတ်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား နည်းနည်းပါးပါးဘဲကျန်တော့တယ်လို့ဆိုပါတယ်။ တကယ်လို့များ “မြန်မာနိုင်ငံအကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားများ တကယ်မရှိတော့ရင် အေအေပီပီ တို့၊ နိုင်/ကျဉ်းတို့၊ နိုင်/ချုပ်တို့ ဘာများဆက်လုပ်ကြမလဲ” လို့လည်း အတွေးရောက်သွားမိပါတယ်။ သူတို့ခမျာ “နိုင်ငံရေးအကျဉ်းသားနေ့”တောင် မသတ်မှတ်နိုင်ကြသေး ပါဘူး။ ကျန်သေးတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်ပြီဆိုရင် ဗမာပြည်မှာ “နိုင်ငံရေးအကျဉ်းသားပြဿနာ” ဆိုတာ ပြီးပြတ်သွားပြီလား၊ ပြီးပြတ်သွားပြီလို့ပြောရဲတဲ့“သူရဲကောင်း”ရော ရှိပြီလား။ ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ ဘယ်နေ ဘယ်ရက်ပြီးမယ်လို့ ဘယ်သူပြောမလဲ။ သမ္မတကြီးပြောမလား၊ ဒီ/ချုပ်ဥက္ကဌပြောမလား၊ ပုပ်ရဟန်းမင်းကြီးပြောမလား၊ ဘန်ကီမွန်းပြောမလား၊ အီးယူဥက္ကဌပြောမလား၊ ဘားရက်အိုဘာမားပြောမလား၊ တရုတ်သမ္မတရှီကျင့်ဖျင် ပြောမလား၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ က ပြောမလား။ ဘယ်သူကမှ ပြောရဲကြမယ်မထင်ပါဘူး။ ဘာကြောင့်လဲ။ (၁)က နိုင်ငံရေးအကျဉ်းသားပြဿနာ ဖြစ်နေလို့ပါဘဲ။ 
(၂)က “ဗမာပြည်”က နိုင်ငံရေးအကျဉ်းသားပြဿနာဖြစ်နေလို့ပါဘဲ။ အင်္ဂလိပ်က အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ(၁၈၂၄)အပြီးမှာ အကျဉ်းထောင် ၅ ထောင်၊ ဒုတိယစစ်ပွဲ(၁၈၅၂)အပြီးမှာ အကျဉ်းထောင် ၄ ထောင်၊ တတိယစစ်ပွဲ(၁၈၈၅) အပြီးမှာ ၂၁ ထောင် တည်ဆောက်ခဲ့ပါတယ်။ (၁၈၉၄)ခုနှစ်မှာ အကျဉ်းထောင်ဥပဒေကိုပြဌာန်းခဲ့ပါတယ်။ အကျဉ်းသားဥပဒေကို ၁၉ဝဝ ပြည့်မှာ ပြဌာန်းခဲ့ပါတယ်။ အကျဉ်းထောင်လက်စွဲဥပဒေကို(၁၉၃၇)ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ (၁၈၆၄)မှာ အကျဉ်းဌာနကို စ ဖွင့်ပါတယ်။ (၁၈၇၂)မှာ အကျဉ်းဌာနမင်းကြီး ခန့်ပါတယ်။ အင်းစိန်ထောင်ကြီးကို(၁၈၈၉)မှာ စတင်တည်ဆောက်ပါတယ်။ (၁၈၉၂)ဇူလိုင်မှာ စ ဖွင့် ပါတယ်။ အကျယ် ၁၆၅ ဒသမ ၇၆၈ ဧက ဧရိယာရှိပါတယ်။ အုတ်ရိုးနှစ်ထပ်ရှိပါတယ်။ မူလက အကျဉ်းသား(၅ဝဝဝ)ဆံ့ ဆောက်ခဲ့တဲ့ထောင်ကြီးဟာ အကျဉ်းသား(၁ဝဝဝဝ)ခန့်ရှိတတ်ပါတယ်။ ကိုယ့်မှာ ခိုင်ခိုင်မာမာယုံကြည်ကိုင်စွဲထားတဲ့ယုံကြည်မှုဒဿန (တစ်မျိုးမျိုး) အမှန်တကယ်ရှိတယ်၊ အသွေးအသားအဖြစ် ခရစ်စတယ်လိုက်ဇ်ရှိတယ်ဆိုရင်တော့ “ပြင်စည်မင်းသားကြီး”ပြောသလို ထောင်ဆိုတာ နေစရာတစ်မျိုးပါဘဲလို့ အနိမ့်ဆုံးပြောနိုင်ပါတယ်။ အနိမ့်ဆုံးကတော့ ထောင်ဆိုတာ ယောက်ျားတစ်ယောက်ရဲ့ကိုယ်စိတ်ကြံ့ခိုင်မှုကို စမ်းသပ်တဲ့နေရာဘဲ လို့ပြောရမယ်။ လူတန်းစားတစ်ရပ်ရပ် (သို့မဟုတ်)လူတန်းစားတချို့ကို အလုပ်အကျွေးပြုဖို့စီမံထားတဲ့ ရုံး၊ ဂတ်၊ ထောင်၊ ပုလိပ်၊ ဥပဒေ၊ စစ်တပ် စုပေါင်းဟာ State Apparatus ဆိုတဲ့ အကြမ်းဖက်ဖိနှိပ်ရေးယန္တရား ချည်းပါဘဲ။ အကျဉ်းထောင်ဆိုတာ ဒုတိယလူတန်းစားတိုက်ပွဲစစ်မျက်နှာပါဘဲ။ ပထမစစ်မျက်နှာကတော့ “စစ်ပွဲ” ပါဘဲ။

“ဟေ့ကောင် အောင်သာ၊ မှတ်ထား။ ထောင်ထဲမှာနေဖြစ်တဲ့သူ (၄)မျိုးဘဲရှိတယ်ကွ။ 
(၁)မြသန်းတင့်တို့လို၊ ဗန်းမော်တင်အောင်တို့လို၊ လေထီးအုန်းမောင်တို့လို ပတ်ကားနိုင်ငံရေးသမားကြီးတွေကွ။ 
(၂)ရှော်ဖီတို့၊ မိုးကုတ်မြမောင်တို့လိုသူဌေးကြီးတွေ၊ ထောင်ထဲမှာ ငွေခင်းပြီးနေကြတယ်။ 
(၃)ကြွယ်ကြီးတို့၊ ကျွဲကြီးတို့လိုတကယ့်လူမိုက်တွေ “မိုက်ဂုဏ်”နဲ့နေကြတယ်။ 
(၄)ယောက်ျားးဘဝကို “မိန်းမဘဝ” အဖြစ် ပြောင်းထားတဲ့သူတွေ။ အဲဒီလေးမျိုးထဲမပါတဲ့ကောင်ဟာ ထောင်ထဲမှာအနေကျပ်တယ်ကွ”ဆိုပြီး ထောင်တပ်ကြပ်ကြီးတစ်ဦးက သူ့ထောင်အတွေ့အကြုံကို မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ပြည်တွင်းစစ်နဲ့အာဏာရှင်စနစ်ဟာ နိုင်ငံရေးအကျဉ်းသားတွေ မွေးထုတ်ပေးနေတဲ့ ပင်ရင်းစက်ရုံကြီးပါဘဲ။ ဒီစနစ်နှစ်ခုကို ခြေခြေမြစ်မြစ် မဖျက်သိမ်းနိုင်သေးသရွေ့ “နိုင်ငံရေးအကျဉ်းသားပြဿနာ”ဟာ ပြီးပြတ်သွားမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ပုဒ်မ ၁၇ (၁)(၂)ကို မဖျက်သိမ်းပါဘူး။ ပုဒ်မ ၅(ည)ကို မဖျက်သိမ်းသေးပါဘူး။ ပုံနှိပ်ဥပဒေ(၁၇) (၂ဝ) ရှိနေဆဲပါ။ ပုဒ်မ ၁ဝ(က)ရှိနေဆဲပါ။ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)စတဲ့ ပုဒ်ထီး၊ ပုဒ်မတွေဟာပန်းပန်လျက်ပါဘဲ။ ၁၉၈၈ - ၂ဝ၁၃ ခုနှစ် (၂၅)နှစ်အတွင်းကလှုပ်ရှားမှုများကိုအကြောင်းပြပြီး အဖမ်းဆီး၊ ထောင်အကျခံကြရတဲ့အကျဉ်းသားပေါင်းစုံကို စစ်အစိုးရက-(၁) နောင်ကြဉ်အောင် အာဃာတနဲ့လက်စားချေနေခဲ့တာဖြစ်ပါတယ်။ (၂) နိုင်ငံရေးအကျဉ်းသားပြဿနာကို အလေးလို လျှော့လိုက်၊ တင်းလိုက် တစ်သက်လုံးလုပ်လာတာဖြစ်တယ်။ ပြည်တွင်းပြည်ပက နိုင်ငံရေးအကျဉ်းသားပြဿနာကို အကြောင်းတစ်ခုခုတိုက်ဆိုင်လို့ အသံကျယ်လာပြီဆိုရင် တစ်ခုခု အလျှော့အတင်းလုပ်ဖို့ သိပ်အရေးမပါတဲ့သူအချို့လွှတ်ပြမယ်။ အခုတလော ဒါမျိုးလုပ်နေတာပါဘဲ။ (၃) အကြောင်းတစုံတရာနဲ့  နိုင်ငံရေးသမားဆိုတာတွေကို ဖမ်းချင်သလိုဖမ်းပြီးရင် “ဖြောင့်ချက်”တစ်ခုခုရအောင် လူမဆန်တဲ့ စစ်ကြောနည်း ပေါင်းစုံနဲ့စစ်တယ်။ အမှုတည်ဆောက်တယ်။ တရားရုံးမှာ အတင်းဖြောင့်ချက်ပေးခိုင်းတယ်။ အပြစ်နဲ့ပြစ်ဒဏ်မဆီလျော်တဲ့ အပြစ်ပေးမှုတွေ လုပ်တယ်။ (၄)ထောင်ထဲမှာ သီးခြားထားတယ်။ ထောင်ဝင်စာ လွတ်လွတ်လပ်လပ်မတွေ့ ရဘူး။ မိသားစုနဲ့ပြောတာ၊ ဆိုတာတွေကို အတွင်းအပြင်မှတ်တမ်းယူတယ်။ တစ်ခုခု ပြောမိ၊ ဆိုမိရင် ထောင်ဝင်စာပိတ်တယ်။ (၅) ICRC လာလို့ ထောင်အကြောင်းနည်းနည်းပါးပါး ပြောမိရင် ရန်ကုန်ကလူကို မန္တလေးပို့ပစ်တယ်။ မန္တလေးကလူကို ရန်ကုန်ပြောင်းပစ်တယ်။ (၆) နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို “တမင်”ပစ်ထားတယ်။ (၇)ထောင်ထုံးစံအရပေးရမယ့် ဘယ်လိုလျှော့ရက်မျိုးမှ ဘယ်တုန်းကမှ ဘယ်နိုင်ငံရေးအကျဉ်းသားကိုမျှ မပေးဘူး။ သစ္စာဖောက်တွေ၊ အညံ့ခံတဲ့လူတွေကို လျှော့ရက် သာသာထိုးထိုးပေးလေ့ရှိတယ်။ (၈) အကြောင်းကြောင်းကြောင့်လွှတ်ရတော့မယ်ဆိုရင် ရိုးရိုးမလွှတ်ဘူး။ အနိမ့်ဆုံး ပုဒ်မ ၄ဝ၁(၁)လက်မှတ်ထိုးခိုင်းတယ်။ ဒီခေတ် နိုင်ငံရေးထောင်ကျတွေက လောဂျစ် ၂ မျိုးနဲ့  ၄ဝ၁(၁)ကို လက်မှတ်ထိုးကြတယ်။ တစ်မျိုးက ကျွန်တော်က နိုင်ငံရေးဆက်လုပ်မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ၄ဝ၁ ထိုးပြီး ထွက်မယ်။ နောက်လောဂျစ်တစ်ခုက ကျွန်တော်က ဆက်ဖိုက်မှာ၊ ၄ဝ၁ ထိုး ထွက်မယ်၊ ထောင်ထဲမှာ အချိန် ကုန်တယ်။ ဒီလိုသဘောထားကြပါတယ်။ နိုင်ငံရေးအကျဉ်းသားပြဿနာဆိုတာဟာ တည်ရှိနေတဲ့နိုင်ငံရေးအခြေအနေရဲ့အဆက်နဲ့  အကျိုးဆက်အဖြစ်ရှိတဲ့ (၁)လူမျိုးစုံအမျိုးသားဒီမိုကရေစီအင်အားစုများနဲ့ အပစ်ရပ်ရေး၊ အမျိုးသားတန်းတူရေးပြဿနာကို ကျေကျေလည်လည်မဖြေရှင်းနိုင်ကြဘူးဆိုရင် (၂)၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်မှာလား/မပြင်ဘူးလားဆိုတာ ရေရေရာရာ သဲသဲကွဲကွဲမဖြစ်ဘူးဆိုရင် “နိုင်ငံရေးအကျဉ်းသားပြဿနာ”ကို လမ်းကြုံလို့ပြောတဲ့လမ်းဘေးကစကား၊ လမ်းဘေးက ချွေးသိပ်မှုမျိုးကို ဘယ်လိုကျိုးကြောင်းတရားနဲ့ ယုံကြည်လက်ခံလို့ဖြစ်ပါ့မလဲ။ အခုတလောဖြစ်ပေါ်နေတဲ့ အလုပ်သမား၊ လယ်သမားများ၊ မြို့နေ ဆင်းရဲသားများရဲ့ကိစ္စများနဲ့ လူထုဆန္ဒထုတ်ဖော်ပွဲများကို အတွင်းက “ဒါဟာ ဆူပူမှုကို ရှေ့ရှုနေတာ”လို့သဘောထားပြီး နှိပ်ကွပ် ချေမှုန်းပစ်ချင်နေတာပါ။ ဒုက္ခတွင်းက ပြည်သူသန်းပေါင်းများစွာက သူတို့ဘဝလုံခြုံရေးအတွက် လမ်းမကြောင်းပေါ်ရောက်လာခဲ့ရင် ဘယ်သူထွက်ပြီးရင်ဆိုင်မလဲ။ ဒီတော့ ဒီဇင်ဘာကုန်ရင် နိုင်ငံရေးအကျဉ်းသားမရှိစေရဘူးဆိုတာဟာ လောဂျစ်နည်းကျ အဆိုတစ်ခု ဖြစ်တယ်လို့ ဘယ်လိုကျိုးကြောင်းများနဲ့လက်ခံယုံကြည်ရမှာပါလဲ။
အောင်သာ(ပီသုံးလုံး) အမျိုးသားနေ့။ (News Watch ဂျာနယ် အတွဲ ၈ အမှတ် ၂၇ မှ ထုတ်နုတ်ဖော်ပြပါသည်)
(ကို Aung Myo Tun ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေယူပါတယ်။ သူ့မှတ်လေးလည်း မူရင်းအတိုင်းဖော်ပြပါတယ်) ဆောင်းပါးအပြည့်အစုံကို ကူးယူခြင်း မဟုတ်ဘဲ မိမိနှစ်ခြိုက်သည့် စာပိုဒ်များကိုသာ (မူရင်းအာဘော် ခြုံငုံမိအောင် ကြိုးစားပြီး) ထုတ်နုတ်ဖော်ပြထားပါတယ်။ အောင်သာ (ပီသုံးလုံး) ရေးတဲ့ အထက်ပါ ဆောင်းပါးခေါင်းစဉ်အမည်က “နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိစေရတော့ပါဘူးတဲ့” ဖြစ်ပါတယ်။ အောင်မျိုးထွန်း


0 comments:

Post a Comment