Wednesday, December 18, 2013

နာမည်တစ်လုံး၏ဝန်ထုပ်ဝန်ပိုး(ဘာသာပြန်-မြသန်းတင့်)

0 comments
နာမည်တစ်လုံး၏ဝန်ထုပ်ဝန်ပိုး
တခါတရံ နာမည်တစ်ခုသည် ရယ်စရာကောင်းသည့်ကံကြမ္မာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ၁၆၀၉  ခုနှစ်တုန်းက ဦးသီလဟု နာမပညတ် ရှိသောလူတစ်ယောက်သည် ဆပ်ဆက်နယ်တွင်နေထိုင်သည်။ မှတ်တမ်းအရ ထိုနှစ်နွေဦးပေါက် သူသည် အခြားသော သူ၏ပျူရီတန် အိမ်နီးချင်းများနှင့်အတူ ဂျူရီခုံသမာဓိအဖွဲ့တွင်ပါဝင်ရသည်။ ထိုအထဲတွင် ဦးသိက္ခာ၊ ဦးသမာဓိ၊ ဦးသာဓု၊ ဦးပညာစသူမျာလည်း ပါဝင်ကြသည်။ သနားစရာပုဂ္ဂိုလ်များပေတကား။ သူတို့မွေးလာသည့်အခါတွင် သူတို့မိဘများသည် သူတို့ကို ဘာသာရေးဆန်သော တန်ပါပက်တံဆိပ်များအဖြစ် ပြောင်းလဲပြစ်ကြသည်တကား။

နာမည်များသည် ထူးဆန်းသောဝန်စည်များကို သယ်ဆောင်လာတတ်ကြသည်။ မလိုတမာပြက်ရယ်ပြုစရာများ၊ ခံပြင်းစရာအရှက်ရမှု များကြောင့်ဖြစ်ရသောထူးဆန်းသည့်ခွန်အားများကို သယ်ဆောင်လာတတ်ကြသည်။ ၁၇ ရာစုနှစ်တုန်းကရှိခဲ့သော ပျူရီတန်ခေတ်၏ အခြားကလေးငယ်တစ်ဦးမှာ ဦးဝက်ကြီးဆိုသည့်အမည်ပညတ်ခံရန် လူဖြစ်လာခဲ့ရသည်။ ဦးဝက်ကြီးသည် သူ့ကိုယ်သူ ထိုနာမည်ဖြင့် တစ်သက်လုံးအမည်တွင်၍ နေထိုင်သွားခြင်းဖြစ်ဟန်တူသည်။

နာမည်များတွင် ရှုပ်ထွေးပွေလိမ်သော သူတို့ကိုပိုင်ဇာတ်လမ်းများရှိကြသည်။ အိမ်ထောင်ကျသည့်အမျိုးသမီးလည်းဖြစ်၊ အာဏာရသည့် နေရာသို့လည်းရောက်ပြီဆိုလျှင်(အနည်းဆုံး အမေရိကန်ပြည်ထောင်စုတွင်ဆိုပါတော့) ထိုပြဿနာသည် တော်တော်အရေးကြီးသည့် ပြဿနာဖြစ်လာတော့သည်။ အမည်ကင်ပွန်းတပ်သည့်ထုံးစံသည် အန္တရာယ်များလှသော နိုင်ငံရေိးယဝါဒနယ်ပယ်ထဲသို့ ဝင်ရောက် လာသည့်အခါ ဟီလာရီရော့ဒမ်ကလင်တန်ဟူသော တရားဝင်အရှည်ကောက်အမည်သည် အောင်မြင်ရရှိခဲ့သောရလဒ်များကို ဖော်ညွှန်း နေသကဲ့သို့ရှိသည်။ ”ဟီလာရီ ရော့ဒမ် ကလင်တန်”ဟူသောအမည်သမိုင်းသည် အထုပ္ဗတ္တိတစ်ခုကဲ့သို့ နောက်ကြောင်းရာဇဝင်ရှိပေသည်။ (အမေရိကန်သမ္မတကြီး) ဘီလ်ကလင်တန်၏အမည်(ရင်း)မှာ ယီလီယံဂျက်ဖါဆင်ဘလိုက်ဖြစ်သည်။ ငယ်ရွယ်သည့် အရောင်းကိုယ်စားလှယ် တစ်ဦးဖြစ်သည့်သူ့ဖခင်အမည်မှာ ဝီလီယံဂျက်ဖါဆင်ဘလိုက်(၃)ဖြစ်ပြီး ဘီလ်မမွေးခင်တွင် မော်တော်ကားတိုက်မှုဖြစ်ပြီးကွယ်လွန် သွားခဲ့သည်။ ယခုသိပြီးဖြစ်ကြသည့်အတိုင်း  အသက်(၁၅)နှစ်အရွယ်သမ္မတလောင်းသည် သူ့အမည်ကို ဘီလ်ကလင်တန်ဟုတရားဝင် ပြောင်းခဲ့သည်။ ယင်းသို့ ပြောင်းခဲ့ရခြင်းမှာ သူ့မိခင်နှင့် သူ့ပထွေးရော်ဂျာကလင်တန်တို့နှင့်အတူ မိသားစုသွေးစည်းမှုကိုပြသရန်ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် ဘီလ်ကလင်တန်လက်ထပ်သည့်အခါ သူ့ဇနီးအသစ်စက်စက်သည် ဟီလာရီရော့ဒမ်ဟူသောအမည်ကို ဆက်ခံရန် ရွေးချယ်ခဲ့သည်။

သို့ရာတွင် နောက် (၅)နှစ်အကြာနှိုက် ဘီလ်ကလင်တန်သည် အာကင်န်ဆောပြည်နယ်ဘုရင်ခံအဖြစ် ပြန်လည်အရွေးခံရန်ယှဉ်ပြိုင်ခဲ့ရာတွင် ရှူံးနိမ့်သွားခဲ့သည်။ ထိုအခါ ထုံးတမ်းအစဉ်အလာအရ မိသားစုမျိုးရိုးကိုပေါ်ထင်စေရန်အလို့ငှာ ဟီလာရီရော့ဒမ်သည် သူ့ကိုယ်သူ ဟီလာရီ ကလင်တန်ဟူသောအမည်ကို စတင်ခံယူလာခဲ့သည်။ သို့ရာတွင် ကလင်တန်ဟူသောအမည်မှာ ဘီလ်၏မူရင်းနာမည်မဟုတ်သည့် အလျှောက် ဘီလ်၏အမည်ကို အတိအကျခံယူခြင်းမျိုးကား မဟုတ်သေးချေ။ ဘီလ်ဟူသောအမည်မှာ တခါက သူ၏မွေးနာမည်မှ ထုတ်ပယ် ပစ်ခဲ့ဖူးသည်။ ထို့ကြောင့် ဟီလာရီမှာလည်း နှစ်ကြိမ်ပြန်၍ပယ်ဖျက်ခဲ့ရဖူးသည်။

နာမည်တစ်ခုသည် တစုံတရာကိုထုတ်ဖော်ခြင်းပြုတတ်သည်။  သို့မဟုတ် တစ်စုံတစ်ခုကို ဖုံးကွယ်ခြင်းလည်းပြုတတ်သည်။ အချို့သော လူ့အဖွဲ့အစည်းများ(ဥပမာ အာရပ်နှင့်တရုပ်လူ့အဖွဲ့အစည်းများ)ရုပ်ရည်ချောမောလှပသော ကလေးငယ်များကို ဖိုးအ၊ ရွှေအ ဟု လည်းကောင်း၊ မောင်ခွေး၊ မိခွေးဟုလည်းကောင်း၊ မောင်ရုပ်ဆိုး၊ မကျည်းတန်ဟုလည်းကောင်း မှည့်ခေါ်တတ်ကြသည်။ သို့ ပြောင်းပြန် မှည့်ခေါ်ခြင်းမှာ မကောင်းဆိုးဝါးမျက်စေ့တို့ကိုရှောင်ကွင်းရန်ဖြစ်သည်။ အချို့ မကောင်းဆိုးဝါးမျက်လုံးတို့ကို ၁၉၉၂ ခု ဒီမိုကရက်တစ် သမ္မတလောင်းအမည်သို့ ပို့ဆောင်ပေးနိုင်ကြောင်းကို ဟီလာရီရော့ဒမ် ကာင်းကောင်းသိသည်။ ထို့ကြောင့် တိတ်ဆိတ်၍ လူမသိသူမသိ ဖြစ်နေသောအိမ်ရှင်မဘဝတွင် သူသည် ”ဟီလာရီကလင်တန်”မျှသာဖြစ်ပြီး ဘီလ်အား လေးစားကြည်ညိုသူများ လုပ်ဖော်ကိုင်ဘက်များကို ခေါင်းညိတ်ပြခဲ့သည်။ ကမ်းခြေတွင် အန္တရာယ်ကင်းရှင်းသွားသည်အထိ သူသည် ”ဟီလာရီကလင်တန်”ဟူသောအမည်တွင် တစ်ပိုင်းတစ်စပုန်းနေခဲ့သည်။ သမ္မတကျမ်းကျိန်အခန်းအနားကျင်းပသည်နှင့် ကြောက်ဖွယ်ကောင်းသော တရားဝင်သုံးလုံးတွဲအမည်သည် သံချပ်ကာကားတန်းကြီးဝင်ရောက်လာသကဲ့သို့ အကျအန နေရာဝင်ယူတော့သည်။ ဟီလာရီရော့ဒမ်ကလင်တန်..တဲ့။

အိမ်ထောင်ရှင်အမျိုးသမီး၏အမည်ပြဿနာသည် စိတ်ပျက်စရာကေင်းသောအရှုပ်အထွေးတစ်ခုဖြစ်နိုင်သည်။ အမေရိကားရှိ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ရွေးချယ်စရာ(၄)ခုရှိသည်။ ယင်းတို့မှာ (၁)မွေးနာမည်နောက်ဆုံးအလုံးကို ယူမည်လော။ (၂)ခင်ပွန်းသည်အမည်၏ နောက်ဆုံးအလုံးကို ယူမည်လေ။ (၃)ဟီလာရီရော့ဒမ်ကလင်တန်ဟုမှည့်သကဲ့သို့ နာမည်သုံးလုံးတွဲကို ယူမည်လေ။ ယင်းသို့ သုံးလုံးတွဲ နာမည်မျိုးကို ၁၉၇၀ ပြည့်နှစ်များအတွင်းတုန်းက အမေရိကန်အမျိုးသမီးများစွာ ယူခဲ့ကြသည်။ မွေးရာပါနာမည်ရော၊ ကိုယ့်ခင်ပွန်း၏နာမည် ရော၊ မျိုးရိုးနာမည်ရော သုံးခုစလုံးပါအောင်မှည့်ခဲ့ကြခြင်းမျိုးဖြစ်သည်။ (၄) သို့မဟုတ် သက်မွေးဝမ်းကြောင်းဆိုင်ရာကိစ္စများတွင် ကိုယ်ပိုင်နာမည်ကိုသုံးပြီး၊ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ခင်ပွန်းသည်၏နာမည်ကိုသုံးမည်လောဆိုသည့် နည်းလမ်းများဖြစ်သည်။

တချို့လည်းရှိသေးသည်။ ၃ ကြိမ်လက်ထပ်ပြီး ၃ ကြိမ်ကွာရှင်းခဲ့သည့်အမျိုးသမီးတစ်ယောက်သည် ကိုယ့်မျိုးရိုးနောက်ဆုံးနာမည်အပါအဝင် နောက်ဆုံးနာမည်(၄)မျိုးစလုံးကိုသုံးကာ ရာသီအလိုက် စိတ်အခြေအနေပြောင်းသည့်အလိုက် ထိုနာမည်လေးမျိုးကို အဝတ်အစားလဲသကဲ့သို့ တစ်လှည့်စီပြောင်းလဲ သုံးသွားကြခြင်းမျိုးဖြစ်သည်။ အမေရိကားတွင် လုပ်ရိုးလုပ်စဉ်မှာ အမျိုးသမီးတစ်ယောက်သည် အသက် ၂၀ နှင့် ၃၀ အကြားတွင် သူ့ခင်ပွန်း“နာမည်ဖြင့် သက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် အောင်မြင်နာမည်ကြီးလာခဲ့ပြီး ထိုလူနှင့်ကွာရှင်းကာ နောက်တဖန် အိမ်ထောင်ပြု(ဆိုပါစို့)ထိုအခါမျိုးတွင် ပထမခင်ပွန်းသည်၏နာမည်ကို သူ၏ သုံးလုံးတွဲနာမည်ထဲတွင် အလယ်မှထည့်ထားတတ်သည်။

နာမည်များသည်ထူးဆန်း၍ ဖျောက်ဖျက်မရနိုင်သောစွမ်းအားကို ပိုင်ဆိုင်ကြသည်။ တခါတရံတွင် အဖျက်စွမ်းအားရှိသည်။ တခါတရံတွင် အပြုစွမ်းအားရှိသည်။ တခါတရံ လှောင်ပြောင်သရော်စွမ်းအားရှိသည်။ နာမည်တစ်ခုသည် အရောင်ဖြာထွက်မှုဖြစ်သည်။ အဝတ်အစားတစ်ခု ဖြစ်သည်။ နာမည်များသည် လူ့စရိုက်ကို မည်မျှဖော်ကျူးနိုင်ကြောင်းကို ချားလ်ဒစ်ကင်န်း ကောင်းကောင်းသိသည်။

သိက္ခာရှိသောလူတစ်ယောက်အတွက် နာမည်ဘယ်နှခုလိုပါသနည်း။ သာမန်အားဖြင့်ဆိုရလျှင်မူ ငှက်တွင် အတောင်နှစ်ဖက်လိုသကဲ့သို့ လူတစ်ယောက်တွင်လည်း နာမည်နှစ်လုံးတော့ရှိသင့်သည်။ နာမည်နှစ်လုံးထက်ပိုပြီ ဆိုလျှင်ကား”အိုဗာဝိတ်”ဖြစ်နေပြီ။ လူများနှင့် အမည်များကိုမှည့်ခေါ်ထားသည့်နာမည်စာလုံး၏အဓိပ္ပါယ်သည် ပြောင်းလဲတတ်သောသဘောရှိသည်။ အချို့သောယဉ်ကျေးမှုများတွင် အရွယ်ကိုလိုက်၍ နာမည်အမျိုးမျိုးပြောင်းကြသည်များလည်းရှိသည်။ တရုတ်ထုံးစံတွင် ကျောင်းသားရွယ်သူငယ်လေးကို ကျောင်းအမည်သတ်သတ်ပေးထားကြသည်။ မင်္ဂလာဆောင်သည့်အခါနှင့် အလုပ်လျှောက်သည့်အခါတို့တွင် ကျောင်းအမည်ကို အသုံးပြုတတ်ကြသည်။

ဟီလာရီရော့ဒမ်ကလင်တန်သည် အိမ်ဖြူတော်တွင်တန်ခိုးကြီးလာသည်နှင့်အမျှ သူ့အမည်သည် ဆက်လက်ပြောင်းလဲနေနိုင်သေးသည်။ နောင်နှစ်တွင်ဆိုလျှင် ”အိတ်ခ်ျ၊ အာရ်၊ ကလင်တန်ဟုပြောင်းလဲနိုင်သည်။ ထို့နောက်နှစ်တွင် အိတ်ခ်ျ၊ အာရ်၊ ၉ ဘော့)ကလင်တန်”ဟုလည်း ပြောင်းလဲနိုင်သေးသည်။
Time, March 8, မှ Lance Morrow ၏ The Strange Burden on Name ကို ဆရာမြသန်းတင့်ပြန်ဆိုသည်။
လင်းဦးတာရာစာပေကထုတ်တဲ့ မြသန်းတင့်စာအုပ် “ကမ္ဘာမြေကြီးသည်နတ်ဥယျဉ်မဟုတ်” သမိုင်းစကားပန်းစကား(၂)မှ


0 comments:

Post a Comment