ကာလပေါ်နိုင်ငံရေးသားတရားစီရင်ခန်း
(မျိုးမြင့်ချို) ဒီဇင်ဘာ ၂၄၊ ၂ဝ၁၃
မဟော်သဓာနှင့်
ရှောလမုန်တို့ ဉာဏ်ပညာကြီးကျယ်ပုံကိုထုံမွှမ်းကြသည့်အခါ သားတရားစီရင်ခန်းလည်း မပါမဖြစ်ပါရပါသည်။
အမှုက သားလုမှု၊ အမှုကြောင်းအရ “တရားမ”မှုဟု ဆိုရမည်ထင်ပါသည်။ ခုံသမာဓိလုပ်ကာစီရင်ဆုံးဖြတ်သူက
သြဇာ(သို့မဟုတ်)အာဏာအပြည့် ရှိသူများ။ အမှုသည်များက ထိုသူတို့အဆုံးအဖြတ်ကို မနာခံမဖြစ်နာခံမည့်အနေအထားဖြစ်သလို
စီရင်မည့်နေရာမှာလည်း အများပြည်သူရှေ့မှောက်ဟုဆိုနိုင်ပါသည်။ အမှုရင်းခံတူသော်လည်း
တရားတွေ့ဘက်(တရားပြိုင်)များမူ မတူကြပါ။ တစ်နိပတ်မှာ ဘီလူးမနှင့်လူမိခင်ဖြစ်ပြီး တစ်ဇာတ်လမ်းအတွက်မူ
လူပြည့်တန်ဆာမ(၂)ယောက်ဖြစ်ပါသည်။
ရှောလမုန်က
သားတရားကို ဓားဖြင့်စီရင်ပြီး မဟောသဓာကမူ လက်တဘက်ဆီမှ ဆွဲလုခိုင်းခဲ့ပါသည်။ ဆုံးဖြတ်ချက်အမှန်ထွက်၍
ကြားရသူတို့နားချမ်းသာစိတ်ချမ်းမြေ့ဖြစ်ခဲ့ပါသည်။ ဖြစ်စဉ်နှစ်ခုလုံးမှာ လှပသပ်ရပ်ရုံမက
ချီးမွမ်းရင်သပ်ဖွယ်ရာလည်းဖြစ်ပါသည်။ ရှောလမုန်ထက်စာလျှင် မဟော်သဓာက မြန်မာတို့နှင့်အနေပိုနီးပြီး
နားလည်းစိမ်းမည်မဟုတ်ပါ။ ဤကိစ္စဖြစ်ခဲ့သည်မှာ ရှေးအတီတေကဟုဆိုနိုင်သော်လည်း ခုတိုင်
လူတို့(အပ်စပ်စပ်/မအပ်စပ်စပ်) လိုအပ်ချက်ရှိသည့်အခါ ကိုးကားသုံးစွဲထောမနာပြုလျှက်ရှိကြပါသည်။
ဤအထိ ပြောစရာ မရှိပါ။
သို့သော်
အဆိုပါသားတရားစီရင်ခန်းဥပမာကို နိုင်ငံရေးနယ်ပယ်တွင်(အာဏာနိုင်ငံရေး(သို့) နိုင်ငံရေးအာဏာလုကြသည့်ပွဲ)ယူသုံးပါမူ
လူရယ်စရာဖြစ်မည်ဟုသဘောရသည့်အပြင် ပြောစရာလည်း ရှိလာပါသည်။ အရင်ဆုံး နိုင်ငံရေးနယ်ကအမှုကိုကြည့်ပါ။
အမှုက သားလုခြင်းမဟုတ်။ အာဏာလုခြင်းဖြစ်ပါသည်။ တရားမမှု/ရာဇဝတ်မှု ဘာအမှုမဟုတ်ပါ။ ရာဇကြောင်း/ဓမ္မကြောင်းအရလည်း
ဘာပြစ်မှုမှ မမြောက်မှန်း ပေါ်လွင်ပါသည်။ စစ်ကြောပြီးစီရင်ချက်ချပေးမည့် သြဇာ၊ အာဏာအပြည့်ရှိသည့်ခုံသမာဓိလည်းရှိမနေပါ။
ရှိစရာလိုသည်ဟုလည်း မည်သူမျှ ထင်မည်မဟုတ်ကြပါ။ အဆုံးအဖြတ်ကိုနာခံပါမည်ဟု မည်သူကမျှ
ကတိကဝတ်မထားသည့်အခြေအနေအောက်တွင်ဖြစ် ပါသည်။ ဖြစ်သည့်နေရာနှင့်ရှင်းရသည့်အရပ်မှာလည်း
ကမ္ဘာသူကမ္ဘာသားတို့မျက်မှောက်တွင်ဖြစ်ပါသည်။ မတူပါ။
ဤမျှမတူကွဲလွဲနေသည့်ကြားမှပင်
ပမာဆောင်ပြကြသူတို့က တိုင်းပြည်(လူထု)ကို သားနေရာမှလည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကို
လူမိခင်နေရာမှလည်းကောင်း၊ ဗိုလ်ကျအုပ်စိုးသူကို ဘီလူးမနေရာမှလည်းကောင်း အသီးသီးနေရာချ
ကပြအသုံးတော်ခံခိုင်းကြပါသည်။ ဤတွင် မတူမှန်းသိသိနှင့်ပင် ဇွတ်အတင်းဇာတ်သွင်းလာကြသူတို့
နိုင်ငံရေးရေချိန်၊ နိုင်ငံရေးသီလနှင့်အခြေခံရိုးသားမှုတို့အား သို့လောသို့သော တွေးစရာဖြစ်လာသည်ဟုထင်ပါသည်။
ဤနေရာတွင် အရပ်ထဲကသာမန်လူတစ်ဦး၏ နိုင်ငံရေးရေချိန်၊ နိုင်ငံရေးသီလနှင့် အခြေခံရိုးသားမှုကိုဆိုလိုရင်းမဟုတ်ကြောင်း
ပြောချင်ပါသည်။ အရပ်ထဲကလူတွင်လည်း ထိုအရာများ ပေမီဒေါက်မီရှိမည်ဆိုပါက အတိုင်းထက်အလွန်ဟု
ဆိုရမည်ထင်ပါသည်။ နိုင်ငံရေးထဲမှလူတို့တွင်မူ ပေမီဒေါက်မီ ဖြစ်ကိုဖြစ်နေမှကောင်းပါသည်။
ထွင်လိုက်သည့်ထိုးဇာတ်ကို
အသေအချာကြည့်ပါ။ မူရင်းဇာတ်တော်လာ အဓိကသရုပ်ဆောင် (မဟောသဓာ)မပါ ပါ။ ရည်ရွယ်ချက်မှာ ဉာဏ်ပညာအသားပေးဇာတ်လမ်းမဟုတ်သဖြင့်
ဉာဏ်ကြီးသူဖျောက်ပါသည်။ မိခင်မေတ္တာအသားပေးဇာတ်လမ်းဖြစ်သဖြင့် ဇာတ်ပို့(လူမိခင်) က ဇာတ်လိုက်လုပ်ကာ
ဇာတ်နာအောင်ခင်းရခြင်းဖြစ်ပါသည်။ (မဟော်သဓာ)မပါသည့်အတွက် ဇာတ်လမ်းဘာမျှမထိခိုက်ဟုထင်ရပါသည်။
တချို့ဆို ထို ကာလပေါ်နိုင်ငံရေးသားတရားကို မည်သူစီရင်မှန်းပင် သတိမထားကြဟုထင်ပါသည်။
သို့သော် နှစ်ခြိုက်သူအလွန်များပါသည်။ လူမိခင် (နိုင်ငံရေးခေါင်းဆောင်)ကို မေတ္တာဓါတ်ကြီးမားသူအဖြစ်ဂုဏ်တင်ကာ
ပို၍ပင်သနားချစ်ခင်လာကြပြီး အုပ်စိုးသူ(ဘီလူးမ)အပေါ် မုန်းတီးစက်ဆုပ်စိတ် ပိုကြီးသွားကြပါသည်။
သို့သော် သနားချစ်ခင်မှုနှင့်မုန်းတီးမှုတို့သည် ရှေ့ဆက်တက်မလာတော့ပါ။ စုပ်သတ်ခြင်းနှင့်တောက်ခေါက်ခြင်း၌ ကျောက်ချသွားပါသည်။ ထို့ကြောင့် တီထွင်သူတို့ အောင်မြင်သည်ဟုဆိုရပါလိမ့်မည်။
ဘာ့ကြောင့်နည်း။
ထို
စုပ်သတ်သံနှင့်တက်ခေါက်သံတို့သည် ဒေါသအဖြစ်၊ ဆန့်ကျင်မှုအဖြစ် မပြောင်းလဲသွားသောကြောင့်ဖြစ်ပါသည်။
ဘာ့ကြောင့် ထိုသို့မပြောင်းလဲရသနည်း။ ကျနော်တို့သည် မေတ္တာဓာတ်ကြီးမားသူ၊ ကရုဏာတရားပြည့်ကာနှင့်
နှလုံးသားနူးညံ့သူများဖြစ်လိုစိတ်ကြောင့် ဖြစ်ပါသည်။ ထိုစိတ်၌အချိန်အဆလွဲပါမူ
မတရားပြုသူ၊ အဓမ္မ၌မွေ့လျော်သူတို့အား
စိတ်အရင်းခံအမှန်ဖြင့်ခွင့်လွှတ်ရခြင်းနှင့် မနိုင်၍သည်းခံရခြင်းကိုပင် ဗူးလုံးနားမထွင်း
ဖြစ်သွားတတ်ပါသည်။ နောက်တချက်က ကျနော်တို့သည် အမှန်တရားအတွက် မိမိ၊ သူတပါးထိခိုက်နစ်နာပျက်စီးစေ၍
အနိုင်ယူဝံ့/ယူရဲခြင်းထက် သူတပါးအကျိုးပျက်မည်စိုးကာ နောက်ဆုတ်အလျှော့ပေးတတ်ခြင်းကို
ပိုလိုလားအပ်သည့်အရာဟု မှောက်မှားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။ ယင်း မှောက်မှားစိတ်ထုထည်ပိုကြီးလာလျှင်
“အနိုင်လိုသူအရှူံးပေးနှလုံးအေးတဲ့ဆေး”ဆိုကာ ရှူံးရခြင်းကိုပင် အကောင်းထင်သည်အထိ ရောက်သွားတတ်ပါသေးသည်။
မေတ္တာဓာတ်၊ ကရုဏာတရား၊ နူးညံ့နှလုံးသား၊ အရင်းခံစိတ်ဖြင့်ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုးမပျက်စေလို၍
အလျှော့ပေးခြင်းစသည်တို့မှာ သူတော်ကောင်းတရားများဖြစ်ပါသည်။ နိုင်ငံရေးကိစ္စ(သို့)အာဏာပြဿနာရှင်းရာ၌ နေရာတကာ သူတော်ကောင်းတရားလက်ကိုင်ထား၍ မရပါ။ သူတော်ကောင်းတရားကျင့်ခြင်းနှင့်
နိုင်ငံရေးလုပ်ခြင်းမှာမတူမှန်း လူတိုင်းသိနိုင်ပါသည်။
ပြန်ချုပ်ရသော်
ဇာတ်ကြီးဆယ်ဘွဲ့လာ ဘုရားလောင်းမဟော်သဓာနိပတ်တော်နှင့် ကာလပေါ်နိုင်ငံရေးသားတရားစီရင်ခန်းမှာ
လုံးဝ(လုံးဝ)မတူပါ။ မတူသည့်ကိစ္စကို ထပ်တူပြုမရပါ။ ကျနော်တို့သည် နိပတ်တော်လာ မဟော်သဓာ၏ဉာဏ်ပညာကြီးမားပုံကို
ချီးမွမ်းစံပြုရမည်ဖြစ်သော်လည်း ကာလပေါ်နိုင်ငံရေးသားတရားစီရင်ခန်းတီထွင်သူတို့၏ အရှူံးပေးအညံ့ခံရေးစိတ်
သွတ်သွင်းရန်ကြံစည်မှုအား ဗြောင်ကျကျဖွင့်ချရန်လိုပါလိမ့်မည်။ စုပ်သတ်ခြင်းနှင့်တက်ခေါက်ခြင်းကျောက်ဆူးအား
နှုတ်ရန်လိုပါသည်။ အမှန်တရားအတွက် အနိုင်ယူရဲယူဝံ့စိတ် မွေးမြူတတ်ရပါလိမ့်မည်။ သူတော်ကောင်းတရားနှင့်အာဏာပြဿနာကို
သေချာကျနခွဲခြမ်းပြရပါလိမ့်မည်။ နိုင်ငံရေးအရ၊ တိုင်းပြည်(လူထု) မျက်နှာထောက်၍ခွင့်လွှတ်ခြင်းနှင့်
မနိုင်၍သီးခံရခြင်းကို စည်းသားပြကြရပါလိမ့်မည်။
သားလည်း
နာလှပါပြီ။ ပြုတ်ထွက်သွားစရာ လက်မောင်းပင်မကျန်တော့ပါ။ လူမိခင်လည်း ပရိတ်သတ်ကရုဏာမျက်ရည်တွေနှင့်
နစ်နေပါပြီ။ ထို့ထက်ပို ပင်လယ်ဝေစရာ မကျန်တော့ပါ။ တော်လောက်ပြီ ထင်ပါသည်။
နောက်တကြိမ်
သားတရားစီရင်ခန်း(ရှိများရှိခဲ့သည်ဆိုပါမူ)တွင် ဘီလူးမသည် မဟော်သဓာရှေ့မှောက်၌ လူမိခင်ထက်အရင် လက်ကိုမလွှတ်ဟု မည်သူပြောနိုင်မည်နည်း။ ထိုအခါ
မဟော်သဓာ မည်သို့စီရင်ဦးမည်နည်း။ စီရင်ထုံးအဟောင်းနှင့်အလုပ်မဖြစ်တော့မှန်း ကျနော်တို့(လူတိုင်း)သိကြပါသည်။
0 comments:
Post a Comment